အခန်း
(၁၀၇) – ဂရုစိုက်ပြီး ဖြည်းဖြည်းပြန်ပါ
“ရှင့်မျက်လုံးထဲမှာ
အာ့ထောင်ရဲ့ အိမ်ထောင်ရေးကို စီးပွားရေးအတွက် အလျှော့အတင်း ချပ်ပြားတစ်ခုအနေနဲ့ အသုံးချချင်နေမှာပေါ့”
မျက်နှာချင်းဆိုင်မှာ ခပ်မတ်မတ် ထိုင်နေတဲ့ ကျောက်လန်ဟွာက အေးစက်သောလေသံဖြင့် တုံ့ပြန်ခဲ့ကာ
သူမ၏ လေသံထဲတွင် မကျေနပ်သော အရိပ်အမြွက် ပါဝင်နေသည်။
“ရှင်ပြောတာကို
ကြည့်ပါဦး၊ ခမည်းခမက်ရေ။ ဘာပဲဖြစ်ဖြစ် အာ့ထောင်က ကျွန်မတို့ ကျီမိသားစုမှာ ဆယ့်ငါးနှစ်လောက်
နေထိုင်ခဲ့တာ အမှန်ပဲ။ ကျွန်မက အာ့ထောင်က သွေးသားရင်းအဖွား မဟုတ်ဘူးဆိုရင်တောင် ကျွန်မ
သူ့ကို သဘာဝအတိုင်း စောင့်ရှောက်ခဲ့ရတာပါပဲ။ သူမ ငယ်စဉ်ကတည်းက ငါ သူမကို ပြုစုပျိုးထောင်လာခဲ့ရတာပါ၊
ငါ အသက်ကြီးလာတော့ သူမ ငါ့ကို ပြန်ကြည့်ဖို့ လိုအပ်တယ်။ ဒါက ကျိုးကြောင်းဆီလျော်တဲ့
အရာပဲ” အမျိုးသမီးရှဲ့က သူမရဲ့ ရည်ရွယ်ချက်ကို ပြုံးပြုံးရယ်ရယ် ထုတ်ပြောလာခဲ့သည်၊
“ဒါနဲ့ စကားမစပ် အာ့ထောင် ဘယ်မှာလဲ။”
ကျောက်လန်ဟွာသည်
ပြုံးနေသော အမျိုးသမီးရှဲ့ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ယခုအချိန်တွင် အရှက်မရှိခြင်း
ဟူသည့် အဓိပ္ပါယ်ကို သူမ နားလည်သဘောပေါက်သွားခဲ့သည်။
ကျီကျောက်တစ်ယောက်
ပင်မခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် အမျိုးသမီးရှဲ့၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူမသည် ကျီကျောက်ထံသို့ စိတ်ထိခိုက်စွာ အော်ဟစ်ငိုကြွေးရင်း ပြေးလာခဲ့သည်၊ “အာ့ထောင်
ဒါက နင့်အဖွားရဲ့ အမှားတွေပါပဲ။ ဝူးဝူး…”
အမျိုးသမီးရှဲ့သည်
ကျီကျောက်၏ လက်မောင်းကို ပွေ့ဖက်ပြီး မြေးအဖွားအချင်းချင်း ပွေ့ဖက်ပြီး ငိုကြွေးကြမည့်
ဇာတ်ကွက်ကို ပုံဖော်ဖို့ မူလက စီစဉ်ထားခဲ့သည်။
အဆုံး၌
ကျီကျောက်သည် သူမ၏ ချဉ်းကပ်မှုကို အေးအေးဆေးဆေး ရှောင်ရှားပြီး မျက်နှာ အမူအရာ ကင်းမဲ့စွာ
စကားဆိုလိုက်သည်၊ “ဒီလို အရေးမပါတာတွေပြောဖို့ ရှင် အလည်ရောက်လာတယ်လို့ မထင်ပါဘူး။
ရှင့်ရဲ့ လာရင်း ရည်ရွယ်ချက်ကို ဘာဖြစ်လို့ တစ်ခါတည်း တန်းမပြောတာလဲ။”
“ငါ…”
အမျိုးသမီးရှဲ့သည် ကျီကျောက်က ဒီလိုမျိုး တိုက်ရိုက်ထုတ်ပြောလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူမ မူလက ပြင်ဆင်ထားခဲ့သော စာသားတွေက အသုံးမဝင်တော့ပေ။
“အာ့ထောင်
နင့်စိတ်ထဲမှာ ငါ့ကို မုန်းတီးနေသေးတာကို ငါသိပါတယ်၊ ဒါပေမယ့် ငါ့မှာ ရွေးချယ်စရာ မရှိဘူး။
အခု နင့်ဦးလေးပန်က နေမကောင်းဘူး၊ ကောင်စုတ်လေး ကျီဟွေ့က အပြင်မှာ ပြဿနာရှာပြီး လောင်းကစားအကြွေးတွေ
အများကြီး တင်နေတယ်။ အကြွေးတောင်းသူတွေက ငါ့အိမ်အထိတောင် ရောက်လာကြတယ်… နင့်ဝမ်းကွဲ
ကျီဟွေ့ကို နင် မှတ်မိသေးတယ်မလား။ နင် ငယ်ငယ်တုန်းက နင်စားဖို့အတွက် သူ ကြက်ခြေထောက်
အမြဲတမ်း ယူလာပေးခဲ့တယ်လေ။ အာ့ထောင်၊ နင် ကျေးဇူးကန်းလို့ မဖြစ်ဘူး။”
“ဘယ်လောက်လဲ”
ကျီကျောက်က မျက်မှောင်ကြုတ်ပြီး သူမကို စိတ်မချမ်းသာစွာ ကြားဖြတ်မေးလိုက်သည်။
“ဘာကိုလဲ။”
“ကျီဟွေ့
လောင်းကစာအကြွေး ဘယ်လောက်တင်ထားတာလဲ” ကျီကျောက်က သူမ၏ မျက်ဝန်းတွေကို မှေးကျဉ်းထားပြီး
တိုးတိုးလေး မေးလိုက်သည်။
“ငါး…
ငွေလျန်း ငါးရာ…” အမျိုးသမီးရှဲ့က သူမ၏ လက်တွေကို တိတ်တဆိတ် လက်ဟန်ပြပြီး စိတ်လှုပ်ရှားစွာ
တံတွေးမျိုချလိုက်သည်၊ “အာ့ထောင် နင့်မှာ နည်းလမ်းရှိလား။”
“မရှိဘူး”
ကျီကျောက်က တည်ငြိမ်စွာ ခေါင်းခါလိုက်သည်၊ “ကျွန်မ ဘာမှ မတတ်နိုင်ဘူး။ ရှင် တခြားတစ်ယောက်ကို
သွားရှာသင့်တယ်။”
“အာ့ထောင်
နင် ခရိုင်မြို့မှာ ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်တယ်လို့ ငါကြားခဲ့တယ်။ နင်
အဲဒီစားသောက်ဆိုင်မှာ အလုပ်မလုပ်ဘူးလား” အမျိူးသမီးရှဲ့က ရှေ့ကို ကမန်းကတန်း လှမ်းတက်လာပြီး
စိုးရိမ်တကြီး မေးမြန်းခဲ့သည်၊ “ငွေလျန်းငါးရာက နည်းနည်းတော့ များတာကို ငါသိပါတယ်၊
ဒါပေမယ့် နင် သေချာစဉ်းစားကြည့်ပါဦး။ နင့်ဝမ်းကွဲ ကျီဟွေ့က နင့်အပေါ် အရင်တုန်းက ဘယ်လောက်ကောင်းခဲ့သလဲ။”
ကျီကျောက်က
နှာခေါင်းရှုံ့သည်။ သူမ ပင်မခန်းထဲမှ လှည့်မထွက်ခင် ကျောက်လန်ဟွာကို တချက်လှမ်းကြည့်ဖို့
မမေ့ခဲ့ပါဘူး။
“အာ့ထောင်
နင် ဘယ်သွားမလို့လဲ။ ငါပြောတာ စကားမဆုံးသေးဘူး။”
“ဟေး…
အာ့ထောင် ငါ့ကို စောင့်ဦး။”
အမျိုးသမီးရှဲ့သည်
ကျီကျောက် လှည့်ထွက်သွားတာက သူမအတွက် ပိုက်ဆံသွားယူဖို့ အခန်းထဲသို့ ပြန်သွားတယ်လို့
တွေးမိသည်။
ရလဒ်အနေဖြင့်
သူမ နာရီဝက်ကျော်ကြာအောင် ထိုင်စောင့်ခဲ့သော်လည်း ကျီကျောက်က ပြန်မရောက်လာခဲ့ပေ။
“အာ့ထောင်အပေါ်
ကြင်နာခဲ့တဲ့သူက ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဘိုးကြီးကျီပဲ၊ ရှင် မဟုတ်ဘူး”
ကျောက်လန်ဟွာက အေးစက်စွာ ပြောလိုက်သည်၊ “ဒါ့အပြင် အိမ်ထောင်ပြုသွားပြီဖြစ်တဲ့ သမီးက
သွန်ချလိုက်တဲ့ ရေလိုပဲ။ ကျွန်မတို့ ရှန်းမိသားစုက ရှင့်ကို ဘယ်တော့မှ မကြိုဆိုဘူး။”
“ရှင်
ကျွန်မကို မောင်းထုတ်ချင်နေတာလား” အမျိုးသမီးရှဲ့က ဒေါသအမျက်ခြောင်းခြောင်းထွက်သွားသည်။
သူမက စားပွဲခုံကို ပုတ်ပြီး ကြိမ်းဝါးသည်။ “ကောင်းလိုက်တဲ့ အာ့ထောင်၊ ငါတို့ကျီမိသားစုက
သူ့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခဲ့ပေမယ့် သူကတော့ ငါတို့မိသားစု ကူညီပေးဖို့
ဆန္ဒမရှိဘူးပေါ့လေ။”
“ဂရုစိုက်ပြီး
ဖြည်းဖြည်းပြန်ပါရှင်” ကျောက်လန်ဟွာက ဤစကားများကို ပြေပြစ်သော အပြုံးဖြင့် ပြောဆိုကာ
ချန်ထားရစ်ခဲ့သည်။
အမျိုးသမီးရှဲ့သည်
ထမင်းတစ်နပ်တောင် မကျွေးမွေးဘဲ ပြန်လွှတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် ဒေါသတကြီး
ပါးဖောင်းပြီး ခြေဆောင့်လိုက်သည်။
ထိုအချိန်တွင်
ရှန်းမိသားစု၏ မီးဖိုချောင်မှ သင်းပျံ့သော ရနံ့သည် လူတို့ကို သွားရည်ကျစေခဲ့သည်။
အမျိုးသမီးရှဲ့သည်
တံတွေးမျိုချပြီး မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။