Ch 7
Viewers 2k

💊 Chapter 7



'ကွာရှင်းတာက စရိုက်အမှန်ကို ထုတ်ဖော်ပြပေးတတ်တယ်'ဟူသော စကားက လုံးဝမှန်ကန်သည်။ လူပေါင်းများစွာက သူတို့၏ဘဝတစ်လျှောက်လုံး၏ ဉာဏ်ရည်ဉာဏ်သွေး အားလုံးကို သူတို့၏လက်ထပ်ထိမ်းမြားမှုတွင် ထည့်သွင်းတတ်ပုံရသည်။ ကွာရှင်းမှုတစ်ခုမှ ရပိုင်ခွင့်များစွာအတွက် အိမ်ထောင်ဖက်နှင့် ပတ်သက်၍ ပရိယာယ်များစွာနှင့် စိတ်ကစားမှုများကို ပြုလုပ်ကြသည်။


လူ့နှလုံးသားမှာ ခန့်မှန်း၍မရနိုင်ဘဲ ခံစားချက်အစစ်အမှန်တို့ကို ရှာဖွေရန် ခက်ခဲသောကြောင့် အိမ်ထောင်ရေးမှာ လူများစွာက ဝင်ရောက်ရန် တွန့်ဆုတ်တတ်သည့် ခံတပ်တစ်ခု ဖြစ်လာသည်။


လီလီက ပိုင်မူနင်၏ စကားကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ သူမက သူ့အား ကျေးဇူးတင်ကြောင်း ပြောပြီး အလျင်အမြန် ဖုန်းချလိုက်လေသည်။


ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်ပြီးနောက် ပိုင်မူနင်က နောက်ဆုံးတွင် အပေါ်ထပ်သို့တက်ကာ အဆောင်သို့ ပြန်လာခဲ့သည်။


အဆောင်တံခါးဖွင့်လိုက်သည်နှင့် လီအန်းချီက သူ့ထံသို့ လျှောက်လာပြီး ပိုင်မူနင်၏ နဖူးကို စမ်းလိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင်နဖူးကို ပြန်စမ်းလိုက်သည်။ 

"မူနင်... မင်း ဘယ်လိုအံ့သြစရာဆေးမျိုးများ သောက်လိုက်တာလဲ... မင်း မနက်က ဖျားနေတဲ့ပုံပေါက်ပေမဲ့ အခုတော့ လန်းဆန်းပြီး အားအင်တွေ ပြည့်နေတာပဲ... သက်သာသွားပြီလား"


"ဒါက အရမ်းမြန်လွန်းတယ်…"


လီအန်းချီသာ သတိမပေးလျှင် ပိုင်မူနင်မှာ သူဖျားနေသည်ကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။

သူ သူ့နဖူးကို စမ်းကြည့်လိုက်သောအခါ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီး ပူနေခြင်းမရှိတော့ကြောင်း တွေ့ရှိရသည်။


မနက်က အပြင်ထွက်ချိန်တွင် သူ၏အပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး ဆေးသောက်ပြီးနောက်တွင်ပင် နေမကောင်းဖြစ်နေဆဲပင်။


ဝမ်ကျင်း၏ ကုသမှုခံယူပြီးနောက် ပိုင်မူနင်မှာ လုံးဝလန်းဆန်းသွားပြီး ယခင်ကထက်ပင် ပိုမိုကျန်းမာနေသည်ဟု ခံစားရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ပိတ်ဆို့နေသော စွမ်းအင်လမ်းကြောင်းများ ပွင့်သွားသကဲ့သို့ ဖြစ်နေပြီး အားအင်များ ပြည့်ဝနေသည်။


ဝမ်ကျင်းမှာ အမှန်တကယ်ပင် ထူးချွန်ထက်မြက်သူဖြစ်နေ၏။ ပိုင်မူနင် သူ့ကို နားလည်မှုလွဲခဲ့ခြင်းပင်။


ဝမ်ကျင်းကို ဝမ်းတွင်းမည်းလူလိမ်ဟုပင် ခေါ်ဆိုကာ သူ၏ မကောင်းကြောင်းများကို ပြောဆိုခဲ့မိသည့် ယခင်က အကြောင်းများကို ပြန်စဉ်းစားမိသောအခါ ပိုင်မူနင်မှာ အလွန်ရှက်ရွံ့သွားရသည်။


ဝမ်ကျင်းက သူ့ရောဂါကို ကုသပေးရုံသာမက ငွေလည်းမယူခဲ့ပေ။ ထိုအတောအတွင်း ပိုင်မူနင်ကမူ သူ့ကို မကောင်းပြောလိုက်သေးသည်။


အိုး... ငါတော့ ခုမှစကောင်းမွန်လာတဲ့ ဆက်ဆံရေးကို မရည်ရွယ်ဘဲ ဖျက်ဆီးလိုက်ပြီ...


ငါ ဝမ်ကျင်းကို ဘယ်လိုပြန်ချော့ရမလဲ... သူပျော်လာအောင် ဘယ်လိုလုပ်ပေးရမလဲ...


ထိုညနေတွင် ပိုင်မူနင်က လီအန်းချီကို ဟော့ပေါ့လိုက်ကျွေးခဲ့သည်။ သူက ပိုက်ဆံအနည်းငယ် ရထားလေရာ သူ့သူငယ်ချင်းကောင်းကို အပြင်သို့ခေါ်၍ ထမင်းလိုက်ကျွေးသင့်သည်။


သူတို့က လူကြိုက်များနေသော ဟော့ပေါ့ဆိုင်သို့ သွားကြသည်။ ဈေးနှုန်းသင့်တင့်ပြီး လူတစ်ဦးချင်းစီအတွက်လည်း သင့်လျော်သည်။ အရေးအကြီးဆုံးမှာ သူတို့ စိတ်ကျေနပ်သည်အထိ စားနိုင်သောကြောင့်ပင်။


စားသောက်ပြီးနောက် အပြန်လမ်းတွင် လီအန်းချီက ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။ သူက ပိုင်မူနင်ကို အရင်သွားနှင့်ရန် ပြောပြီး ထိုလူနောက်သို့ အလျင်အမြန် လိုက်သွားသည်။


ပိုင်မူနင် လှည့်ကြည့်လိုက်သောအခါ လီအန်းချီ လိုက်နေသောသူက အရပ်ရှည်သော အမျိုးသားတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအမျိုးသားက လျင်မြန်စွာလျှောက်သွားနေပြီး လီအန်းချီက လိုက်မီရန်ရုန်းကန်နေရသည်။ ထိုအမျိုးသားကမူ သူ့ကို စောင့်ရန်  ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။


ပိုင်မူနင် ထိုလူကို မှတ်မိသည်။ သူ၏နာမည်မှာ ကျန်းခယ်ကျန့်ဖြစ်ပြီး လီအန်းချီ၏ သူငယ်ချင်းဖြစ်သည်။


ကျန်းခယ်ကျန့်မှာ လီအန်းချီ၏လေးနှစ်ကြာကျူတာဆရာဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် လီအန်းချီက စာမလိုက်နိုင်သောကြောင့် ဘွဲ့ကြိုကျောင်းသားအဖြစ် မတက်ရောက်နိုင်ခဲ့ဘဲ ဂျူနီယာကောလိပ်တွင်သာ တက်ရောက်ခဲ့ရသည်။


လက်ရှိတွင် ကျန်းခယ်ကျန့်မှာ ဘွဲ့လွန်ဒုတိယနှစ်ဖြစ်ပြီး နောက်နှစ်တွင် ဘွဲ့ရမည်ဖြစ်သည်။ သူက တကယ်ကိုရွှယ်ပါ့[စာတော်တဲ့ကျောင်းသား]အစစ်ပင်။


စဉ်းစားကြည့်လျှင် ဝမ်ကျင်းသည်လည်း ပညာရေးတွင် အတော်ပင် ထူးချွန်သည်။ သူက ကျင်းနန်တက္ကသိုလ်၏ တရုတ်တိုင်းရင်းဆေးပရိုဂရမ်မှ ပါရဂူဘွဲ့ရရှိခဲ့ပြီး ဘွဲ့ရပြီးနောက်တွင် ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် တိုက်ရိုက်အလုပ်ဝင်ခဲ့သည်။ အမှန်တကယ်ကို အလားအလာကောင်းသော အနာဂတ်ကိုပိုင်ဆိုင်ထား ပေ၏။


လီအန်းချီအနေဖြင့် အမြန်ပြန်လာမည့်ပုံမပေါ်သောကြောင့် ပိုင်မူနင်သည်လည်း အလျင်စလိုပြန်ရန် မဆုံးဖြတ်တော့ဘဲ စန်းဝမ်ခန်းမသို့ ဦးတည်လိုက်သည်။


သူ့အနေဖြင့် ယနေ့ကိစ္စကို ဖြေရှင်းရန် လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ဝမ်ကျင်းကို နားလည်မှုလွဲခဲ့သောကြောင့် လူကိုယ်တိုင် သွားရောက်တောင်းပန်သင့်သည်။


ယခုအချိန်တွင် စန်းဝမ်ခန်းမက လူရှင်းနေပြီး ဆေးညွှန်းစာများကို စောင့်ဆိုင်းနေသော လူအနည်းငယ်သာ ရှိသည်။


ချန်ဟောက်နန်က ငွေပေးချေမှုကောင်တာတွင် တစ်ခုခုလုပ်နေဆဲဖြစ်သည်။


ပိုင်မူနင်က လျှောက်သွားပြီး မေးလိုက်သည်။

"မင်္ဂလာပါ ဒေါက်တာဝမ် ရှိလားမသိဘူး" 


ချန်ဟောက်နန်က မော့ကြည့်ပြီး ပြုံးပြလာလျက် ဆိုသည်။

"မင်းကောင်လေး ဒေါက်တာဝမ်က ဒီမှာမရှိဘူး... ဘာကိစ္စရှိလို့လဲ" 


ကလေးတစ်ယောက်ကို ချော့မြှူသည့်အတိုင်းပင် သူ၏စကားသံက ပေါ့ပေါ့ပါးပါးနှင့် အေးအေးဆေးဆေးဖြစ်နေ၏။


ပိုင်မူနင်မှာ ဤလူသည် သေချာပေါက် ပင်လယ်ဘုရင် (sea king)ဖြစ်ရမည်ဟု ခံစားလိုက်ရသည်။ ထိုသူမှာ ဘယ်တော့မှ အလေးအနက်စကားမဆိုတတ်သည့် ပွေရှုပ်သူဖြစ်ရမည်။


(T/N - Sea king ဆိုတာက အထီးကျန်ရတာမကြိုက်ဘဲ အကုန်လုံးကို ပေါ့ပေါ့ပါးပါးဆက်ဆံတတ်တဲ့လူတွေကို ဆိုလိုတာပါတဲ့)


"ကျွန်တော်က ကလေးမဟုတ်ဘူးနော်...ကျေးဇူးပဲ" 

ပိုင်မူနင်က အလေးအနက်ပြောလိုက်သည်။

"ကျွန်တော် အသက် ၂၀ ရှိနေပြီ"


"ဒေါက်တာဝမ် အလုပ်ဆင်းသွားပြီလား" 


ပိုင်မူနင်က ဝမ်ကျင်း၏ ရုံးခန်းကို လှမ်းကြည့်လိုက်သည်။ တံခါးမှာ အနည်းငယ်ဟနေသော်လည်း အတွင်းခန်းမှာ မှောင်နေသောကြောင့် ဘာမှ မမြင်ရပေ။

သူ အမှန်တကယ်ပင် ပြန်သွားပြီဟု ထင်ရသည်။


"ဟုတ်တယ် အသက်၂၀ရောက်နေတဲ့ ကလေးလေးဖြစ်တာကလည်း အထင်ကြီးစရာပဲ... ဒေါက်တာဝမ်က အလုပ်ပြီးလို့ ပြန်သွားပြီ... ဘာကိစ္စနဲ့ ရှာနေတာလဲ... ကိုယ့်ကိုလည်း ပြောလို့ရပါတယ်"


ချန်ဟောက်နန်က ပိုင်မူနင်ကို စကားမပြောဘဲ ကြည့်နေခဲ့သည်။ သူ့မျက်နှာအမူအရာက ငြင်းဆန်လိုသည်မှာ ထင်ရှားလှပေသည်။


ချန်ဟောက်နန်က အားရပါးရ ရယ်မောလိုက်ပြီးဆိုသည်။

"မင်း မပြောချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး...  ဒါပေမဲ့ ကိုယ်အကြံပေးချင်တာကတော့ သူ့ကို အခု မရှာတာ ပိုကောင်းမယ်... ဒေါက်တာဝမ်က မင်းကို ပိုက်ဆံပြန်ပေးပြီး ပြန်လာတော့ မျက်နှာက ရှုံ့မဲ့နေတာပဲ... မင်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာလုပ်လိုက်လဲဆိုတာ မေးတော့မလို့ပဲ" 


"ကိုယ်တို့ရဲ့ ဒေါက်တာဝမ်က အဲဒီလောက် ဒေါသထွက်လေ့ မရှိဘူး... မင်းက သူ့ကို ဒေါသထွက်အောင် လုပ်နိုင်တဲ့ ဒုတိယမြောက်လူပဲ"


မေးစရာပင် မလိုတော့ချေ။ ပိုင်မူနင်မှာ ပထမဆုံးလူက မည်သူဖြစ်သည်ကို သိပြီးဖြစ်သည်။ ၎င်းမှာ ဝမ်ကျင်း၏ ညီမလေး စွန်းကျင်း ဖြစ်သည်မှာ သေချာသည်။


ပိုင်မူနင်မှာ နောက်ထပ် စကားရော အတင်းအဖျင်းပါ မဆိုတော့ပေ။

"ကျွန်တော် ဒေါက်တာဝမ်ကိုပဲ ရှာချင်တာ... သူ့ကို ဆက်သွယ်လို့ရမဲ့ အချက်အလက်တွေကို ပေးလို့ရမလား" 


"ရတာပေါ့"

ပိုင်မူနင် ပျော်ရွှင်မိတော့မည့်အချိန်တွင် ချန်ဟောက်နန်က ထပ်ပြောသည်။ 

"ဒါပေမဲ့ မင်းတို့နှစ်ယောက်ကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာ ကိုယ့်ကို အရင်ပြောရမယ်.. မဟုတ်ရင် ကိုယ့်သူငယ်ချင်းကို ကိုယ် သစ္စာဖောက်မှာမဟုတ်ဘူး"


ဒါဆို ခင်ဗျားကို ပြောပြတာက သူ့ကို သစ္စာဖောက်တာပေါ့... 


ခင်ဗျားတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက အဲဒီလောက်တောင် ဗလာသက်သက်ကြီး ဖြစ်နေတာလား...


ဝမ်ကျင်းက သူ၏ဆက်သွယ်ရမည့်အချက်အလက်များကို ကျိန်းသေပေါက် ပေးမည် မဟုတ်သောကြောင့် ပိုင်မူနင်က သူ့ရှေ့မှလူကိုသာ အားကိုးရတော့ပေမည်။

"ကျွန်တော် သူ့ကို အထင်လွဲသွားမိလို့ တောင်းပန်ချင်လို့ပါ"


‌ဒါပေါ့ ငါ သေချာပေါက် အများကြီးပြောပြမှာ မဟုတ်ဘူးလေ… အရိပ်အမြွက်ပေးရင် တော်ပြီပေါ့…


ထိုအကြောင်းရင်းက လက်ခံနိုင်ပုံရသောကြောင့် ချန်ဟောက်နန်က စိတ်ကျေနပ်သွားဟန်ဖြင့် ပြောလိုက်သည်။

" ကဲ ဒီမှာ ဒေါက်တာဝမ်ရဲ့ ဖုန်းနံပါတ်ကိုလိုက်ရေး…"


ချန်ဟောက်နန်က သူ့ဖုန်းကိုကိုင်၍ contactများကိုကြည့်နေလျက် မေးလိုက်သည်။

"မင်း သူ့ရဲ့ Wechat IDရော လိုသေးလား"


ပိုင်မူနင် : “…?”


ခင်ဗျား သူ့ကို ဒီလို ရောင်းစားနေတာ ဝမ်ကျင်းရော သိရဲ့လား…


"လိုတယ်"


ပိုင်မူနင်အတွက်မူ ယနေ့က တကယ့်ကို အကျိုးရှိလှသည့် နေ့တစ်နေ့ပင် ဖြစ်သည်။ ဒေါက်တာဝမ်၏ ဖုန်းနံပါတ်ကို ရရှိခဲ့ရုံသာမက WeChat တွင်ပါ အပ်ခွင့်ရခဲ့သောကြောင့် ဖြစ်၏။ သို့သော်လည်း တစ်ခုတည်းသော စိုးရိမ်စိတ်မှာ ဒေါက်တာဝမ်က သူ၏ Friend Request ကို လက်ခံပါ့မလားဆိုသည့် အချက်ပင်။


ထိုစဉ် ချန်ဟောက်နန်က စေတနာနှင့် အကြံပြုစကား ဆိုလာသည်။

"ဒေါက်တာဝမ်က သူစိမ်းဆိုရင် လက်ခံလေ့မရှိဘူးကွ… အဲ့ဒါကြောင့် ခဏခဏ ပြန်addကြည့်ဖို့ မမေ့နဲ့ဦး

ကလေးလေး... ကံကောင်းပါစေ" 


ချန်ဟောက်နန်က ပိုင်မူနင်အား ဒေါက်တာဝမ်နှင့် တကယ်ပင် နီးစပ်စေချင်နေသည့်အလား ပြုမူနေသဖြင့် သူ၏ အပြုအမူများက တစ်မျိုးကြီး ဖြစ်နေသည်ဟု ပိုင်မူနင် ခံစားနေရလေသည်။


ဒီလူက ဘာဖြစ်ချင်နေတာလဲ…


WeChat မှ ပေးပို့ထားသော Friend Request မှာ အကြောင်းပြန်မှုမရှိဘဲ ဆိုင်းငံ့နေဆဲဖြစ်သဖြင့် ပိုင်မူနင်က စာတိုတစ်စောင် ထပ်မံပေးပို့ရန် ဆုံးဖြတ်လိုက်သည်။


[မင်္ဂလာပါ ဒေါက်တာဝမ်…ကျွန်တော် ပိုင်မူနင်ပါ… ဒီနေ့ ကျွန်တော့်ကို ကုသပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျွန်တော် ဒေါက်တာ့အပေါ် အထင်လွဲခဲ့မိတဲ့အတွက် တောင်းပန်ချင်လို့ပါ… တကယ်ပဲ စိတ်မကောင်းပါဘူး၊ အကုန် ကျွန်တော့်အမှားတွေပါ…]


သူက ပေးပို့သည်ကို နှိပ်လိုက်သော်လည်း တစ်ဖက်မှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာသေးပေ။


သို့သော်လည်း ပိုင်မူနင်က လက်မလျှော့ချင်သေးဘဲ နောက်ထပ်စာတစ်စောင်ကို ထပ်မံပေးပို့လိုက်လေသည်။


[ ကျွန်တော် ခင်ဗျားကို WeChatမှာ addထားတယ်… အားတဲ့အချိန်ကျမှ ကျေးဇူးပြုပြီး လက်ခံပေးပါဦး ]


[ ဒေါက်တာဝမ် စာတွေတွေ့လားဟင်… ကျေးဇူးပြုပြီး လက်ခံပေးပါဦးနော် ]


ပေးပို့လိုက်သမျှ စာတိုတိုင်းမှာ ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားသကဲ့သို့ပင် ရှိနေသည်။ ဒေါက်တာဝမ်က ထိုစာများကို မမြင်သည်လား၊ သို့မဟုတ် တမင်သက်သက်ပင် လျစ်လျူရှုထားလေသလား မသိရဘဲ သူ၏ တုံ့ပြန်မှုကို လုံးဝ မတွေ့ရပေ။


ပိုင်မူနင်လည်း စိတ်ဓာတ်ကျသွားကာ ကုလားထိုင်ပေါ်သို့ အားမရှိသလို ပစ်ထိုင်လိုက်မိသည်။ ဒေါက်တာဝမ်က တကယ်ပင် ကိုင်တွယ်ရခက်ခဲသူ ဖြစ်သည်ဟု သူတွေးနေမိ၏။


ရှေ့ဆက်၍ မည်သို့လုပ်ရမည်ကို စိတ်ညစ်စွာ စဉ်းစားနေစဉ်မှာပင် အသံပိတ်ထားသော သူ၏ဖုန်းလေးမှာ ရုတ်တရက် တုန်ခါသွားလေတော့သည်။


[ စိတ်မရှိပါနဲ့…အခုမှပဲ စာကို မြင်လိုက်လို့ပါ… မင်းတောင်းပန်တာကို ငါ လက်ခံပါတယ်… ဒါပေမဲ့ WeChat မှာတော့ addထားဖို့ မလိုပါဘူး…တစ်ခုခု လိုအပ်တာရှိရင် 'စန်းဝမ်ခန်းမ' ရဲ့ Customer Service ဖုန်းနံပါတ်ကိုပဲ ဆက်သွယ်ပေးပါ… ငါက ကိုယ်ပိုင်အချိန်တွေမှာ စာပြန်လေ့မရှိလို့ပါ… ကျေးဇူးတင်ပါတယ်]


အငြင်းခံလိုက်ရပြီးနောက်တွင် ပိုင်မူနင်သည် ယခုတလောအတွင်း ဝမ်ကျင်းနှင့် ပတ်သက်ခဲ့သမျှ အပြန်အလှန် ဆက်ဆံရေးများအပေါ် ပြန်လည်သုံးသပ် ဆင်ခြင်မိလေတော့သည်။


ဝမ်ကျင်းက တကယ်တမ်း၌ ချဉ်းကပ်ရန် အလွန်ခက်ခဲသောသူ တစ်ဦးပင် ဖြစ်သည်။ ပိုင်မူနင်အနေဖြင့် သူ၏ ဆက်သွယ်ရန် အချက်အလက်များ ရှိနေပါသော်လည်း WeChat တွင် အပ်ခွင့်မရခဲ့ခြင်းက ဝမ်ကျင်းသည် လွယ်လွယ်နှင့်သွားရှုပ်၍ရသူ မဟုတ်ကြောင်း သက်သေပြနေသည်။ သူက လူမှုဆက်ဆံရေးများနှင့် ပတ်သက်လာလျှင် အလွန်အလေးအနက်ထားတတ်သူ ဖြစ်၏။


သို့သော် တစ်ချိန်တည်းမှာပင် သူက မိမိ၏ Comfort Zone အတွင်း၌သာ ပုန်းအောင်းနေလိုပြီး အပြင်သို့ ထွက်လာရန် ဝန်လေးနေသူလည်း ဖြစ်သည်။


ထိုကဲ့သို့သော လူစားမျိုးအတွက်မူ ပို၍ တက်တက်ကြွကြွ ချဉ်းကပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သွယ်ဝိုက်သော နည်းလမ်းများဖြင့် ကြိုးစားနေခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ပိုင်မူနင်က တဲ့တိုး ဖွင့်ပြောချလိုက်ရမည်ဟု တွေးမိလေတော့သည်။


"ဇွဲရှိတဲ့သူကို ဘယ်သူမှ မကျော်နိုင်ဘူး" ဆိုသည့် စကားပုံက ဝမ်ကျင်းအတွက်လည်း အကျုံးဝင်နေပေသည်။


မှန်ပေသည်။ သူ ဖွင့်ပြောတော့မည်။ ရဲရဲဝံ့ဝံ့နှင့် စိတ်အားထက်သန်စွာ ဝန်ခံခြင်းဖြင့် ဝမ်ကျင်း၏ အေးစက်လှသော နှလုံးသားကို နွေးထွေးလာအောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။


အစီအစဉ်က အဆင်သင့်ဖြစ်နေပြီ။ မနက်ဖြန်ကျလျှင် နှင်းဆီပန်းများဝယ်ပြီး သူ၏ရင်တွင်းစကားကို ဖွင့်ဟတော့မည်။


ဝမ်ကျင်း၏ ရှေ့မှောက်တွင် "ဒေါက်တာဝမ်... ကျွန်တော် ခင်ဗျားကို သဘောကျတယ်" ဟု ကျယ်လောင်စွာ ပြောချလိုက်မည်ဟု သူ ကြံရွယ်နေမိလေတော့သည်။


 Ă—Ă—Ă—Ă—Ă—


ပိုင်မူနင်မှာ နှင်းဆီပန်းစည်းတစ်စည်းက ဤမျှစျေးကြီးနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးချေ။ သတို့သမီးပန်းပွင့်[baby's breath]လေးများပါသည့် အနီရောင်နှင်းဆီ ၃၃ ပွင့်မှာ ယွမ် ၅၂၀ ကျပြီး၊ ၉၉ ပွင့်ကမူ  ၉၉၉ယွမ်ကျ၏။


လစာတွေက နည်းသထက်နည်းလာတာတောင်မှ ဘာလို့ လုပ်ငန်းတွေအားလုံးက လူတွေကို အပြိုင်အဆိုင် လိမ်လည်နေကြရတာလဲ.... ဒီဆိုင်တွေက သာမန်ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းကို ထည့်စဉ်းစားပေးလို့ မရနိုင်တော့ဘူးလား...


ပန်းရောင်းသူက အသေးစိတ်ကျကျကျွမ်းကျင်စွာဖြင့် ရှင်းပြပေးနေသည်။ ပန်း၏အဓိပ္ပာယ်၊ ဘယ်ပန်းအမျိုးအစားများက ဘယ်လိုအခမ်းအနားများနှင့် လိုက်ဖက်သည်တို့ကိုပါ ပြောပြပေးသည်။ ၎င်းမှာ အမှန်တကယ်ကို အသိပညာ ဗဟုသုတရစရာဖြစ်သော်ငြား ပိုင်မူနင်ကမူ လုံးဝစိတ်မဝင်စားပေ။


သူ မတတ်နိုင်သဖြင့် နားထောင်နေရခြင်းက အချိန်ဖြုန်းရုံသာ။


ပန်းရောင်းသူက အကင်းပါးသူတစ်ယောက်ဖြစ်ပြီး ပိုင်မူနင်၏ ငွေကြေးအခြေအနေကို လျင်မြန်စွာ သတိထားမိသွားသည်။ သူမက သူ့ကို လှောင်ပြောင်လာခြင်းမပြုသလို တိုက်ရိုက်ပြောဆိုခြင်းလည်း မပြုပေ။ 


ယင်းအစား သူမက ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"အေးအေးဆေးဆေး ပတ်ကြည့်ပါ... တစ်ခုခုလိုအပ်ရင် ပြောပါနော်"


ပိုင်မူနင်က ကျေးဇူးတင်စကားဆိုပြီး တကယ်လည်း ပေါ့ပေါ့ပါးပါး လှည့်လည်ကြည့်ရှုနေလေ၏။


ဘယ်သူကများ ဖွင့်ဟဝန်ခံတဲ့အခါ နှင်းဆီနီတွေ ပါရမယ်လို့ ပြောခဲ့တာတုန်း... အခြားပန်းတွေသုံးလို့မရဘူး...

ဥပမာပြောရရင် ပင်ပေါင်ဂန္ဓမာ (chrysanthemums) ပန်းတွေဆိုရင်ရော....


ပိုင်မူနင်က ယင်းကို ချက်ချင်း စိတ်ထဲက ထုတ်ပစ်လိုက်သည်။ အကယ်၍ ဤပန်းများကိုသာ သူပေးလိုက်လျှင် အပြင်ကို သေချာပေါက် ကန်ထုတ်ခံရပေလိမ့်မည်။ 


ကျော်လိုက်တော့...

[ဒီပန်းတွေကိုတော့ ကျော်လိုက်တော့လို့ပြောချင်တာပါ]


နေကြာတွေဆိုရင်ရော...


ထိုအကြံအားလည်း ခပ်မြန်မြန်ပင် ပယ်ချလိုက်၏။သူ၏ဇာတိတွင်ဆိုလျှင် လူအများက ထိုပန်းအတွက် ငွေပေးလိုစိတ်ပင်ရှိမနေချေ။


စျေးနည်းသည့်အရာများက အရုပ်ဆိုးကာ လှပသည့်အရာများကမူ စျေးက မိုးထိုးကာနေ၏။ ပိုင်မူနင်က သူ့အိတ်ကပ်ထဲမှ ငွေသားတို့အား ထိကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ချိန်းတွေ့ခြင်းက ဤမျှစျေးကြီး၏။


သူက သက်ရောက်နိုင်စွမ်းအမြင့်ဆုံးအကြံအားထုတ်ရန် ရုန်းကန်နေရစဥ် အခြားဖောက်သည်တစ်ဦးက ဆိုင်ထဲဝင်လာသည်။အနှီအမျိုးသားက အသက်၂၀စွန်းစွန်းမျှသာရှိသေးပြီး ယွမ်၅၂၀တန် နှင်းဆီပန်းစည်းအားကိုင်လျက် ပြန်အမ်းငွေရဖို့ရာ ဆိုင်ရှင်နှင့် စကားပြောနေလေသည်။


"သူဌေးရေ ကျွန်တော်ဒါကိုယူသွားတာ နာရီဝက်တောင်မကြာသေးဘူး ငွေပြန်အမ်းပေးနိုင်မလား..." 


ပန်းဆိုင်သူဌေးက အပြုံးလေးဖြင့် ငြင်းလိုက်လေ၏။

"တောင်းပန်ပါတယ်နော် ရောင်းပြီးသွားတဲ့ပန်းတွေအတွက် ငွေပြန်မအမ်းပါဘူး..."


အမျိုးသားက လက်မလျှော့ပေ။

"ဘာလို့မရတာလဲ... ဘာမှတောင်မဖြည်ရသေးဘူးလေ... တခြားလူကို ပြန်ရောင်းလို့ရတာပဲ... ကျွန်တော်ဂရုမစိုက်ဘူး... ငွေပြန်အမ်းပေးပါ..."


ပန်းဆိုင်သူဌေးက ထိုသို့သော ခက်ခဲသည့်အခြေအနေနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီးသားပင်။ သူမက တည်တည်ငြိမ်ငြိမ်ပင်ပြုံးလိုက်သည်။


"မင်းဖွင့်ပြောမလို့မလား ဘာလို့လဲ မင်းကောင်မလေးက သဘောမကျဘူးလား"


လမ်းခွဲရသည့်အကြောင်းကို ပြန်လှန်ပြောဆိုရခြင်းက အမျိုးသားအား ဒေါသသာ ပိုထွက်စေ၏။

"လမ်းခွဲလိုက်ပြီကို ဘယ်လိုပေးရမှာလဲ သူကကျွန်တော့်ကိုတောင် ကြိုက်ခဲ့တာမဟုတ်ဘူး ဒီအတိုင်း အပိုဘီးလေးဖြစ်ခဲ့တာ..."


ပန်းဆိုင်သူဌေးက ပြုံးကာဆိုလိုက်သည်။

"ဒါဆို တခြားတစ်ယောက်ကို ပေးရင်ရော..."


ပိုင်မူနင်က ဆက်နားထောင်မနေတော့ပေ။ ပန်းဆိုင်အပြင်ထွက်ကာ ထိုအမျိုးသားထွက်အလာကို စောင့်နေလိုက်သည်။


ပန်းဆိုင်သူဌေးက သူ့ကို ငွေပြန်မအမ်းမည်မှာ သေချာ၏။ သို့ဖြစ်ရာ သူထိုလူကိုစောင့်နေပြီး စျေးအသက်သာဆုံးဖြင့်ဝယ်နိုင်ရန် တွေးလိုက်သည်။


-


ထင်ထားသည့်အတိုင်း မိနစ်အနည်းငယ်ကြာပြီးနောက် ထိုလူက ကျရှုံးလျက် ထွက်လာ၏။


သူက သူ့ကိုယ်သူ မကျေမချမ်းရေရွတ်နေသေးသည်။


"သူက ငါ့ကိုဘာလို့ ပိုက်ဆံပြန်မပေးတာတုန်းဟ... ဒီပန်းစုတ်တွေက ကံကြမ္မာကိုတောင် ဆုံးဖြတ်လိုက်သေး[ပန်းကြောင့်လမ်းခွဲရတာလို့ပြောချင်တာပါ]... ဒီလိုမှန်းသိရင် မဝယ်ပါဘူး"


သူ ထွက်သွားသည်ကိုတွေ့လျှင် ပိုင်မူနင်က အမြန်လိုက်ဖမ်းလိုက်သည်။

"ဟယ်လို ကျွန်တော်ဒီပန်းတွေကို ဝယ်ချင်ပါတယ်... ဒါပေမဲ့ ၅၀ပဲတတ်နိုင်တယ်"


ယင်းက ပိုင်မူနင်ပေးနိုင်သည့် အမြင့်ဆုံးစျေးပင်။ ချူးတစ်ပြားပင် ပိုမပေးနိုင်ပေ။

"၅၀လား ငါက၅၂၀တောင်ပေးဝယ်လာရတာကွ"


"ဘယ်သူက သုံးပြီးသားပန်းကြီးကို ကိုယ်ကြိုက်တဲ့လူကို ပေးချင်မှာလဲ ကျွန်တော့်ကိုရောင်းရင် အနည်းဆုံး ၅၀တော့ပြန်ရတာပေါ့"


ထိုသူမှာ ဤမျှအထိ အရူးလုပ်ရမလွယ်ပေ။

"မင်းက သုံးပြီးသားပန်းကြီးကို သူများကိုသွားပေးမှာပဲမလား ၅၀၀ပဲ တစ်ပြားမှ မလျှော့နိုင်ဘူး..."


"ကျွန်တော်က သဘောကျတဲ့လူကို ပေးမလို့မဟုတ်ဘူး ပြောရရင် ချွေတာသင့်တဲ့နေရာ ချွေတာနေရုံပဲ..."


ပိုင်မူနင်က ရှင်းအောင်ပြောလိုက်ပြီးနောက် ကြင်နာစွာပင်သတိပေးလိုက်၏။

"မင်း ထပ်တုံ့ဆိုင်းနေရင် အအေးဒဏ်ကြောင့် ပန်းတွေပျက်စီးသွားတော့မှာနော်... အဲ့ကျ ယွမ်၅၂၀လုံး ဆုံးပြီပဲ"


သူ့အသံကခိုင်မာနေပြီး ညှိနှိုင်းခွင့် လုံးဝပေးမထားချေ။


အမျိုးသားက စဥ်းစားလိုက်သည်။ ထို့နောက်တွင် ယင်းတို့ကိုသယ်ကာ လျှောက်သွားနေရသည်က ပင်ပန်းကြောင်းကို သတိပြုမိသွား၏။ သူရောင်းပြီး ဆုံးရုံးမှုများကို လျှော့ချရပေမည်။


လက်တစ်ဖက်တွင်ငွေကိုကိုင်ကာ ကျန်တစ်ဖက်၌ပန်းအားသယ်လျက် ပိုင်မူနင်တစ်ယောက် စန်းဝမ်ခန်းမကို တိုက်ရိုက်သွားတော့သည်။


သူက အငှားကားပင် ခေါ်လိုက်သေး၏။ ရာသီဥတုက အေးလွန်းရာ ပန်းများကိုအေးခဲပြီး ပျက်စီးမသွားစေလိုပေ။



💊💊💊