အခန်း (၇၂) – ကိုယ် အမှန်တိုင်း
ပြောနေတာပါ
“ဒါ… ဒါ… လက်ထောက်ဆိုင်ရှင်ယို့
ကျွန်မ ဒီငွေတွေကို လက်မခံနိုင်ဘူး” ကျီကျောက်က လက်ခါပြီး ငြင်းပယ်လိုက်သည်၊
“ပါဝင်ပစ္စည်းတွေကို ဧည့်သည်ကိုယ်တိုင် ယူလာတယ်ဆိုတာကို ထည့်မပြောနဲ့ဦး၊ နောက်ပြီး
ကျွန်မက ရှင့်ကို ကူညီပြီး ဒီဟင်းပွဲကို ချက်ပြုတ်ပေးရုံပါပဲ။ ကျွန်မ ဒီဆုလာဘ်နဲ့
မထိုက်တန်ပါဘူး။”
“အာ့ထောင် မင်းသာ ငါ့ကို
မကူညီဘူးဆိုရင် ငါတို့ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ နာမည်ဂုဏ်သတင်း
ပျက်စီးသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပြီး မင်း ဒီငွေကို လက်ခံရမယ်”
လက်ထောက်ဆိုင်ရှင်ယို့က မဆိုင်းမတွ ကျီကျောက်၏ လက်ထဲ ထိုငွေကြေးအား
ထည့်ပေးလိုက်သည်၊ “ဒါနဲ့ စကားမစပ် အပြင်မထွက်ရအချိန်ကို ကျော်လွန်သွားပြီဆိုတော့
ငါ မင်းတို့လင်မယားအတွက် ဒုတိယအထပ်မှာ ဧည့်သည်ခန်းတစ်ခုကို အထူးပြင်ဆင်ပေးထားတယ်။
တကယ်လို့ မင်းပင်ပန်းနေပြီဆိုရင် အခု ဘာဖြစ်လို့ သွားပြီး အနားမယူတာလဲ။”
“ကျေးဇူးပါ လက်ထောက်ဆိုင်ရှင်ယို့”
“ရပါတယ်။”
လက်ထောက်ဆိုင်ရှင်ယို့သည်
သူတို့နှစ်ဦး စားသောက်ဆိုင်၏ ဒုတိယထပ်ရှိ အခန်းနံပါတ် တစ် သို့ ကိုယ်တိုင်ကိုယ်ကျ
ခေါ်ဆောင်သွားခဲ့သည်။
ဧည့်သည်အခန်းတံခါးကို
တွန်းဖွင့်လိုက်တာနဲ့ သူမ၏ နှာခေါင်းထဲသို့ နံ့သာဖြူရနံ့က တိုးဝင်လာခဲ့သည်။
ထင်းရှူး၊ ဝါးနှင့်
ဇီးပန်းပွင့်တို့ကို သရုပ်ဖော်ရေးဆွဲထားသည့် နံရံပန်းချီကားကို ဖြတ်သွားပြီးနောက်
မြင်ကွင်းထဲ အစိမ်းရင့်ရောင် ခန်းစီးရှည်များ ပါဝင်သော ကျယ်ဝန်းသည့်
အိပ်ရာတစ်ခုကို မြင်ရသည်။ ပြတင်းပေါက်ဘေးတွင် တစ်မီတာခွဲခန့်ရှည်သော ကုတင်တစ်လုံး
ရှိသည်။ ညာဖက်ခြမ်းတွင် စားပွဲနှင့် ကုလားထိုင်များရှိကာ စားပွဲပေါ်တွင်
စာရေးစုတ်တံ၊ မှင်၊ စာရွက်နှင့် မှင်တုံးများကို ခင်းကျင်းထားသည်။
“ဒီအခန်းက ဒီလောက်ကျယ်မယ်လို့
မထင်ထားဘူး” တစ်ခန်းလုံးကို စေ့စေ့စပ်စပ် လေ့လာပြီးနောက် ကျီကျောက်သည် ထိုသို့
မပြောဘဲ မနေနိုင်ပေ၊ “ရှန်းယောင် ကျွန်မတို့ကို နောက်ထပ် စောင်တစ်ထည်လောက်
ပို့ပေးဖို့ စားပွဲထိုးကို ပြောလိုက်ရမလား။”
ယခုအချိန်မှာ နွေလယ်ခေါင်
ဖြစ်သော်လည်း ညဘက်တွင် အနည်းငယ် အေးနေဆဲဖြစ်သည်။
“မလိုပါဘူး” ရှန်းယောင် အသာအယာ
ခေါင်းခါလိုက်သည်။
“ဒါပေမယ့်”
“ဒီလို ထူးဆန်းတဲ့
ပါဝင်ပစ္စည်းတွေကို မင်း ဘယ်လိုသိတာလဲ” ရှန်းယောင်က ရုတ်တရက် သူမ၏ စကားကို
ကြားဖြတ်ကာ သူမကို သိချင်စိတ် ပြင်းပြစွာ ကြည့်လိုက်သည်။
“ဒါက… ကျွန်မ အရင်က မြင်ဖူးလို့
သိနေတာပါ” ကျီကျောက်က အပြုံးတွေကို မထိန်းနိုင်တော့ပေ။ ထို့နောက် သူမသည်
တစ်စုံတစ်ခုကို သတိရသွားပုံရပြီး စိုးရိမ်တကြီး မေးလိုက်သည်၊ “ဒီနေ့ ကျွန်မတို့
အိမ်မပြန်ဖြစ်တော့ အမေတို့ စိတ်ပူနေလောက်လား။”
“အစ်ကိုကြီးက အိမ်ပြန်သွားတယ်။ သူ
ကိုယ်တို့အတွက် ရှင်းပြပေးလိမ့်မယ်။” ရှန်းယောင်က ညင်းသွဲ့သွဲ့ ရယ်လိုက်သည်၊
“စိတ်မပူပါနဲ့။ မင်း ဒီနေ့ တစ်နေ့လုံး အလုပ်များနေရတာမလား။ မင်း ပင်ပန်းနေပြီလား။”
“အဆင်ပြေပါတယ်” ကျီကျောက်က
ပြုံးလိုက်သည်၊ “ကျွန်မက ဟင်းချက်ရတာ ကြိုက်တယ်၊ ဒါကြောင့် ပင်ပန်းတယ်လို့
မခံစားရပါဘူး။”
“မင်းရဲ့ ဟင်းချက်လက်ရာက တကယ့်ကို
အရသာရှိတယ်”ရှန်းယောင်က စိတ်ပါလက်ပါ ချီးကျူးလိုက်သည်၊ “တူညီတဲ့
ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီးတော့ ချက်ပြုတ်ထားတယ်ဆိုရင်တောင် မင်းရဲ့
ဟင်းချက်လက်ရာက တခြားသူတွေထက် ပိုကောင်းတယ်။ မင်းက အရမ်းအထင်ကြီးဖို့ကောင်းတယ်။”
ကျီကျောက်သည် ရှန်းယောင်၏
ချီးမွမ်းမှုကြောင့် ရှက်သွေးဖြာသွားသည်။ သူမသည် ရှက်ရွံ့စွာဖြင့် သူမဆံပင်ကို
နားရွက်အနောက်သို့ သပ်တင်လိုက်သည်၊ “တကယ်တော့ အဲ့လောက် အထင်ကြီးဖို့ မကောင်းပါဘူး။
ရှင် ကျွန်မကို မချီးမွမ်းပါနဲ့တော့။ ရှင် ကျွန်မကို ဆက်ချီးမွမ်းနေမယ်ဆို ကျွန်မတော့
ပျော်မဆုံးမော်မဆုံး ဖြစ်နေတော့မှာပဲ။”
“ကိုယ်က အမှန်တိုင်း ပြောနေတာပါ”
ရှန်းယောင်က ရိုးရိုးသားသား ပြောသည်။
သူတို့နှစ်ယောက်သား တစ်ယောက်ကို
တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး လေထုသည် အလွန်လိုက်ဖက်ညီလှသည်။
နာရီဝက်အကြာတွင်
ခြေထောက်ရေစိမ်နေသော ကျီကျောက်သည် ပင်ပန်းနွမ်းနယ်စွာ သမ်းဝေလာခဲ့သည်။
“ကောင်းသောညပါ” သူမသည်
ရှန်းယောင်အား ပြုံးပြလိုက်ပြီး အိပ်ယာပေါ် လဲလျောင်းလိုက်သည်။
သူမသည် စောင်ပါးလေးကို သူမကိုယ်ကို လွှမ်းခြုံပြီး မကြာခင် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျသွားခဲ့သည်။
ကျီကျောက်သည် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျသွားသောအခါ သူမ၏ အသွင်မှာ ပို၍ နူးညံ့ပျော့ပျောင်းလာခဲ့သည်။
စားပွဲရှေ့တွင် ရပ်နေသော
ရှန်းယောင်သည် ဗြောင်စက္ကူဖြူတစ်ရွ်ကို တိတ်တဆိတ် ထုတ်ယူကာ စာရေးစုတ်တံကို
ဆွဲကိုင်ပြီး လေးလေးနက်နက် ပန်းချီဆွဲလိုက်သည်။
သိပ်မကြာခင်မှာပဲ အိပ်မောကျနေတဲ့
မိန်းမလှလေးတစ်ဦး၏ ပုံရိပ်ဟာ စက္ကူဖြူပေါ်မှာ ပေါ်လာခဲ့သည်။ ထိုပန်းချီကားထဲမှ
ပုံရိပ်ဟာ ကျီကျောက်၏ ဘေးဖက် ပုံရိပ်လေးနှင့် အလွန်တူညီသည်။
ရှန်းယောင်သည် သူ့ပန်းချီကားကို
တစ်ချက်ကြည့်ပြီးနောက် မနီးမဝေးမှာ အိပ်မောကျနေတဲ့ ကျီကျောက်ကို လှမ်းကြည့်ပြီး
သူ့နှုတ်ခမ်းပါးတွေက မသိစိတ်က ကွေးညွှတ်သွားခဲ့သည်။
ညဟာ တိတ်ဆိတ်ပြီး လှပသည်။
နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျနေသော ကျီကျောက်သည် ရုတ်တရက် ချောင်းဆိုးသံ ကျယ်ကျယ်ကို ကြားလိုက်ရသည်။ သူမ
မျက်ဝန်းတွေကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ ညောင်စောင်းပေါ်တွင်
အိပ်ပျော်နေသော ရှန်းယောင်ကို အမှတ်မထင် တွေ့လိုက်ရသည်။