Ch 10
Viewers 2k

🐈Chapter 10




တခြားသူများ ကြောင်ကျောင်းထွက်သည်နှင့်မတူဘဲ လင်းနင်၏ကြောင်က အလွန်ကို စည်းကမ်းရှိပြီး လမ်းပြခွေးတစ်ကောင်လိုမျိုး လင်းနင်ကို လေ့ကျင့်ခန်းလုပ်ရန်ခေါ်သွားသည်။


ရောက်လာသည်က မကြာသေးသဖြင့် လင်းနင်က နေရာနှင့်မရင်းနှီးသော်လည်း ကြောင်ကမူ လမ်းတိုင်းကိုမှတ်မိနေပြီဖြစ်သည်။၎င်းက ဘယ်နေရာမှပင်အညစ်အကြေးမစွန့်ဘဲ အိမ်ပြန်ရောက်မှ သန့်စင်ခန်းသုံး၏။


လင်းနင်ကိုင်ထားသည့်ဂေါ်ပြားလေးနှင့်အိတ်မှာတစ်ခါမှမသုံးလိုက်ရပေ။


လမ်းပေါ်ကလူများက ဤကြောင်၏မျိုးစိတ်နှင့်ပတ်သတ်၍ သိချင်နေကြပုံပေါ်ပြီး လူတစ်ယောက်နှင့်ကြောင်တစ်ကောင်အတွဲကိုမကြာခဏကြည့်မိတတ်​ကြသည်။ထိုကဲ့သို့လိမ်လိမ်မာမာ အပြင်ထွက် လမ်းလျှောက်သည့် ကြောင်ကိုမြင်ရသည်အား အံ့ဩနေ၍ဖြစ်မည်။ကံကောင်းထောက်မစွာဖြင့် လင်းနင်သူ့ကိုယ်သူလုံလုံခြုံခြုံထုပ်ပိုးထားသဖြင့် အခုထိတော့ သူ့ကို မည်သူမှ မမှတ်မိကြပေ။


သူကအမြဲတမ်းသိုသိုသိပ်သိပ်နေခဲ့သော်လည်း သူမသိသည်က ကိုယ့်ကိုကိုယ်ဖက်ထုပ်လိုထုပ်ပြီး အပြင်ထွက်သည့် လူအမျိုးအစားက နှစ်မျိုးသာရှိသည်ကိုပင်။တစ်မျိုးက အများသိပုဂ္ဂိုလ်ဖြစ်ပြီး ကျန်တစ်မျိုးက ဝရမ်းပြေးဖြစ်သည်။


သဘာဝအတိုင်းပဲ ဒုတိယတစ်မျိုးကဖြစ်နိုင်ခြေမရှိပေ။ရပ်ကွက်ထဲမှ ပိုင်ရှင်အတော်များများက လင်းနင်၏အလုပ်အကိုင်အကြောင်း တိတ်တိတ်လေး ဆွေးနွေးနေကြသည်။မည်သို့ပင်ဖြစ်စေ ညနေခင်းကြောင်ကျောင်းထွက်တိုင်း သခင်ကကိုယ့်ကိုကိုယ်မံမီလိုထုပ်ပိုးထားသည်။ထိုမျှကြီးသည့် ကြောင်များကလည်း ရှားပါးမျိုးစိတ်များဖြစ်သဖြင့် မျက်စိဖမ်းစားစရာကောင်းလွန်းနေသည်။


ရေကန်တုနားကိုရောက်ချိန်၌ လင်းနင်နှင့်ကြောင်က ရပ်လိုက်ကြ၏။လင်းနင်က ရေကြိုက်သည်။ဤနေရာမှရေက ကြည်လင်တောက်ပပြီး ဆိတ်ငြိမ်ကာ စက်ပစ္စည်းအစားထိုးသုံးမှုမြင့်မားသော အေးစက်စက်မြို့ကြီးဆီသို့ နူးညံ့ညင်သာမှုနှင့်အေးမြမှုအနည်းငယ်ကိုယူဆောင်လာပေးသည်။


လက်ရန်းကိုမှီလိုက်ပြီးနောက် လူရောကြောင်ပါ အံ့ဩစရာကောင်းလောက်အောင် တိတ်ကျသွားလေသည်။


လင်းနင် ကြောင်ကိုပွေ့ပြီး မြေကြီးပေါ်မှာ ထိုင်လိုက်၏။


မူလတုန်းက ကြောင်လေးသည် သူ့အထိအတွေ့ကို အလွန်ခုခံငြင်းဆန်ကာ တွန့်လိမ်လူးလွန့်ပြီး မရမကခုန်ချချင်ခဲ့သည်။သို့သော်လည်း လင်းနင်၏လက်ဖဝါးမှ အနွေးဓာတ်ဖျော့ဖျော့ကိုခံစားရပြီးသည့်နောက် ရုန်းကန်နေခြင်းအားရပ်လိုက်လေသည်။


တစ်စုံတစ်ယောက်၏ရင်ခွင်ထဲတွင် အပွေ့ခံထားရခြင်းက ၎င်း၏ပုံရိပ်ကိုထိခိုက်စေသော်လည်း လင်းနင်၏ အပင်အခြေခံကုသမှုစွမ်းရည်က သူ၏ အခုတလောပြန်ကောင်းလာမှုကိုများစွာအကူအညီပေးလေသည်။


ကြောင်က မျက်လုံးများကိုနာခံစွာမှိတ်ကာ သူ၏စိတ်ထဲမှ စူးရှသည့်နာကျင်မှုက လင်းနင်၏ကြိုးစားအားထုတ်မှုကြောင့် နည်းနည်းချင်းပျောက်ကွယ်သွားသည်ကိုခံစားနေလိုက်သည်။နောက်ဆုံးမှာ ၎င်း၏ခုခံကာကွယ်မှုများကိုစွန့်လွှတ်ပြီး လင်းနင်ကိုခေါင်းပွတ်ခွင့်ပြုလိုက်သည်။


လင်းနင်၏ကြောင်ပွတ်သည့်နည်းလမ်းက ကောင်းသည်ဟု ဆိုရပေမည်၊ရံဖန်ရံခါကြောင်က သူ့လက်ဖဝါးကိုပြန်ပွတ်တတ်သည်...ဤသည်က ကြောင်၏ရိုးသားသောခန္ဓာကိုယ်တုံ့ပြန်မှုမျှသာဖြစ်နိုင်ပြီး၊ သူ့နှလုံးသားထဲမှာ ၎င်းက အလွန်မာနကြီးကာအေးစက်နေမြဲဖြစ်နေသေးလောက်သော်လည်းပင်။


"မီညောင် မင်းပြောကြည့် ငါတို့အတူတူနေတာဒီလောက်ကြာပြီ...ငါအခုထိမင်းနာမည်ကိုမသိသေးဘူး ..."


လင်းနင်က သူ့ဘာသာသူ ရေရွတ်လိုက်သည်။

"မင်းမှာ အရင်က ပိုင်ရှင်မရှိဘူးမလား ..."


အခုနောက်ပိုင်း လင်းနင် ကြောင်ပျောက်ဆုံးကြောင်းကြော်ငြာထားသည့် ကြောင်ဂေဟာများကို စစ်ဆေးကြည့်ခဲ့သည်။သို့သော် ဘယ်တစ်ခုကမှ ဤဆိုက်ဘေးရီးယန်းတောကြောင်နှင့်မကိုက်ညီပေ။


ဖြစ်နိုင်သည်က...၎င်းကတကယ်လမ်းဘေးကြောင်တစ်ကောင်ပင်။ ထို့ကြောင့်ပဲ သူတို့စတွေ့တုန်းက ထိုမျှလူကြောက်နေပြီး တစ်ကိုယ်လုံးဒဏ်ရာများရထားခြင်းဖြစ်မည်။သူက ​ကြင်နာမှုအနည်းငယ်ပြလိုက်ပြီးနောက် သူ့နောက်ကနေ အိမ်ကိုခိုးလိုက်လာခဲ့သည်။၎င်းက လိမ်လိမ်မာမာအခင်းသွားပြီး လိမ်လိမ်မာမာ အစားစားသည်။တကယ်သိတတ်ပြီး လူတို့အားသနားကြင်နာစေသော ကြောင်လိမ္မာလေးဖြစ်၏။

 

ကြောင်က မျက်လုံးများကိုမှေးစင်းကာအနှိပ်ခံနေလေသည်။မည်သို့ပင်ဖြစ်စေ သူကလက်ရှိမှာ ကြောင်ဖြစ်နေပြီး လူစကားမပြောနိုင်သဖြင့် နားမလည်ချင်​ယောင်သာ ဆောင်လိုက်သည်။


"မီညောင် ငါ မင်းကို ဘယ်လိုခေါ်ရမလဲဟင် ... "

လင်းနင်ကရေရွတ်လိုက်သည်။


"အနာဂတ်မှာ မင်းက ငါ့အိမ်မှာနေမှာဆိုရင် ငါတို့က မိသားစုဖြစ်လာမှာ...အဲလိုဆို ငါမင်းကိုနာမည်​ကောင်း​ကောင်းပေးမှရမယ် ..."


ကြောင်က မျက်ခွံတစ်ဖက်ပင့်သွားပြီး သူ့စိတ်ထဲတွင် မကောင်းသည့်ခံစားချက်တစ်ခုရလာသည်။


"မင်းကို ရှီးဇိုက်လို့ခေါ်ရင်ရော ..."


လင်းနင် ရုတ်တရက် အကြံတစ်ခုရသွားပြီး သူ့ကိုယ်သူ အလွန်ဉာဏ်ကောင်းသည်ဟု ခံစားလိုက်ရသည်။


ကြောင်က ဆိုက်ဘေးရီးယန်းတောကြောင်ဖြစ်လောက်မှတော့ အတိုကောက် ရှီးဇိုက်လို့ပဲခေါ်လိုက်မယ်...(Siberia=ရှီးပေါ်လိယ၊Zaiကတော့အကောင်ပေါက်လေး)


"မြောင် မြောင့် မြောင် မြောင် မြောင် ​မြောင်--"


ကြောင်က အတော်လေးမကျေနပ်ဖြစ်နေပြီး ကိုယ်ကိုခုံး​ကြွကာ ၎င်း၏မကျေနပ်မှုကိုဖော်ပြလိုက်သည်။


"ဘာလဲ ရှီးဇိုက်ဆိုတဲ့နာမည်ကို အရမ်းကြိုက်တယ်လို့ ငါ့ကို ကျေးဇူးတင်စကားပြောနေတာလား ... "


လင်းနင်က ကြောင်၏နားရွက်တစ်ဖက်ဖက်ကို အသာဆွဲကာ ၎င်းကို နားရွက်ကနေဆွဲမပြီးအပြုံးနှင့်မေးလိုက်သည်။


"မြောင့်!!!"


ကြောင်က လင်းနင်း၏လက်ကို လက်တစ်ဖက်ဖြင့်ပုတ်ချလိုက်ပြီး ထိုသို့မလုပ်ခင်လက်သည်းသိမ်းရန်လည်းမမေ့ခဲ့ပေ။


"ဟားဟားဟားဟား ငါ မင်းကို အဲလိုခေါ်မယ် ရှီးဇိုက် ... "


လင်းနင်က ပျောက်ရွှင်စွာရယ်မောလိုက်သည်။လင်းနင်အပျော်လွန်နေသဖြင့် ကြောင်နားရွက်များထောင်လာသည်ကို သတိမပြုမိခဲ့ပေ။


"မြောင်!!!"


ကြောင်က ရုတ်တရက်သတိအပြည့်နှင့် ခုန်ထလိုက်ပြီး ၎င်း၏ပိုင်နက်ကို ထိပါးခံလိုက်ရသည့်အတိုင်း အနီးနားက ပုံရိပ်တစ်ခုကိုလည်ချောင်းသံဖြင့် မာန်ဖီလိုက်သည်။ထို့နောက် ၎င်းက ကာကွယ်သူတစ်ယောက်အလား လင်းနင်ကို အနောက်မှာထား၍ကာကွယ်ထားလေသည် ။


လင်းနင်လည်း အမြန်မော့ကြည့်လိုက်ရာ လူတစ်ယောက်က လမ်းဘေးမှာကားထိုးရပ်ထားပြီး မျက်နှာပေါ်မှာနာကျင်နေသောအမူအရာနှင့် မြေကြီးပေါ်၌ ဆောင့်ကြောင့်ထိုင်​နေသည်ကို သတိပြုမိလိုက်သည်။လမ်းပေါ်မှာ လမ်းသွားလမ်းလာတစ်ယောက်မှမရှိဘဲ လင်းနင်တစ်ယောက်သာ ထိုသူကိုသတိပြုမိခြင်းဖြစ်သည်။


သူပြေးသွားကာ ငုတ်တုတ်ထိုင်ပြီးထိုလူ၏အခြေအနေကို စစ်ဆေးကြ​ည့်လိုက်သည်။


ထိုလူ၏နေကာမျက်မှန်က မြေကြီးပေါ်ကျသွားပြီး ချောမောသောဖီးနစ်မျက်ဝန်းတစ်စုံပေါ်လာလေသည်။နဖူးပေါ်တွင် သွေးကြောများဖောင်းထနေပြီး ချွေးများစို့နေကာ နှုတ်ခမ်းပါးပါးကို သွားတို့ဖြင့်ဖိကိုက်ထား၏။ဤယောကျာ်းက အထင်ကြီးလောက်စရာကောင်းအောင်ချောမောပြီး အဖြူရောင်suitက သူ့ကိုပို၍ ကြော့ရှင်းကာကြည့်ကောင်းစေသော်လည်း လက်ရှိမှာ လင်းနင်အဖို့ သူ့ကိုရှုစားချင်စိတ်ရှိမနေချေ။


သို့သော်လည်း ထိုလူ၏ခေါင်းပေါ်မှာခွေးနားရွက်တစ်စုံထွက်လာပြီး သူ့နောက်မှာ အမွှေးပွပွ အမြှီးတစ်ချောင်းပေါ်လာလေသည်။


သူ၏အရှိန်အဝါတစ်လုံးက ပြောင်းသွားပြီး အလက်စကန်ခွေးတစ်ကောင်နှင့်တူလာသည်။


! ! !


လင်းနင် လန့်သွားပြီး ရုတ်ချည်းနောက်ဆုတ်မိကာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ဤကမ္ဘာကို သူရောက်နေသည်မှာ ရက်မနည်းတော့သော်လည်း တစ်စုံတစ်ယောက် သူ့ရှေ့မှာ"အသွင်ပြောင်း"သည်ကိုမြင်ရသည်က သူ့အတွက် ပထမဦးဆုံးဖြစ်သည်။


ထိုလူကလည်း လင်းနင်ကိုသတိပြုမိသည်။ဤနေရာမှာအကြာကြီးနေသည်ကမသင့်လျော်သည်ကိုသတိပြုမိသွားပုံရပြီး နာကျင်မှုကိုအံ့ကြိတ်ခံကာ ကားထဲဝင်ချင်ခဲ့သည်။


လင်းနင် သူ၏တုံ့ပြန်မှုကအတော်လေးရိုင်းပြသွားသည်ကို သိသွားသည်။အနာဂတ်ကမ္ဘာ၌ တိရိစ္တာန်အခြေခံစွမ်းရည်နှင့်လူများ များစွာရှိကြသည်။ရုတ်တရက်ကြီးနားရွက်များနှင့်အမြှီးများထွက်လာသည်ကမထူးဆန်းပေ။သူ(လင်းနင်)၏တုံ့ပြန်မှုက အလွန်ထိခိုက်စေသည်။


"တောင်းပန်ပါတယ် ခင်ဗျားရဲ့ခွေးနားရွက်တွေကြောင့် နည်းနည်းအံ့ဩသွားလို့ပါ..."


လင်းနင်က တစ်ဖက်လူ၏နေကာမျက်မှန်ကိုကူကောက်ပေးလိုက်ပြီး စိတ်ရင်းပါသောအမူအရာဖြင့် တစ်ဖက်လူကို ကမ်း​​ပေးလိုက်သည်။


သူ၏အစာအိမ်ရောဂါက ရက်အနည်းငယ်ဆေးမသောက်သည့်အတွက်ကြောင့်နှင့် ဤမျှထိဆိုးသွားလိမ့်မည်ဟု ကျန်းယိမင် မမျှော်လင့်ထားခဲ့ပေ။ကလေးကတည်းက သူ့မှာ ထူး​ခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံရှိခဲ့ပြီး သူက အာဟာရဖြည့်စွက်စာအများစုနှင့်မတည့်ပေ။အစားစားခြင်းက သူ့အတွက်ကြီးမားသောနှိပ်စက်မှုဖြစ်၏။ယနေ့မှတိုက်တိုက်ဆိုင်ဆိုင် လုပ်စရာတစ်ခုရှိ၍ တစ်ယောက်တည်းထွက်လာခဲ့မိပြီး အစာအိမ်ရောဂါထလာကာ မေ့လဲလုနီးပါပင်။


သူ့ကိုလူတွေမြင်သွားရင် ရှာတွေ့ခံရလိမ့်မယ်...


သူ လင်းနင်ကမ်းပေးသည့်နေကာမျက်မှန်ကိုအမြန်ဝတ်လိုက်သည်။

 

"ကျေးဇူးပါ အဆင်ပြေပါတယ်...အစာမစားလို့ဗိုက်အောင့်ရုံပါ..."

 

လင်းနင် သူ့မျက်နှာကိုမြင်သွားချိန်မှာ ကျန်းယိမင် သူ့ကိုယ်သူ Hot Search ထဲရောက်နေပြီဟုပင်ခံစားလိုက်ရသည်။


မကြာမီ [ကျန်းယိမင်နာကျင်မှုကြောင့်လဲကျသွား၊အပြင်းအထန်နေမကောင်းဖြစ်နေဟုသံသယရှိရ] ကဲ့သို့သောသတင်းပေါင်းစုံ ထွက်လာတော့မည်ဟု သူတွေးနေမိသည်။


သို့ရာတွင် နာကျင်မှုက သူ့ကိုစကားကောင်းကောင်းမပြောနိုင်ဖြစ်စေသည်။

 

"ကျေးဇူးပြုပြီး ကိုယ့်... ကိုယ့်ကိုမြင်ခဲ့တဲ့အကြောင်း မ မပြောပါနဲ့..."


လင်းနင်က အူကြောင်ကြောင်ဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး နားမလည်ဟန်ဖြစ်နေ၏။


"ကျွန်​တော်က ဘာလို့ပြောရမှာလဲ"


သူ့ရှေ့ကလူငယ်လေးက ရုပ်ရှင်ဧကရာဇ် သူ့ထက်ပင် ပို၍တင်းတင်းကြပ်ကြပ်ရုပ်ဖျက်ထားသည်ကို ကျန်းယိမင်သတိပြုမိသွားသည်။ဦးထုပ်ဆောင်း maskတပ်ထားရုံတင်မကဘဲ ရင်ဘက်ပေါ်မှာခုနလေးကမှချွတ်ထားသောနေကာမျက်မှန်တစ်လက်ရှိနေသည်။ပြီးလျှင် ကျန်းယိမင်၏မျက်နှာကိုလည်း ဘာတုံ့ပြန်မှုမှမပြပေ၊သူတကယ် ကျန်းယိမင်ကိုမသိသည့်အတိုင်းဖြစ်၏။


"ဘာမှမဟုတ်ပါဘူး ကျေးဇူးပါ..."


ကျန်းယိမင် ခဏအကြာ သူ့ကားကိုမှီရပ်နေပြီးနောက် သက်သာသွားသည်။သူထွက်သွားတော့မည့်အချိန်မှာပဲ လေထဲမှာ စိတ်တိုစရာကောင်းလောက်အောင် ချိုမြိန်သောအနံ့တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။


"ဟမ်"


ခွေးတစ်ကောင်၏နှာခေါင်းက အနံ့ခံအလွန်ကောင်းသည်။နာကျင်မှုပျောက်ကွယ်သွားပြီးနောက်မှာ သူ့ရှေ့ကကောင်လေး၏တစ်ကိုယ်လုံးမှ သေလောက်အောင်မွှေးသောအနံ့များထုတ်လွှတ်နေသည်ကို သူတွေ့သွားသည်။ကောင်လေး၏ဘေးက ကြောင်ပင်လျှင် အခုလေးတင်မှ အရသာရှိသောစားစရာကိုမြည်းစမ်းခဲ့ရသည့်အနံ့ရှိနေသည်။


လင်းနင် သူ့ရှေ့မှလူ၏မျက်လုံးများ ရုတ်တရက်တောက်ပလာသည်ကိုကြည့်ပြီး ဤမြင်ကွင်းက အတော်လေးရင်းနှီးနေသလိုခံစားလိုက်ရသည်။


ဒါက နေ့တိုင်း သူချက်ပြုတ်တဲ့အချိန်တိုင်း ရှီးဇိုက်သူ့ကိုစိုက်ကြည့်တဲ့ပုံစံနဲ့တစ်ပုံစံတည်းမဟုတ်ဘူးလား...ရှီးဇိုက်ကသူ့ကိုအေးစက်စက်မျက်နှာသေနှင့်စိုက်ကြည့်နေတတ်ပြီး ဤချောမောကြော့ရှင်းသောယောကျာ်းကမူ ခွေးကြီးတစ်ကောင်လိုစိတ်လှုပ်ရှားစွာစိုက်ကြည့်နေခြင်းဖြစ်ရုံသာကွာ၏။

…


ရုတ်တရက် လင်းနင် သူ့ကျောပိုးအိတ်ကိုဖွင့်ပြီး သူနှင့်ရှီးဇိုက် လမ်းလျှောက်ထွက်ရင်းစားရန်ပြင်ထားသော နို့ကိတ်အ​သေး​လေးများတစ်ဘူးနှင့်ကြက်ပေါင်နှစ်ချောင်းကိုထုတ်လိုက်သည်။သူတို့ မစားကြည့်ရသေးပေ။ဤသည်က ယနေ့မှပထမဆုံးအကြိမ်လုပ်ခြင်းဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုပြီးသည့်နောက်သူတို့တန်းပြီးအပြင်ယူလာခဲ့ခြင်းပင်။


နို့ကိတ်အသေးလေးက ဖြူစွတ်နေပြီး သုံးထောင့်ပုံလေးများလှီးထားသည်။အထဲကအဝါရောင်ကိတ်သားကိုမြင်နိုင်ပြီး ထိပ်မှာစတော်ဘယ်ရီများရှိ၏။၎င်းကအလွန်မိန်းကလေးဆန်ပြီး ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ကောင်မလေးတစ်ပြုံလိုက်ကြီးကိုဆွဲဆောင်နိုင်ခဲ့ကာ အကုန်လုံးကအော်ဟစ်ရင်းချစ်စရာကောင်းသည်ဟု ဆိုနေကြသည်။


ကြက်ပေါင်များက အရသာသေချာနှပ်ထားပြီး လျှို့ဝှက်ဆော့စ်(အချဥ်ရည်)ပါထပ်ပေါင်းထားသည်။အနံ့က ရူးသွပ်စရာကောင်းလွန်း၍ ဆွဲလုပြီးဝါးဖို့ရာမစောင့်နိုင်အောင်ဖြစ်စေသည်။


"ဗိုက်အရမ်းဆာနေရင် ဒါလေးနဲ့ဗိုက်အရင်ဖြည့်ထားပါ့လား ..."


လင်းနင်က maskကိုချွတ်ပြီးပြောလိုက်သည်။


ကျန်းယိမင် အသားနံ့နှင့်နို့ကိတ်နံ့ချိုချိုလေးကိုရပြီး ခွေးတစ်ကိုယ်လုံး...မဟုတ်ဘူး လူတစ်ကိုယ်လုံးပျော့ခွေသွားလေသည်။


ဘာ ဘာဖြစ်သွားတာလဲ ...တစ်ကိုယ်လုံးခွေးပုံပြောင်းသွားသလိုပဲ... သူ အတုန်တုန်အရီရီဖြင့် လင်းနင်၏လက်ထဲကစားစရာကိုယူလိုက်ပြီး လမ်းလည်ခေါင်မှာ သည်အတိုင်းစားပစ်ချင်စိတ်ကိုမနည်းချိုးနှိမ်နေရသည်။


ရုပ်ရှင်ဧကရာဇ်ဘွဲ့ကိုရတုန်းကတောင် ဤမျှလောက်စိတ်မလှုပ်ရှားခဲ့သည်ကို သူကျိန်ဆိုဝံ့သည်။


လင်းနင် စိတ်ထဲကနေ စနစ်ကိုတိတ်တိတ်လေးကွန်ပလိန်းတက်လိုက်သည်။


[ထင်တဲ့အတိုင်းပဲ...ခွေးတွေက အရိုးပါတဲ့အသားကို ဘယ်တော့မှမငြင်းနိုင်ကြဘူးပဲ...]


စနစ်:[...]


"ဒါကို ဘယ်ကဝယ်တာလဲ ..."


ကျန်းယိမင်က စိတ်လှုပ်ရှားစွာမေးလိုက်၏။ဤစားစရာမျိုးဆိုလျှင် သူစားနိုင်သည်ဟုခံစားရသည်။နောင်မှာဤကဲ့သို့​သောစားစရာမျိုးသာရှိလျှင် သူနှိပ်စက်ခံရတော့မှာမဟုတ်ပေ။


"အာ တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက်ဆီကပါ...ခင်ဗျားအဆင်ပြေရင် ကျွန်တော်သွားလိုက်ဦးမယ်... "


လင်းနင်က ဘာမှဆက်မပြောတော့ဘဲ ရှီးဇိုက်နှင့်ထွက်သွားရန်ပြင်လိုက်သည်။


သို့ရာတွင် သူငုံ့ကြည့်လိုက်ချိန်မှာ သူ၏ကြောင်ကြီးက ထိုလူ၏လက်ထဲကနို့ကိတ်နှင့်ကြက်ပေါင်ကို စိုက်ကြည့်နေသည်အားတွေ့လိုက်ရသည်။ထိုမျှသာမက ရှီးဇိုက်၏မျက်နှာပေါ်မှာ ကိုယ်ထင်ပြလာသောစိတ်ခံစားချက်အရိပ်အယောင်တစ်ခု ရှိနေပုံရသည်။သူ့ပုံစံက မနာလိုဖြစ်နေပုံရပြီး အချိန်မရွေးပေါက်ကွဲရန် အဆင်သင့်ဖြစ်နေပုံရလေသည်။


? ? ?


ဟေး မင်းက ကမ္ဘာပေါ်မှာ အမူအရာအမဲ့ဆုံးကြောင်မဟုတ်ဘူးလား...


ကျန်းယိမင်က ကြောင်၏စိုက်ကြည့်ခြင်းခံနေရပြီး ပေါက်ဖော်ကြောင်တစ်ကောင်ကို တွေ့ရသည်ခံစားချက်ကိုရလိုက်၏။


ဒီကြောင်က အဲလောက်အူပုတ်တတ်တယ်လား...ပိုင်ဆိုင်လိုစိတ်က တကယ်ကြီးသည်။သို့သော် ကောင်လေးကတော့ သူ့ကိုယ်သူ ကြောင်ယောင်ဆောင်ထားသော လူတစ်ယောက်ကို မွေးထားမှန်းသိပုံမရပေ။သူ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးထားသောကြောင်ကတကယ်တမ်းမှာလူဖြစ်နေမှန်းသိလျှင် ကောင်လေး၏အမူအရာမည်သို့ရှိလိမ့်မည်ကို သူသိချင်မိသည်။


သူက ပြုံးရင်း လက်ထဲကဘူးကိုဖွင့်ပြီးနို့ကိတ်အသေးလေးတစ်ခုကိုယူ၍ ပါးစပ်ထဲထည့်ကာ မြိန်မြိန်ရှက်ရှက်စားလိုက်သည်။


!!!အရသာအရမ်းရှိတယ်!!!


စိတ်လှုပ်ရှားစွာအမြှီး​ယမ်းနေသော ရုပ်ရှင်ဧကရာဇ်အသွင်ယူထားသည့် အလက်စကန်ခွေးကြီးက လုံးဝကိုမလျော်ကန်ပေ။သူက တခြားကြောင်ကြီးရှေ့မှာ သူ၏အောင်မြင်မှုများကိုကြွားဝါနေပြီး သူ၏ပုံရိပ်ကိုဂရုမစိုက်ဘဲ လမ်းလယ်ခေါင်မှာကြက်ပေါင်စားနေသည်။သူ့ကိုယ်သူ ရုပ်ရှင်ဧကရာဇ်ဟူသည််အချက်အား တွေးပင်မတွေးမိပေ။သူ့မှာအနုပညာရှင်ဝန်ထုပ်ဝန်ပိုး လုံးဝရှိမနေပေ။


နောင်မှာ ဒီလိုစားစရာမျိုးနေ့တိုင်းရှိရင် သူလည်းအိမ်မွေးတိရိစ္ဆာန်လေးလုပ်ပါရစေလို့...ပိုက်ဆံရှာနို​င်တဲ့၊မိသားစုကိုထောက်ပံ့နိုင်တဲ့၊ချောမောပြီး..အိပ်ရာနွေးအောင်လုပ်ပေးနိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်မျိုးပေါ့...



>>><<<



🐈🐈