အခန်း (၇၄) – ကိုယ် မင်းနဲ့ သူငယ်ချင်းသက်သက်
မဖြစ်ချင်ဘူး
ထိုအချိန်တွင် ကျီကျောက်သည် သူမ၏
လက်နှစ်ဖက်ပေါ် ခေါင်းလေးမှေးတင်ထားကာ သူမ၏ ချယ်ရီရောင် နှုတ်ခမ်းပါးလေးများသည်
အနည်းငယ် ပွင့်ဟနေပြီး အလွန်ချစ်စရာကောင်းလှသည်။
ရှန်းယောင်သည် မသိစိတ်က သူမ
အနားသို့ တဖြည်းဖြည်း နီးကပ်လာချင်ခဲ့သည်…
သူ့နှုတ်ခမ်းတွေက ချယ်ရီရောင်
နှုတ်ခမ်းပါးလေးတွေနဲ့ တစ်လက်မလောက်ပဲ ဝေးကွာတဲ့ အချိန်မှာပဲ ကျီကျောက်၏ ခေါင်းသည်
ရုတ်တရက်ဆိုသလို တစ်ဖက်သို့ လှည့်သွားခဲ့သည်။
ရှန်းယောင်၏ မျက်လုံးထဲတွင်
စိတ်ပျက်စရာ အရိပ်အမြွတ်တစ်ခု ထင်ဟပ်သွားခဲ့သည်။
အခုပဲ သူက
ဒီချယ်ရီရောင်နှုတ်ခမ်းပါးလေးကို မြည်းစမ်းကြည့်နိုင်ဖို့ အတော်လေး နီးကပ်နေပြီလေ။
“ရှင် နိုးပြီလား” အိပ်ပျော်နေသော
ကျီကျောက်သည် ထူးဆန်းသော လှုပ်ရှားမှုကို ခံစားလိုက်ရပြီး တဖြည်းဖြည်း
အိပ်ရာနိုးထလာကာ သူမ၏ လက်မောင်းပေါ်မှ ခေါင်းကို ပျင်းရိစွာ မတ်လိုက်သည်။
“အင်း” ရှန်းယောင်းက
အသာခေါင်းညိတ်ပြီး စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်၊ “ကိုယ်တို့ အခု ဘယ်မှာလဲ။”
“ဆေးကုသဆောင်မှာလေ” ကျီကျောက်သည်
ခဏတာမျှ စဉ်းစားပြီး ရှန်းယောင်၏ အရှေ့သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည် -
သူမ၏ မမျှော်လင့်ထားသော
ချဉ်းကပ်မှုကို ရင်ဆိုင်ရတော့ ရှန်းယောင်သည် သူ့နှလုံးခုန်နှုန်း သိသိသာသာ
မြန်ဆန်သွားသည်ကို ခံစားလိုက်ရသည်။
ကျီကျောက်က လက်မြှောက်ပြီး
သူ့နဖူးကို စမ်းသပ်လိုက်သည်၊ “ကံကောင်းလို့ ရှင့်မှာ အဖျားမရှိတော့ဘူး။”
“ကိုယ် မနေ့ညက အဖျားတက်သွားတာလား”
ရှန်းယောင်သည် အတန်ကြာ စဉ်းစားပြီးနောက် နားလည်သွားခဲ့သည်။
“ကောင်းပြီ၊ ရှင် မနေ့က
မိုးမိထားလို့ ရုတ်တရက် အဖျားတက်ပြီး မေ့လဲသွားတာလေ” ကျီကျောက်က
စိုးရိမ်မှုအပြည့်နဲ့ သူ့ကို တိုးတိုးလေး မေးလိုက်သည်၊ “ရှင် အခု ဘယ်လိုနေသေးလဲ။
နေလို့ ပိုကောင်းသွားပြီလား။”
“ကိုယ် အခု ပိုပြီး
နေလို့ထိုင်လို့ကောင်းသွားပါပြီ” ရှန်းယောင်က နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်၊
“အာ့ထောင် ကျေးဇူးပါ”
“ဒါက ကျွန်မတာဝန်ပါပဲ” ကျီကျောက်က
မသိမသာပြုံးပြီး သမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ သမ်းဝေလိုက်မိသည်၊ “ရှင်
နေလို့ပိုကောင်းသွားပြီဆိုရင် ကျွန်မတို့ စားသောက်ဆိုင်ကို အရင်ပြန်ရအောင်။”
“ကောင်းပါပြီ။”
သူတို့လင်မယားနှစ်ယောက်သား
စားသောက်ဆိုင်သို့ အမြန်ပြန်လာသောအခါ လက်ထောက်ဆိုင်ရှင်ယို့သည့် သူတို့ဆီသို့
လိုက်လာရန် ပြင်ဆင်နေသည်။
“တတိယညီလေးရှန်း မင်း
နေကောင်းရဲ့လား။”
“မင်းရဲ့ စိုးရိမ်ပူပန်မှုအတွက်
ကျေးဇူးတင်ပါတယ်၊ လက်ထောက်ဆိုင်ရှင်ယို့။ ကျွန်တော် အခု နေကောင်းလာပါပြီ”
ရှန်းယောင်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်။
အခန်းထဲကိုပြန်ရောက်ပြီးနောက်
ကျီကျောက်သည် ငွေလျန်းဝက်ကို အရင်ထုတ်ယူကာ မနေ့ညက ကူညီပေးခဲ့သော စားပွဲထိုးအား
ပေးလိုက်သည်။
ထို့နောက် သူမသည် သမားတော်ဝမ်၏
အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ရောဂါရှာဖွေကုသခကို ပေးဆောင်ခဲ့ပါသည်။
စားသောက်ဆိုင်သို့ သူမ
ပြန်ရောက်သောအခါတွင် သူမသည် စားသောက်ဆိုင်၏ မီးဖိုချောင်ကို ငှားရမ်းကာ
ရှန်းယောင်အတွက် ပေါ့ပါးပြီး အရသာရှိသော ဟင်းသီးဟင်းရွက်ယာဂုကို
ကိုယ်တိုင်ချက်ပြုတ်ခဲ့သည်။
သူမ အရမ်းအလုပ်များနေတာကိုမြင်တော့
ရှန်းယောင်သည် ပိုလို့တောင် ကျေးဇူးတင်မိသွားခဲ့သည်။
“ဒီရက်ပိုင်း ရှင့်အစားအသောက်က
ပေါ့ပါးတာတွေပဲ စားရမယ်၊ ဒါကြောင့် ကျွန်မ ရှင့်အတွက် ဟင်းသီးဟင်းရွက်ယာဂုပဲ
လုပ်ခဲ့တယ်” ကျီကျောက်က နူးညံ့စွာ ရှင်းပြခဲ့သည်၊ “ဒါနဲ့ စကားမစပ်၊ ကျွန်မ
သမားတော်ဝမ်နဲ့ တိုင်ပင်ခဲ့ပြီးပြီ။ သူ ရှင့်အတွက် စပ်ပေးထားတဲ့ ဆေးဝါးက မခါးဘူး၊
ဒါကြောင့် ရှင် စိုးရိမ်စရာ မလိုဘူး။”
“အာ့ထောင်” ရှန်းယောင်သည် ရုတ်တရက်
ခေါင်းမော့လာပြီး တိုးတိုးလေး သူမ နာမည်ကို ခေါ်လာခဲ့သည်။
“ဟင်” အိပ်ရာပြင်နေတဲ့ ကျီကျောက်
သူ့ကို မသိစိတ်က ပြန်လှည့်ကြည့်သည်၊ “ဘာဖြစ်လို့လဲ။”
“ကျေးဇူးပါ” ရှန်းယောင်က
မတ်တပ်ထရပ်ပြီး သူမကို ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် လေးနက်စွာ
ဦးညွှတ်လိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ” ကျီကျောက်က
သူ့အနားသို့ ကမန်းကတန်း လျှောက်လာပြီး သူ့ကို ဖေးမပေးသည်၊ “ကျွန်မတို့က လင်မယားတွေ
မဟုတ်တော့ပေမယ့် ကျွန်မတို့က သူငယ်ချင်းတွေ ဖြစ်နေကြတုန်းပါပဲ။ သူငယ်ချင်းတွေဆိုတာ
တစ်ယောက်က အကူအညီလိုတယ်ဆိုရင် နောက်တစ်ယောက်က ကူညီသင့်တယ်။ ဒါ့အပြင်၊ ရှင်
ကျွန်မနဲ့ ခရုရောင်းဖို့ အတူ မလိုက်ခဲ့ဘူးဆိုရင် ရှင် ရုတ်တရက် အဖျားကြီးမှာ
မဟုတ်ဘူးလေ။”
“အာ့ထောင် ကိုယ် မင်းနဲ့
သူငယ်ချင်းသက်သက် မဖြစ်ချင်ဘူး” ရှန်းယောင်သည် သူ့နှလုံးသားထဲမှာ သိုဝှက်ထားတဲ့
စကားလုံးတွေကို မသိစိတ်က ထုတ်ပြောလာခဲ့မိသည်။
“ရပါတယ်၊ ကျွန်မ နားလည်ပါတယ်။
ကျွန်မတို့တွေက သူငယ်ချင်းကောင်းတွေလို့ ရှင်ပြောချင်တာမလား။”
“ကိုယ် ဆိုလိုချင်တာက…”
“အိုး… ဟုတ်သားပဲ၊ ကျွန်မ
လက်ထောက်ဆိုင်ရှင်ယို့ကို ပြောစရာ ကျန်နေသေးတာကို ရုတ်တရက် သတိရသွားလို့။ ကျွန်မ
မီးဖိုဆောင်ကို အရင်သွားလိုက်ဦးမယ်။”
ထိုသို့ပြောပြီးတာနဲ့ ကျီကျောက်က
အလျင်စလို ထွက်ခွာသွားခဲ့သည်။
မီးဖိုချောင်သို့ ထွက်လာသည့်
အခိုက်အတန့်တွင် သူမ၏ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ရှန်းယောင်ရဲ့ စကားအဓိပ္ပါယ်တွေကို
သူမ နားမလည်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် အခုအချိန်မှာတော့ သူမရဲ့
အသက်မွေးဝမ်းကြောင်းကိုပဲ အာရုံစူးစိုက်ချင်တယ်။ သူမ မြန်မြန်ချမ်းသာရင်
အကောင်းဆုံးပါပဲ။ ခံစားချက်နဲ့ ပတ်သက်ပြီး သူမ ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူး။
ရှန်းယောင်က
အနာဂတ်တွင် အမတ်ချုပ်ကြီး ဖြစ်လာမည်ကို သူမ သိသော်လည်း ကျီကျောက်သည် သူမ၏ ခံစားချက်များကို
အခြားသော ကိစ္စများ ဝင်ရောက်စွက်ဖက်မှာကို မလိုချင်ပေ။ ထို့ကြောင့် ယခု ရှန်းယောင်၏
မေးခွန်းကို သူမ ပြန်မဖြေဆိုနိုင်ပေ။