Ch 103
Viewers 12k

အခန်း (၁၀၃) – သူမ ဘာအမှားလုပ်မိလို့လဲ

 

ကျီကျောက်သည် ဟောင့်ကင်း၏ လုပ်ရပ်တွေက ရှန်းယောင်၏ အတွေးအမြင်များကို ပြောင်းလဲသွားစေလိမ့်မည်ဟု မူလက တွေးထင်ခဲ့သည်။

 

သို့ရာတွင် ရလဒ်က သူမကို စိတ်ပျက်သွားစေခဲ့ပါသည်။

 

“အာ့ထောင် မင်း အခုနက ပြောပြခဲ့တဲ့ စီနီယာဟော့ကင်းကို ကိုယ် လေးစားပါတယ်” ရှန်းယောင်က တည်ငြိမ်စွာ ပြုံးသည်၊ “လူတိုင်းက ရည်မှန်းချက် ကိုယ်စီ ရှိကြတာပဲ။ အခု ကိုယ့်ရည်မှန်းချက်က အမှုထမ်း လုပ်ဖို့ မဟုတ်တော့ဘူး။ အိမ်မှာ အေးအေးဆေးဆေး နေထိုင်ပြီး မိဘတွေကို ပြုစုလုပ်ကြွေးတာကလည်း အလုပ်တစ်မျိုးပဲ မဟုတ်ဘူးလား။ ဒါ့ထက် လူတစ်ယောက်ရဲ့ တန်ဖိုးကို တော်ဝင်စာမေးပွဲကနေတဆင့် နားလည်သဘောပေါက်ဖို့ လိုအပ်လို့လား။”

 

ကျီကျောက်တစ်ယောက် ငုတ်တုတ်မေ့သွားသည်။

 

သူမသည် ဒီမေးခွန်းကို ဘယ်လိုပြန်ဖြေရမှန်း တကယ် မသိပေ။

 

မိမိကိုယ်ကို တန်ဖိုးထားမှု ဆိုတဲ့ စကားလုံးကို လူတိုင်းရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေက မတူညီကြပါဘူး။

 

“ကျွန်မ အရမ်းအတွေးလွန်သွားတယ်” ကျီကျောက်သည် တစ်ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ရှန်းယောင်နှင့် မျက်နှာချင်းဆိုင်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်၊ “ရှင့်မှာ ရှင့်ကိုယ်ပိုင်အတွေးတွေ ရှိတာ ဖြစ်လို့ ကျွန်မ ရှင့်ကို ကျွန်မရဲ့ ကိုယ်ပိုင်အကြံဉာဏ်အတိုင်း ဖိအားမပေးသင့်ဘူး။ ဒါပေမယ့် ကျွန်မ ချန်ချန်ကိုတော့ ကျောင်းပို့ချင်နေတုန်းပဲ။ ကျွန်မ ချန်ချန် ကြီးပြင်းလာတဲ့အခါကျရင် စာမတတ် ပေမတတ်နဲ့ ထုံထိုင်းတဲ့သူဖြစ်မှာကို မလိုချင်ဘူး။”

 

စာပေပညာ လေ့လာသင်ယူသူတိုင်း တော်ဝင်စာမေးပွဲတွင် ထိပ်ဆုံးနေရာကို မရယူနိုင်ပါ။

 

ဒါပေမယ့် အနည်းဆုံးတော့ စာဖတ်တတ်သူတိုင်းက အခြေခံအကျဆုံး လူ့ကျင့်ဝတ်ကို သိရှိခြင်း၊ နည်းလမ်းတကျ တွေးခေါ်တတ်ခြင်းနှင့် ယဉ်ကျေးစွာ ပြုမူနေထိုင်တတ်ခြင်းတို့ကို နားလည်သွားပါလိမ့်မည်။

 

“ချန်ချန်ရဲ့ စိတ်တွေက လုံးဝ မဖွံ့ဖြိုးသေးဘူး။ တကယ်လို့ ဒီအချိန်မှာ ကိုယ်တို့ သူ့ကို ကျောင်းပို့လိုက်မယ်ဆိုရင် သူ လိုက်လျောညီထွေ မဖြစ်နိုင်ဘူး” ရှန်းယောင်က ရိုးရိုးသားသား အကြံပြုသည်၊ “မင်း ကိုယ့်ကို ဘာဖြစ်လို့ သူ့ကို အရင်သင်ခွင့်မပေးတာလဲ။ နောက်နွေဦးလောက်ကျမှ သူ့ကို ကျောင်းပို့ရင်လည်း နောက်မကျသေးပါဘူး။”

 

ကျီကျောက်က ဒါကို သေသေချာချာ တွေးကြည့်လိုက်တော့ အခု သူမ လက်ထဲမှာ ငွေအမြောက်အမြား စုဆောင်းမိထားပြီ။ အကြမ်းဖျင်း တွက်ကြည့်ရမယ်ဆိုရင် သူမ လက်ထဲမှာ အနည်းဆုံး ငွေ ၃၀ လျန်းလောက် ရှိမည်။ တကယ်လို့ ကျီချန်လေးကို အနာဂတ်မှာ စာလေ့လာဖို့ ကျောင်းတက်စေမယ်ဆိုရင် သူမ ငွေများများ စုဆောင်းထားရမည်။ မဟုတ်ရင် သူမတို့ မောင်နှမ နှစ်ယောက်၏ ဘဝက သေချာပေါက် ဆိုးရွားသွားပါလိမ့်မည်။

 

“ဒါက အကြံကောင်းပဲ” ကျီကျောက်က ရှန်းယောင်ရဲ့ အကြံပြုချက်ကို ဝမ်းသာအားရ လက်ခံခဲ့ပါသည်၊ “ကျွန်မ လက်ထဲမှာ ပိုက်ဆံ နည်းနည်း ရှိနေတာနဲ့ အတော်ပဲ။ ဆောင်းဦးပွဲတော်ပြီးရင် ကျွန်မ အမေ့ဆီသွားပြီး ရွာထဲမှာ ယာတောအိမ်လေး တစ်လုံးလောက် ရှာပေးဖို့ အကူအညီ တောင်းရမယ်။”

 

“မင်း ဘာဖြစ်လို့ ယာတောအိမ်ကို ဝယ်ချင်ရတာလဲ” ရှန်းယောင်က မျက်မှောင်ကြုတ်သွားသည်။ သူ့နှုတ်ခမ်းပါးပေါ်ရှိ နွေးထွေးတဲ့ အပြုံးက ပျောက်ကွယ်သွားသည်။

 

“ခြံဆောက်ဖို့လေ” ကျီကျောက်က အားရပါးရ ပြုံးရယ်လိုက်သည်၊ “ကျွန်မ သင့်တော်တဲ့ ယာတောအိမ်လေး တစ်လုံးလောက် ရှာတွေ့ရင် ခြံဝင်း တစ်ခု ဆောက်မယ်၊ ပြီးရင် ကျွန်မ ချန်ချန်နဲ့အတူ အဲ့ကို ပြောင်းသွားမယ်လေ။ ဒါ့အပြင် ကျွန်မ ရှင့်ကို ဒုက္ခပေးရာ မရောက်တော့ဘူး၊ ရှင်နဲ့ ချန်ချန်တို့ကို အနောက်ခန်းထဲမှာ တစ်ချိန်လုံး ကျဉ်းကျဉ်းကျပ်ကျပ် မနေခိုင်းသင့်ဘူး၊ မဟုတ်လား။”

 

“ဒါပေမယ့် ကိုယ် ဘယ်တုန်းကမှ ဒုက္ခများတယ်လို့ မခံစားရပါဘူး” ရှန်းယောင်သည် သူ့နှလုံးသားထဲမှာ အကြောင်းပြချက်မရှိ ဒေါသတွေ တဟုန်ထိုး တက်လာသလို ခံစားလိုက်ရသည်။ ဒီလို စကားတွေကို လေးနက်တဲ့ မျက်နှာထားနဲ့ ပြောဆိုပြီးနောက် သူ လှည့်ပြီး ပြန်သွားခဲ့သည်။

 

ကျီကျောက်သည် ဒေါသထွက်နေသော သူ့နောက်ကျောကိုကြည့်ရင်း စိတ်ရှုပ်ထွေးသွားခဲ့သည်။

 

သူမ ဘာအမှားလုပ်မိခဲ့လို့လဲ။

 

ရှန်းမိသားစုအိမ်ခြံဝင်းကို သူတို့ ပြန်ရောက်သည့်တိုင် ရှန်းယောင်က ဘာကို ဒေါသထွက်သွားလဲ ဆိုတာကို သူမ နားမလည်နိုင်ခဲ့ဘူး။

 

အခုနက ပြောခဲ့တဲ့ စကားတွေကို ပြန်တွေးရင်း သူ့စိတ်ထဲမှာ ခါးသီးသလို ခံစားရသည်။

 

သူ အရမ်းအပြစ်ရှိသလို ခံစားရသည်။

 

နောက်တစ်နေ့ ကျီကျောက် တံခါးဖွင့်လိုက်သောအခါ မြေကြီးပေါ်တွင် နောက်ထပ် သစ်သားဆံညှပ်တစ်ခုကို တွေ့လိုက်ရသည်။

 

သစ်သားဆံညှပ်ပေါ်ရှိ ပုံစံသည် တောက်ပသော မက်မွန်ပွင့် တစ်ပွင့်ပုံ ဖြစ်သည်။

 

သေသေချာချာကြည့်လိုက်မယ်ဆိုရင် ဝတ်ဆံပေါ်မှာ ထွင်းထားတဲ့ ကျောက် ဆိုတဲ့ စကားလုံးကို တွေ့နိုင်ပါသည်။

 

ကျီကျောက်သည် သစ်သားဆံညှပ်ကို အချိန်အကြာကြီး ဂရုတစိုက်ကြည့်မိသည်။ နောက်ဆုံးတွင် သူမသည် အဆိုပါ သစ်သားဆံညှပ်အား သူမ၏ ဆံပင်ပေါ်တွင် ဝမ်းသာအားရ ပန်ဆင်လိုက်သည်။

 

ရှန်းမိသားစု ခြံဝင်း တစ်ခုလုံးတွင် သူမ၏ အမည်ရင်းကို သိသူများမှာ ကျီချန်နှင့် ရှန်းယောင်တို့သာ ရှိသည်။

 

သို့ရာတွင် ကျီချန်ရဲ့ ပန်းချီလက်ရာမှာ အလွန်အားနည်းတဲ့အတွက် ဒီလို အသက်ဝင်နေတဲ့ မက်မွန်ပန်းပွင့်ကို သူ ဘယ်လိုလုပ်ပြီး ပုံဖော်နိုင်မှာလဲ။

 

မနက်စောစော လက်ဆောင်ရတာထက် ပိုကောင်းတာ ဘာမှ မရှိဘူး။

 

ကျီကျောက်သည် စိတ်နှလုံးကို ရွှင်မြူးစေတဲ့ တေးသွားတစ်ခုကို ဆိုညည်းရင်း မီးဖိုချောင်သို့ သွားခဲ့သည်။

 

ဒီနေ့ သူမ လွမ်းဆွတ်နေဆဲဖြစ်သည့် ဘန်းမုန့်ကြော်နဲ့ ဖက်ထုပ်အိုးကပ်တွေကို ပြုလုပ်ဖို့ စီစဉ်ထားပါသည်။

 

အစောပိုင်းတုန်းက သူမသည် ကျောက်လန်ဟွာကို မီးဖိုချောင်တွင် မီးဖိုချောင်သုံးပစ္စည်းများ ထပ်မံ ထည့်သွင်းရန် တောင်းဆိုခဲ့သော်လည်း သူမ ပြောခဲ့သည့် လျှပ်စစ်အကင်အိုး၊ ပေါင်းအိုး၊ မန်ဒရင်းစွပ်ပြုတ်အိုးနှင့် အသားကင်တံများကို မည်သူမျှ နားမလည်ခဲ့ပေ။ စိတ်ပျက်လက်ပျက်ဖြင့် ကျီကျောက်သည် ထိုလက်တွေ့ကျသည့် မီးဖိုချောင်သုံးပစ္စည်းများကို ရိုးရိုးရှင်းရှင်း ပြုလုပ်ခဲ့ပါသည်။ ကျီကျောက်က ထိုပုံစံများကို သပ်သပ်ရပ်ရပ် ရေးဆွဲပြီးနောက် ကျောက်လန်ဟွာက ရှန်းအာ့လန်ကို ဒီလို ထူးဆန်းတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေအား ဖန်တီးခိုင်းခဲ့ပါသည်။