Ch 163
Viewers 12k

အခန်း (၁၆၃) – အာ့ထောင် မင်းက တကယ့် အဆိုးလေးပဲ


ရှန်းယောင်က ဘာမှ ရှောင်စရာ မလိုဘဲ အရသာ ပေါ့ပါးသည့် အစားအသောက်များကိုသာ ထိန်းထိန်းသိမ်းသိမ်း စားသောက်ဖို့ လိုအပ်ကြောင်း သိလိုက်ရတော့ ကျီကျောက်တစ်ယောက် လုံးဝ စိတ်သက်သာရာရသွားခဲ့သည်။


တကယ်တော့ ရှန်းယောင် ရုတ်တရက် မူးလဲသွားတဲ့ ဖြစ်ရပ်က အရမ်းစိုးရိမ်စရာကောင်းသည်။


“ဒါနဲ့ စကားမစပ် သမားတော် ကျွန်မ မေးချင်တာလေးရှိတယ်၊ ကျွန်မခင်ပွန်းရဲ့ ခြေထောက်တွေကလေ ကုသနိုင်ဖို့ မျှော်လင့်ချက်ရှိလား” ကျီကျောက်သည် တစ်ခဏတာမျှ စဉ်းစားပြီးတော့ မမေးမြန်းဘဲ မနေနိုင်ခဲ့ပေ။


မူရင်းစာအုပ်တွင် ရှန်းယောင်၏ ခြေထောက်ကို ရှန်းဟယ်ကျန်းရန် အမည်ရှိ အံ့ဖွယ်သမားတော်က နောက်ပိုင်းတွင် ကုသပေးခဲ့သည်ကို သူမ အမှတ်ရမိသည်။


သို့သော် ရှန်းယောင်၏ ခြေထောက်တွေက မကြာမီ ပြန်ကောင်းလာလိမ့်မည်ဟု သူမ မျှော်လင့်နေဆဲပင်။


ကျီကျောက်၏ မျှော်လင့်ချက်အကြည့်ကိုတွေ့လိုက်ရာ သမားတော်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။


တကယ်တော့ ရှန်းယောင် ခြေထောက်ကျိုးသွားပြီးနောက် ရှန်းမိသားစုသည် တင်းယွမ်ခရိုင်တစ်ဝိုက်က သမားတော်တွေအားလုံးကို ရှာဖွေကုသခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့ခြေထောက်တွေကို ကုသနိုင်လိမ့်မယ်လို့ ဘယ်သူမှ မပြောခဲ့ဘူး။


“ကျွန်မ နားလည်ပါတယ်။ ကျေးဇူးပါ သမားတော်” ကျီကျောက်သည် မှုန်မှိုင်းစွာ ပြန်ဖြေပြီး အားတင်းပြုံးပြလိုက်သည်။


ဤမြင်ကွင်းကို မြင်လိုက်ရသော ချင်မင်ဟုန်သည် တိတ်တဆိတ် မျက်ခုံးပင့်လိုက်သည်။


နောက်ဆုံးတွင် သူသည် သူမထံသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ စိုးရိမ်ဟန်ဆောင်ကာ မေးလိုက်သည်။


“မိန်းကလေးကျီ မင်းခင်ပွန်း အဆင်ပြေရဲ့လား။”


“သူ အဆင်ပြေပါတယ်” ကျီကျောက်က ယဉ်ကျေးစွာ ပြုံးပြလိုက်သည်၊ “ရှင့်စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။”


“ရပါတယ်။”


ကျီကျောက်က လှည့်ပြီး ရှန်းယောင်ကို ပြုစုဖို့ ပြန်သွားခါနီးမှာ ချင်မင်ဟုန်က “ခဏ…” ဟု အော်လိုက်သည်။


“ရှင်…”


“မိန်းကလေးကျီ၊ ကျွန်တော် အစောတုန်းက ခင်ဗျားကို ပြောချင်တာက ကျီဟွေ့က ပါးဖန်းခယ့်ကို ထပ်မလာတော့ဘူးလို့ဆိုတာပါ။”


လက်ဖြတ်ခံထားရသူသည် အန်စာတုံးကို မည်သို့ ဆက်လက်ကစားနိုင်မည်နည်း။


“ကောင်းပြီ။”


“ရှန်းယောင်ရဲ့ ခြေထောက်ဒဏ်ရာကို ကုသပေးချင်နေတာလားလို့ ကျွန်တော် မိန်းကလေးကျီကို မေးချင်ပါတယ်” ချင်မင်ဟုန်က နူးညံ့သိမ်မွေ့စွာ ပြောလာခဲ့သည်၊ “လွန်ခဲ့တဲ့ သုံးလလောက်က ယွင်ချွမ်စီရင်စုကို အလုပ်ကိစ္စနဲ့ သွားတုန်းက ယွင်ချွမ်စီရင်စုမှာ နာတာရှည်ရောဂါတွေကို အထူးကုသပေးတဲ့ နာမည်ကြီး သမားတော်တစ်ယောက် ရှိတယ်လို့ ကျွန်တော် ကြားခဲ့တယ်။”


“တကယ်လား” ကျီကျောက်၏ မျက်လုံးတွေက ချက်ချင်းဆိုသလို လင်းလက်တောက်ပလာခဲ့သည်၊ “ဒါဆို အဲ့သမားတော်ရဲ့ နာမည်ကိုရော ရှင်သိလား။”


ချင်မင်ဟုန်က ခေါင်းခါပြလိုက်တာကြောင့် ကျီကျောက်တစ်ယောက် စိတ်ပျက်သွားခဲ့သည်။


“ဒါပေမယ့် မိန်းကလေးကျီ သိချင်တယ်ဆိုရင် ကျွန်တော် နည်းလမ်းရှာလိုက်ပါ့မယ်” ချင်မင်ဟုန်က သူမရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး အလေးအနက် ကတိပေးသည်။


“ကျေးဇူးပါ” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်။


ရှန်းယောင်သည် အနီးပတ်လည်ကို မျက်လုံးလှည့်ကြည့်တော့ ပျော်ရွှင်စွာ စကားပြောနေသည့် သူတို့ကို မြင်လိုက်ရသည်။


သူ ချက်ချင်းဆိုသလို စိတ်ထဲ မွန်းကြပ်သွားသလို ခံစားလိုက်ရသည်။


အဟွတ်… အဟွတ်…


“ရှန်းယောင်…” ကျီကျောက်က သူ့အသံကိုကြားတာနဲ့ အမြန်လှမ်းလာပြီး သူ့ကို ထူမပေးသည်၊ “ရှင် နိုးလာပြီလား။ အခု သက်သာသလို ခံစားရလား။”


“ကိုယ် အဆင်ပြေပါတယ်” ရှန်းယောင်က သူ့လက်မောင်းကို သူမ ပခုံးပေါ် ဖေးတင်ပြီး သူ့ရဲ့ နူးညံ့သိမ်မွေ့သော မျက်လုံးများထဲတွင် မကျေနပ်ချက်များ ဖြည့်စွက်ထားသည်၊ “ကိုယ် နည်းနည်းလေး ဗိုက်ဆာနေရုံပါပဲ။”


“ဒါဆို အိမ်ကိုမြန်မြန်ပြန်ရအောင်လေ။ ကျွန်မ ရှင့်အတွက် ချက်ပြုတ်ပေးမယ်။”


“အင်း”


ကျီကျောက်သည် ရှန်းယောင်ကို လျင်မြန်စွာ တွဲပြီး မတ်တပ်နိုင်ဖို့ ကူညီပေးခဲ့သည်။ သူမ ထွက်သွားသောအခါ ချင်မင်ဟုန်အား ယဉ်ကျေးစွာ ဦးတစ်ချက်ညွှတ်ပြခဲ့သည်။


ချင်မင်ဟုန်က ပြန်ပြုံးပြလိုက်သော်လည်း သူ့အကြည့်တွေက ရှန်းယောင်၏ မျက်နှာပေါ် အမှတ်တမဲ့ ကျရောက်သွားခဲ့သည်။


ထိုအခိုက်အတန့်တွင် ရှန်းယောင်၏ မျက်နှာသည် နီမြန်းနေပြီး သူ့ခြေလှမ်းတွေက တည်ငြိမ်နေသည်။ သူက တစ်ယောက်တည်း မတ်တပ်ရပ်နိုင်တာ သိသာထင်ရှားပေသည်။


သူ့ရဲ့ အချုပ်အခြာအာဏာကို ကြေငြာဖို့အတွက် မိန်းကလေးကျီရဲ့ ပခုံးပေါ် တမင်တကာ မှီတွယ်နေခဲ့တာ ထင်ရှားသည်။


ဒီလို ကလေးဆန်တဲ့နည်းလမ်းက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ…


ဒေါသထွက်လိုက်တာ…


ညကိုးနာရီတွင်၊ ညသည် တိတ်ဆိတ်သွားသည်။


စားသောက်ဆိုင်မှ ရထားလုံးကို ငှားရမ်းပေးခဲ့သော လက်ထောက်ဆိုင်ရှင်ယို့၏ အကူအညီကြောင့် ကျီကျောက်တို့သည် ရှန်းမိသားစုအိမ်ခြံဝင်းဆီသို့ အောင်မြင်စွာ ပြန်ရောက်လာခဲ့ကြသည်။


ကျီကျောက်သည် ရှန်းယောင်ထံသို့ လောလောလတ်လတ် ချက်ပြုတ်ထားသော မှိုဖြူကြာစေ့စွပ်ပြုတ်ကို ယူဆောင်လာပေးခဲ့သည်။

 

“ကျေးဇူးပါ” ရှန်းယောင်က သူ့လက်ထဲက စာအုပ်ကို ချပြီး သူမကို ညင်သာစွာ ကျေးဇူးတင်လိုက်သည်။


“ကျွန်မ ရှင့်အတွက် အထူးတလည် သကြားနည်းနည်းထည့်ပေးထားတော့ အရသာက ပိုချိုနေလိမ့်မယ်” ကျီကျောက်က သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်လိုက်ပြီး သူမလက်ပေါ် မေးစေ့တင်ကာ သူ့ကို ထိုင်ကြည့်နေခဲ့သည်။ သူမက တိတ်တဆိတ် ပြုံးလိုက်မိသည်၊ “ရှင်က ကြာစေ့ကို အကြိုက်ဆုံးပဲ အမေက ပြောတယ်၊ ဟုတ်ရဲ့လားဟင်။”


“အင်း” ရှန်းယောင်က အသာခေါင်းညိတ်ပြသည်၊ “ကြာစေ့ရဲ့ အလယ်က အရမ်းခါးလွန်းတယ်။”


“ဒါပေမယ့် ဆေးကောင်းက ခါးတယ်လေ” ကျီကျောက်က သူ့ကို ပြုံးပြုံးလေး ဖျောင်းဖျခဲ့သည်၊ “ဒါပေမယ့် ဒီစွပ်ပြုတ်ပန်းကန်ထဲက ကြာစေ့တွေကို ရှင် စိတ်ကြိုက်စားလို့ရတယ်။ ကျွန်မ ကြာစေ့အူတိုင်တွေကို ဖယ်ထားပေးတယ်။”


ဒါကိုကြားတော့ ရှန်းယောင်သည် သူမရှေ့သို့ အလျင်စလို လျှောက်လာပြီး သူမ လက်ကို ဆွဲယူကြည့်ရှုလိုက်သည်။


“ဘာလဲ၊ ဘာဖြစ်လို့လဲ” ရှန်းယောင်ရဲ့ လှုပ်ရှားတွေက အရမ်းမြန်တော့ ကျီကျောက် ထိတ်လန့်သွားသည်။


“ကြာစေ့ရဲ့ အပေါ်ခွံကို ခွာတာကတင် ပင်ပန်းနေပြီ၊ မင်းက ကြာစေ့အူတိုင်လို ခါးတဲ့ အပိုင်းကိုပါ ထုတ်ဖို့ လုပ်ခဲ့သေးတယ်ပေါ့” ရှန်းယောင်၏ အကြည့်တွေက သူမ၏ နီရဲနေတဲ့ လက်ချောင်းထိပ်လေးတွေပေါ်သို့ ကျရောက်နေပြီး ရင်နာနေခဲ့သည်၊ “မင်းလက်တွေက ဒဏ်ရာရကုန်ပြီ။”


“ကျွန်မ အဆင်ပြေပါတယ်” ကျီကျောက်ကို ဒါကို ကြားတော့ ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်၊ “ရှင် ဒီလိုဖြစ်စရာမလိုပါဘူး…”


သူမ စကားမဆုံးခင် သူမ၏ လက်ချောင်းထိပ်လေးတွေထံမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။


ရှန်းယောင်သည် သူမ လက်လေးတွေကို ဂရုတစိုက် ဆုပ်ကိုင်ပြီး ညင်သာစွာ လေမှုတ်ပေးခဲ့သည်။ ထို့နောက် သူသည် လိမ်းဆေးကို ထုတ်ယူကာ သူမ၏ လက်ချောင်းလေးတွေကို လိမ်းပေးခဲ့သည်။


သူ့လှုပ်ရှားမှုတွေက ပေါ့ပါးပြီး နူးညံ့သည်။


ကျီကျောက်၏ ရှုထောင့်ကနေ ကြည့်ရင် သူ၏ နူးညံ့ပြီး အာရုံစိုက်နေတဲ့ ဘေးဖက်ပုံရိပ်က တွေ့မြင်နိုင်ပါသည်။


“မင်းက ဟင်းချက်ရတာ ကြိုက်မှန်း ကိုယ်သိတယ်။ မင်းရဲ့ လက်တွေ မလွဲမသွေ ထိခိုက်ဒဏ်ရာရမှာ အမှန်ပဲ” ရှန်းယောင်က လိမ်းဆေးဆီကို ဂရုတစိုက် လိမ်းပေးပြီး ညင်သာစွာ ပြောသည်၊ “ဒါပေမယ့် နောင်မှာ ကိုယ့်အတွက် ကြာစေ့အူတိုင်ကို မဖယ်ပေးနဲ့။ အဲ့တာကြောင့် မင်းလက်ထိခိုက်တာကိုမြင်ရတာ ကိုယ်ရင်နာတယ်။”


ဤစကားလုံးများသည် အလွန်နွေးထွေးလှသည်။


ကျီကျောက်သည် သူမ၏ နှလုံးသားထဲတွင် ချိုမြိန်မှုကိုသာ ခံစားလိုက်ရသည်။


“ကောင်းပါပြီရှင်။”


...


စွပ်ပြုတ်သောက်ပြီးနောက် ရှန်းယောင်သည် အခန်းထဲက ထွက်ဖို့ ပြင်လိုက်သည်။


“ရှန်းယောင်၊ ရှင်…” ကျီကျောက်က သူမ၏ နှုတ်ခမ်းကို စူပြီး တီးတိုးပြောလိုက်သည်၊ “ရှင် ကျွန်မနဲ့ အတူတူအိပ်ရင်ရော ဘယ်လိုလဲ။”


“အာ့ထောင် မင်း တကယ် စဉ်းစားပြီးပြီလား” ရှန်းယောင်က သူမကို လှည့်ကြည့်လိုက်ကာ သူ့ရဲ့ ပုံမှန်လို အေးစက်နေတဲ့ ဖီးနစ်မျက်ဝန်းတွေက ထူးဆန်းတဲ့ အလင်းရောင်တစ်ခု လင်းလဲ့သွားသည်၊ “မင်း… မကြောက်ဘူးလား။”


“ကျွန်မက ဘာကို ကြောက်ရမှာလဲ” ကျီကျောက်က ခေါင်းမော့ပြီး သူ့ကို ခပ်ပြုံးပြုံး ကြည့်လိုက်သည်၊ “ကျွန်မက အစကတည်းက ရှင့်ဇနီးပဲလေ။”


သူတို့က လင်မယားတွေဆိုတော့ အိပ်ရာ တစ်ခုတည်းမှာ မအိပ်သင့်ဘူးလား။


ရှန်းယောင်သည် ရုတ်တရက်လှည့်ကာ တံခါးကို အမြန်ပိတ်လိုက်သည်။ ထို့နောက် သူသည် သူမဆီသို့ တစ်လှမ်းချင်း လှမ်းသွားခဲ့သည်…


“အာ့ထောင် မင်း တကယ်ပဲ စဉ်းစားချင်သေးရင်…”


သူ့စကားမဆုံးခင်မှာပင် သူ့နှုတ်ခမ်းတွေ ပိတ်ဆို့ခံလိုက်ရသည်။


ကျီကျောက်က ခြေဖျားထောက်ပြီး ရှန်းယောင်၏ လည်ပင်းပေါ် ချိတ်တွယ်ထားသည်။ သူမ၏ နူးညံ့တဲ့ နှုတ်ခမ်းလေးတွေက အစပျိုးဖို့ စတင်လုပ်ဆောင်ခဲ့သည်။


သူမ၏ လှုပ်ရှားမှုများသည် ကိုးရိုးကားရားနိုင်သော်လည်း ရှန်းယောင်၏ နှလုံးသားထဲတွင် သိုဝှက်ထားသော ဆန္ဒကို အလွယ်တကူ လောင်ကျွမ်းစေခဲ့သည်။


သူတို့နှစ်ယောက်သား ပြင်းပြင်းထန်ထန် နမ်းရှိုက်နေကြပြီး မသိလိုက်ခင်မှာပဲ သူတို့သည် ကုတင်ပေါ် လှဲလျောင်းမိသားဖြစ်သွားကြသည်။


...


ရှန်းယောင်သည် ရုတ်တရက် သူမ၏ သွယ်လျသော လည်တိုင်နားကို ချဉ်းကပ်ကာ သူမ၏ ဝိုင်းစက်ပြီး ချစ်ဖို့ကောင်းသည့် နားရွက်လေးကို ညင်သာစွာ ကိုက်ခဲလိုက်သည်…


ထိုအခိုက်အတန့်တွင် ကျီကျောက်တစ်ယောက် တုန်ယင်သွားခဲ့သည်။


“ရှန်းယောင်…”


သူမရဲ့ အသံက သနားစရာကောင်းတဲ့ကြောင်သံလေးလိုပါပဲ။


ထိုအချိန်တွင် သူမ အပေါ်မှာ လဲလျောင်းနေသော ရှန်းယောင်သည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်နှင့် ဆင်တူသည်။

 

ကျီကျောက်သည် သူ့ပခုံးတွေကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ မျက်လုံးတွေမှိတ်ချခါနီးမှာ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းက အပူ တစ်ခုကို ခံစားလိုက်ရသည်…


ခရက်…


“ရှန်းယောင်၊ ကျွန်မ… ကျွန်မ ဓမ္မတာ ရောက်လာပြီ” ကျီကျောက်သည် သူမ၏ နှုတ်ခမ်းတွေကို စိတ်လှုပ်ရှားစွာ ကိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။


အတင်းရပ်တန့်ခံလိုက်ရသည့် ရှန်းယောင်တစ်ယောက် မျက်လုံး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။


အဆုံး၌ သူသည် သူမ၏ နှာခေါင်းလေးကို ညင်သာစွာ ပုတ်ပြီး အက်ရှရှအသံဖြင့် ပြောလိုက်သည်၊ “အာ့ထောင် မင်းက တကယ့် အဆိုးလေးပဲ။”


ကျီကျောက်သည် သူမလက်များကို တိတ်တဆိတ်မြှောက်ပြီး သူမမျက်နှာကို အုပ်လိုက်သည်။


ဒီည ရာသီဥတုက အရမ်းကောင်းမွန်တာကြောင့် သူမ၏ ဓမ္မတာလာချိန်ကို မေ့လျော့သွားခဲ့သည်။


ဆယ့်ငါးမိနစ်အကြာ။


ရေအေးဖြင့်ရေချိုးပြီးနောက် ရှန်းယောင်သည် သူ့ခန္ဓာကိုယ်၏ အလိုဆန္ဒမီးတောက်ကို ဖိနှိပ်နိုင်ခဲ့သည်။


သူ အခန်းထဲပြန်ရောက်ချိန်တွင် ကျီကျောက်သည် အိပ်ပျော်နှင့်နေခဲ့ပြီဖြစ်သည်။

***