အခန်း (၁၅၆) – တစ်ကောင်တည်းပဲ စားမယ်လေ
ကျီကျောက်က သူ့စကားမဆုံးခင်မှာ သူမ၏ နှုတ်ခမ်းတွေက
သူမရှေ့ရှိ လူကို တံဆိပ်ခတ်ပြီးသားပင်။
ယခင်နှင့်မတူညီစွာပဲ ရှန်းယောင်သည် သောက်ထားသောကြောင့်
ပိုလို့တောင် အရိုင်းဆန်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျီကျောက်သည် အသက်ရှုမဝသလိုပင်
ခံစားလိုက်ရသည်…
သူမသည် ကမ်းပေါ် ပစ်တင်ခံလိုက်ရတဲ့ ငါးတစ်ကောင်လို
အသက်ရှုမဝသလို ဖြစ်သွားခဲ့ကာ သူမတစ်ကိုယ်လုံး အောက်စီဂျင် ပြတ်တောက်သွားခဲ့လေ၏။
“ရှန်းယောင်…” ကျီကျောက်က သူ့ကို ခက်ခက်ခဲခဲ
တွန်းထုတ်ပြီး တိုးတိုးလေး ပြောလိုက်သည်၊ “ကျွန်မ တကယ် အသက်ရှုလို့မရတော့ဘူး။”
“အာ့ထောင်…”
“အင်း…”
ကျီကျောက်သည် သူ၏ အသက်ရှုသံ နွေးနွေးအောက်တွင်
ကျရှုံးသွားခဲ့သည်။ သူမသည် မသိစိတ်က တွန့်ဆုတ်သွားမိသော်လည်း နောက်ဆုံးတွင် မနေနိုင်ဘဲ
ရှေ့သို့ တိုးသွားမိခဲ့သည်…
သူမသည် အိပ်ပျော်နေပြီဖြစ်သော ရှန်းယောင်၏
ခန္ဓာကိုယ်ပေါ် ပစ်လှဲမှီချလိုက်မိသည်။
ကျီကျောက်သည် သူ့ခန္ဓာကိုယ်ပေါ်မှ ထရန်
ဂရုတစိုက် ကြိုးစားလိုက်သော်လည်း ရှန်းယောင်၏ လက်တွေက သူမ၏ ခါးလေးကို တင်းတင်းကြပ်ကြပ်
ပွေ့ဖက်ထားသည်…
သူမ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ကျီကျောက်သည် အကြိမ်ပေါင်းများစွာ ထရန်
ကြိုးစားသော်လည်း မအောင်မြင်သဖြင့် လက်လျှော့ဖို့ကိုသာ ရွေးချယ်ခဲ့သည်။
ခဏအကြာတွင် ကျီကျောက်သည် အိပ်ပျော်သွားတော့မလို
ခံစားလိုက်ရသည်။ သူမသည် သက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလဲလိုက်ပြီး ရှန်းယောင်၏
လက်မောင်းထဲသို့ တိုးဝင်ကာ သူမ၏ မျက်လုံးတွေကို ညင်သာစွာ မှေးစက်လိုက်သည်။ ခဏအကြာတွင်
သူမထံမှ ဟောက်သံတိုးတိုးလေး ပေါ်ထွက်လာခဲ့သည်။
သို့ပေမယ့် ကျီကျောက် မသိခဲ့တာက သူမ အိပ်ပျော်သွားတဲ့
အချိန်မှာ သူမကို ဖက်တွယ်ထားသည့် အမျိုးသား၏ မျက်လုံးတွေက ပွင့်ဟလာခဲ့တယ်ဆိုတာပင်။
သူ့နှုတ်ခမ်းပါးတွေက ခပ်ဖျော့ဖျော့ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားခဲ့သည်။
ဆောင်းဦး၏ နွေးထွေးသော နေရောင်ခြည်သည်
ပြတင်းပေါက်မှ တဆင့် ဖြတ်သန်းဝင်ရောက်လာကာ အညိုရောင် ကြမ်းပြင်ပေါ် ကျဆင်းလာခဲ့သည်။
ခပ်ဖျော့ဖျော့အလင်းရောင်အောက်တွင် ဝိုးတဝါး အရိပ်လေးများ ပေါ်တလှည့် ပျောက်တလှည့် ရှိချေ၏။
တိတ်ဆိတ်နေသော အခန်းထဲတွင် နှစ်ယောက်သား
ပွေ့ဖက်ထားရင်း အိပ်မောကျသွားခဲ့သည်။
နေဝင်ရီတရောမှာ ရွှေကျီးကန်းသည်လည်း အနောက်ဘက်အရပ်သို့
ချဉ်းနင်းဝင်ရောက်သွားခဲ့ပြီ။
နေမင်း၏ အလင်းရောင် ကွယ်ပျောက်သွားချိန်တွင်
တင်းယွမ်ခရိုင်တစ်ခုလုံးကို တိတ်ဆိတ်ပြီး လှပသော လေထုဖြင့် ဖုံးအုပ်ထားလေ၏။
ကျီကျောက် အိပ်ရာနိုးလာသောအခါတွင် ရှန်းယောင်သည်
သူတို့၏ ခရီးဆောင်အိတ်ကို ထုပ်ပိုးပြင်ဆင်ထားပြီးပြီဖြစ်သည်။
“ရှန်းယောင် ဘယ်အချိန် ရှိပြီလဲ” ကျီကျောက်သည်
အိပ်ချင်မူးတူးဖြင့် သူမ၏ မျက်လုံးတွေကို ပွတ်သပ်ကာ တိုးတိုးလေး မေးလိုက်သည်၊ “ကျွန်မတို့
ဘယ်လောက်တောင် အိပ်လိုက်တာလဲ။”
“လေးနာရီလောက် အိပ်လိုက်မိတယ်” ရှန်းယောင်က
သူမလက်ထဲ ရေနွေးတစ်ခွက် ထည့်ပေးပြီး နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်၊ “အာ့ထောင် ကိုယ်တို့
ခဏနေကျရင် အိမ်တန်းပြန်မှာလား။”
“အင်း” ကျီကျောက်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူမက ရှန်းယောင်ကို ကြည့်ပြီး သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်၊ “ရှင်
အခု အရက်မူးနေတုန်းလား။”
“အင်း ကိုယ် မမူးတော့ပါဘူး” ရှန်းယောင်က
ရှက်ရွံ့စွာ အဝေးသို့ အကြည့်လွှဲလိုက်သည်၊ “ကိုယ် မူးနေတုန်းက မင်းကို အနိုင်ကျင့်မိသေးလား။”
“ရှင် ကျွန်မကို အနိုင်ကျင့်တာ ကြိုက်ပါတယ်…”
ကျီကျောက် ရုတ်တရက် သူ့အနားကို လျှောက်လာပြီး သူ့ကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်သည်၊
“ဒါက ရှင် ကျွန်မကို အနိုင်ကျင့်တဲ့အတွက် ဆုလာဘ်ပဲ။ ရှင် သဘောကျလား။”
“အင်း” ရှန်းယောင်က ဝမ်းသာအားရ ပြုံးလိုက်သည်။
သူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး
ပြုံးလိုက်ကြရာ သူတို့၏ မျက်နှာပေါ်တွင် အရူးလိုအပြုံးမျိုးကို အချင်းချင်း တွေ့လိုက်ရသည်။
ညသည် တိတ်ဆိတ်ပြီး ညကောင်းကင်တွင် ကြယ်ပွင့်လေးများ
ပြည့်နှက်နေသည်။
ရှန်းမိသားစုအိမ်ခြံဝင်း။
ကျောက်လန်ဟွာသည် အလုပ်များနေသော ကျီကျောက်ကို
ကြည့်ကာ ရင်နာသွားခဲ့သည်၊ “အာ့ထောင် ထိုင်ပြီး အနားယူပါဦး။ ဒီမှာ ဟင်းပွဲ အလုံအလောက်
ရှိနေပါပြီဟယ်။”
“ရပါတယ် အမေရယ်။ သမီး လုံးဝ မပင်ပန်းပါဘူး”
ကျီကျောက်က ရွှင်ရွှင်ပျပျ ပြောလိုက်သည်၊ “အစ်ကိုယို့က လူတစ်ယောက် လွှတ်ပြီး ကဏန်းတွေ
အများကြီး ပို့ပေးလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ သမီး နောက်ထပ် ကြက်ဥအနှစ်ကဏန်းကင်ကို
လုပ်ပြီးရင် ပြီးပါပြီ။ မနက်ဖြန်မနက်ကျရင် သမီး ကဏန်းဆန်ပြုတ်နဲ့ ကဏန်းလက်မခေါက်ဆွဲ
လုပ်ပေးမယ်။”
“ရတယ်၊ ရတယ်၊ ရတယ်။ ဒီကဏန်းတွေကို နင်
ကြိုက်သလိုလုပ်လို့ရတယ်၊ ဒါပေမယ့် နင် အခုတော့ အမေပြောတာကို နားထောင်ချေ။ အခုချက်ချင်း
နင့်လက်ထဲက ယောက်မကို အောက်ချလိုက်တော့။ အနားယူချိန်ရောက်ပြီ” ကျောက်လန်ဟွာက တမင်တကာ
တည်ထားသော ခပ်တည်တည် မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကောင်းပါပြီ၊ သမီး အမေ့စကားကို နားထောင်ပါ့မယ်”
ကျီကျောက်က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။
ပင်မအခန်းတွင် ဒုတိယမရီးရှန်းက အဆိုပါ
အရသာရှိသော ကဏန်းများကို ငေးကြည့်ရင်း သွားရည်ကျလုမတတ် ဖြစ်နေသည်။
“အမေ ဒါက အရမ်းအရသာရှိမယ့်ပုံပဲ။ သမီး
တစ်ကောင်လောက်ပဲ စားလို့ရမလားဟင်။ တစ်ကောင်တည်းပါပဲ။”