Ch 171
Viewers 12k

အခန်း ( ၁၇၁ ) - ရှန်းယောင်


နောက်တစ်နေ့မနက်မှာတော့ ကျောက်လန်ဟွာသည် ကျီကျောက်ရဲ့ အခန်းတံခါးကို တွန်းဖွင့်ဝင်သွားချိန်တွင် အခန်းထဲမှာ ဘယ်သူမှ ရှိမနေတာကို တွေ့လိုက်ရသည်။


“အာ့ထောင်” ကျောက်လန်ဟွာက စိတ်ပူပြီး ခြံတစ်ခုလုံးအနှံ့ ရှာဖွေခဲ့သော်လည်း ကျီကျောက်ကို ရှာမတွေ့ခဲ့ပေ။


“အစ်မက… လေ့ရှန်းခရိုင်ကို သွားပြီ။”


ကျောက်လန်ဟွာက စိတ်ပူပြီး သူမကို ရှာဖွေဖို့ အားလုံးလူစုရန် ရှန်းတာ့ရှန်ကို သွားပြောဖို့ အဆင်သင့်ဖြစ်နေချိန်မှာ ကျီချန်က ကျီကျောက်၏ အခန်းထဲမှ စာတစ်စောင်ကို ကိုင်ပြီး ထွက်လာခဲ့သည်။

 

“ချန်ချန် စာထဲမှာ ဘာရေးထားလဲ။ နင့်အစ်မ ဘယ်သွားတာလဲ။”


“အစ်မက… သွားရှာတယ်… ယောက်ဖကို… သူမက ကျွန်တော်တို့ကို ပြောထားတယ်… စိတ်မပူဖို့…။” ကျီချန်သည် အခုဆို စာတတ်မြောက်နေပြီဖြစ်ကာ သူက စာထဲရှိ အကြောင်းအရာကို အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်ပြောပြခဲ့သည်။


“ဒီကောင်မလေး နှုတ်မဆက်ဘဲ ဘယ်လိုထွက်သွားနိုင်တာလဲ။”


ကျောက်လန်ဟွာက စိုးရိမ်တကြီး ခြေဆောင့်လိုက်သည်၊ “မဖြစ်သေးပါဘူး၊ ငါ သူ့ကို သွားရှာရမယ်။”


“လန်ဟွာ စိတ်မပူပါနဲ့” ရှန်းတာ့ရှန်က သူမကို အမြန်နှစ်သိမ့်ပေသည်၊ “ငါ မင်းကို ပြောမယ်၊ စန်းလန်နဲ့ အာ့ထောင်တို့ အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာမှာပါကွာ။”


“မင်း မမေ့နဲ့ဦး။ အာ့ထောင်က အရမ်းကံကောင်းတယ်။”


“ဟုတ်တယ် အမေ၊ သမီးလည်း အဖေပြောတာကို သဘောတူတယ်” ဒုတိယမရီးရှန်းက အလေးအနက် ဝင်ပြောလာခဲ့သည်၊ “တကယ်တော့ မနေ့မနက်က သခင်လေးချင် သမီးတို့အိမ်ကို အလည်ရောက်လာပြီးကတည်းက စန်းလန်တို့လင်မယားကြား သဘောထား ကွဲလွဲမှု အနည်းငယ် ရှိပုံပဲ။ သူတို့တွေ မကျေလည်တာကို ဖွင့်ထုတ်ပေးသင့်တယ်လို့ သမီးထင်တယ်။”


“ဒါပေမယ့် ဒီလူငယ်စုံတွဲက သဘောထားကွဲလွဲနေတာတွေ သိပ်မကြာခင် ပြန်ပြေလည်သွားလိမ့်မယ်” ဒုတိယမရီးရှန်းက ကမန်းကတန်း ထပ်ပြောလာခဲ့သည်၊ “အမေ အရမ်းစိတ်မပူနေနဲ့။ သူတို့ သေချာပေါက် အဆင်ပြေသွားပါလိမ့်မယ်။”


သူတို့၏ ချော့ပြောမှုကြောင့် ကျောက်လန်ဟွာတစ်ယောက် စိတ်ငြိမ်သွားခဲ့သည်။


“ဒါပေမယ့် အမေ စိတ်ပူနေတယ်ဆိုရင် အစ်ကိုကြီးဆီ တစ်ယောက်ယောက် လွှတ်ပြီး သတင်းပို့မလား” ဒုတိယမရီးရှန်းက ခဏလောက် စဉ်းစားပြီး တိုးတိုးလေး အကြံပြုသည်၊ “ပြောရရင်  အစ်ကိုကြီးက လူတော်တော်များများကို သိတယ်။ ဒါ့အပြင် အစ်ကိုကြီးက လေ့ရှန်းခရိုင်က ဆိုင်ရှင် တော်တော်များများနဲ့ အဆက်အသွယ်ရှိတယ်လို့ အကြီးဆုံးမရီးက အစောပိုင်းတုန်းက ပြောဖူးတယ်မလား။”

 

“ဟုတ်တယ်၊ ဟုတ်တယ်၊ အကြီးဆုံးသားကို မေးခိုင်းရမယ်” ကျောက်လန်ဟွာက ခေါင်းတဆတ်ဆတ်ညိမ့်ပြီး ပြောလိုက်သည်၊ “စန်းလန်နဲ့ အာ့ထောင်တို့ အမြန်ဆုံး ပြန်လာနိုင်ပါစေ။”


တစ်ဖက်တွင် ကျီကျောက်သည် လေ့ရှန်းခရိုင်သို့ ဦးတည်သွားသော နွားလှည်းပေါ်သို့ တက်နေပြီဖြစ်သည်။


မိုးမလင်းခင် အပြင်ထွက်ဖို့ ရွေးချယ်ရတဲ့ အကြောင်းရင်းက ကျောက်လန်ဟွာက သူမကို တားမှာကြောက်လို့ဖြစ်သည်။


ကျီကျောက်သည် ထိုအိပ်မက်ကို တွေးလိုက်မိသောအခါတွင် စိတ်မသက်မသာ ခံစားခဲ့ရသည်။


ရှန်းယောင်သာ တကယ်သေသွားခဲ့ရင်…


ဟင့်အင်း၊ အဲ့လို မဖြစ်စေဘူး။ ရှန်းယောင်သည် မူရင်းစာအုပ်၏ ဇာတ်လိုက် ဖြစ်သည်။ ဟိုးယခင်ကတည်းက ဇာတ်လိုက်တွေမှာ ဇာတ်လိုက်များ၏ ရောင်ခြည်စက်ဝန်းရှိတာကြောင့် ရှန်းယောင်သည် သေချာပေါက် အဆင်ပြေလိမ့်မည်ဖြစ်သည်။


နွားလှည်းပေါ်ထိုင်နေသည့် ကျီကျောက်သည် မထင်မှတ်ဘဲ အတွေးများနေခဲ့သည်။


မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းထားသောကြောင့် လမ်းက ရွှံ့တွေနှင့် ပြည့်နှက်နေခဲ့ကာ နွားလှည်းမောင်းသမားက ဖြည်းညှင်းစွာ မောင်းနှင်နေခဲ့သည်။


ရှန်းဟယ်ကျေးရွာမှ လေ့ရှန်းခရိုင်သို့ နွားလှည်းခရီးလမ်းသည် နှစ်နာရီခွဲ ကြာမြင့်သည်။


ကျီကျောက် ရောက်သွားတော့ နေ့လည်တောင် ရောက်နေခဲ့ပြီ။


သာယာဝပြောသော တင်းယွမ်ခရိုင်နှင့် နှိုင်းယှဉ်ပါက လေ့ရှန်းခရိုင်၏ မြို့တံခါးသည် အလွန်ယိုယွင်းနေပုံရသည်။


မြို့နံရံကို ရွှံ့ဝါများဖြင့် ဆောက်လုပ်ထားပြီး အတော်လေးကို ပျက်စီးခြောက်ကပ်နေပုံပေါ်သည်။


မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်ပြီးနောက် ကျီကျောက်သည် ချက်ချင်းဆိုသလို အပ်ချုပ်ဆိုင်သို့သွားခဲ့သည်။ နောက်ဆုံးတွင် မီးခိုးပြာအမျိုးသားဝတ်များကို အောင်မြင်စွာ ပြောင်းလဲဝတ်ဆင်ခဲ့သည်။


ကျီကျောက်သည် ခဏလောက် တွေးတောကြည့်ပြီး အလှကုန်ဆိုင်သို့ ထပ်သွားခဲ့သည်။ ကျီကျောက်သည် အရောင်ရင့်ရင့် မျက်နှာချေအချို့ကို ဝယ်ယူကာ သူမ၏ မျက်နှာပေါ် လိမ်းကျံလိုက်သည်။


အရောင့်ရင့် မျက်နှာချေသည် သူမ၏ ထင်ရှားသော အသွင်အပြင်ကို ဖုံးကွယ်ထားသည်။


နေ့လယ်တစ်နာရီခွဲတွင် ကျီကျောက်သည် လမ်းဘေးခေါက်ဆွဲဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့ပြီး ယန်ချွမ်းခေါက်ဆွဲတစ်ပန်းကန်ကို မှာယူခဲ့ကာ တူတစ်စုံ ထုတ်ယူပြီး စတင်စားသောက်ခဲ့သည်။


မနက်မိုးလင်းကတည်းက သူမ ရေတစ်အိတ်ပဲ သောက်ခဲ့တာမို့ အခုအချိန်မှာ တကယ့်ကို ဗိုက်ဆာနေခဲ့ပြီ။


“နင် ကြားပြီးပြီလား။ ဖန်မိသားစုရဲ့ ကိုယ်ပိုက်ကျောင်း မနေ့ည သန်းခေါင်ယံမှာ ရုတ်တရက် မီးလောင်သွားတယ်။ မီးက အရမ်းပြင်းပြီး မီးတောက်တွေက ကောင်းကင်အထိတောင် တက်သွားတယ်။”


“အဲဒီဖန်မိသားစုရဲ့ သခင်ကြီးက ခေါင်းမာတဲ့ အဘိုးကြီးလေ။ ခရိုင်တရားသူကြီးက သူ့သမီးကို ဒုတိယဇနီးအဖြစ် လက်ထပ်ချင်ပေမယ့် လူအိုကြီးက ခေါင်းမာပြီး ရှေ့တင် ချက်ချင်း ငြင်းပစ်လိုက်တယ်လေ။ သူ အသက်ရှင်နေပေမယ့်လည်း သူက ခရိုင်တရားသူကြီးကို လုံးလုံး စော်ကားလိုက်ပြီးပြီ။”


“ဟုတ်တယ်၊ ခရိုင်တရားသူကြီးရဲ့ ဇနီးဖြစ်ရတာ ဘာဖြစ်လို့လဲ။ သူမက ကောင်းကောင်းနေထိုင်နိုင်ပေမယ့် အဆုံးမှာတော့ လူအိုကြီးဖန်က…”


ကျီကျောက်သည် ခေါက်ဆွဲစားနေရင်း သူတို့ရဲ့ ဆွေးနွေးမှုကို ဂရုတစိုက် နားထောင်နေခဲ့ပြီး သူမ၏ မျက်လုံးတွေက သံသယဖြင့် တောက်ပနေခဲ့သည်။


မနေ့ညက အမေသည် ရှန်းယောင်က လူအိုကြီးဖန်၏ လက်အောက်တွင် ပညာသင်ကြားခဲ့ဖူးကြောင်း ပြောခဲ့သည်ကို ပြန်အမှတ်မိရသည်။ သို့သော် ရှန်းယောင်သည် သူ့ခြေထောက်ဒဏ်ရာရပြီးနောက် စာသင်ခြင်းကို စွန့်လွှတ်ခဲ့သည်။


“အစ်ကိုတို့ ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ၊ လူအိုကြီးဖန်က ဆရာတစ်ယောက်လား” ကျီကျောက်သည် သူမ၏ ခေါက်ဆွဲပန်းကန်ကို သယ်ပြီး သူတို့စားပွဲနားသို့သွားကာ အပြုံးဖြင့် မေးလိုက်သည်။


“ဒီညီငယ်ကိုကြည့်ရတာ မရင်းနှီးဘူး။ မင်းက ငါတို့လေ့ရှန်းခရိုင်ကလူ မဟုတ်ဘူးထင်တယ်” မျက်နှာလေးထောင့်ပုံစံ အမျိုးသားက ကျီကျောက်၏ မျက်နှာကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။


“မဟုတ်ဘူး၊ ကျွန်တော်က အနီးနားက တင်းယွမ်ခရိုင်ကပါ” ကျီကျောက်က အပြုံးဖြင့် ရှင်းပြသည်၊ “လေ့ရှန်းခရိုင်မှာ စာအသင်အပြ အရမ်းကောင်းတဲ့ ဆရာတစ်ယောက်ရှိတယ်လို့ကြားမိတော့ ကျွန်တော် ပညာလေ့လာဆည်းပူးဖို့ လာခဲ့တာပါခင်ဗျ။”


“ညီငယ်လေး မင်းက စာသင်သားလား။”


ကျီကျောက် ခေါင်းညိတ်ပြတာကိုမြင်တော့ လေးထောင့်မျက်နှာနှင့်လူ၏ မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို လေးစားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်၊ “ဒါပေမယ့် ညီငယ်လေး မင်းလာတာ အခါနှောင်းသွားခဲ့ပြီ။ လူအိုကြီးဖန်က အဖမ်းခံထားရတယ်။”


“အဖမ်းခံရတာလား။ ဘာဖြစ်လို့လဲ” ကျီကျောက်က သိချင်စိတ်ပြင်းပြသလိုဟန်ဆောင်ကာ မေးလိုက်သည်။ နောက်တော့ သူက “ဆိုင်ရှင် ဒီအစ်ကိုနှစ်ယောက်အတွက် အသားတစ်ပန်းကန်လောက် နောက်ထပ် ချပေးပါဦး။ ကျွန်တော် ရှင်းပေးမယ်” ဟု မှာကြားလိုက်သည်။


ထိုလူနှစ်ယောက်သည် ကျီကျောက်၏ အလွန် “သိတတ်” သည့် အပြုအမူကိုမြင်ပြီး သူတို့ အကုန်လုံး သေချာပြောပြသင့်တယ်ဟု သဘာဝကျကျ သိလိုက်ကြသည်။


နာရီဝက်လောက်ကြာတော့ ကျီကျောက်သည် နောက်ဆုံးတော့ ဇာတ်လမ်းတစ်ခုလုံးကို သေချာသိသွားခဲ့သည်။


“တကယ်တော့ လူအိုကြီးဖန်က ခေါင်းမာလွန်းတယ်။ သူသာ ခရိုင်တရားသူကြီးရဲ့ တောင်းဆိုမှုကို သဘောတူလိုက်မယ်ဆိုရင် ဒီအတိုင်း အဆုံးမသတ်သွားနိုင်ဘူး။ ဒါပေမယ့် သနားစရာအကောင်းဆုံးက သူ့ကျောင်းသားပဲ။ ငါကြားတာတော့ သူက ဒုက္ခိတတစ်ယောက်ဖြစ်ပြီး အစိုးရအရာရှိတွေက သူ့ကို သေလုနီးပါးဖြစ်အောင် ရိုက်နှက်ခဲ့ကြတယ်တဲ့။”


“ဒုက္ခိတလား” ကျီကျောက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်၊ “ဘယ်လို ဒုက္ခိတလဲ။”


“လူအိုကြီးဖန်က ခရိုင်တရားသူကြီးဆီကနေ ဘဏ္ဍာတစ်ခုခုကို ခိုးယူသွားပုံရတယ်။ ရလဒ်အနေနဲ့ အစိုးရအရာရှိတစ်စုက ဖန်မိသားစု ကိုယ်ပိုင်ကျောင်းဆီ အပြေးရောက်လာပြီး သူ့ကို ဖမ်းဆီးသွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူအိုကြီးဖန်ရဲ့ ကျောင်းသားတစ်ယောက်လည်း သူ့ဆီ ရောက်နေတယ်။ သူက အစိုးရအရာရှိတွေကို တားဖို့ ကြိုးစားခဲ့ပေမယ့် သူက သေလုအောင် အရိုက်ခံခဲ့ရတယ်။ အခု သူ့ကို ဘယ်ထောင့်မှာ သွားပစ်ခဲ့လဲဆိုတော့ ငါမသိဘူး။”

 

ကျီကျောက်သည် ရင်ခုန်သံ မြန်လာပြီး သူမ၏ မျက်လုံးတွေ နီရဲလာခဲ့သည်၊ “အစ်ကိုတို့ ဖန်မိသားစု ကိုယ်ပိုင်ကျောင်းက ဘယ်နေရာလဲဆိုတာ ကျွန်တော့်ကို ပြောပြပါလား။”


“ဒီလမ်းအတိုင်း အရှေ့ကို ဆက်သွား။ ဒုတိယလမ်းသွယ်ကိုတွေ့ရင် မင်း ကွေ့ဝင်သွားလိုက်။ ဒါပေမယ့် ညီငယ်လေး အခု ဖန်မိသားစု ကိုယ်ပိုင်ကျောင်းက ပြာကျသွားခဲ့ပြီဆိုတော့ မင်း မသွားတာ အကောင်းဆုံးပဲ။”


“အစ်ကိုတို့ရဲ့ သတိပေးချက်အတွက် ကျေးဇူးပါ၊ ဒါပေမယ့် ကျွန်တော့်မှာ အရေးကြီးတဲ့ ကိစ္စ တစ်ခု ရှိသေးလို့ပါ၊ နှုတ်ဆက်ပါတယ်” ကျီကျောက်သည် မထွက်ခွာခင်မှာ ငွေ တစ်လျန်းကို ထုတ်ယူပြီး စားပွဲပေါ် တင်ထားခဲ့သည်။


“ညီငယ်လေး ဒါက အရမ်းများတယ်” လေးထောင့်မျက်နှာနှင့်လူက ငွေတုံးကိုတွေ့တော့ အဆောတလျင် လှမ်းအော်လိုက်သည်။


သို့ရာတွင် ကျီကျောက်က ထွက်ပြေးသွားနှင့်ပြီဖြစ်သည်။


သူမသည် အရှေ့သို့ တည့်တည့်လျှောက်သွားကာ လူအုပ်ထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ နောက်ဆုံးတော့ သူမသည် ဒုတိယလမ်းသွယ်၏ အဝင်ကို ရှာတွေ့ခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမသည် ရင်နှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုကို သူမ၏ မျက်စိထောင့်နားမှာ လှမ်းမြင်လိုက်ရသည်။


“ရှန်းယောင်” ကျီကျောက် အလျင်စလို ပြေးသွားပြီး သူ့ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။


...


“အာ့ထောင်…” ရှန်းယောင်သည် တင်းကြပ်စွာ ပွေ့ဖက်ထားခံရကာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်၊ “မင်း ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ… အဟွတ်၊ အဟွတ်၊ အဟွတ်…”


ကျီကျောက်သည် သူ့ကို အမြန်လွှတ်ပေးကာ စိုးရိမ်တကြီး စစ်ဆေးကြည့်ရှုခဲ့သည်။ “ဘာဖြစ်တာလဲ။ ရှင် ဒဏ်ရာရထားလား။ ရှင့်ကို သမားတော်နဲ့ ပြပေးမယ်။”


“အာ့ထောင် စိတ်မပူပါနဲ့။ ကိုယ် အဆင်ပြေပါတယ်။”

***