အခန်း ( ၁၇၂ ) – ရှင်သိလား
ကျီကျောက်က သူ့ကိုကြည့်ပြီး မျက်ရည်မကျဘဲ မနေနိုင်ပေ။
ဒီအခိုက်အတန့်မှာ ကြိုးပြတ်ကျသွားတဲ့ ပုလဲလုံးလေးတွေလို မျက်ရည်တွေ အဆက်မပြတ် ကျဆင်းလာသလိုပါပဲ။
“အာ့ထောင် မငိုပါနဲ့” ရှန်းယောင်က သူမ၏ မျက်ရည်များကို အလျင်စလို သုတ်ပေးလိုက်ပြီး သူမကို ပွေ့ဖက်ကာ တိုးတိုးလေး ချော့မြူပေးခဲ့သည်၊ “အာ့ထောင်၊ အဆင်ပြေပါတယ်။ မငိုပါနဲ့၊ ဟုတ်ပြီလား။”
“ရှင် ဘာဖြစ်လို့ မနှုတ်ဆက်ဘဲ ထွက်သွားတာလဲ။ ပြီးတော့ ရှင် ဘာဖြစ်လို့ ဒီနေရာမှာ ရောက်နေတာလဲ။ ရှန်းယောင် ရှင် ကျွန်မကို ရှင်းပြချက်တစ်ခု အကြွေးတင်နေတယ်၊ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် ဖြစ်ရမယ်။” ကျီကျောက်သည် စိတ်ငြိမ်သွားပြီးနောက် သူ့ကို တွန်းဖယ်လိုက်သည်။ သူမ၏ မျက်လုံးတွေက အေးစက်ပြီး သူမ၏ အသံက မာနေသည်။
“ကိုယ် ဒီအနီးနားက တည်းခိုခန်းမှာ ခေတ္တတည်းခိုနေတယ်။ ကိုယ်တို့ တည်းခိုခန်းကို အရင်သွားရအောင်။ ပြီးရင် ကိုယ် မင်းကို ဖြည်းဖြည်းချင်း ရှင်းပြပေးမယ်။ ဟုတ်ပြီလား” ရှန်းယောင်က သူမ၏ ပခုံးကိုကိုင်ကာ ခေါင်းငုံ့ပြီး အသံတိုးတိုးနဲ့ မေးလိုက်သည်။
လဲ့ရွှေတည်းခိုဆောင်။
ရှန်းယောင်က ရေနွေးကြမ်းပူပူတစ်ခွက် လောင်းထည့်ကာ သူမလက်ထဲ ထည့်ပေးလိုက်သည်။ သူက နူးညံ့သောအကြည့်ဖြင့် “အာ့ထောင် ရေနွေးကြမ်းလေး အရင်သောက်ပါဦး။”
“ကျွန်မ မသောက်ချင်ဘူး” ကျီကျောက်က ခေါင်းခါသည်၊ “ကျွန်မ အခုလေးတင် သတင်းအချို့ ကြားခဲ့ရတယ်။ ရှန်းယောင် ကျွန်မ ရှင့်ကို အရမ်းစိတ်ပူသွားတာ။”
“ကိုယ် အခု အဆင်ပြေနေတာပဲ မဟုတ်လား” ရှန်းယောင်က သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး သူမကို နူးညံ့ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်၊ “အာ့ထောင် စိတ်မပူပါနဲ့။”
“ရှင် ကျွန်မကို စိတ်ဆိုးနေတာလား” ကျီကျောက်က ထုတ်မမေးဘဲ မနေနိုင်ပေ။ “ကျွန်မ ရှင့်ခြေထောက်ကို ကုသပေးဖို့ အံ့ဖွယ်သမားတော် ရှန်းဟယ်ကို ရှာချင်တယ်၊ ဒါကြောင့် ကျွန်မ ချင်မင်ဟုန်ကို အကူအညီတောင်းခဲ့တယ်။ ရှင် အရမ်းစိတ်ဆိုးသွားတယ်မလား၊ ဟုတ်တယ်မလား။”
“ကိုယ် တကယ်ပဲ စိတ်ဆိုးနေတယ်” ရှန်းယောင်က ပြတ်သားစွာ ခေါင်းညိတ်ပြသည်၊ “ဒါပေမယ့် ကိုယ် စိတ်ဆိုးတာ မင်းကို မဟုတ်ဘူး။ ကိုယ် ကိုယ့်ကိုယ်ကို စိတ်ဆိုးနေတာပါ။”
“ရှင့်ကိုယ်ရှင် စိတ်ဆိုးတာလား” ကျီကျောက်က စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်လိုက်သည်၊ “ဘာဖြစ်လို့ အဲ့လိုပြောရတာလဲ။”
“အာ့ထောင် မင်း မှတ်မိသေးလား။ မင်း ကိုယ့်ကို တစ်ခါက မေးဖူးတယ်၊ ကိုယ် စာအုပ်တွေ ပြန်ကိုင်ဖို့ တွေးထားဖူးလား၊ စာပေကို ပြင်းပြင်းထန်ထန် ဆက်လက်လေ့လာပြီး တော်ဝင်စာမေးပွဲကို ဝင်ဖြေဖို့ ကြိုးစားဦးမလားလို့လေ” ရှန်းယောင်က အသာအယာ ပြုံးလိုက်သော်လည်း သူ့လေသံကတော့ သူ့ကိုယ်သူ လှောင်ပြောင်လိုသည့် အရိပ်အမြွတ်ရှိ၏၊ “အဲဒီတုန်းက တော်ဝင်စာမေးပွဲက ဘဝမှာ တစ်ခုတည်းသော ရွေးချယ်မှု မဟုတ်ဘူးလို့ ကိုယ်ပြောခဲ့တယ်။”
“ဒါပေမယ့် အခုတော့ ကိုယ့်အတွေးက အရမ်းမှားသွားတယ်ဆိုတာကို သက်သေပြလိုက်ပြီ” ကျီကျောက်က သူ့နဖူးကို တိတ်တိတ်လေးကိုင်ပြီး သက်ပြင်းချလိုက်သည်၊ “ကျော်ကြားမှုနဲ့ ကံကြမ္မာအတွက်ပဲ ဆယ်နှစ်ကျော် ကိုယ် ကြိုးကြိုးစားစား စာပေလေ့လာခဲ့တာလား။ ဒါပေမယ့် ကိုယ့်ရဲ့ မူလရည်ရွယ်ချက်က စာလေ့လာဖို့ချည်းပဲ မဟုတ်ခဲ့ဘူး။”
“ကိုယ် စာပေကို လေ့လာရတဲ့ မူလရည်ရွယ်ချက်က ပြည်သူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့နဲ့ တော်ဝင်တရားရုံးကို အမှုထမ်းဖို့ပဲ” ရှန်းယောင်၏ အသံက အလွန်ပျော့ပြောင်းနေပေမယ့် ကျီကျောက်က ထိုစကားသံထဲမှ အားအင်ကိုတော့ ကြားနိုင်ဆဲပင်။
“တကယ်တော့ ကိုယ် လွန်ခဲ့တဲ့ လဝက်လောက်က ကိုယ့်ဆရာဆီကနေ စာတစ်စောင် ရခဲ့တယ်။ ကိုယ် ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားခဲ့ဘူး” ရှန်းယောင်သည် ခဏလောက် တွေးပြီး သူ့အိတ်ကပ်ထဲမှ စာတစ်စောင်ကို ဂရုတစိုက် ထုတ်ယူပြီး သူမကို ကမ်းပေးလိုက်သည်၊ “ဒါက ဆရာကြီး ကိုယ့်ဆီ အစောပိုင်းက ပို့ပေးတဲ့ စာပါ။”
ကျီကျောက်က သိချင်စိတ်ပြင်းပြစွာ စာကို ဖွင့်ဖတ်လိုက်သည်။
စာပါအကြောင်းအရာကို ဖတ်ပြီးသောအခါတွင် သူမ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“ရှန်းယောင် ရှင့်ခြေထောက်ဒဏ်ရာက မတော်တဆဖြစ်တာ မဟုတ်ဘူးပေါ့။ ဒါကို တစ်ယောက်ယောက်က လုပ်ကြံခဲ့တာလား။ ဒါပေမယ့် အဲဒီလူက ရှင့်ကို ဘာဖြစ်လို့ ဒုက္ခပေးချင်ရတာလဲ။ ဒီလိုလုပ်တာက သူ့အတွက် ဘာအကျိုးရှိလို့လဲ။”
“ကိုယ့်စာမေးပွဲရလဒ်တွေကို သူနဲ့ အစားထိုးပြီး ထိပ်တန်းစာသင်သားစာရင်းကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တယ်” ရှန်းယောင်က သူ့မျက်လုံးတွေကို မှိတ်ချပြီး သက်ပြင်းချလိုက်သည်၊ “အဲဒီတုန်းက သူက ကိုယ့်ရဲ့ အယုံကြည်ရဆုံး သူငယ်ချင်း ဖြစ်ပေမယ့် နောက်ဆုံးမှာတော့ သူက လူငှားပြီး တောင်ပေါ်ကနေ ကျောက်တုံးကြီးတွေ လှိမ့်ချခိုင်းပြီး ကိုယ့်ကို သက်သက်မဲ့ လုပ်ကြံခဲ့တယ်။”
ရှန်းယောင်သည် ထိုနေ့က အဖြစ်အပျက်ကို ပြန်သတိရပြီး အလွန်အမင်း နာကျင်သွားခဲ့သည်။
သူ ငယ်စဉ်ကပင် တော်ဝင်တရားရုံးတွင် အမှုထမ်းဖို့ အိပ်မက် မက်ခဲ့သည်။ သူ့မိသားစု၏ ပံ့ပိုးကူညီပေးမှုဖြင့် လေ့ရှန်းခရိုင်သို့ သွားရောက်ခဲ့ပြီး ဆရာကြီးဖန်၏ ကိုယ်ပိုင်ကျောင်းတွင် စာပေ လေ့လာသင်ကြားခဲ့သည်။ သူသည် အသက် ၇ နှစ်အရွယ်မှ စတင်၍ အသက် ၁၇ နှစ်အရွယ်ထိတိုင် ဆယ်နှစ်ကြာ ပြင်းပြင်းထန်ထန် စာလေ့လာခဲ့သည်။
ပြီးတော့ စာမေးပွဲကိုလည်း ချောချောမွေ့မွေ့ အောင်မြင်ခဲ့သည်။
ငယ်စဉ်ကပင် ကျောင်းသားဘဝမှ အဆင့်မြင့် စာသင်သားအထိ စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်အဝရှိနေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့သည်။ သူ့ဇာတိမြို့သို့ အပြန်လမ်းတွင် တောင်ပေါ်ကနေ ကျောက်တုံးကြီး တစ်တုံး လိမ့်ကျလာကာ သူ့ဘယ်ဖက်ခြေထောက်ကို ထိမှန်ခဲ့သည်။ ပိုစိတ်ပျက်စရာကောင်းတာက သူ စာမေးပွဲ ကျရှုံးခဲ့လေ၏။
“အဲဒီအချိန်တုန်းက ကိုယ့်မိဘတွေ၊ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က နာမည်ကြီး သမားတော်တွေ အကုန်လုံးနဲ့ ပြသပေးခဲ့ပေမယ့် သူတို့ ကိုယ့်ခြေထောက်ကို မကုသနိုင်ခဲ့ကြဘူး။ ကိုယ့်ရဲ့ ခြေထောက်ဒဏ်ရာအတွက် ကိုယ့်မိသားစုက ပိုက်ဆံတွေ အများကြီး သုံးစွဲခဲ့ရတယ်။ အကြီးဆုံးမရီးနဲ့ ဒုတိယမရီးတို့ကတောင် သူတို့ရဲ့ ခန်းဝင်ပစ္စည်းတွေ ရောင်းချပြီး အကုန်ကျခံခဲ့တယ်… အာ့ထောင်၊ တကယ်တော့ ကိုယ်က ကိုယ့်ကိုယ်ကို တစ်ခါတည်း အရှုံးပေးခဲ့လိုက်မိတယ်။ ကိုယ်က မမျှတဘူးလို့ ကောင်းကင်ဘုံကိုတောင် အပြစ်တင်ခဲ့တယ်။ ကိုယ့်မိသားစုကို အောက်ကို ဆွဲချခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကို ပိုလို့တောင် မုန်းတီးခဲ့တယ်။”
ရှန်းယောင်က ခါးသီးစွာ ပြုံးပြီး ပြောလာခဲ့သည်၊ “နောက်တော့… ကိုယ့်ကို ဆက်ပြီး ဆေးကုသပေးနေဦးမယ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေပစ်မယ်လို့ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တော့မှ ကိုယ့်မိဘတွေက ဆက်မကုသတော့ဖို့ အရှုံးပေးခဲ့တာ။ သူတို့က ကိုယ် ကောင်းကောင်းနေနိုင်သရွေ့ လုံလောက်ပြီလို့ပြောတယ်။”
“ကိုယ့်ခန္ဓာကိုယ်၊ ဆံပင်နဲ့ အသွေးအသားတွေကို ကိုယ့်မိဘတွေ ပေးထားတာ ဆိုပေမယ့် ကိုယ် ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ပြီး သူတို့ကို ခြိမ်းခြောက်ခဲ့တယ်။ ကိုယ်က ရူးမိုက်ရာကျမှန်းသိပေမယ့် ကိုယ့်မှာ တကယ် ရွေးစရာ မရှိဘူး…”
“ဒါတွေအားလုံး အတိတ်တွေပဲ” သူ့နာကျင်မှုတွေကိုမြင်တော့ ကျီကျောက်က သူ့လက်ကို အမြန်ဆွဲယူပြီး သူ့ကို နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးလိုက်သည်၊ “ရှန်းယောင် ဒီဝေဒနာတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။”
“ဟင့်အင်း” ရှန်းယောင်က ခေါင်းခါလိုက်သည်၊ “တကယ်လို့သာ ကိုယ် ဒီစာကို မရခဲ့ဘူးဆိုရင် ကိုယ် လူနုံလူအတစ်ယောက်လို ဆက်နေထိုင်နေမိလိမ့်မယ်၊ အတိတ်က နာကျင်စရာ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားပြီးလို့ မှတ်ထင်နေမိလိမ့်မယ်။ ဒါပေမယ့် ကိုယ် ဒီစာကို လက်ခံရရှိခဲ့တယ်။”
“တကယ်တော့ ကိုယ် လေ့ရှန်းခရိုင်ကို ရည်ရွယ်ချက် နှစ်ခုနဲ့ ရောက်လာခဲ့တာပါ။ အရင်ဆုံး ကိုယ် ဆရာ့ကို မျက်နှာချင်းဆိုင် သွားမေးချင်တယ်။ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေကို သူသိလားလို့ မေးချင်မိတယ်။ ပြီးတော့ ဒီကိစ္စ တစ်ခုလုံးမှာ သူ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာလဲ။ ဒုတိယတစ်ခုအနေနဲ့ ကိုယ် တစ်ခုခုကို ရှာချင်တယ်။”
“ဘာလဲ။”
“တကယ်တော့ ကျီဟွေ့ ပြဿနာလာရှာတဲ့နေ့က ကိုယ် သူ့ကို ထပ်သွားတွေ့ခဲ့သေးတယ်” ရှန်းယောင်က ရိုးသားစွာ ပြောပြလာခဲ့သည်၊ “မင်း ငယ်ငယ်လေးတုန်းက ဝတ်ထားတဲ့ ကျောက်စိမ်းဆွဲပြားလေးကို ကိုယ် ရှာပေးချင်တယ်။ အဲဒီကျောက်စိမ်းဆွဲပြားပေါ်မှာ မင်းနာမည်ကို ရေးထိုးထားတယ်။ ကျီဟွေ့က အဲဒီကျောက်စိမ်းဆွဲပြား အပေါင်ဆိုင်မှာ ပေါင်ထားခဲ့တယ်တဲ့။ ကိုယ် အပေါင်ဆိုင်ကို သွားရှာကြည့်တော့ အပေါင်ဆိုင်ပိုင်ရှင်က အဲဒီကျောက်စိမ်းဆွဲပြားကို လေ့ရှန်းခရိုင်က သူဌေးကျားက ဝယ်သွားတယ်လို့ပြောတော့ ကိုယ်လာရှာတာပါ။”
“ရှင် ဘာဖြစ်လို့ ကျွန်မကို မခေါ်သွားရတာလဲ” ကျီကျောက်က သူ့မျက်လုံးတွေကို စူးစူးရဲရဲ စိုက်ကြည့်ပြီး မေးခွန်းထုတ်သည်၊ “ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ဖွင့်ဟဝန်ခံပြီးကြပြီလေ။ ရှင် ကျွန်မကို မယုံကြည်သေးဘူးလား။”
“ကိုယ် မင်းကို အံ့အားသင့်အောင် လုပ်ပေးချင်လို့ပါ” ရှန်းယောင်က ခါးသီးစွာ ပြုံးလိုက်သည်၊ “ဒါပေမယ့် ကိုယ် ကိုယ့်အရည်အချင်းကို အရမ်းအထင်ကြီးမိနေတာပဲ။ ကိုယ် မင်းကို အံ့အားသင့်စရာလေး မလုပ်ပေးနိုင်ခဲ့ရုံသာမက ကိုယ် မင်းကို ထိတ်လန့်စေအောင် လုပ်ခဲ့မိလိုက်သေးတယ်။”
“အာ့ထောင် ကိုယ် တောင်းပန်ပါတယ်” ရှန်းယောင်က သူမ၏ လက်ကို ရတနာတစ်ပါးကို ရှာဖွေတွေ့ရှိသကဲ့သို့ ဂရုတစိုက် ဆွဲယူဆုပ်ကိုင်ခဲ့ပြီး နူးညံ့မှု အပြည့်လွှမ်းခြုံထားတဲ့ အကြည့်တွေနဲ့ သူမကို ကြည့်ကာ “မင်း ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မလား” ဟု မေးလိုက်သည်။
“ဟင့်အင်း” ကျီကျောက်က သူကိုင်ထားတဲ့ လက်တွေကို ပြတ်ပြတ်သားသား ရုန်းဖယ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်၊ “ကျွန်မတို့နှစ်ယောက်စလုံး စိတ်အေးအေးထားဖို့ လိုအပ်တယ်လို့ ကျွန်မထင်တယ်။”
“ရှန်းယောင် လူနှစ်ဦး အတူရှိတဲ့အခါမှာ အရေးကြီးဆုံးက ဘာလဲဆိုတာ ရှင်သိလား။”
“အချစ်လား၊ ဒါမှမဟုတ် ယုံကြည်မှုလား။”
“တစ်ခုမှ မဟုတ်ဘူး” ကျီကျောက်က ခေါင်းခါပြီး သူ့မျက်လုံးတွေကို စူးစိုက်ကြည့်လိုက်သည်၊ “လူနှစ်ဦးအတူရှိတဲ့အခါမှာ အရေးကြီးဆုံးက ဆက်သွယ်မှုပဲ။ တကယ်လို့ ကျွန်မက ရှင့်ကို နှုတ်မဆက်ဘဲ ထွက်သွားခဲ့မယ်ဆိုရင် ရှင် ဘယ်လို ခံစားရမလဲ။ ကျွန်မတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ချင်းတွေ ဖလှယ်ခဲ့ကြပြီးပြီ၊ ဒါပေမယ့် ရှင်က လျှို့ဝှက်ချက် အကြီးကြီးကို ရှင့်ရင်ထဲမှာ သိမ်းထားခဲ့တယ်။ ဒီကိစ္စကို ရှင်က ကျွန်မနဲ့ ဆွေးနွေးတိုင်ပင်ဖြေရှင်းဖို့ထက် ရှင့်ဖာသာရှင် တစ်ယောက် ဖြေရှင်းဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။
လူနှစ်ဦးအတူရှိနေကြပြီး နှစ်ယောက်လုံးက တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ပြောဆိုလိုစိတ် မရှိကြဘူးဆိုရင် အချိန်အတော်ကြာ ဆက်သွားနိုင်မယ်လို့ထင်လား။ ကျွန်မတို့တွေ တစ်ယောက်ကို တစ်ယောက် သဘောကျလို့ပဲဖြစ်ပါစေ ယုံကြည်လို့ပဲဖြစ်ပါစေ ဒီဆက်ဆံရေးကို ချောချောမွေ့မွေ့နဲ့ ရေရှည်ဆက်ထိန်းသိမ်းထားနိုင်ဖို့က တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြောဆိုဆက်ဆံဖို့နဲ့ အချင်းချင်း ခံစားချက်တွေကို နားလည်ဖို့ လိုအပ်တယ်။”
***