အပိုင်း ၂၀
Viewers 8k

Chapter-20


 


မနက်ခင်းစောစောတွင် ရှောင်ထောင်ကာတွန်းကလပ်၏ဥက္ကဋ္ဌမှာ အတန်းကိုအချိန်ကိုက်မှသာ လာတတ်သည့် တစ်ဦးတည်းသော စာဖတ်သူလေးနှင့် ထင်မြင်ချက်ချင်း ဖလှယ်ရန်အတွက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။ အကြင်စာဖတ်သူသည် မျက်နှာထားအေးတိအေးစက်နှင့် စာသင်ခန်းထဲသို့ ဝင်လာပြီး ထိုင်ခုံကိုဆွဲထုတ်ကာ ထိုင်ချရင်း နားကြပ်ကောက်တပ်လျက် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ လုပ်ဆောင်ချက် တစ်ခုလုံးကို ဒီအင်န်အေတွင် ရေးထိုးထားသည့်အလား တသွေမတိမ်းဘဲ တစိုက်စိုက်မတ်မတ် လုပ်သွားခဲ့သည်။ 


 


ထောင်ရှီးမှာ အချိန်အတော်ကြာအောင် လွန်ဆွဲနေမိပြီးနောက် မနေနိုင်စွာ ခန္ဓာကိုယ်ကိုအရှေ့သို့ ညွှတ်လိုက်သည်။ ထို့နောက် လက်ညှိုးနှစ်ချောင်းဖြင့် လေးထောင့်ကွက်ပုံစံလေးလုပ်ပြလိုက်ကာ သိုသိုဝှက်ဝှက် မေးလိုက်သည်။ 


 


“ ဘယ်လိုနေလဲ…”


 


သူ့လေသံမှာ သန်းခေါင်ယံည၏ လူဆိုးဂိုဏ်းမှ လူဆိုးလေးတစ်ယောက်အလားပင်။


 


လင်ချင်းဟယ်က နားကြပ်ကို ချွတ်လိုက်သည်။ သူ၏ရှည်လျားသော မျက်တောင်ရှည်များမှာ အောက်သို့ ငိုက်စိုက်ကျနေ၏။ သူက ထောင်ရှီး၏ လက်ချောင်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထောင်ရှီး၏ တဖျတ်ဖျတ်တောက်ပနေသည့်မျက်လုံးများကိုကြည့်ကာ အရေးမစိုက်သောလေသံဖြင့် ပြောလိုက်သည်။ 


 


“ဘာကိုပြောတာလဲ…”


 


ထောင်ရှီး၏ လက်ချောင်းလေးများမှာ တစ်ဒင်္ဂမျှရပ်သွားသည်။ မနေ့က သူ ကျောင်းလွယ်အိတ်ထဲ တိတ်တိတ်ကလေး ထည့်ပေးလိုက်သည့် ကာတွန်းပုံလေးကို လင်ချင်းဟယ်က အိမ်ရောက်သည်အထိ ဖွင့်မကြည့်မိသေးတာများလား….


 


အိတ်ကိုလုံးဝဖွင့်မကြည့်ရသေးတာလား…


 


သူ ပျာယာခတ်သွားပြီး ထိုင်ခုံနောက်ရှိ လင်ချင်းဟယ်၏လွယ်အိတ်ကို ငုံ့ကြည့်လိုက်သည်။ ကြည့်လေကြည့်လေ သူ့ခမျာ ပို၍ပင် ပျာယာခတ်လာရတော့သည်။ အိတ်ကိုလုယက်ယူလိုက်သော်လည်း အိတ်ထဲ၌ မည်သည့်အဖိုးတန်ပစ္စည်းမှ မရှိနေသည်ကို တွေ့လိုက်ရသည့် သူခိုးတစ်ယောက်အလားပင်။ 


 


“……”


 


လင်ချင်းဟယ်က မျက်မှောင်မသိမသာကြုတ်သွားပြီး တစ်ခုခုပြောမည်ပြုသော်လည်း သူ့အောက်နှုတ်ခမ်းကိုသာ ဖိပိတ်ထားလိုက်သည်။


 


“ဒီမှာ ဘာလို့မရှိတာလဲ…”


 


အိတ်ထဲတွင် ပစ္စည်းပစ္စယ များများစားစားမပါချေ။ ထောင်ရှီးမှာ အချိန်အတော်ကြာအောင် ရှာကြည့်သော်လည်း ကာတွန်းပုံ၏အရိပ်အယောင်ကိုပင် လုံးဝမတွေ့ရသောကြောင့် ကိုယ်လုပ်တော်တစ်ယောက်ပမာ ဝမ်းနည်းစိတ်များ ဝင်လာတော့သည်။


 


သူ အိတ်ထဲသို့ နောက်တစ်ကြိမ် ခေါင်းစိုက်ကာ ကျောင်းလွယ်အိတ်၏အောက်ခြေကို သေသေချာချာ ထပ်စစ်ကြည့်လိုက်သည်။ 


 


“ အပေါက်လည်း မရှိတဲ့ဟာကို...အာ...”


 


ထောင်ရှီးက စာအုပ်များထဲတွင်ပါညှပ်နေခြင်း ရှိ၊ မရှိ ထပ်စစ်ဆေးတော့မည်ပြုခိုက် ရယ်သံခပ်တိုးတိုးတစ်ခုကို ကြားလိုက်ရလေသည်။ သူ တစ်မုဟုတ်ချင်း ခေါင်းပြန်မော့ကာ လင်ချင်းဟယ်ကို ကြည့်လိုက်သည်။


 


ယခုအခါ သူခိုးလူမိသွားလေပြီ။ လင်ချင်းဟယ်က မျက်နှာထားကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြန်ထိန်းထားလိုက်ပြီး နှုတ်ခမ်းထောင့်ရှိ အပြုံးမှာလည်း မကြာခင် စက္ကန့်ပိုင်းအတွင်း ပျောက်ခြင်းမလှပျောက်ကွယ်သွားသည်။ 


 


ထောင်ရှီးက မျက်လုံးမှေးကြည့်လိုက်ပြီး ခိုင်မာသေချာစွာဆိုလိုက်သည်။ 


 


“ မင်း ငါ့ကိုလာစနေတာပဲ…”


 


လင်ချင်းဟယ်က ထောင်ရှီး၏လက်ထဲမှ လွယ်အိတ်ကို ပြန်ယူလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်ကာ ပြောသည်။


 


“ဟုတ်လား…”


 


ယနေ့ လင်ချင်းဟယ်ကို ကြည့်ရသည်မှာ စိတ်ခံစားချက်ကောင်းနေပုံရသဖြင့် ထောင်ရှီးလည်း ဤမျှလောက်လေးကို ဗွေယူမနေတော့ပေ။ သူ ကိုယ်ကိုယို့ကာ လင်ချင်းဟယ်ကို မော့ကြည့်လိုက်သောအခါ သူ့မျက်တောင်ကော့ကော့လေးများက တိုးဝင်လာသည့် မနက်ခင်း နေရောင်ခြည်အကူနှင့် ဝင်းလဲ့သွားသည်။ သူက အသံတိမ်တိမ်ဖြင့် မေးလိုက်သည်။ 


 


“ အဲ့ဒါက ဘယ်လိုနေလဲ…”


 


တစ်ချိန်တည်းမှာပင် သူ့အပြုအမူအတွက် အကြောင်းပြချက် တစ်ခုကိုလည်း ပြင်ဆင်ထားပြီးသားဖြစ်၏။


 


“ငါတို့ ပန်းချီကလပ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်တော့မှာမလို့၊ ငါ ကာတွန်းရုပ်ပြဘက်ကို ပြောင်းမလား စဉ်းစားထားတာ။ ဘယ်လိုသဘောရလဲ…”


 


အမှန်အတိုင်းပြောရလျှင် သူ့အနေနှင့် အနည်းငယ် စိတ်ပူမိသည်။ အကြောင်းမှာ သူ ပုံကောင်းကောင်းမဆွဲနိုင်မည်ကို စိုးရိမ်ခြင်းကြောင့်မဟုတ်ဘဲ လင်ချင်းဟယ် စိတ်ပျက်သွားမည်ကို စိုးရိမ်ခြင်းသာ ဖြစ်သည်။


 


ထို့ပြင် လင်ချင်းဟယ်က သူ့ကို အကျိုးမရှိသောအရာများနှင့် အချိန်ဖြုန်းနေသည်ဟု အမြဲလိုလို ပြောလေ့ရှိသည်။


 


လင်ချင်းဟယ်မှာမူ မနေ့ညက မဖတ်လိုက်ရသော အင်္ဂလိပ်ဝတ္ထုစာအုပ်ကို ဖတ်ရန် ခေါင်းငုံ့လိုက်သည်။ စာမျက်နှာ တစ်မျက်နှာကို လှန်လိုက်ပြီးနောက် “အဆင်ပြေပါတယ်” ဟု သာမန်ကာလျှံကာ မှတ်ချက်ပေးလိုက်သည်။ 


 


ထောင်ရှီးက စိတ်သက်ရာရစွာ သက်ပြင်းရှည်ကြီးချလိုက်သည်။ လင်ချင်းဟယ်က အနှုတ်သဘောဆောင်သည့် စကားမျိုးမပြောလာသောကြောင့် မဆိုးဘူးဟုပြောရမည်။


 


သူ စိတ်ကျေနပ်သွားသည်။ မနေ့ညက လင်ချင်းဟယ် သူ့ကိုပေးခဲ့သည့် မေးခွန်းလွှာများကို ထုတ်လိုက်ပြီး မေးခွန်းများကို ဆက်ဖြေနေလိုက်သည်။ တစ်ဝက်ခန့်ဖြေအပြီးတွင် သူ လင်ချင်းဟယ်၏ကျောင်းယူနီဖောင်းအင်္ကျီကို ဘောပင်ဖြင့် လှမ်းပုတ်လိုက်သည်။ 


 


“ငါ ဒီပုစ္ဆာကို မတွက်တတ်ဘူး…”


 


လင်ချင်းဟယ်က ယနေ့မနက် အလွန်ပင် စိတ်ကြည်နေပုံရသည်။ သူက ပုစ္ဆာဖြေရှင်းရမည့်ပုံစံကို အတိုချုံးရှင်းပြသည်။ ထို့နောက် ပြောလာ၏။ 


 


“မနေ့က ရူပဗေဒမေးခွန်းရော…”


 


ထောင်ရှီးမှာ ကြောင်အသွားသည်။ ထို့နောက်မှ မနေ့ညက သူ မတွက်တတ်သဖြင့်မေးသည့် မေးခွန်းကို ဆိုလိုခြင်းဖြစ်ကြောင်း သိသွားရသည်။ သူ ခေါင်းခါပြလိုက်ကာ ပြောလိုက်သည်။ 


 


“ကျေးဇူးပါပဲ… ဒါပေမဲ့ မလိုတော့ဘူး။ မနက်တုန်းက ဟွမ်းချင်က သူတွက်တတ်တယ်ဆိုတာနဲ့ ငါသူ့ကိုပဲ မေးကြည့်လိုက်တာ…”


 


ထို့နောက်တွင်မူ လင်ချင်းဟယ်၏ ရွှင်ပျနေသောမျက်နှာထားမှာ နှင်းမုန်တိုင်းတိုက်တော့မည့်နှယ် ထပ်မံအုံ့မှိုင်းသွားပြန်လေသည်။ 


 


လင်ချင်းဟယ်က အပြင်ပန်းကဲ့သို့ အဆင့်နေရာကို လျစ်လျူနိုင်မည့်သူ မဟုတ်လောက်ဟု ထောင်ရှီး တွက်ဆမိသည်။ ထို့ကြောင့် ဒုတိယအဆင့်ရသူနှင့် နက်ရှိုင်းသော ပြိုင်ဆိုင်မှုမျိုးရှိလောက်မည် မဟုတ်ပါလား…


 


သူက တစ်ခဏမျှ စဉ်းစားပြီးနောက် စာနာစိတ်ဖြင့် ပြောလိုက်သည်။


 


“ မင်းဆိုရင်လည်း အဲ့ဒီမေးခွန်းကို သေချာပေါက်ဖြေနိုင်မှာပါ…”


 


ထောင်ရှီးမှာ တောင်များကဲ့သို့ စုပုံနေသည့် မေးခွန်းပင်လယ်များကြားမှ ကာတွန်းရုပ်ပြဆွဲရန်အတွက် တစ်နေ့လျှင် အချိန်နည်းနည်းစီယူကာ တစ်ပတ်ကျော်ကြာသည်ထိ ရေးဆွဲ၍ လွယ်အိတ်ထဲ ထည့်ထည့်ပေးခဲ့သည်။ 


 


အစပိုင်းတွင် လွယ်ကူသယောင်ရှိသော်လည်း ပန်းချီနှင့်ပတ်သက်သည့် သူ့စိတ်ကူးများ တဖြည်းဖြည်းနည်းပါးလာသည့်အတွက် စာကြည့်တိုက်သို့ သွားကာ “နောက်ဆုံးထွက် ဟာသပုံပြင်များ” ဟူသော စာအုပ်ကိုသွားငှားခဲ့လေသည်။ သို့သော် သူ သတိမထားမိခဲ့သည်က ထိုစာအုပ်မှာ ၂၀၀၂ ခုနှစ်က ထုတ်ဝေခဲ့သောစာအုပ်ဖြစ်နေလေ၏။


 


တစ်ညတွင် ကျောင်းဆင်းပြီးသည့်အခါ ယန်သောလဲ့နှင့် လင်ချင်းဟယ်က အိမ်ပြန်ရန် လင်မိသားစု၏ ကားပေါ် တက်လိုက်ကြသည်။ ကားထဲဝင်ပြီး သိပ်မကြာလိုက်ခင် လင်ချင်းဟယ်က သူ့ကျောပိုးအိတ်ကို ဖွင့်၍ တစ်ခုခု ရှာနေသည်ကို ယန်သောလဲ့ တွေ့လိုက်ရသည်။


 


“ စာသင်ခန်းထဲမှာ တစ်ခုခုကျန်ခဲ့လို့လား…” ယန်သောလဲ့က မေးလိုက်၏။


 


“မဟုတ်ဘူး…”


 


ယန်သောလဲ့လည်း ထိုင်ခုံပေါ်မှီလိုက်ပြီး အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူ တစ်နေ့လုံး အနည်းငယ် ပင်ပန်းနေသောကြောင့် ကားပေါ်တွင် ခေတ္တမှေးရန် ကြံထားခြင်းဖြစ်၏။


 


သို့သော် အလွန်တိုးညှင်းသော ရယ်သံခပ်တိုးတိုးကို သူ ရုတ်တရက်ကြားလိုက်ရသည်။ ယန်သောလဲ့က မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ပြီး နံဘေးကိုကြည့်လိုက်ရာ ကားမီးရောင် မှိန်ဖျော့ဖျော့အောက်တွင် လင်ချင်းဟယ်၏ပုံမှန်အတိုင်း အေးတိအေးစက် မျက်နှာထားကို တွေ့လိုက်ရသည်။


 


ယန်သောလဲ့က သင်္ကာမကင်းစွာ မေးလိုက်၏။


 


“မင်း ဘာတွေ ရယ်နေတာလဲ…”


 


“ ဘာမှမဟုတ်ပါဘူး…”


 


ယန်သောလဲ့က “ ဪ”ဟုသာ ရေရွတ်လိုက်ပြီး မျက်လုံးမှိတ်ကာ ဆက်အိပ်နေလိုက်သည်။


 


လင်ချင်းဟယ်က လက်ထဲရှိ စာရွက်လေးကို ပြန်ဖြန့်ကြည့်လိုက်သည်။ ယနေ့ အကွက်လေးကွက်ကာတွန်း၏ အဓိကဇာတ်ဆောင်မှာ မက်မွန်သီးပုံသဏ္ဌာန် စေးကပ်ကပ် သကြားလုံးလေး ဖြစ်သည်။


 


ပထမဆုံးအကွက်တွင် သကြားလုံးလေးက လမ်းမပေါ်တွင် လမ်းလျှောက်နေသည်။ ဒုတိယအကွက်တွင်လည်း လမ်းလျှောက်နေပြီး တတိယနေ့တွင်လည်း လမ်းလျှောက်နေဆဲဖြစ်၏၊ စတုတ္ထအကွက်တွင်မူ သကြားလုံးလေးက အောက်သို့ ငုံ့ကြည့်ပြီး ပြောလိုက်သည်။


 


“ ငါ့ခြေဖဝါးလေးတွေက နူးနူးအိအိလေးတွေပါလား…”


 


ထိုကဲ့သို့ နေစဉ်ရက်ဆက်ကြာအောင် ဖြစ်နေပြီးနောက်တွင် ယန်သောလဲ့မှာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလာသည်။ တစ်ရက်တွင် သူက ကားထဲ၌ အိပ်ချင်ယောင်ဆောင်ပြီး မျက်စိမှေး၍ကြည့်လိုက်ရာ လင်ချင်းဟယ်က သူ့ကျောပိုးအိတ်ထဲမှ စာရွက်တစ်ရွက်အား ထုတ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဖတ်ကြည့်ပြီးနောက် သူက စာရွက်ကို သေသေချာချာ ပြန်ခေါက်ထားလိုက်ပြီး အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ဖြစ်စဉ်အစမှ အဆုံးထိတိုင် သူ့မျက်နှာမှာ တည်ငြိမ်မြဲတည်ငြိမ်နေဆဲပင်။ 


 


လင်ချင်းဟယ်တစ်ယောက် ချစ်များချစ်မိနေပြီလားဟူ၍ ယန်သောလဲ့ သံသယဝင်လာသည်။ သို့သော် ထိုကဲ့သို့အတွေးမျိုးဝင်လာသည်နှင့် သူ့ကိုယ်သူ ပြန်တားဆီးလိုက်သည်။  


 


၎င်းက လုံးဝမဖြစ်နိုင်ပေ။ လင်မိသားစုနှင့် ချောင်မိသားစု၏ အငယ်ဆုံးသမီးဖြစ်သော ချောင်ယီထန်မှလွဲ၍ လင်ချင်းဟယ်၌ မိန်းကလေး သူငယ်ချင်း အနည်းငယ်သာရှိသည်။ ဤနှစ်များတလျှောက် လင်ချင်းဟယ်ကို လိုက်သည့် မိန်းကလေးများစွာရှိခဲ့သော်လည်း မည်သူမှ မအောင်မြင်ခဲ့ကြပေ။


 


သူ အလွန်စပ်စုကြည့်ချင်ပါသော်လည်း လင်ချင်းဟယ်၏ကျောပိုးအိတ်ကို ခိုးကြည့်ရဲသည်အထိ သတ္တိမရှိပါချေ။ လင်ချင်းဟယ်က သူ့ကိုယ်ပိုင်ပစ္စည်းများကို ထိန်းချုပ်လိုစိတ် ပြင်းထန်သည်။ သူနှင့် လောင်ကျန်းယင်းအပါအဝင် မည်သူမှ သူ၏ကျောင်းလွယ်အိတ်ဖြစ်စေ၊ အခန်းထဲရှိ ပစ္စည်းများဖြစ်စေ အလွယ်တကူ မယူဝံ့ကြပါချေ။ 


 


ယန်သောလဲ့မှတ်မိသေးသည်၊ နွေရာသီအားလပ်ရက်များတွင် သူက လင်ချင်းဟယ်၏ အခန်းထဲ၌ အိမ်စာလာလုပ်စဉ်က စာအုပ်စင်ပေါ်တင်ထားသည့် သစ်သားသေတ္တာတစ်လုံးကို သတိထားမိနေခဲ့သည်။ သေတ္တာက ထိုနေရာတွင် ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း အမြဲသော့ခတ်ထားလေ့ရှိသည်။ တစ်ရက်တွင် ၎င်းက သော့ပွင့်နေသည်။ လင်ချင်းဟယ်က ယခုမှ ဖွင့်ကြည့်ထားပုံရသည်။ 


 


လင်ချင်းဟယ် အပြင်ထွက်သွားချိန်၌ ယန်သောလဲ့က သေတ္တာကို တိတ်တဆိတ်ဖွင့်ကြည့်လိုက်ရာ ဒါဇင်နှင့်ချီသော ပေးစာများ၊  ပန်းချီကားလိပ်တစ်ချပ်နှင့် တရုတ်စာစီစာကုံး မိတ္တူတစ်စောင်တို့ကို တွေ့လိုက်ရလေသည်။


 


စာစီစာကုံးမိတ္တူကို အပေါ်ဆုံးတွင် သိမ်းထားသောကြောင့် တစ်ချက်တည်း ကြည့်လိုက်ရုံနှင့် သူ မှတ်မိသွား၏။ ၎င်းမှာ နောက်ဆုံးစာမေးပွဲအပြီးတွင် အထက်တန်းပထမနှစ်၏တရုတ်ဘာသာစကားအသင်းမှ ပုံနှိပ်ထုတ်ဝေထားသော စာစီစာကုံးများထဲမှတစ်ခု ဖြစ်သည်။ ထိုစဉ်က သူတို့အတန်း၏တရုတ်စာဆရာမက ဤစာစီစာကုံးမှာ ချင်းရွှေ အ.ထ.က (၁) ကျောင်းမှ ဖြစ်ပြီး ခေါင်းစဉ်မှာမူ “လမင်းထံပြေးလိုက်သော လူတစ်ယောက်” ဖြစ်သည်ဟု ပြောခဲ့ဖူး၏။ ထိုစဉ်က သူ့အတန်းဖော် မိန်းကလေးပင် တရှုံ့ရှုံ့ငိုခဲ့ရသောကြောင့် ယန်သောလဲ့ အထင်ကြီးခဲ့မိသည်။


 


ယန်သောလဲ့က အောက်ရှိစာစောင်များကိုပါ ဆက်လက်ဖတ်ကြည့်ချင်သော်လည်း ထိုအခိုက်မှာပင် လင်ချင်းဟယ်က သူ့နာမည်အပြည့်အစုံကို အေးစက်စွာခေါ်လိုက်သည်။


 


ထိုစဉ်က လင်ချင်းဟယ်က အလွန်ဒေါသထွက်နေခဲ့သည်ပင်။ ယန်သောလဲ့မှာ အလွန် ထိတ်လန့်သွားသဖြင့် ရက်အနည်းငယ်ကြာသည်အထိ အိမ်စာလုပ်ရန် လင်ချင်းဟယ်၏အခန်းထဲသို့ မသွားဝံ့ခဲ့ပေ။


 


….


 


စာလေ့လာခြင်းနှင့် ရုပ်ပြကာတွန်းများရေးဆွဲခြင်းတို့အပြင် ထောင်ရှီးမှာ လက်ကိုင်ဖုန်းတစ်လုံး ဝယ်ရန်အတွက် ပိုက်ဆံရှာရန်လည်း စဉ်းစားရသေးသည်။ တစ်ညတွင် အဆောင်သို့ ပြန်လာချိန်၌ ငွေရမည့်နည်းလမ်းတစ်ခုကို ရှာတွေ့လိုက်လေသည်။


 


“ ရှီးသာ့ ၊ ငါ တောင်းဆိုပါတယ်ကွာ။ ငါ တကယ် ပန်းချီဆွဲတာ မပြီးနိုင်ဘူး။ အမျိုးသားနေ့ အားလပ်ရက်လေးရက်မှာ ငါတို့ကို လိန်ကျဲက ပန်းချီကားဘယ်နှချပ်တောင် ဆွဲခိုင်းထားလဲဆိုတာ မင်း သိလား… ပန်းချီဆွဲရလွန်းလို့ ငါ့လက်တွေလည်း အကြောသေနေပြီ… ငါ့မျက်လုံးတွေလည်း ကျွတ်ထွက်တော့မယ်…”


 


ဖန်းယန့်က ဆေးစက်များပေပွနေသည့် သူ့လက်ဖြင့် မျက်ရည်များကို သုတ်လိုက်သည်။


 


ဖန်ယန့်၏ ပန်းချီဆရာမဖြစ်သော ကျန်းလိန်မှာ ဝန်းဟွာ အ.ထ.က (၁) ကျောင်း၏ အနုပညာဌာနတွင် နာမည်ကြီး ဒေါသအိုးဘုရင်မ ဖြစ်သည်။ သူမက အင်မတန် ဒေါသကြီး၏။ အိမ်စာထပ်ရာတွင် ကြန့်ကြာနေပါက ထိုကျောင်းသားကို တစ်နာရီလုံး အသက်ရှူမရပ်စတမ်း ဆူပူအော်ငေါက် နေလိမ့်မည်။


 


“ငါ့မှာ တကယ် အချိန်မရှိဘူး…”


 


ထောင်ရှီးက ရိုးရိုးတန်းတန်းပင် ငြင်းလိုက်သည်။ သူ့အနေဖြင့် ကျိုးချန် ပေးထားသော မေးခွန်းလွှာများကို ပြီးမြောက်အောင် မဖြေရသေးသည့်အပြင် ရုပ်ပြကာတွန်းများလည်း ဆွဲရန်လိုသေးသည်။ 


 


ဖန်းယန့်က အချိန်အတော်ကြာအောင် သူ့ကို တောင်းပန်နေသော်လည်း ထောင်ရှီးက တုတ်တုတ်ပင် မလှုပ်ပေ။ သူ့တွင် အခြားရွေးချယ်စရာလည်း မရှိတော့ချေ။ အမျိုးသားနေ့အားလပ်ရက်အတွင်း သူသွားရမည့်ခရီးစဉ်ကို ပြန်စဉ်းစားကြည့်မိလျှင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆက်စည်းရုံးကြည့်လိုက်သည်။ 


 


“ ဒီလိုမှမဟုတ်ရင်လဲ… ရှီးသာ့ ၊ ငါမင်းကို ပန်းချီဆွဲခပေးမယ်ကွာ…တစ်ပုံကို ယွမ်၁၀၀နဲ့ ငါ့ကို ငါးပုံဆွဲပေး…”


 


ထောင်ရှီး၏ နားရွက်ဖျားများ လှုပ်ရှားသွားသည်။ သို့သော် သူ့အမူအရာမှာတော့ ခပ်တည်တည်ဖြစ်နေဆဲပင်။ သူက မျက်မှောင်ကြုတ်ကာ တွန့်ဆုတ်စွာ ပြောလိုက်သည်။


 


“ အဲ့လိုက သိပ်တော့မကောင်းဘူး။ တကယ်လို့ ငါဆွဲထားတဲ့ပုံက မင်းဆွဲတာနဲ့မတူရင် ဘယ်လိုလုပ်မလဲ…မင်းဆရာမသိသွားရင်ရော...”


 


ဖန်းယန့်က အနည်းငယ်ပျော့ပြောင်းလာသည်ကို ခံစားမိလိုက်သောအခါ သံကို ပူတုန်းထုနှက်လိုက်သည်။ 


 


“ မင်းရဲ့ ပန်းချီစွမ်းရည်ကို ငါက မယုံဘဲနေမလား…မင်းက တော်ပြီးသားပါကွာ... ငါ ခရီးက ပြန်လာရင် မင်းအတွက် အရသာရှိတဲ့ မုန့်တွေ အများကြီး ဝယ်လာခဲ့မယ်…”


 


ထောင်ရှီးက တစ်ခဏမျှ တုံ့ဆိုင်းသွာပြီးနောက် ခေါင်းခါပြလိုက်သည်။ 


 


 “ တော်ပါပြီ။ ငါ့မှာ အိမ်စာတွေအများကြီးကျန်သေးတယ်။ အချိန်မလောက်နိုင်ဘူး…”


 


ဖန်းယန်က ကြေကွဲသွားပြီး အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။


 


“တစ်ပုံကို ၂၀၀ ပေးမယ်ကွာ။ မင်း ပုံကို အရမ်းကြီးလှအောင် ဆွဲစရာ မလိုဘူး… ငါ့လိုအမှိုက်သာသာအဆင့်နဲ့ ကိုက်အောင် လိုက်ဆွဲရုံပဲ…”


 


“ သဘောတူတယ်…”


 


ထောင်ရှီးက လက်ဖျောက်တစ်ချက်တီးကာ ကျေကျေနပ်နပ်ကြီး သဘောတူညီလိုက်လေသည်။


 


အမျိုးသားနေ့ အားလပ်ရက်မတိုင်ခင် တစ်ရက်အလိုတွင် တစ်တန်းလုံးရှိ ကျောင်းသားများမှာ အမျိုးသားနေ့အတွက် ပေးလိုက်သည့်အိမ်စာကို အပြေးအလွှားကုန်းရေးကြပြီး အားလပ်ရက်တွင် အချိန်ပိုရရန် ကြိုးစားနေကြသည်။


 


ပိချန်ဖေးနှင့် သူ့ထိုင်ခုံဖော် ဟူထုံတို့နှစ်ယောက်မှာ စကားထပ်များနေကြပြန်သည်။ ငြင်းကြခုန်ကြအပြီးတွင် နှစ်ယောက်သားက စစ်အေးတိုက်ပွဲဆင်နွှဲနေကြသောကြောင့် ပိချန်ဖေးက ထောင်ရှီးကို ဒုက္ခပေးရန် နောက်တန်းကိုလှည့်လာသည်။ 


 


“ ရှီးကော ၊ မင်း ဒီအားလပ်ရက်ကျရင် အပြင်ထွက်လျှောက်လည်မှာလား…ငါ့ဖွားဖွားလေးပိကတော့ သူ့အိုင်ဒေါလ်ရဲ့ ဖျော်ဖြေပွဲကိုသွားကြည့်ဖို့ ငါ့ကို ကိုရီးယား ခေါ်သွားမှာတဲ့…”


 


ထောင်ရှီးက အမျိုးသားနေ့ အိမ်စာများထဲတွင် ခေါင်းစိုက်နေသဖြင့် ထိုစကားများကို ကြားသော်လည်း ခေါင်းမော့မကြည့်လာဘဲ “မသွားဘူး”ဟုသာ ပြောလိုက်သည်။


 


သူ အားလပ်ရက်ကို လုံးဝမရောက်ချင်ပေ။ အားလပ်ရက်အတွင်း လင်ချင်းဟယ်ကို တွေ့ခွင့်မရှိတော့သည့်အပြင် သူ့တွင် ဖုန်းလည်းမရှိပါချေ။ 


 


ထောင်ရှီးက ဘေးမှ လင်ချင်းဟယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့အစီအစဉ်ကို သိချင်သောကြောင့် ခရီးသွားဟန်လွှဲပုံစံဟန်ဆောင်၍ မေးလိုက်သည်။ 


 


“ ထုန်ကျိုး… မင်းရော အပြင်ထွက်ပြီးလျှောက်လည်မှာလား…”


 


ထိုစဉ် ပိချန်ဖေးက ကြားဖြတ်ကာ ဝင်ပြောလာသည်။


 


“ ငါသိတယ်။ ဒိန်ချဉ်ပြောတာတော့ သူက နတ်ဘုရားလင်းနဲ့အတူတူ ဂျပန်ကို သွားမှာတဲ့… ငါတအားမနာလိုတာပဲ…”


 


သူက ကူလီသမားတစ်ယောက်ပမာ ပိအောက်ရွှယ်နှင့်အတူ တောင်ကိုရီးယားသို့ လုံးဝလိုက်မသွားချင်ပေ။ 


 


ထောင်ရှီးက မျက်လွှာချလိုက်ပြီး လက်ထဲမှ ဘောပင်ကိုလှည့်ရင်း ခြောက်ကပ်ကပ် ပြောလိုက်သည်။


 


“ လေးရက်တည်းပိတ်တာကို မင်းတို့က နိုင်ငံခြားသွားမလို့လား...အချိန်လောက်ပါ့မလား…”


 


သူသည်လည်း လင်ချင်းဟယ်နှင့်အတူ ဂျပန်သွားချင်သည်။ သို့သော် သူ့တွင် ပိုက်ဆံရှိခဲ့ပါက ဝမ်းဟွာမြို့အနှံ့ လျှောက်လည်သည်ကတောင် ပိုကောင်းလိမ့်ဦးမည်။ 


 


ပိချန်ဖေးက ဆိုလာပြန်သည်။ 


 


“ ဂျပန်နဲ့ တောင်ကိုရီးယားက နီးနီးလေးရယ်။ ဒါပေမဲ့ အိမ်စာတွေရေးဖို့တော့ အချိန်အများကြီးရမှာ မဟုတ်ဘူး။ ရှီးကော ၊ မင်းမှာ ဖုန်းရှိရင် ငါ မင်းအတွက် အရသာရှိတဲ့ အစားသောက်တွေကို ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်မယ်။ အပြန်အလှန်အနေနဲ့ မင်းက အိမ်စာတွေ ဓာတ်ပုံရိုက်ပြီး ငါ့ကို ကူးခွင့်ပေးပါလား…”


 


‌ထောင်ရှီးမှာ အလွန်အာရုံနောက်လာသည့်အတွက် ဖုန်းဝယ်ပြီးလျှင်တောင် ပိချန်ဖေးကို ဖရန့်မအပ်ရန် ဆုံးဖြတ်ထားလိုက်သည်။ 


 


သူက ဘောပင်ကို ပစ်ချလိုက်ပြီး လက်နှစ်ဖက်ပေါ်ခေါင်းတင်လျက် မျက်နှာကို တစ်ဖက်သို့လှည့်ကာ မှောက်အိပ်နေလိုက်သည်။ 


 


ထောင်ရှီး စိတ်အနှောင့်အယှက်ဖြစ်သွားပုံရကြောင်း သတိထားလိုက်မိသဖြင့် ပိချန်ဖေးမှာ မျက်လုံးလှန်လိုက်ပြီး ကမန်းကတမ်း လှမ်းပြောလိုက်သည်။


 


“ရှီးကော… စိတ်မပူပါနဲ့… ငါ မင်းအတွက် ကိုရီးယားကနေ လက်ဆောင် ဝယ်ခဲ့မယ်…”


 


“ ငါအိပ်နေတာကို မနှောင့်ယှက်စမ်းပါနဲ့…” ထောင်ရှီးက မျက်လုံးမှိတ်ထားရင်း ပြောလိုက်သည်။


 


ပိချန်ဖေးက ထောင်ရှီး၏ခေါင်းလေးကို ပွတ်ပေးရန် လက်ကိုဆန့်ထုတ်လိုက်သည်။ သို့သော် သူ့လက်လေးလှမ်းလိုက်ရုံရှိသေး လင်ချင်းဟယ်က သူ့ကို အကြည့်တစ်ချက် ပစ်လွှတ်လာသည်။ 


 


သူ့ခမျာ လက်ကိုကပျာပယာပြန်ရုတ်လိုက်ရပြီး အရှေ့ကို ပြန်လှည့်သွားသည်။ စိတ်ထဲတွင်မူ အိမ်နီးချင်းကြောင်လေးကို ခိုးယူနေသည့်အခိုက် အိမ်နီးချင်းထံမှ စိန်းစိန်းဝါးဝါးစိုက်ကြည့်ခံလိုက်ရသည့်အလား ရှက်ရွံ့ခြင်းကို ခံစားလိုက်ရသည်။


 


အမျိုးသားနေ့ပိတ်ရက် လေးရက်တာကာလအတွင်း အိပ်ဆောင်တစ်ခုလုံးတွင် ထောင်ရှီး တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ သူ ထမင်းထွက်စားချိန်တိုင်း သူ့ကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့သည့် ဦးလေးကြီးနှင့်သာ မျက်နှာချင်းဆိုင် ထမင်းစားရသည်။ 


 


ထောင်ရှီးမှာ ပထမနှစ်ရက်အတွင်း အိမ်စာများအားလုံး ပြီးစီးသွား၏။ မနက် ၇ နာရီမှ ည ၁၁ နာရီအထိ ရေချိုး၊ ထမင်းစားချိန်မှလွဲ၍ အနားမယူရသလောက်ပင်။ 


 


တတိယမြောက်နေ့မှစ၍ သူ မနက် ၇ နာရီတွင် အိပ်ရာမှထကာ ဖန်းယန့်အတွက် ရုပ်ငြိမ်ပန်းချီကား သုံးချပ်နှင့် ပုံတူပန်းချီကား နှစ်ချပ်ကို စတင်ဆွဲသည်။        


 


ပန်းချီဆွဲခြင်းက ထောင်ရှီးအတွက် မခက်ခဲသော်လည်း ဖန်းယန့်၏ပန်းချီဆွဲဟန်ကိုလည်း လိုက်တုရမည်ဦးမည်ဖြစ်သည်။ ကျန်တစ်ချက်မှာ အညစ်အကြေးမစင်များထဲမှ ပန်းပွင့်ပုံကို ဆွဲရမည်ဖြစ်သဖြင့် ပန်းပွင့်နှင့် အညစ်အကြေးမစင်များ ရောနေပုံကို ဆွဲရဦးမည်ဖြစ်လေ၏။ ထိုခံစားချက်မှာ ယင်ကောင်များ စားရသည်နှင့်ပင် ကွာခြားလိမ့်မည်မဟုတ်ပေ။ 


 


နေထွက်ချိန်မှ လထွက်ချိန်အထိ ရေးဆွဲပြီးနောက် ပန်းချီကား သုံးချပ်ကို ဆွဲပြီးသွားသည်။ ထောင်ရှီးမှာ ပန်းချီကား ၃ ချပ်ကို မျက်နှာချင်းဆိုင်ကြည့်နေရင်း သူသည်လည်း အမှန်တကယ်ပင် ပါကင်ဆန်ရောဂါ စွဲကပ်ပြီး မျက်လုံးများမှာလည်း ပေါက်ထွက်တော့မည့်အလားပင် ခံစားလိုက်ရလေသည်။ 


 


အားလပ်ရက်၏ နောက်ဆုံးရက်တွင် ကျန်ပန်းချီကားနှစ်ချပ်လည်း ပြီးမြောက်သွားပြီး သူ့လက်များမှာလည်း ဖောင်တိန်ပင် မကိုင်နိုင်တော့အောင် ထုံကျင်နေခဲ့လေသည်။ 


 


“ ယွမ် ၂၀၀ နဲ့တော့ ဘယ်လိုမှ မလုံလောက်ဘူး…”


 


ထောင်ရှီးမှာ အံတင်းတင်းကြိတ်လိုက်မိသည်။ 


 


ထိုနှစ်က သူ ယွမ်၂၀၀ ဖြင့် ဖန်းယန့်ကို ရောင်းချခဲ့သော ပန်းချီကားများမှာ နောက်နှစ်အနည်းငယ်အကြာတွင် လူတစ်ယောက်က ငွေ ၂ သန်းပေး၍ လာဝယ်သွားကြောင်းကိုမူ သူ မသိလိုက်တော့ပေ။ 


 


______________