Ch 150
Viewers 12k

အခန်း (၁၅၀) – ဒါက မင်ဟုန်လို့ဆိုပုံပဲ

 

လရောင်သည် မှိုင်းညို့နေသော်လည်း ကျီကျောက်သည် ရှန်းယောင်၏ မျက်ဝန်းထဲရှိ သန္နိဌာန်ချထားမှုကို မြင်နိုင်ပါသေးသည်။

 

“ကျွန်မ ရှင့်ကို ယုံတယ်” ကျီကျောက်က ရုတ်တရက် သူ့အနားသို့ ချဉ်းကပ်သွားပြီး သူမ၏ လက်မောင်းများဖြင့် သူ့ခါးကို ဖက်တွယ်လိုက်သည်။ သူမ၏ ပါးတစ်ဖက်ခြမ်းသည် သူ၏ သန်မာကြံ့ခိုင်သောရင်ဘတ်ပေါ် ပါးအပ်ထားကာ နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်၊ “ရှန်းယောင် ကျွန်မမျက်လုံးထဲမှာ ကျွန်မ တစ်ယောက်ယောက်ကို သဘောကျတယ်ဆိုရင် အသည်းလှိုက်အူလှိုက်ကို သဘောကျတယ်။ တစ်ဖက်လူက အရပ်ရှည်တယ်၊ ပုတယ်၊ ဝတယ်၊ ပိန်တယ်၊ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာက အရေးမကြီးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအရာတွေအားလုံးက ပြင်ပအရာတွေပဲ။ အဲ့ဒီအရာတွေအားလုံးထက် ပိုပြီးအရေးပါတာက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ် နှလုံးသားလို့ ကျွန်မ ယုံကြည်တယ်။”

 

“ကျွန်မ ရှင့်ကိုကြိုက်တယ်။ ကျွန်မ ရှင့်ကိုမြင်လိုက်တိုင်း ရင်ခုန်သံမြန်ဆန်လာတယ်။ အချိန်တိုင်း ရှင့်အနားမှာပဲ နေချင်တယ်၊ ရှင့်အနားမှာရှိနေရင် စိတ်လှုပ်ရှားပြီး ရင်ခုန်သံတွေ မြန်ဆန်လာတယ်။ ကျွန်မ ရှင်နဲ့ အတူရှိတဲ့ စက္ကန့်တိုင်း မိနစ်တိုင်းမှာ အရမ်းပျော်ရွှင်ရတယ်။ ဒီလောက်ဆို လုံလောက်ပြီမလားဟင်။”

 

“ကျွန်မမျက်လုံးထဲမှာ ရှင်က အပြင်ပိုင်းမှာ အေးစက်ပေမယ့် စိတ်ထဲမှာ နွေးထွေးတဲ့ လူမျိုးပဲ။ ရှင်က ကြင်နာတယ်၊ ယဉ်ကျေးတယ်၊ ပညာတတ်တယ်၊ ထက်မြက်တယ်။ ပိုအရေးကြီးတာက ရှင်က အရမ်းချောတယ်လေ” ကျီကျောက်သည် သူ့မျက်ဝန်းထဲ စိုက်ကြည့်ပြီး လေးလေးနက်နက် ဖွင့်ဟဝန်ခံသည်၊ “ရှန်းယောင် ကျွန်မ ရှင့်ကို အရမ်းကြိုက်တယ်။”

 

သူမ၏ မျက်ဝန်းတွေက အလွန်တောက်ပနေ၏။

 

ညကောင်းကင်ယံရှိ ကြယ်လေးတွေထက်တောင် ပိုတောက်ပနေခဲ့သည်။

 

ထိုစကားကိုကြားပြီးနောက် ရှန်းယောင်သည် သူ့ဘယ်ဖက်ရင်ဘတ်ခြမ်းထဲသို့ ပျားရည်များ လောင်းချလိုက်သလို ခံစားလိုက်ရသည်။

 

ဒါက ချိုမြိန်လှ၏။

 

“အာ့ထောင်” ရှန်းယောင်သည် သူ့ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ မျက်နှာလေးကို ကိုင်ကာ သူမ၏ နှုတ်ခမ်းပါးပေါ် နူးညံ့ညင်သာစွာ ဂရုတစိုက် နမ်းရှိုက်လိုက်သည်…

 

အလွန်ရင်းနှီးကျွမ်းဝင်သည့် အပြုအမူများဖြင့် ပွေ့ဖက်ထားသော ပုံရိပ် နှစ်ခုကို မြင်လိုက်ရသဖြင့် လသော်တာသည် တိမ်မည်းညိုများ၏ နောက်သို့ ရှက်ရှက်ဖြင့် ပုန်းကွယ်သွားခဲ့သည်။

 

ဆောင်းဦးရာသီ အစောပိုင်းကာလတွင် လေသည် အေးစက်သည့် အငွေ့အသက်ကို သယ်ဆောင်လာခဲ့သည်။

 

သို့ရာတွင် ပွေ့ဖက်ထားသည့် လူနှစ်ယောက်၏ ရင်တွင်းမှာတော့ ပူလောင်နေသလို ခံစားနေရသည်။

 

ည ကိုးနာရီ ပတ်ဝန်းကျင်။

 

ကုတင်ပေါ်တွင် လဲလျောင်းနေပြီးဖြစ်သော ကျီကျောက်သည် ပြုံးကာ ကြမ်းပြင်ပေါ်တွင် အိပ်နေရသော အမျိုးသားကို ကြည့်ကာ တိတ်တဆိတ် မျက်ခုံးပင့်လိုက်သည်။

 

“ရှန်းယောင် ကောင်းသောညပါ”

 

ကျီကျောက်သည် ချိုမြိန်စွာ ပြုံးလိုက်ပြီးနောက် သူမ၏ မျက်ဝန်းထဲကို မှိတ်ကာ အိမ်မက်ကမ္ဘာထဲ အလည်သွားခဲ့သည်။

 

“ကောင်းသောညပါ၊ အိပ်မက်လှလှမက်ပါစေ။”

 

ရှန်းယောင်သည် ဒီနေ့ညတွင် အလွန်စိတ်ပျော်နေသည်။

 

သူ ကြမ်းပြင်ပေါ်မှာသာ လှဲအိပ်ရပေမယ့် သူ အရမ်းပျော်နေသလို ခံစားရသည်။

 

ညသည် ထင်ရှားသောဖြစ်ရပ် မရှိဘဲ ကုန်လွန်သွားခဲ့သည်။

 

နောက်တစ်နေ့တွင် ကျီကျောက်နှင့် ရှန်းယောင်တို့ နံနက်စာစားနေချိန်တွင် လက်ထောက်ဆိုင်ရှင်ယို့သည် ရွှင်မြူးနေသော မျက်နှာထားဖြင့် သူတို့ဇနီးမောင်နှံထံ လှမ်းလာခဲ့သည်။

 

“အဆင်ပြေသွားပြီ” လက်ထောက်ဆိုင်ရှင်ယို့က စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်၊ “အာ့ထောင် ငါ ဆိုင်ရှင်ဆီကနေ နင့်ကို ဆိုင်ငှားဖို့ သဘောတူညီချက် ရထားပြီးပြီ။ သူက နင့်ကို ငှားရမ်းခ သုံးလ ကင်းလွတ်ခွင့်ပါ ပေးလိုက်သေးတယ်။”

 

“တကယ်လား” ကျီကျောက်က စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်သည်၊ “ဒါက အရမ်းကောင်းတာပဲ။”

 

“ကျေးဇူးပါ အစ်ကိုယို့” ရှန်းယောင်က အမြန်ထရပ်ပြီး လက်ထောက်ဆိုင်ရှင်ယို့ကို ကျေးဇူးတင်လိုက်သည်။

 

“ငါတို့ရဲ့ ခင်မင်မှုအရ ဒီလောက်ကြီး မယဉ်ကျေးကြပါနဲ့” လက်ထောက်ဆိုင်ရှင်က တမင်တကာ မျက်နှာရှုံ့ပြီး ပြောလိုက်သည်၊ “မြန်မြန်… မြန်မြန်… ထိုင်ကြပါ။ ဆိုင်ကို ငှားရမ်းဖို့ ဆွေးနွေးကြရအောင်။”

 

“တကယ်တော့ အာ့ထောင်က ဆိုင်ကို ငှားရမ်းဖို့ စိတ်ဝင်စားနေတယ်လို့ ငါ ဆိုင်ရှင်ရှေ့မှာ ပြောခဲ့ဖူးတယ်” လက်ထောက်ဆိုင်ရှင်ယို့က ရွှင်မြူးစွာ ပြောလိုက်သည်၊ “ပြောရရင် မနေ့က နင် မားအိမ်တော်မှာ ချက်ပြုတ်ခဲ့တဲ့ ဟင်းလျာတွေက တကယ့်ကို ထူးကဲလွန်းတယ်။ သခင်မကြီးမားက အဲဒီဟင်းပွဲတွေကို အထူးကြိုက်နှစ်သက်တော့ ဆိုင်ရှင်က ပိုပျော်သွားတာပေါ့။ ငါ ဒီဆိုင်အကြောင်းကို ထပ်ပြောလိုက်တာနဲ့ ဒီတစ်ခါတော့ အတည်ဖြစ်သွားခဲ့ပြီ။”

 

လက်ထောက်ဆိုင်ရှင်ယို့သည် သူ့အင်္ကျီလက်ထဲမှ စာချုပ် တစ်စောင်ကို ထုတ်ယူလိုက်သည်၊ “ဒါက ဆိုင်ရှင်ပေးလိုက်တဲ့ အငှားစာချုပ်ပါ။ တတိယညီလေးရှန်း၊ အာ့ထောင်၊ တစ်ချက် စစ်ကြည့်လိုက်ပါဦး။ အဆင်မပြေတာ ရှိ မရှိ ငါတို့ ဆွေးနွေးကြတာပေါ့၊ ဟုတ်ပြီလား။”

 

“ဟုတ်ကဲ့ပါ” ကျီကျောက်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီးတော့ စာချုပ်ကို သေချာဖတ်ကြည့်လိုက်သည်။

 

မကြာခင်မှာပဲ ရှန်းယောင်က တစ်ခုခု မှားနေပြီဆိုတာကို သိလိုက်ရသည်။

 

“အစ်ကိုယို့ ဒီမှာ ရေးထိုးထားတဲ့ လက်မှတ်က မင်ဟုန်လို့ဆိုပုံပဲ။”