Ch 67
Viewers 12k

အခန်း (၆၇) - ချိုချိုချဉ်ချဉ် ခံစားချက်လေး

 

ကျီကျောက်သည် သိချင်စိတ်ပြင်းပြစွာ မျက်တောင်ခတ်လိုက်သည်။

 

ကျီကျောက်သည် ခြံဝင်းထဲ လမ်းလျှောက်ဝင်သွားသောအခါ လူအုပ်ထဲတွင် ရှန်းယောင်ကို ချက်ချင်း သတိပြုမိလိုက်သည်။

 

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရှန်းယောင်သည် ရွာသားအသီးသီးမှ ပေးပို့လာသော ခရုများကို တိတ်တဆိတ် မှတ်တမ်းတင်နေခဲ့ပါသည်။

 

ပူနွေးသော နေရောင်ခြည်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပြီး သူ့အသွင်ကို ပို၍နူးညံ့သွားစေသည်။

 

သူသည် ကျီကျောက်၏ အကြည့်တွေကို သတိပြုမိသွားပုံရသည်။ သူသည် ထိုအခိုက်အတန့်တွင် ခေါင်းမော့ကြည့်လိုက်ပြီး ကျီကျောက်၏ စွဲလမ်းနေသော အကြည့်တွေကို အတိအကျ ဖမ်းမိလိုက်သည်။

 

ရှန်းယောင်က သူမကို မသိစိတ်က ပြုံးပြမိလိုက်သည်။

 

ဒီအချိန်မှာ ကျီကျောက်သည် သူမ၏ နှလုံးခုန်နှုန်းရပ်တန့်သွားသလို ခံစားလိုက်ရသည်။

 

“တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် မင်းရဲ့ နှလုံးခုန်သံ မရပ်မနား အခုန်မြန်နေသလို ခံစားရလိမ့်မယ်။ မင်း သူ့အာရုံကို ဆွဲဆောင်ချင်ရုံသာမက တစ်ချိန်တည်းမှာပင် သူ့ကို အနှောင့်အယှက်ပေးမိသလို ဖြစ်မှာကို စိုးရိမ်ပူပန်မိတယ်။ ထိုရှုပ်ထွေးတဲ့ ခံစားချက်တွေက ထန်ဟုလူသစ်သီးသကြားလုံးပေါ်မှာ ဖုံးအုပ်ထားတဲ့ ပျားရည်လေးကဲ့သို့ ချိုချိုချဉ်ချဉ် ခံစားချက်မျိုးပင်။”

 

ဒီအချိန်မှာ ဒီစကားလုံးဟာ ကျီကျောက်ရဲ့ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

 

ဒီစာကြောင်းက ဘယ်ကနေ ကောက်နုတ်ထားတယ်ဆိုတာကို သူမ မမှတ်မိပေမယ့် သူမရဲ့ နှလုံးခုန်သံက မရပ်မနား လှုပ်ရှားနေတာကို ခံစားမိသည်။

 

သူမ ရှန်းယောင်ကို တကယ်ချစ်မိသွားတာ ဖြစ်နိုင်လား။

 

ဟင့်အင်း၊ အဲ့တာ မဖြစ်နိုင်ဘူး။

 

သူမသည် သူ့အပြုံးက အလွန်ကြင်နာတယ်၊ နူးညံ့တယ်၊ ကြည့်ကောင်းတယ်လို့ပဲ ရိုးရိုးရှင်းရှင်း ခံစားမိရုံလေးပါပဲ။ ဒါအကုန်ပဲ။

 

ကျီကျောက်သည် သူမ၏ လက်ဖဝါးကို အပြင်းအထန် လိမ်ဆွဲလိုက်သည်။ သူမ၏ လက်ဖဝါးမှ နာကျင်မှုဒဏ်ကြောင့် သူမ နောက်ဆုံးတွင် နိုးထလာခဲ့သည်။

 

သို့သော် ထိုအချိန်တွင် သူမသည် ရှန်းယောင်၏ ရှေ့သို့ မရည်ရွယ်ဘဲ လျှောက်သွားမိခဲ့သည်။

 

“ပင်မအခန်းမှာ ဒုတိယမရီး လုပ်ထားတဲ့ တို့ဟူးပူတင်းချိုချိုလေးတွေ ရှိတယ်။ မင်း မြည်းစမ်းကြည့်ချင်လား” ရှန်းယောင်က သူမ၏ မျက်ဝန်းတွေကို ညင်သာစွာ ကြည့်ကာ တိုးတိုးလေး မေးသည်။

 

“ကောင်းပြီ… ကျွန်မ သွားစားလိုက်ဦးမယ်။”

 

ကျီကျောက်က ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး ကြောက်လန့်နေတဲ့ ယုန်လေးတစ်ကောင်လို အလျင်စလို ထွက်ပြေးသွားခဲ့သည်။

 

ထိုအချိန်တွင် ရှန်းယောင်၏ မျက်ဝန်းထဲရှိ အပြုံးဟာ နက်ရှိုင်းလာခဲ့သည်။

 

မွန်းတည့်ခါနီးတွင် ရှန်းယောင်သည် နောက်ဆုံးတော့ ခရုအားလုံးကို အလေးချိန်ကို ရေတွက်ခဲ့ပြီးပြီဖြစ်သည်။

 

“ကိုယ်တို့ ခရု စုစုပေါင်း ရှစ်ဆယ်ကတ်တီ စုဆောင်းခဲ့ပြီးပြီ။ တစ်ကတ်တီကို ကြေးပြား ငါးပြားနဲ့ ဝယ်ယူခဲ့တာဆိုတော့ စုစုပေါင်း ကြေးပြား လေးရာ ဖြစ်သွားတယ်။ ကုန်ကျစရိတ်နုတ်ယူပြီးရင် ကိုယ်တို့ ဒီကနေ ကြေးပြား သုံးရာရှစ်ဆယ်လောက် အသားတင် ရရှိလိမ့်မယ်” ရှန်းယောင်သည် သူ တွက်ချက်ပြီးသော စာရင်းကို ကျီကျောက်ထံ လွှဲပေးလိုက်သည်၊ “ဒါဆို ကျွန်မတို့ ရှန်းဟယ်ရွာမှာရှိတဲ့ မြစ်ထဲက ခရုတော်တော်များများကို ကောက်ယူပြီးပြီပဲ။”

 

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ နေ့လည်စာစားပြီးရင် စန်းလန် အာ့ထောင်နဲ့အတူ ခရိုင်မြို့ကို လိုက်သွားချေ” ကျောက်လန်ဟွာက ချက်ချင်း ဆုံးဖြတ်ချက် ချပေးလိုက်သည် “ဒီနေ့လည်ခင်း ငါကတော့ ချန်ချန်ရဲ့ အဝတ်အစားတွေကို ချုပ်ပေးလိုက်ဦးမယ်။”

 

“ကျေးဇူးပါ အမေ” ကျီကျောက်က ယောက္ခမဖြစ်သူကို အရမ်းကျေးဇူးတင်ပြီး သူမကို ထပ်ခါတလဲလဲ ကျေးဇူးတင်ကြောင်း ပြောနေခဲ့သည်။

 

“အရူးမလေး ငါ့ကို ကျေးဇူးတင်စကားဆိုနေတာ ဘာကိုဆိုလိုတာလဲ” ကျောက်လန်ဟွာက သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် စန်းလန်လည်း စာအုပ်ဆိုင်ကို သွားစရာ ရှိတယ်မလား။ နင်တို့ အတူတူသွားရင် ပိုမကောင်းဘူးလား။”

 

ကျီကျောက်က ရှန်းယောင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ အဆုံး၌ ရှန်းယောင်ရဲ့ ခြေထောက်တွေက အဆင်ပြေချောမွေ့ခြင်း မရှိပေ။ “အမေ၊ တကယ်တော့ ကျွန်မတစ်ယောက်တည်း…”

 

“အမေပြောတာကို နားထောင်လိုက်” ရှန်းယောင်က ဝက်နံရိုးတစ်ပိုင်းကို ကောက်ယူပြီး သူမရှေ့ရှိ ပန်းကန်ထဲသို့ ထည့်ပေးကာ သူမ၏ စကားကို ကြားဖြတ်လိုက်သည် “ဝက်နံရိုးဟင်းက အမေရဲ့ အထူးဟင်းလျာတွေထဲက တစ်ခုပဲ။ ပူတုန်းလေး စားကြည့်လိုက်။”

 

“… ကောင်းပါပြီ”

 

ကျီကျောက်သည် သူမ၏ စကားလုံးများကို မျိုချရုံမှလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ဘူး။ ထို့နောက် သူမသည် ခေါင်းငုံ့ပြီး ဝက်နံရိုးကို စားနေသည့် နေရာမှာသာ အာရုံစိုက်ထားခဲ့သည်။

 

ကံမကောင်းစွာပဲ ကောင်းကင်ဘုံကတော့ သူတို့အပေါ် မကြင်နာခဲ့ပေ။

 

ရှန်းယောင်နှင့် ကျီကျောင်တို့ ခရိုင်မြို့သို့ ထွက်ခွာလာသောအခါ ကောင်းကင်တွင် ရုတ်တရက် လျှပ်စီးတစ်ပြတ် လင်းလက်လာခဲ့သည်။

 

မူလက တိမ်ကင်းစင်နေသော ကောင်းကင်ကြီးသည် ရုတ်တရက် တိမ်မည်းများ ဖုံးလွှမ်းသွားခဲ့ကာ တင်းယွမ်ခရိုင် တစ်ခုလုံးကို မည်းမှောင်သွားစေသည်။

 

ရှန်းယောင်က ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်သည်။ သူသည် ကျီကျောက်၏ လက်ကို ဆွဲကာ ရှန်းကျီအစာသွပ်မုန့်ဆိုင်သို့ ပြေးသွားခဲ့သည်။

 

သူတို့နှစ်ယောက်သား အစာသွပ်မုန့်ဆိုင်ထဲကို ဝင်လိုက်သည်နှင့် ကောင်းကင်မှ မိုးရေစက်များ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။

 

သည်းထန်စွာ ရွာသွန်းသော မိုးရေစက်များသည် တံစက်မြိတ်ကို စူးစူးဝါးဝါး ရိုက်ခတ်ကာ အသံများ ထွက်ပေါ်နေသည်။

 

“တတိယညီလေး၊ တတိယခယ်မလေး မင်းတို့ ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ။ မိုးရော မိသွားလား။”