Ch 6
Viewers 2k

💊 Chapter 6

HP ကုန်သွားတော့ ငါ KO ဖြစ်သွားပြီ



ဘေလ်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ပိုင်မူနင်က မေးလိုက်သည်။


“ဘာလို့ ဒီလောက်ဈေးကြီးတာလဲလို့ မေးလို့ရနိုင်မလား ကျွန်တော် ကောင်းကင်ဘုံဥပဒေတွေကိုများ ချိုးဖောက်ခဲ့မိတာလား”


ကျသင့်ငွေတွင် အခကြေးငွေအားလုံးကို စာရင်းပြုစုထားသည်။ နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ ခုတင်ခနှင့် တရုတ်တိုင်းရင်းဆေးဖိုးတို့ပင်။


ပြီးခဲ့သည့်အကြိမ်၌ ပိုင်မူနင် ရောဂါပြသရန်လာခဲ့စဉ်က ယွမ် ၂၀၀ ကျော်သာ ကုန်ကျခဲ့သည်။ ယခုမူ ယွမ် ၁,၀၀၀ ကျော် ဖြစ်နေသည်။ သူ့အနေဖြင့် ဤဈေးနှုန်းကို လက်မခံနိုင်ပေ။


ချန်ဟောက်နန်က တဟားဟားရယ်လိုက်ပြီး ပြောလိုက်သည်။

“ကိုယ်တို့ရဲ့ အခကြေးငွေတွေက ရှင်းလင်းပြီး လုံးဝကို သင့်လျော်တဲ့ပမာဏထဲမှာပါ... ဒါ့အပြင် ဒေါက်တာဝမ်က ကိုယ်တို့ရဲ့ အကောင်းဆုံးဆရာဝန်ဖြစ်လို့ မင်းက လျှော့ဈေးရထားပြီးသားပါ... WeChat နဲ့ပေးမလား... Alipay နဲ့ ပေးမှာလား”  


အကောင်းဆုံးဆရာဝန်ဆိုတဲ့ အသုံးအနှုန်းကို ဒီလိုသုံးတာက တကယ်ရော မှန်ကန်ရဲ့လား...


ချန်ဟောက်နန်၏ မရိုးဖြောင့်သည့် အပြုံးက သူ့ကို ကလိမ်ကကျစ်လုပ်တတ်သည့် ကုန်သည်တစ်ဦးနှင့် အတိအကျတူနေစေသည်။


ပိုင်မူနင်မှာ ဝမ်ကျင်းက အဘယ်ကြောင့် သူ့ကို တာဝန်ယူမည်ဟု ဆိုခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားသည်။ ၎င်းမှာ သူ့ကို လိမ်လည်ရန်အတွက် ပြင်ဆင်ထားသည့် အရာတစ်ခုသာ။


သူတို့အားလုံးက မကောင်းတဲ့လူတွေပဲ...


ဘယ်လိုလုပ် ဒီလိုမျိုး ပိုက်ဆံကိုညာယူနိုင်ရတာလဲ...


ပိုင်မူနင်မှာ ဆေးရုံမသွားဖူးသလောက်ပင်ဖြစ်ပြီး တရုတ်တိုင်းရင်းဆေးပညာကုသမှုများအတွက် အခကြေးငွေများအကြောင်းကို ဘာမှမသိပေ။ သူက အံကြိတ်ပြီး နောက်ဆုံးအနေဖြင့် ကြိုးစားလိုက်သည်။

“ကျန်းမာရေးအာမခံကို သုံးလို့ရလား”


“မရပါဘူး... ဒါက ပုဂ္ဂလိကဆေးခန်းပါ”


ကောင်းပြီ... ငါ့နှလုံးသားလေး သေဆုံးသွားပြီ..


ပိုင်မူနင်က သူ့ဖုန်းကို ထုတ်လိုက်ကာ ကုဒ်ကိုဖတ်၍ ပမာဏကို ရိုက်ထည့်လိုက်သည်။ သူ့ခမျာ ငိုချင်သလို ခံစားနေရသည်။ သူ၏ တစ်လစာအသုံးစရိတ်အားလုံး ကုန်သွားပေပြီ။


သူက သနားစဖွယ်ပုံဖြင့် မေးလိုက်သည်။

“နှလုံးသားနာကျင်ရတာအတွက် ကျန်းမာရေးအာမခံကို သုံးလို့ရလား” 


ချန်ဟောက်နန်က သူ့ကို ယခုမှစပ်ကာ ချက်ထားသော ဆေးကို ပေးလိုက်ပြီး ရယ်မောလိုက်သည်။

 â€œá€Ąá€˛á€’á€Ťá€€á€­á€Żá€œá€Šá€şá€¸ အာမခံမပေးပါဘူး...ဒါပေမဲ့ မင်းက စိတ်ဝင်စားစရာကောင်းတဲ့ ကလေးတစ်ယောက်ပဲ...”


ပိုင်မူနင်မှာ သူ၏လက်ကျန်ငွေ မလုံလောက်သောကြောင့် ပို၍ပင် ဆိုးရွားစွာ ခံစားနေရသည်။ သူက ကျောင်းသားချေးငွေကို ပြန်ဆပ်ရန်အတွက် ငွေသုံးခဲ့သည်ကို မေ့သွားခဲ့မိ၏။


တက္ကသိုလ်တက်ရန် ရန်ပုံငွေမရှိသည့် ပိုင်မူနင်က ရပ်ကွက်လုပ်သားများ၏အကူအညီဖြင့် ယွမ်ထောင်ပေါင်းများစွာရှိသော ကျောင်းသားချေးငွေကို လျှောက်ထားခဲ့ပြီး  သူ မကြာသေးမီကပင် ယင်းအား ပြန်ဆပ်ခဲ့သည်။


ဖုန်းကို သိမ်းလိုက်ပြီးနောက် ပိုင်မူနင်က လီလီပေးခဲ့သော ငွေသားကို ထုတ်ယူလိုက်သည်။


လီလီမှာလည်း မကြာသေးမီက ကွာရှင်းခဲ့ခြင်းဖြစ်သောကြောင့် သူမက ငွေကြေးနှင့်ပတ်သက်၍ အထိမခံနေလေရာ သူမက ငွေသားဖြင့်သာ ပေးခဲ့သည်။


သူမက ရက်ရောသည်။ သူ၏အစားထိုးစကားပြောဝန်ဆောင်မှုအတွက် ယွမ် ၂၀၀ ပေးခဲ့ရုံသာမက အပို ၄၀၀၀ ကိုလည်း ပေးခဲ့သည်။ ၎င်းက ဆေးဖိုးကုန်ကျငွေကို ကျခံနိုင်လောက်ရုံပင်။ သို့မဟုတ်ပါက သူ့အနေဖြင့် အရှက်တကွဲဖြစ်ရပေလိမ့်မည်။


ချန်ဟောက်နန်ကို ပိုက်ဆံရှင်းပေးပြီးနောက် သူအား ငွေရှင်းကောင်တာမှ ယွမ် ၂၀ ကို အကြွေအဖြစ် ပေးလိုက်သည်။


ထိုအခါမှသာ ပိုင်မူနင်က ဆေးအိတ်ကို အပြင်သို့ယူဆောင်လျက် ဘတ်စ်ကားကို စောင့်နိုင်သွားသည်။


၎င်းမှာ နေ့လယ်ပိုင်းဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်တွင် သူတစ်ဦးတည်းသာရှိနေသည်။ သူ၏ဗိုက်က ဆာလောင်မှုကြောင့် ကျယ်လောင်စွာ အသံထွက်၍နေသည်။


သူ၏ဖုန်းက တုန်ခါသွားပြီး လီအန်းချီထံမှ အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြသနေသည်။


ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် လီအန်းချီ၏ စိုးရိမ်ပူပန်သော အသံက ထွက်ပေါ်လာသည်။ 

“နင်အာ မင်း နေကောင်းရဲ့လား... အားလုံးပြီးပြီလား... ဘယ်တော့ပြန်လာမှာလဲ”


အဆောင်တွင် လူလေးယောက်ရှိသော်လည်း လီအန်းချီတစ်ဦးတည်းကသာ သူ့ကို တကယ်ဂရုစိုက်သည်။


ပိုင်မူနင်က ကျင်းနန်သို့ တစ်ဦးတည်း လာရောက်ကာ ပညာသင်ခြင်းဖြစ်ပြီး လီအန်းချီမှာ သူ၏တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။


အခြားနှစ်ဦးမှာ အပြင်ထွက်ရန် အစီအစဉ်ရှိနှင့်ပြီးဖြစ်ပြီး လီအန်းချီ အိမ်သို့မပြန်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ပိုင်မူနင် တစ်ယောက်တည်း ပျင်းရိနေမည်ကို စိတ်ပူ၍ပင်။


နောက်ဆုံးတွင် အဆောင်သည် မည်မျှပင် သက်တောင့်သက်သာရှိစေကာမူ အိမ်နှင့်နှိုင်းယှဉ်၍မရနိုင်ပေ။ လီအန်းချီ သူနှင့်အတူနေပေးသည့်အတွက် ပိုင်မူနင်မှာ တကယ်ကို ကျေးဇူးတင်ရပါ၏။


ဂရုစိုက်ခံရတာက တကယ်ကို ကောင်းတယ်…


ပိုင်မူနင်၏ နှလုံးသားလေးက အနည်းငယ်ပျော့ပျောင်းသွားသည်။ 

“ပြီးပြီ... ငါ မကြာခင် ပြန်ရောက်တော့မှာ...”


လီအန်းချီကဆိုသည်။

 â€œá€™á€„်း အခု ဘယ်မှာလဲ... တက္ကစီစီးဖို့ ဝန်လေးမနေနဲ့... ငါ ပြန်ပေးမယ်... မြန်မြန် တက္ကစီနဲ့ ပြန်လာ... နေမကောင်းဖြစ်နေတုန်း ဘတ်စ်ကားမစီးနဲ့”


“ငါ သိပါတယ်...”


သို့သော်လည်း ပိုင်မူနင်မှာ တက္ကစီစီးရန် စိတ်မပါပေ။ လီအန်းချီထံမှ ပိုက်ဆံယူရမည်ကိုလည်း စိတ်မသက်မသာဖြစ်မိ၏။


ညီအစ်ကိုကောင်းတစ်ဦးအနေဖြင့် လီအန်းချီက အမြဲလိုလို ယုံကြည်စိတ်ချရသည်။ တစ်ခါတလေ အိမ်က အသားများကိုပင်လျင် ယူလာတတ်ကာ ပိုင်မူနင်နှင့် မျှစားတတ်၏။


သူ၏ငွေကြေးအခြေအနေအရ လီအန်းချီကို မကြာမီအချိန်အတွင်း ပြန်မဆပ်နိုင်သောကြောင့် သူ့ကို အလွန်အကျွံ စိတ်အနှောင့်အယှက်မပေးမိစေရန် ကြိုးစားခဲ့ရသည်။


“အင်း... ငါသိပါပြီ... ငါ တက္ကစီနဲ့ ချက်ချင်းပြန်လာမယ်...” 

လီအန်းချီ၏သံသယများကို ပြေပျောက်စေရန်အတွက် သူက ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။

“အန်းအန်း ခန့်မှန်းကြည့်... ငါ တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ယောက်နဲ့ သွားပြခဲ့တယ်... အခု ငါ နေကောင်းသွားပြီ...”


“မူနင်... မင်း အခုနောက်ပိုင်း တရုတ်တိုင်းရင်းဆေးပညာကို တကယ်စိတ်ဝင်စားနေတာပဲ... အဲဒီဆေးခန်းက ကောင်းလား... ကျသင့်ငွေကရော ဘယ်လိုလဲ”


“ကောင်းပါတယ်... ဒါပေမဲ့ ကုန်ကျငွေကတော့ နည်းနည်းမြင့်တယ်” 

ပိုင်မူနင်က ညည်းတွားလိုက်သည်။ 

“နှိပ်တာ..အပ်စိုက်တာနဲ့ ဆေးဖိုးအတွက် ၁၅၀၀ ကျတယ်.. အမလေး... ငါ လူလိမ်တွေဖွင့်ထားတဲ့ဆေးခန်းကို ရောက်သွားတာလို့ မင်းထင်လား”


အတွေ့အကြုံပိုရှိသည့် လီအန်းချီက ပြောလိုက်သည်။

 â€œá€™á€–ဟစ်နိုင်တဏ... ဒါက အရမ်းဈေးကြီးတယ်... ရွှေအပ်များသုံးတာလား... ငါ့အမေလည်း တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ယောက်နဲ့ သွားပြဖူးတယ် အပ်စိုက်တာက အမြင့်ဆုံး ၂၀၀ လောက်ပဲရှိတာ... မင်းဟာက တကယ်ဈေးကြီးတယ်..” 


ထိုအရာကို ကြားပြီးနောက် ပိုင်မူနင်မှာ သူအလိမ်ခံရပြီဟု ပို၍ပင် ယုံကြည်သွားသည်။ 

“ငါ လူလိမ်တရုတ်တိုင်းရင်းဆေးဆရာဝန်နဲ့ တွေ့ခဲ့တာ ဖြစ်ရမယ်... အဲဒီလူက အပေါ်ယံကြည့်တော့ လူကောင်းပုံနဲ့... ဒါပေမဲ့ ဘယ်လိုလုပ် သူက ပိုက်ဆံလိမ်ဖို့များ သင်ခဲ့တာလဲ... ငါ သူ့ဆီ ဘယ်တော့မှ ပြန်မသွားတော့ဘူး”


“ငါငိုး လူလိမ်ကွာ ငါ သွားရှင်းပြခိုင်းသင့်တာ...”


လူတွေကို လှည့်စားတာက တစ်ပိုင်းဆိုပေမဲ့ သူတို့ရဲ့ပိုက်ဆံကို ယူတာက နောက်တစ်ပိုင်းပဲ... 

ယင်းက ပိုင်မူနင်၏ အနိမ့်ဆုံး အောက်ခြေစည်းပင်။


ဖုန်းချပြီးနောက် ပိုင်မူနင်တစ်ယောက် သူ့ခေါင်းကို လှည့်လိုက်ရာ ဝမ်ကျင်းက အနီးနားတွင်  သူ့ကို တိတ်တဆိတ်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


ဝမ်ကျင်းက ထိုနေရာတွင် မည်မျှကြာအောင် ရပ်နေခဲ့ပြီး မည်မျှကြားသွားသည်ကို သူမသိပေ။


သို့သော်လည်း ဝမ်ကျင်း၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းများကိုကြည့်ခြင်းအားဖြင့် သူထိုနေရာတွင် ရပ်နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ အရာအားလုံးကို ကြားသွားခဲ့ပြီး ပိုင်မူနင်၏စကားပြောဆိုပုံကို လုံးဝမနှစ်သက်ကြောင်း ထင်ရှား၍နေသည်။


တစ်စုံတစ်ယောက်၏နောက်ကွယ်တွင် အတင်းအဖျင်းပြောနေသည်ကို ဖမ်းမိသွားခြင်းက တကယ်ကို ရှက်စရာကောင်းသည်။


အမေရေ... ဒီနေ့က ကံဆိုးပြီး သရဲကပ်ခံရတဲ့နေ့ဖြစ်ရမယ်... ဘာမှကို အဆင်ပြေမနေဘူး...


×××××


​အခြေအနေတစ်ခုနှင့် ကြုံတွေ့ရတဲ့အခါ ထိတ်လန့်မနေပါနဲ့...မျက်နှာပြောင်တိုက်ပြီး ခံနိုင်ရည်ရှိအောင်နေလိုက်ပါ...


​ကိုးရိုးကားယား ဖြစ်နေရင်လည်း ဘာဖြစ်လဲ... ငါက ရှက်မနေသရွေ့တော့ ကိုးရိုးကားယားခံစားရတာက တစ်ဖက်လူပဲ ဖြစ်လိမ့်မယ်...


​ထို့ကြောင့်ပင် ပိုင်မူနင်က မျက်နှာအမူအရာပြောင်းလဲရာတွင် ကျွမ်းကျင်သူအဖြစ်သို့ အမြန်ပြောင်းလဲလိုက်သည်။ သူက မျက်လုံးများမှိတ်ကျသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။

“ဝိုး... ဒေါက်တာဝမ်... တိုက်ဆိုင်လိုက်တာနော်... ခင်ဗျားလည်း ဘတ်စ်ကားစောင့်နေတာလား” 

 

​ဝမ်ကျင်းက အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ထားပြီး အပြင်သို့ ခဏထွက်လာခြင်းဖြစ်ကာ မကြာမီ ပြန်ဝင်တော့မည့်ပုံစံရှိသည်။


​ပိုင်မူနင်က ဤအသေးစိတ်အချက်ကို အလိုအလျောက် လျစ်လျူရှုလိုက်ပြီး သူ့ကိုယ်သူ စကားပြောနေသကဲ့သို့ ပြောလိုက်သည်။

“ဒါပေမဲ့ ဒီဘတ်စ်ကားက တကယ်နှေးတာပဲ... ဒီလောက်ကြာတာတောင် မလာသေးဘူး” 


ဝမ်ကျင်းက ဘာမှမတုံ့ပြန်လာဘဲ သူ၏ဇာမဏီမျက်ဝန်းတစ်စုံ၏အကြည့်တို့ကိုသာ စူးရှသွားစေလိုက်လေသည်။


အနှီအကြည့်အား ပိုင်မူနင် ကောင်းစွာသိနေ၏။ အရပ်ဘက်ရေးရာရုံးတွင်လည်း ဝမ်ကျင်း သူ့အားထိုသို့ ကြည့်ခဲ့သည်ပင်။ ထိုအကြည့်ကို ဘာသာပြန်ရလျှင် 'ဆက်ပြောလေ ဖြည်းဖြည်းချင်း မကောင်းတာတွေပြောပါဦး ငါနားထောင်နေတယ်'ဟူ၍။


ဘာလုပ်ရမလဲ...


ပိုင်မူနင်မှာ ဦးနှောက်ခြောက်မတတ် အကြောင်းပြချက်တစ်ခုကို အတင်းစဥ်းစားလိုက်သည်။ နောက်ကွယ်တွင် တစ်စုံတစ်ယောက်ကို မကောင်းပြောဆိုခြင်းမှာ မသင့်တော်သလို ထိုသူက နားဖြင့်ဆတ်ဆတ်ကြားလိုက်ခြင်းက ပိုဆိုးပေသည်။


သို့သော် လူ့သဘောသဘာဝအရ အန္တရာယ်ကို ရှောင်ရှားကာ အကျိုးအမြတ်ကိုသာ ရလို၏။ ဤအခြေအနေမျိုးတွင်ပင် သူ့အနေဖြင့် သဟဇာတဖြစ်မှုကို ထိန်းသိမ်းထားရပေမည်။


အထူးသဖြင့် ပိုင်မူနင်ခမျာ ဝမ်ကျင်းနှင့် မျက်နှာချင်းဆိုင် ရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ပစ်မှတ်မှာ ဝမ်ကျင်း ဖြစ်သောကြောင့်ပင်။


သူ့အနေဖြင့် ဝမ်ကျင်းနှင့် ချိန်းတွေ့ရန် လိုအပ်နေသေးသည်လေ။


"ဒေါက်တာဝမ်... တိုက်ဆိုင်လိုက်တာ...  ခုနက သူငယ်ချင်းနဲ့ အရင်တုန်းက ကျွန်တော်ကြုံဖူးတဲ့ မယုံကြည်ရတဲ့ ဆရာဝန်တစ်ယောက်အကြောင်း ပြောနေကြတာ... အဲဒါကို ခင်များ ကြားသွားတာပါ... အထင်မလွဲပါနဲ့... ကျွန်တော် ခင်များကို ပြောနေတာ မဟုတ်ပါဘူး..."


"ခင်များက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အကောင်းဆုံး တရုတ်တိုင်းရင်းဆေး ဆရာဝန်ပဲ... ဆိုလိုတာက ခင်များက အရမ်းကိုချောတယ်... ခန္ဓာကိုယ်ကလည်း မိုက်တယ်... ပြီးတော့ လက်တွေ့ကျကျပြောရရင်  ခင်များကုသတာကို ခံယူရတာက ပျော်ရွှင်စရာပါ.."


"ခင်များသိလား... ခင်များက တရုတ်တိုင်းရင်းဆေး ဆရာဝန်တွေထဲမှာဆို အတုယူရမဲ့လူပဲ... ခင်များက အသက်တွေကို ကာကွယ်ပေးတဲ့လူ... ကျန်းမာရေးစောင့်ရှောက်သူပဲ... ကျွန်တော်က ခင်များကို လေးစားပြီး အားကျတဲ့ဟာ...ကျွန်တော် ဘယ်လိုလုပ်ပြီး ခင်များကို နောက်ကွယ်မှာ မကောင်းပြောနိုင်မှာလဲ.."


အရာရာတိုင်းက ကျရှုံးနိုင်သော်လည်း ချော့မော့မှုက ဘယ်တော့မှ ကျရှုံးလိမ့်မည်မဟုတ်ပေ။ ပိုင်မူနင်က ဝမ်ကျင်းအနေဖြင့် သူအမွှန်းတင်ချော့မော့သည်ကို တွေ့မြင်ပြီး ပြဿနာကြီးကို ပြဿနာအသေးလေးအဖြစ် ပြောင်းလဲကာ လျစ်လျူရှုပေးစေရန် မျှော်လင့်မိသည်။ ထို့နောက် နှစ်ဦးသား အဓိပ္ပာယ်ပါသော အပြုံးတစ်ပွင့်အား အချင်းချင်းလှစ်ဟပြကာ ထွက်သွားကြရန်ပင်။


သို့သော် ဝမ်ကျင်းကမူ အရာရာကို အလွယ်တကူ အလွတ်ပေးမည့်သူ မဟုတ်ပေ။ အထူးသဖြင့် သူက အငြိုးအတေးထားရာတွင် တော်၏။


"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်" 

ဝမ်ကျင်း၏ နှုတ်ခမ်းတို့က အနည်းငယ်တွန့်သွားပြီးမှ သူ့အသံက ရုတ်တရက်ပြောင်းလဲသွားသည်။

"ဒါပေမဲ့ နောက်တစ်ခါကျရင် ချီးကျူးဖို့ မကြိုးစားပါနဲ့တော့... မင်းရဲ့အဆင့်က သာမန်ပဲ...  အသုံးအနှုန်းတွေကလည်း မသင့်လျော်ဘူး... ပြီးတော့ မင်းရဲ့ရည်ရွယ်ချက်တွေကလည်း ရိုးသားမှုမရှိဘူး... ဒါ့အပြင် ကိုယ့်လို ဝမ်းတွင်းမည်းတဲ့ ဆရာဝန်တစ်ယောက်က မင်းရဲ့ချီးကျူးမှုနဲ့ ထိုက်တန်ပါ့မလား..."


တွေ့လား... သူ့ကို အငြိုးကြီးတယ်လို့ ပြောတာ မှန်တယ်... တစ်ခုတည်းသော ရှုံးနိမ့်မှုကိုတောင် လက်ခံချင်စိတ်မရှိဘူး...


ပိုင်မူနင်သည် ထိုနေရာတွင်တင် အေးခဲသွားပြီး ပြန်လည်ချေပနိုင်ခြင်းမရှိပေ။


ထိုအချိန်တွင် သူ၏ HP သည် ကုန်ဆုံးသွားပြီး KO ခံလိုက်ရပြီဖြစ်သည်။

[HP -health power(အသက်စွမ်းအင်), KO-kill over(အသတ်ခံရ)]


သူ့အနေဖြင့် စကားနိုင်လု၍ မရနိုင်တော့ပေ။ နောက်ဆုံးတွင် သူ၏ပြိုင်ဘက်ကို တွေ့ရှိသွားပြီဟုပင် ယူဆ၍ရသည်။


ပိုင်မူနင်က အပြုံးအတုတစ်ခုကို အားတင်းကာ ပြုံးပြလိုက်သည်။ တရုတ်တိုင်းရင်းဆေးအိတ်ကို ကိုင်ထားသော သူ၏လက်က အေးစက်မှုကြောင့် ထုံကျဉ်လုနီးပါးဖြစ်နေသည်။

 "ဒါက နားလည်မှုလွဲတာပါ... လုံးဝ နားလည်မှုလွဲနေတာ..."


ဝမ်ကျင်းက သူ၏အဓိပ္ပာယ်မရှိသော စကားကို လုံးဝမယုံကြည်ပေ။ သူက သူ၏အင်္ကျီအိတ်ကပ်ထဲမှ ငွေတစ်ထပ်ကို ထုတ်ယူပြီး ပိုင်မူနင်အား ပေးလိုက်သည်။ 

"ကိုယ်မင်းအတွက် တာဝန်ယူပေးမယ်လို့ ပြောခဲ့တယ်... ဒါကြောင့် မင်းပိုက်ဆံမယူဘူး"


ထွက်ခွာသွားသော ဝမ်ကျင်း၏ပုံရိပ်ကို ကြည့်ပြီးနောက် သူပြန်ရခဲ့သော ငွေကိုကြည့်ရင်း ပိုင်မူနင် အတွေးနက်သွားသည်။

ဝမ်ကျင်းက ငါ့ကို ပိုက်ဆံပြန်ပေးဖို့သက်သက် လာခဲ့တာလား ...


သူ့အနေဖြင့် ထိုလူကို နားလည်မှုလွဲခဲ့ပုံရသည်။

လေးလံနေသောစိတ်ဖြင့် ပိုင်မူနင်က ကျောင်းသို့ ပြန်လာခဲ့သည်။ အောက်ထပ်တွင် သူက လီလီထံမှ WeChat မက်ဆေ့ခ်ျတစ်ခုကို လက်ခံရရှိလိုက်သည်။


လီလီမှာ အလွန်ပျော်ရွှင်နေပြီး သူမ၏ခင်ပွန်းဟောင်းက ပိုင်မူနင်၏ ဆူပူကြိမ်းမောင်းမှုကြောင့် အံ့အားသင့်ကာ စိတ်ပြောင်းသွားကြောင်း ပြောပြလာသည်။ မယုံနိုင်စရာကောင်းလောက်အောင်ပင် သူက လီလီ့ထံသို့ ငွေများစွာကို လွှဲပေးခဲ့သည်။ ထိုငွေပမာဏတစ်ခုချင်းစီက ကွာရှင်းစာချုပ်တွင် သတ်မှတ်ထားသည်ထက် များစွာပိုများနေသည်။


ထိုနေ့မနက်တွင် အရပ်ဘက်ရေးရာဌာန၌ လီလီနှင့် သူမ၏ခင်ပွန်းဟောင်းတို့က ကွာရှင်းစာချုပ်ပါ စည်းကမ်းချက်များနှင့် ပတ်သက်၍ ငြင်းခုံခဲ့ကြသည်။

သူမ၏ခင်ပွန်းဟောင်းက လီလီမှာ အိမ်ရှင်မတစ်ဦးဖြစ်ပြီး ငွေတစ်ပြားတစ်ချပ်မှ မရှာဖူးသောကြောင့် သူ၏ပိုင်ဆိုင်မှုများမှ ဝေစုမရသင့်ဟု ယုံကြည်ခဲ့သည်။


သူသည် သူမကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ပြီး အခမဲ့ ပေးကမ်းခဲ့သောကြောင့် လီလီကသာ သူ့ကို ပိုက်ဆံပြန်ပေးသင့်သည်ဟု ပြောဆိုခဲ့သည်ပင်။


"မင်းကို ငါထောက်ပံ့ပေးမယ်" ဟူသော ကတိစကားက "ငါက မင်းကို ထောက်ပံ့ပေးခဲ့တာ" ဟူသော စကားအဖြစ်သို့ ပြောင်းလဲသွားသည်။ လီလီမှာ သူ့ကို ရွံရှာမိပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ နောက်ဆုံးတွင် အရပ်ဘက်ရေးရာဌာနမှ ဝန်ထမ်းတစ်ဦးက ကြားဝင်၍ ပြောလိုက်သည်။

"ကွာရှင်းစာချုပ်ကို အပြီးသတ်လို့မရရင် တရားစွဲလိုက်ပါတော့... ဒီမှာ အချိန်ကုန်ခံပြီး စကားများမနေကြနဲ့တော့" 


သူမ၏ခင်ပွန်းဟောင်းက သူ၏ချစ်သူအသစ်နှင့် အမြန်လက်ထပ်လိုသောကြောင့် ကိစ္စကို ဆွဲဆန့်၍ မရနိုင်တော့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူက ငွေအနည်းငယ်ကို ပေးကာ အလျှော့ပေးလိုက်သည်။ လီလီသည်လည်း စိတ်ကုန်နေပြီဖြစ်သောကြောင့် အမြန်ဆုံး ကွာရှင်းလို၍ သဘောတူလိုက်သည်။


သူမ၏ခင်ပွန်းဟောင်းမှာ အမှန်တကယ်ပင် သတိအနည်းငယ်ဝင်လာပြီး သူမကို မျက်ကွယ်မပြုဘဲနေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။


လီလီ၏ မက်ဆေ့ခ်ျကို ဖတ်ရင်း ပိုင်မူနင်မှာ တစ်ခုခုလွဲချော်နေသည်ဟု ခံစားရသည်။


သူမ၏ခင်ပွန်းဟောင်း၏ သဘောထား အလွန်မြန်ဆန်စွာ ပြောင်းလဲသွားသည်က တစ်စုံတစ်ယောက်မှ သူ့အား ရုတ်တရက် ကျိုးကြောင်းဆင်ခြင်လာနိုင်အောင် အကြံပေးလိုက်သကဲ့သို့ပင်။


တစ်စုံတစ်ခုက ထူးဆန်းနေလျှင် မကောင်းဆိုးဝါးတစ်ကောင် ရှိနေ၍ပင်။ ပိုင်မူနင်မှာ သူမ၏ယောက်ျားဟောင်း စိတ်ကောင်းဝင်လာသည်ဟု တကယ်ကို မယုံကြည်ပေ။


ယခင်ကလည်း အလုပ်ရှင်များအတွက် ဆက်ဆံရေးပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းပေးဖူးသောကြောင့် ပိုင်မူနင်မှာ လှည့်ကွက်အချို့ကို နားလည်ထားသည်။ ထို့ကြောင့် သူက လီလီအတွက် အနည်းငယ် စိုးရိမ်သွားသည်။


ပိုင်မူနင်က လီလီအား ဖုန်းခေါ်၍ သတိပေးလိုက်သည်။ 

"လီကျဲ ယောက်ျားဟောင်းဆီက အလိမ်မခံရအောင် သတိထားနော်"


လီလီက မေးလာသည်။

 "ဘာကိုဆိုလိုတာလဲ" 


"လီကျဲ ... ကျွန်တော့် အရင်အလုပ်ရှင်တွေထဲက တစ်ယောက်က သူ့ယောက်ျားဟောင်းဆီက အလိမ်ခံခဲ့ရဖူးတယ် ... အကြွေးတွေအများကြီးနဲ့ ကျန်ခဲ့တာ"


"အဲ့အလုပ်ရှင်ရဲ့ ခင်ပွန်းဟောင်းက သူ့မိန်းမ သူ့ကို ကွာရှင်းဖို့ ဆုံးဖြတ်ထားတယ်ဆိုတာသိတော့ မကွာရှင်းခင် ပိုက်ဆံအများကြီး ချေးခဲ့တာ ပြီးတော့ သူ့မိန်းမဆီကို အကြိမ်ပေါင်းများစွာ ငွေနည်းနည်းစီလွှဲပေးခဲ့တာ... ကွာရှင်းပြီးနောက်မှာ ခင်ပွန်းဟောင်းဟာ နိုင်ငံခြားကို ထွက်သွားပြီးပျော်ရွှင်နေတာလေ ကျွန်တော့်အလုပ်ရှင်ကျတော့ ငွေတိုးချေးတဲ့သူတွေ လိုက်တာခံရပြီး အကြွေးတွေ ပြန်ဆပ်နေခဲ့ရတယ်"


"အဆိုးဆုံးကတော့ ကျွန်တော့်အလုပ်ရှင်က တကယ်ကို နစ်နာခဲ့ရတာပဲ... ခင်ပွန်းဟောင်းက သူ့ကို ငွေ ၃သိန်းပဲ လွှဲပေးခဲ့ပေမဲ့ အကြွေးငါးသန်းကျော်ကို ဆပ်ခဲ့ရတာလေ"


ဤအကြောင်းကိုကြားပြီးနောက် လီလီက မေးသည်။ 

"တစ်ဖက်သတ်ယူထားတဲ့ ချေးငွေတွေက အိမ်ထောင်ရေးအကြွေးအဖြစ် သတ်မှတ်လို့မရဘူးလေ မင်းရဲ့အလုပ်ရှင်က အဲဒါကို မသိဘူးလား" 

 

ပိုင်မူနင်က ရှင်းပြလိုက်သည်။

"အဲဒီလို စည်းမျဉ်းစည်းကမ်းတော့ ရှိပါတယ်... ဒါပေမဲ့ နောက်ထပ် စည်းမျဉ်းတစ်ခု ရှိသေးတယ်... တကယ်လို့ ချေးငွေကို အိမ်ထောင်စုအသုံးစရိတ်အတွက် အသုံးပြုခဲ့တယ်ဆိုရင်တော့ အဲဒါကို အိမ်ထောင်ရေးအကြွေးအဖြစ် သတ်မှတ်နိုင်တယ်...  ကျွန်တော့်ရဲ့အလုပ်ရှင်က အဲ့နည်းနဲ့ အလိမ်ခံခဲ့ရတာ" 


"သူရဲ့ခင်ပွန်းဟောင်းဟာ ပိုက်ဆံကို အရစ်ကျ လွှဲပေးပြီး ရက်ရောဟန်ဆောင်ခဲ့တာလေ နောက်ပိုင်းကျတော့ အိမ်ထောင်စုအသုံးစရိတ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး သူ(မ)ကို သူ့ရဲ့အကြွေးတွေကို ပြန်ဆပ်ခိုင်းခဲ့တယ်"


"ဒီလိုကိစ္စမျိုးတွေ အရမ်းများတယ်...  လီကျဲ ကျွန်တော်အကြံပေးချင်တာက ကျဲရဲ့ခင်ပွန်းဟောင်း မကြာသေးခင်က ချေးငွေယူထားသလားဆိုတာပဲ...တကယ်လို့ သူချေးငွေယူထားခဲ့ရင် ကျဲအခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် ရှေ့နေတစ်ယောက်ကို သေချာငှားနော်"



💊💊💊