အပိုင်း ၂၁
Viewers 9k

Chapter 21.1


 


အားလပ်ရက်နောက်ဆုံးနေ့ ညနေတွင် ဖန်းယန့်တစ်ယောက် ကောက်ရိုးဦးထုပ်တစ်လုံးဆောင်းလျက် ခရီးဆောင်အိတ်တစ်အိတ်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ အိပ်ဆောင်ထဲသို့ ဝင်ဝင်ချင်းပင် သူက မျက်နှာချိုသွေး၍ပြောလာသည်။


 


“ ရှီးသာ့ ၊ အားလပ်ရက်မှာ ပျော်ခဲ့ရဲ့လား.. ပန်းချီရော ဆွဲလို့ပြီးသွားပြီလား…"


 


ထောင်ရှီးက အနာမပြေသေးသော သူ့လက်ကိုပွတ်ရင်း ရှုသိုးသိုးနှင့်ပြောလိုက်သည်။ “ပိုက်ဆံကိုအရင်ပေးမှ ပစ္စည်းကိုရမှာနော်…”


 


“ ကိစ္စမရှိပါဘူး…”


 


ဖန့်ယန်က ထောင်ရှီးကို ယွမ်တစ်ထောင် လှမ်းပေးလိုက်သည်။ ပန်းချီကားငါးချပ်ကို လက်ခံရပြီးသောအခါ သူ အံ့ဩဘနန်းဖြစ်သွားရသည်။


 


“ မိုက်လှချည်လားဟ၊ ဒီလက်ရာမျိုး မြင်ဖူးသလိုလို ဘာလိုလိုတောင် ဖြစ်သွားတယ်။ ငါကိုယ်တိုင် ဆွဲထားတာနဲ့တောင် တူတယ်ကွ။ ဒါပေမယ့် ငါဆွဲထားတယ်လို့လည်း မထင်ရပြန်ဘူး...”


 


ထောင်ရှီးက သူ့ကို လျစ်လျူရှုလိုက်ပြီး ပိုက်ဆံယူ၍ အိပ်ဆောင်မှထွက်ခဲ့ကာ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်ရှာရန် လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ 


 


ဝမ်းဟွာ အ.ထ.က(၁) ကျောင်းယူနီဖောင်းကို ဝတ်ထားသောကြောင့် မိုဘိုင်းဖုန်းဆိုင်မှ ရောင်းစားရေးက သူ့ကို ဈေးအကြီးဆုံး အရည်အသွေးမြင့် ပစ္စည်းများဖြင့် မိတ်ဆက်ပေးလာသည်။ 


 


“ ဒါလေးကိုကြည့်ကြည့်နော်၊ ဒါလေးက မယ်မိုရီလည်း ပမာဏများများဆံ့တဲ့အပြင် Pixels ကလည်း မြင့်တယ်။ နောက်ဆုံးတန်းမှာ ထိုင်ပြီး ကျောက်သင်ပုန်းကို ဓာတ်ပုံလှမ်းရိုက်ရင်တောင် စာလုံးတိုင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်းမြင်ရတယ်…”


 


‌ထောင်ရှီးမှာ အလွန်စိတ်ဝင်စားသွားသော်ငြား ပိုက်ဆံအိတ်ကမူ ခေါင်းခါပြနေသဖြင့် သွယ်ဝိုက်မနေဘဲ ရိုးရှင်းစွာသာ ပြောလိုက်သည်။ 


 


“ ကျွန်တော့်ကို WeChat ဒေါင်းလုဒ်ဆွဲလို့ရမယ့် ယွမ် ၁၀၀၀ အောက်ဖုန်းလေးပဲ ပေးပါ…”


 


အရောင်းစာရေးက ပွစိပွစိရေရွတ်သည်။ “ ခုခေတ်ကြီးမှာ ဘယ်မိုဘိုင်းဖုန်းကများ WeChat ဒေါင်းလုဒ်ဆွဲလို့မရတာ ရှိလို့လဲ…”


 


နောက်ဆုံးတွင် ထောင်ရှီးက နှစ်နှစ်ခန့် မော်ဒယ်အောက်နေပြီဖြစ်သော ပြည်တွင်းထုတ် စမတ်ဖုန်းတစ်လုံးကို ၉၉၉ ယွမ်ဖြင့် ဝယ်ခဲ့လိုက်သည်။ တစ်စေ့တည်းကျန်သော အကြွေစေ့လေးကိုကိုင်ကာ ဧည့်စောင့်ခန်းသို့ သွား၍ ဖုန်းကဒ်တစ်ကဒ်ဝယ်လိုက်သည်။ 


 


အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ရေမိုးချိုးလိုက်ပြီး ဖုန်းအသစ်လေးကို စမ်းသုံးကြည့်ရန် အိပ်ယာပေါ် လှဲချလိုက်သည်။ ကံကောင်းထောက်မစွာ ဖန်းယန့်က သုံးပုံသုံးနည်းကို ပြပေးလေ၏။ ထောင်ရှီးမှာ ခဏကြာ လျှောက်ကလိပြီးနောက်တွင် အကြမ်းဖျင်းအားဖြင့် နားလည်သွားသည်။ 


 


ပထမဆုံးအနေနှင့် သူက WeChat ကို ဒေါင်းလုဒ်ဆွဲလိုက်သည်။ ထို့နောက် WeChat အကောင့်ကို သူ့ဖုန်းနံပါတ်ဖြင့် sign in ဝင်လိုက်သည်။ အကောင့်နာမည်ကို သူ့နာမည်အရင်းအတိုင်းထားလိုက်ပြီး ပရိုဖိုင်းပုံကိုမူ မူလပုံပါတိုင်း မီးခိုးရောင် လူဦးခေါင်းပုံသာ ထားထားလိုက်သည်။ 


 


သူ အရှေ့ကင်မရာဖြင့် မိမိကိုယ်မိမိ ဓာတ်ပုံရိုက်ကြည့်သေးသော်လည်း ပုံကို မြင်မြင်ချင်းပင် ကပျာကသီပြန်ဖျက်လိုက်သည်။ 


 


“ ရှီးသာ့ ၊ ငါ့ကို WeChat အကောင့်အပ်လိုက်…” ဖန်းယန့်က အားလပ်ရက်အတောအတွင်း ရိုက်ခဲ့သော ဓာတ်ပုံများကို Moments တွင် တင်ရန်အတွက် ပုံရွေးနေသည်။ 


 


ထောင်ရှီးက သူ့မိုဘိုင်းဖုန်းလေးကို ကိုင်ရင်း ဗလာကျင်းနေသည့် WeChat Friend List ကိုကြည့်လိုက်ပြီး ငြင်းလိုက်သည်။ 


 


“ ဒီနေ့ အဆင်မပြေသေးဘူး။ ငါ မနက်ဖြန်မှ မင်းကို add လိုက်မယ်လေ…”


 


လင်ချင်းဟယ်ကိုသာ သူ၏ပထမဆုံး WeChat ဖရန့်ဖြစ်စေချင်သည်။ 


 


ဖန်းယန့်မှာ ဖရန့်အပ်ဖို့ရာကို ဘာကြောင့် ရက်ရွေးနေသည်လဲ မသိသော်ငြား ရှေ့လျှောက်တွင်လည်း ထောင်ရှီးကို အားကိုးရဦးမည်ဖြစ်သောကြောင့် ကြည်ကြည်ဖြူဖြူသာ ပြန်ပြောလိုက်သည်။


 


“ အေးပါကွာ၊ အချိန်မရွေး add လို့ရပါတယ်.. ငါအဆင်သင့်ရှိနေတာပဲ…”


 


သူ့ WeChat အကောင့်လေးကို “ပြင်ဆင်မွမ်းမံ” ရန် ထောင်ရှီး စိတ်ပိုင်းဖြတ်လိုက်သည်။ နောက်တစ်နေ့တွင် ပြင်ဆင်မွမ်းမံ၍မပြီးသေးသောအကောင့်ကို လင်ချင်းဟယ်အား မမြင်စေချင်ပေ။


 


သူ အိပ်ယာပေါ်မှ ခုန်ဆင်းလိုက်ပြီး ထိုင်ခုံပေါ်သွားထိုင်၍ ပန်းချီစဆွဲတော့သည်။ 


 


ထောင်ရှီးက ရေဆေးပန်းချီဖြင့် နက်ပြာရောင် ဂြိုဟ်လေးတစ်စင်းကို ရေးဆွဲလိုက်သည်။ ဂြိုဟ်လေးက ငွေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေပြီး စကြဝဠာအတွင်းဝယ် တိတ်တဆိတ် ပျံသန်းနေသည်။ 


 


သူ ဖုန်းဖြင့် ရှုထောင့်နှင့် အလင်းကို ချိန်ညှိလိုက်ပြီး ဓာတ်ပုံရိုက်လိုက်ကာ ပုံကို ဖြတ်တောက်၍ ဖရိုဖိုင်းပုံအဖြစ် ထားလိုက်သည်။ 


 


ထို့နောက် သူ အရင်တစ်ခေါက်က ပန်းချီကလပ်ချိန်တွင် ရေးဆွဲခဲ့သည့် နှင်းဖုံးသောည၏ လမင်းသော်တာပုံကို ဓာတ်ပုံရိုက်ယူ၍ နောက်ခံကာဗာပုံအဖြစ်ထားလိုက်သည်။ 


 


သူ၏ Momentပေါ်မှ နောက်ခံကာဗာပုံနှင့် ပရိုဖိုင်းပုံကိုကြည့်ပြီးသကာလ ထောင်ရှီးက ဖုန်းကိုပိတ်လိုက်ပြီး စိတ်ကျေနပ်စွာ အိပ်ရာဝင်လိုက်သည်။


 


နောက်တစ်နေ့မနက်စောစောတွင် ထောင်ရှီးတစ်ယောက် အားအပြည့်သွင်းထားသော လက်ကိုင်ဖုန်းလေးတစ်လုံးနှင့်အတူ စာသင်ခန်းထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လာခဲ့သည်။ သူ အရင်ဆုံး စာရေးခုံနှစ်ခုံလုံးကို ဂရုတစိုက်သုတ်ကာ သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် အင်္ဂလိပ်စာအုပ်နှင့် တရုတ်ဘာသာစာအုပ်ကို ဖွင့်ဖတ်လိုက်သည်။ သူ စိတ်တည်ငြိမ်သွားရန်အတွက် အချိန်အတော်ကြာပင် ယူလိုက်ရသည်။ 


 


သို့သော် အင်္ဂလိပ်စာအုပ်ဖတ်နေချိန်တွင်လည်း အာရုံပျံ့နေဆဲဖြစ်နေကာ လင်ချင်းဟယ်လာမည်ကို မျှော်ရင်း Wechat ID ဘယ်လိုတောင်းရမလဲကို အတွေးများနေမိသည်။ 


 


လင်ချင်းဟယ် သဘောမတူပါက သူတစ်နေ့လုံး နားပူနားဆာတိုက်ပစ်မည်။ ထိုသို့ နားပူနားဆာတိုက်လျှင်တောင် အလုပ်မဖြစ်ပါက တခြားအတန်းဖော်တစ်ယောက်ကိုသာ ရှာ add လိုက်တော့မည်။ ဘယ်လိုဖြစ်ဖြစ် သူ လင်ချင်းဟယ်ကို add နိုင်မှကို ဖြစ်မည်။ 


 


သို့သော် ပထမအချိန် ခေါင်းလောင်းမြည်လာသည့်တိုင် လင်ချင်းဟယ်က စာသင်ခန်းထဲသို့ ရောက်မလာခဲ့ပါချေ။ 


 


ပထမအချိန်၊ ဒုတိယအချိန်၊ တတိယအချိန်…


 


ယန်သောလဲ့က ဆေးခွင့်တိုင်ထားသဖြင့် ယနေ့ကျောင်းမလာပေ။ သို့ပေမယ့် လင်ချင်းဟယ်က ဘာကြောင့် အတန်းပျက်ရသည်လဲ…


 


ထောင်ရှီးက ဖုန်းကို အံဆွဲထဲထည့်လိုက်ပြီး တန်းခွဲ(၁)၏ စီအိုင်အေဟု နာမည်ကြီးသော ပိချန်ဖေးကို အကျိုးအကြောင်းလှမ်းမေးလိုက်သည်။ 


 


“ နတ်ဘုရားလင်က မင်းကိုမပြောဘူးလား…သူက သင်္ချာနဲ့ ရူပဗေဒဉာဏ်စမ်းပြိုင်ပွဲကို ဝင်ဖြေဖို့ရှိတာလေ။ ဒီနေ့ ပြိုင်ပွဲအကြိုပြင်ဆင်ဖို့အတွက် တခြားမြို့မှာ အစည်းအဝေးသွားတက်ရမှာ။ မြို့က နည်းနည်းဝေးတော့ သူ ဒီနေ့ကျောင်းမလာလောက်တော့ဘူး ထင်တာပဲ…”


 


ပိချန်ဖေးက အမှန်တကယ်ကို နာမည်နှင့်လူနှင့် ကိုက်ညီပါပေ၏။


 


လင်ချင်းဟယ်က သူ့ကို တစ်ခွန်းတစ်ပါဒမှ မပြောခဲ့ခြင်းကြောင့် ထောင်ရှီး အနည်းငယ် အံ့အားသင့်သွားသည်။ 


 


ရှိစေတော့၊ မနက်ဖြန် လင်ချင်းဟယ်လာမှသာ WeChat Acc တောင်းတော့မည်။


 


ထောင်ရှီးမှာ မိုဘိုင်းဖုန်းလေး ပျောက်သွားမည်စိုးသဖြင့် တစ်နေ့လုံး ဘယ်သွားသွား လက်ကမချစတမ်းကိုင်ထားသည်။ သူ့ဘဝတွင် ဤဖုန်းလေးက ပထမဦးဆုံး အီလတ်ထရောနစ်ပစ္စည်းလေးဖြစ်ပြီး ရှေ့လျှောက် လင်ချင်းဟယ်နှင့် ဆက်သွယ်နိုင်မည့်အရာလေးလည်း ဖြစ်သည်။ 


 


နေ့လယ်ပိုင်းအတန်းချိန်ပြီးသည်နှင့် ထောင်ရှီးက သူ့ဖုန်းလေးကို အိတ်ကပ်ထဲထည့်လိုက်ပြီး ညစာစားရန် ကန်တင်းသို့ ထွက်လာခဲ့သည်။ သို့သော် လီရှောင်ယွမ်က ကန်တင်းထဲဝင်ဝင်ချင်း သူ့ကို လှမ်းတားလိုက်သည်။ 


 


 “ ထောင်ရှီး ၊ မင်းအဖေက ကျောင်းကိုရောက်နေတယ်။ သူ မင်းကို ဂိတ်ပေါက်မှာစောင့်နေတာ။ သွားတွေ့လိုက်ဦး…”


 


လီရှောင်ယွမ်က စာပို့သမားထံမှ စာယူရန် ကျောင်းဂိတ်ပေါက်ကို ရောက်ခဲ့စဉ် သက်လတ်ပိုင်းအရွယ် ယောက်ျားကြီးတစ်ဦးက ကျောင်းထဲဝင်ပြီး သူ့သားကိုတွေ့ရန် အစောင့်ကို အော်ဟစ်ပြောနေသည်ကို မြင်ရခဲ့သည်။ အစောင့်က ထိုလူကို ဆွဲထုတ်နေပြီး အထဲသို့ ဝင်ခွင့်မပြုချေ။ ထိုလူက ထောင်ရှီးကိုလာရှာခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူက ထောင်ရှီးကိုသွားခေါ်ပေးမည်ဟု သဘောတူလိုက်သည်။ 


 


“ ထောင်ရှီး…”


 


လီရှောင်ယွမ်က သူ့ကို ထပ်ခေါ်လိုက်ပြန်သည်။ ထောင်ရှီး၏မျက်နှာအမူအရာက အနည်းငယ်ထူးဆန်းနေ၏။ သူ့အဖေလာရှာသည်ဟု ကြားလိုက်ရချိန်တွင် သတင်းဆိုးတစ်ခုကို ကြားလိုက်ရသည့်အလား မျက်ဝန်းတောက်တောက်များက တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားသည်။ 


 


ထောင်ရှီးက ပင့်သက်ပြင်းပြင်းရှိုက်လိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် ချာခနဲလှည့်ကာ ကျောင်းဂိတ်ပေါက်ဆီသို့ ထွက်သွားသည်။ သူ မြန်နိုင်သမျှမြန်အောင် လမ်းလျှောက်လာပြီး အဆုံး၌ ပြေးသွားလိုက်သည့်တိုင် သူ့ခြေလှမ်းများကမူ လေးလံသည်ထက် လေးလံလို့လာခဲ့၏။


 


နေဝင်ဆည်းဆာချိန်တွင် ကျောင်းဝင်းအတွင်းရှိ‌ ကျောင်းဝတ်စုံ သပ်သပ်ရပ်ရပ်နှင့် ကျောင်းသားများက ရယ်မောစကားပြောကာ လှုပ်ရှားသွားလာနေကြသည်။ ထောင်ရှီးက ဦးဆောင်လမ်းပြနေဟန် ခပ်စောင်းစောင်းအရိပ်ကိုနင်းလျက် ကျောင်းဂိတ်ဝဆီသို့ သုတ်ခြေတင်ပြေးလာခဲ့သည်။ 


 


“ ငါ့သားက အထဲမှာ ကျောင်းတက်နေတယ်လို့ပြောသားပဲ။ မင်း ငါ့ကို မယုံဘူး။ မင်းက လူတွေကို ဒီလိုပဲ မချေမငံဆက်ဆံတာလား…”


 


ဟောဟဲလိုက်ပြေးလာသည့် ထောင်ရှီးကိုမြင်လိုက်ရသည်နှင့် ထောင်ကျန်း၏ပထမဆုံးတုံ့ပြန်မှုမှာ အစောင့်၏စားပွဲခုံကို ရိုက်ချလိုက်ခြင်းဖြစ်သည်။ မတိုင်မီက အစောင့်ထံမှ တားဆီးခံလိုက်ရသဖြင့် သူ့သိက္ခာကို ပြန်ဆယ်နိုင်ရန် ကြိုးပမ်းနေခြင်းပင်။ 


 


“ ခင်ဗျားက အပြင်လူလေ။ ကျောင်းထဲကိုမဝင်ခင် အရင်ဆုံး အတန်းပိုင်ဆရာဆီ ဆက်သွယ်ခွင့်တောင်းထားရမှာဗျ။ မဟုတ်လို့ ကျွန်တော်က ဝင်ခွင့်ပြုလိုက်ပါပြီတဲ့ အထဲမှာတစ်ခုခုပြဿနာတက်ရင် ဘယ်လိုလုပ်မလဲ…”


 


တာဝန်ကျအစောင့်မှာ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ဖြစ်သည်။ မတိုင်မီကတည်းက ထောင်ကျန်းနှင့် ငြင်းခုံစကားများနေရသည့်အတွက် ယခု ပို၍ဒေါသတကြီးဖြစ်လာသည်။


 


“ မင်း ဘာစကားပြောတာလဲ…”


 


ထောင်ကျန်းက အင်္ကျီလက်များကို ပင့်လိုက်ပြီး ခြေလှမ်းကျဲကြီးများလှမ်းလျက် အသံမြင့်ကာအော်ပြောလိုက်သည်။ 


 


“ လောင်ကျစ်က ကိုယ့်သားကိုယ်တွေ့ဖို့ ကျောင်းကိုလာတာကွ…မင်းလို အစောင့်က ဘာအရည်အချင်းရှိလို့…”


 


“ တော်သင့်ပြီ…”


 


ထောင်ရှီးက လက်သီးကိုတင်းတင်းဆုပ်ကာ အသံတိုးတိုးဖြင့် ထောင်ကျန်းကို ပြောလိုက်သည်။


 


‌ထောင်ကျန်းက ရပ်သွားကာ ခေါင်းလှည့်ကြည့်လိုက်လျှင် ထောင်ရှီးက သူ့အား နီရဲကာ ခက်ထန်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


 


ထောင်ကျန်းက လက်ခုပ်တီးကာ အစောင့်ကို လက်ညှိုးငေါက်ငေါက်ထိုးလျက် 


 


“ လောင်ကျစ်က မင်းကို ဂရုကိုမစိုက်တာကွ…”


 


“ အပြင်ထွက်လာ၊ တံခါးမှာ ပိတ်မနေနဲ့…”


 


ထောင်ရှီးက တံခါးအပြင်ဘက်တွင် ရပ်လျက် ထောင်ကျန်းကို မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ အစောင့်ထံမှ အမြန်ချောပစ္စည်းများလာယူကြသော ကျောင်းသားများပင် သူတို့အား လှည့်ကြည့်လှည့်ကြည့်လုပ်သွားကြသည်။ 


 


“ အောင်မာ…ကျောင်းကောင်းကောင်းတက်ရတာနဲ့ပဲ မင်းက လောင်ကျစ်ကို အမိန့်တွေစပေးနေပြီပေါ့ ဟမ်…”


 


ထောင်ကျန်းက အစောင့်၏အခန်းထဲမှ ထွက်ကိုမလာပေ။ သူက အစောင့်ရှေ့မှာတင် တွန့်ကြေနေသည့် စီးကရက်တစ်လိပ်နှင့် မီးခြစ်ကို ဘောင်းဘီအိပ်ကပ်ထဲမှထုတ်လိုက်ပြီး ဆေးလိပ်မီးညှိလိုက်ကာ လက်ကြားထဲထည့်ညှပ်လိုက်သည်။ ထို့နောက် ထောင်ရှီးကို အော်ငေါက်သည်။ 


 


“ လောင်ကျစ်က မင်းကိုတွေ့ဖို့ ဘာမှမစားဘဲ လာခဲ့တာ။ ငါတစ်ခုခုစားဖို့ ကျောင်းကန်တင်းလေးတောင် ခေါ်သွားလို့မရဘူးလား…”


 


“ အတန်းပိုင်ဆရာရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်ကျောင်းသားမိဘမှ ကျောင်းထဲကိုဝင်လို့မရပါဘူး…” အစောင့်ကောင်လေးက မနေနိုင်စွာ ထပ်မံသတိပေးလိုက်ပြန်သည်။ 


 


ထောင်ကျန်းက ဆေးလိပ်ငွေ့များကို ရှူထုတ်လိုက်ပြီး အစောင့်ကိုမိုက်ကြည့်ကြည့်ကာ ထပ်မံရန်တွေ့တော့မည့်ဟန် ရှိနေသည်။ ထောင်ရှီးမှာ စိတ်ပင်ပန်းလာပြီး စကားပြောရန်ပင် ခွန်အားမရှိတော့ပေ။


 


“ ကျွန်တော် အဖေ့ကို အပြင်မှာဝယ်ကျွေးမယ်…” 


 


ထောင်ရှီးက  အစောင့်၏မှတ်တမ်းဖောင်တွင် သူ့အမည်နှင့် ကျောင်းပြင်ထွက်ရခြင်း အကြောင်းအရင်းကို ချရေးလိုက်သည်။ ထို့နောက် ထောင်ကျန်းကို ကြည့်ပြီး လေသံကိုလျှော့ကာ ပြောလိုက်၏။ 


 


“ ကျွန်တော့်နောက်လိုက်ခဲ့…”

Chapter 21.2


ထောင်ရှီးက လမ်းကျဉ်းလေးထဲ ဝင်သွားပြီး ပိတ်ရက်များတွင် သူစားနေကျဆိုင်ဖြစ်သည့် ခေါက်ဆွဲဆိုင်လေးသို့ ဦးတည်သွားလိုက်သည်။ ထောင်ကျန်းက လမ်းတစ်လျှောက်လုံး ဆဲရေးတိုင်းထွာရင်း လိုက်လာပြီး ထောင်ရှီးကမူ နှုတ်ဆိတ်လျက်သာ နေသည်။ 


 


ခေါက်ဆွဲဆိုင်ထဲသို့ရောက်သောအခါ ထောင်ကျန်းက တူနှစ်ချောင်းဖြင့် ခေါက်ဆွဲတစ်ပန်းကန်ကို မြိန်ရေရှက်ရေစားလိုက်သည်။ အမှန်တကယ်ကို ဗိုက်ဆာနေခြင်းဖြစ်မည်။ စားပြီးသွားသောအခါ အညံ့စားတစ်ရှူးတစ်ခုကို ဆွဲယူ၍ နဖူးပေါ်ရှိ ချွေးစများကို သုတ်လိုက်သည်။ သူက ထောင်ရှီး၏အရှေ့ရှိ ခေါက်ဆွဲပန်းကန်လုံးကို တူဖြင့် တောက်ပြပြီး….


 


“ ငါ့အတွက် ပေါက်စီထပ်မှာပေးဦး…”


 


ထောင်ရှီးလည်း တူကိုချလိုက်ပြီး ပေါက်စီအပြည့်ပါသည့် ဝါးပေါင်းအိုးနှစ်အိုးကို သွားသယ်လာခဲ့ကာ ထောင်ကျန်း၏အရှေ့၌ ချပေးလိုက်သည်။ ထောင်ကျန်းက ပေါက်စီများ အားပါးတရလွေးရန် ခေါင်းငုံ့သွားပြန်သည်။ 


 


ထောင်ရှီးမှာ ပန်းကန်ထဲတွင် ကျန်နေသေးသည့် ခေါက်ဆွဲများကို ကြည့်ရင်း ဆက်စားချင်စိတ်မရှိတော့ပေ။ ထောင်ကျန်း စားပြီးခါနီးအချိန်တွင် သူမေးလိုက်သည်။ 


 


“ ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ…”


 


ထောင်ကျန်းက သူ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းတွင် ပညာသင်ခွင့်ရသည့်အကြောင်းကို ကောဖျင်ထံမှကြားလာခဲ့ခြင်းဖြစ်မည်။ သို့သော် ထောင်ကျန်းက တောင်ပိုင်းကမ်းရိုးတန်းတွင် အလုပ်သွားလုပ်နေရမည့်အစား အဘယ်ကြောင့် ဝမ်းဟွာမြို့သို့ ရုတ်တရက်ရောက်လာရသနည်း…။ ထို့အပြင် သူ့ကိုလည်း တကူးတက လာရှာနေသေးသည်။ 


 


ထောင်ကျန်းက တူနှစ်ချောင်းကို လွှင့်ပစ်လိုက်ပြီး တစ်ရှူးထုတ်လျက် ပါးစပ်ကိုကပျက်ကရက်သုတ်လိုက်ကာ ခွက်အသေးလေးတစ်ခွက်ဖြင့် ဝိုင်ပြင်ပြင်း တစ်ကျိုက်ကို မေ့သောက်လိုက်သည်။ ထို့နောက် အေ့ခနဲ လေချဉ်တက်ကာ ပြုံးတုံ့တုံ့ဆိုလာသည်။ 


 


“ ငါက မင်းကိုလာတွေ့လို့မရဘူးလား…”


 


ထောင်ရှီးမှာ အလွန်စိတ်မရှည်ဖြစ်လာသော်လည်း ထောင်ကျန်းအား သွားဆွမိလျှင် မျက်နှာပျက်ရမည့်လူမှာ သူသာဖြစ်သောကြောင့် အတတ်နိုင်ဆုံး စိတ်ကိုလျှော့ကာ မေးလိုက်သည်။ 


 


“ အဖေ အခု လူကိုလည်း တွေ့ရပြီ ထမင်းလည်းစားပြီးပြီ။ ဘာထပ်ရှိသေးလို့လဲ…” 


 


အောက်တိုဘာလရောက်နေပြီ ဖြစ်သည့်တိုင် ခေါက်ဆွဲဆိုင်လေးမှာ ပူအိုက်နေသည်။ နံရံပေါ်ရှိ သံပန်ကာလေးတစ်လက်ကသာ လေအေးအနည်းငယ်ကို ထုတ်လွှတ်ပေးနေ၏။ ထောင်ကျန်းက လျှော်ဖွပ်ထားသည့် အဖြူရောင်ဂျက်ကပ်ကို ချွတ်လိုက်ပြီး လက်ကြမ်းကြီးများဖြင့် ဆံပင်ကောက်ကောက်များကို ဖြီးသင်လိုက်သည်။ ခဏမျှကြာသော် မျက်ခုံးပင့်လျက် ဆိုလာသည်။ 


 


“ မင်းမှာ ပိုက်ဆံရှိသေးလား…ငါ့ကို ပေးစမ်းဦး…”


 


လွန်ခဲ့သည့်လက ထောင်ကျန်းအလုပ်လုပ်သည့်စက်ရုံမှာ ဒေဝါလီခံလိုက်ရပြီး ပိတ်သိမ်းလိုက်ရသည်။ သူဌေးကလည်း ထွက်ပြေးသွားသည်။ သူအပါအဝင် မည်သည့်အလုပ်သမားမှ လစာမရလိုက်ကြချေ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဝမ်းဟွာမြို့ကြီးတွင် နေရာထိုင်ခင်းအပြည့်အစုံနှင့် လုပ်ငန်းတစ်ခုရှိသည်ဟု ပြောကာ သူ့ကိုလာခဲ့ရန် ဆွယ်သည်။ ထောင်ကျန်းမှာ အစိမ်းရောင်ကိုယ်ထည်နှင့် မီးရထားကြီးပေါ်တွင် တစ်ညလုံး မတ်တပ်ရပ်စီးလာပြီးနောက် မြို့သို့ရောက်လာခဲ့သည်။ သို့သော် သင်တန်းကြေးအချို့ ပေးဆောင်လိုက်ပြီးနောက်မှ အလိမ်ခံလိုက်ရကြောင်း သိလိုက်ရလေသည်။ သူက ရခဲ့သမျှလစာများကို ဖဲရိုက်၍ သုံးကုန်သွားပြီဖြစ်သဖြင့် လက်ထဲတွင် ယွမ်ရာဂဏန်းအနည်းငယ်သာ ကျန်တော့သည်။ 


 


ထောင်ရှီးက ထောင်ကျန်းကို ကြည့်လိုက်ကာ လုံးဝအံ့ဩဟန်မပြပေ။ သို့တိုင် သူ စိတ်ပျက်ရစမြဲပင်။ ထောင်ကျန်းက သူ့ကို တကူးတကလာတွေ့သည်ဟူ၍ မျှော်လင့်ထားခဲ့မိသည့် သူ့ကိုယ်သူသာ ပျက်ရယ်ပြုမိတော့သည်။ 


 


သူ နှုတ်ခမ်းများ စေ့သွားပြီး ခပ်ထေ့ထေ့ပြောလိုက်သည်။  “ ကျွန်တော့်လို ကျောင်းသားတစ်ယောက်က ပိုက်ဆံရှိမယ်လို့များ အဖေ ထင်နေတာလား…အဲ့လိုကိုယ့်သားကိုယ် ပိုက်ဆံတောင်းတဲ့သူရော ရှိသေးတဲ့လား.."


 


အဆုံးသတ်စကားက ထောင်ကျန်းကို အလွန်ဒေါသထွက်သွားစေပြီး မျက်လုံးများတွင် မီးဟုန်းဟုန်းတောက်သွားစေသည်။ 


 


“ မင်းက ကျောင်းကနေ လစဉ်ထောက်ပံ့ကြေးရတယ်မဟုတ်ဘူးလား…ကန်တင်းမှာ ထမင်းစားဖို့ ပိုက်ဆံကုန်တာကလွဲရင် မင်းမှာ တစ်ထောင်၊ နှစ်ထောင်တော့ ကျန်ရဦးမှာလေ။ ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဒီလောက်ငွေတွေ အများကြီးကို ဘယ်လိုသုံးနေတာလဲ…”


 


ထောင်ရှီး၏ ရင်ဘတ်များအောင့်တက်လာသည်။ သူ အသံကိုလျှော့နိုင်သမျှ လျှော့ကာ ပြောလိုက်၏။ 


 


“ အဖေ သေချာစုံစမ်းထားတာပဲ…ဒါပေမဲ့ တစ်လတစ်လ အဖေ့သမီးရဲ့ ဆေးဖိုးဝါးခက ဘယ်လောက်ကုန်လဲ အဖေမသိဘူးမလား…ကျွန်တော် ပိုသမျှ လစဉ်ထောက်ပံ့ကြေးတွေကို ထောင်လဲ့ကိုပဲ အကုန်ပို့ပေးတာ။ ဒီတော့ အဖေတစ်ပြားမှတောင် ထိဖို့မကြိုးစားပါနဲ့…”


 


ထို့နောက်တွင် မပြီးမစီးနိုင်သော ငြင်းခုန်မှုများ ဆက်ဖြစ်တော့သည်။ ခေါက်ဆွဲဆိုင်ပိုင်ရှင်က သူ့တို့ကို ဖျောင်းဖျရန် ကြိုးစားသော်လည်း ထောင်ကျန်း၏ခြောက်လွှတ်ခြင်းကိုသာ ခံလိုက်ရသည်။ စားသောက်နေကြသော လူအချို့မှာလည်း ပိုက်ဆံမြန်မြန်ရှင်းလျက် ခပ်သုတ်သုတ်ထွက်သွားကြသည်။


 


“ လောင်ကျစ်က ဘာမှသုံးစားမရတဲ့ သားတစ်ယောက်ကို ပျိုးထောင်မိခဲ့တာပဲ…မင်း စားနေသောက်နေ၊ စာသင်နေတဲ့ ပိုက်ဆံတွေက လောင်ကျစ်ဆီက ရတာမဟုတ်ဘူးလား…မင်းကို ဒီလိုမြို့ကြီးမှာ စာသင်ခွင့်ရအောင် လုပ်ပေးထားတာလည်း လောင်ကျစ်ပဲမဟုတ်ဘူးလား…”


 


အရှေ့မှ ဤလူကြောင့် သူ ဘယ်တော့မှ ထပ်နာကျင်ရတော့မည်မဟုတ်ဟု ထောင်ရှီး ထင်ခဲ့ဖူးသည်။ 


 


သူ သူ့ကိုယ်သူ အထင်ကြီးလွန်းသွားခဲ့သည်ထင်၏။


 


သူ စိတ်ကိုအတတ်နိုင်ဆုံး လျှော့ထားသည့်တိုင် လည်ချောင်းများကမူ ခြောက်သွေ့လာသည်။


 


“ ဟုတ်တယ်။ အဖေမှန်ပါတယ်…ဒါပေမဲ့ ကျွန်တော်က အစကတည်းက မြို့ကြီးမှာကြီးပြင်းပြီး ကျောင်းကောင်းကောင်းမှာ တက်ခဲ့ရသင့်တာ မဟုတ်ဘူးလား…”


 


ရုတ်တရက်ပင် ထောင်ကျန်းက ဝိုင်ပုလင်းကို မြေကြီးပေါ် ရိုက်ခွဲပစ်လိုက်သည်။ သူက မတ်တပ်ထရပ်ကာ တံခါးကိုလက်ညှိုးထိုးပြပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ 


 


“ ငါနဲ့ သွေးမတော်သားမစပ်တဲ့ သားတစ်ယောက်ကို ငါကရော သိပ်မွေးချင်တယ်များထင်နေတာလား…ဒါဆိုလဲ မင်းလိုကောင်က ငါ့သားအရင်းကို ငါ့ဆီပြန်ခေါ်လာခဲ့လေ…”


 


စူးရှသော ဖန်ပုလင်းကွဲသံက ထောင်ရှီး၏နားထဲသို့ စူးခနဲ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ မျက်လုံးများမှိတ်လိုက်ရာ မျက်တောင်များက ပြင်းထန်စွာ တုန်ယင်လာသည်။ 


 


သူ ငယ်ငယ်ကအချိန်ကို ရုတ်တရက် ပြန်သတိရသွားမိ၏။ ထောင်ကျန်းက အလုပ်မှပြန်လာသည့်အခါ သူ့အတွက် မြို့ကနေ သကြားလုံးနှင့် ကစားစရာအရုပ်များ ဝယ်လာပေးခဲ့သည်။ ထို့နောက် သူ့ကို ပုခုံးကျယ်ကျယ်ပေါ်တင်လျက် တောင်တန်းပေါ်နှင့် လယ်ကွင်းများဆီ ချီပိုးခေါ်သွားပြီး ပြေးလွှားဆော့ကစားစေခဲ့သည်။ 


 


ဘယ်အချိန်ကစပြီး ပြောင်းလဲသွားခဲ့တာလဲ…


 


သူက ထောင်ကျန်းနှင့် လုံးဝမတူသဖြင့် ကောဖျင်က အပြင်လူတစ်ယောက်နှင့် ဖောက်ပြန်ခဲ့ခြင်းဖြစ်မည်ဟု ရွာထဲမှလူများက အတင်းအဖျင်းများပြောကြသည်။ ထိုမှစ၍ ထောင်ကျန်းက သူနှင့်တဖြည်းဖြည်း အနေစိမ်းလာခဲ့သည်။ နှစ်ယောက်အတူနေရချိန်လည်း နည်းပြီးရင်းနည်းလာသဖြင့် ထောင်ရှီး တဖြည်းဖြည်း အရွယ်ရောက်လာချိန်၌ သူတို့နှစ်ယောက်က သူစိမ်းများကဲ့သို့ပင် ဖြစ်လာခဲ့သည်။


 


ကောဖျင်၏ဝန်ခံစကားကို ကြားပြီးနောက်တွင် ထောင်ကျန်းက သူ့ကို မျက်လုံးချင်းပင်ဆုံအောင် မကြည့်တော့ဘဲ ယခုကဲ့သို့ ခနဲ့သည့်စကားများသာ ပြောလာခဲ့သည်။ 


 


ယခုတွင် ထောင်ကျန်းက သူ့ကိုပိုက်ဆံတောင်းနေ၍မျှမကဘဲ သူ့သားအရင်းကိုပါပြန်ပေးရန် တောင်းနေသည်။ 


 


သောက်ကျိုးနည်း သူခိုးက လူပြန်ဟစ်နေတာပဲ…


 


ထောင်ရှီး တစ်ခဏချင်း ထရပ်လိုက်ပြီး ထောင်ကျန်းကို အော်ပြောလိုက်သည်။ 


 


“ အဖေ့သားအရင်းက ဒီကျောင်းမှာပဲ ရှိတယ်…ကျွန်တော်နဲ့တစ်တန်းထဲပဲ။ အဖေ့က သူ့အဖေအရင်းပါလို့ ကိုယ့်ဟာကိုယ် သွားပြောချည်လေ…”


 


သို့တိုင် အဆုံးတွင်မူ သူ၏နီရဲနေသောမျက်လုံးများက ထောင်ကျန်းအား ဝမ်းနည်းစွာစိုက်ကြည့်ကာ ထေ့ငေါ့၍ပြောလိုက်သည်။


 


“ ဘာဖြစ်လို့ ဒီလိုတွေ လုပ်ခဲ့တာလဲဆိုပြီး အဖေ ကောဖျင်ကိုအရင်သွားမေးသင့်တာ။ ပြီးတော့ ကိုယ့် ကိုယ်ကျင့်တရားကိုယ်လည်း ပြန်ကြည့်ဦး…ကျွန်တော်ကရော အဖေ့လို အဖိုးကြီးတစ်ယောက်ကို သိပ်လိုချင်တယ်လို့များထင်နေတာလား…” 


 


ထောင်ကျန်းမှာ သူ့အရှေ့တွင် အမြဲတစေ ရေငုံနှုတ်ပိတ်သာ နေတတ်လေ့ရှိသော “သား”ဖြစ်သူ မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ ဒေါကန်သွားပြီး စားပွဲပေါ်မှ ပန်းကန်လုံးကို ပေါက်ခွဲလိုက်ပြီး နောက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်သည်။


 


“ ငါ နောက်ရက်နည်းနည်းနေရင် မင်းကိုပြန်လာရှာမယ်။ ပိုက်ဆံကိုအသင့်ပြင်ထားလိုက်။ မင်းမှာ ပေးကိုပေးရမယ့် ဝတ္တရားရှိတယ်…”


 


ပြောပြီးသည်နှင့် သူက ခေါက်ဆွဲဆိုင်ပြင်ဘက်ကို ရှုသိုးသိုးမျက်နှာဖြင့် ထွက်သွားသည်။ မထွက်သွားမီ စားပွဲခုံကိုပါ ကန်ကျောက်ခဲ့သေးသည်။ ထောင်ရှီး ထိုင်ခုံပေါ်တွင် အချိန်အတော်ကြီးကြာသည်ထိ ထိုင်နေမိခဲ့သည်။ အတန်ကြာမှ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော သူ့ရင်ဘတ်ကလည်း တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။ 


 


သူ အင်္ကျီလက်ပေါ်မှ စွတ်ပြုတ်ရည်များကို တစ်ရှူးဖြင့် သုတ်လိုက်သည်။ သို့သော် ပြောင်စင်မသွားပါချေ။ သူ လက်လျှော့လိုက်ပြီး ဆိုင်ရှင်ကို ကြမ်းပြင်ပေါ်မှ အပျက်အစီးအစအနများ ကူရှင်းပေးရန် ထလိုက်သည်။ ထို့နောက် ဆိုင်ရှင်ကို ကျသင့်ငွေနှင့် လျှော်ကြေးငွေကို ပေးဆောင်လိုက်သည်။ 


 


ခေါက်ဆွဲဆိုင်ပိုင်ရှင်က ပိုက်ဆံလှမ်းယူရင်း ထောင်ရှီးကိုကြည့်ပြီး သက်ပြင်းချသည်။ ထို့နောက် ခဏကြာ ချီတုံချတုံဖြစ်နေပြီးမှ မေးလာသည်။ 


 


“ ဘာတွေဖြစ်ကြတာလဲ…မင်း ရဲခေါ်ချင်သေးလား…” သူလည်း နားစွန်နားဖျား ကြားလိုက်ရသည့်အတွက် ထောင်ရှီးငယ်စဉ်ဘဝက ပြန်ပေးဆွဲခံခဲ့ရသလားဟုပင် သံသယဝင်မိသွားခဲ့သည်။ 


 


ထောင်ရှီးက နှုတ်ခမ်းစွန်းများ ကွေးညွှတ်အောင် ပြုံးရင်း ခေါင်းခါပြလိုက်သည်။  “ဘာမှမဖြစ်ပါဘူး၊ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်…”


 


ကိစ္စများပြီးစီးသည်နှင့် သူ ခေါက်ဆွဲဆိုင်ထဲမှ ထွကလာခဲ့သည်။ နီရွှေရောင်မီးရောင်တောက်တောက်က မြို့တွင်းရှိ လမ်းမများနှင့် လမ်းကြိုးလမ်းကြား ဟူသမျှကို လွှမ်းခြုံထားသော်လည်း မည်သည့်အခါမှ မီးအလင်းရောင် မရသော မှောင်မှောင်မဲမဲ လမ်းထောင့်ချိုးများလည်း ရှိနေသည်။


 


သူက ထိုမှောင်မှောင်မဲမဲ လမ်းကြားမှထွက်လာခဲ့ပြီး ဝမ်းဟွာ အ.ထ.က(၁) ကျောင်းပေါက်ဝသို့ လျှောက်လာခဲ့သည်။ 


 


ညနေ နေဝင်ရီတရောအချိန်တွင် မြင့်မားသည့် ကျောင်းဂိတ်တံခါးကြီးက တိတ်ဆိတ်စွာ ထီးထီးကြီးတည်ရှိနေသည်။ ထောင်ရှီး ဤနေရာသို့ ပထမဆုံးရောက်လာခဲ့သည့်အချိန်ကို ပြန်အမှတ်ရမိ၏။ ထိုစဉ်က သူ့ဘဝ၏ တံခါးသစ်တစ်ချပ် ပွင့်လာပြီး သာယာချောမွေ့သည့် ဘဝခရီးလမ်းကို ရွက်လွှင့်ရတော့မည်ဟူ၍ ရည်မှန်းချက်များ၊ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ပြည့်နှက်နေခဲ့သည်။


 


ယခုမူ ဤကျောင်း၏ သီးသန့်ယူနီဖောင်းကို ဝတ်လျက်သားဖြင့် ကျောင်းတံခါးကြီးကို ကြည့်လိုက်သောအခါဝယ် တံခါးထဲသို့ ဝင်သွားဖူးရဲ့လား ဟုတောင် ဝေခွဲမရဖြစ်နေတော့သည်။ 


 


အဆင်ပြေသွားမှာပါ၊ ထောင်ရှီးရ…


 


သူ သူ့ကိုယ်သူ နှစ်သိမ့်စကားဆိုလိုက်သည်။ 


 


သူ့ခြေထောက်များက ရွှံ့နွံထဲတွင် နစ်မြှုပ်နေသည်ဆိုလျှင်တောင် မဆုတ်မနစ်ကြိုးစား၍ မရ၊ ရအောင် ပြန်တက်ရမည်ပင်။ 


 


ထောင်ရှီးက အမည်စာရင်းသွင်းရန် အစောင့်၏အခန်းထဲသို့ ဝင်လာသောအခါ ပိန်ပိန်ပါးပါးနှင့် အမျိုးသားတစ်ယောက်က အစောင့်နှင့်စကားပြောနေသည်ကို တွေ့လိုက်ရသည်။ ထိုသူက ကြည့်လိုက်သည်နှင့် တန်ဖိုးကြီးမှန်းသိသာ ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်ကမူ အနက်ရောင် ဈေးဝယ်အိတ်ငယ်လေးတစ်လုံးကို ကိုင်ထားသည်။ သူက လက်ကောက်ဝတ်မှ နာရီကို ကြည့်ရင်း အစောင့်ကိုပြောလိုက်သည်။


 


“ ကိုယ် သူ့ကို ဖုန်းခေါ်တယ်၊ သူ မကိုင်ဘူး…ကိုယ့်ကို သူ့အတန်းပိုင်ဆရာနဲ့ ဆက်သွယ်ပေးလို့ရမလား…အတန်းပိုင်ဆရာကို ဒီပစ္စည်းလေးတွေ ပေးပြီးရင် ကိုယ်ပြန်မှာပါ…”


 


အစောင့်က ဤအပြုံးချိုချိုနှင့် အမျိုးသားကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေကြောင်း သိသာသည်။ ထိုအချိန်တွင် ထောင်ရှီးဝင်လာသည်ကို မြင်သောအခါ အစောင့်က ထိုလူကို အလျင်စလိုပြောလိုက်သည်။ 


 


“ ဒီကျောင်းသားက အစ်ကို့သားနဲ့ အတန်းတူတူပဲဖြစ်မယ်ထင်တယ်။ ပစ္စည်းကို သူကနေတစ်ဆင့် ယူသွားခို်ငးလိုက်ရင်ရော…”


 


ထိုအမျိုးသားက အနောက်လှည့်ကာ ထောင်ရှီးကို လှည့်ကြည့်သည်။ ခေါင်းထောင်ကြည့်လာသည့် ထောင်ရှီးကို မြင်သောအခါ သူ အနည်းငယ် အံ့ဩသွားသည်။ ထို့နောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလျက် မေးလိုက်၏။


 


“ ကျောင်းသားလေး၊ မင်းက ဒုတိယနှစ်၊ တန်းခွဲ(၁)ကလား…”


 


ထောင်ရှီးမှာ ထိုလူကို ကြည့်ပြီး ထုံထုံထိုင်းထိုင်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 


 


ထိုအမျိုးသားက ခြေတစ်လှမ်းရှေ့တိုးကာ ထောင်ရှီး၏ညစ်ပတ်နေသော အင်္ကျီလက်များကို တစ်ချက်ကြည့်လိုက်ပြီး နူးညံ့သောလေသံဖြင့် ဆိုလိုက်သည်။ 


 


“ ဦးကိုကူညီပေးလို့ရမလား… ဒါက ဦး အလုပ်ခရီးကအပြန် ဦးရဲ့သားအတွက်ဝယ်လာတဲ့ လက်ဆောင်လေးပါ။ သူက ဦးဖုန်းဆက်တာကို မကိုင်ဘူး‌လေ…အဲ့ဒါကြောင့် ဒီပစ္စည်းလေးတွေကို သူ့ဆီ ယူသွားပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်…”


 


သူ့စကားများထဲတွင် သားဖြစ်သူဖုန်းမကိုင်ခြင်းကြောင့် အရှက်ရနေခြင်း စိုးစဉ်းမျှမရှိပါချေ။ 


 


ထောင်ရှီးက အနက်ရောင် ဈေးဝယ်အိတ်ငယ်လေးကို တစ်ချက်ကြည့်လိုက်သည်။ ကုန်အမှတ်တံဆိပ်ကို သူ မခန့်မှန်းတတ်သော်လည်း တန်ဖိုးကြီးပစ္စည်းများဖြစ်ပုံရမည်။ 


 


အမှန်တွင် သူ လုံးဝမကူညီချင်ပေ၊ အကြောင်းမှာ တစ်စုံတစ်ရာ ပျောက်ရှမှားယွင်းသွားခဲ့လျှင် တာဝန်ယူရမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ သူ အကြောင်းပြချက်ပေးရန် ပြင်နေစဉ်မှာပင် ထိုအမျိုးသားထံမှ စကားဆက်ဆိုလာသံကို ကြားလိုက်ရသည်။


 


“ ဒါနဲ့ စကားမစပ် ဦးရဲ့သားနာမည်က ယန်သောလဲ့ပါ။ သူက ဒီစာသင်နှစ်မှ တန်းခွဲ(၁)ကို ပြောင်းလာခဲ့တာလေ…မင်း သူ့ကို သိလောက်တယ်…”


 


ထောင်ရှီး ထိုအမျိုးသားကို ရုတ်ခြည်းမော့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်ဝယ် အသက်ရှူနေသလားကိုတောင် သူ့ကိုယ်သူ မသိတော့သည်အထိပင်။ 


 


သူ့ခေါင်းထဲ၌ တိုးလျသော ပေါက်ကွဲသံတစ်ခု မြည်ဟီးသွားသည်။ သူ့လည်ချောင်းထဲတွင်လည်း ဂွမ်းစအစိုများဖြင့် ရုတ်ခြည်း ပိတ်ဆို့ခံလိုက်သည့်ပမာ တစ်ခုခုပြောလိုက်ချင်သော်လည်း စကားသံများက ထွက်မလာခဲ့ချေ။ 


 


အမျိုးသားက ကောင်လေး၏ နီရဲသွားသော မျက်လုံးများကိုမြင်လိုက်ရသော် အနည်းငယ် ထိတ်လန့်သွားသည်။ ခဏကြာမှ သူက ပြုံးလျက် အမေးစကားဆိုလိုက်သည်။


 


“ ယူသွားပေးလို့ရမလား…”


 


ထောင်ရှီး အနေရခက်စွာ မျက်လွှာချလိုက်ပြီး ထုံထုံထိုင်းထိုင်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ “ဟုတ်ကဲ့” ဟု ပြောလိုက်သော်လည်း အသံထွက်မသွားဘဲ နှုတ်ခမ်းသာ လှုပ်သွားသည်။


 


“ကျေးဇူးတင်ပါတယ်ကွာ…” အမျိုးသားက စျေးဝယ်အိတ်ကို ထောင်ရှီးလက်ထဲထည့်ပေးရင်း ခပ်နောက်နောက်ပြောသည်။


 


“ ဦးရဲ့သားသာ အဆင်တပြေနဲ့ ဖုန်းကိုင်ခဲ့ရင် သူ့ကိုပစ္စည်းပေးဖို့ ဒီလောက်ထိ ဒုက္ခများစရာ မလိုတဲ့ဟာကိုလေ…”


 


ဘေးနားမှ အစောင့်က သဘောတကျနှင့် ဆိုသည်။ “ ဒီအရွယ်ကလေးတွေက ပုန်ကန်တတ်တဲ့အရွယ်ဆိုတော့ စကားနားမထောင်တတ်ကြဘူးဗျ။ မကြာခင်အဆင်ပြေသွားမှာပါ။ သိပ်လည်း စိတ်ပူမနေပါနဲ့…”


 


ထိုအမျိုးသားက ပြုံးရုံပြုံးကာ သူ့သားကို အမှန်တကယ်ပင် မနိုင်သည့်အလား ကူကယ်ရာမဲ့စွာ ပြောလာသည်။ “ကိုယ်က သူ့ကို ငယ်ငယ်လေးကတည်းက အလိုလိုက်ခဲ့မိတော့လည်း မတတ်နိုင်ဘူးပေါ့ကွာ…”


 


ထောင်ရှီးမှာ မျက်လုံးများ မှိတ်လိုက်ပြီး ပင့်သက်ပြင်းပြင်းရှိုက်လိုက်သည်။ သူ လက်ထဲတွင် ဈေးဝယ်အိတ်ကိုကိုင်လျက် ထွက်သွားမည်ပြုစဉ် လက်တစ်ဖက်က သူ့ပုခုံးကို ခပ်သာသာပုတ်လာသည်။ 


 


အမျိုးသားက ခေါင်းငုံ့လျက် သူ့မျက်လုံးများကို စိုက်ကြည့်လာသည်။ နက်နဲကာ နူးညံ့သောမျက်လုံးများက ပြုံးယောင်သန်းသွားလျက် သူ့ကိုမေးသည်။ 


 


“ ဦး မေးဖို့မေ့တော့မလို့…မင်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ…”


 


ထောင်ရှီးမှာ တစ်ဒင်္ဂမျှ နှုတ်ဆိတ်သွားပြီးနောက် ခြောက်ကပ်နေသော အသံဖြင့်ပြောလိုက်သည်။


 


“ ထောင်ရှီး…”


 


“ ထောင်ရှီး တဲ့လား…တကယ်ကောင်းတဲ့နာမည်လေးပဲ…” ထိုအမျိုးသားက ခဏစကားရပ်သွားပြီး ကတ်ထည့်သည့်အိတ်ထဲမှ လုပ်ငန်းလိပ်စာကတ်တစ်ခုကို ထုတ်လိုက်ကာ ထောင်ရှီး၏လက်ထဲသို့ ထည့်ပေးလာသည်။ 


 


“ တကယ်လို့ ဦးရဲ့သားက မယူချင်ဘူးပြောရင် ဦးကို ဖုန်းခေါ်လိုက်လို့ရတယ်…”


 


ထောင်ရှီးက ခေါင်းငုံ့ကြည့်လိုက်သော် ရွှေရောင်ဖျော့ဖျော့ လုပ်ငန်းလိပ်စာကတ်၏ အလယ်ဗဟိုတွင် ပုံနှိပ်ထားသော စာလုံးသုံးလုံးကို တွေ့လိုက်ရသည် : ယန်ကျန်းမင်


 


 


အမည်၏အောက်တွင်မူ ဖုန်းနံပါတ်တစ်ခုရှိနေပြီး ရေမွှေးနံ့ခပ်သင်းသင်း ရနေသည်မှအပ အခြားမည်သည့်အရာမှ ထူးထူးခြားခြားမပါတော့ချေ။


 


 


ထောင်ရှီး မျက်တောင်များ တဖျတ်ဖျတ်ခပ်လိုက်သည်။ 


 


 


သေချာသည်။


 


 


သူ့ဖခင်ဖြစ်သူ၏အမည်က ယန်ကျန်းမင် ဖြစ်လိမ့်မည်။


ထိုလုပ်ငန်းလိပ်စာကတ်ပြားကို လှမ်းယူရန် သူ့တွင် ရှိသမျှ ခွန်အားများကို အသုံးပြုလိုက်ရသည်။ 


 


 


ထို့နောက် သူ ထိုနေရာမှ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးလာခဲ့တော့သည်။ 


 


 


______________


 


ထောင်ရှီးအတွက် မတရားဆုံးကိစ္စက မိသားစုနှစ်ဖက်လုံးက ယန်သောလဲ့ကိုပဲ ဝိုင်းချစ်နေကြတာကိုပဲ - မိသားစုတစ်ခုက အဖြစ်မှန်ကိုမသိလို့ ချစ်ကြတာဖြစ်ပြီး နောက်မိသားစုတစ်ခုကတော့ အဖြစ်မှန်ကို သိရဲ့သားနဲ့ချစ်နေကြတာ။ ယန်သောလဲ့က ဒီကိစ္စတွေရဲ့ တရားခံမဟုတ်ဘူးဆိုပေမယ့် ထောင်ရှီးအနေနဲ့ သူမရခဲ့တဲ့ဘဝကိုပိုင်ဆိုင်နေတဲ့ ယန်သောလဲ့ကို မနာလိုဖြစ်တာမဆန်းဘူး။ စိတ်မကောင်းစရာက ကလေးချင်းအလဲခံရပြီး မွေးစားမိသားစုရဲ့ “စွန့်ပစ်ပစ္စည်း” လို ကြီးပြင်းခဲ့ရတဲ့ ထောင်ရှီးအတွက် ဘယ်သူကမှ တရား၏၊ မတရား၏မတွေးပေးခဲ့ကြဘူး။ တကယ်လို့ ထောင်ရှီးနေရာမှာ ယန်သောလဲ့သာဆိုရင် ကောဖျင်နဲ့ ထောင်ကျန်းက ကောင်းကောင်းဆက်ဆံပေးကြဦးမှာ။ ဒါတကယ်ကို တအားရင်နာစရာကောင်းတယ်။


-        Feedback from a reader -