Ch 104
Viewers 12k

အခန်း (၁၀၄) - ကောဟွိုင်ပန်းဖက်ထုပ်အိုးကပ်ကြော်

 

ဥပမာအားဖြင့် ယခုအချိန်တွင် မီးဖိုးပေါ်တွင် တင်ထားသော အဝိုင်းပြား အိုးတစ်လုံး ရှိသည်။

 

ရှန်းအာ့လန်သည် ဒီအိုး၏ ဒီဇိုင်းပုံစံကို ပထမဆုံးအကြိမ် မြင်သောအခါ သူ တော်တော်လေး ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

 

ကျီကျောက်သည် အရသာရှိသော ဆေဗရီခေါက်မုန့်များကို ပြုလုပ်ရန် ဤအိုးကို အသုံးပြုပြီးသည့်နောက်မှ ရှန်းအာ့လန်တစ်ယောက် ယုံကြည်သွားခဲ့သည်။

 

တကယ်တော့ အစားအသောက် ပုံစံ အမျိုးမျိုးနဲ့ အရသာ မျိုးစုံကို ဖန်တီးချင်တယ်ဆိုရင်တော့ ပုံစံ အမျိုးမျိုးနဲ့ အိုးတွေကို အသုံးပြုရပါမည်။

 

ကျီကျောက်သည် သူမ၏ လက်တွေကို စင်ကြယ်စွာ ဆေးကြောပြီးနောက် ဖက်ထုပ်အိုးကပ်များကို စတင်ပြုလုပ်ခဲ့သည်။

 

ကြွပ်ရွသော ဖက်ထုပ်အိုးကပ်ကြော်များကို ပြုလုပ်လိုပါက အပြင်ဘက် အပေါ်ယံ အလွှာနှင့် အဆာပလာများအတွက် လိုအပ်ချက်မှာ မြင့်မားပါသည်။

 

ကျီကျောက်သည် ပါဝင်ပစ္စည်းမားအားလုံးကို ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ သူမ အဆာပလာတွေကို ရောမွှေခါနီးတွင် ကောဟွိုင်ပန်းများကို တစေ့တစောင်း လှမ်းမြင်လိုက်ရသည်။ သူမသည် နှလုံးခုန်သံ တစ်ချက် မြန်ဆန်သွားပြီး မတူညီသည့် ကောဟွိုင်ပန်းဖက်ထုပ်အိုးကပ်ကြော် ပြုလုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။

 

အဆာပလာတွေကို ရောမွှေပြီးသောအခါတွင် ထိုအထဲသို့ ကောဟွိုင်ပန်း တစ်ဇွန်း ထည့်လိုက်သည်။ ၎င်းသည် အဆာပလာထဲက အသား၏ အဆီအရသာကို ပျက်ပြယ်စေရုံသာမက အဆာပလာတွေကို ကောင်းမွန်သော ရနံ့အား ပေးစွမ်းနိုင်ပါသည်။

 

အပေါ်ယံအလွှာနှင့် အဆာပလာတွေ အဆင်သင့် ဖြစ်သောအခါ ကျီကျောက်သည် ဖက်ထုပ်အိုးကပ်တွေကို စတင်ပြုလုပ်ခဲ့သည်။

 

ပထမဦးစွာ အဆာပလာတွေကို အပေါ်ယံအလွှာအလယ်တွင် ထားပြီးနောက် အနားသတ်တွေအား ရေစွတ်ပြီးတော့ ဖိပေးလိုက်သည်။

 

သူမသည် ဒယ်အိုးအဝိုင်းထဲသို့ ဆီထည့်ကာ အပူချိန်ကို လျော့ထားကာ ဖက်ထုပ်အိုးကပ်များအား သေသပ်စွာ ထည့်လိုက်ပြီးတော့ ရွှေညိုရောင်သမ်းလာသည်အထိ စောင့်ဆိုင်းခဲ့သည်။ ထို့နောက် သူမသည် သင့်တော်သော ရေပမာဏကို ထည့်ကာ အလယ်အလတ် အပူရှိန်ဖြင့် ဆယ့်ငါးမိနစ်ခန့်ကြာအောင် ကြော်လိုက်သည်။ ခဏကြာပြီးနောက် သင်းပျံ့သော မွှေးရနံ့လေး လေထုထဲ လွှမ်းခြုံလာခဲ့သည်။

 

ဖက်ထုပ်အိုးကပ်များကို ဒယ်အိုးထဲမှ မထုတ်မီ နှမ်းစေ့များကို အညီအမျှ ဖြူးပေးလိုက်သည်။

 

ခဏအကြာတွင် မီးဖိုချောင် တစ်ခုလုံး မွှေးကြိုင်သော ရနံ့များဖြင့် ပြည့်နှက်သွားခဲ့သည်။

 

“အာ့ထောင် နင် ဘာဟင်းတွေချက်နေတာလဲ” ဒုတိယမရီးရှန်းသည် မစောင့်နိုင်ဘဲ မီးဖိုချောင်ထဲ ဝင်လာကာ အပြုံးဖြင့် မေးသည်၊ “ငါ အခုမှ အိပ်ရာနိုးလာတာ၊ နိုးနိုးချင်း ဒီအနံ့လေးတွေကို ရလိုက်တာပဲ။ အနံ့က အရမ်းကောင်းတာပဲ။”

 

“ဒုတိယမရီး ကျွန်မ ဖက်ထုပ်အိုးကပ်ကြော် လုပ်ထားတာလေ” ကျီကျောက်က အပြုံးနဲ့ ပြန်ဖြေသည်၊ “မနက်က ကျွန်မ ချက်ပြုတ်ထားတဲ့ ဆန်ပြုတ်လည်း ဒီမှာပဲ ရှိသေးတယ်။”

 

ဖက်ထုပ်အိုးကပ်ကြော်ကို သတ်သတ်လွတ် ဆန်ပြုတ်နှင့် တွဲဖက်စားသုံးရတာက ပျော်ရွှင်ဖွယ်ရာ မနက်စာနှင့် ညီမျှသည်။

 

မျှော်လင့်ထားသည့်အတိုင်း ကျီကျောက်၏ ဖက်ထုပ်အိုးကပ်ကြော်များကို ရှန်းမိသားစုမှ တဖန် အပြတ်ရှင်းခဲ့ပြန်သည်။

 

ရှန်းတာ့ရှန်သည် အကြိမ် အနည်းငယ် လေချဉ်တက်သည့်တိုင်အောင် သူ့ရဲ့ ထမင်းစားတူတွေကို မချခဲ့ပေ။

 

“ရှင့်ကိုယ်ရှင် ကြည့်စမ်းပါဦး” လူအိုကြီးတို့ လင်မယားနှစ်ယောက် ပင်မခန်းထဲသို့ ပြန်ရောက်သည်နှင့် ကျောက်လန်ဟွာက မျက်မှောင်ကြုတ်ပြီး ဆူပွဆူပွလုပ်သည်၊ “အာ့ထောင်က အရသာရှိတဲ့ အစားအစာတွေကို ချက်ပြုတ်တတ်တယ်ဆိုတာ လူတိုင်း သိတယ်၊ ဒါပေမယ့် ရှင် အခု ဒီလောက် အလွန်အကြူး ထောက်ပံ့ပြနေစရာ မလိုဘူး၊ ဟုတ်ပြီလား။”

 

“လန်ဟွာ မင်း အဲဒီအရသာကို မမှတ်မိဘူးလား” ရှန်းတာ့ရှန်က သူမကို ကြည့်ပြီး ရုတ်တရက် ထရယ်လိုက်သည်၊ “အာ… မင်း တကယ် မမှတ်မိဘူးလား။”

 

“အဲဒီဖက်ထုပ်အိုးကပ်တွေကို ကောဟွိုင်ပန်းတွေနဲ့ ပြုလုပ်ထားတာလေ” ရှန်းတာ့ရှန်က စိုးရိမ်တကြီးပြောလိုက်သည်၊ “ငါတို့ ပထမဆုံးအကြိမ် စတွေ့တုန်းက မင်းနဲ့ ငါ့အမေတို့ ကောဟွိုင်းပန်းထမင်းကို အတူတူ ပြင်ဆင်ခဲ့ကြတာကို မင်း မှတ်မိသေးလား။”

 

ထို့ကြောင့် ဘယ်တော့မှ အစားအသောက်ကို လောဘမကြီးသော ရှန်းတာ့ရှန်သည် ကောဟွိုင်းပန်းဖက်ထုပ်အိုးကပ်ကြော်များကို အားရပါးရ စားသောက်ခဲ့သည်။

 

“အိုး… ကျွန်မ အခုပဲ မှတ်မိတယ်” ကျောက်လန်ဟွာက ပြုံးပြီး ခေါင်းညိတ်သည်၊ “အဲ့တုန်းက ရှင် ဝတ်ထားတဲ့ အစိမ်းရင့်ရောင် ဝတ်စုံကို ကျွန်မ အခုထိ မှတ်မိနေတုန်းပဲ။”

 

“လန်ဟွာ မင်း တကယ်မှတ်မိတယ်လား” ရှန်းတာ့ရှန်က ရွှင်မြူးစွာ မေးလိုက်သည်။

 

“ဒါက ဘယ်နှစ်နှစ်ရှိနေပြီလဲ။”

 

ကျောက်လန်ဟွာက သူမလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ နောက်ပြန်လှည့်မကြည့်ဘဲ မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။

 

သူမ၏ နောက်ကျောကို စိုက်ကြည့်ရင်း ရှန်းတာ့ရှန်တစ်ယောက် အနည်းငယ် စိတ်ပျက်သွားမိသည်။

 

နှစ်ပေါင်းများစွာကြာပြီးနောက် သူ ဟိုးအရင်က ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို ကျောက်လန်ဟွာရဲ့ ဗီရိုထဲတွင် ရှာတွေ့ခဲ့သည်။ သဘာဝအတိုင်း သူ ပြုံးရယ်နေတာကို မရပ်တန့်နိုင်တော့ပေ။

 

ထိုအခိုက်အတန့်၊ မီးဖိုချောင်ထဲတွင်။

 

ကျီကျောက်သည် ရှင်းစရာများကို ရှင်းလင်းနေသည်။

 

“အာ့ထောင် ငါ့အကူအညီလိုသေးလား” ကျောက်လန်ဟွာက တံခါးကို တွန်းဖွင့်ပြီး အပြုံးနဲ့ မေးသည်။

 

“အမေ ဒီမှာ အမေ့ အကူအညီလိုတာ ဘာမှ မရှိဘူး။ အမေ ဘာဖြစ်လို့ ပင်မအခန်းထဲမှာ ပြန်အနားမယူတာလဲ။”