အခန်း ( ၁၆၆ ) – နင့်ဆံပင်တွေကို ဆွဲဆုတ်ပစ်မယ်ဆိုတာ ယုံထားလိုက်
ကျီကျောက် ထိုသို့ပြောပြီးသည်နှင့် မူလက ဆူညံစွာ စပ်စုနေသော လူအုပ်ကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
“နင့်ပါးစပ်ကနေ စကားဖြစ်ရုံပြောလိုက်တာလားဆိုတာ ဘယ်သိပါ့လဲ။ ငါတို့ နင့်စကားကို ဘာဖြစ်လို့ ယုံရမှာလဲ” ကျောက်စုချိုးက ဒေါသတကြီး ဆူဆောင့်ပြောသည်။ “အရင် မိုးခေါင်ရေရှားတုန်းကလည်း ငါ့မိသားစုက မိန်းကလေး နှစ်ယောက် ရောင်းချခဲ့တာပဲ မဟုတ်လား။ နင်ပြောသလို ခရိုင်အစိုးရက အရေးယူတာမျိုး မကြုံရပါဘူး၊ ဒါကြောင့် ငါတို့ နင်ပြောတာကို ယုံရမှာတဲ့လား။ နင့်ကို ပြုစုပျိုးထောင်ပေးတဲ့ နင့်အဖွားအပေါ် နင် အရမ်းရက်စက်လွန်းတယ်။ နင် အနာဂတ်မှာ သေချာပေါက် ဆင်းရဲဒုက္ခ ခံစားရလိမ့်မယ်။”
“ထွီ…” ကျောက်လန်ဟွာက သူမရှေ့သို့ ဒေါသတကြီး ပြေးထွက်လာပြီး သူမဆံပင်ကို ဆောင့်ဆွဲယူလိုက်သည်။ သူမက ဒေါသတကြီး အံကြိတ်ရင်း ပြောလာခဲ့သည်။ “နင် ငါ့တတိယချွေးမကို ထပ်ပြောလာပြန်ပြီ၊ ငါ နင့်ဆံပင်တွေ ကုန်သွားအောင် ဆွဲဆုပ်ပစ်မယ်ဆိုတာ နင်ယုံကြည်ထားလိုက်။”
“လွှတ်…၊ လွှတ်…” ကျောက်စုချိုးသည် ကျောက်လန်ဟွာက ဤမျှ ရန်လိုပြီး သူမ ဆံပင်ကို တိုက်ရိုက်ဆွဲလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ ခုခံကာကွယ်နေချိန်တွင် လူအုပ်ကြားထဲမှ သူမမိခင်၏ အော်သံကို ကြားလိုက်ရသည်။
“စုချိုးရေ ဒါက မယုံနိုင်စရာပဲ။ နင့်အဖေနဲ့ နင့်ဦးလေးကို အစိုးရအရာရှိတွေ ဖမ်းခေါ်သွားတယ်။”
မြင်ကွင်းက ရုတ်တရက် ရှုပ်ပွသွားခဲ့သည်။
ရှန်းမုန့်ဟူတစ်ယောက် အပြေးရောက်လာသောအခါတွင် ရှန်းမိသားစုအိမ်ခြံဝင်း အပြင်ဖက်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီဖြစ်သည်။
သို့ရာတွင် ရွာသူရွာသား နှစ်ယောက်၊ သုံးယောက်စီ ပါဝင်တဲ့ အုပ်စုတွေက ဟိုနားတစ်စု ဒီနားတစ်စု တီးတိုးစကားပြောဆိုနေကြသည်။
ရှန်းမုန့်ဟူသည် သူ့လက်ထဲက ဝါးတောင်ဝှေးကို ဒေါသတကြီး ဆောင့်ချလိုက်သည်။ “မင်းတို့တွေ အားနေကြလား။ လယ်ထဲက ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းပြီးကြပြီလား။”
ရှန်းမုန့်ဟူသည် အသက်ခြောက်ဆယ်ကျော်ရှိနေပြီဖြစ်သည်။ သူ ရွာသူကြီးဖြစ်လာသည်မှာ နှစ်လေးဆယ်ကျော်ရှိပြီဖြစ်ပြီး ဩဇာအာဏာရှိသည်။ ရွာသားတွေရဲ့ နှလုံးသားထဲမှာ သူ့အဆင့်အတန်းက မြင့်မားပြီး သူ့ကို အတော်လေး လေးစားကြသည်။ ထို့ကြောင့် ရွာသူရွာသားများက သူ့ကို အရမ်းရိုသေလေးစားသည်။
“ရွာလူကြီး၊ အဒေါ်စုချိုးရဲ့ အဖေ အဖမ်းခံရပုံပဲ။”
“ရွာလူကြီး ဘယ်သွားမလို့လဲ။”
“ရွာလူကြီး၊ အဲဒီကျီအာ့ထောင်က အရမ်းဆိုးတယ်။ သူ့ဝမ်းကွဲရဲ့ လက်ကို ဖြတ်ဖို့ တစ်ယောက်ယောက်ကို ရှာခဲ့ရုံတင်မကဘူး၊ သူ့အဖွားကိုလည်း ထောင်ထဲ ရက်ရက်စက်စက် ပို့ခဲ့သေးတယ်။”
“ရွာလူကြီး ကျွန်တော်တို့ရွာမှာ ကျီအာ့ထောင်လိုလူမျိုးကို မထားသင့်ဘူးလို့ထင်တယ်။”
“အားလုံး တိတ်ကြစမ်း” ရှန်းမုန့်ဟူက ခပ်တည်တည် မျက်နှာဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။ “မင်းတို့တွေ အရမ်းအားနေကြလား။ မင်းတို့ အားလပ်မနေအောင် ငါ့ကို တစ်ခုခု ရှာပေးစေချင်လား။”
အဆုံး၌ ပွဲကြည့်နေသူများသည် သူ့အလိုလို ထွက်ခွာသွားကြသည်။
ရှန်းယောင်သည် ရှေ့သို့ တိတ်တဆိတ် တိုးလာပြီး ရှန်းမုန့်ဟူကို ရှန်းမိသားစုအိမ်ခြံဝင်းထဲသို့ ကြိုဆိုလိုက်သည်။
ခန်းမထဲတွင်။
ကျောက်လန်ဟွာက ပဲတီစိမ်းစွပ်ပြုတ် ပန်ကန်းလုံးကြီးကို ယူလာပြီး ကျေးဇူးတင်သော အပြုံးဖြင့် ပြောလာခဲ့သည်၊ “ဦးလေးဟူကျစ် ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်လို့ ဦးလေးသာ အချိန်မီ မရောက်လာဘူးဆိုရင် လူတိုင်း ထွက်သွားဖို့ ဝန်လေးနေကြလိမ့်မယ်။”
“သူတို့အားလုံး အရမ်းအားနေကြတာလေ” ရှန်းမုန့်ဟူက ဒေါသတကြီး ညည်းညူလိုက်သည်။
“တာ့ရှန်းမိန်းမ၊ ငါ ဒီနေ့ ဒီကိုလာတာ မြေကမ္ဘာဘုရားကျောင်းကို ပြုပြင်ဖို့ ကိစ္စကြောင့်ပဲ” ရှန်းမုန့်ဟူက ပဲတီစိမ်းစွပ်ပြုတ် ပန်းကန်လုံးတစ်ဝက်ကျောက်ကို သောက်လိုက်ပြီး တိုးတိုးလေး ပြောလာခဲ့သည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရာသီဥတုက သိပ်မကောင်းခဲ့ဘူး။ ငါတို့ရှန်းဟယ်ရွာက အတော်လေး ကံကောင်းတယ်။ ဒါပေမယ့် တာ့ရှန်းကတော့ ဘုရားကျောင်း တစ်ခုလုံးကို ပိုပြီး ကြည့်ကောင်းအောင် ပြုပြင်သင့်တယ်လို့ပြောတယ်။”
“ဟုတ်တယ်” ကျောက်လန်ဟွာက လေးလေးနက်နက် ခေါင်းညိတ်သည်။
“ဘယ်လောက်တောင် ငွေကုန်လိုက်မလဲ” ရှန်းမုန့်ဟူက သဘောမတူလိုဟန် ခေါင်းခါလိုက်သည်။ “နင်တို့မိသားစုက အခြေအနေက ရွာထဲမှာ အတော်လေး ချမ်းသာပေမယ့် ဒီလောက် ပိုက်ဆံ အကုန်မခံသင့်ဘူး။ ဒါ့အပြင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တာ့ရှန်က ယာတဲအိမ်ဆောက်ဖို့ မြေထပ်ဝယ်ချင်သေးတယ်ဆို…။”
“တကယ်တော့ ဒီကိစ္စက ကျွန်မတတိယချွေးမရဲ့ အကြံပါ” ကျောက်လန်ဟွာက ပြုံးပြုံးလေး ပြောလိုက်သည်။ သူမ ရှင်းပြတာကိုကြားတော့ ရှန်းမုန့်ဟူက ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။ “အဓိပ္ပါယ်မရှိလိုက်တာ”
အောက်နားမှာ ထိုင်နေတဲ့ ကျီကျောက်က မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ သူမ စကားတွေကို ပြန်ထိန်းလိုက်သည်။
“အာ့ထောင် ငါ့ကို အမှန်ပြောစမ်း။ နင် ဘာလုပ်ခဲ့တာလဲဆိုတာ အတိအကျ ပြန်ပြောစမ်း” ရှန်းမုန့်ဟူက မျက်မှောင်ကြုတ်ပြီး ကျီကျောက်ကို အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် သံသယစိတ်များ ပေါ်လွင်နေသည်။ “တခြားသူတွေတော့ မသိပေမယ့် ငါသိတယ်။ နင် ခရိုင်အစိုးရရုံးကို အရင်မသွားခဲ့ဘူးဆိုရင် နင့်မွေးစားအဖွားက ခရိုင်အစိုးရထောင်မှာ အကျဉ်းချခံရမှာ မဟုတ်ဘူး။”
ရှန်းမုန့်ဟူက သူမကို စိုက်ကြည့်ရင်း သူ့၏ ရာသီဥတုဒဏ်ခံရသောမျက်နှာတွင် စူးစမ်းမှုအပြည့် ရှိသည်။
ကျီကျောက်သည် နှိမ့်ချခြင်း မရှိ မောက်မာခြင်း အလျဉ်း မရှိဘဲ သူ့၏ စူးစမ်းလိုသော အကြည့်တွေကို ရင်ဆိုင်ကာ တိုးတိုးလေး ရှင်းပြခဲ့သည်၊ “ရွာလူကြီး ကျွန်မ ရှန်းဟယ်ရွာမှာ လက်မထပ်ခင် ဘယ်လို ဘဝမျိုးမှာ နေထိုင်ခဲ့ရတယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် အဖိုးရှဲ့ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားတဲ့အချိန်ကတည်းက ကျွန်မ ရှဲ့မိသားစုနဲ့ ဆက်ဆံရေး အကုန်လုံး ဖြတ်တောက်ခဲ့တယ်။ ဒါပေမယ့် သူမက အချိန်တိုင်းလိုလို ကျွန်မတို့အိမ်တံခါးကို လာခေါက်ပြီး ကျွန်မနဲ့ ရှန်းမိသားစု တစ်ခုလုံးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။”
“ရွှံ့ရုပ်မှာတောင် ဒေါသစိတ်ရှိတယ်။ ဒါ့အပြင် ကျွန်မက အသွေးအသားရှိတဲ့ လူသားတစ်ယောက်မို့ ဒေါသစိတ် ပိုရှိတယ်။ ရွာလူကြီးရဲ့ အမြင်မှာ ကျွန်မရဲ့ လုပ်ရပ်တွေက လူမဆန်လွန်းရာကျပေမယ့် ကျွန်မကတော့ အမှားလုပ်မိတယ်လို့ မခံစားရဘူး။”
ကျီကျောက်၏ အသံက တည်ငြိမ်နေသော်လည်း ရှန်းမိသားစုဝင်များကတော့ သနားလွန်းလို့ ငိုကြွေးမိလုမတတ် ဖြစ်သွားသည်။
သူတို့သည် အာ့ထောင်နှင့် အချိန်အတော်ကြာ အတူရှိနေဖူးသဖြင့် သူတို့သည် သူမ၏ အကျင့်စရိုက်ကို ပိုနားလည်လာလေလေ ဖြစ်သည်။
“ရွာလူကြီး တကယ်တော့ အာ့ထောင် ခရိုင်အစိုးရရုံးကို သွားတိုင်တဲ့ ကိစ္စမှာ ကျွန်တော်လည်း အတူပါတယ်” တစ်ချိန်လုံး နှုတ်ဆိတ်နေတဲ့ ရှန်းယောင်က ရုတ်တရက် ရှင်းပြခဲ့သည်၊ “ကျွန်တော်တို့ ဒီကိစ္စကို အရင်က အတူတူ ဆွေးနွေးခဲ့ကြတယ်။ အာ့ထောင် လုပ်တာ မမှားဘူးလို့ ကျွန်တော်လည်း ထင်တယ်။”
“မင်း… မင်းတို့တွေ…” ရှန်းမုန့်ဟူသည် ဘာပြောရမှန်းမသိတော့ပေ။ အဆုံး၌ သူက စိတ်ပျက်လက်ပျက် အားလျော့ကာ မျက်မှောင်ကြုတ်လိုက်သည်၊ “တကယ်လို့ မင်းမွေးစားအဖွားက ဒီလိုဖြစ်ဖို့ ထိုက်တန်တယ်ဆိုရင်တောင် မြေကမ္ဘာဘုရားကျောင်း ပြုပြင်ဖို့ ကိစ္စကျ ဘယ်လိုလဲ။ မင်းက မိန်းမငယ်လေးပဲ။ ဒါကို ဘယ်လိုလုပ်မယ်တွေးထားလဲ။”
“မြေကမ္ဘာဘုရားက ကုန်းမြေငြိမ်းချမ်းရေးကို ကာကွယ်ပေးလိမ့်မယ်” ကျီကျောက်က လိုရင်းတိုရှင်း ရှင်းပြခဲ့သည်။ “ရွာလူကြီး မြေကမ္ဘာဘုရားကျောင်းကို ပြုပြင်ဖို့အတွက် ကျွန်မတို့မှာ ပိုက်ဆံ အများကြီး မရှိဘူး၊ ကျွန်မတို့ အခြားနည်းလမ်းတစ်ခုကို စဉ်းစားရလိမ့်မယ်။”
ကျီကျောက်က အလေးအနက် ကတိပေးသည်။
မြေကမ္ဘာဘုရားသည် သူကို ကံကောင်းစေရုံသာမက ဘေးအန္တရာယ်ကို ရှောင်ဖယ်နိုင်အောင်လည်း အကြိမ်ကြိမ် သတိပေးခဲ့သည်။
ထို့ကြောင့် သူမသည် မြေကမ္ဘာဘုရားကျောင်းကို ခန့်ခန့်ညားညား ကျယ်ကျယ်ဝန်းဝန်း တည်ဆောက်ပြီး အမွှေးနံ့သာ လာရောက်ပူဇော်သူ များပြားလာအောင် ပြန်လည်အသက်သွင်းရပေမည်။
“ဒါပေမယ့် ငါတို့ရှန်းဟယ်ရွာသားတွေက မြေကမ္ဘာဘုရားကို မယုံကြည်တော့ဘူး” ရှန်းမုန့်ဟူက ကိုးရိုးကားရားနိုင်စွာ မျက်မှောင်ကြုတ်သည်။
“ကုသိုလ်အထိမ်းအမှတ်ကျောက်တိုင်ကို သိတယ်မလား” ရှန်းယောင်က ရုတ်တရက် ထရပ်ပြီး ရှန်းမုန့်ဟူအား ရိုးရှင်းစွာ ပြောပြခဲ့သည်၊ “ရွာလူကြီး ဒီနှစ်တွေတစ်လျှောက် ရှန်းဟယ်ရွာအတွက် တိုးတက်ဖွံ့ဖြိုးအောင် မနားမနေ အလုပ်ကြိုးစားခဲ့တယ်၊ ပင်ပန်းမှုတွေအတွက် မညည်းညူခဲ့ဘူး။ ရှန်းဟယ်ရွာအတွက် ရွာလူကြီးရဲ့ သွေးတွေ ချွေးတွေ အကုန်မြှုပ်နှံထားခဲ့တယ်။”
“မင်း ဘာပြောချင်တာလဲ။”
“အာ့ထောင်နဲ့ ကျွန်တော် မြေကမ္ဘာဘုရားကျောင်းကို ပြုပြင်မွမ်းမံပြီးတာနဲ့ ရွာလူကြီးရဲ့ နာမည်ကို ကုသိုလ်အထိမ်းအမှတ်ကျောက်တိုင်ရဲ့ ပထမဆုံးစာကြောင်းမှာ ရေးထိုးပေးမယ်။ ဒီလိုမှသာ ရွာလူကြီးရဲ့ ကြီးမြတ်မှုကို ပြသနိုင်လိမ့်မယ်။”
ရှန်းယောင်၏ လေသံမှာ ခါတိုင်းလို အေးစက်နေသော်လည်း ရှန်းမုန့်ဟူကတော့ သဘောကျနှစ်ခြိုက်နေဆဲဖြစ်သည်။
“မင်းဆိုလိုတာက ကုသိုလ်အထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အမည်ကို အပေါ်၊ အောက်၊ အရွယ်အစား ချိန်ညှိနိုင်တယ်လား။”
“ဟုတ်ပါတယ်” ရှန်းယောင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်၊ “ငွေ ၁၀ လျန်းထက် ပိုလှူတဲ့ သူတိုင်းက ကုသိုလ်အထိမ်းအမှတ်ကျောက်တိုင်မှာ သူတို့ရဲ့ နာမည်ကို ရေးထိုင်းထားနိုင်လိမ့်မယ်။ ဒါ့အပြင် စာလုံးအရွယ်အစားလည်း ပြောင်းလဲသွားလိမ့်မယ်။ အနည်းဆုံး လှူတဲ့သူကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်သာနိုင်လိမ့်မယ်။”
“ငွေ ၈ လျန်း အထက်၊ ငွေ ၁၀ လျန်း အောက် နည်းပါးရင် သူတို့နာမည်ကို အလယ်ဗဟိုရဲ့ ဘယ်ဖက်ခြမ်းမှာ ထားနိုင်တယ်။ ငွေ ၅ လျန်း အထက်၊ ငွေ ၈ လျန်း အောက် ဆိုရင်တော့ သူတို့နာမည်ကို နည်းနည်းတော့ ချဲ့ပေးလို့ ရတယ်။ ဒါပေါ့ ဒီကုသိုလ်အထိမ်းအမှတ်ကျောက်တိုင်အတွက် တိကျတဲ့ပုံစံကို သေချာပြန်ပြီး စီစဉ်လို့ရပါတယ်” ရှန်းယောင်က အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာပြသည်။ “ရွာလူကြီး ဘယ်လိုထင်လဲမသိဘူး။”
***