Ch 154
Viewers 12k

အခန်း (၁၅၄) – ကိုယ် အခုချိန်ကစပြီး ကိုယ့်ဇနီးစကားကိုအမြဲနားထောင်ပါ့မယ်

 

ဒီဝိုင်ခွက်ကို ဘယ်လိုငြင်းပယ်ရင်ကောင်းမလဲဆိုတဲ့ စကားလုံးကို အတင်း ဦးနှောက်ကို အလုပ်ပေးပြီး စဉ်းစားနေတဲ့ ကျီကျောက်သည် ရှန်းယောင်က ရုတ်တရက် ထပြောလာတာကိုကြားတော့ ဝမ်းသာသွားသလို အနည်းငယ်လည်း စိုးရိမ်သွားခဲ့မိသည်။

 

“ကောင်းပြီ” ချင်မင်ဟုန်၏ မျက်နှာပေါ်ရှိ အပြုံးက ပိုလို့တောင် တောက်ပလာခဲ့သည်၊ “ဒါဆို ဒီနေ့ မမူးမချင်း သောက်ကြရအောင်၊ ဟုတ်ပြီလား။”

 

“ခင်ဗျားနဲ့ အတူသောက်ခွင့်ရတာ ဝမ်းမြောက်မိပါတယ်” ရှန်းယောင်သည် သူ့ဝိုင်ခွက်ထဲရှိ ဝိုင်များကို အပြတ်ရှင်းသောက်လိုက်တာကိုမြင်ပြီး ချင်မင်ဟုန်တစ်ယောက် ပြုံးလိုက်မိပေမယ့် သူ့အပြုံးက မျက်လုံးထိ မရောက်ဘူး။

 

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်သား တိတ်တဆိတ် ယှဉ်ပြိုင်လာခဲ့ကြသည်။

 

ကျီကျောက်နှင့် လက်ထောက်ဆိုင်ရှင်ယို့တို့နှစ်ယောက်လုံး ကြက်သေ သေနေကြသည်။

 

နာရီဝက်မပြည့်မီတွင် ဟောသွန်းဝိုင်အိုးသည် ဖင်ကပ်လေးသာ ကျန်ရှိတော့သည်။

 

“လက်ထောက်ဆိုင်ရှင်ယို့ ရှောက်ရှင်းနွီအာဟုန်ဝိုင် နှစ်အိုး ထပ်သွားယူချေ” ချင်မင်ဟုန်က သူရဲကောင်းပီသတဲ့ အသံနှင့် ပြောလိုက်သည်။

 

“ဒါက… သခင်လေး အဲဒီရှောက်ရှင်းနွီအာဟုန်ဝိုင်က ဟောသွန်းဝိုင်ထက် ပိုပြင်းတယ်။ ကျွန်တော်တို့ ဘာဖြစ်လို့ အရင်ဆုံး မစားသောက်ကြတာလဲ။”

 

“သွားယူ”

 

“ဟုတ်တယ်။ ကျေးဇူးနော် အစ်ကိုယို့” ရှန်းယောင်က ပျော့ညံ့တဲ့ လက္ခဏာမပြသပဲ ပြောလာခဲ့သည်၊ “ဒီသစ်သီးဝိုင်က အရမ်းပျော့တယ်။”

 

လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် အကြပ်အတည်းဖြစ်နေချိန်မှာ ကျီကျောက်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီး အမူအရာကင်းမဲ့စွာ ပြောလာခဲ့သည်၊ “တကယ်လို့ ရှင်တို့ ကျွန်မ ချက်ပြုတ်ထားတဲ့ အစားအစာတွေကို မစားချင်ရင် မစားကြနဲ့။ ရှင်တို့ ဘာဖြစ်လို့ အောက်ထပ်ကို ဆင်းပြီး ဝိုင်ကို အဝမသောက်ကြတာလဲ။”

 

ကျီကျောက် တကယ်ဒေါသထွက်သွားသည်။

 

မူလက ဝိုင်သောက်ပြီး ယစ်မူးနေသော အမျိုးသားနှစ်ယောက်သည် တိတ်တိတ်လေး ခေါင်းညိတ်ကာ ဝိုင်ကို ထပ်မတောင်းဝံ့ကြတော့ပေ။

 

“အသီးအရွက်တွေကို အရင်ဆုံးစား” ကျီကျောက်သည် ရှန်းယောင်၏ ပန်းကန်ထဲကို ကူကယ်ရာမဲ့စွာ အသီးအရွက်တွေ ထည့်ပေးပြီး ရှန်းယောင်ကို ညင်သာစွာ အကြံပေးခဲ့သည်၊ “နောင်မှာ သေရည်အရက်ကို အရမ်း အစောတလျင် မသောက်နဲ့။ ရှင့်ဗိုက်ထဲမှာ အစာမရှိဘဲ သောက်တာက ရှင့်ကျန်းမာရေးအတွက် မကောင်းဘူး။”

 

“ကောင်းပါပြီ” ရှန်းယောင်က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်၊ “ကိုယ် အခုချိန်ကစပြီး ကိုယ့်ဇနီးစကားကိုပဲ နားထောင်ပါတော့မယ်။”

 

ဒါကိုကြားတော့ ချင်မင်ဟုန်သည် အတော်လေး နားကြားပြင်းကတ်သလို ခံစားလိုက်ရသည်။

 

ကဏန်းစားနေသော လက်ထောက်ဆိုင်ရှင်ယို့သည်လည်း ဒီနေ့လည်စာဝိုင်း၏ လေထုသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ အဆိုပါခံစားချက်မှာ ငြိမ်သက်နေသော ရေပြင်ကြီးပေါ်တွင် ရေလှိုင်းများ တဟုန်ထိုး မြင့်တက်လာသလိုမျိုး ခံစားချက်ပင်။

 

ဒါပေမယ့် ဒီကဏန်းအစပ်က တကယ်အရသာရှိတယ်။

 

“မိန်းကလေးအာ့ထောင် မင်းရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး” ဝက်သားဟင်းကို မြည်းစမ်းလိုက်တဲ့ ချင်မင်ဟုန်က ချီးမွမ်းလာခဲ့သည်၊ “ဒီဝက်သားဟင်းက အဆီများပေမယ့် ဆီများသလို မခံစားရဘူး။ ဒါ့အပြင် သေသေချာချာ မြည်းစမ်းကြည့်တဲ့အခါမှာ မွှေးရနံ့လေး တစ်ခုကိုတောင် ခံစားရသေးတယ်။”

 

“သခင်လေး ရှင် အဲ့တာက အရသာကောင်းတယ်လို့ထင်ရင် များများစားပါ” ကျီကျောက်က ပြုံးလိုက်သည်။

 

“ဟုတ်တယ်” လက်ထောက်ဆိုင်ရှင်ယို့သည်လည်း မချီးကျူးဘဲ မနေနိုင်ပေ။ “ဒီအနံ့က ပင်လုံးကြိုင်ပန်းရနံ့နဲ့ နည်းနည်းတူပုံပဲ။”

 

“အစ်ကိုယို့ အစ်ကို့မှာ တကယ့်ကို ကောင်းမွန်တဲ့ အရသာခံအာရုံရှိနေတာပဲ” ကျီကျောက်က သူ့ကို လက်မထောင်ပြပြီး စိတ်ပါလက်ပါ ချီးကျူးလိုက်သည်၊ “ညီမ ဒီဝက်သားဟင်းကို ချက်တုန်းက ဆော့စ်ထဲက ပင်လုံးကြိုင်ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် နည်းနည်းထည့်ထားတယ်။ ညီမ အစတုန်းက ဝက်ဗိုက်သားရဲ့ အအီဓာတ်ကိုပြယ်စေဖို့ ဒီပင်လုံးကြိုင်ပျားရည်ကို အသုံးပြုဖို့ ရည်ရွယ်ထားပေမယ့် သူက ဝက်သားဟင်းရဲ့ အရသာကို တိုးမြင့်ပေးလိုက်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။”

 

“အာ့ထောင် ငါတို့ စီးပွားရေးလုပ်နေကြတာ။ နင် ဒီဝက်သားဟင်းချက်နည်းကို ငါတို့စားသောက်ဆိုင်ကို ရောင်းချပေးနိုင်မလား” လက်ထောက်ဆိုင်ရှင်ယို့သည် စီးပွားရေးအခွင့်အလမ်းကို မြင်သည်နှင့် ကျီကျောက်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

 

ကျီကျောက်က ခေါင်းခါလိုက်သည်။

 

“တကယ်လား

 

“ဒါပေါ့၊ ညီမ ဒါကို ရောင်းချဖို့ မရည်ရွယ်ထားဘူး၊ ဘာဖြစ်လို့လဲဆိုတော့…” ကျီကျောက်က ပြုံးပြီး သူ့ကို သိချင်စိတ် ပြင်းပြအောင် ခဏလောက် စကားရပ်ပြီးနောက် ဆက်ပြောလာခဲ့သည်၊ “ဘာဖြစ်လို့လဲဆိုတော့ ညီမ အရင်ကတည်းက ဒီဟင်းချက်နည်းကို အစ်ကို့ကို ပေးဖို့ ရည်ရွယ်ပြီးသားမို့ပါ။”

 

မူလက အနည်းငယ် စိတ်ပျက်သွားသော လက်ထောက်ဆိုင်ရှင်ယို့သည် ဒီစကားကိုကြားသောအခါ သူ့မျက်လုံးတွေ တလက်လက် တောက်ပသွားခဲ့သည်။ “တကယ်လား။”

 

“ဟုတ်” ကျီကျောက်က လေးလေးနက်နက် ခေါင်းညိတ်သည်၊ “လူကြီးလူကောင်းတစ်ယောက်က သူ့စကားတွေကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး။ ဒီတစ်ခါ ညီမတို့ ဒီဆိုင်ကို ငှားရမ်းနိုင်ခဲ့တဲ့အတွက် အစ်ကို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒါ့အပြင် အစ်ကို ဆိုင်ငှားခ သုံးလစာ သက်သာအောင် ကူညီပေးခဲ့သေးတယ်လေ။ အစ်ကိုယို့ ညီမတို့ အစ်ကို့ကို တကယ်ကျေးဇူးတင်ပါတယ်။”

 

“အာ့ထောင်၊ နင် အရမ်းသိတတ်လွန်းရာရောက်နေပါပြီ…”

 

“မိန်းကလေးအာ့ထောင်” ချင်မင်ဟုန်က ရုတ်တရက် သူ့လက်ထဲမှ တူကို အောက်ချလိုက်ပြီး သူမကို စူးစိုက်ကြည့်လိုက်သည်၊ “တကယ်လို့ ငါ နောက်ထပ် တစ်နှစ်စာ ဆိုင်ငှားခကို ကင်းလွတ်ခွင့်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် မင်း ကျွန်တော့်ကို နောက်ထပ် ထမင်းတစ်နပ်လောက် ချက်ကျွေးလို့ရမလား။”

 

“ဟင့်အင်း” ကျီကျောက်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

 

ချင်မင်ဟုန်၏ မျက်နှာပေါ်ရှိ အပြုံး အေးခဲသွားခဲ့သည်။