Ch 13
Viewers 1k

အပိုင်း (၁၃) လုပ်ငန်းသေးသေးလေး

“ဘာကိစ္စလဲ”

စုန့်ဝေဖျင်က သူမစကားနောက်လိုက်ပြီး မေးလိုက်လေသည်။

ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး သူ့ကိုမေးလိုက်၏။

“ဒီနေ့ ငါ နင့်ကို လုပ်ဖို့ ပြောတဲ့ စတူးဟင်းကို စားလိုက်သေးလား၊ ဘယ်လိုနေလဲ”

အမှန်အတိုင်းပြောရလျှင် သည်နေ့ ဟင်းပွဲအားလုံးက အလွန်မှ အရသာကောင်းမွန်လှသည်ဟု သူ ခံစားမိသည်။ စုန့်ဝေဖျင်က ချင့်ချိန်စဥ်းစားလိုက်၏။ စတူးဟင်းက အမှန်ပင် ရွှီရှောင်ကန်းပြောသလိုပင်။ 

“အရသာရှိလိုက်တာ”

ရွှီရှောင်ကျောင်းက သူ့ကို ချီးကျူးလိုက်ပြီး

“စုန့်ဝေဖျင် နင်ကလေ အချက်အပြုတ်မှာ တော်တော်လေးပါရမီပါတာ ငါ သတိထားမိတယ်”

ငါပေးလိုက်တာတွေက ရိုးရှင်းတဲ့နည်းအဆင့်ဆင့်လေးတွေပဲလေ။ ဒါတောင် စုန့်ဝေဖျင်လုပ်ခဲ့တဲ့ ရလဒ်က အရသာရှိနေသေးတယ်။ အနံ့အရသာကအစ မူလလက်ရာအတိုင်းပဲ။ တလောကလုံးက ဟင်းလျာတွေအများကို စားခဲ့ဖူးပြီး တော်တော်များများကိုလည်း စားခဲ့ဖူးတယ်လေ။ သူမက မေးလိုက်၏။

“ဟဲ့ မြို့ငယ်လေးမှာ လူချမ်းသာတွေ အများကြီးရှိတယ်ဆို ဟုတ်လား၊ လမ်းကြားတွေထဲက လုပ်ငန်းတွေကလည်း အရမ်းကောင်းတယ်လေ ဟုတ်တယ်မလား”

စုန့်ဝေဖျင်က ထိုနေရာသို့ အကြိမ်အနည်းငယ် ရောက်ခဲ့ဖူးသဖြင့် သူသည် ကောင်းကောင်းသိလေသည်။ ပြီးခဲ့သည့်အခေါက်က ပိတ်စများ ဝယ်သွားသည့်အစ်မကြီးက ၁၀ယွမ်ကျော် သုံးလိုက်ချိန်တွင် မျက်တောင်တစ်ချက်ပင် မခတ်ချေ။ မြို့ပေါ်ကလူများစွာက အလွန်ချမ်းသာသည်ဟု ဆိုနိုင်လေသည်။

“တော်တော်လေး အဆင်ပြေတယ်”

“ဒါဆို နင်လုပ်တဲ့စတူးဟင်းကို ရောင်းကြမယ်လေ အဆင်ပြေလား”

သူမက မေးစေ့ကို ပွတ်သပ်လိုက်ပြီး

“တကယ်တော့ အဲဒီစတူးဟင်းမှာ နောက်ထပ်နာမည်တစ်ခုရှိသေးတယ်၊ ဝက်စတူးလို့ခေါ်တယ်၊ ဒါက ဝက်ဗိုက်သားစတူးထဲ ရှိတာမဟုတ်ဘူး၊ တခြားဟာတွေကိုလည်း စတူးဟင်းလုပ်လို့ရတယ်၊ တလောက ငါ စုံစမ်းထားတာ၊ မြို့က အစိုးရပိုင်စားသောက်ဆိုင်တွေမှာလည်း အသားစတူးဟင်း ရှိတယ်တဲ့၊ တစ်ပွဲကို  အများကြီးမပါတာတော့ ပြောစရာလိုမှာမဟုတ်ဘူး၊ အရသာကလည်း တော်တော့်ကို သာမန်ပဲတဲ့၊ ပြီးတော့ လက်မှတ်လည်း လိုတယ်လို့ ကြားတယ်၊ လူတော်တော်များများက ဝယ်စားဖို့ မတတ်နိုင်ကြဘူး၊ ငါတို့သာ ဒါကို ရောင်းရင် လွယ်လွယ်လေး ဖြေရှင်းနိုင်လောက်တယ်၊ သူ့ကို အသားတုံးလေးတွေဖြစ်အောင် လှီးလိုက်မယ်၊ အသား ၁ကျင်း ကို ၈တုံး လုပ်လို့ရတယ်၊ တစ်ပိုင်းကို ၂လျန်နဲ့ တစ်တုံးကို ၄ဝဖန်းနဲ့ ရောင်းလို့ရတယ်၊ တော်တော်လေး အမြတ်ရမှာ”

သူမ၏ဦးနှောက်က မူလလက်ဟောင်း စတူးဟင်း လုပ်ခြင်းနည်းလမ်းများနှင့် ပြည့်နေလေသည်။

“ငါ့မှာ လျှို့ဝှက်ဟင်းချက်နည်း တစ်ခုရှိတယ်၊ ဒီနေ့ချက်တာထက် သေချာပေါက် ပိုပြီး အများကြီး အရသာရှိမှာ”

အမှန်တွင်တော့ ကြက်ခြေထောက်စတူးဟင်းနှင့် ဝက်ခြေထောက်စတူးဟင်းက စားလို့ ပိုကောင်းတာလေ။ ဒါပေမဲ့ ဒီခေတ်မှာကျတော့ ကြက်ခြေထောက်နဲ့ ဝက်ခြေထောက်တွေက အရိုးပဲပါတာ ပြီးတော့ အချိန်ကုန်တဲ့ပစ္စည်းတွေ။ သာမန်မိသားစုတစ်ခုက ဒါတွေကို ဝယ်စားမယ်ဆိုရင် မတန်ဘူးလို့ပဲ ခံစားရမှာ။ ဝက်ဗိုက်သားစတူးဟင်းက တကယ်ပဲ ရောင်းရလွယ်တယ်ဆိုရင်တော့ သူတို့တွေက ဒါနဲ့တွဲပြီး စမ်းရောင်းကြည့်လို့ရတယ်၊ ဝက်ခေါင်းသားကင်ကလည်း တော်တော်လေး ကောင်းတယ်။ ဒါပေမဲ့ ဝက်ခေါင်းကျတော့ အရမ်းကြီးတယ်။ စွန့်စားရမဲ့ကိစ္စက အရမ်းကြီးလွန်းတယ်။ အရင်ဆုံး ဝက်ဗိုက်သားစတူးဟင်းကို ရောင်းတာက အန္တရာယ်အကင်းဆုံးပဲ။

စုန့်ဝေဖျင်က သူမပြောလိုက်သည့် အသေးစိတ်အကြောင်းအရာကို ကြားလိုက်ပြီး သူမကို မေးလိုက်လေသည်။

“မင်း ဒါကို အစောကြီးကတည်း တွေးထားတာလား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်တယ်၊ ပြီးခဲ့တဲ့တစ်ခေါ် နင် ငါ့ကို မြို့ကို အလည်ခေါ်သွားပြီးကတည်းက ငါ ဒီအကြောင်း စပြီး စဥ်းစားထားတာ၊ နင် ဘယ်လိုထင်လဲ”

စုန့်ဝေဖျင်သည် လက်ထပ်တော့မည်ဟု ဆုံးဖြတ်ပြီးကတည်းက ငွေရှာရန် နည်းလမ်းများစွာ စဥ်းစားထားခဲ့လေသည်။ သို့သော် နည်းလမ်းက မရှိသလောက်ပင်။ ထို့ကြောင့် သူက သူနှင့်အတူ သယ်ယူပို့ဆောင်ရေးအတွက် ခရီးထွက်ရန် လီစန်းထျယ်ကို သွားရှာခဲ့ခြင်းပင်။ သူတို့သည် ကြားပေါက်တစ်ခု ရနိုင်ဖို့က မှန်းရခက်လေသည်။ အကြိမ်တိုင်း၏ အဓိကအကြောင်းအရာမှာ ထောက်ပံ့ကြေးငွေ ရဖို့ရန်ဖြစ်လေသည်။ သူသည် ထိုအကြောင်းကို ရက်တော်တော်ကြာအောင် စဥ်းစားလာပြီး လမ်းကြားထဲတွင် တစ်ခုခုလုပ်ဖို့ စီစဥ်ခဲ့သည်။ ရွှီရှောင်ကျောင်းက သူနှင့် အတွေးတူနေလိမ့်မည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။

“ငါတို့တွေ ဒါကိုပဲ အရင်ဆုံး စမ်းကြည့်လို့ရတယ်”

ရွှီရှောင်ကျောင်း လက်ခုပ်တီးလိုက်၏။ အနာဂတ်ရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးလို့ မပြောရဘူး။ သူက သတ္တိရှိတယ်။ အခုချိန်မှာ မူဝါဒတွေကို လျှော့ပေးလိုက်ပြီဆိုပေမဲ့ လူတိုင်းစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေတဲ့ အတွေးတွေကို ချိုးဖောက်ကတော့ လုံးဝမလွယ်ဘူးလေ။ စုန့်ဝေင်ဖင်ကို စည်းရုံးဖို့ အချိန်အများကြီး ယူရလိမ့်မယ်လို့ ထင်ထားခဲ့တာလေ။

“ဒါဆို မနက်ဖြန် အသားဝယ်ဖို့ မြို့ပေါ်ကို ငါနဲ့ အဖော်လိုက်ပေးလေ၊ အရင်ဆုံး ၂ကျင်းလောက် စမ်းဝယ်ကြည့်လိုက်မယ်၊ အလုပ်မဖြစ်ဘူးဆိုရင် ငါတို့ကိုယ်တိုင် အသားတွေ စားလို့ရတယ်၊ ဟင်းခတ်အမွှေးအကြိုင်တွေလည်း ဝယ်ဖို့လိုသေးတယ်နော်”

သူတို့နှစ်ယောက်သည် လက်ထပ်ပွဲ အကြောင်းပြပြီး ရက်အနည်းငယ် ခွင့်ယူလိုက်ကြသည်။ သူတို့သည် အားလပ်နေသည်နှင့် အတော်ဖြစ်သွားလေသည်။

စုန့်ဝေဖျင်သည်လည်း အီလေးမဆွဲတတ်သူတစ်ယောက်ပင်။ အခုတော့ သူသည် ဆုံးဖြတ်ထားပြီးသဖြင့် တွေဝေမနေတော့ပဲ

“ကောင်းပြီလေ”

ရွှီရှောင်ကျောင်းက ဂွမ်းစောင်၏အနားကို ပွတ်သပ်လိုက်လေသည်။ သူမသည် အနည်းငယ် အိပ်ချင်လာလေသည်။ သူမ၏အသံက ပျော့ပြောင်းသွားပြီး

“နင် ငွေအတွက် စိတ်ပူစရာမလိုဘူးနော်၊ ငါ့ဟာကို သုံးလိုက်၊ ငါ့မှာ ၁၅ယွမ်ရှိသေးတယ်၊ ဒီတစ်ခါ အလုပ်မဖြစ်ဘူးဆိုရင် ငါတို့တွေ တခြားတစ်ခု စမ်းကြည့်လိုက်ရသေးတယ်၊ အလုပ်ဖြစ်ရင်တော့ အကောင်းဆုံးပေါ့၊ ငါတို့တွေ ငွေရှာနိုင်ခဲ့ရင် ငါ့မောင်လေးကို ကျောင်းပို့ပေးချင်သေးတယ်၊ သူက ဆယ်ကျော်သက်အရွယ်တောင် ရောက်နေပြီ၊ စာလုံးတွေအများကြီးကိုလည်း မမှတ်ဘူး၊ ပြီးတော့ အဘွားရဲ့ကျန်းမာရေးကလည်း မကောင်းဘူး၊ အဟာရဖြည့်စွက်စာ နည်းနည်းလောက် ဝယ်ရမယ် ပြီးရင် သူ့ကို ဆေးစစ်ဖို့ ခေါ်သွားပေးရမယ်၊ ပြီးတော့ ငါလည်း အဝတ်အစားအသစ်တွေ လိုချင်သေးတယ်”

ငိုက်မြည်းမှုက အနိုင်ရသွားလေသည်။ သူမသည် ပြတ်တောင်း ပြတ်တောင်း ပြောလိုက်သည်။ သတိမထားမိလိုက်ခင်မှာပင် သူသည် ခေတ်သစ် လူချမ်းသာတို့၏ အဆင့်အတန်းအတိုင်း စကားလုံးများကို ရေရွတ်လိုက်လေသည်။

“စက်ဘီးတစ်စီး၊ လက်ပတ်နာရီကြီးတစ်လုံး၊ TV နဲ့ အိမ်အကြီးကြီးတစ်လုံး လိုချင်တယ်၊ စုန့်ဝေဖျင် နင် ငွေအများကြီး ရှာရမယ်နော်၊ ငါ့ကို မကြာခင် ငါးဆားနယ်လေးတစ်ကောင်လို ထားပေးရမယ်”

အချိန်တော်တော် ကြာသွားပြီးနောက်တွင် ရွှီရှောင်ကျောင်းသည် အိပ်မက်ချိုချိုလေးတစ်ခုထဲ ကျဆင်းသွားတော့သည်။ စုန့်ဝင်ဖျင်က လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“ငါတို့တွေ အားလုံး ရစေရမယ်”

ကောင်းမွန်သည့် အိပ်စက်မှုတစ်ခုပင်။ ရွှီရှောင်ကျောင်းသည် မနက်ခင်း နိုးလာချိန်၌ သူမ သည်နေရာသို့ ရောက်လာကတည်းက ကောင်းကောင်းအိပ်ပျော်သွားသည့် ပထမဆုံးအကြိမ်ဟု ခံစားလိုက်ရလေသည်။

စုန့်ဝေဖျင်က ကောက်ရိုးဖျာနှစ်ခုကို ထပ်ထားပေးပြီး အပေါ်တွင် ဂွမ်းကပ်တစ်ခု ထပ်ထားပေးသည်။ ဂွမ်းစောင်များကို ပွလာသည်အထိ ခြောက်သွေးနေအောင် နေလှန်းပေးထားသည်။ မြက်ခင်းနှင့် သစ်ပင်တို့၏ ရနံ့သင်းသင်းလေး ရနေသည်။ သူမ၏မျက်နှာနှင့် ကပ်ထားဖို့ရာ အလွန်မှသက်သောင့်သက်သာရှိလှသည်။ သူမသည် အိပ်ရာနှင့်ပတ်သက်ပြီး ချေးမများသော်လည်း မျှော်လင့်မထားဘဲ သူမသည် အရင်ဘဝက ပျော့အိအိမွေ့ရာနှင့် အသားကျနေခဲ့သည်။ ဝူချွန်းဟွားအိမ်က မာကျောသည့်အိပ်ရာက အမြဲတမ်း အနည်းငယ် သက်သောင့်သက်သာ မရှိနေချေ။ သို့သော်လည်း စုန့်ဝေဖျင်ဘက်ကတော့ အဆင်ပြေလှသည်။

သူမသည် ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပြီး ခေါင်းလေးကို ခန်းဆီးအပြင်ဘက် ပြူထွက်လိုက်လေသည်။ သပ်သပ်ရပ်ရပ် ခေါက်ထားသည့် ဂွမ်းစောင်တစ်ထပ်သာ ရှိလေသည်။ စုန့်ဝေဖျင် အိပ်ရာထနှင့်ပြီပင်။

သူမသည် အဝတ်အစားများကို ဝတ်လိုက်ပြီး ခန်းဆီးကို သိမ်းထားလိုက်သည်။ သည်အချိန်မှာပင် စုန့်ဝေဖျင်က တံခါးလာခေါက်ပြီး မနက်စာအဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း ပြောလိုက်လေသည်။

သူမသည် စုန့်ဝေဖျင်အတွက် တံခါးဖွင့်ပေးလိုက်၏။

“ နင် အစောကြီးထတာပဲ၊ ဘာလို့ ငါ့ကို မခေါ်တာလဲ”

“မနေ့က နင် ပင်ပန်းနေမှာလေ၊ ပိုအိပ်သင့်တယ်”

စုန့်ဝေဖျင်က သူမကို မြင်လိုက်ချိန်တွင် မနက်ခင်းက နိုးလာသည့်အဖြစ်ကို စဥ်းစားမိသွားလေသည်။ သူမ၏ခြေထောက်သေးသေးလေးနှင့် ဖြူဖွေးနေသည့် ခြေမျက်စိက ဆန့်ထွက်လာသည်ကို မြင်လိုက်ရ၏။ ထို့နောက်တွင်တော့ ကမန်းကတမ်း ပြေးထွက်လာခဲ့သည့်အဖြစ်ကို စဥ်းစားမိတော့သည်။ သူသည် အသာအယာ ချောင်းဟန့်လိုက်ပြီး

“ထွက်လာပြီး စားတော့လေ”

ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားလိုက်သည်။ တကယ်တော့ မနေ့က စားသောက်တာကလွဲပြီး ဘာမှမလုပ်ခဲ့ရပါဘူး။ ငါက ပင်ပန်းတယ်ဆိုရင် စုန့်ဝေဖျင်က ပိုပင်ပန်းရမှာပေါ့။

တဖန် သူမသည် စုန့်ဝေဖျင်ကို စိတ်ထဲက လူကောင်းဆုတစ်ခု ပေးလိုက်လေသည်။ သူတို့နှစ်ယောက်သည် စားသောက်ပြီးနောက် မြို့တက်သွားလိုက်ကြတော့သည်။

ရွှီရှောင်ကျောင်းသည် အချိန်အကြာကြီး ငါးဆားနယ်တစ်ယောက်လို နေခဲ့ရသော်လည်း သူမသည် ဘယ်တော့မှာ အီးလေးဆွဲတတ်သူတစ်ယောက်မဟုတ်ပေ။ စုန့်ဝေဖျင်ကလည်း ကိစ္စတစ်ခုကို မတွေဝေဘဲ လုပ်ဆောင်တတ်သူဖြစ်လေသည်။ သူတို့နှစ်ယောက်သည် နေ့လယ်ခင်းတွင် အလုပ်စလုပ်လိုက်ကြသည်။ အချိန်ကျခါနီးတွင် စုန့်ဝေဖျင်က မီးငြိမ်းလိုက်သည်။

အိုးကို ဖွင့်လိုက်တော့ မွှေးရနံ့က မျက်နှာကို လာရိုက်လေသည်။ အနီရောင်တောက်တောက်စတူးဟင်းက အရည်ရွှမ်းလို့ပင်။ မြင်ကွင်းက လူများကို လက်ယားလာအောင် လုပ်နေတော့သည်။

ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က အသားတုံးများကို အတုံးလေးဖြစ်အောင် လှီးလိုက်ကြသည်။ သူမသည် တစ်တုံးလောက် ယူကာ မြည်းကြည့်လိုက်၏။

အရသာက ကောင်းမွန်လှသည်။ အနှစ်ကလည်း ရွှဲစိုလို့ပင်။ အဆီသားက ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး အသားက အလွန်ခြောက်ကပ်မနေချေ။ အလွန်နူးညံ့ပြီး ဝါးလို့ကောင်းသည်။

“ဝိုး ငါ အရင်က စားဖူးတာထက်တောင် ပိုကောင်းနေသေးတယ်၊ စုန့်ဝေဖျင် နင်က အံ့ဩစရာကောင်းလိုက်တာ”

သူက အရင်က ဒီဟင်းကို တစ်ခါမှမလုပ်ခဲ့ဖူးဘဲနဲ့ ငါ့ဟင်းချက်နည်းကို လိုက်လုပ်ရုံနဲ့ အသားစတူးဟင်းချက်ကို ဒီလောက်အရသာကောင်းအောင် လုပ်နိုင်တယ်တဲ့။ အံ့ဩဖို့ ကောင်းလိုက်တာ။ ဒီအတိုင်းကို အံ့ဩစရာကောင်းနေပြီ။

စုန့်ဝေဖျင်က တစ်တုံးလောက် မြည်းကြည့်လိုက်ပြီး အရသာ အလွန်ကောင်းနေသဖြင့် အံ့ဩသွားတော့သည်။ ရွှီရှောင်ကျောင်း၏မျက်ခုံးများက လင်းလက်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ

“မင်း ညွှန်ကြားတာ တော်လို့ပါ”

ရွှီရှောင်ကျောင်းက နောက်တစ်တုံးယူလိုက်ပြီး

“နင်က အချက်အပြုတ်မှာ ပါရမီရှိတယ်၊ နောက်ထပ် တစ်ခါ နှစ်ခါလောက် ချက်ပြီးသွားရင် ငါ စောင့်ကြည့်ပေးစရာတောင် လိုတော့မှာမဟုတ်ဘူး၊ အခုက အေးနေတာဆိုတော့ အသားကို ညအိပ်ထားလို့ရတယ်။ ရာသီဥတုပူလာရင်တော့ ရောင်းဖို့အတွက် နင် မနက်စောစောထလုပ်ရလိမ့်မယ်၊ အဲဒီအချိန်ကျရင် နင်တော့ ပင်ပန်းတော့မယ်၊ ငါက စောစော မထနိုင်ဘူးနော်”

သူမသည် ကပ်ချွဲသည့်လေသံဖြင့် ဆက်အိပ်ချင်ကြောင်း ကြေညာလိုက်လေသည်။

“ငါ လုပ်ပါမယ်”

စုန့်ဝေဖျင်က ပြောသည်။ သူသည် နောက်တစ်ပန်းကန်အတွက် အသားနောက်တစ်တုံးကို လှီးလိုက်၏။

“အမေနဲ့ ရှောင်ကန်းတို့ကို သွားခေါ်လိုက်၊ သူတို့ ဒီနေ့ ဒီမှာ စားလိမ့်မယ်”

ပစ္စည်းကောင်းများရှိလျှင် ဝေမျှရမည်က အမှန်ပင်။ ထို့ကြောင့် ရွှီရှောင်ကျောင်းက ဝမ်းသာအားရ သူတို့ကို သွားခေါ်လိုက်တော့သည်။

ပြောရန်ပင်မလိုချေ။ သည်ဝက်သားစတူးဟင်းက မိသားစုထံမှ တညီတညွှတ်တည်း ချီးကျူးခြင်းကို လက်ခံခဲ့ရသည်။

နောက်တစ်နေ့တွင် ရွှီရှောင်ကျောင်း အိပ်နေတုန်းရှိသေး စုန့်ဝေဖျင်က ထွက်သွားနှင့်ပြီးဖြစ်လေသည်။

အနှစ်ဖြင့်ပေါင်းထားသည့်  အသား ၆တုံးကို မြေအိုးဇလုံထဲတွင် ထည့်ထားသည်။ နွေးနေစေရန် စုန့်ဝေဖျင်ကလည်း လုံးချောကျောက်များကို အပူပေးထားကာ အဝတ်နှင့်ထုပ်ပြီး ခြင်းအောက်တွင် ဖြန့်ကာထည့်ထားသည်။ မြို့သို့ရောက်လာချိန်တွင် စတူးဟင်းက အပူဓာတ် မကုန်သေးချေ။ အိုးကို ဖုံးထားသည့် အဖြူရောင်ပိတ်စကို ဖယ်လိုက်သည်နှင့် အနံ့က ချက်ချင်း လွှင့်ပျံလာခဲ့သည်။

“ဘာအနံ့လဲ၊ အရမ်းမွှေးတာပဲ”

ခဏအကြာတွင် ဦးထုပ်ဆောင်းထားသည့် အမျိုးသားတစ်ယောက်က ရောက်လာပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

စုန့််ဝေဖျင်ကလည်း တခြားသူများနည်းတူ ကိုယ့်ဟာကိုယ် လုံခြုံနေအောင် ဖုံးကွယ်ထားသည်။ သူ့အသံက မာဖလာထဲက တိုးထွက်လာပြီး

“ကျွန်တော့်မိသားစုက လုပ်ထားတဲ့ ဝက်သားစတူးဟင်းပါ၊ လုံးဝကို အရသာရှိတာနော်၊ အစ်ကိုကြီး တစ်တုံးလောက် ဝယ်ပြီး မြည်းကြည့်မလား”

ထိုလူက နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်ပြီး စားချင်သွားကာ

“ဘယ်လောက်လဲ”

“အသားတစ်ပိုင်းကို ၂လျန်၊ တစ်တုံးဆိုရင်တော့ ၄၀ဖန်း”

ထိုလူက စုပ်သပ်လိုက်ပြီး

“အရမ်းစျေးကြီးတယ်”

စုန့်ဝေဖျင်က အလျင်မလိုချေ။ သူက တခြားပန်းကန်လုံးထဲ့က အသား အကြေများကို ထုတ်လာလိုက်ပြီး သူ့ကို လှမ်းပေးလိုက်ကာ

“ကျွန်တော့် ဝက်သားစတူးဟင်းက အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာ၊ ဒါက မိသားစုရဲ့ လျှို့ဝှက်ဟင်းချက်နည်းခင်ဗျ၊ စားသောက်ဆိုင်က ရောင်းတာထက် အများကြီး ပိုကောင်းတယ်၊ မြည်းကြည့်ပါ”

ကြေနေသည့်အသားကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်ကို မြင်လိုက်ရလေသည်။ သူ့မျက်လုံးများက လင်းလက်သွားပြီး ကျေနပ်သွားသည့် အမူအရာဖြစ်လာခဲ့သည်။ သူက လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏

“စားသောက်ဆိုင်က တစ်တုံးက အသားပြားတစ်ဖတ် နှစ်ဖတ်လောက်ပဲပါတာ၊ စျေးကြီးရုံမကဘူး အရသာကလည်း မကောင်းဘူး၊ ကျွန်တော့် အသားနှစ်ပိုင်းက အဲဒါထက် ပိုများတယ်နော်၊ တစ်တုံးလောက် အိမ်ဝယ်ပြန်သွားပြီး သောက်စရာနဲ့ တွဲစားတာဖြစ်ဖြစ် ကလေးတွေရဲ့ စားချင်စိတ်ကို ကျေနပ်အောင် လုပ်ပေးတာပဲဖြစ်ဖြစ် တကယ်တန်ပါတယ်၊ အိမ်မှာ ဧည့်သည်ရှိရင်လည်း နှစ်ပိုင်းလောက် ဝယ်သွားပြီး အသား ပါးပါးလေးလှီးလိုက်၊ ဟင်းပွဲတစ်ပွဲစာရတယ်၊ တော်တော် အဆင်ပြေတာနော်”

သည်အသား၏အရသာက တော်တော်လေးကောင်းမွန်သည်။ ထိုလူကလည်း သူပြောသည့်စကားက မှန်ကန်ကြောင်း သိနေသည်။ သူသည် တစ်ပိုင်းလောက် ဝယ်ခဲ့လျှင် အပြားလိုက်လှီးပြီး ဝိုင်နှင့် စားသောက်နိုင်သည်။ ကျန်တာကို သူ့မိန်းမ စားချင်စိတ်ကို ဖြည့်ဆည်းပေးလို့ရသည်။ စိတ်ကူးကောင်းတစ်ခုပင်။

“ကောင်းပြီလေ၊ ငါ့ကို တစ်တုံးပေး၊ ကြီးတာပေးနော်”

စုန့်ဝေဖျင်က တစ်ခုကို ထုတ်လိုက်ပြီး ထုပ်ပိုးပေးလိုက်ကာ လှမ်းပေးလိုက်၏။

“အစ်ကိုကြီး ဒီအသားကို မေ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံတယ်၊ နောက်တစ်ခါ ထပ်လာခဲ့အုံးနော်”

မနက်၇နာရီတွင် ကောင်းကင်က လင်းရှင်းနေသည်။ ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် ပြန်လာချိန်မှ အိပ်ရာနိုးလာခဲ့သည်။

“နင်တို့တွေ လူတောင် ခွဲလာပြီပဲ၊ ဘယ်လိုနေလဲ”

စုန့်ဝေဖျင်က ကျန်သည့် ၈၀ဖန်းကို လှမ်းပေးလိုက်ပြီး

“အားလုံး ရောင်းလို့ ကုန်သွားတယ်၊ လူတစ်ယောက်က သုံးတုံးဝယ်တာ တစ်တုံးက နည်းနည်း သေးနေတာနဲ့ စျေးညှိနှိုင်းပြီးတော့ ၁ယွမ်တောင်းလိုက်တယ်၊ ပြီးတော့ ငါ အသား ၂ကျင်း ဝယ်ခဲ့တယ်၊ ၈၀ဖန်း ကျန်တယ်”

“အားလုံး ရောင်းလို့ကုန်သွားတယ် ဟုတ်လား”

ရွှီရှောင်ကျောင်းက အံ့သြသွားတော့သည်။ သူက နည်းနည်းပါးပါးတော့ ရောင်းနိုင်မှာပါလို့ပဲ တွေးထားတာလေ။ အားလုံးကို ကောင်းကောင်းကြီး ရောင်းကုန်သွားမယ်လို့ လုံးဝမထင်ထားဘူး။ စုန့်ဝေဖျင်က သာမန်ဆန်ဆန် သမားရိုးကျသမားလို့ ထင်ရပေမဲ့ သူက စီးပွားရေးလုပ်တဲ့နေရာမှာတော့ တော်တော်အရည်အချင်းရှိတာပဲ။

ငွေကို ကိုင်ထားတာ အသုံးမဝင်လေဘူး။ သူမက မလိုကြောင်း လက်ခါပြရင်း ပြောလိုက်လေသည်။ သူမသည် ယွမ်နည်းနည်းပါးပါးကို သိမ်းထားပြီး ကျန်တာကို စုန့်ဝေဖျင်ကို ပေးလိုက်လေသည်။

“စုန့်ဝေဖျင် ငါလေ နင့်ကို ပိုပိုပြီး လေးစားလာပြီ၊ နင်က တော်လိုက်တာ၊ နင် ငွေယူထားလိုက်၊ နင့်စီးပွားရေး အဆင်ပြေလာရင် ငါ့ငွေကလည်း အခြေခံရင်းနှီးမြှုပ်နှံထားတဲ့ ရင်းနှီးငွေဖြစ်သွားပြီ၊ နင် ငွေပိုရှာလာနိုင်မှ ငွေကို ပြန်ပေးပေါ့”

စီးပွားရေးကောင်းလာသည်နှင့်အမျှ နောက်ထပ်ပြဿနာတစ်ခုက ပေါ်လာတော့သည်။

“ငါတို့မှာ အသားဝယ်ဖို့ လက်မှတ်မရှိဘူးနော်၊ ငါ ဒီနေ့ ဖင့်ရှန်းနဲ့ တခြားသူတွေကို သွားရှာပြီး လက်မှတ်တချို့ သွားလဲခဲ့မယ်၊ ဒါပေမဲ့ ဒါက တစ်ရက် နှစ်ရက်စာလောက်ပဲ ဖြေရှင်းနိုင်မှာ”

စုန့်ဝေဖျင်တွင် အဖြေကရှိထားလေသည်။

“ငါ တတိယအစ်ကိုလီကို မေးလိုက်မယ်၊ သူ့မှာ နည်းလမ်းတစ်ခုတော့ ရှိမှာပါ”

ဒါဆိုရင်တော့ အဆင်ပြေသွားမှာပါ။

စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး

“ရောင်းကောင်းရင် ၂လလောက်နေရင် ရှောင်ကန်းကို ကျောင်း ပို့လို့ရပြီ”

ရွှီရှောင်ကျောင်းသည် အနည်းငယ် အံ့ဩသွားပြီး

“နင့်ဦးလေးမိသားစုရဲ့ ငွေတွေကို အရင်ပြန်ပေးသင့်တယ်မလား”

အဘွားရဲ့ စကားတွေအရဆိုရင် ပြီးခဲ့တဲ့ နှစ်တွေမှာ စုန့်ဝေဖျင်ရှာသမျှ ငွေတွေအားလုံးကို အကြွေးဆပ်ဖို့ပဲ စုထားခဲ့ရတာတဲ့။ ပြီးခဲ့တဲ့တစ်ခေါက် ဂါဝန် ဝယ်ပေးခဲ့တဲ့ ငွေကလည်း ချေးထားတာဆိုတာ မမေးလည်း သိနေပါတယ်လေ။

စုန့်ဝေဖျင်က သူ့နှုတ်ခမ်းကို စူထားလိုက်ပြီး

“အလျင်လိုစရာမလိုပါဘူး၊ ငါတို့တွေ အဲဒီအကြောင်း နှစ်သစ်ကူးပြီးမှ ပြောကြမယ်လေ”

လုပ်ငန်းကလည်း ကောင်းမွန်ပြီး အသားဝယ်ရတဲ့ ပြဿနာကို ဖြေရှင်းပြီးသွားရင် တစ်လလုံးရဲ့ လဝက်လောက်ပဲ ရောင်းရင်တောင် ၁၀ယွမ်အထက် ရှာနိုင်ပါသေးတယ်။ ဒါက ငွေပမာဏ အများကြီးပဲလေ။ ရွှီရှောင်ကျောင်းသည် သူမက ငွေကြိုက်သည့် ဝါသနာတစ်ခု ရလာကြောင်း သိလိုက်ရတော့သည်။ ငွေအများကြီးကို  မြင်မိသဖြင့် သူမသည် ကျေနပ်သွားကာ

“စုန့်ဝေဖျင် နင် သေချာပေါက် ကောင်းကောင်းလုပ်ရမယ်နော်”

အဟုတ်ပဲ။ အနာဂတ်စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ အရည်အချင်းကို လျှော့တွက်ထားလို့မရဘူး။ သူ့ကို အခွင့်အရေးသေးသေးလေးပဲ ပေးလိုက်။ သူသည်  အဲဒါကို ရှိသမျှအားနဲ့ ဖမ်းဆုပ်ပြီး တက်သွားလိမ့်မယ်။ နေ့ရက်ကောင်းတွေက ရောက်လာတော့မယ်လေ။

...