Chapter-19
စစ်ရေးအကြံပေးပုဂ္ဂိုလ်ကြီး ချောင်ယီထန်၏သင်ပြပေးမှုတိုင်း လင်ချင်းဟယ်ကို လိုက်နိုင်ရန် အနာဂတ်ဗျူဟာများချထားသော်လည်း ထောင်ရှီးမှာ အလွန်ခေါင်းရှုပ်နေရဆဲဖြစ်၏။
အလွန်အေးတိအေးစက်နိုင်သော ပေါင်းသင်းဆက်ဆံရခဲကတ်သည့် လူတစ်ယောက်ကို လိုက်ရာတွင် စိတ်မြန်လက်မြန်ဖြင့် အချစ်စာစောင်များသွားမပေးသင့်ကြောင်း ချောင်ယီထန်က သူ့ကို သေချာမှာထားသည်။ မဟုတ်လျှင် ဆယ်ကြိမ်တွင် ရှစ်ကြိမ်က ရက်ရက်စက်စက် အငြင်းခံရနိုင်ပြီး သူနှင့် သုံးမီတာအတွင်းပင် ကပ်မရနိုင်တော့မည်မှာ သေချာသလောက်ရှိသည်။
အကယ်၍ သူသာ လင်ချင်းဟယ်ကို သဘောကျနေကြောင်း ဖွင့်ပြောလိုက်ပါက လင်ချင်းဟယ်က သူ့ကို ဝမ်းဟွာ အ.ထ.က (၁) ကျောင်းတွင် ကိုယ်ပျောက်လူသားတစ်ယောက်ပမာ ဆက်ဆံပေလိမ့်မည်။
သူ ကြက်သီးတဖြန်းဖြန်းပင် မထဘဲမနေနိုင်တော့။
ချောင်ယီထန်က ပြောခဲ့သည်မှာ ရေခဲတုံးလိုလူကိုလိုက်ရန်ဟူသည် ထိုလူအား တဖြည်းဖြည်း အရည်ပျော်လာအောင် အပူချိန်မှန်မှန်လေးပေးရမည်ဟူ၍ပင်။ နေ့တိုင်း သူ့မျက်စိရှေ့တွင် မြင်သာအောင် နေပြရမည်ဖြစ်ပြီး သူ့ကို နေ့စဉ်နေ့တိုင်း မသိမသာလေး ဂရုစိုက်ပေးရမည်။
အချိန်ကြာလာသည်နှင့်အမျှ ရေခဲတုံးလည်း တဖြည်းဖြည်း အရည်ပျော်လာပြီး ပုံမှန်ဘဝနှင့် အသားမကျတော့သည့်အခါ ဤချစ်ခြင်းမေတ္တာများကို လက်ခံယုံကြည်လာလိမ့်မည်။
သို့သော် ချောင်ယီထန်မှာ သူ့အတွက် နည်းလမ်းသာပေးထားခဲ့ခြင်းဖြစ်ပြီး လက်တွေ့အသုံးချရန်မှာမူ သူ့အတွက် ခက်ခဲလှသည်။
လင်ချင်းဟယ်အတွက် နေ့စဉ်နေ့တိုင်း နွားနို့တစ်ခွက် သို့မဟုတ် မစ်တီးတစ်ခွက် ဝယ်တိုက်ရန်လည်း သူ့တွင် ပိုက်ဆံမရှိသည့်အပြင် လင်ချင်းဟယ်ကလည်း သေချာပေါက် ကြိုက်နှစ်သက်လိမ့်မည်မဟုတ်ချေ။
ကာယအတန်းချိန်တွင် ထောင်ရှီးက စာလုပ်ရန်ခုံရှာနေစဉ် မိန်းကလေးအချို့၏ အာလာပသလ္လာပစကားများကို မရည်ရွယ်ဘဲ ကြားလိုက်ရသည်။
“ငါ့ကောင်လေးကလား…။ သူက ညတိုင်း အိပ်ရာမဝင်ခင် ငါ့ဆီကို WeChat ကနေ အသံမက်ဆေ့ချ်တစ်စောင် အမြဲပို့ပေးတယ်…”
“ ဟဲ့…ငါမှန်းကြည့်မယ်၊ ဘေဘီမရှိရင်မဖြစ်ဘူး..ဘေဘီကို ပိုပိုပြီး ချစ်နေမိပြီ ဆိုတာတွေမလား….”
“ အဲ့လောက်ကြီးတော့ အဖြစ်သည်းမနေပါဘူးဟယ်…ငါ့ကောင်လေးက ညတိုင်း အိပ်ယာဝင်ပုံပြင်တွေ ဖတ်ပြတာမျိုးပါ၊ သိပြီလား…”
“ဟယ်…တစ်ထောင့်တစ်ညပုံပြင်တွေပေါ့… နင့်ကောင်လေးက အရမ်းဂရုစိုက်တတ်သားပဲ…”
ထောင်ရှီးက တိတ်တိတ်ဆိတ်ဆိတ်ပင် ဖြတ်သွားလေသည်။
ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မတိုင်မီ ခဏအနားယူချိန်၌ ပိချန်ဖေးက ဘတ်စကတ်ဘောကစားပြီး၍ စာသင်ခန်းထဲသို့ ချွေးတလုံးလုံးနှင့် ဝင်လာသည်။ သူက ပါးစပ်နှင့်အပြည့် ရေခဲရေ တစ်ငုံခန့်၊ နှစ်ငုံခန့်မော့သောက်လိုက်သည်။ ထိုစဉ် စာရေးခုံပေါ်မှောက်လျက် စာရေးလိုက်၊ ပုံဆွဲလိုက်လုပ်နေသော ထောင်ရှီးထံသို့ အကြည့်ရောက်သွားသည်။ ထောင်ရှီးက တစ်ခုခုဝှက်ထားလိုသည့်အလား လက်နှစ်ဖက်ကို လုံနေအောင် ဖုံးထားသည်။
ပိချန်ဖေးက တိတ်တဆိတ် ချဉ်းကပ်လာပြီး ခေါင်းတစ်ချက် ဟန့်လိုက်၏။ သူ့အသံမှာ အတန်းဒါရိုက်တာနှင့်ပင် သိပ်မကွာခြားလှ။ ထောင်ရှီးမှာ လန့်သွားရပြီး ကိုင်ထားသည့်ဖောင်တိန်နှင့် ခြစ်ရာကြီး ခြစ်မိသွားတော့မတတ်ပင်။ သူက စားပွဲပေါ်မှ စာရွက်ကိုမှောက်လိုက်ပြီး ခေါင်းထောင်လာကာ ပိချန်ဖေးအား စူးစူးရဲရဲစိုက်ကြည့်ရင်း ဆဲရေးလိုက်သည်။
“ မင်းရူးနေတာလား…”
ပိချန်းဖေးက စိတ်မဆိုးပေ။ ထောင်ရှီးမှာ စရောက်စဉ်ကထက် အနည်းငယ် ပို၍ ဒေါသကြီးကာ ဇွတ်တရွတ်နိုင်လာသည်ဟု သူ ခံစားမိသည်။ သူက လက်ကိုနောက်ပစ်လျက် အလွန်လေးနက်သော စကားတစ်ခွန်းကို ဆိုလိုက်သည်။
“ ဒီမှာ အတန်းဖော်လေး…မင်း ဘာတွေ တိတ်တိတ်ကလေးခိုးပြီးရေးနေတာလဲ…။ ဘယ်ကောင်မလေးကို ရည်းစားစာပေးမလို့လဲ…ငါ့ကို ပြကြည့်…”
ထောင်ရှီး ရည်းစာစာ ရေးနေသည်ဟု သူ တကယ်မထင်မိပေ၊ နောက်ပြောင်၍သာ ပြောလိုက်ခြင်းဖြစ်၏။ သို့သော် နောက်ဖေးတံခါးမှဝင်လာသော လင်ချင်းဟယ်က သူ့ကိုစိုက်ကြည့်နေသည်ကို မြင်သောအခါ အသံများ တိခနဲရပ်တန့်သွားရတော့သည်။
မတိုင်ခင်က အင်မတန် ပူအိုက်နေသော ပိချန်ဖေးမှာ ချက်ချင်းကြီး ရေခဲစိမ် စပရိုက်သောက်လိုက်ရသည့်အလား အေးစက်သွားသလို ခံစားလိုက်ရသည်။
ထောင်ရှီးက လင်ချင်းဟယ် ဝင်လာသည်ကို မြင်သောအခါ မှောက်ထားသည့် စာရွက်လေးကို အံဆွဲထဲသို့ ဆွဲထည့်လိုက်သည်။ လင်ချင်းဟယ်၏ လက်ထဲတွင်မူ စာရွက်များ တစ်ထပ်လိုက်ကြီး သယ်လာလေသည်။ ထောင်ရှီး ခေါင်းကိုလက်တစ်ဖက်ဖြင့် ထောက်ရင်း ကျန်တစ်ဖက်က အံဆွဲကိုကာထားကာ မလုံမလဲပြုံးလျက် မေးလိုက်သည်။
“ ဒီလောက်မေးခွန်းလွှာတွေ အများကြီးကို မင်း လေ့ကျင့်မလို့လား…”
သို့သော် နောက်တစ်စက္ကန့်အကြာတွင် ထိုမေးခွန်းလွှာစာရွက်များမှာ သူ့စားပွဲပေါ်သို့ ပစ်တင်ခြင်းခံလိုက်ရပြီးနောက် လင်ချင်းဟယ်က အေးအေးလူလူပင် ပြောလာသည်။
“လမကုန်ခင် ဒါတွေ ပြီးအောင် လုပ်ထားလိုက်…”
ထောင်ရှီးမှာ ဘာသာစုံ မေးခွန်းလွှာစာရွက်အထပ်လိုက်ကြီးကို တုန်လှုပ်ခြောက်ခြားစွာကြည့်ရင်း သေချင်စိတ်ပေါက်သွားသည်။
“ ငါ့ကို ဘယ်သူပေးတာလဲ…”
သူ မျက်လုံးများပြူးကျယ်သွားလျက် လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။
“မင်းရဲ့ အတန်းပိုင်ဆရာ…” လင်ချင်းဟယ်က ထောင်ရှီး၏ အံဆွဲကိုတစ်ချက် လှမ်းကြည့်လိုက်ပြီး အေးတိအေးစက်ပင် ပြန်ဖြေလာသည်။
သနားစဖွယ် လူသားလေးတစ်ယောက်၏အဖြစ်ကို မြင်တွေ့လိုက်ရသော ပိချန်ဖေးက မေးစေ့ကို လက်ဖြင့်ပွတ်ရင်း အံ့ဩတကြီးမေးလာသည်။
“ အန်တီကျိုးက ဘယ်တုန်းက ဒီလောက်ရက်စက်တတ်သွားတာလဲ…ရှီးကောကို ဒီလောက်များတဲ့မေးခွန်းလွှာတွေ တစ်ပတ်အတွင်း အပြီးလုပ်ခိုင်းတာက အလှလေးကို ရက်စက်တာပဲ မဟုတ်ဘူးလား…”
အကျိုးဆက်အနေဖြင့် လင်ချင်းဟယ်က သူ့ကို အေးစက်စွာ လှည့်ကြည့်လာပြန်သောကြောင့် ပိချန်ဖေးမှာ စိတ်ထဲ၌ ညည်းတွားမိသွားပြီး ပါးစပ်ပိတ်ထားလိုက်တော့သည်။
ထောင်ရှီးမှာမူ သေလုမျောပါးဖြစ်နေရဆဲပင်။
“ ဒီလောက်များတဲ့ မေးခွန်းလွှာတွေဖြေဖို့ ငါ့မှာဘယ်လိုလုပ်အချိန်ရှိမှာလဲ….”
လင်ချင်းဟယ်ထံမှ ထောက်ထားသက်ညှာမှုကို ရရှိရန်အလို့ငှာ သူ့ခေါင်းလေးကိုစောင်းလျက် မျက်လွှာလေးချကာ လင်ချင်းဟယ်အား သနားချင့်စဖွယ်ကြည့်လိုက်သည်။ သို့ပင်တစေ လင်ချင်းဟယ်က မျက်လွှာပင် ပင့်မလာဘဲ ကရုဏာကင်းမဲ့စွာ ပြောလိုက်လေသည်။
“ ငါ့အထင် မင်းအတော်အားနေတာပဲမလား…”
“ ငါကအရမ်း အလုပ်များတယ်၊ ဟုတ်ပြီလား…” ထောင်ရှီးက သူ့ကို ခွန်းတုံ့ပြန်ပြောလိုက်သည်။
သို့သော် ပြန်လည်ချေပမှုက အကျုံးမဝင်ခဲ့ပေ။ ထောင်ရှီးမှာ ထိုစာရွက်များကို အောင့်သက်သက်နှင့် လက်ခံလိုက်ရပြီး စိတ်ထဲတွင်မူ ကျိုးချန်ကို အကြိမ်တစ်ရာမက ကျိန်ဆဲနေလိုက်သည်။
တစ်ချိန်တည်းမှာပင် ရုံးခန်းထဲ၌ ကျိုးချန်က လက်ဖက်ရည် ထိုင်သောက်နေသည်။ သူက ခြေချိတ်ထိုင်ရင်း အတန်းချင်းကပ်လျက်မှ တန်းခွဲ (၂) ၏အတန်းပိုင်ဆရာ လောင်လျိုရွှင့်က အိမ်စာမလုပ်သော သူ့ကျောင်းသားများအား ဆူပူကြိမ်းမောင်းနေသည်ကို နားထောင်နေသည်။ ကျိုးချန်မှာ နှာတစ်ချက်ရှုံ့ကာ ထိုကောင်လေးများကို အေးအေးလူလူပြောလိုက်သည်။
“ အဆင့်ပထမရတဲ့ လင်ချင်းဟယ်တောင် စာကိုကြိုးစားပမ်းစားလုပ်နေတယ်ဆိုတာ သိကြလား…။ လေ့ကျင့်ဖို့ဆိုပြီး ဆရာတွေဆီက ဘာသာစုံမေးခွန်းတွေကို အခုလေးတင် တောင်းသွားလေရဲ့။ မင်းတို့က ဒီအိမ်စာလေးလုပ်ဖို့တောင် အချိန်ဆွဲနေကြတယ်…မရှက်ကြဘူးလား….”
ထိုကောင်လေးများ၏ မျက်နှာမှာ ဇီးရွက်လောက်သာကျန်တော့သည်။
ထောင်ရှီးက မေးခွန်းများကို လေ့ကျင့်ရမည့် သူ့ကံကြမ္မာကို လက်ခံလိုက်ပြီးနောက် ဘေးမှ လင်ချင်းဟယ်ကို ခိုးကြည့်ရန်ပင် စိတ်မဝင်စားအားတော့ပေ။ နောက်ဆုံးတွင် ရူပဗေဒမေးခွန်းအစုံကို ဖြေပြီးသွားသည်။ လင်ချင်းဟယ် အတန်းထဲမှ ထွက်သွားသောအခါ သူက အံဆွဲထဲမှစာရွက်များကို အမြန်ဆွဲထုတ်လိုက်ပြီး ခေါင်းတငုံ့ငုံ့ဖြင့် ပုံဆွဲလိုက်သည်။
လင်ချင်းဟယ် အခန်းထဲသို့ ပြန်ဝင်လာသည်နှင့် သူက ၎င်းကို စာရွက်တစ်ရွက်ဖြင့် ကာလိုက်ပြီး လင်ချင်းဟယ်ကို ဂျယ်ဘောပင်ဖြင့် လှမ်းပုတ်လိုက်သည်။ ပြီးနောက် သူ မတိုင်မီကမှ ဖြေပြီးသွားသည့် ရူပဗေဒမေးခွန်းစာရွက်ကို ထုတ်လိုက်ပြီး မေးခွန်းတစ်ပုဒ်ကို ထိုးပြလိုက်သည်။
“ ထုန်ကျိုး….ဒီမေးခွန်းကို ဘယ်လိုတွက်ရမလဲ ငါ့ကိုရှင်းပြပေးပါလား…”
[ 同桌/ထုန်ကျိုး = ထိုင်ခုံဖော် ]
ကျိုးချန်ပေးသော မေးခွန်းအစုံများက အလွန်ခက်သောကြောင့် ထောင်ရှီးမှာ မေးခွန်းအများစုကို မဖြေနိုင်ပေ။
“ မတွက်တတ်ဘူး…” လင်ချင်းဟယ်ကို လှည့်ပင်မကြည့်ဘဲ အေးစက်စွာ ပြန်ဖြေလာသည်။
ထောင်ရှီးမှာ အံ့အားသင့်သွားတော့၏။ အကယ်၍ အခြားသူများက မတွက်တတ်ဟု ပြောလျှင်ပင် ယုံကြည်နိုင်သေးသည်။ သို့သော် လင်ချင်းဟယ်က မတွက်တတ်ဘူးဟု ပြောခြင်းမှာမူ သူ့ကို လိမ်ညာနေခြင်းသာဖြစ်ရမည်။
ဘယ်အရာကများ လင်ချင်းဟယ်ကို ဒေါသထွက်အောင် လုပ်လိုက်ပြန်တာပါလိမ့်…
ထောင်ရှီး နားမလည်နိုင်အောင် ဖြစ်ရသည်။
နောက်တစ်နေ့ ညပိုင်းကိုယ်ပိုင်စာကြည့်ချိန် ရောက်သည်အထိ ထောင်ရှီးမှာ လင်ချင်းဟယ် စကားပြောလာအောင် မလုပ်နိုင်ခဲ့ပေ။ လင်ချင်းဟယ်က အတော်ဒေါသထွက်နေပုံရသည် ထင်၏။
…………
ယန်သောလဲ့က အဖေဖြစ်သူ ယန်ကျန်းမင်ကို မျက်နှာချင်းမဆိုင်ချင်သောကြောင့် လင်ချင်းဟယ်၏ အိမ်တွင်သာ တစ်လကြာခန့် နေထိုင်ခဲ့သည်။ သူ့အတွက် လင်မိသားစု၏အိမ်မှာ ဒုတိယအိမ်ကဲ့သို့ပင်ဖြစ်နေသောကြောင့် အဘိုးအဘွားများ၏အိမ်ထက်ပင် ပို၍လွတ်လွတ်လပ်လပ်ရှိသည်။
သူက သစ်သီးစားရင်း အိမ်စာလုပ်နေခြင်းဖြစ်သည်။ သူ မှတ်စုများကို ရှာကြည့်လိုက်သောအခါမှ သူ့အင်္ဂလိပ်လေ့ကျင့်ခန်းစာအုပ်ကို ကျောင်းတွင် မေ့ကျန်နေခဲ့မှန်း သတိရသည်။ သို့နှင့် သူ လုပ်လက်စ အိမ်စာများကိုယူ၍ ထရပ်လိုက်ကာ မေးခွန်းများအကြောင်းမေးရန် လင်ချင်းဟယ်၏ အခန်းကိုထွက်လာခဲ့သည်။
ယန်သောလဲ့က လက်မြှောက်၍ အခန်းတံခါးကို ခေါက်လိုက်သည်။ လင်ချင်းဟယ်၏ ကိုယ်ရေးကိုယ်တာနေရာကို သူ အလွန်သတိထားသည်။ သူသာ အခန်းတံခါးမခေါက်မိဘဲ ဒီတိုင်း ဝင်သွားမိပါက လင်ချင်းဟယ် သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။
“ ဝင်ခဲ့…”
ယန်သောလဲ့လည်း အခန်းတံခါးကို ဖွင့်၍ အထဲသို့ ဝင်သွားသည်။ လင်ချင်းဟယ်က အိမ်စာမလုပ်နေ၊ ကျောင်းမှာတည်းက လုပ်၍ပြီးစီးသွားခြင်းဖြစ်မည်။ သူက ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး အင်္ဂလိပ်ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေ၏။
“ချင်းဟယ်ကော… အင်္ဂလိပ်လေ့ကျင့်ခန်းစာအုပ် ငှားဦး…”
“အိတ်ထဲမှာ ရှိတယ်… မင်းဟာမင်း ယူလိုက်…” လင်ချင်းဟယ်က မော့၍ပင် ကြည့်မလာပေ။
ယန်သောလဲ့က လင်ချင်းဟယ်၏ လွယ်အိတ်ကို ဖွင့်လိုက်ပြီး လေ့ကျင့်ခန်းစာအုပ်ကို ထုတ်လိုက်သည့်အခါ ခေါက်လျက်သား စာရွက်လေးတစ်ရွက်ကို တွေ့လိုက်ရသည်။ သူ စပ်စုချင်စိတ်ဖြင့် ထိုစာရွက်ကို ဖွင့်ကြည့်လိုက်သောအခါ အကွက် ၄ ကွက်နှင့် ကာတွန်းပုံလေးတစ်ပုံကို မြင်လိုက်ရသည်။
“ဒီကာတွန်းကို ဘယ်သူ ဆွဲပေးတာလဲ…”
ယန်သောလဲ့က ကာတွန်းပုံကို ကြည့်ရင်း မေးလိုက်သည်။
သူသေချာပင်မကြည့်ရသေးခင် လင်ချင်းဟယ်က ရုတ်တရက် ထလာကာ စာရွက်ကို ဆတ်ခနဲ ဆွဲလုသွားသည်။ လင်ချင်းဟယ်က ခေါင်းငုံ့ကာ စာရွက်ကိုတစ်ချက်ကြည့်ပြီးနောက် ပြန်ခေါက်ထားလိုက်သည်။ သူ့အမူအရာကမူ လုံးဝပြောင်းလဲသွားခြင်းမရှိပါချေ။
ကျောင်းမှ မိန်းကလေး အများစုက လင်ချင်းဟယ်ကို သဘောကျနေကြကြောင်း ယန်သောလဲ့ သိထားသဖြင့် ရယ်ရယ်မောမောပင် ပြောလိုက်သည်။
“ ကောင်မလေးတစ်ယောက်က မင်းအိတ်ထဲကို ထည့်လိုက်ပြန်တာထင်တယ်။ ငါ မင်းအစား လွှင့်ပစ်ပေးရမလား…”
အမှန်တကယ်တွင် သူ ကိုယ်တိုင်လည်း အတွင်း၌ ဘာဆွဲထားသည်ကို နည်းနည်းပါးပါး သိချင်နေသည်။
“ မလိုဘူး…”
လင်ချင်းဟယ်က ခေါင်းငုံ့ကာ ထိုစာရွက်ကို ဖတ်လက်စ အင်္ဂလိပ်ဝတ္ထုစာအုပ်ကြားထဲ ညှပ်ထားလိုက်ပြီး စားပွဲထောင့်တွင် တင်ထားလိုက်သည်။
ယန်သောလဲ့ကလည်း အတင်းအကြပ် မတောင်းဆိုပေ။ သူက ယူလာသည့် အိမ်စာစာအုပ်ကို စားပွဲပေါ်တင်ကာ ဖွင့်လိုက်ပြီး ပြောလိုက်သည်။
“ ချင်းဟယ်ကော၊ ငါ့ကို ရှင်းပြပေးပါဦး…”
လင်းချင်းဟယ်က မျက်မှောင်မသိမသာကြုတ်သွားကာ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေလိုက်၏။
“ ကောင်းပြီ…”
ယန်သောလဲ့က ထုံးစံအတိုင်း ကုလားထိုင်ကို ရွှေ့လိုက်ပြီးနောက် လင်ချင်းဟယ်၏ ဘေးတွင် ဝင်ထိုင်ကာ ရှင်းပြပေးလာသည်များကို နားထောင်နေသည်။ သို့သော် ခဏအကြာတွင် လင်ချင်းဟယ် အနည်းငယ် အာရုံပျံ့လွင့်နေပုံရကြောင်း သတိထားမိလာသည်။ သူက တွက်ချက်မှုအဆင့်ကို စဉ်းစားနေသည့်အခိုက်တွင် လင်ချင်းဟယ်က အင်္ဂလိပ်ဝတ္ထုစာအုပ်ကို မကြာမကြာ လှမ်းလှမ်းကြည့်နေသည်။
ယန်သောလဲ့၏ မှတ်ဉာဏ်ထဲတွင် လင်ချင်းဟယ်က အရာတစ်ခုတည်းအပေါ်ကို ဘယ်တော့မှ စွဲလမ်းနှစ်သက်လေ့မရှိပေ။ သူတို့ငယ်ငယ်က မကြာခဏ ကာတွန်းကားများ ကြည့်ခဲ့ဖူးသည်။ တစ်ခါတစ်ရံ အလွန်မှင်သက်အံ့ဩဖွယ် ဇာတ်ဝင်ခန်းများကြည့်နေစဉ်တွင် လော်ကျန်းယင်းက ထမင်းစားဖို့ခေါ်ပါက လင်ချင်းဟယ်က အမြဲတစေ မြန်မြန်ဆန်ဆန်ထသွားကာ ယန်သောလဲ့ကသာ အမြဲတမ်း နှေးဖင့်ပြီးမှသာ ထလာတတ်သည်။
ထိုဝတ္ထုစာအုပ်မှာ အင်မတန်စိတ်ဝင်စရာကောင်းပုံရမည်။ မဟုတ်လျှင် လင်ချင်းဟယ်က သူ့ကိုစာပြပေးနေရင်းတောင် ဘာကိစ္စ စာအုပ်ဆီ စိတ်ရောက်နေမည်လဲ…
စာပြခြင်းပြီးစီးသွားသောအခါ ယန်သောလဲ့က ပါးနပ်စွာပင် ထွက်သွားပေးသည်။ မထွက်သွားခင် တွေးတွေးဆဆနှင့် ပြောခဲ့သေးသည်။
“ ချင်းဟယ်ကော ၊ အရမ်းနောက်ကျတဲ့အထိ ဝတ္ထုတွေ ဖတ်မနေနဲ့ဦး မျက်လုံးထိခိုက်လိမ့်မယ်…”
လင်ချင်းဟယ်က “အင်း” ဟုသာ ပြန်ပြောလိုက်ပြီး ယန်သောလဲ့ ထွက်သွားသည်နှင့် အခန်းတံခါးကို ပိတ်လိုက်သည်။
ထို့နောက် ထိုင်ခုံဆီ ပြန်လာကာ ထိုင်ချလိုက်၏။ ပြီးသော် အင်္ဂလိပ်ဝတ္ထုစာအုပ်ကိုဖွင့်၍ ခေါက်ထားသည့် စာရွက်လေးကို ဂရုတစိုက်ဖွင့်လိုက်သည်။
စာရွက်ပေါ်တွင် မှင်အနက်ရောင်ဖြင့် သပ်သပ်ရပ်ရပ်ဆွဲထားသော ရိုးရှင်းသည့် အကွက်လေးကွက်ပုံ ရုပ်ပြပုံလေးဖြစ်သည်။ စာရွက်၏အပေါ်ဘက် ဘယ်ဘက်ထောင့်တွင် အပိုင်း (၁) ဟု ရေးထားခြင်းကြောင့် ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။
ရုပ်ပြပုံမှာ လမင်းနှင့် ဥက္ကာခဲလေးတို့အကြား စကားဝိုင်းလေး တစ်ခုဖြစ်၏။
လမင်းက အလင်းရောင်များ ခြံရံလျက် ထွန်းလင်းတောက်ပနေပြီး ဥက္ကာခဲလေးမှာမူ ကွဲအက်ပြီး အရွယ်အစား သေးငယ်သည့်အပြင် အရောင်အဆင်းလည်း ထိုင်းမှိုင်းနေသည်။
လမင်း - “မင်းက ကြယ်လား…”
ဥက္ကာခဲ - “ ငါက ဥက္ကာခဲသေးသေးလေးတစ်ခုပါ… ဒါပေမဲ့ တစ်နေ့ကျရင်တော့ တောက်ပလာမယ့် ကြယ်လေးတစ်ပွင့် ဖြစ်လာမှာ…”
လမင်း - “မင်းက ဘာလို့ ကြယ်ဖြစ်ချင်တာလဲ…”
ဥက္ကာခဲ - “ ဘာလို့လဲဆိုတော့ စကြဝဠာထဲမှာ နေမင်းကြီးလိုပဲ မင်းကို အလင်းရောင်ပေးချင်လို့လေ…”
ကာတွန်းရုပ်ပြ၏ ညာဘက်အောက်ထောင့်ရှိ လက်မှတ်တွင်မူ ရှောင်ထောင်ရုပ်ပြကလပ် ဟူ၍ပင်တည့်။
______________
စာရေးသူတွင်ပြောစရာစကားရှိ၏၊
ရှောင်ထောင်ရုပ်ပြကလပ်ကတော့ တံခါးလေးတွေကို ဖွင့်လှစ်လိုက်ပါပြီ။