Ch 165
Viewers 12k

အခန်း ( ၁၆၅ ) - ရှင်…၊ ရှင် ကျွန်မကို ရိုက်တယ်


“ယိုး…၊ အခုမှ မနက်အစောကြီး ရှိသေးတယ်။ ဘာဖြစ်လို့ ဒီလောက် အသက်ဝင်နေရတာလဲ” ကျောက်လန်ဟွာက ပြုံးပြီး လူတိုင်းကို ကြည့်လိုက်သည်။ “ဒီနေ့ လူတိုင်း အလုပ်မရှုပ်ကြဘူးပေါ့။ လယ်လုပ်ငန်းတွေရော အကုန်လုံး ရှင်းပြီးကြရဲ့လား။”


“ရှင်က ကျီအာ့ထောင်ရဲ့ ယောက္ခမ၊ အဒေါ်ကျောက်ပဲဖြစ်မယ်၊ ဟုတ်တယ်မလား” ဖက်တီးအမျိုးသမီးက သူမထံသို့ အလျင်စလို ပြေးလာပြီး စူးစူးရဲရဲ စိုကြည့်လိုက်သည်။ “ရှင့်နောက်ကွယ်မှာ ကျီအာ့ထောင်က ဘာလုပ်ထားတယ်ဆိုတာ ရှင်သိလား။ သူ့အသိစိတ်တွေ ခွေးစားသွားပြီလားဆိုတာကို ရှင် ကျွန်မကို တစ်ချက်လောက် ကူမေးကြည့်ပေးပါဦး။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ ယောက္ခမက သူ့ကို ၁၅ နှစ်ကျော် ပြုစုပျိုးထောင်ပေးခဲ့တာပဲလေ။”


“၁၅ နှစ်လောက်ကြာရင် ခွေးတစ်ကောင်မှာတောင် ခံစားချက်တော့ ရှိပါလိမ့်မယ်၊ ဟုတ်တယ်မလား” ဖက်တီးအမျိုးသမီးက ပြောရင်း ပြောရင်း စိတ်လှုပ်ရှားလာခဲ့သည်။ “ဒါပေမယ့် သူမကတော့ ကြည့်စမ်းပါဦး။ သူမက တကယ့်ကို ကျေးဇူးမသိတတ်တဲ့ ကိစ္စရပ်တွေကို ပြုလုပ်ခဲ့တယ်။ ဒါက တကယ့်ကို…”


ဖြန်း…။


ဖက်တီးအမျိုးသမီး၏ ပြောစကား မဆုံးခင်မှာပင် ကျောက်လန်ဟွာက သူ့ကို ပါးချလိုက်သည်။


စူးရှသောအသံသည် အနားပတ်ဝန်းကျင်ရှိလူအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။


အထူးသဖြင့် ပါးရိုက်ခံလိုက်ရသော အမျိုးသမီးဖမ်းသည် သူမ၏ မျက်နှာကို မယုံကြည်နိုင်စွာ ဖုံးအုပ်လိုက်သည်။


“ရှင်…။ ရှင် ကျွန်မကို ရိုက်လိုက်တယ်။”


ကျောက်လန်ဟွာက ပြုံးပြီး သူမ၏ နီရဲနေသော လက်ဖဝါးကို ပြသလိုက်သည်။ “ငါ ပိုးကောင် တစ်ကောင် ရိုက်ပေးလိုက်တာပါ။ တကယ်လို့ နင် ငါ့ကို မယုံဘူးဆိုရင် ကြည့်ပါဦး။ အခုလေးတင် နင့်မျက်နှာနား ပျံနေတဲ့ ပိုးကောင် နှစ်ကောင် ရှိနေပြီ။”


အမျိုးသမီးဖမ်းသည် ဒေါသစိတ်ကြောင့် သူမအသည်းတစ်ခုလုံး လောင်ကျွမ်းလုမတတ် ခံစားနေရသည်။ သူမ ဒီနေ့၏ လုပ်ရက်အတွက် အနှေးနှင့် အမြန်ဆိုသလို ပြန်ခံစားစေရမည်။


ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ကျီကျောက်က သူ့အမေကို စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးလိုက်သည်။


“နင် နောက်ဆုံးတော့ အပြင်ကို ထွက်လာဖို့ ဆန္ဒရှိပြီပေါ့လေ” ကျီကျောက်ကိုမြင်တော့ ကျီဟွေ့က အံကြိတ်ပြီး သူမဆီ ဒေါသတကြီး လျှောက်လာခဲ့သည်။ “နင်က လူဖြစ်နေတုန်းပဲလား။ နင်က ငါ့လက်ဖြတ်ဖို့ လောင်းကစားအိမ်က သခင်လေးကို လှုံ့ဆော်ပေးခဲ့တယ်မလား။”


ကျီကျောက်သည် ပထမတော့ အံ့အားသင့်သွားပြီး နောက်ဆုံးတွင် ဒေါသတကြီး နောက်သို့ ခြေနှစ်လှမ်း ပြန်ဆုတ်လိုက်သည်။


သူမကို ကြည့်ရတာ ထိတ်လန့်နေတဲ့ ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ အလွန်အမင်း သနားစရာကောင်းနေသည်။


“ဝမ်းကွဲ၊ ငါ တကယ် မလုပ်ခဲ့ဘူး…”


“နင် ဟန်ဆောင်ချင်နေတုန်းပဲလား” သူမကိုကြည့်ရင်း ကျီဟွေ့သည် ဒေါသစိတ်ကိုသာ ခံစားရနေသည်။ သူက ကျီကျောက်ကို ကန်ကျောက်ဖို့လုပ်ချိန်တွင် ရှန်းယောင်က သူ့ကို အတင်းချုပ်နှောင်ထားလိုက်သည်။


“တကယ်လို့ ငါ့မိန်းမရဲ့ ဆံပင်တစ်ချောင်းလေးကိုတောင် ဆုံးရှုံးလိုက်ရမယ်ဆိုရင် မင်းခြေတစ်ချောင်းလည်း ဆုံးရှုံးသွားအောင် ငါလုပ်ပေးမယ်” ရှန်းယောင်က သူ့ရှေ့က အမျိုးသားကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့အသံက နက်ရှိုင်းအေးစက်နေပြီး ကြားရသူတိုင်းကို ထိတ်လန့်သွားစေသည်။


“ဝမ်းကွဲ ရှင့်ကို တိုက်ခိုက်ဖို့ တခြားသူတွေနဲ့ ကျွန်မ တကယ် မပူးပေါင်းခဲ့ပါဘူး” ကျီကျောက်က သူမ မျက်ရည်တွေကို သုတ်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်သည်၊ “ကျွန်မက အားနည်းတဲ့ မိန်းကလေးပါ၊ ကြက်တစ်ကောင်ကိုတောင် ချည်ဖို့ ခွန်အားမရှိပါဘူး။ ဝမ်းကွဲရဲ့ လက်ကို ဖြတ်ဖို့ လောင်းကစားအိမ်ကလူတွေကို ဘယ်လိုလုပ်ပြီး လှုံ့ဆော်နိုင်မှာလဲ။”

 

“နင်… ငိုနေတာ ရပ်လိုက်” ကျီဟွေ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးတွေကို သတိဝီရိယအပြည့် မှေးစင်းထားပြီး နှာခေါင်းရှုံ့လိုက်သည်။ “နင့်မှာ အရည်အချင်း မရှိရင် ခရိုင်မြို့မှာ ယောကျာ်းတွေ အများကြီးနဲ့ နင် ဘယ်လို ချိတ်ဆက်နိုင်မှာလဲ။ ကျီအာ့ထောင်၊ ကျီအာ့ထောင်၊ ငါ နင့်ကို အတိတ်တုန်းက တကယ် နားမလည်နိုင်ခဲ့ဘူးပဲ။ နင် ဒီလောက် ယောကျာ်းတွေ အများကြီးနဲ့ ချိတ်ဆက်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။”


ဘမ်း…။


ရှန်းယောင်က ကျီဟွေ့၏ မျက်နှာကို မှန်ကန်တိကျစွာ ထိုးနှက်လိုက်သည်။


ကျီဟွေ့၏ သွားနှစ်ချောင်း ပါးစပ်ထဲမှ လွင့်ထွက်လာခဲ့သည်။


“မင်း ငါ့မိန်းမကို မဟုတ်မမှန် စွပ်စွဲပြောဆိုတဲ့ စကားတစ်ခွန်း နောက်ထပ် ထွက်ဝံ့ရင် မင်းသွားတွေအကုန် ကုန်သွားအောင် ရိုက်ချိုးပစ်မယ်ဆိုတာ မင်း ယုံထားလိုက်” ရှန်းယောင်က မျက်နှာတင်းတင်းနှင့် အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။


မြေပေါ် ရိုက်ချခံလိုက်ရသော ကျီဟွေ့သည် ခက်ခက်ခဲခဲ လူးလဲထလာခဲ့သည်။


“မင်းတို့တွေ ငါ့ကို စောင့်နေကြ” 


ရုန့်ရင်းကြမ်းတမ်းစွာပြောဆိုပြီးနောက် ကျီဟွေ့သည် ပြန်ဖို့ အဆင့်ဖြစ်နေပြီဖြစ်သည်။


ခြေကျိုးနေသော ရှန်းယောင်သည် ခပ်ပေါ့ပေါ့ ဆက်ဆံလို့ရမည့်လူမဟုတ်ကြောင်း နောက်ဆုံးတော့ သူ နားလည်သွားခဲ့သည်။


သူသည် အခွင့်အလမ်းတစ်ခုကိုရှာဖွေပြီး အရေးတယူမပြုလုပ်မီ ကျီကျောက် တစ်ယေက်တည်းရှိနေချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။


“ခဏလေး” ရှန်းယောင်သည် သူ့ရှေ့သို့ လျှောက်လာပြီး သူ့ကို တားမြစ်လိုက်သည်။


“မင်း ငါ့ကို ရိုက်ချင်နေသေးတာလား။”


“မင်း ဒီကိုရောက်လာပြီဆိုကတည်းက ငါတို့ရွာသားတွေရှေ့မှာ ရှင်းရှင်းလင်းလင်း ပြောကြရအောင်” ကျီကျောက်က သူမ၏ မျက်ရည်တွေကို သုတ်လိုက်ပြီဆိုပေမယ့် သူမ၏ မျက်ဝန်းတွေကတော့ နီရဲနေဆဲပင်။


“ရွာသူရွာသားအပေါင်းတို့၊ အားလုံးပဲ ဒီလူကို သိကြမယ် ထင်ပါတယ်” ကျီကျောက်သည် ကျီဟွေ့ကို တိတ်တဆိတ် လက်ညှိုးထိုးပြပြီး ညင်သာစွာ ပြောလိုက်သည်။ “ဒီလူရဲ့ နာမည်က ကျီဟွေ့ပါ၊ သူက ကျွန်မရဲ့ ဝမ်းကွဲပါ။ သူက ရှီလျို့ရွာမှာ အရမ်းနာမည်ကြီးတယ်။ သူက အစားကြူးတယ်၊ အရက်သောက်တယ်၊ မိန်းမလိုက်စားတယ်၊ လောင်းကစားလုပ်တဲ့နေရာမှာ အထူးကျွမ်းကျင်တယ်။”


“အရင်တုန်းက သူ ကျွန်မကို ဘယ်လို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့အကြောင်းကို မပြောတော့ပါဘူး။ ကျွန်မတို့ ရှန်းဟယ်ရွာနဲ့ ရှီလျို့ရွာဆိုတာ ဟိုးကတည်းက ဆွေမျိုးတော်စပ်နေကြတာပဲ။ ကျွန်မ ကျီအာ့ထောင် ကျီမိသားစုမှာ ဘယ်လိုရှင်သန်နေထိုင်ခဲ့ရတယ်ဆိုတာ အားလုံး သိကြမယ်လို့ ကျွန်မ ယုံကြည်တယ်။”


“အဖိုးဖျားပြီး သုံးလလောက်ကြာတော့ အဖွားက နောက်အိမ်ထောင်ပြုတယ်။ သူက သူ့မြေးအရင်း ကျီချန်ကိုတောင် မလိုချင်ဘူး။ ကျွန်မ သူ့အခက်အခဲတွေကို နားလည်ပေမယ့် သူ့လုပ်ရပ်ကို သဘောမတူနိုင်ဘူး။ သူမကို ခရိုင်တရားရုံးက ဖမ်းခေါ်သွားတယ်ဆိုတာက သူမကိုယ်သူမပဲ အပြစ်တင်သင့်တယ်။”


“အာ့ထောင်…” လူအုပ်ကြီးထဲမှ အဖွားအိုကြီးတစ်ဦးက စိတ်မကျေနပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။ “ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တာက ကောင်းကင်ဘုံလောက် ကြီးမြတ်တယ်လို့ ပြောကြတယ်။ နင့်အဖွားက ဘယ်လောက်ပဲ အမှားလုပ်လုပ် ဒီလိုဆိုရင်တောင် သူက နင့်အဖွားဖြစ်နေဆဲပဲလေ။ နင် ဘယ်လိုလုပ်ပြီး သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်နိုင်တာလဲ။”


“ဟုတ်တယ်” ကျောက်လန်ဟွာနှင့် ဆက်ဆံရေး မပြေလည်သည့် ကျောက်စုချိုးကလည်း ဝင်ပြောလာခဲ့သည်။ “ခရိုင်တရားရုံးကို အခေါ်ခံလိုက်ရတယ်ဆိုတကည်းက မသေရင်တောင် အရေပြားတစ်လွှာတော့ ဆုံးရှုံးသွားလိမ့်မယ်။ နင် နင့်အဖွားကို နင်ကိုယ်တိုင် ထောင်ထဲပို့လိုက်တာလား။ နင် ဒါက ကျေးဇူးကန်းလွန်းတာ မဟုတ်ဘူးလား။”


“ဟုတ်တယ်။ ဟုတ်တယ်။ အာ့ထောင်၊ နင် ဒီလို မလုပ်သင့်ဘူး။”


“ဟုတ်တယ်။ နင့်အဖွားက ဒေါသကြီးပေမယ့် နင့်ကို ပြုစုပျိုးထောင်ပေးခဲ့တာ နှစ်တွေ အများကြီးပဲ မဟုတ်ဘူးလား။”


“နင်နဲ့ မျက်လုံးဖြူဝံပုလွေကြား ကွာခြားချက်ဆိုတာ ဘယ်ရှိပါတော့မလဲ။”


ကျီကျောက်သည် သူမကို ဝေဖန်ပြောဆိုနေတာကို နားထောင်ရင်း မပြုံးဘဲ မနေနိုင်ခဲ့ပေ။


သို့ရာတွင် ထိုအပြုံးဟာ ရွံရှာမှုတွေ ပြည့်နှက်နေတဲ့ အပြုံး တစ်ခုပဲ။


တကယ်တော့ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အမှန်တရားကို မသိတဲ့သူတွေက မသိစိတ်အရ သူတို့ကိုယ်သူတို့ တရားမျှတမှုကို ဖော်ဆောင်သူတွေလို အထင်ရောက်ပြီး တခြားသူတွေကို ဝေဖန်ပြောဆိုလေ့ရှိသည်…


“အဒေါ်စုချိုး ဒီနှစ်ဆို ရှင့်အသက် ဘယ်လောက်ရှိပြီဆိုတာ ကျွန်မ မေးလို့ ရမလား” ကျီကျောက်က မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။

 

“အာ…” ကျောက်စုချိုးက ရုတ်တရက် အခေါ်ခံလိုက်ရတော့ ဆွံ့အသွားသည်။


“ရှင့်ကိုကြည့်ရတာ ငယ်ပုံပေါ်ပေမယ့် ရှင့်နားတွေက အလုပ်မလုပ်တော့ပုံပဲနော်” ကျီကျောက်က အလွန်နာကျင်စေသော စကားလုံးများကို ကြင်နာနွေးထွေးသော အသံလေးကို အသုံးပြုပြီး ပြောလိုက်သည်။ “ရှင့်နားတွေက မစင်တွေနဲ့ ပိတ်ဆို့နေလားဆိုတာကို သိဖို့ ဆေးကုသဆောင်မှာ စောစော သွားစစ်ကြည့်ဖို့ ကျွန်မ အကြံပေးပါရစေ။ ပြီးတော့ ရှင် ဒါကို စောစောစီးစီး သွားစစ်ကြည့်တာ ပိုကောင်းလိမ့်မယ်…”


ဖူး…။


လူအုပ်ထဲက တစ်ယောက်က မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။


“နင်… နင့်ထက် အကြီးတွေကို ဒီလိုပြောရသလား။” ကျောက်စုချိုးက ရှက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။


“ထွီ…၊ နင့်လိုအကြီးက ဘယ်လိုမျိုးလဲ” ကျောက်လန်ဟွာက ဒေါသတကြီး ရန်တွေ့တော့မလို ခါးထောက်လိုက်သည်။ “ဆွေမျိုးစပ်ရမယ်ဆိုရင် နင်ကတောင် ငါ့တတိယချွေးမကို အဒေါ်လို့ ခေါ်သင့်တာ။”

 

ရှန်းတာ့ရှန်၏ မျိုးနွယ်သည် ရှန်းဟယ်ရွာတွင် အလွန်စီနီယာကျသည်။


အကယ်၍ စီနီယာကျတာကို အခြေခံ၍ အဆင့်သတ်မှတ်မည်ဆိုလျှင် ကျောက်စုချိုးသည် သူမအား မည်သည့်နေရာတွင် အဆင့်သတ်မှတ်ရမည်ကို မသိပေ။


“အမေ အဒေါ်စုချိုးက အသက်ကြီးပြီး နားသိပ်မကောင်းဘူး။ သမီး သူ့ကို ခွင့်လွှတ်ပြီးသားပါ” ကျီကျောက်က အသာလေး ပြုံးရယ်ပြီး ပြောလိုက်ပေမယ့် သူမ၏ ရယ်သံက ကျောက်စုချိုး၏ နားထဲ နားကလောစွာ ဝင်ရောက်သွားခဲ့သည်။


“ပထမဆုံးအနေနဲ့ ကျွန်မရဲ့ မွေးစားအဖွား အမျိုးသမီးရှဲ့ကို မတရား အမှုဆင်တာ မဟုတ်ပါဘူး။ သူမ အဖမ်းခံရတဲ့ အကြောင်းရင်းက သူမကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကိစ္စပါပဲ” ကျီကျောက်က လည်ချောင်းရှင်းပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ရှင်းပြခဲ့သည်။ “ကျွန်မ ကျီအာ့ထောင်ကို အမျိုးသမီးရှဲ့က ရှန်းမိသားစုဆီ ရောင်းစားခဲ့တဲ့အကြောင်းကို ရှန်းဟယ်ရွာကလူတိုင်း သိကြမှာပါ။ အဲဒီအချိန်တုန်းက သူမ ရှန်းမိသားစုဆီကနေ ငွေ နှစ်လျန်းအပြင် ရိက္ခာအချို့ကိုပါ ယူခဲ့တယ်။”

 

“အဲဒီအချိန်တုန်းက မိုးခေါင်ရေရှားမှုဒဏ် ပြင်းထန်တော့ မိသားစု တော်တော်များများ ရိက္ခာပြတ်လပ်ကုန်တယ်။ သူတို့က မိသားစုဝင်တွေကို လျှော့ချတဲ့အနေနဲ့ သူတို့ရဲ့ ကလေးတွေကို ရောင်းချခဲ့ကြတယ်။ ဒါက အရေးယူခံရမယ့် ကိစ္စပဲ။ တစ်ဖက်မှာ သူတို့က ဒါကို ပေါ့ပေါ့လေးပဲလို့တွေးထားကြတယ်” ကျီကျောက်က တခဏတာမျှ တွေးပြီး ဆက်ရှင်းပြသည်၊ “အမျိုးသမီးရှဲ့က ကျွန်မကို ရှန်းမိသားစုဆီ ရောင်းချခဲ့တယ်၊ ဒါက ငြင်းလို့ မရတဲ့ အမှန်တရား တစ်ခုပဲ။ သူမ ဘာဖြစ်လို့ အရေးယူခံလိုက်ရတာလဲဆိုတော့ ခရိုင်တရားသူကြီးက အဲ့ဒီကိစ္စတွေကို စတင် ကိုင်တွယ်ဖြေရှင်းနေတာကြောင့်ပဲ။”


...


“ဒီကိစ္စကြောင့် အမျိုးသမီးရှဲ့တင်မကဘူး၊ မိုးခေါင်ရေရှားကာလမှာ သူတို့ကလေးတွေကို ရောင်းချခဲ့တဲ့ အရွယ်ရောက်ပြီးသူအားလုံး ဖမ်းဆီးအရေးယူခံရတယ်။”

***