အခန်း
(၁၀၅) – ဒါက ငါ့အာ့ထောင်ဆီက လက်ဆောင်ပဲ
“ဒါက
ဘယ်လိုဖြစ်နိုင်မှာလဲ” ကျောက်လန်ဟွာက ခေါင်းကို အမြန်ခါလိုက်သည်၊ “အာ့ထောင် နင့်ဟင်းချက်လက်ရာက
အရမ်းကောင်းတယ်။ နင့်လက်ရာနဲ့ဆို အမေ နေ့တိုင်း ဗိုက်ပြည့်သွားတဲ့အထိ စားနိုင်တယ်။
ငါ့ခါးကို ကြည့်စမ်း။ အမေ ကိုယ်အလေးချိန် အများကြီး တက်လာပြီမလား။ ငါ ထပ်ပြီး အနားမယူနိုင်တော့ဘူး။
တကယ်တမ်း အနားယူသင့်တဲ့သူက နင်လို့ အမေထင်တယ်။”
“အမေ
အမေက မဝပါဘူး။ အမေ့ ခန္ဓာကိုယ်က အနေတော်ပဲ၊ အမေ့ရဲ့ တစ်ကိုယ်လုံးကို ခြုံငုံကြည့်မယ်ဆိုရင်လည်း
ကောင်းချီးတွေ ပြည့်စုံခံစားရတယ်လို့ ဆိုရမယ်” ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး နူးညံ့သိမ်မွေ့စွာ
နှစ်သိမ့်ပေးသည်။
“နင့်ပါးစပ်လေးကတော့
ပိုပိုပြီး ချိုမြိန်လာတယ်” ကျီကျောက်၏ မြှောက်ပင့်မှုကို သဘောကျသွားတဲ့ ကျောက်လန်ဟွာက
ကျီကျောက်၏ နှာခေါင်းလေးကို ချစ်ခင်စွာ တို့ထိလိုက်သည်။
အဆုံး၌
ကျီကျောက်သည် စကားနားထောင်ပြီး မီးဖိုချောင်ထဲမှ ထွက်လာခဲ့ရသည်။
သူမ ခဏလောက်
စဉ်းစားပြီး ရွာရှိ ယာတောအိမ်တွေအကြောင်းကို မေးမြန်းရန် ရှန်းတာ့ရှန်ဆီ ထွက်လာခဲ့သည်။
အိမ်နောက်ဖေးမှာ
ဓားသွေးနေတဲ့ ရှန်းတာ့ရှန်က ကျီကျောက်တစ်ယောက် ယာတောအိမ်အကြောင်း မေးမြန်းတာကို ကြားတော့
အံ့အားသင့်သွားသည်။
“နင်
ဘာဖြစ်လို့ ယာတောအိမ်တွေအကြောင်း သိချင်ရတာလဲ။”
“အဖေ
ကျွန်မ ကျွန်မတို့အိမ်နဲ့ နီးတဲ့ ယာတောအိမ်လေး ဝယ်ပြီး ခြံလေး ဆောက်ချင်လို့ပါ။ နောက်ပိုင်း
ကျီချန်လေးကလည်း တဖြည်းဖြည်း ကြီးလာတော့မယ်။ ကျွန်မတို့ ရှန်းယောင်နဲ့ ချန်ချန်တို့ကို
အမြဲတမ်း တစ်ခန်းတည်းမှာပဲ အတူနေခိုင်းလို့ မဖြစ်ဘူးမလား။”
“ဒါဆိုရင်လည်း
နင် စန်းလန်ကို အခန်းထဲ ပြန်ရွှေ့ခိုင်းလိုက်ပါလား၊ နင်တို့နှစ်ယောက်က လင်မယားတွေပဲ၊
တစ်ခန်းတည်းမှာ အတူနေတာ ဖြစ်သင့်တာပေါ့” ရှန်းတာ့ရှန်က ခေါင်းတောင် မမော့ဘဲ အဖြေပေးလိုက်သည်။
ထို့အတွက်ကြောင့် သူသည် ကျီကျောက်၏ မျက်နှာပေါ်ရှိ စိတ်မသက်မသာဖြစ်နေတာကို မမြင်လိုက်ပေ။
ကျီကျောက်သည်
သူမနှင့် ရှန်းယောင်တို့က ကွာရှင်းထားပြီးပြီဟု မသိစိတ်က ပြောလိုက်ချင်သော်လည်း သူမ၏
ပါးစပ်ကတော့ တခြားစကားတွေသာ ထွက်သွားခဲ့သည်၊ “အဖေ အကြီးဆုံးမရီးကလည်း ကိုယ်ဝန်ရှိနေပြီ၊
နောင်ကျရင် သူမ အိမ်ပြန်လာမှာ သေချာတယ်။ ချန်ချန်လေးက အဲ့မှာ ခဏတဖြုတ်လောက်ပဲ နေထိုင်နိုင်လိမ့်မယ်။
နှစ်သစ်ကူးနဲ့ အားလပ်ရက်တွေမှာ အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့ ခဏတဖြုတ်လောက်ဖြစ်ဖြစ်
အိမ်ပြန်လာမှာပဲ မဟုတ်လား။”
ထိုအချိန်မှသာ
ရှန်းတာ့ရှန်သည် ကျီကျောက်၏ အဆိုပြုချက်က အဓိပ္ပါယ်ရှိတယ်ဟု ခံစားမိသည်။
သူ လုပ်ကိုင်နေတာတွေကို
တိတ်တဆိတ် ရပ်လိုက်ပြီး ခွန်းတုံ့ပြန်သည်၊ “အာ့ထောင် ဒီအတွက် စိတ်မပူနဲ့။ အဖေ ခဏနေကျရင်
ရွာလူကြီးဆီ သွားပြီး မေးလိုက်မယ်။”
“ဟုတ်ကဲ့”
ကျီကျောက်က ချက်ချင်းဆိုသလို ဝမ်းသာအားရ အသံထွက်လာခဲ့သည်။ သူမ ပိုက်ဆံပိုရှာပြီး ခြံတစ်ဝင်း
အမြန်ဆုံး ဆောက်ရမယ်။
ဒီနေ့က
သာယာတဲ့နေ့လေးဖြစ်ပြီး လယ်ယာအလုပ်တွေ တော်တော်များများ ပြီးဆုံးကုန်ကြပြီ။
ထို့ကြောင့်
ကျောက်လန်ဟွာသည် ကိုယ်ဝန်ဆောင် ဒုတိယမရီးရှန်းကို ခေါ်ပြီး ရွာအဝင်ရှိ ကျိုင်းပင်အိုကြီးအောက်တွင်
အေးမြသော သစ်ရိပ်ကို ခံစားရန် ခေါ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွာရှိ အဒေါ်ကြီးများနှင့်
ဟိုဟိုဒီဒီ စကားစမြည် ပြောဆိုနေကြသည်။
ကျောက်လန်ဟွာသည်
လူတိုင်း အပျင်းပြေ စားသောက်ဖို့ အစာသွပ်မုန့်တချို့ကို အထူးတလည် ယူဆောင်သွားခဲ့ပါသည်။
“ကျေးဇူးပါ
အဒေါ်လန်ဟွာ” အိမ်ထောင်ရှင်မတစ်ဦးက ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ကျီစယ်သည်၊ “အရင်ကဆို
ဒုတိယမရီးရှန်းအနားမှာရှိရင် ကျွန်မတို့တွေ ရှင် ယူလာတဲ့ အစာသွပ်မုန့်တွေကို တစ်ချက်လေးတောင်
မကြည့်ဝံ့ဘူး။ ဒုတိယမရီးရှန်း ဒီနေ့ ဘယ်လိုတောင် ရက်ရောနေတာလဲ။”
“ငါ ဘယ်တုန်းက
တွန့်တိုဖူးလို့လဲ” ဒုတိယမရီးရှန်းက ဒေါသတကြီး နှုတ်ခမ်းစူသွားသည်၊ “ရှုဖန် လွန်ခဲ့တဲ့
ရက်အနည်းငယ်က နင် ငါ့ဆီက ဖရုံစေ့ကြော်တွေကို အများကြီး စားခဲ့သေးတယ်လေ။ နင် ဘာဖြစ်လို့
ဒီလောက် မြန်မြန်မေ့သွားရတာလဲ။”
“မမေ့ပါဘူး”
ရှုဖန်လို့ အမည်ရတဲ့ အိမ်ထောင်ရှင်မလေးက အပြုံးဖြင့် မေးမြန်းခဲ့သည်၊ “ဒုတိယမရီးရှန်း
ကျွန်မ ဒီနေ့ အပြင်မထွက်ခင်မှာ ပဲစေ့လှော်တွေ လက်တစ်ဆုပ်စာ ယူလာခဲ့တယ်။ မရီး သူတို့ကို
စမ်းကြည့်ချင်လား။”
ဒုတိယမရီးရှန်းသည်
မသိစိတ်က ခေါင်းညိတ်ချင်သော်လည်း နောက်ဆုံးတွင် သူမ ခေါင်းခါလိုက်သည်။
“အာ့ထောင်က
ငါ့ကို အဆာပြေတွေ လျှော့စားဖို့ ပြောထားတယ်။”
သူမ ဒီလိုပြောလိုက်သည်နှင့်
အနီးနားက အိမ်ထောင်ရှင် တော်တော်များများ အံ့ဩသွားကြသည်။
“ဒုတိယမရီးရှန်း
နင် ကျီအာ့ထောင်ရဲ့ စကားကို ဘာဖြစ်လို့ နားထောင်နေရတာလဲ။ သူမက ဘယ်လိုလူလဲဆိုတာကို နင်
မသိဘူးလား။ နင်တို့ ရှန်းမိသားစုထဲ သူမ လက်ထပ်ပြီး ဝင်လာချင်းမှာပဲ ပြဿနာရှာခဲ့တယ်
မဟုတ်လား။ ကျီအာ့ထောင်က သူမရဲ့ အမြှောင်လင်နဲ့ လက်ထပ်ချင်လွန်းလို့ သူနဲ့ အရှက်မရှိ
အတူတူ ထွက်ပြေးဖို့ လုပ်ခဲ့တာ မဟုတ်လား။”
“အိုင်းယား…
ဒါတွေအားလုံးက နားလည်မှုလွဲနေတာပါဟယ်” ဒုတိယမရီးရှန်းက အလျင်စလို ပြောပြလာခဲ့သည်၊
“ငါ့အာ့ထောင်က ဘယ်လောက်ကောင်းလဲဆိုတာကို နင်တို့ မသိသေးပါဘူး။ အာ့ထောင်က ချောမောလှပရုံသာမက
ကြင်နာတတ်တယ်၊ ဒါ့အပြင် သူမရဲ့ ဟင်းချက်လက်ရာက အံ့မခန်းပဲ။ ဒါနဲ့ စကားမစပ်၊ ငါ့နားပေါ်က
ငွေနားဆွဲလေးကို တစ်ချက်ကြည့်ကြည့်၊ အဲဒါတွေက ကြည့်ကောင်းရဲ့လား။”
“နင်တို့ကို
ငါပြောပြမယ်၊ ဒါက ငါ့အာ့ထောင်က ပေးခဲ့တဲ့ လက်ဆောင်လေ။”