Ch 6
Viewers 831

🍊 Chapte 6


မေးစေ့ကို တင်းတင်းကျပ်ကျပ် အကိုင်ခံထားရသဖြင့် စူးဝမ်ချင်းသည် သူh နှုတ်ခမ်းလွှာများကို တွန့်ချိုးကာ ရုန်းထွက်ရန် ကြိုးစားနေမိသည်။


ချူမူချင်းသည် သူမကို ကာကွယ်ပေးနေခြင်း လုံးဝမဟုတ်ဘဲ ချူမိသားစုဝင်တစ်ဦးအနေဖြင့် သူမ၏ ဂုဏ်သိက္ခာကိုသာ ထိန်းသိမ်းနေခြင်း ဖြစ်သည်။


စူးဝမ်ချင်း နောက်သို့ ဆုတ်နေသည်ကို ချူမူချင်း သတိပြုမိသွားကာ သူမ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား ပြီး လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။


"ပြန်မချတော့ဘူးလား?"


မေးရိုးမှာ စူးစူးရှရှ နာကျင်လာသဖြင့် စူးဝမ်ချင်းသည် နာကျင်မှုကို အောင့်အည်းသည်းခံကာ ချူမူချင်းကို စိုက်ကြည့်လိုက်သည်။


"ငါ... သတိမထားမိလိုက်လို့ပါ"


စူးဝမ်ချင်းသည် နစ်နာသူတစ်ဦးကဲ့သို့ ပုံစံဖမ်းကာ ချက်ချင်းပင် သူမ၏အမှားကို ဝန်ခံလိုက်ပြီး အလိုလိုက်ခံရမည့် သူတစ်ဦးကဲ့သို့ ငြိမ်သက်သွားတော့သည်။


ချူမူချင်းသည် လက်ကိုလွှတ်ပေးရန် ပြင်ဆင်နေစဉ်မှာပင် ရင်းနှီးနေသော အသံကို ထပ်မံ ကြားလိုက်ရပြန်သည်။


[ပြဿနာဖြစ်မှာ ကြောက်လို့ မဟုတ်ဘူး၊ ငါ့ရဲ့ အရမ်းလှတဲ့အစ်မကြီးကို ကူညီဖို့ အချိန်မရဘဲ နေမှာစိုးလို့... မဟုတ်ရင်တော့...]


[အကြောင်းရှိလို့ သည်းခံနေတာ၊ နင့်ကြောင့် မဟုတ်ဘူး!]


စူးဝမ်ချင်းသည် ချူမူချင်းကို တိုက်ရိုက်ပြန်မပြောရဲသဖြင့် စိတ်ထဲတွင်သာ ကြိတ်၍ မကျေမနပ် ပြောနေမိခြင်း ဖြစ်သည်။


ထပ်ကြားရပြန်ပြီလား?!


ဤအသံမှာ အနည်းငယ် နောက်ပြောင်တတ်ပြီး ခေါင်းမာသည့် အရိပ်အယောင်များ ပါဝင်နေကာ သူမ မြင်တွေ့နေရ သည့် စူးဝမ်ချင်းနှင့် လုံးဝ ကွဲပြားနေသည်။ အကယ်၍ ဤသည်မှာ စိတ်ချောက်ချားခြင်း မဟုတ်ပါက စူးဝမ်ချင်းမှာ ဟန်ဆောင်ရာတွင် အလွန်တော်သူ ဖြစ်ရမည်ဟု ချူမူချင်း တွေးလိုက်မိသည်။


သို့သော် သူမသည် အဘယ်ကြောင့် ဤအသံကို ကြားနိုင်နေရသနည်း၊ ယာယီအမှတ်အသားပြုခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာလား။


ချူမူချင်းသည် ဤအဖြေကို ခဏမျှ စဉ်းစားမရဘဲ ဖြစ်နေသည်။


ဟိုဘက်တွင် အဖွင့်အက၏တေးဂီတမှာ ပြောင်းလဲသွားပြီး ကခုန်နေသူများ လူစုကွဲသွားကာ လူအများအပြားက ဤဘက်သို့ အာရုံစောက်လာကြသဖြင့် ချူမူချင်းသည် စူးဝမ်ချင်းကို လွှတ်ပေးလိုက်သည်။


ချန်ရှင်းယွဲ့မှာ ဘာလုပ်ရမှန်းမသိဘဲ ထိုနေရာတွင် ရပ်နေမိသည်။ ချူမူချင်း၏ အရှိန်အဝါမှာ ပြင်းထန်လွန်းသဖြင့် သူမ ထွက်ခွာသွား၍ ရမရကိုပင် မသိနိုင်ဘဲ တစ်ကိုယ်လုံး ဝိုင်များ စိုရွှဲလျက် အရှက်တကွဲ ဖြစ်နေရသည်။


ချူမူချင်းသည် ဘေးသို့ လျှောက်သွားကာ တစ်ရှူးတစ်ခုကိုယူ၍ စူးဝမ်ချင်း လက်မောင်းပေါ်သို့ ထိုးပေးလိုက်သည်။ သို့သော် သူမ မျက်ဝန်းများက ရှေ့မှ ချန်ရှင်းယွဲ့ကို ကြည့်ကာ ပြောလိုက်သည်။


 "မစ္စချန်၊ နင် မသွားသေးဘူးလား၊ ငါနဲ့အတူ ဝိုင်တစ်ခွက်လောက် သောက်ချင်လို့လား?"


ချန်ရှင်းယွဲ့က အကြိမ်ကြိမ် ငြင်းဆိုလိုက်သည်။ "ဟင့်အင်း၊ မဟုတ်ပါဘူး၊ ဒါဆိုရင် ကျွန်မ အရင် သွားနှင့်ပါ့မယ် မစ္စချူ"


"ငါက နင်ကို သွားခွင့်ပြုလို့လား?"


ချန်ရှင်းယွဲ့ ခြေလှမ်းများ ရပ်တန့်သွားသည်။


"မစ္စချန်က ဝိုင်တော်တော် သောက်နိုင်တယ်လို့ ငါကြားတယ်၊ မသွားခင် ဒီဝိုင်သုံးခွက်ကို အရင် ကုန်အောင် သောက်သွားဦး" ချူမူချင်းသည် ဘေးရှိ ဝိုင်သုံးခွက်ကို လက်ညှိုးထိုးပြလိုက်သည်။


ပွဲတက်ဝိုင်များ၏ ပြင်းအားမှာ သိပ်မမြင့်မားလှသဖြင့် ချန်ရှင်းယွဲ့သည် ဆက်လက် မငြင်းဆိုရဲဘဲ ပြေးသွားကာ ဝိုင်သုံးခွက်ကို ကုန်အောင် သောက်လိုက်ပြီး ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို ဂရုမစိုက်နိုင်တော့ဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။


လုချင်းဟယ် ရောက်လာပြီး ထွက်ပြေးသွားသူကို ကြည့်ကာ အံ့ဩသွားသည်။


 "ဘာဖြစ်လို့လဲ?"


ချူမူချင်းသည် ဘေးရှိ နံရံကို မှီကာ လက်ထဲ၌ ဝီစကီတစ်ခွက်ကို ဘယ်အချိန်က ယူထားသည်မသိဘဲ ကိုင်ထားရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ 


"ငါလည်း မသိဘူး၊ မစ္စချန်ကို ဝိုင်တိုက်လိုက်ရုံပါ"


စူးဝမ်ချင်း ခေါင်းပေါ်တွင် စိုရွှဲနေပြီး လည်ပင်းရိုးနားတွင် နီရဲနေသည်ကို မြင်သောအခါ လုချင်းဟယ်မှာ ဘာဖြစ်နေသည်ကို ရိပ်မိသွားသည်။ သူမသည် ရှေ့သို့ တိုးသွားကာ ချူမူချင်း၏ အင်္ကျီကို ဆွဲ၍တိုးတိုးလေး သတိပေးလိုက်သည်။


"နင် ကိုယ့်ကိုယ်ကိုယ် နည်းနည်း ထိန်းဦး"


ချူမူချင်းသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောဘဲ ဝိုင်ခွက်ကို မော့ချလိုက်သည်။


လုချင်းဟယ်သည် စူးဝမ်ချင်းဘေးသို့ လျှောက်သွားကာ "ငါ နင်ကို အဝတ်အစားလဲဖို့ အနားယူဆောင်ကို ခေါ်သွားပေးမယ်" 


ထောင့်တစ်နေရာမှ ထွက်လာသောအခါ လူအားလုံး၏စူးစမ်းသော အကြည့်များမှာ သူတို့နှစ်ဦးထံသို့ ကျရောက်လာ သည်။ လုချင်းဟယ်က အခြေအနေကို ထိန်းသိမ်းသည့် အနေဖြင့် "ဝိုင် မတော်တဆ ဖိတ်သွားလို့ပါ၊ နင်တို့ ဆက်ပြီး ပျော်ကြပါဦး၊ တစ်ခုခု လိုအပ်တာရှိရင် လက်ထောက်ကို ပြောကြပါ" 


လုချင်းဟယ်တွင် သီးသန့် အနားယူဆောင်တစ်ခု ရှိပြီး ၎င်းမှာ ဒုတိယထပ်၏ ထောင့်တစ်နေရာတွင် ဖြစ်သည်။ စူးဝမ်ချင်းသည် လုချင်းဟယ်နောက်မှ လိုက်သွားစဉ် ဝိုင်များမှာ သဘာဝအတိုင်း ခြောက်သွားသဖြင့် တစ်ကိုယ်လုံး စေးကပ်ကာ နေလို့ အလွန်မကောင်း ဖြစ်နေသည်။


လမ်းတစ်လျှောက်တွင် စကားမပြောဖြစ်ကြဘဲ လုချင်းဟယ်က မေးမြန်းလိုက်သည်။ 


"ချူမူချင်းက နင်ကို လန့်အောင် လုပ်လိုက်တာလား? သူက အဲ့ဒီအတိုင်းပဲ၊ ကြည့်ရတာ ကြမ်းတမ်းပေမဲ့ တကယ်တော့ သူက လူကောင်းတစ်ယောက်ပါ"


လုချင်းဟယ်၏ အသံမှာ နွေးထွေးလှပြီး တောင်ပေါ်က စမ်းရေအေးလေးကဲ့သို့ လူကို စိတ်ချမ်းသာစေသည်။ သို့သော် စူးဝမ်ချင်းသည် လုချင်းဟယ်စကားကြောင့် ချူမူချင်းအပေါ် ထားရှိသည့် သတိကိုတော့ လျှော့မချခဲ့ပေ။


စူးဝမ်ချင်းသည် ချူမူချင်းမှာ လူကောင်းမဟုတ်ကြောင်းပင် လုချင်းဟယ်ကို သတိပေးချင်နေမိသည်။ သို့သော် ယခုအချိန်တွင် သူမသည် ဘာမှမသိသလို ဟန်ဆောင်ကာ အသက်ရှင်သန်နိုင်ရန်အတွက် အရာအားလုံးကို လိုက်လျောနေသည့် လိမ်မာသော ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်နေရသည်။


အနားယူဆောင် တံခါးပွင့်သွားသောအခါ နံ့သာဖြူရနံ့ သင်းသင်းလေးမှာ လေထဲတွင် ဖုံးလွှမ်းနေပြီး တစ်ခုခုကို ဖုံးကွယ်ထားသကဲ့သို့ ပြင်းရှလှသော သစ်သားရနံ့မှာလည်း ခံစားရသည်။


"ဒါ ငါပြင်ထားတဲ့ အဝတ်အစားတွေပါ၊ နင် ကြိုက်တာ တစ်ခုရွေးဝတ်လိုက်ပါ"


လုချင်းဟယ်သည် အင်္ကျီချိတ်များပေါ်ရှိ စိတ်ကြိုက်ချုပ်လုပ်ထားသော ဂါဝန်ခုနစ်မျိုး၊ ရှစ်မျိုးခန့်ကို ညွှန်ပြလိုက်သည်။ အပွင့်ပုံစံ ငါးမြီးဂါဝန်များ၊ ဆွဲဆောင်မှုရှိသော ပုခုံးဟိုက် ဂါဝန်ရှည်များနှင့် ပြင်သစ်စတိုင် ရှန်ပိန်ရောင် ဂါဝန်များ ရှိနေသည်။


စူးဝမ်ချင်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး သူမနှင့် မတန်ဟု ခံစားနေမိသည်။


"မစ္စလု၊ ကျမ အရင်ဆုံး ရေချိုးချင်တယ်" စူးဝမ်ချင်းက ပြောလိုက်သည်။


"ကောင်းပြီ" လုချင်းဟယ်က ရေချိုးခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ "အတွင်းက ပစ္စည်းတွေက အပိုတွေပါ"


"ဒါဆိုရင် နင် အရင် ချိုးနှင့်ဦး၊ ငါ အောက်ထပ်ဆင်းပြီး နှုတ်ဆက်လိုက်ဦးမယ်"


"အင်း"


စူးဝမ်ချင်းသည် အသက်ကယ်ပစ္စည်းများစွာ ပါဝင်သော သူ့ အိတ်ကို ချထားလိုက်သည်။


ရေချိုးခန်းတံခါးကို ပိတ်လိုက်ပြီးနောက် စူးဝမ်ချင်းသည် အချိန်အကြာကြီး မဆွဲရဲသဖြင့် အမြန်ဆုံး ရေချိုး၊ ခေါင်းလျှော်ကာ ရေချိုးဝတ်စုံကို ဝတ်၍ ထွက်လာခဲ့ပြီး နံရံက နာရီကို တစ်ချက် ကြည့်လိုက်သည်။


စူးဝမ်ချင်းသည် သိပ်ပြီး ဈေးမကြီးဟု ထင်ရသော ဂါဝန်တစ်ထည်ကိုရွေးချယ်ကာ အမြန်လဲဝတ်ပြီး သူ့ အိတ်ကို ဆွဲ၍ တတိယထပ်သို့ ပြေးတက်လာခဲ့သည်။


လုချင်းဟယ်မှာ Omega တစ်ဦးဖြစ်ကြောင်းကို သူ့ မိဘများ၊ သူမ ဆရာဝန်နှင့် သူမ ချစ်ရသူဖြစ်သော ချန်းကျော့တို့မှ အပအခြားသူများ မသိကြပေ။


လုချင်းဟယ်သည် အနားယူဆောင်မှ ထွက်လာသောအခါ သူမ၏ ဖုန်းမှာ အချက်ပေးသံ မြည်လာပြီး မက်ဆေ့ချ်နှစ် စောင်ရောက်လာသည်။ လုချင်းဟယ်က အကြောင်းအရာကို ကြည့်လိုက်သောအခါ [အပေါ်ထပ်ကို လာခဲ့ပါဦး၊ ကိစ္စရှိလို့] ဟု ရေးထားသည်။


ဤသတင်းမှာ အခြားနံပါတ်တစ်ခုမှ ရောက်လာခြင်း ဖြစ်သော်လည်း ဤနံပါတ်ကို ချန်းကျော့မှအပ မည်သူမျှ မသိပေ။


လွန်ခဲ့သော တစ်လခန့်ကတည်းက သူမသည် အခြေအနေ တည်ငြိမ်သွားပါက လူသိရှင်ကြား ကြေညာမည်ဖြစ် ကြောင်းနှင့် ခဏတာမျှ အဆက်အသွယ်မလုပ်ရန် ချန်းကျော့ကို ပြောကြားထားခဲ့သည်။


အောက်ထပ်တွင် မိသားစုအားလုံးမှလူများ ရှိနေသဖြင့် ယခုအချိန်တွင် ဘာပြဿနာမှ တက်၍ မဖြစ်ပေ။


လုချင်းဟယ်သည် သူ ဘာကြောင့် ရုတ်တရက် ဆက်သွယ်လာသနည်းဟု တွေးရင်း မက်ဆေ့ချ် ပြန်ပို့လိုက်သည်။


[ဘာကိစ္စလဲ?]


ဘာမှ ပြန်မလာပေ။


လုချင်းဟယ် စိတ်မအေးနိုင်သဖြင့် ဖုန်းနှင့် အိတ်ကို ကိုင်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဘယ်သူမှ နောက်က လိုက်မလာသည်ကို သေချာစေပြီးမှ ဂါဝန်အနားကိုမ၍ အပေါ်ထပ်သို့ တက်လာခဲ့သည်။


ဤပွဲခန်းမမှာ သူမ၏ လုမိသားစု ပိုင်ဆိုင်ခြင်းဖြစ်ပြီး သူမသည် ချန်းကျော့နှင့် တတိယထပ်တွင် အမြဲ ချိန်းဆိုလေ့ရှိ သည်။ ချန်းကျော့တွင် ပင်မကတ်ရှိသဖြင့် သူ တိတ်တဆိတ် ဝင်လာနိုင်သည်မှာ အံ့ဩစရာ မဟုတ်ပေ။


အခန်း ၃၀၁၁ တံခါးဝသို့ ရောက်သောအခါ လုချင်းဟယ်သည် ဘယ်ညာကို ကြည့်လိုက်ပြီး ဘယ်သူမှ မရှိသည်ကို သေချာမှ အခန်းကတ်ကို ထုတ်ယူလိုက်သည်။


အခန်းထဲတွင် သန့်ရှင်းနေပြီး ဘယ်သူမှ ရှိခဲ့ပုံ မရပေ။


လုချင်းဟယ် ဇဝေဇဝါ ဖြစ်သွားပြီး အတွင်းခန်း၊ ဧည့်ခန်း၊ အိပ်ခန်းတို့သို့ တိတ်တဆိတ် လျှောက်သွားသည်။ ဧည့်ခန်းအလယ်တွင် ရပ်၍ ကြည့်လိုက်သောအခါ လွန်ခဲ့သော ရက်အနည်းငယ်က သူမ ထွက်သွားစဉ်ကအတိုင်း ဘာမှ ရွှေ့ပြောင်းထားခြင်း မရှိပေ။


သူမသည် ချန်းကျော့ကို ဖုန်းခေါ်ရန် ဖုန်းကို ထုတ်ယူလိုက်စဉ်မှာပင် နောက်ကွယ်မှ တစ်စုံတစ်ဦးက သူမကို ရုတ်တရက် အုပ်မိုးလိုက်ပြီး ဖုန်းကို ရိုက်ချကာ ပါးစပ်ကိုပိတ်လိုက်သည်။


လုချင်းဟယ်သည် နောက်ကွယ်မှ လူ၏ ခြေထောက်ကို အတင်းနင်းလိုက်ရာ ထိုလူမှာ တိုးတိုးလေး ညည်းတွားသွား သော်လည်း လုချင်းဟယ်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားလိုက်ပြီး ဆေးထိုးအပ်တစ်ခုကို ထုတ်၍ သူမ လည်ပင်းသို့ ထိုးစိုက်လိုက်သည်။


ထိုလုပ်ရပ် ပြီးဆုံးသွားသောအခါ ထိုလူသည် သူမကို ချထားခဲ့ပြီး တံခါးမှတစ်ဆင့် လျင်မြန်စွာ ထွက်ပြေးသွားတော့ သည်။


လုချင်းဟယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး တံခါးဝမှ ပျောက်ကွယ်သွားသော ထိုလူပုံရိပ်ကို ကြည့်နေမိသည်။


ဆေးထိုးအပ်က သူမ၏ အရေပြားကို ထိုးဖောက်သွားသည့် အခိုက်အတန့်မှာပင် ၎င်းမှာ ဘာလဲဆိုသည်ကို လုချင်းဟယ် သိရှိလိုက်သည်။ Alpha ၏ ဖီရိုမုန်းများသည် သူမကို heat ရောက်အောင် လှုံ့ဆော်ပေးရန်အတွက်သာ ဖြစ်သည်။


သူမသည် Sclass Omega တစ်ဦးဖြစ်သဖြင့် သူမကို heat ရောက်အောင် လုပ်ရန်အတွက် တူညီသော အဆင့်ရှိသည့် Alpha ၏ ဖီရိုမုန်းများလိုအပ်ပြီး ယခုထိုဖီရိုမုန်းများသည် သူမ၏ လည်ပင်းမှတစ်ဆင့် လျင်မြန်စွာပျံ့နှံ့နေပြီဖြစ်သည်။


ခန္ဓာကိုယ် အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး လတ်ဆတ်သော ပူစီနံရနံ့များမှာ ဂလင်းများမှတစ်ဆင့် ထွက်ပေါ်လာသည်။ ထိုပူစီနံရနံ့မှာ အေးမြမှုကြားတွင် ချိုမြိန်သော ရနံ့လေးတစ်ခုလည်း ပါဝင်နေ၏။


ရင်းနှီးနေသော ခံစားချက်ကြီး ရောက်လာပြန်သဖြင့် သူမ ဆက်၍ အောင့်မထားနိုင်တော့ပေ။ သူမ၏ Omega မျိုးရိုးဗီဇကို အခြားသူများ သိမသွားစေရန်အတွက် သူမသည် ဟန့်တားဆေးများကို အမြဲဆောင်ထားလေ့မရှိပေ။


တစ်ကိုယ်လုံး ပူလောင်လာပြီး အသိစိတ်များ လွတ်လုနီးပါးဖြစ်နေစဉ် လုချင်းဟယ်သည် ဆိုဖာအောက်ရှိ ဖုန်းကို မြင်တွေ့သွားကာ ဖြည်းဖြည်းချင်းတွားသွားလိုက်သည်။


အောက်ထပ်တွင် မိသားစုအသီးသီးမှ Alpha များ၊ Omega များ ရှိနေသလို heat ရောက်နေသော Beta နှင့် Slevel Omega များစွာလည်း ရှိနေနိုင်သည်။


ခဏကြာလျှင် ဒါက ဘေးဒုက္ခတစ်ခုဖြစ်လာတော့မည်။


လုချင်းဟယ်၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ ဘယ်သူမှ မသိစေရဘူး၊ လုံးဝ မသိစေရဘူး။


သူမသည် ကမ်းခြေပေါ်မှာ သောင်တင်နေသော ရေဘဝဲတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ခက်ခဲစွာ တွားသွားရင်း ရေကို အမြန်ဆုံးရရှိရန် ကြိုးစားနေမိသည်။


စူးဝမ်ချင်းသည် တတိယထပ်သို့ ပြေးတက်လာပြီး အပေါ်ထပ်သို့ ရောက်သည်နှင့် Omega ၏ ဖီရိုမုန်းနံ့ကို ခံစားလိုက်ရသည်။


Omega များအချင်းချင်းကြားတွင် သဘာဝအလျောက် ရင်းနှီးသည့် ခံစားချက် ရှိနေသဖြင့် စူးဝမ်ချင်းသည် ဖီရိုမုန်းများ ပြင်းထန်ရာ တံခါးဝသို့ ပြေးသွားသော်လည်း တံခါးမှာ တင်းတင်းကျပ်ကျပ်ပိတ်ထားသည်။


စူးဝမ်ချင်းသည် တံခါးကို အတင်းထုလိုက်သည်။ 


"အစ်မလု၊ အထဲမှာ ရှိနေတာလား?"


လုချင်းဟယ်သည် တစ်စုံတစ်ဦး တံခါးထုနေသည်ကို ဝေဝါးစွာ ကြားနေရသည်။ ဘာဖြစ်နေမှန်း သူမ မသိသော်လည်း သူမ အသိခံလိုက်ရပြီဟုသာ တွေးနေမိပြီး တစ်စုံတစ်ဦး တံခါးဖွင့်လာမည့် အချိန်ကို စောင့်နေမိသည်။


သူမကို မြင်သွားကြပြီး သူမအတွက် သေဒဏ်ပေးသလို ဖြစ်သွားပေလိမ့်မည်။


စူးဝမ်ချင်းမှာ ဘာလုပ်ရမှန်းမသိဘဲ အလောတကြီး ဖြစ်နေသည်။ ယခု ဖီရိုမုန်းများ ပျံ့နှံ့နေသည့် အရှိန်အရ ဆိုလျှင် ဆယ်မိနစ်အတွင်း အောက်ထပ်က လူအားလုံး သိသွားကြတော့မည် ဖြစ်သည်။


စူးဝမ်ချင်းသည် သူမ၏ ဖုန်းကိုဖွင့်ကာ ချူမူချင်း၏ နံပါတ်ကို ရှာဖွေလိုက်ပြီး ဖုန်းခေါ်ဆိုရန် နှိပ်လိုက်စဉ်မှာပင် သူမ၏ လက်ကို တစ်စုံတစ်ဦးက ဖမ်းဆုပ်လိုက်သည်။


စူးဝမ်ချင်းသည် ရုတ်တရက် ပေါ်လာသော ထိုလက်ကို ကြည့်လိုက်ပြီး အပေါ်သို့ ကြည့်လိုက်သောအခါ... ချူမူချင်း?!


"အခန်းကတ် ပေး"


ချူမူချင်းသည် အခန်းကတ်ကို ယူ၍ အတွင်းသို့ ဝင်သွားလိုက်သည်။ တံခါးဖွင့်လိုက်သည့် အခိုက်အတန့်မှာပင် အခန်းထဲရှိ ဖီရိုမုန်းနံ့များမှာ အလွန်ပြင်းထန်လှသဖြင့် လူကို အသက်ရှူကျပ်စေသည်။ လတ်ဆတ်သော ပူစီနံရနံ့မှာ ပုပ်သိုးနေသော သစ်ရွက်နံ့ကဲ့သို့ ခါးသက်လာသော်လည်း ချူမူချင်းမှာ တည်ငြိမ်စွာပင် လျှောက်ဝင်သွားသည်။


စူးဝမ်ချင်းသည် သူမ အိတ်ကိုပွေ့ပိုက်ကာ အမြန်ပြေးဝင်သွားပြီး ဟန့်တားဆေးနှင့် အကာအကွယ်ကပ်ခွာတို့ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။


ချူမူချင်းသည် ကုန်း၍ ဆိုဖာပေါ်က လူကို ပွေ့ချီလိုက်သည်။ 


"လုချင်းဟယ်?"


လုချင်းဟယ်သည် တစ်စုံတစ်ဦး သူမကို ခေါ်နေသည်ကို ဝေဝါးစွာ ကြားနေရသော်လည်း ပြန်လည်ဖြေကြားရန် အားအင်မရှိပေ။


ဟန့်တားဆေး တစ်လုံး ထိုးပေးလိုက်ပြီးနောက် အခန်းထဲရှိ ဖီရိုမုန်းနံ့များမှာ တဖြည်းဖြည်းလျော့နည်းသွားသည်။


လုချင်းဟယ်အသိစိတ်များ အနည်းငယ်ပြန်ဝင်လာပြီး သူမဘေးက လူနှစ်ဦးကို မြင်သောအခါ မျက်တောင်ခတ်၍ ခက်ခဲစွာ ပြောလိုက်သည်။


"ငါ... ငါ တမင်လုပ်တာ မဟုတ်ပါဘူး" လုချင်းဟယ် လည်ချောင်းမှာ ခြောက်ကပ်ပြီး နာကျင်နေသည်။


လုချင်းဟယ်မှာ ချွေးများ စိုရွှဲနေပြီး ဆံပင်ရှည်များမှာလည်း ကပ်နေကာ မျက်နှာမှာ ဖြူဖျော့လျက် အလှအပများ ပျက်စီးနေရသည်။


စူးဝမ်ချင်းက မေးမြန်းလိုက်သည်။ 


"သက်သာသွားပြီလား?"


လုချင်းဟယ်က ခေါင်းငြိမ့်ပြလိုက်သည်။ ထိုစဉ်မှာပင် အခန်းအပြင်ဘက်မှ ခြေသံများနှင့် အမျိုးသား၊ အမျိုးသမီးများ၏ အသံများကို ကြားလိုက်ရသည်။


လွန်ခဲ့သော ဆယ်မိနစ်က ချန်ရှင်းယွဲ့ ထွက်ခွာသွားပြီးနောက် အားလုံးမှာ ထိတ်လန့်သွားကြပြီး မနာလိုသည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အားလုံး ပါးစပ်ပိတ်သွားကြသည်။


ပွဲလမ်းသဘင်များသည် မိတ်ဆွေဖွဲ့ရန် နေရာဖြစ်ပြီး သူတို့ လာရောက်ကြခြင်းမှာလည်း အလုပ်အတွက်သာ။


အလုပ်အကြောင်း ပြောပြီးသောအခါ ကျန်ရှိသည်မှာ အတင်းအဖျင်းများသာ ဖြစ်သည်။ ဘယ်အိတ်သစ်က ဘယ်လိုလဲ၊ ဘယ် Omega က ဘယ် Alpha နဲ့တွဲနေလဲ၊ ဘယ် Alpha က ဘယ်သူ့ကို ဖောက်ပြန်နေလဲ စသည်ဖြင့်ပေါ့။


ဘယ်သူက စပြောလိုက်သည် မသိသော်လည်း အပေါ်ထပ်တွင် heat ရောက်နေသော Omega တစ်ဦးရှိကြောင်း သတင်းပြန့်သွားသည်။


တတိယထ ပထမဆုံး အခန်းများကို ဧည့်သည်များ အနားယူရန် အသုံးပြုခြင်းဖြစ်ပြီး အခန်းပေါင်း တစ်ဆယ်ခန့် ရှိကာ အိမ်ရှင်ကို နှုတ်ဆက်ပြီး တက်ကြည့်၍ ရသည်။


သူတို့သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း လုချင်းဟယ်ကို မမြင်ကြပေ။ လူအုပ်ထဲမှ တစ်ယောက်က "လုချင်းဟယ်က အရင်တက်သွားတာ မဟုတ်ဘူးလား?" 


ထိုစကား ထွက်လာသည်နှင့် လူတိုင်းမှာ အပျော်ကြည့်ရန် အခွင့်အရေးကို လက်မလွှတ်ချင်ကြဘဲ ဂါဝန်များကို မကာ ဖြည်းဖြည်းချင်း တက်လာကြပြီး ရယ်ရယ်မောမောနှင့် တတိယထပ်သို့ ရောက်ရှိလာကြသည်။


တတိယထပ်သို့ ရောက်သည်နှင့် ဖီရိုမုန်းနံ့များမှာ အလွန်ပြင်းထန်လှသဖြင့် လူတိုင်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွား ကြသည်။


ပုံမှန်ဆိုလျှင် လူတိုင်းမှာ သခင်မလေးများ ဖြစ်ကြသဖြင့် ဤကဲ့သို့သော အတင်းအဖျင်းများကို လူကိုယ်တိုင် မတွေ့ရတတ်သလို အခွင့်အရေးကိုလည်း လက်မလွှတ်ချင်ကြပေ။


တခြားလူ၏နယ်မြေမှာ အတင်းပြောရခြင်းမှာ ၎င်းတို့ကြောင့်ပင်။


ခြေသံများမှာ ပိုမိုမြန်ဆန်လာပြီး လူတစ်ဒါဇင်ကျော်မှာ လုချင်းဟယ်တို့ ရှိနေသည့် အခန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။


ချူမူချင်းသည် ထိုအသံကို ကြားလိုက်ရသဖြင့် အမြန်မေးလိုက်သည်။ 


"လူပုန်းလို့ရမယ့် နေရာ ရှိလား?"


လုချင်းဟယ်သည် အိပ်ခန်းဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ 


"အထဲမှာ ပစ္စည်းထားတဲ့ အခန်းငယ်လေး ရှိတယ်"


ချူမူချင်းသည် စကားမဆိုဘဲ လုချင်းဟယ်ကို ပွေ့ချီ၍အိပ်ခန်းထဲသို့ သွားကာ ဗီဒိုကို ဖွင့်လိုက်သည်။ အတွင်း၌ ၁၀ စတုရန်းမီတာခန့် ရှိသော သိုလှောင်ခန်းငယ်လေး ရှိနေပြီး လုချင်းဟယ်ကို ထိုနေရာတွင် ထိုင်ခိုင်းလိုက်သည်။


ချူမူချင်းသည် ဆိုဖာဆီသို့ ပြန်လာပြီး စူးဝမ်ချင်းမှာ ပစ္စည်းများကို သိမ်းဆည်းနေစဉ် အခန်းအပြင်ဘက်မှ အသံများမှာ ပို၍ ရှင်းလင်းလာသည်။


[ဒါ မကောင်းဘူး မဟုတ်လား?]


[လုချင်းဟယ်ရဲ့ ခွင့်ပြုချက် မရဘဲနဲ့?]


[တံခါးက ပွင့်နေတာပဲ၊ ပွင့်နေမှတော့ ငါတို့ အမှားမဟုတ်ဘူးလေ။]


စူးဝမ်ချင်းသည် နံရံဆီသို့ ဆွဲခေါ်ခံလိုက်ရပြီး ချူမူချင်း သူမ၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်ကာ ဖိထားလိုက်သည်။ ထို့နောက် ချူမူချင်းသည် သူမ ဂလင်းနားသို့တိုးကပ်ကာ အသာအယာကိုက်လိုက်သည်။


စူးဝမ်ချင်း ဆဲဆိုရန်ပြင်လိုက်စဉ်မှာပင် တံခါးဝမှ သက်ပြင်းချသံ တစ်သံထွက်ပေါ်လာသည်။


"ဝါး... ဒါက..."


လူများကို မြင်လိုက်ရသောအခါ အားလုံးမှာ တိတ်ဆိတ်သွားကြသည်။ ချန်ရှင်းယွဲ့၏ အဖြစ်အပျက်မှာ သူတို့ရှေ့တွင် ရှိနေသေးသည် မဟုတ်ပါလား။


ချူမူချင်းသည် တံခါးဝကိုတစ်ချက်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်၍ စိတ်မရှည်စွာဖြင့် တစ်ခွန်းတည်း ပြောလိုက်သည်။


"ထွက်သွား!"