အခန်း
(၁၀၈) – ကောင်းပြီ၊ ဒါဆို လုံလောက်တယ်
မွန်းတည့်ခါနီးအချိန်တွင်
ကျီကျောက်သည် ကြက်သားဟင်း ပန်းကန်ကြီး တစ်ပန်ကန်းအပြည့်ကို ချက်ပြုတ်ပြင်ဆင်ပြီးဖြစ်သည်။
ဟင်းအနှစ်များ
ဖုံးလွှမ်းနေသော ကြက်သားတုံးများကို ငရုတ်သီးစိမ်းလေးများဖြင့် တွဲစပ်ထားသောကြောင့်
စပ်သော အနံ့ကို မွှေးပျံ့စေပါသည်။ သူတို့ကိုကြည့်ရတာ နူးညံ့ပြီး အရသာရှိကာ ခံတွင်းတွေ့စေမယ့်ပုံပေါ်သည်။
“အနံ့က
အရမ်းမွှေးနေတာပဲ။ အာ့ထောင် နင် ဘယ်လို အရသာရှိတဲ့ ဟင်းမျိုး ချက်ပြုတ်နေတာလဲ” အမျိုးသမီးရှဲ့က
မီးဖိုချောင်ထဲ လှမ်းဝင်လာပြီး အနားမှာ ဘယ်သူမှ မရှိနေတာကို မြင်ပြီး ရွှင်မြူးစွာ
မေးမြန်းလိုက်သည်၊ “အာ့ထောင် နင့်ဟင်းချက်လက်ရာက ဘာဖြစ်လို့ ရုတ်တရက်ကြီး အရမ်းကောင်းလာရတာလဲ။”
အမျိုးသမီးရှဲ့သည်
ရောက်ရောက်ချင်းမှာပင် ကြက်ပေါင်တုံးကြီး တစ်တုံးကို လှမ်းကိုင်လိုက်သည်။ ကြက်သားတုံးက
အရမ်းပူလွန်းသဖြင့် သူမ၏ လက်ကို အပူလောင်သွားစေသော်လည်း သူမ လက်ထဲက ကြက်ပေါင်ကို လွှတ်မချချင်ပေ။
“ယောက္ခမက
ကောင်းကောင်း သင်ကြားပေးခဲ့လို့ပါ” ကျီကျောက်က ခပ်တည်တည် မျက်နှာထားဖြင့် ပြန်ဖြေခဲ့သည်၊
“တခြား ဘာဖြစ်နိုင်ဦးမှာလဲ။”
“ဒီကြက်ပေါင်က
အရမ်းအရသာရှိတယ်” အမျိုးသမီးရှဲ့က ကြက်ပေါင်တုံးကြီးကို တစ်ကိုက် ကိုက်စားပြီး ပျော်ရွှင်စွာ
ပြုံးလိုက်သည်၊ “အာ့ထောင် နင် မှတ်မိသေးလား။ နင် ငယ်ငယ်တုန်းက နင့်ဝမ်းကွဲ ကျီဟွေ့က
နင့်အတွက် ကြက်ပေါင်တစ်ချောင်းကို အထူးတလည် ဝှက်ကျွေးခဲ့သေးတယ်လေ။ နင့် မမေ့လောက်ပါဘူး၊
ဟုတ်တယ်မလား။”
ကျီကျောက်၏
စိတ်ထဲတွင် ရုတ်တရတ် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ အသက်သုံးနှစ်အရွယ် ကျီအာ့ထောင်သည်
ညစ်ပေပြီး သွားရည်တမြားမြားကျနေတဲ့ မျက်နှာလေးဖြင့် ကြက်ပေါင်တုံးကြီးကို စိုက်ကြည့်နေခဲ့သည်။
ကြက်ပေါင်တုံးကြီး၏
ပိုင်ရှင်သည် တင်းမာသော မျက်နှာထားနှင့် အသက်ရှစ်နှစ်အရွယ် ဖက်တီးကောင်လေး တစ်ဦး ဖြစ်သည်။
“နင်
ဒါကို စားချင်လား” ဖက်တီးလေးသည် ရုတ်တရက် သူ့မျက်လုံးတွေကို မှေးကျဉ်းပြီး အလွန်မသတီကောင်းစွာ
ပြုံးလိုက်သည်။
တကယ်တမ်းတော့
သူက သူ့ခြေထောက်တစ်ဖက်ကို မြှောက်ပြီး ဘေးနားရှိ ဝါးထိုင်ခုံပေါ်ကို တင်လိုက်ပြီးတော့
ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်၊ “တကယ်လို့ နင် ငါ့ခြေထောက်အောက်ကနေ တွားသွားပြီး သွားမယ်ဆိုရင်
ငါ နင့်ကို ဒီကြက်ပေါင်တုံး ပေးမယ်လေ။ ဘယ်လိုလဲ။”
အဲဒီတုန်းက
မူလကိုယ်သည် ကြက်ပေါင်တုံးကို အရမ်းစားချင်တာကြောင့် သူ ပြောတဲ့အတိုင်း ပြုလုပ်ခဲ့သည်။
ဒါပေမယ့်
သူမ တွားသွားပြီး ထွက်သွားဖို့ လုပ်စဉ်မှာ ဖက်တီးလေးက သူမ၏ နောက်ကျောပေါ် အင်နဲ့အားနဲ့
ဖိနင်းခဲ့သည်။ ထိုနာကျင်မှုက သူမကို အသက်ရှုခက်သွားစေခဲ့သည်။
ကျီကျောက်သည်
နာကျင်မှုဒဏ်ကို မခံနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်မိရာ ထိုအသံသည် အိမ်ထဲတွင်
အရက်သောက်ရင်း စကားစမြည်ပြောဆိုနေကြသော လူကြီးများ၏ အာရုံကို ဆွဲဆောင်မိခဲ့သည်။
လူကြီးတွေရောက်လာတော့
ဖက်တီးလေးက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးခဲ့သည်။
သူ့မြေးကို
အရမ်းသနားသွားသော အမျိုးသမီးရှဲ့သည် မူလကိုယ်ကို ဒေါသတကြီး နှစ်ကြိမ်တိုင်တိုင် ပါးရိုက်ခဲ့သည်။
အဆုံး၌
ဖက်တီးလေးသည် ကြက်ပေါင်တုံးကို သူမရှေ့သို့ ပစ်ချပေးခဲ့သည်။
“ကျွန်မ
မမှတ်မိဘူး” ကျီကျောက်က အမူအရာကင်းမဲ့စွာ ပြောလိုက်သည်၊ “အချိန်လင့်နေပြီ။ ရှင် စောစောပြန်သင့်တယ်။”
“အာ့ထောင်”
အမျိုးသမီးရှဲ့က သူမမျက်လုံးတွေကို စိတ်ပျက်လက်ပျက် မှေးကျဉ်းလိုက်ပြီး ဆူပူလိုက်သည်၊
“နင်က အရမ်းအကြင်နာကင်းမဲ့လွန်းတယ်။ နင့်ဝမ်းကွဲကျီဟွေ့က နင့်အပေါ် အရင်တုန်းက ဘယ်လောက်ကောင်းခဲ့လဲ။
ဒါကို နင်က မေ့ပစ်လိုက်ပေါ့လေ။ အခု သူ ပြဿနာကြုံနေတော့ နင် သူ့ကို အကူအညီပေးသင့်တယ်။
ဒါ့အပြင် တကယ်လို့ ငါ နင့်ကို ရှန်းမိသားစုနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ချက် မချခဲ့ဘူးဆိုရင်
နင် ဒီလောက် ပျော်စရာကောင်းတဲ့ ဘဝမျိုးကို ဖြတ်သန်းနိုင်မှာတဲ့လား။”
“ကျွန်မက
ရှင့်ကို ကျေးဇူးတင်သင့်တယ်လို့ ရှင်ပြောချင်တာလား” ကျီကျောက်က လှောင်ရယ်ရယ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မ ကျီဟွေ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မတတ်နိုင်ဘူး၊ ဒါပေမယ့် ရှင်
ပိုက်ဆံလိုချင်ရင်…”
“ဟုတ်ပြီ။
အဖွားအတွက် နင် ပိုက်ဆံ ဘယ်လောက်ပေးနိုင်မယ်ဆိုတာ ပြောပါဦး” အမျိုးသမီးရှဲ့သည် ပိုက်ဆံဆိုသော
စကားလုံးကို ကြားလိုက်တာနဲ့ သူမရဲ့ မျက်လုံးတွေ တလက်လက် တောက်ပသွားခဲ့သည်။
“တကယ်လို့
ရှင် ပိုက်ဆံလိုချင်ရင် ပိုက်ဆံ အလုံအလောက် ရှိပါတယ်” ကျီကျောက်က မျက်ခုံးပင့်ပြီး
ပြုံးပြုံးလေး ပြောလိုက်သည်။
“အိုင်းယိုး…
အာ့ထောင် နင်က အရမ်းကောင်းတာပဲ။ ငါ အများကြီး မလိုချင်ပါဘူး။ နင် ငါ့ကို အရင်ဆုံး လျန်းငါးဆယ်လောက်
ပေးလိုက်ပါလား” အမျိုးသမီးရှဲ့က ပျော်ရွှင်စွာ ပြောလိုက်သည်၊ “နင် မသိလို့၊ နင့်အဖိုးပန်ရဲ့
အိမ်က အရမ်းဆိုးရွားနေပြီ။ ခေါင်မိုးတွေကိုလည်း ပြန်ပြင်ရမယ်။ မဟုတ်ရင် တကယ့်ကို လူတွေ
မနေနိုင်လောက်တော့ဘူး…”
“အဖွား
ခဏနေကျရင် ကျွန်မ ရှင့်ကို တိုးတိုးတိတ်တိတ်လေး ငွေအချို့ ပေးလိုက်မယ်၊ ဟုတ်ပြီလား”
ကျီကျောက်က တမင်တကာ အသံလျှော့ပြီး ပြောလိုက်သည်၊ “ခဏနေကျ ကျွန်မရဲ့ ယောက္ခမက ဒါကို
မြင်သွားရင် သိပ်မကောင်းဘူး။ ရှင် ကျွန်မကို ခြံအပြင်မှာ ထွက်စောင့်နှင့်လိုက်ပါလား။”
“ကောင်းပြီ၊
ကောင်းပြီ” အမျိုးသမီးရှဲ့က အားတက်သရော ခေါင်းညိတ်သည်။
သူမ ပိုက်ဆံရနိုင်သရွေ့
ဘာပဲဖြစ်ဖြစ် လုပ်နိုင်သည်။
ကျီကျောက်သည်
အမျိုးသမီးရှဲ့ကို ချော့မော့ပြီး ရှန်းမိသားစုအိမ်ခြံဝင်းထဲကနေ ထွက်သွားခိုင်းသည်။
ထို့နောက် သူမသည် ပင်မခန်းထဲသို့ အလျင်စလို ဝင်သွားခဲ့ပြီး ကျောက်လန်ဟွာရဲ့ နားထဲ စကားလုံး
အနည်းငယ်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
“အာ့ထောင်
နင် ဒါကို တကယ်လုပ်ချင်နေတာလား။”