အပိုင်း (၂၃) ရုပ်ရှင်ကြည့်မယ်
“ရဲဘော်ရွှီရှောင်ကျောင်း နင်က မိန်လင်ရွာမှာ ငါတို့အတွက် နာမည်တစ်ခုရအောင် လုပ်ပေးခဲ့တယ်၊ ဌာနခွဲစာရေးအိုကြီးဖြစ်တဲ့ ငါက နင်နဲ့လိုက်ပြီး ဂုဏ်တက်ခဲ့ရတယ်”
သူတို့သည် မြို့တက်ပြီး အတူတူသတင်းသွားခဲ့ချိန်က စီရင်စုခေါင်းဆောင်ရောက်လာသည်နှင့် မမျှော်လင့်ဘဲ ဆုံခဲ့ရသည်။ သူတို့ရွာ စိုက်ပျိုးရေးသင်တန်းတွင် ကောင်းမွန်သည့်လုပ်ဆောင်တစ်ခု ပြီးမြောက်ခဲ့ပြီး အထွက်နှုန်းလည်း ၃၀% တိုးလာခဲ့ရာ သူတို့သည် သူ့ကို ချက်ချင်း ကြိုဆိုပြီး သူ့အောင်မြင်မှုများအတွက် ချီးကျူးစကား ပြောခဲ့ကြသည်။
လောင်ဝမ်၏ တစ်ဘဝလုံးတွင် သည်လို အထက်လူကြီးတစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။
ခုနကပင် နောက်ပိုင်းမျိုးဆက်များတွင် လူများက အိမ်နှင့်မဆန့်ဘဲ စျေးတစ်ခုလို စည်ကားနေတော့သည်။ အခုတော့ လူများ ခွဲသွားကြရာ ရွှီရှောင်ကျောင်၏ မူးနောက်နေသည့်ခေါင်းက တည်ငြိမ်သွားတော့သည်။ စုန့်ဝေဖျင်သည် သူမက ဆူညံ့သံကို သိပ်မကြိုက်မှန်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူက သူမသောက်ဖို့ရန် ပျားရည်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။
ရွှီရှောင်ကျောင်းက ပျားရည်ကို သောက်လိုက်ပြီး ရွာဌာနခွဲစာရေးကို နှုတ်ဆက်လိုက်ပြီး
“ဒါတွေအားလုံးက ဌာနခွဲစာရေးကြီးကြောင့်ပါ၊ ကျွန်မက ဒီလိုအသုံးဝင်မှန်း ရှင်သာ ရှာမတွေ့ခဲ့ရင် ကျွန်မလည်း ဒီလိုဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ရှင်လည်း သင်တန်းလက်စွဲစာအုပ်ကို တွေ့ခဲ့တာပဲ၊ ကျွန်မမိသားစုရဲ့ ကိုကိုဝေဖျင်က ကျွန်မအတွက် အားလုံး ပြင်ဆင်ထားပေးခဲ့တာ၊ ကျွန်မ တစ်ယောက်ထဲသာဆိုရင် ဒါကို ကောင်းကောင်းလုပ်နိုင်မှာတောင် မဟုတ်ဘူး”
ဌာနခွဲစာရေးကြီးက ခေါင်းတွင်တွင်ညိတ်လိုက်ပြီး
“ကောင်းတယ် ကောင်းတယ်၊ ကောင်းတယ် ငါတို့တွေက တည်ဆောက်ရေးတွေ လုပ်နေတာလေ၊ ငါတို့တွေက အချင်းချင်း ကူညီပေးနိုင်တဲ့ နင်တို့လို အကြင်လင်မယားတွေကို လိုအပ်တယ်၊ ဒီတစ်ခါတော့ စီရင်စုခေါင်းဆောင်က အလုပ်သမား၊ လယ်သမားနဲ့ စစ်သားကောလိပ်က ကျောင်းသားတွေကို သင်တန်းပေးဖို့ နင့်ကို မေးခိုင်းထားတယ်၊ နင် မငြင်းရဘူးနော်”
ရွှီရှောင်ကျောင်းကလည်း ငြင်းဆန်ဖို့ စိတ်ကူးမရှိချေ။ အလုပ်သမား၊ လယ်သမားနှင့် စစ်သားကောလိပ်ကို သွားပြီး သည်ခေတ်ကာလ၏ ဝိသေသလက္ခဏာများကို မြင်တွေ့ရသည်ကလည်း စိတ်ဝင်စားစရာပင်။
“ကျွန်မ သွားမှာပါ”
ဌာနခွဲစာရေးက ပိုပြီးစိတ်ကျေနပ်သွားကာ
“ကောင်းပြီ၊ ရဲဘော်ရှောင်ကျောင်းက ရှက်နေမှာ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်”
သို့သော် စုန့်ဝေဖျင်ကလည်း သူ့ကိုယ်ပိုင်အတွေးများ ရှိလေရာ
“ကျွန်တော် သူနဲ့ လိုက်သွားလို့ရမလား”
ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ပြီး
“ဟုတ်တယ် ဟုတ်တယ်၊ စုန့်ဝေဖျင်ရော ကျွန်မနဲ့ အဖော်လိုက်ခဲ့လို့ရလား၊ ကျွန်မ အဝေးကြီးမှာ သွားနေရမှာဆိုတော့ သူက စိတ်မချနိုင်ဘူး”
ဌာနခွဲစာရေးသည် နေရာတွင်ပင် အနည်းငယ် အင်တင်တင် ဖြစ်သွားပြီး
“သူ လိုက်လို့တော့ရပါတယ် ဒါပေမဲ့ နင်က အလုပ်ခရီးသွားတာလေ၊ အလုပ်ရမှတ် အပြည့်ရမဲ့အပြင် တစ်ရက်ကို ထောက်ပံ့ကြေး ၈၀ဖန်း နဲ့ နေရာထိုင်ခင်းလည်း စီစဥ်ပေးအုံးမှာ၊ ကောင်လေးဖျင် နင်နဲ့ လိုက်လာရင် နင် အဲမှာ နေလို့မရတော့ဘူးနော်၊ ကိုယ့်ဟာကိုယ်နေဖို့ နေရာတစ်ခု ရှာမှပဲရမှာ”
စုန့်ဝေဖျဥ်က သည်စကားကြောင့် မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်သည်တွင် သူက မြန်မြန် ထပ်ဖြည့်ပြောလိုက်လေသည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့၊ အဖွဲ့အစည်းက အားလုံးကို စီစဥ်ပေးထားတယ်၊ ဒီတစ်ခါ ငါ နင်နဲ့ လိုက်ခဲ့ပေးမှာပါ၊ ပြီးတော့ မြို့က အမျိုးသမီးညွှန်ကြားရေးမှူးရဲဘော်လည်း ပါတယ်၊ ငါ သူနဲ့ ကောင်းကောင်းသိတယ်၊ သူက နွေးထွေးတဲ့လူတစ်ယောက်ပါ၊ သူကလည်း အလုပ်သမား လယ်သမားနဲ့ စစ်သားကောလိပ်က ကျောင်းသူတစ်ယောက်ပဲ၊ ပြီးတော့ ဝန်ထမ်းသင်တန်းသား လုပ်နေတာ၊ သူက အလုပ်တစ်ခုလည်း ရှိတော့ လတိုင်း ၁၅ရက်လောက် ကျောင်းသွားတက်ရတယ်၊ တိုက်တိုက်ဆိုင်ဆို ခေါင်းဆောင်က သူနဲ့အတူတူ နင့်ကို အဆောင်တစ်ခုထဲ စီစဥ်ပေးထားတယ်၊ စိတ်ချထားလိုက်”
“ပြီးတော့ ဒီတစ်ခါ နင့်သင်တန်းကာလကလည်း မရှည်ဘူးလေ၊ နှစ်စပိုင်းတုန်းက ငါတို့ရွာသင်တန်းလိုပဲ လုပ်ရုံပဲ၊ ဒါက ဘွဲ့ရတော့မဲ့ စိုက်ပျိုးရေးကျောင်းသားတွေအတွက်လေ၊ သူတို့အားလုံးက ငါတို့ ထွက်ကုန်အဖွဲ့ရဲ့ ကျောရိုး ဖြစ်လာလိမ့်မယ်၊ ဒီနည်းနဲ့ သူတို့တွေက ငါတို့ရဲ့စိုက်ပျိုးရေးနည်းပညာတွေကို လူထုဆီ ဖြန့်ဝေပေးလိမ့်မယ်၊ ရှောင်ကျောင်း ဒါက တကယ်ဝမ်းသာစရာကိစ္စပဲ”
ဌာနခွဲစာရေးသည် ငတ်မွတ်သည့်နှစ်များကို ကြုံတွေ့ခဲ့ဖူးသူဖြစ်လေသည်။ စပါးတစ်ပင်က ဆန်စေ့အနည်းငယ်ကပင် တစ်ခါတစ်ရဲ့ အသက်များကို ကယ်တင်နိုင်ကြောင်း သိလေသည်။ တခြားလယ်သမားများကို ဆန်ပိုထွက်အောင် လုပ်ပေးနိုင်ခြင်းက သူ့ကို အလွန်ပျော်ရွှင်ရစေသည်။
သည်စကားကို ကြားလိုက်ရပြီး အစီအစဥ်က တော်တော်လေး အသေးစိတ်လေသည်။ စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်၏။ အခြေခံအားဖြင့်တော့ ဘာပြဿနာမှမရှိချေ။
ဌာနခွဲစာရေး ပြန်သွားပြီးနောက်တွင် မိသားစုက စိတ်အေးသွားကာ စတင် ဂုဏ်ပြုပေးတော့သည်။
ရွှီရှောင်ကန်းက ရုတ်တရက် ထခုန်လေသည်။
“မမ နင်က အလုပ်သမား၊ လယ်သမားနဲ့ စစ်သားကောလိပ်မှာ ဆရာမ သွားလုပ်မှာပေါ့နော်၊ ငါ့မမက အရမ်းအံ့ဩဖို့ကောင်းတာပဲ”
သူ ကျောင်းရောက်ရင်တော့ တခြားကျောင်းသားတွေကို ပြောပြပြီး အားလုံးက သူ့ကို အားကျသွားအောင် လုပ်ရမယ်။
ဝူချွန်းဟွားသည် စာလုံးအားလုံးကို မဖတ်တတ်သော်လည်း သူမသည် စုန့်မိသားစု ဧည့်ခန်းအလယ်တွင် ချိတ်ထားသည့် အနီရောင်တံခွန်ကို ဆက်တိုက်ကြည့်နေမိလေသည်။ သူမက အတိတ်ကို ပြန်ပြောင်းကာ အမှတ်ရနေတော့သည်။
“အို ကျွန်မတို့မိသားစုမှာလေ တစ်သက်လုံး အရမ်းနာမည်ကြီးတယ်ဆိုတာ တခါမှ မရှိခဲ့ဖူးဘူး၊ ကျွန်မသမီးက အစွမ်းရှိလိုက်တာ”
အဘွားစုန့်ကလည်း သူမ၏စကားကို အတိုင်းမသိ ထောက်ခံလေသည်။
“မဟုတ်လို့လား၊ ဗုံမောင်းသံတွေက ကျယ်လို့၊ ဘယ်လောက်တောင် စည်ကားလိုက်သလဲ၊ ပဒေသရာဇ်ခေတ်မှာတောင် လူတစ်ယောက်က အဆင့်၁ စာသင်သားဖြစ်လာရင် သတင်းကောင်းကို ကြေညာပေးတဲ့လူက ဒီလိုပဲလေ၊ ငါတို့ရှောင်ကျောင်းက ကံထူးတာ”
ရွှီရှောင်ကျောင်းသည် အဘွားနှင့် အမေဖြစ်သူက အပြန်အလှန်စကားပြောကြပြီး သူတို့ကိုယ်တိုင် ရရှိသည်ထက် ပိုဝမ်းသာနေကြသည်ကို မြင်ရလိုက်ချိန်တွင် သူမသည် ပျော်ရွှင်ရလွန်းသဖြင့် ထမခုန်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ မင်းက အောင်မြင်မှုတွေ ရရှိခဲ့ပြီး မိသားစု မင်းအတွက် ဂုဏ်ယူရတဲ့ ဒီလိုအနေအထားက အရမ်းကို စိတ်ချမ်းသာစရာကောင်းတာပဲ။
“ဝေး စုန့်ဝေဖျင် နင် ငါ့ကို ဘာလို့ မချီးကျူးတာလဲ”
ရွှီရှောင်ကျောင်းက ခေါင်းကို လှည့်ကာ စုန့်ဝေဖျင်ကို တိတ်တိတ်လေး မေးလိုက်လေသည်။
စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို ကြည့်နေခဲ့လေသ်ည။ သည်စကားကို ကြားလိုက်သည်တွင် သူက မနေနိုင်တော့ဘဲ လက်လေးကိုဆန့်ကာ သူမ၏ခေါင်းကို သပ်ပေးလိုက်ပြီး
“မင်းက တော်လိုက်တာ၊ ငါတောင် နည်းနည်း အားငယ်သွားပြီ”
ရွှီရှောင်ကျောင်းသည် သူမခေါင်းပေါ်က အလေးချိန်ကို ခံစားမိလိုက်ပြီး အမှတ်တမဲ့ မျက်စောင်းထိုးချင်သွားတော့သည်။ သူမက မေးလိုက်၏။
“နင်က ငါ့အပေါ် မကောင်းနိုင်မှာ စိုးရိမ်နေတာ”
“အင်း”
ရွှီရှောင်ကျောင်းက သူ့အနားသို့ ကပ်သွားလိုက်ပြီး
“စိတ်အေးအေးထားပါ၊ အခုမှ အစပဲရှိသေးတယ်၊ နောက်ဆိုရင်လေ နင့်အောင်မြင်မှုတွေက ငါ့ထက်တောင် သေချာပေါက် ပိုမြင့်အုံးမှာ၊ အဲဒီအခါကျရင် ငါလိုလူ ဆယ်ယောက်လည်း နင့်တစ်ယောက်ကို အမီလိုက်နိုင်မှာ မဟုတ်တော့ဘူး၊ ငါက နင့်အတွက် လုံလောက်အောင် မကောင်းလို့ဆိုပြီး နင် အထင်တော့ မသေးရဘူးနော်”
“မလုပ်ပါဘူး”
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်သည်။ သူသာ အဲလောက်အထိ အင်အားကြီးလာခဲ့ရင် သူမက သူ့ထက် သေချာပေါက် ပိုတော်နေမှာပဲ။
သူတို့အိမ်ထဲက အနေအထားလေးသည် အေးချမ်းပျော်ရွှင်စရာ ဖြစ်နေတော့သည်။ တဖက်တွင်တော့ ဆိုးဝါးသည့်လေထုအပြည့် ဖြစ်နေတော့သည်။
“အဲဒါက ဘာတွေကြီးကျယ်နေလို့လဲ၊ ပန်းတွေ ပွင့်လာတဲ့အထိ ပြောနေကြလည်း သူတို့တွေက လယ်သမားတွေ ဖြစ်နေတုန်းပဲ”
ဟန်ကွမ်းဟွေနှင့် တခြားပညာတတ်လူငယ်များသည် မျက်နှာနီနီ၊ နားရွက်နီနီများနှင့် လမ်းလျှောက်ကာ ပြန်လာကြလေသည်။ ကျောက်ယန်ယန်က မခံမရပ်နိုင် ဖြစ်နေတော့သည်။
လီယုံဟိုင်က စကားနည်းနည်းတော့ ပြောချင်ခဲ့သည်။ အဲလောက်လဲ ဖြစ်မနေပါနဲ့။ အခု နင့်ကြောင့်သာ မဟုတ်ရင် ငါတို့တွေလည်း အရွယ်ရောက်ပြီးသူတွေအနေနဲ့ ဒီလိုမျက်နှာပျက်စရာ ရှိလာမှာလား။ ကျောက်ယန်ယန်က စကားပြောအရမ်းမြန်တာပဲ။ ဗုံမောင်းသံတွေကြားတာနဲ့ သူ့စိတ်ထဲမှာ ရှိသမျှကို ထုတ်ပြောတော့တာ။ သူ ကြားခဲ့သားပဲ။ သူတို့တွေက ဂုဏ်ပြုပေးဖို့ ရွှီရှောင်ကျောင်းအိမ်ကို သွားမှာ အသိသာကြီး။ ဒါပေမဲ့ သူကတော့ သူတို့တွေကို ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတဲ့အတွက် ဂုဏ်ပြုပေးတာလားလို့ အကျယ်ကြီး အော်မေးလိုက်သေးတယ်လေ။
ဒါက ရွာသားတစ်ဖွဲ့လုံးကို ရယ်စရာဖြစ်သွားစေတာပေါ့။
ရှက်ဖို့ကောင်းလိုက်တာ။ ဒီအတိုင်းကို ရှက်ဖို့ကောင်းနေပြီ။
“တော်တော့”
ဟန်ကွမ်းဟွေက အော်ငေါက်လိုက်ကာ
“ရှက်ဖို့ကောင်းနေပြီလို့ မထင်မိသေးဘူးလား၊ ဒီကာလအတွင်းမှာ နင် အလုပ်မသွားချင်ဘူးဆိုရင် အဆောင်မှာပဲ နေပြီး ရိုးရိုးသားသား စာလေ့လာလိုက်၊ ကိုယ့်ဟာကို အရှက်ခွဲဖို့ ထွက်မလာနဲ့”
ကျောက်ယန်ယန်သည် အကျောမခံလိုပေ။
“ငါက ဘာရှက်ဖို့ကောင်းနေလို့လဲ၊ နင်က အရည်အချင်းမရှိတာ မဟုတ်ဘူးလား၊ နင်သာ အဲစာအုပ်ကို ကောင်းကောင်းလေ့လာပြီး အားလုံးကို သင်တန်းပေးခဲ့ရင် အခုနေ ဂုဏ်ရှိနေမှာက ငါတို့ပဲ၊ နင်က အသုံးမကျတာ”
ဟန်ကွမ်းဟွေက ဒေါသထွက်နေသည်ကို တွေ့လိုက်ရသဖြင့် ချန်းရွှယ်သည် လူတစ်ယောက် လုပ်ဖို့ရန် ချက်ချင်းထွက်လာတော့သည်။
“ကဲပါ ကဲပါ၊ ငြင်းမနေကြပါနဲ့တော့၊ ဘာမှမှမဟုတ်တာ၊ စာပဲ ကြိုးစားကြတာပေါ့၊ ငါတို့တွေ ကောလိပ်ဝင်ခွင့်ရသွားရင် ငါတို့ကို တည့်တည့်မကြည့်ကြတဲ့သူတွေက ငါတို့ကို လာပြီး မြောက်ပင့်ကြလိမ့်မယ်၊ ယန်ယန် စာကြိုးစားကြရအောင်နော်”
ကျောက်ယန်ယန်က နှာခေါင်းရှုံ့လိုက်ပြီး
“ရှောင်ရွှယ် နင် ပြောတာ ဟုတ်တယ်၊ သွားစို့၊ စာလုပ်ဖို့ ပြန်ကြမယ်၊ အဲဒီလူတွေကို ပြလိုက်ရအောင်”
သို့သော် သူမသည် စာပေပညာ အများစုကို မသိခဲ့လေရာ သူမအတွက် စာလေ့လာရသည်က ခက်ခဲနေတော့သည်။
ရက်ပိုင်းလောက် အဆောင်ပိတ်နေခဲ့ပြီးနောက် ညပိုင်း၌ ရွာထဲတွင် ရုပ်ရှင်ပြမည်ဟု ကြားလိုက်လေသည်။ ထို့ကြောင့် သူမက ရုပ်ရှင်သွားကြည့်ဖို့ တချို့လူများကို အလောတကြီး တိုက်တွန်းတော့သည်။ အချိန်က ကြပ်နေသဖြင့် ဟန်ကွမ်းဟွေက မသွားချင်ပေ။
ရွှီရှောင်ကျောင်းနှင့် တခြားသူများကလည်း သွားကြမည်ကတော့ ပြောရန်ပင် မလိုချေ။ ဆောင်းဦးကောက်ရိတ်ပွဲသည် သာမန်အားဖြင့် ပြီးဆုံးသွားခဲ့သည်.။ အနားယူရမည့်အချိန်ပင်။ မိသားစုတစ်ခုလုံးက အတူတူရုပ်ရှင်ကြည့်ကြလိမ့်မည်။
ပိတ်ကာကို စပါးလှေ့သည့်ကွင်းထဲတွင် တပ်ဆင်ထားပြီးသည်နှင့် ရွှီရှောင်ကန်းက တခြားကလေးများနှင့်အတူ အကြိမ်အနည်းငယ် သွားလိုက်ပြန်လိုက်လုပ်ခဲ့ပြီးဖြစ်လေသည်။ သူသည် အိမ်သို့ အပြေးပြန်လာပြီး ဝူချွန်းဟွားထံကို ပြေးဝင်လာခဲ့သည်။ ထို့နောက် သူ့မမအိမ်သို့ ပြေးသွားပြန်သည်။ အိမ်ထဲမရောက်ခင်ပင် အသံကို ကြားနေရသည်။
“မမရေ မပြီးသေးဘူးလား၊ ငါ ငါတို့အတွက် အရင်ဆုံးနေရာသွားဦးထားလိုက်မယ်၊ မြန်မြန်လုပ်နော်”
ရွှီရှောင်ကျောင်းက အသံကို မြင့်ကာ ပြောလိုက်၏။
“အေး အေး၊ ငါ သိပြီးပြီ၊ မစသေးပါဘူးဟဲ့ ဘာတွေလောနေတာလဲ”
ရွှီရှောင်ကန်းက ခေါင်းလေးထုတ်ကာ သူမကို လှမ်းကြည့်လိုက်ပြီး
“ငါ ဒီကိုလာကတည်း နင် မျက်ခုံးချယ်လိုက် မျက်လုံးချယ်လုပ်နေတာ၊ အခုမှ ဆံပင်ဖြီးနေတယ်၊ နင် အခုထိတောင် မပြီးသေးဘူး၊ နင်တို့မိန်းကလေးတွေကလည်း အရမ်းဒုက္ခများတာပဲ”
ရွှီရှောင်ကျောင်းက ဆံပင်ပေါ်က ဆံထိုးများကို ယှဥ်ကြည့်ရင်း မောင်ဖြစ်သူကို သနားကြည့် ကြည့်လိုက်ကာ
“ဟမ့် ရှောင်ကန်း၊ နင့်ရဲ့ဒီအတွေးတွေကလေ၊ ကြပ်ကြပ်သတိထား၊ နောက်ဆိုရင် နင် မိန်းမ ရှာမရနိုင်ဘဲ ဖြစ်သွားလိမ့်မယ်”
လူဖြောင့်ကြီး။
ရွှီရှောင်ကန်းက သူ့ရင်ဘတ်သေးသေးလေးကို ယုံကြည်ချက်ရှိရှိ ဖွင့်ထားလိုက်ပြီး
“မမရယ် အဲလိုဖြစ်မှာမဟုတ်ဘူးနော်၊ ငါက အခုဆိုရင် အရပ်မြင့်ပြီး အားကောင်းလာပြီ၊ အမေက ပြောတယ်၊ နောက်ဆိုရင် ငါ့အတွက် မိန်းမမရှားဘူးတဲ့”
နင် ဘာမှနားမလည်ပါဘူးဟယ်။ ရွှီရှောင်ကျောင်းက ညည်းတွားလိုက်လေသည်။ သူမက သူ့ကို ထွက်သွားခိုင်းတော့သည်။
“နင့်ထိုင်စရာနေရာ မြန်မြန်သွားရှာလေ”
ရွှီရှောင်ကန်းက ကျားအော်သံလို လုပ်လိုက်ပြီး ပြေးအထွက်တွင် စုန့်ဝေဖျင်က သူ့ကို လှမ်းဖမ်းလိုက်ကာ တံခါးအပြင်ဘက်တွင် သူ့ကိုတားလိုက်လေသည်။ သူက ရွှီရှောင်ကန်းကို မြေပဲနှင့် ကွာစေ့အိတ်တစ်ခု လှမ်းပေးလိုက်သည်။ သူက ရွှီရှောင်ကန်းကို မှာလိုက်လေသည်။
“မင်းက အဘွားနဲ့အမေတို့နဲ့ အတူတူထိုင်နော်၊ မင်းမမအတွက် သီးသန့်နေရာတစ်ခု ဦးထားပေး၊ မင်းတို့နဲ့ ဝေးတဲ့နေရာနော်၊ နေကျယ်ကျယ်လေးတစ်ခု ဦးထားပေး”
ရွှီရှောင်ကန်းက နားမလည်ချေ။
“ဘာလို့လဲ ယောက်ဖရဲ့၊ ကျွန်တော်တို့တွေ အတူတူထိုင်ရင် စကားပြောလို့ရတယ်လေ၊ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ”
စုန့်ဝေဖျင်က သူ့အိတ်ကပ်ထဲက နို့ချိုချဥ်တချို့ကို ထုတ်ကာ သူ့ကို လှမ်းပေးလိုက်ပြီး
“ယောက်ဖ ပြောတဲ့စကားကိုသာ နားထောင်”
အရသာရှိတာ စားရပြီဆိုလျှင် ရွှီရှောင်ကန်းတို့ကတော့ စောင့်ထိန်းရမည့်စည်း မရှိတော့ချေ။ ဘာပဲဖြစ်ဖြစ် သူက ရုပ်ရှင်ကြည့်မှာပဲ။ သူသည် အိတ်ကပ်ထဲကို ချိုချဥ်များထည့်လိုက်ပြီး ပြေးထွက်သွားတော့သည်။
“သိပြီ”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင် သူ့ကို ပြောလိုက်သည့်စကားကို မကြားလိုက်ချေ။
“နင် ရှောင်ကန်းကို ဘာပြောလိုက်တာလဲ”
စုန့်ဝေဖျင်က ဘာမှထွေထွေမရှိသလို နေလိုက်ပြီး
“ဘာမှမဟုတ်ပါဘူး၊ သူ့ကို ကျယ်တဲ့နေရာတစ်ခု ဦးထားဖို့ ပြောလိုက်တာ၊ မင်း ကြပ်နေမှာစိုးလို့လေ”
ရွှီရှောင်ကျောင်းက ကျေနပ်သွားပြီး
“နင်က တွေးပေးတတ်လိုက်တာ”
သူမက ရွှီရှောင်ကန်းအကြောင်း ညည်းညူပြလိုက်သည်။
“ရှောင်ကန်း ကြီးလာရင်တော့ နင် သူ့ကို နည်းနည်းပါးပါး သင်ပေးမှရမယ်၊ သူ မိန်းမမရမှာ စိုးရတယ်၊ သူကလေ ငါ့ကိုတောင် ဒုက္ခများသတဲ့၊ သူ့လို ကလေးက ဘာသိလို့လဲ၊ ဒါက ဖျော်ဖြေရေးပွဲအတွက် ငါ့ရဲ့အခြေခံအကျဆုံး လေးစားမှုလေ၊ ပြီးတော့ ငါတို့နှစ်ယောက်၊ ဒါက ချိန်းတွေ့ကြတာပဲ၊ ငါတို့ အပြင်ထွက်လာမှာကို ငါက ဘယ်လိုလုပ်ပြီး သေသေချာချာ မဝတ်လို့ဖြစ်မလဲ၊ ငါက ဖိုသီဖတ်သီ နေရမှာလဲ၊ ပန်းလိုလှတဲ့ ငါကလေ၊ နင် ငါ့ကို အပြင်ခေါ်သွားရင် ဘယ်လောက်တောင် မျက်နှာပွင့်လိုက်မလဲ၊ မဟုတ်ဘူးလား စုန့်ဝေဖျင်ရယ်”
စုန့်ဝေဖျင်သည် အစမှ အဆုံးအထိ ဘာစိတ်မရှည်ခြင်းကိုမှ မပြချေ။ သူသည် သူမ ကြိုက်သည့် ဆံညှပ်ကိုပင် ရွေးကူပေးလိုက်သေးသည်။ ထိုစကားကြားလိုက်တော့ သူက ခေါင်းညိတ်ပြလိုက်ပြီး
“အင်း လောစရာမလိုပါဘူး”
ရွှီရှောင်ကျောင်းက ပိုပြီး ကျေနပ်သွားတော့သည်။
စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းအကြိုက်ဆုံး မြေပဲကြော်နှင့် ကွာစေ့တို့ကို ပြင်ဆင်ထားသည့်ခြင်းထဲ ထည့်ကာ သူမအတွက် စွံပလွန်ရည်ကို ဖြည့်ထားပေးလိုက်သည်။ ထို့နောက် ထိုင်ဖုံတစ်ခုနှင့် လက်ကိုင်ပုဝါကို ထည့်ထားလိုက်သည်။
အားလုံးကို ထုပ်ပိုးပြီးသွားသည်။ အဘွားစုန့်နှင့် ဝူချွန်းဟွားတို့က အတူတူထွက်သွားနှင့်ပြီးဖြစ်သည်။ သူသည် အလျင်မလိုဘဲ စားပွဲနားတွင်ထိုင်ကာ အင်္ဂလိပ်စာအုပ်ကို ဖတ်နေလိုက်သည်။
သည်နေ့ ရွှီရှောင်ကျောင်းသည် သူ အရင်က တခါမှမကြားခဲ့ဖူးသည့် သီချင်းတစ်ပုဒ်ကို ပြောင်းကာ တိုးတိုးလေး ညည်းနေလေသည်။ နားထောင်လို့ကောင်းသည်။ သူသည် စာအုပ်ကို လုံးဝအာရုံမစိုက်နိုင်ချေ။ သူက ရုပ်ရှင်ကြည့်ပြီးနောက်တွင် သူမကို ပိုပြီးသက်သောင့်သက်သာ ရှိစေမည့်နည်းလမ်းကို စဥ်းစားနေလေသည်။ သူမ ပြောတဲ့အတိုင်းဆိုရင် ဒါက သူတို့နှစ်ယောက်ကြားက ချိန်းတွေ့တာလေ။ သူက သူမကို ပျော်အောင် လုပ်ပေးသင့်တာပေါ့။
ရွှီရှောင်ကျောင်းက အလွန်ပျော်နေသည်။ သူသည် ရုပ်ရှင်အများကြီး ကြည့်ခဲ့ဖူးသော်လည်း သည်လိုကွင်းပြင်ကြီးထဲက ရုပ်ရှင်မျိုး ကြည့်ရသည်ကတော့ သူမအတွက် ပထမဆုံးအကြိမ်ပင်။ အလွန်မှ အသစ်အဆန်းဖြစ်လေသည်။
၉လပိုင်း ရွှေရောင်ဆောင်းဦးကာလတွင် ညခင်းလေပြေက တိုက်ခတ်လို့နေသည်။ လယ်ကွင်းက ဂျုံနံ့သင်းနေသည်။ အမည်မသိဆောင်းဦးပိုးမွှားများကလည်း တစ်ကောင်ပြီးတစ်ကောင် တေးဆိုလို့နေသည်။ လမ်းမကြီးပေါ်တွင် လျှောက်လာရသည်က အလွန်စိတ်ကူးယဥ်ဆန်လှသည်။
စပါးလှေ့ကွင်းက ပိုပြီးတော့ပင် စည်ကားနေလေသည်။ ထိုင်ခုံးများကို အတန်းလိုက် စီစီရီရီ စီစဥ်ထားသည်။ ရုပ်ရှင်က စတော့မည်ဖြစ်ပြီး ထိုင်ခုံအများစုက ပြည့်နေပြီဖြစ်သည်။ အားလုံးက အချိန်ဖြုန်းရန် စကားစမြည်ပြောနေကြသည်။ လေထုက နွေးထွေးပြီး ကြည်နူးဖွယ်ပင်။
စုန့်ဝေဖျင်က ရှေ့တွင်ရှိနေသည့် ရွှီရှောင်ကန်းနှင့်တခြားသူများကို တစ်ချက်ကြည့်ရုံနှင့် တွေ့လိုက်သည်။ သူက ရွှီရှောင်ကျောင်းကို တိုးမဝင်ဖို့ အချက်ပြလိုက်ပြီး
“ခဏစောင့်နော်၊ ရှောင်ကန်းက ငါတို့အတွက် ဘယ်မှာနေရာဦးထားပေးလဲလို့ သွားမေးလိုက်အုံးမယ်”
ရွှီရှောင်ကန်းကတော့ သူ့ဘေးက ကလေးများကို အစ်မဖြစ်သူက မနက်ဖြန် အလုပ်သမား လယ်သမားနှင့် စစ်သားကောလိပ်တွင် ဆရာမသွားလုပ်ရမည့်အကြောင်း ကြွားလုံးထုတ်နေတော့သည်။ အခုတော့ သူသည် တက်ကြွပြီး ချစ်စရာဖွယ်ဖြစ်လာကာ လျှာခလုတ်တိုက်သွားတော့သည်။ စကားနည်းနည်းပြောလိုက်သည်နှင့် သူ့အစ်မဖြစ်သူက မည်မျှတော်ကြောင်း ကြွားဝါပြီး ကလေးတော်တော်များများဆီက တအံ့တဩအော်သံကို နိုးဆွနေလေသည်။
စုန့်ဝေဖျင်က သူ့ကို မခေါ်ရသေးခင် ဝူချွန်းဟွားက စုန့်ဝေဖျင်ကို လက်ယမ်းပြလိုက်၏။ သူမက ကြင်ကြင်နာနာ ပြုံးပြလိုက်သည်။ သူမအိမ်က ကလေးမက စုန့်ဝေဖျင် သီးသန့်နေရာဦးထားတဲ့ အကြောင်းအရင်းကို မသိဘူးလေ။ သူမနဲ့ အဘွားစုန့်ကတော့ ချက်ချင်းနားလည်လိုက်တာပေါ့။
“ဝေဖျင် ရှောင်ကန်းကို မခေါ်နဲ့၊ သားတို့နေရာကို အမေသိတယ်”
သူမက တခြားဖက်ကို လက်ဆန့်ပြလိုက်ပြီး
“ဟိုနားမှာ၊ အဲမှာ လူငယ်အတွဲလေးတွေ နည်းနည်းပဲရှိတယ်၊ သားတို့နှစ်ယောက် အဲဘက်သွားပြီး စကားကောင်းကောင်း ပြောကြနော်”
သူမကတော့ သမီးဖြစ်သူ ဉာဏ်အလင်း မပွင့်မှာ စိုးရိမ်မိတယ်။ တော်ပါသေးရဲ့။ ဝေဖျင်က နွေးထွေးတတ်ပြီး ရှောင်ကျောင်းနဲ့ သီးသန့်ဘယ်လို အချိန်ကုန်ရမယ်ဆိုတာ သိနေလို့ပဲ။ အခုတော့ သူတို့နှစ်ယောက် ဘယ်လိုအခြေအနေဖြစ်သွားပြီလဲ မသိရသေးဘူး။ အချိန်ရမှာပဲ သမီးဖြစ်သူကို ထပ်မေးကြည့်ရမယ်။
“နားလည်ပါပြီ၊ ကျေးဇူးပါ အမေ”
စုန့်ဝေဖျင်သည် ဝူချွန်းဟွားက သူ့အတွေးများကို နားလည်မှန်း သိလိုက်လေသည်။ သူ့မျက်နှာက အချိန်ခဏအထိ ပူထူသွားတော့သည်။
ဝူချွန်းဟွားက ပြုံးကာ လက်ယမ်းပြလိုက်ပြီး
“သွားတော့၊ သွားတော့”
စုန့်ဝေဖျင်သည် ပေါ့ပါးသည့်ခြေလှမ်းများနှင့် ပြန်လျှောက်လာခဲ့လေသည်။
ရွှီရှောင်ကျောင်းက သူ ပြန်အလာကို စောင့်နေစဥ် တစ်စုံတစ်ယောက်က သူမကို ခေါ်လိုက်သည့် အသံကိုကြားလိုက်လေသည်။
“ရှောင်ကျောင်း ရှောင်ကျောင်း၊ ဒီလို မြန်မြန်လာ” ကျိုးဖင့်ရှန်းပင်။
ကျိုးဖင့်ရှန်းက သူမနှင့် သိပ်မဝေးလှသည်ကို တွေ့ရသဖြင့် ရွှီရှောင်ကျောင်းက မသွားလိုက်ဘဲ
“ငါ စုန့်ဝေဖျင်ကို စောင့်နေတာ”
ကျိုးဖင့်ရှန်းက သူမထက် အရင်ရောက်လာပြီး ပြုံးကာ သူမကို ခေါ်လိုက်လေသည်။
“ငါ သိပါတယ်၊ ရှောင်ကန်း နေရာဦးတုန်းက ငါ သူ့ကို တွေ့လိုက်တယ်၊ ဒီမှာပဲ၊ မြန်မြန်လာခဲ့”
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က လျှောက်လာပြီး သူမကို စောင့်ဖို့ လက်ပြနေသည်ကို တွေ့လိုက်လေသည်။
စုန့်ဝေဖျင်က ခြေလှမ်းအနည်းငယ်တွင် သူမဆီ ရောက်လာပြီး
“လာ၊ ရှောင်ကန်းဘက်မှာ လူတွေအရမ်းများတယ်၊ ငါတို့အတွက် တခြားနေရာဦးထားပေးတယ်၊ အဲဒီကို သွားရအောင်”
သူက ဦးဆောင်ပြီး နေရာဆီသို့ လျှောက်ရန် လှည့်သွားလိုက်လေသည်။ တစ်ချက်အကြည့်တွင် သူသည် ကျိုးဖင့်ရှန်းက ခေါင်းလောင်းပန်းလို ပြုံးဖြီးနေသည်ကို တွေ့လိုက်ရတော့သည်။
စုန့်ဝေဖျင် : ....
ရွှီရှောင်ကျောင်းမှာ စုန့်ဝေဖျင်က အခိုက်တန့် တွေဝေသွားသည့်အကြောင်းကို နားမလည်ချေ။ သူမက ဝမ်းသာအားရ သူ့ကို တို့လိုက်ပြီး
“ငါ သိတယ်၊ ဖင့်ရှန်းဘေးမှာတဲ့ ဟုတ်တယ်မလား၊ ဖင့်ရှန်းက ခုနက ငါ့ကို ခေါ်နေတယ်၊ အဲဘက်ကို မြန်မြန်သွားရအောင်”
နှစ်ယောက်သား နီးကပ်သွားသည်နှင့် ကျိုးဖင့်ရှန်းက ရွှီရှောင်ကျောင်း၏လက်ကို ချိတ်ကာ သူမနှင့် စကားပြောတော့သည်။
“ရှောင်ကျောင်း ဒီနေ့ နင် အရမ်းလှတာပဲ၊ တိုက်ဆိုင်လိုက်တာ၊ ငါ နေရာလာယူတော့ ရှောင်ကန်းက ခွေးခြေခုံလေးတွေလာချတာ တွေ့လိုက်တယ်လေ၊ ငါ မေးတော့ သူက နင့်အတွက် နေရာ ဦးပေးထားတာလို့ ပြောတယ်၊ ဒါနဲ့ ငါ့ထိုင်ကိုလည်း နင့်ဘေးမှာ ချထားလိုက်တာပေါ့ ဒါမှ ငါတို့တွေ စကားပြောလို့ရမှာလေ”
ရွှီရှောင်ကျောင်းက ဝမ်းသာသွားပြီး
“ကွက်တိပဲ၊ ငါတို့ စကားပြောကြမယ်လေ၊ စုန့်ဝေဖျင်က စားဖို့ဆိုပြီး အရသာရှိတဲ့မုန့်တွေ ယူလာတယ်၊ ရော့”
ထိုစကားကို ကြားလိုက်သည်တွင် စုန့်ဝေဖျင်ခင်မျာ ခြင်းတောင်းထဲက အဝတ်အိတ်ကို နှုတ်ဆိတ်ကာ ဖွင့်ပေးလိုက်ပြီး ကွာစေ့ကို လှမ်းပေးလိုက်ရတော့သည်။
ရွှီရှောင်ကျောင်းက လက်တစ်ဆုပ်စာ နှိုက်လိုက်ပြီး ကျိုးဖင့်ရှန်းကို လှမ်းပေးလိုက်၏။ သူမက မေးလိုက်လေသည်။
“နင်က တခြားပညာတတ်လူငယ်တွေနဲ့ အတူတူလာကြည့်လိမ့်မယ်လို့ ထင်နေတာ”
ကျိုးဖင့်ရှန်းက စုန့်ဝေဖျင်ကို အရင်ဆုံး ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက်တွင် သူမက ခွေးခြေခုံလေးကို ရွှီရှောင်ကျောင်းအနား ပိုကပ်လိုက်ပြီး
“ချန်းရွှယ် ဒီကို ပြောင်းလာပြီးကတည်း အဆောင်မှာ မကောင်းတဲ့လေတွေပဲ ပြည့်နေတာလေ၊ သူတို့တွေက ငါ့ကို မတွေ့ချင်ကြဘူး၊ ငါလည်း သူတို့နဲ့ စကားမပြောချင်ဘူး၊ သူတို့လာရင် ငြင်းခုန်နေကြတော့တာပဲ၊ သူတို့လာမယ်လို့ ဘယ်သူက သိမှာလဲ”
သူမသည် ရှက်ကြောက်တတ်သူဖြစ်သည်။ ရွှီရှောင်ကျောင်း၊ ဝမ်ကွေးယွဲ့တို့နှင့် အတူရှိလျှင် ပိုကောင်းသည်။ အခုတော့ ဝမ်ကွေးယွဲ့က လက်ထပ်ပြီး ပြောင်းရွှေ့သွားရာ သူတို့သည် အချင်းချင်း သိပ်မတွေ့ဖြစ်ကြတော့ချေ။ ထို့ကြောင့် သူမသည် ရွှီရှောင်ကျောင်းနှင့်သာ ပိုပြီး အဆင်ပြေပြေ ရှိလာတော့သည်။
သူမသည် ပညာတတ်လူငယ်များကြား အရှုပ်အရှင်းကိစ္စများကို မပြောချင်ပေ။ ရွှီရှောင်ကျောင်းနှင့် စကားပြောဖို့ စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။
နှစ်ယောက်သားက အပြန်အလှန် စကားပြောကြသည်။ သူတို့သည် စိတ်ဝင်စားစရာအကြောင်း ပြောကြလျှင် တခစ်ခစ်နှင့်အတူတူ ရယ်မောကြသည်။ သည်ထက်ပိုပျော်ရသည်က မရှိတော့ပေ။
စကား ပြောနေချိန်တွင် ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့၏ မျက်ခုံးများတွန့်ကာ သိမ်မွေ့သည့် လှုပ်ရှားမှုများနှင့် တောက်ပသည့်အပြုံးများကို မြင်လိုက်ချိန်တွင် စုန့်ဝေဖျင်သည် စိတ်ထဲတွင် ခပ်တိုးတိုး သက်ပြင်းချမိလေသည်။ ညည်းညူခြင်းမရှိဘဲ သူက သူမ၏စားပွဲထိုးလေးလို ပြုမူပေးလိုက်တော့သည်။
ရုပ်ရှင် စပြချိန်တွင် အားလုံးက ရုပ်ရှင်ကို အာရုံစိုက်ကာ ကြည့်ကြသည်။ စုန့်ဝေဖျင်က အာရုံတချို့ ရနေသည်။
သူက အခွံခွာထားပြီးသား ကွာစေ့ကို ရွှီရှောင်ကျောင်းဆီ လှမ်းပေးလိုက်ပြီး သူမကို မေးလိုက်သည်။
“အေးလား”
ရွှီရှောင်ကျောင်းက ကွာစေ့အားလုံးကို သူမ၏ပါးစပ်ထဲထည့်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် နည်းနည်းလောက် ဝါးကာ မျိုချလိုက်လေသည်။ သူမက လေသံဖြင့် ပြန်ဖြေလိုက်၏။
“ငါ့ခန္ဓာကိုယ်ကတော့ မအေးပါဘူး၊ ဒါပေမဲ့ လက်တွေကတော့ နည်းနည်းအေးတယ်”
စုန့်ဝေဖျင်က သူမ၏လက်ကို သဘာဝကျကျ ဆုပ်ထားပေးလိုက်ပြီး ပွတ်ပေးလိုက်ကာ
“နည်းနည်းအေးနေတယ်၊ ငါ မင်းကို နွေးအောင်လုပ်ပေးရမလား”
သူ့လက်ဖဝါးက ပူကျစ်နေသည်။ ရွှီရှောင်ကျောင်း၏လက်က သူ့လက်ပေါ်ရောက်သွားသည်နှင့် နေသာထိုင်သာ ရှိသွားလေသည်။ သူမသည် လက်များကို ပြန်ထုတ်ဖို့ အနည်းငယ်တွန့်ဆုတ်မိလေသည်။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြလိုက်ပြီး
“အင်း၊ ခဏလောက် နွေးအောင်လုပ်လိုက်မယ်”
သည်ရုပ်ရှင်က ရွှီရှောင်ကျောင်းကို ကိုယ်ရောစိတ်ပါ ပျော်ရွှင်စေလေသည်။ ရုပ်ရှင်၏ဇာတ်အိမ်က ခေတ်နောက်ကျနေပြီ ဖြစ်သော်လည်း သူတို့သည် ၁၉၇၀-၁၉၈၀ နှစ်များက ရုပ်ရှင်များကို မကြာခဏ ပြသတတ်ကြသည်။ ဘယ်ဖက်တွင် စုန့်ဝေဖျင်၏ အလေးထားတတ်သည့်ဝန်ဆောင်မှုရှိပြီး ညာဖက်တွင်တော့ အဖော်လုပ်ပေးသည့်ကျိုးဖင့်ရှန်း ရှိနေသည်။ သည်ထက်ပိုပြီး ပြည့်စုံနိုင်သည်က မရှိတော့ပေ။
ရုပ်ရှင်ပြီးသွားချိန်၌ ကျိုးဖင့်ရှန်းနှင့် ရွှီရှောင်ကျောင်းတို့က အတူတူပြန်ချင်ကြသည်။
ရွှီရှောင်ကျောင်းက သဘောတူတော့မည်ကို တွေ့လိုက်ရသည်တွင် စုန့်ဝေဖျင်က သူမကို ပြန်ဆွဲထားလိုက်ပြီး
“ပိုးစုန်းကြူးလေးတွေ မဖမ်းချင်ဘူးလား၊ ဒီနေ့ လသာတယ်၊ ပိုးစုန်းကြူးဖမ်းဖို့ ခေါ်သွားပေးမယ်လေ”
ရွှီရှောင်ကျောင်းက မျက်လုံးများ လင်းလက်သွားပြီး
“ကောင်းတယ်”
သူမက ကျိုးဖင့်ရှန်းကိုလည်း ဖိတ်လိုက်သေးသည်။
“ဖင့်ရှန်း နင်ရော ငါတို့နဲ့ ပိုးစုန်းကြူးဖမ်းချင်လား”
ကျိုးဖင့်ရှန်းသည် ဆုံးဖြတ်ချက် မချရသေးခင် သူမဆီ ပစ်ဝင်လာသည့် စုန့်ဝေဖျင်၏ အကြည့်ကို အာရုံခံမိသွားတော့သည်။ သူမသည် အမှတ်တမဲ့ ခေါင်းခါပြလိုက်ပြီး
“ငါ မသွားတော့ဘူး”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“ဪ အေးပါ၊ ဒါဆို ပြန်ပြီး ကောင်းကောင်းနားတော့နော်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲက လာတော့မယ်၊ အကောင်းဆုံးကြိုးစားနော်”
ကျိုးဖင့်ရှန်းက ငေးကြောင်ကြောင်ဖြင့် ပြန်လာခဲ့သည်။ သူမသည် အချိန်နှောင်းမှ သတိရမိတော့သည်။ ဒီနေ့ည ငါက တစ်ညလုံး မီးသီးတစ်လုံး ဖြစ်ခဲ့တဲ့ပုံပဲ။
ကျိုးဖင့်ရှန်း ထွက်သွားသည်ကို တွေ့လိုက်မှ စုန့်ဝေဖျင်မှာ ကျိတ်ပြီး သက်ပြင်းချမိတော့သည်။
“အဘွားနဲ့ တခြားသူတွေကို သွားပြောပြီး သူတို့ကို ခြင်းတောင်း ယူပြန်သွားခိုင်းလိုက်မယ်၊ ငါ့ကို စောင့်နေနော်”
သည်တစ်ကြိမ်တွင်တော့ သူသည် အချိန်တိုအတွင်း ပြန်ရောက်လာခဲ့သည်။ သူသည် ကြိုးတစ်ချောင်း ချည်ထားသည့် ဖန်ဘူးသေးသေးလေးတစ်ခုကို ယူလာခဲ့သည်။ ရွှီရှောင်ကျောင်းက ယူကြည့်လိုက်၏။ ဘူးအဖုံးပေါ်တွင် သံချောင်းဖြင့် အပေါက်သေးသေးလေးများကို လုပ်ထားလေသည်။
“ဝိုး စုန့်ဝေဖျင် နင် ဒါကို အရင်ကတည်း ပြင်ဆင်ထားတာလား”
စုန့်ဝေဖျင်က ‘အင်း’သံတစ်ခုဖြင့် အတည်ပြုပေးလိုက်၏။ သူက သူမကို စပါးလှေ့ကွင်း၏ တခြားဖက်ဆီသို့ ခေါ်လာခဲ့လေသည်။ တဖြည်းဖြည်းနှင့် သူတို့သည် ရွာသို့ပြန်နေကြသည့် လူအုပ်ကြီးနှင့် ဝေးလာခဲ့သည်။
“ဟိုဖက်ကို သွားမယ်၊ အဲဘက်မှာ ကောက်ရိုးပုံတွေအများကြီးရှိတယ်၊ ငါ မင်းအတွက် ပိုးစုန်းကြူးတွေဖမ်းပြီး ပုလင်းထဲထည့်ပေးမယ်နော်”
“ဟုတ်”
ရွှီရှောင်ကျောင်းက နာနာခံခံဖြင့် သူ့နောက်က လိုက်လာလေသည်။
“ဒါပေမဲ့လေ ငါက မနက်ဖြန် သွားရမှာ၊ ပြောကြည့်၊ အိမ်မှာအကြာကြီးထားခဲ့ရင် သူတို့တွေ သေသွားမလား”
လေပြေလေးက သူမ၏ရနံ့ကို သယ်သွားလေသည်။ တဖြည်းဖြည်းနှင့် သူတို့၏ခြေသံများကိုသာ ကြားရတော့သည်။ တကျည်ကျည်မြည်နေသည့် ဆောင်းဦးပိုးမွှားများ၏ အသံနှင့်အတူ စုန့်ဝေဖျင်က နူးညံ့သည့်အသံတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“မင်းပြန်လာရင် ထပ်ဖမ်းပေးမယ်လေ”
ရွှီရှောင်ကျောင်းက သူ့ကို အားတက်သရော ချီးကျူးတော့သည်။
“စုန့်ဝေဖျင် နင်က အရမ်းကောင်းတာပဲ”
ရွာတွင် ကြီးပြင်းကြသည့် ကလေးအများစုက အရင်က ပိုးစုန်းကြူးများကို ဖမ်းခဲ့ကြသည်။
စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းအတွက် ပိုးစုန်းကြူး ဖမ်းပေးမည်ဟု ပြောသဖြင့် သူက သူမကို အရူးလုပ်လိမ့်မည် မဟုတ်ချေ။ သူသည် လက်အပြည့်မြက်ပင်များကို ခေါက်လိုက်ပြီး စုကာ ကိုင်ထားလိုက်သည်။ လျင်မြန်သည့် လက်နှင့်မျက်လုံးတို့၏ ပေါင်းစပ်မှုဖြင့် သူက ပျံသန်းနေသည့် ပိုးစုန်းကြူးများကို ပုတ်လိုက်လေသည်။ ပိုးစုန်းကြူးများက မြေကြီးပေါ်သို့ ကျသွားသည်။
ရွှီရှောင်ကျောင်းက တက်ကြွသွားပြီး
“ဝိုး နင် ဖမ်းမိသွားပြီ”
စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။
“စုန့်ဝေဖျင် ငါလည်း ပိုးစုန်းကြူးတွေ ဖမ်းချင်တယ်”
စုန့်ဝေဖျင်က သူ့လက်ထဲက မြက်ပင်ကို သူမဆီ လှမ်းပေးလိုက်ပြီး သူကိုယ်တိုင်အတွက် နောက်တစ်ခု ထပ်ခေါက်လိုက်သည်။ သူက သူမကို သင်ပေးလိုက်လေသည်။
“မင်းလက်ကို အသာအယာလုပ်နော်၊ အရမ်းအားပြင်းသွားရင် ပိုးစုန်းကြူးတွေ နာသွားလိမ့်မယ်၊ အရမ်းမြင့်တဲ့အကောင်တွေကို မရိုက်နဲ့၊ အနိမ့်မှာ ပျံနေတဲ့အကောင်ကိုပဲ ရိုက်၊ ကျလာရင် သတိထားနော်”
ရွှီရှောင်ကျောင်းက ‘အင်း’တစ်လုံးနှင့် အကြိမ်ကြိမ် ပြန်ဖြေလိုက်သည်။ စိတ်လှုပ်ရှားမှုအပြည့်နှင့် သူမ၏ရွှင်မြူးနေသံက မကြာခဏဆိုသလို မြင့်တက်လာခဲ့သည်။
ပိုးစုန်းကြူးများကို ဖမ်းဖို့ရန်က မခက်ခဲချေ။ သူတို့နှစ်ယောက်က အပေးအယူမျှမျှ လုပ်ခဲ့ကြသည်။ မကြာမီတွင် ပုလင်းထဲတွင် ပိုးစုန်းကြူး ၁၂ကောင်ခန့် ရလာခဲ့သည်။ ပုလင်းထဲတွင် စုထည့်လိုက်သောအခါ မီးအိမ်ငယ်လေးတစ်ခုနှင့် တူသွားလေသည်။
စုန့်ဝဖျင်သည် ရွှီရှောင်ကျောင်းက ပြေးလွှားနေရသဖြင့် မောဟိုက်သံကို ကြားလိုက်ရာ သူက ရပ်လိုက်ပြီး
“မောနေပြီလား၊ ဟိုဘက်မှာ သွားနားရအောင်”
ရွှီရှောင်ကျောင်းက ပုလင်းကို ကိုင်ထားလိုက်ပြီး စုန့်ဝေဖျင်၏ လှုပ်ရှားမှုအတိုင်း လိုက်သွားလေသည်။ သူမက ကောက်ရိုးပုံကို မှီကာထိုင်ချလိုက်သည်။ ထင်မထားပဲ ပျော့အိနေကာ သက်သောင့်သက်သာ ရှိလေသည်။
စုန့်ဝေဖျင် ပြောသကဲ့သို့ပင် သည်နေ့ညမှ လ ကအလွန်သာနေသည်။ ကြယ်များစွာလည်း ရှိနေသည်။ သူတို့သည် ပတ်ပြေးထားသည့်အတွင် လယ်ကွင်းထဲက မြက်ခင်းထဲတွင် လဲလျောင်းနေကြသည့် ပိုးစုန်းကြူးအားလုံးသည် ပျံတက်လာပြီး လရောင်အောင်တွင် ကခုန်နေကြတော့သည်။
“စုန့်ဝေဖျင် အရမ်းလှတာပဲ”
ရွှီရှောင်ကျောင်းက ကောင်ရိုးပုံကို မှီလိုက်ပြီး သူမရှေ့က မြင်ကွင်းကို ကြည့်နေမိသည်။
“သဘောကျရဲ့လား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး
“အင်း သဘောကျတယ်”
သူ့ခန္ဓာကိုယ်ကို ထောက်ထားသည့် စုန့်ဝေဖျင်၏လက်က သူမနှင့် အလွန်နီးကပ်နေလေသည်။ ထိုစကားကို ကြားလိုက်ချိန်တွင် သူသည် သူ့လက်ဖဝါးအောက်က ကောက်ရိုးကို ဆုပ်ထားလိုက်ကာ
“နောက်ဆိုရင် ငါ မင်းကို ဒီနေရာ ခဏခဏ ခေါ်လာပေးမယ်နော်”
ရွှီရှောင်ကျောင်းက သိချင်စိတ်ဖြစ်သွားပြီး
“နင် ငယ်ငယ်တုန်းက ဒီနေရာမှာ ခဏခဏ လာကစားခဲ့တာလား”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး
“ဒီမှာက ကောက်ရိုးနဲ့ ဂျုံရိုးတွေ အထုံးတွေ အများကြီးရှိတယ်လေ၊ အများစုက လွတ်နေပြီး အပေါက်ကြီးတွေဖြစ်နေတာ၊ ကလေးတွေအများကြီးက ဒီနေရာကို လာပြီး တူတူပုန်းတမ်း ကစားရတာကို ကြိုက်ကြတယ်”
ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် အလွန်စိတ်ဝင်စားသွားပြီး
“ငါတို့ မှီထားတဲ့တစ်ခုမှာရော အပေါက်ပါလား”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး သူ၏တခြားဖက်ကို ကြည့်လိုက်ကာ
“ဟိုမှာ တစ်ခုရှိတယ်”
“ကြီးလား” ရွှီရှောင်ကျောင်းက အထဲကိုဝင်ပြီး အတွေ့အကြုံရချင်လေသည်။
စုန့်ဝေဖျင်က အထဲတွင် တစ်ခုခု ရှိနေမှာစိုးသည်။ ထို့ကြောင့် သူက ပိုးစုန်းကြူးပုလင်းကို ယူကာ ဝင်သွားလိုက်သည်။ သူက ပုလင်းဖြင့် ဘေးဘီကို ဝေ့ကြည့်လိုက်၏။ သူတို့မှီထားသည့် ကောက်ရိုးပုံက ကြီးလေသည်။ အထဲတွင် နေရာတော်တော်ကျယ်သည်။ သူက် အထဲမှ ပြန်လှည့်ကြည့်လိုက်ပြီး
“ငါ ထွက်လာမယ်၊ ဝင်လာကြည့်လိုက်”
ရွှီရှောင်ကျောင်းက မစောင့်နိုင်တော့ဘဲ သူ့ကို လောဆော်လိုက်၏။
“မြန်မြန်လုပ်”
စုန့်ဝေဖျင်က သူ့ခေါင်းကို ထုတ်လိုက်သည်နှင့် ရွှီရှောင်ကျောင်းသည် အဝေးကခြေလှမ်းများက နီးလာသည်ကို ကြားလိုက်ရတော့သည်။
ထို့နောက်တွင် အသံချိုချိုလေးတစ်ခု ထွက်လလေသည်။
“အို ရှင် ဘာလို့ ကျွန်မကို ဒီအထိ ခေါ်လာတာလဲ၊ အိမ်ကို ဖြည်းဖြည်းချင်း လျှောက်ပြန်ရင် စကားပြောကြရအောင်ပါ၊ ကျွန်မ အိမ်ပြန်အရမ်းနောက်ကျနေရင် အဖေနဲ့ အမေ စိတ်ပူနေလိမ့်မယ်”
ထိုနောက်တွင် ယောက်ျားသံတစ်ခု ထွက်လာလေသည်။
“စကားပြောတာက ဘာပျော်စရာရှိလို့လဲ၊ ဒီကိုလာပါ၊ ကိုယ် မင်းကို ပျော်စရာနည်းနည်းပါးပါး ပြမယ်”
“အခုမှ လက်ထပ်ပြီးစကို ရှင်က ကျွန်မကို အနိုင်ကျင့်နေပြီ”
“အလိုက်တဲ့မိန်းမရယ် ကိုယ်က မင်းကို အနိုင်ကျင့်ပါ့မလား၊ ကိုယ့်မှာ မင်းကို ချစ်လို့မဝတာကို”
ခြေလှမ်းများ နီးကပ်လာသည်နှင့်အမျှ လူနှစ်ယောက်၏အသံက ပိုရှင်းလင်းလာလေသည်။
ရွှီရှောင်ကျောင်းသည် ရုပ်ပုံနှစ်ခုကို ခပ်ရေးရေး မြင်နေရသည်။ အလွန်မှ ချွဲ့နွဲ့လွန်းလှသည်။
အမလေး။ ရှက်ဖို့ကောင်းလိုက်တာ။
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ကောက်ရိုးပုံထဲ တွန်းထည့်လိုက်ပြီး သူမလည်း ချော်ကာ ပါသွားလေသည်။
သူမက စုန့်ဝေဖျင်၏နားထဲသို့ တီးတိုးပြောလိုက်လေသည်။
“ရှူး၊ စကားမပြောနဲ့”
…