Ch 1
Viewers 2k


🐈Chapter 1 



ကျယ်ဝန်းကာ လင်းထိန်နေသောဆေးရုံ

ဧည့်စောင့်ခန်း၌... လင်းနင် ဆေးရုံဆင်းသည့်လုပ်ထုံးလုပ်နည်းများကိုဆောင်ရွက်နေသည်။


"မင်္ဂလာပါ ဒါက ကျွန်တော်ရဲ့ကြယ်စု မှတ်ပုံတင်ကတ်ပါ"


လင်းယွမ်က ကတ်တစ်ခုကို အလုပ်လုပ်နေသောစက်ရုပ်တစ်ခုဆီကမ်းပေးလိုက်သည်။


"ဆေးရုံဆင်းချင်လို့ပါ"


"မင်္ဂလာပါ မစ္စတာလင်းနင် ပထမဆုံးအနေနဲ့ ပြန်လည်ကျန်းမာလာမှုအတွက် ဂုဏ်ပြုပါတယ်...ပြီးတော့ ဆေးရုံးဆင်းပြီးဆောင်ရန်ရှောင်ရန်တွေကို လူကြီးမင်းရဲ့ကိုယ်ပိုင်အကောင့်ထဲပို့ပေးလိုက်ပါ့မယ်...ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ...မေးစရာတစ်ခုခုရှိရင်ဒါမှမဟုတ် အဆင်မပြေတာမျိုးရှိရင် ကျွန်တော်တို့ဆေးရုံကိုအချိန်မရွေးဆက်သွယ်လိုက်ပါခင်ဗျာ"


စက်ရုပ်က ကွန်ပြူတာပေါ်မှာစာရိုက်ရင်း တစ်ချိန်တည်းမှာသူ့ကိုပြန်ဖြေနေသည်။အနာဂတ်ကစက်ရုပ်ပီသစွာပဲ အသံကပင်အလွန် လူအစစ်နှင့်တူလေသည်။


လင်းနင် ခေါင်းညိတ်လိုက်ပြီး ကျသင့်ငွေပေးချေကာ အသစ်စက်စက်ဝယ်ထားသော ဆေးသေတ္တာနှင့်အတူထွက်လာခဲ့လိုက်သည်။


ဤဆေးရုံ၌ လူငယ်ပိုင်းလူနာများစွာရှိပြီးငယ်ရွယ်သူများက အတင်းအဖျင်းများဖြန့်ရသည်ကိုအကြိုက်ဆုံးဖြစ်သည်။


အဆင့်18အိုင်ဒေါတစ်ယောက်ဆဋ္ဌမဆေးရုံမှာနေသည့် သတင်းက ဆေးရုံတွင်း၌အလွန်နာမည်ကြီးနေ၏။သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဤသည်က 21ရာစုနှင့်ကွဲပြားလေသည်။


လင်းနင် ကူးပြောင်းလာသည်မှာ အချိန်တစ်ခုလောက်ရှိနေပြီဖြစ်သော်လည်း ထိုစပ်စုသူများထံမှ အမှန်တကယ် အနှောက်အယှက်ပေးခြင်းကိုမခံခဲ့ရပေ။ဤခေတ်တွင် ဥပဒေကပုဂ္ဂိုလ်​ရေးဆိုင်ရာကိုယ်​ရေးကိုယ်တာနှင့်ပုံအခွင့်အ​ရေးများကို ကောင်းကောင်းကာကွယ်ပေးထားသဖြင့် ပိုင်ရှင်အစစ်၏ရှေ့မှာ ဘယ်သူမှဖရဲသီးမစားရဲသလောက်ဖြစ်သည်။


ပြောရမည်ဆိုလျှင် လင်းနင်က အနှီကိုယ့်ကိုယ်ကိုယ်သတ်သေပြီးဆေးရုံရောက်လာသည့်အဆင့်18အိုင်ဒေါပဲဖြစ်လေသည်။


သို့သော် မလွဲမသွေပဲ တချို့လူများက သူ့ကိုတိတ်တိတ်လေးအကဲခတ်ကာ

သူ့ကိုလက်ညှိုးထိုး၍ သုံးလေးငါးယောက်တစ်စုဖွဲ့ကာ သူ့အကြောင်းအတင်းတုပ်ကြလေသည်။


"ဟေး လွန်ခဲ့တဲ့နှစ်နည်းနည်းကအရမ်းနာမည်ကြီးခဲ့တဲ့အိုင်ဒေါပြိုင်ပွဲကိုကြည့်ဖူးကြလား...အဲဒီလင်းနင်က ထိပ်ဆုံးဆယ်ယောက်ထဲဝင်တယ်မလား"


"ဘုရားရေ တကယ်သူပဲ...သူ့မှာ တကယ်လမ်းပေါ်မှာပေါ်လာရဲတဲ့သတ္တိရှိနေတာပဲ...အဲဒီရှိုးကိုငါအရမ်းကြိုက်တာ...ငါ့ရဲ့နံပါတ်တစ်အမျိုးသားနတ်ဘုရားကျန်းဖုန်းက ဒီရှိုးကနေcenterနေရာကနေပွဲထွက်ခဲ့နာလေ...ဒီရှိုးကတကယ် အင်​မော်တယ်ရှိုး...အိုင်ဒေါထရိန်နင်တွေအကုန် အရမ်းနာမည်ကြီးကြတယ်...အဲဒီရွံစရာလင်းနင်ကလွဲလို့ပေါ့"

 

"ဟုတ််တယ်...သူအိမ်မှာပဲပုန်းနေပြီးအပြင်မထွက်ရဲလောက်တော့ဘူးထင်တာ...သူ့ကို ဒီ​လောက်စိတ်မာလိမ့်မယ်ထင်မထားဘူး..."


"ဟမ်...ဒါပေမဲ့ လင်းနင်ပုံစံကအတော်လေးယဥ်ကျေးတယ်...အရမ်းလည်းချောတယ်..."


"ဟဲ့ ဒီလိုအရာတွေကိုနင်ကအာရုံမစိုက်တော့ဘယ်နားလည်ပါ့မလဲ...ငါနင့်ကိုkeywordပေးလိုက်မယ်...အွန်လိုင်းမှာလင်းနင်လို့သွားရှာချေ...သူလုပ်ခဲ့တဲ့ညစ်ပတ်တဲ့အရာတွေကိုနင်သိရလိမ့်မယ် ဖွီ"


လင်းနင်က သူတို့စကားဝိုင်းကိုမသဲမကွဲကြားလိုက်ရသည်။ သူ ခဏတန့်သွားပြီးနောက် ခြေလှမ်းကျဲကျဲနဲ့ထွက်လာခဲ့လိုက်လေသည်။သူဗိုက်အတော်ဆာနေပြီး ဆေးရုံကအာဟာရထုပ်များက သူ၏အရသာခံဖုများအတွက် ခက်ခဲလွန်းသည်။အိမ်ပြန်ပြီး တစ်ခုခုစားရန်အရေးပေါ်လိုအပ်နေလေပြီ။


ဤအခိုက်အတန့်တွင် လူနာတင်အာကာသယာဥ်ငယ်တစ်စီး ဝှီးခနဲဖြတ်သွားပြီး ဆေးရုံ၏ပင်မဝင်ပေါက်မှာ တည်ငြိမ်စွာသက်ဆင်းလိုက်သည်။ဆရာဝန်တချို့ အာကာသယာဥ်ထဲမှပြေးထွက်လာပြီး မကြာမီဆေးရုံအုပ်နှင့်ဒါရိုက်တာများပြေးလာကြသည်။အကုန်လုံးက အတွေ့အကြုံရှိဆရာဝန်အိုကြီးများဖြစ်ပုံရကြသည်။ထို့နောက်နောက်ထပ်လူနာတင်အာကသယဥ်တစ်စီး ဝှိီးခနဲဖြတ်သွားပြီး မြင်ကွင်းကအလွန်အရေးပေါ်ဖြစ်နေ၏။ကြည့်နေသူများ တအံ့တဩဆိုလိုက်မိကြသည်။


ဒီလိုကြီးကျယ်တဲ့ကြိုဆိုမှုမျိုးကိုရလောက်အောင် ဘယ်လိုအကောင်ကြီးကြီးမလို့လဲ...


လင်းနင် သူ၏ဆာလောင်နေသောဗိုက်ကိုပွတ်ကာ နောက်ပြန်လှည့်မကြည့်ဘဲထွက်လာခဲ့လိုက်သည်။မည်သို့ပင်ဖြစ်စေ၊ ထိုအကောင်ကြီးကြီးက မည်သူပဲဖြစ်ပါစေ သူနှင့်ဘာမှမဆိုင်ပါလေ။


အိမ်ပြန်ရောက်ချိန်မှာ မီးများကအလိုလိုပွင့်သွားပြီး အိမ်ထိန်းစက်ရုပ်ကလည်း သူ့အတွက်ရေနွေးအိုးတည်ပေးသည်။


လင်းနင် သူ့လက်ကောက်ဝတ်ကို ရေမစိုအောင်ကာကွယ်ပြီး ခပ်သွက်သွက်ကိုယ်လက်သန့်စင်ကာ ညဝတ်အင်္ကျီလဲလိုက်သည်။အိပ်ရာပေါ်မှာလှဲရင်း ဤအရာအားလုံးက အစစ်အမှန်မဟုတ်သလိုခံစားနေရဆဲ​ပင်။


အချုပ်ဆိုရသော် သူအနာဂတ်သို့ကူးပြောင်းလာခဲ့သည်။


အနှီခန္ဓာကိုယ်က သူနှင့်နာမည်အတူတူဖြစ်ပြီး ငမွဲအိုင်ဒေါတစ်ယောက်ဖြစ်သည်။အိုင်ဒေါတစ်ယောက်အနေဖြင့် ပထမဆုံးစပြီးပွဲဦးထွက်စဥ်က သူက ချောမောပြီးအရည်အချင်းရှိသဖြင့် အလားအလာရှိသောကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့သည်။သို့သော် နောက်ပိုင်း၌ မကောင်းသတင်းပေါင်းစုံ ပလူပျံလာခဲ့သည်


– ဒါရိုက်တာတစ်ယောက်နှင့်သတင်းထွက်ခဲ့ခြင်း၊သရုပ်ဆောင်စွမ်းရည်များညံ့ဖျင်း​ခြင်း၊ကိုယ့်အသံကိုယ်ဖျက်စီး​​ခြင်း။


ထိုအကြောင်းများကြောင့် သူ အလွန်ပြင်းထန်သောဆိုက်ဘာအကြမ်းဖက်မှုကိုခံစားခဲ့ရသည်။စာချုပ်ကိုအဆုံးသတ်လိုက်ပြီးနောက်အကြွေးနစ်တော့သည်။​နောက်ဆုံးတွင် စိတ်ပျက်အားငယ်စွာဖြင့်လက်ကောက်ဝတ်ကိုလှီးကာ သတ်သေခဲ့ပြီး... ၎င်းနောက်လင်းနင်ကူးပြောင်းလာခဲ့သည်။


ကျွတ်စ် တကယ်ကိုရူးသွပ်ဖို့ကောင်းတဲ့ခရီးစဥ်တစ်ခုပဲ...


လင်းနင် တွေးလိုက်မိသည်။


မူလက သူသည်21ရာစု၏နိုင်ငံသားကောင်းတစ်ယောက်ဖြစ်သည်။နိုင်ငံ​တော် စားသောက်ပွဲဆရာသခင်စားဖိုမှူးတစ်ယောက်၏သားတစ်ယောက်အနေဖြင့် ငယ်စဥ်ကတည်းက အပျော်အပါးမက်ခဲ့သော်ငြား ကောင်းမွန်သောအချက်အပြုတ်စွမ်းရည်များကိုလည်းသင်ယူတတ်မြောက်ခဲ့သည်။အနာဂတ်တွင် လျှာကဝေ(အစားအသောက်ချက်ပြုတ်)တို့၏လမ်းစဥ်ကိုလျှောက်လှမ်းမှာဖြစ်ပြီး သူ၏အနာဂတ်ကတောက်ပနေခဲ့သည်။သို့ပေမဲ့ လျှာကဝေမှတ်တမ်းရုပ်ရှင်တစ်ခုလုပ်နေစဥ်မှာ မတော်တဆသေသွားပြီး အနှီအနာဂတ်ကမ္ဘာမှာနိုးထလာခဲ့သည်။


အိုင်း ဘဝက တကယ်ကိုခန့်မန်းရခက်တာပဲ...


[တင်းတောင် လျှာကဝေအဆင့်မြှင့်ခြင်းစနစ် ကူညီရန်အသင့်ပါဗျ...မင်္ဂလာပါ လင်းနင် ကျွန်တော်တို့အခုစကားပြောလို့ရ​ပြီလား]


[အင်း]


စနစ်က ဆေးရုံမှာထဲကပေါ်လာခဲ့ပြီး လင်းနင်

စနစ်နှင့် အနည်းအကျဥ်းပြောခဲ့ပြီးသွားပြီဖြစ်သည်။


[ဒါနဲ့ ငါ ယုံကြည်မှုအမှတ်တွေစုရမယ်လို့ပြောတယ်နော်...အဲဒါ​တွေကိုအသီးအရွက်မျိုးစုံနဲ့လဲလို့ရလား]


[ဟုတ်ကဲ့...အနာဂတ်ကမ္ဘာက အရမ်းထူးခြားပါတယ်...လူသားတွေကမ္ဘာပေါ်ကထွက်ပြေးခဲ့ကြချိန်တုန်းက အစေ့အဆန်တွေနဲ့ သက်ရှိသတ္တဝါတွေအကုန်လုံး အာကာသပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေမှုရှိအောင်ညှိမယူနိုင်ခဲ့ဘဲ မျိုးသုဉ်းသွားခဲ့တယ်...လူသားယဉ်ကျေးမှုက အဆက်ပြတ်သွားခဲ့တယ်... လူသားတွေ ဒီနေထိုင်ထို့သင့်​တော်တဲ့ အိမ်ကို ပြန်တည်ဆောက်နိုင်တဲ့အချိန်မှာ သူတို့ဟာ အာဟာရထုပ်တွေနဲ့ပဲ အသက်ရှင်ခဲ့ရတယ်...အချိန်ကြာလာတာနဲ့အမျှ လူသားတွေဟာ အရသာရှိတဲ့ အစားအသောက်တွေကို မေ့သွားခဲ့ကြတယ်...hostယုံကြည်မှုရမှတ်တွေ ရသရွေ့ အဲဒါတွေကို ပစ္စည်းတွေနဲ့ လဲလှယ်နိုင်သလို hostရဲ့ အပင်အခြေခံစွမ်းရည်တွေလည်း တိုးတက်လာလိမ့်မယ်]


[စွမ်းရည်တွေ...]


လင်းနင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။


[ဒီအနာဂတ်ကမ္ဘာမှာ လူ့ခန္ဓာကိုယ်တွေက ဓာတ်ရောင်ခြည်ကြောင့် မျိုးရိုးဗီဇပြောင်းလဲသွားပြီး လူအများစုမှာ စွမ်းရည်တွေ ပြောင်းလဲ​ဖြစ်​ပေါ်လာကြတယ်...အများစုကတော့ တိရိစ္ဆာန်တွေရဲ့ စွမ်းရည်တစ်စိတ်တစ်ပိုင်းကို ရရှိကြတယ်...တချို့က ခွေးတစ်ကောင်ရဲ့ အနံ့ခံနိုင်စွမ်း၊တချို့က ကြောင်တစ်ကောင်ရဲ့ လျင်မြန်သွက်လက်မှု၊တချို့က ကျားသစ်တစ်ကောင်ရဲ့​သန်မာတဲ့ လက်ခြေအင်္ဂါတွေကို ရရှိကြတယ်... တချို့က သူတို့ရဲ့ ချစ်စဖွယ် တိရိစ္ဆာန်ပုံစံတွေကို အနုပညာရှင်အသက်​မွှေးဝမ်းကြောင်းအတွက် သုံးကြတယ်...ဥပမာ ကြောင်နားရွက် ဒါမှမဟုတ် ယုန်အမြီးပေါ့ ဒါကတော့ အရေးမကြီးပါဘူး]


လင်းနင်၏မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။


[အရေးကြီးတာက တိရိစ္ဆာန်အဖြစ် အပြည့်အဝ ပြောင်းလဲနိုင်သူဟာ အနည်းငယ်ပဲရှိပြီး အဲဒါက S-အဆင့်စွမ်းရည်ဖြစ်တယ်...လက်ရှိမှာ လူသိများတဲ့ S-အဆင့်စွမ်းရည်ရှိသူတွေက သံမဏိသွေးမာရှယ်နဲ့ နိုင်ငံရဲ့ ရုပ်ရှင်ဧကရာဇ်… ဒါပေမဲ့ ကျွန်တော်က hostကို အထူးခြားဆုံးအကျိုးခံစားခွင့်ကို ပေးထားပါတယ်...ဒီကမ္ဘာမှာ တိရိစ္ဆာန်အခြေခံစွမ်းရည်တွေပဲ ရှိတယ် hostကလွဲ၍​ပေါ့...hostမှာ အပင်အခြေခံ ကုသစွမ်းရည်ရှိတယ်]


[ငါလား...]


လင်းနင်က မျက်တောင်ခတ်ပြီးမှ ရယ်မောလိုက်သည်။


[ဒါဆို ငါ့ရဲ့ အစစ်အမှန်ပုံစံက အပင်တစ်ပင်ပေါ့...နှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးမှိုလိုမျိုးလား]


[hostကသာ ယုံကြည်မှုအမှတ်တွေ ဆက်လက်ရှာဖွေနေမယ်ဆိုရင် တစ်နေ့ကျရင် အဲဒီအဆင့်ကို ရောက်နိုင်ပါတယ်]


[...ကောင်းပြီ ငါဗိုက်ဆာနေပြီ]


လင်းနင်က စနစ်၏စျေးဆိုင်ကို ဖွင့်ပြီး လူသစ်များအတွက် လက်ဆောင်ထုပ်ကို စစ်ဆေးလိုက်သည်။


[စနစ်ရေ ငါ မီးဖိုချောင်ကို စစ်ဆေးကြည့်ပြီးပြီ မီးဖိုချောင်သုံးဓားတောင် မရှိဘူး...ဒီလက်ဆောင်ထုပ်ထဲက မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတွေကို သုံးလို့ရလား]


[ရတာပေါ့...ဒါက လူသစ်တွေအတွက် အကျိုးခံစားခွင့်ပဲလေ]


လင်းနင်က ခေါင်းညိတ်ပြီး မီးဖိုချောင်သုံးပစ္စည်းများကို ရွေးချယ်လိုက်သည်။အစပိုင်း ပါဝင်ပစ္စည်းများအတွက်မူ စီချွမ်းစတိုင်ငါး​ပြုတ်အတွက် လိုအပ်သည့်အရာအားလုံးကို ရွေးချယ်လိုက်သည်။


ဆေးရုံမှာနေစဉ်အတွင်း သူသည် သူ၏အသက်ရှင်သန်ရေးနည်းဗျူဟာကို စီစဉ်ပြီးသားဖြစ်သည်။စားဖိုမှူးတစ်ဦးအနေဖြင့် သူ၏အတတ်ပညာကို စွန့်လွှတ်နိုင်မည်မဟုတ်ပေ။ယုံကြည်မှုအမှတ်များ အမြန်ဆုံးရရှိရန်နည်းလမ်းမှာ အစားအသောက် တိုက်ရိုက်ထုတ်လွှင့်မှုများ​ပြုလုပ်ရန်ပင်။


သူ၏ နှစ်ပေါင်းထောင်ချီသက်တမ်းရှိ တရုတ်ချက်ပြုတ်နည်းအမွေအနှစ်များနှင့်ရင်ဆိုင်ရပါက ဤခေတ်၏ အသက်ရှင်ရုံအဆင့်ရှိ အာဟာရထုပ်များ လုံးဝရှုံးနိမ့်သွားလိမ့်မည်ဟု ယုံကြည်သည်။


မှတ်ပုံတင်ပြီးသားဖြစ်သည့် Shining Live app (တိုက်ရိုက်ထုတ်လွှင့်မှု အက်ပ်)ကို ဖွင့်လိုက်သည်။


လင်းနင် ကင်မရာကို ဒရုန်းငယ်တစ်ခုတွင် တပ်ဆင်လိုက်ပြီး သူ၏တံတောင်ဆစ်မှ လက်ချောင်းများအထိသာ ဖမ်းယူရန် ချိန်ညှိလိုက်၏။ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်လေသည်။


Shining Liveသည် အစောပိုင်းအချိန်က ရေပန်းစားခဲ့သော အက်ပ်တစ်ခုဖြစ်သည်။၎င်းသည် ယခုအချိန်တွင် ပိုမိုခေတ်မီသော ပလက်ဖောင်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိသော်လည်း သစ္စာရှိပရိသတ်အချို့တော့ ရှိနေဆဲပင်။


ဤခေတ်တွင် အခြားတိုက်ရိုက်ထုတ်လွှင့်မှု မျိုးစုံရှိနေသော်လည်း အစားအသောက်နှင့်ပတ်သက်သောတိုက်ရိုက်ထုတ်လွှင့်မှုမရှိပေ။ထူးခြားသည်မှာ ဤအက်ပ်တွင် "အစားအသောက်"တိုက်ရိုက်ထုတ်လွှင်မှုအမျိုးအစားရှိနေခြင်းဖြစ်သည်။ 


လင်းနင် အစောပိုင်းက စစ်ဆေးကြည့်ပြီးဖြစ်သည်။ဤနေရာကို ရွေးချယ်ထားသော Streamer(တိုက်ရိုက်ထုတ်လွှင့်သူ)တစ်ဦးမှ မရှိသေးပေ။ ထို့ကြောင့် လင်းနင်သည် ပထမဆုံးStreamerဖြစ်လာခဲ့သည်။


သူ၏အကောင့်အမည်မှာ လီမွန်မီးဖိုချောင်လေး ဖြစ်သည်။တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ်မှာ–ကြောင်တွေက "စီချွမ်းစတိုင်ငါးပြုတ်ကို ​အရမ်းကြိုက်တယ်လို့ ပြော​ကြတယ်ဟူ၍ဖြစ်လေသည်။


မည်သည့်ခေတ်တွင်မဆို စူးစမ်းတတ်သည့် အင်တာနက်အသုံးပြုသူများ အမြဲရှိသည်။Streamerအသစ်များသည် အခြားတိုက်ရိုက်ထုတ်လွှင့်မှုများတွင်ကြော်ငြာစာတန်းထည့်ပေးခံရခြင်းကို အထူးအခွင့်အရေးအဖြစ် ရရှိကြ၏။ထို့ကြောင့် ညစာစားချိန်အတွင်း ပျင်းရိနေသော အင်တာနက်သုံးစွဲသူများသည် လီမွန်မီးဖိုချောင်​လေး၏တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသို့ ဝင်ကြည့်ကြလေသည်။


စီချွမ်းစတိုင်ငါး​ပြုတ်လား...အဲဒါ ဘာလဲ...


ကြည့်ရှုသူအချို့က မှတ်ချက်များ ပေးကြသည်။


[ကတိ: တကယ်ကိုပဲ ဒီခေတ်က ဘာခေတ်လဲ...'အစားအသောက်' ဆိုတဲ့ စကားလုံးကို ဖြားယောင်းဖို့အတွက် သုံးတဲ့လူရှိ​နေ​သေးတုန်းပဲလား?...]


[သောက်ရမ်းမွဲတယ်: ဟုတ်တယ်...ဒီ Streamerအသစ်က အာရုံစိုက်မှုလိုချင်ရင် ယုံကြည်နိုင်​လောက်တဲ့ အကြောင်းအရာကို ရွေးသင့်တယ်...]


[အာဟာရထုပ်တွေဆိုတော်ပါပြီ: အစားအသောက်ကို သုံးပြီးလူ​တွေကိုလှည့်စားတဲ့ အရင်တစ်ခေါက်က Streamerကတော့ အတိုင်ခံရပြီး ပိတ်ပင်ခံလိုက်ရပြီ...]


[ကတိ: ဟင်...အဲဒါ ဟင်းအိုးလား... နည်းနည်းတော့ ပညာရှင်ဆန်ပုံရတယ်...]


[ယုန်ဖက်တီး: ငါ သိတယ်! မီးဖို​ချောင်ပစ္စည်း အစုံပဲ! ငါ စာအုပ်တွေထဲမှာ မြင်ဖူးတယ်... ဒီ Streamer က တကယ်ကို ကြိုးစားထားပုံပဲ...]


မကြာမီ ဖြူစွတ်သွယ်လျသော လက်တစ်စုံ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။လက်ချောင်းများက နူးညံ့သိမ်မွေ့ပြီး လက်သည်းများကို ​တိရိသေသပ်စွာ ညှပ်ထားသည်။လက်များက လက်​ဆေးကန်ထဲသို့ ရွှေ့သွားပြီး ဆေးကြောလိုက်သည်။လှပသောလက်တစ်စုံက စိုစွတ်နေသည့်အခါ ပို၍ပင်လှပ​လေသည်။


[ကတိ: ဝိုး လက်မော်ဒယ်ပဲ လုပ်လိုက်ပါတော့လား...]


[စက်မရပ်နဲ့: ဒီလက်တွေ… ငါ အဲဒီလက်တွေကို တကယ် သဘောကျတယ်...လုံးဝကို သဘောကျတယ်...]


[ယုန်ဖက်တီး: ဒီရှောင်ကောကောက သေချာပေါက် လူချောလေးပဲ... ဒီလက်တွေကို ကြည့်ရုံနဲ့ပဲ ငါ Streamerကောကောကို Follow လုပ်လိုက်ပြီ...]


[ဝေဖန်​ရေးဘုရင်:ဆွံ့အ...အပေါ်က ပိုလွန်းတယ်...ဘိုင့်ဘိုင် အတန်ရှင်းရှာနေတဲ့နောက်တစ်ယောက်...rpထုပြီ..]


လင်းနင် မှတ်ချက်များကို ကြည့်လိုက်သော်လည်း ဂရုမစိုက်ပေ။ ဟင်းလျာ ပြီးသွားသောအခါ ဤလူများ လေသံပြောင်း သွားပေလိမ့်မည်။


ထောင့်မှ ပါဝင်ပစ္စည်းများကိုယူလိုက်ပြီး လင်းနင် စတင်ချက်ပြုတ်တော့သည်။ကင်မရာက သူ၏ လှုပ်ရှားမှုများနောက် လိုက်နေပြီး သူ၏လက်များနှင့် လက်ဖျံများကိုသာ တစ်ချိန်လုံးပြသနေသည်။


မြက်ငါး​ကြင့း၊ဆလတ်ရွက်၊ ကြက်သွန်မြိတ်၊ချင်း၊ကြက်သွန်ဖြူ၊စီချွမ်ငရုတ်ကောင်း(အထုံစေ့)၊ ဆားနှင့်တခြားလိုအပ်သည့် ပါဝင်ပစ္စည်းများနှင့် အမွှေးအကြိုင်များအဆင်သင့်ရှိနေသည်။၎င်းတို့အားလုံးကို တစ်ခု​ပြီးတစ်ခုသပ်သပ်ရပ်ရပ် ချထား​ပြီး​​နောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားလေသည်။


ခဏလေး… ဒီပစ္စည်းတွေက စာအုပ်တွေထဲမှာပဲ မြင်ဖူးတဲ့ ပျောက်ဆုံးနေတဲ့ ပါဝင်ပစ္စည်းတွေမလား... ခေတ်သစ်နည်းပညာက ပါဝင်ပစ္စည်းအတုကို ဖန်တီးနိုင်​နေပြီလား...အင်တာနက်သုံးစွဲသူများစွာ အူကြောင်ကြောင်ဖြစ်နေကြသည်။


"ဒီနေ့ရဲ့ ပထမဆုံး ဟင်းပွဲက စီချွမ်စတိုင်ငါး​ပြုတ်ပါ"


လင်းနင်က ပြောလိုက်သည်။သူ၏အသံမှာ အနည်းငယ် အက်ကွဲနေပြီး လည်ချောင်းဒဏ်ရာရထားသည့်အတိုင်းပင်။သို့သော်လည်း ငယ်ရွယ်ပျို​မျစ်​သောအသံက နားထောင်၍ကောင်းနေပြီး ပရိသတ်ကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။


ဟင်...ဒီ Streamer က…တစ်ခုခု​တော့ တစ်ခုခုပဲထင်တယ်...


"ငါးကို သန့်စင်ပြီး အရိုးထွင် တုံးတစ်ပြီးသားပါ... အခု ချက်ပြုတ်ပုံအဆင့်အဆင့်ကို ပြသပေးပါမယ်"


သူက ရေစစ်ထားသော ငါးအသားတုံးများကို ဖန်ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။ထို့နောက် ဆား၊ကြက်ဥအကာနှင့်ကော်မှုန့်တို့ကို ထည့်ပြီး သမအောင် နယ်လိုက်သည်။ပြီးနောက် ဆီအနည်းငယ်ကို ဆမ်းလိုက်သည်။ ထို့နောက် ဆလတ်ရွက်ကို မွှေကြော် ကြော်ပြီး ဘေးတွင်ချထားလိုက်သည်။ ရေနွေးကို အိုးထဲသို့ ထည့်ပြီး ငါးအသားတုံးများကို ခဏမျှ ​ရေ​နွေးဖြောလိုက်ပြီးမှ ပြန်ထုတ်လိုက်သည်။


ပြီးနောက် ကြက်သွန်မြိတ်၊ချင်း၊ ကြက်သွန်ဖြူတို့ကို စတင်စင်း​​တော့သည်။ချက်ချင်းပင် ကြက်သွန်မြိတ်၏အနံ့က လေထဲတွင် ပျံ့နှံ့လာလေသည်။


[ယုန်ဖက်တီး: ဘုရားဘုရား…ဒါက ဘယ်လိုဓာတုလက်နက်မျိုးလဲ...]


(မြောင်ဝူ:အဟွတ် အဟွတ် ဒီအနံ့က အရမ်းပြင်းတယ်...]


၎င်းကိုမြင်သော် လင်းနင်က ခပ်ပြုံးပြုံးဖြစ်သွားပြီး သူ၏လှုပ်ရှားမှုများက ပို၍ပင်ချောမွေ့နေ​တော့သည်။သူက ဤအခြေခံ ဓားစွမ်းရည်များကို ဆယ်စုနှစ်တစ်ခုကျော် လေ့ကျင့်ထားခဲ့သည်။မျက်စိမှိတ်၍ပင် လှလှပပကြွကြွရွရွ ခုတ်ထစ်နိုင်စွမ်းရှိ​လေသည်။


သူ အိုးထဲသို့ ဆီကို လောင်းထည့်ပြီး အပူပေးလိုက်၏။ရွှေရောင်ဆီများက ရွှေရည်များသဖွယ် အိုး၏အောက်ခြေအနှံ့ပြန့်သွားပြီး ယင်းက အလွန်တရာလှပ၏။လင်းနင် မီးဖိုချောင်သုံးဓားကို အသုံးပြုကာ ဟင်းခတ်အမွှေးအကြိုင်များကို အိုးထဲထည့်လိုက်သည်။ကြက်သွန်မြိတ်၊ချင်း၊ ကြက်သွန်ဖြူ၊ ဟင်းချက်ဝိုင်– အနံ့က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးအနှံ့ ချက်ချင်းပင် ပျံ့နှံ့သွားလေတော့သည်။


[ယုန်ဖက်တီး:နီနီတွေက ဘာတွေလဲ... လှလိုက်တာ… ပြီးတော့ ကြောက်စရာလည်းကောင်းတယ်...]


[စက်မရပ်နဲ့: ငရုတ်သီး...ငါက စိုက်ပျိုးရေးဌာနက ကျောင်းသားတစ်ယောက်ပါ ငါ စာအုပ်တွေထဲမှာ မြင်ဖူးတယ်...]


[မိုးဆုတောင်း​နေတဲ့ဖန်ဂဲလ်လေး: ကြည့် ကြည့် ပြီးတော့မယ်ထင်တယ်… ဘုရားရေ…သွားရည်ယိုလာပြီ…]


[စက်မရပ်နဲ့: တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေရင်း ဘာလို့ ဒူးထောက်နေတာလဲလို့ ပါမောက္ခက ငါ့ကို မေးတယ်... မမေးပါနဲ့...ဒီအတိုင်း...ဗိုက်ဆာနေရုံပါလို့...]


စီချွမ်းစတိုင်ငါးပြုတ် ချက်ပြီးသွားသောအခါ ၎င်း၏အနံ့က အခန်းထဲနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုလုံးမှာ ပြည့်နှက်သွား၏။


နူးညံ့ဖြူ​ဖွေးသော ငါးများက နီရဲတောက်ပသော ငရုတ်သီးပင်လယ်ထဲတွင် ကူးခတ်နေသလိုပင်။ပြီးပြည့်စုံသော အရောင်​ပေါင်းစပ်မှုဖြစ်ပြီး အနံ့မှာ သွားရည်မယိုဘဲနိုင်လောက်အောင် ဖြစ်​စေ၏။


သို့သော် ကြည့်ရှုသူများအနေဖြင့် Streamerက "အွန်လိုင်းမှမြည်းစမ်းခြင်း"လုပ်​ဆောင်ချက်ကို ဖွင့်ထားမှသာ ၎င်းကို မြည်းစမ်းနိုင်မည်ဖြစ်သည်။ လင်းနင်က ဤလုပ်ဆောင်ချက်ရှိကြောင်း မသိပေ။


ထိုအစား သူက ထမင်းပေါင်းအိုးကို ဖွင့်လိုက်ပြီး ကောင်းမွန်စွာ ပေါင်းထားသောထမင်းကို သူ့အတွက် ပန်းကန်လုံးတစ်လုံးစာ ခပ်ထည့်လိုက်သည်။ထမင်းစေ့များသည် ပြည့်ဖောင်း လုံးဝန်းကာ ချစ်စဖွယ်အတိ​ဖြစ်နေလေသည်။


ကြည့်ရှုသူအရေအတွက်သည် ၂၀၀မှ ၁၀၀၀ကျော်သို့ မြင့်တက်လာပြီး လက်ဆောင်များကိုလည်း ​ရေကာတာကျိုးကျသကဲ့သို့ ပေးပို့လာကြသည်။


[စားပြီးပြီလား: Streamerရေ tasting functionကို ဖွင့်ပေးပါ...]


[[ချစ်စရာကောင်းသူလေး [စားပြီးပြီလား]သည် လက်ပစ်ဗုံးတစ်လုံး(လက်ဆောင်) ပေးပို့ခဲ့သည်။]]


[[ချစ်စရာကောင်းသူလေး [ဝပေမဲ့အပျံစား]သည် လက်ပစ်ဗုံးဆယ်လုံး (လက်ဆောင်) ပေးပို့ခဲ့သည်။]]


ကြည့်ရှုသူပေါင်းများစွာက မှတ်ချက်များတွင် မြည်းစမ်းခြင်းလုပ်​ဆောင်ချက်ကို ဖွင့်ပေးရန် တောင်းဆိုနေကြလေသည်။သူတို့ ဟင်းပွဲကို မြည်းစမ်းကြည့်ချင်လွန်း၍ သေမလိုဖြစ်နေကြ၏။


"ဗိုက်အရမ်းဆာနေပြီမလို့ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ... မနက်ဖြန်မှတွေ့ကြမယ်"


ထိုသို့ပြောပြီးနောက် လင်းနင်က တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်လိုက်လေတော့သည်။


[ !!?!?! ]


ပရိသတ်များ ရူးသွပ်သွားကြလေသည်။


သူတို့သည် ဗိုက်​ဟောင်း​လောင်းနှင့် အကြာကြီး ကြည့်ရှုခဲ့ကြသည်– သို့သော် အနံ့သာ ရှူလိုက်ရပြီး အရသာမခံလိုက်ရ​ပေ။ဒါ ဘယ်လိုနတ်ဆိုးStreamerမျိုးလဲ...



>>>><<<<

Shining live app ကို Eng လိုပဲသုံးသွားလိုက်မယ်နော် 


လျှာကဝေမြှင့်တင်ခြင်းစနစ် = အစားအသောက်အဆင်မြှင့်တင်ခြင်း အတူတူပါပဲ 



🐈🐈🐈