အပိုင်း ၂၂
Viewers 8k

Chapter- 22

 

ထောင်ရှီးက စာသင်ခန်းကိုပြန်မသွားခင် သန့်စင်ခန်းထဲသို့အရင်ဝင်ကာ မျက်နှာသစ်လိုက်သည်။ ထို့နောက် စွပ်ပြုတ်ရည်များစွန်းနေသည့် သူ့အင်္ကျီလက်ကို လက်သန့်ဆေးရည်ဖြင့် ပွတ်ဆေးလိုက်သည်။ 

 

သူက ခေါင်းမော့လိုက်ကာ မှန်ထဲရှိ မိမိကိုယ်မိမိ ကြည့်လိုက်သည်။ စာသင်ခန်းထဲသို့ ဝင်လျှင် သူ့မျက်လုံးများ နီရဲမနေစေရန် မျက်လုံးထောင့်ကို စိုစွတ်နေသော လက်ဖြင့် ဖိသုတ်လိုက်သည်။ ပြန်လာသည့်လမ်းတွင်လည်း ပန်းချီကလပ်မှ လူများနှင့်ဆုံသောကြောင့် ခါတိုင်းကဲ့သို့ပင် မင်္ဂလာပါဟု နှုတ်ဆက်လိုက်သည်။

 

သူ ဈေးဝယ်အိတ်တစ်လုံးနှင့်အတူ စာသင်ခန်းထဲသို့ တိတ်တဆိတ်ပြန်ဝင်လာခဲ့သည်။ ဆည်းဆာနေရောင်က ဆီးနှင်းရိုက်ခံထားသော မေပယ်လ်ရွက်နီများ စုဝေးနေသည့်ပမာ စာရေးခုံများပေါ်ဖြာကျနေသည်။

 

စာသင်ခန်းထဲတွင် လူဆယ်ယောက်မကရှိနေပြီး အများစုက ခေါင်းငုံ့ကာ အိမ်စာလုပ်နေကြသည်။ သူ ဝင်လာသည်ကို မည်သူမျှသတိမထားလိုက်ကြ၊ သတိထားမိလျှင်တောင် မော့ကြည့်လာကြမည်မဟုတ်ချေ။

 

သို့သော် ဘယ်အချိန်ကပြန်လာမှန်းမသိသော လင်ချင်းဟယ်က နောက်ဆုံးတန်းတွင် ထိုင်နေကာ ပုဇွန်ဆီရောင်နှင့် ခရမ်းပြာရောင်သန်းနေသော နေဝင်ဆည်းဆာအောက်ဝယ် ထောင်ရှီးကို မော့ကြည့်လာခဲ့လေသည်။ 

 

ထောင်ရှီးမှာ နှစ်ပေါင်းများစွာ ကြာသည့်တိုင် နေဝင်ရီတရောအချိန်လေးတွင် လင်ချင်းဟယ် သူ့ကို မော့ကြည့်နေခဲ့သော ထိုညနေခင်းလေးကို အမြဲအမှတ်ရနေခဲ့လေသည်။ ထိုအချိန်ကို ပြန်တွေးကြည့်မိတိုင်း နေဝင်ဆည်းဆာချိန်က သူ့မျက်ခမ်းစပ်မှ မှုန်ရီဝါးစွာ ပေါ်ပေါက်လာခဲ့သည့်အလားပင် ခံစားရသည်။

 

သူ ခြေကိုကြွလျက် နောက်ဆုံးတန်းရှိ သူ့ထိုင်ခုံဆီသို့ ခပ်သွက်သွက်လျှောက်လာကာ ထိုင်ချလိုက်သည်။ သူက ဖျတ်လက်သွက်လက်စွာပင် လင်ချင်းဟယ်အား လှမ်းမေးလိုက်သည်။

 

“ မင်း အစည်းအဝေးသွားတက်တာ မဟုတ်ဘူးလား…ဒီနေ့ကျောင်းမလာလောက်တော့ဘူးလို့ ငါထင်နေတာ…”

 

လင်ချင်းဟယ်က သူ့မျက်လုံးများကို တည့်တည့်ကြည့်ကာ ခပ်ပြတ်ပြတ် ပြန်ဖြေလာခဲ့သည်။ 

 

“ စောပြန်လာခဲ့တာ…”

 

“ အင်းပေါ့၊ အစည်းအဝေးက ပျင်းဖို့ကောင်းတော့လဲ…”

 

ထောင်ရှီးက သူ့မျက်နှာကို အနည်းငယ်ကွယ်လိုက်သည်။ တစ်ခုခု ရိပ်မိသွားမည်ကို စိုးသည့်အလား လင်ချင်းဟယ်၏ အကြည့်များကို ကြောက်နေမိသည်။ သူ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လက်ထဲမှ အိတ်လေးကို လင်ချင်းဟယ်၏စာရေးခုံပေါ်သို့ တင်ပေးလိုက်ပြီး အတက်အကျမရှိသောလေသံဖြင့် ပြောလိုက်သည်။ 

 

“ ဒါကယန်သောလဲ့ အဖေရဲ့ လက်ဆောင်။ သူ ဒီနေ့မလာဘူး…မင်း သူ့ကို ယူသွားပေးလိုက်နော်…”

 

လင်ချင်းဟယ်မှာ မျက်ခုံးပင့်သွား၏။ သူက ဈေးဝယ်အိတ်ကို ငုံ့ကြည့်ရင်း လေသံမှာလည်း တဖြည်းဖြည်း ထိတ်လန့်ဖွယ် ကောင်းလာခဲ့၏။  “မင်းက ယန်သောလဲ့ရဲ့အဖေနဲ့ ဘယ်မှာသွားဆုံတာလဲ…”

 

ထောင်ရှီးမှာ နှုတ်ခမ်းကို ကိုက်ထားမိသည်။ လင်ချင်းဟယ်၏ ဘဝင်မကျဟန်လေသံကိုကြားသောအခါ စိတ်ကွက်သွားပုံဖြင့် အကြောင်းစုံကို ပြောပြလိုက်သည်။

 

“ ငါ သူ့ကို ကျောင်းဂိတ်ပေါက်မှာ တွေ့ခဲ့တာပါ။ သူ ယန်သောလဲ့ကို ဖုန်းခေါ်ပေမဲ့ မကိုင်တာနဲ့ ငါ့ကို ယူသွားပေးဖို့ အကူအညီတောင်းလို့…”

 

လင်ချင်းဟယ်က ဘာမှပြန်ပြောမလာဘဲ ဈေးဝယ်အိတ်ကို သူ့ကျောင်းလွယ်အိတ်ထဲ ပစ်ထည့်လိုက်သည်။ အသုံးမဝင်သော အမှိုက်တစ်စကို လွှင့်ပစ်လိုက်သည့်အလားပင်။

 

ထောင်ရှီးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ 

 

ယနေ့ညနေတွင် ကြုံခဲ့ရသည့်အဖြစ်အပျက်၊ ကြုံခဲ့ရသည့်လူများကို သူ မေ့ပစ်လိုက်ချင်သည်။ 

 

သူက ဘောပင်ကို ထုတ်လိုက်ပြီး ထုံးစံအတိုင်း ခေါင်းငုံ့ကာ သင်္ချာမေးခွန်းလွှာများကို စဖြေသည်။ သူ့နှလုံးအိမ်မှာ တည်ငြိမ်တစ်လှည့်၊ ရုန့်ရင်းဆန်ခတ်တစ်လှည့် ဖြစ်နေသဖြင့် လင်ချင်းဟယ်ကို WeChat အကောင့်အပ်ရမည့် ကိစ္စကိုပင် လုံးလုံးလျားလျား မေ့သွားလေသည်။ 

 

ထောင်ရှီးက သူ့လက်ထဲမှ မေးခွန်းများကို အလျင်အမြန်ဖြေနေပြီး ဖြစ်ခဲ့သမျှအကြောင်းကို မေ့ပျောက်နိုင်ရန်အတွက် စာထဲသာ အာရုံစိုက်ထားကာ တွက်ချက်ပြီးရင်း တွက်ချက်နေသည်။ ထိုစဉ် လင်ချင်းဟယ်၏ ရုတ်တရက် မေးလာသံကို ကြားလိုက်ရသည်။

 

“ ထောင်ရှီး မင်းဘာဖြစ်နေတာလဲ…” 

 

သူ့လေသံက စိတ်ဝင်စားမှုမရှိသည့်ဟန်ဖြစ်နေသော်ငြား တစ်ဖက်ကကြည့်လျှင် သူ့ ခံစားချက်များအားလုံးကို သတိပြုမိနေသကဲ့သို့ပင် ထင်မှတ်ရသည်။

 

ထောင်ရှီးမှာ တုံ့ခနဲ ရပ်သွားပြီး လင်ချင်းဟယ်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။

 

“ ဘာဖြစ်လို့လဲ..ငါ အိမ်စာလုပ်နေတာလေ၊ မသိလို့လားဟင်…ဒီနေ့ ကျိုးလောင်ရှီးက ငါ့ကို သင်္ချာမေးခွန်းလွှာ သုံးစုံတောင် ထပ်ပေးသွားလိုက်သေးတယ်လေ…”

 

သူ့မျက်တောင်ဖျားတွင် တွဲခိုနေသည့် မျက်ရည်စများရှိနေသေးကြောင်း သူ့ကိုယ်သူ သတိမထားမိခဲ့ချေ။ ထို့အပြင် မျက်ခမ်းစပ်များကလည်း အနည်းငယ်နီရဲနေသေးကာ နေဝင်ရီတရောအချိန်ပင် ဖြစ်လင့်ကစား ဖုံးကွယ်ထားနိုင်စွမ်းမရှိချေ။

 

လင်ချင်းဟယ်က သူ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်လာသောအခါ ထောင်ရှီးမှာ မျက်တောင်များ တဖျတ်ဖျတ်ခတ်၍ အကြည့်လွှဲလိုက်မိသည်။ 

 

လင်ချင်းဟယ်က သူ ဖြေနေသည့် သင်္ချာမေးခွန်းစာရွက်ကို အကြည့်ပို့လိုက်ပြီး ပြောလာခဲ့သည်။ 

 

“ တတိယမေးခွန်းက C ကို ရွေး…ခါတိုင်းဆို မင်း မှားဖြေလေ့မရှိပါဘူး…”

 

ထောင်ရှီးမှာ ထိတ်လန့်သွားပြီး မေးခွန်းကို ပြန်ငုံ့ကြည့်လိုက်သည်။ မေးခွန်းက အလွန်ပင် ရိုးရှင်းလွယ်ကူသော ပုစ္ဆာဖြစ်နေသည်ပင်။ မတိုင်မီက သူ မည်သို့မည်ပုံ တွက်ချက်မိခဲ့သလဲကိုပင် မမှတ်မိတော့ပေ။

 

“ ကျေးဇူး…ငါ ပြန်ပြင်လိုက်ပါ့မယ်…”

 

သူ ခေါင်းငုံ့ကာ ခဲတံဘူးထဲမှ ကော်ရက်ရှင်တိပ်ကို ကပျာကယာထုတ်ယူလိုက်သည်။ လင်ချင်းဟယ် သူ့ကို ကြည့်နေသည်ကို ခံစားမိနေသဖြင့် သူ့လှုပ်ရှားမှုမျာမှာ ပို၍ပင် ကိုးရိုးကားယားဖြစ်လာ၏။ အဖြေမှားကို ဖျက်ရန်အတွက် သူ အချိန်အတော်ကြာ အားထုတ်လိုက်ရပြီး ဘောပင်ဖြင့် C ဟူ၍ ခပ်ဝိုင်းဝိုင်းချရေးလိုက်သည်။ 

 

ထို့နောက်တွင် လင်ချင်းဟယ်၏ လေသံဖြည်းဖြည်းနှင့် စကားဆိုလာသံကို သူ ကြားလိုက်ရသည်။ 

 

“ ငါမင်းကို ပြောဖူးတယ်မလား…မင်းမှာ ပြောစရာတစ်ခုခုရှိရင် ငါ့ကို တိုက်ရိုက်ပြောလို့ရတယ်…ငါ နားထောင်ပေးမယ် ဆိုတာလေ…”

 

ထောင်ရှီးမှာ လက်သီးဆုပ်ထဲမှ ဘောပင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိပြီး မျက်တောင်များလည်း တဖျတ်ဖျတ်ပုတ်ခတ်နေမိသည်။

 

“ ငါ့ကိုပြော၊ မင်း တစ်ခုခုဖြစ်ခဲ့တာမလား…”

 

သူ့အသံမှာ တိုးလျကာ အနည်းငယ်ပင် နူးညံ့နေသည်။ သူ့ကို အမှန်အတိုင်းပြောထုတ်လာအောင် တိုက်တွန်းနေသည့်အလားပါပင်။

 

ထောင်ရှီး၏ လက်ချောင်းများ တုန်ယင်နေသည်မှာ မရပ်တန့်နိုင်တော့။ သူ ဘောပင်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိပြီး ရင်ဘတ်များလည်း အောင့်တက်လာခဲ့သည်။ 

 

ဒါပေမဲ့ သူ ဘာပြောနိုင်မှာတဲ့လဲ…

 

ဆယ့်ခြောက်နှစ်လောက်  သူ့ကို “ပျိုးထောင်” လာခဲ့သည့် သူ့အဖေက အသုံးစရိတ်များလာတောင်းပြီး ခွေးတစ်ကောင်ကို မောင်းထုတ်သလို ကြိမ်းမောင်းခဲ့သည့် အကြောင်းကိုလား…

 

သူ့ဖခင်အရင်းက သူ၏အဖိုးတန်သားလေးအတွက် လက်ဆောင်များလွှဲပေးရန် အကူညီတောင်းခဲ့သည့်အကြောင်းကိုလား…

 

သို့ပေမယ့် ၎င်းက ဒရမ်မာဇာတ်ကားများထက်ပင် ပိုရယ်စရာကောင်းကာ အပေါစားဆန်လှသည်။

 

သူ ဘာမှပြောမထွက်နိုင်ပါပေ။

 

“ ငါ ဘာမှဖြစ်ခဲ့ပါဘူး...”

 

ထောင်ရှီးက သူ့လက်မှဂျယ်လ်ဘောပင်ကိုသာ ငုံ့ကြည့်ကာ နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားမိသည်။ 

 

“ ငါ့ကိုပြော…”  လင်ချင်းဟယ်၏အသံက ပို၍ပင် နက်ရှိုင်းလေးနက်လာပြီး တစ်ပါးသူအား ငြင်းမရအောင် ဖိအားများပေးစွမ်းနေသည်။

 

ထောင်ရှီးမှာ ခဏကြာ တိတ်ဆိတ်နေပြီးနောက်မှ လင်ချင်းဟယ်၏မျက်ဝန်းများကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ လုံးလုံးလျားလျား နီရဲနေလောက်မည်မှာ သေချာ၏။ သူ တတ်နိုင်သမျှ အသံကိုထိန်းကာ ပြောလိုက်သည်။

 

“ ငါ အခု အရမ်းငိုချင်နေတယ်…ဒါပေမဲ့ ငိုစရာနေရာမရှိဘူး…အဲ့လိုပြောရင် မင်းကျေနပ်ပြီလား…”

 

လင်ချင်းဟယ်က မျက်မှောင်ခပ်သာသာကြုတ်ကာ သူ့ကိုကြည့်လာသည်။ သို့သော် ဘာစကားမှ မဆိုလာချေ။ 

 

ထောင်ရှီး ခေါင်းကိုတစ်ဖန်ပြန်ငုံ့လိုက်ကာ မိမိကိုယ်မိမိ စိတ်ထဲမှ ပြစ်တင်ကြိမ်းမောင်းလိုက်သည်။ 

 

ယခုနေမှ ဆင်ခြေပေးလို့ကလည်း အဆင်မပြေတော့ချေ။ သူ တကယ်ကြီး ငိုချင်သည်ဟု ပြောထွက်ပြီးသွားလေပြီ။

 

သူ ဘယ်တုန်းကမှ လူအများရှေ့တွင် မငိုခဲ့ဖူးပေ။ 

 

၎င်းက သိပ်ရှက်စရာကောင်းလွန်းလှသည်။

 

ထောင်ရှီးမှာ နောင်တဆေးလုံးများကို သောက်ပစ်လိုက်ချင်သည်။ သူက ရင်တထိတ်ထိတ်ဖြင့် ဘောပင်ကို ပြန်ကောက်ကိုင်လိုက်ပြီး ပုစ္ဆာကိုဆက်တွက်တော့မည်ပြုစဉ် သူ့ညာလက်ကောက်ဝတ်ကို လက်တစ်ဖက်က ရုတ်တရက် တင်းကြပ်စွာ လာရောက်ဆုပ်ကိုင်လေသည်။ ထို့နောက်တွင်မူ လင်ချင်းဟယ်၏ အေးစက်စက်အသံက ထွက်ပေါ်လာသည်။

 

“ ငါ့နောက်ကို လိုက်ခဲ့…” 

 

သူ ဘာမှပင် မတုံ့ပြန်နိုင်လိုက်ခင် လင်ချင်းဟယ်က သူ့အား ထိုင်ခုံပေါ်မှ ဆွဲမလိုက်သည်။ ခွန်အားကြီးလှသောကြောင့် သူ အနည်းငယ်ပင် ယိုင်ထိုးသွားရ၏။

 

“ မင်း ဘာလုပ်မလို့လဲ…”

 

“ မင်း ငိုချင်နေတာမဟုတ်လား…ငိုလို့ရမယ့် တစ်နေရာ ရှာပေးမလို့လေ…” လင်ချင်းဟယ်၏ လေသံမှာ စိတ်မရှည်ပုံပေါ်နေပြီး သူ့ကိုပြန်ချေပခွင့်ပင် မပေးပါချေ။

 

စကားအချို့ပြောအပြီးတွင် ထောင်ရှီးမှာ စာသင်ခန်း၏ အနောက်တံခါးကနေ တရွတ်တိုက်ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။ အချိန်အခါက ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်နီးကပ်လာပြီဖြစ်သဖြင့် ကျောင်းသားအများစုက စာသင်ခန်းထဲသို့ ဝင်လာကြသည်။ အချို့က သူတို့ကို ထူးထူးဆန်းဆန်းအကြည့်ဖြင့် ကြည့်သွားကြပြီး ရန်သွားဖြစ်ကြသည်ဟု ထင်သွားကြသည်။

 

ခပ်လှမ်းလှမ်းရောက်သောအခါမှ လင်ချင်းဟယ်က သူ့လက်ကို လွှတ်ပေးလိုက်သည်။ ထောင်ရှီးမှာ လင်ချင်းဟယ်၏ အရပ်ရှည်ရှည်ပုံရိပ်ကို မော့ကြည့်လျက် သူ့လက်သူ ပွတ်ရင်း အနောက်ကို လိုက်မသွားရဲပေ။ 

 

“ ညစာကြည့်ချိန်ရောက်ပြီ…” သူက ပြောလိုက်၏။

 

“ ပျက်လိုက်…” လင်ချင်းဟယ်က ယတိပြတ်ပြောလာ၏။

 

လင်ချင်းဟယ်က ဒေါသထွက်ပြန်ကြောင်း ထောင်ရှီးခံစားမိသော်လည်း အဘယ်ကြောင့် ဒေါသထွက်နေပြန်သလဲကို သူနားမလည်ပါချေ။ 

 

ထောင်ရှီးက သူ့စကားကိုနားမထောင်ဘဲ အမှန်အတိုင်း မပြောပြခဲ့၍လည်း ဖြစ်နိုင်သည်။

 

ဒါပေမဲ့ လင်ချင်းဟယ်ကို ဘယ်သူကများ သူ့ရင်ထဲက ကိစ္စတွေကို စုံစမ်းခွင့်ပြုထားလို့လဲ…

 

ထောင်ရှီးက လင်ချင်းဟယ်၏အနောက်မှ အပြစ်သားပမာ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာ လိုက်လာခဲ့သည်။ လင်ချင်းဟယ်က သူ့ကို ချိုးရှစ်အဆောင် အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်သွားလေသည်။ ထောင်ရှီးမှာ လင်ချင်းဟယ်က သော့ကိုထုတ်လျက် အခန်းတံခါးဖွင့်နေသည်ကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင် အံ့ဩရိပ်များဖြတ်ပြေးသွားသည်။

 

“ ဘာဖြစ်လို့ ငါ့ကို ဂီတဖျော်ဖြေရေးခန်းမထဲ ခေါ်လာတာလဲ…”

 

“ ဒီနေရာမှာဆိုရင်ရော မင်းမျက်ရည်တွေ ထိန်းထားချင်သေးလား…”  

 

လင်ချင်းဟယ်က မေးရင်း အခန်းတံခါးကိုဖွင့်လိုက်ကာ ထောင်ရှီးကို လှည့်ကြည့်လာသည်။ 

 

သူ့အနောက်တွင်မူ ကြီးမားကျယ်ပြန့်ကာ လူသူကင်းမဲ့နေသည့် ဂီတဖျော်ဖြေရေးခန်းမကြီးရှိနေသည်။ လူတစ်ရပ်စာပြတင်းပေါက်များက ခန်းမကြီး၏နံရံပေါ်တွင် ထီးထီးကြီး တည်ရှိနေကြသည်။ နေဝင်သွားပြီဖြစ်သည့်အတွက် ခရမ်းပြာရောင်မြူခိုးငွေ့များက လောင်ကျွမ်းပျောက်ကွယ်လုဆဲဆဲ ဖြစ်နေ၏။ မြူခိုးငွေ့များသည် မြင့်မားသော ပြတင်းပေါက်များမှ ဖြတ်လျက် ဂီတခန်းမှထဲသို့ ဝင်ရောက်လာပြီး ခန်းမထဲရှိ အနက်ရောင်စန္ဒရားပေါ်သို့ တိတ်တဆိတ် ဖြာကျနေသည်။ ထို့အတူ ထောင်ရှီး၏မျက်ဝန်းများကိုပါ အလင်းရောင်များ ရောင်ပြန်ဟပ်နေလေ၏။ 

 

ပတ်ဝန်းကျင်က တိတ်ဆိတ်နေသဖြင့် ထောင်ရှီးမှာ ပြင်းထန်သော နှလုံးခုန်သံကိုပင် ကြားနေရသည်။ သူ့ နှာခေါင်းက စူးခနဲ နာကျင်လာပြီး မျက်လုံးများလည်း ပူလောင်လာသည်။ သို့သော် နှုတ်ကမူ အလျှော့မပေးဘဲ အငြင်းစကားများ ဆက်ဆိုနေဆဲပင်။

 

“ ငါမငိုချင်ပါဘူး…”

 

လင်ချင်းဟယ်၏နောက်ကိုလိုက်ခဲ့စဉ် လမ်းမှာကတည်းက ထိုဝမ်းနည်းမှုများက အောက်တိုဘာလ၏ ညနေခင်းလေနုအေးနှင့်အတူ လွင့်စဉ်ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး နှလုံးသားထဲတွင် ဝိုးတိုးဝါးတား အရိပ်တစ်ခုစာမျှသာ ကျန်ခဲ့တော့သည်။ 

 

သူ ယခုငိုချင်လာသည်က ထိုဝမ်းနည်းမှုများကြောင့် မဟုတ်ရပါပေ။ 

 

လင်ချင်းဟယ်က ဘာစကားမှမဆိုဘဲ သူ့ကိုစိုက်၍သာ ကြည့်နေသည်။

 

ထောင်ရှီးမှာ သူဖျော်ဖြေရေးခန်းမ၏အပြင်တွင် ပုန်းကာ လင်ချင်းဟယ် စန္ဒရားတီးနေသည်ကို ခိုးကြည့်ခဲ့သည့်နေ့ကိုပင် ရုတ်တရက် အမှတ်ရမိသွားသည်။ ထို့နေ့က သူသည် တုန်ယင်နေသော လက်ချောင်းများ၊ အလိုတကြီး ပူပြင်းနေသော မျက်ဝန်းများဖြင့် လင်ချင်းဟယ်၏ လက်ဟန်အမူအရာအတိုင်း ကိုးရိုးကားယားနိုင်စွာ လိုက်လံတုပနေခဲ့မိသည်ပင်။ 

 

“ ဒါပေမဲ့ မင်း စန္ဒရားတီးတာကို ငါနားထောင်ကြည့်ချင်တယ်…” ထောင်ရှီးက မျှော်လင့်ချက်ရောင်ခြည်များ တောက်ပနေသော မျက်ဝန်းကြည်ကြည်များဖြင့် လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ “ ရမလားဟင်…”

 

လင်ချင်းဟယ်က ခဏကြာ တိတ်ဆိတ်သွားပြီးမှ ပြောလာသည်။ “ရတယ်…”

 

သူက စန္ဒရားခုံဆီသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် စန္ဒရားအဖုံးကို ဖွင့်ကာ ထောင်ရှီးကို လှမ်းကြည့်သည်။

 

“ မင်း ဘာသီချင်းနားထောင်ချင်လဲ…”

 

ထောင်ရှီးမှာ တေးဂီတနှင့်ပတ်သက်၍ စိုးစဉ်းမျှပင်မသိပေ။ သူသိသမျှ “To Alice” တစ်ခုသာ ရှိသောကြောင့် အနည်းငယ် ရှက်ဖွယ်ကောင်း၏။ သူ လက်ချောင်းများကို လိမ်ကျစ်ကာ ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။ 

 

“ ဟိုတစ်နေ့က မင်း တီးခဲ့တဲ့သီချင်းကို နားထောင်ချင်တယ်…”

 

“ ဟုတ်ပြီ…”

 

လင်ချင်းဟယ်က စန္ဒရားခုံပေါ် လက်ချောင်းများကိုဖြန့်ကျက်လိုက်သည့်အခါ စိမ်းသက်နေသော်လည်း တစ်နည်းတစ်ဖုံ ရင်းနှီးနေသော တေးဂီတသံက သူ့လက်ချောင်းသွယ်သွယ်များအောက်မှ ထွက်ပေါ်လာသည်။ 

 

ပြတင်းပေါက်ရှည်ကြီးအောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသော နေမင်းကြီးသည် ဆည်းဆာရောင်ခြည်ကြားဝယ် စုံးစုံးမြှုပ်ပျောက်ကွယ်သွားလေသည်။ ပုဇွန်ဆီရောင် နေဝင်ဆည်းဆာအလင်းတန်းသည် ပြတင်းမှန်ကို ဖြတ်လျက် လင်ချင်းဟယ်၏ တည်ကြည်နေသော မျက်နှာပေါ်သို့ ဖြာကျကာ ကျီစယ်ကခုန်နေသည်။ 

 

နေဝင်ဆည်းဆာအောက်ဝယ် ထောင်ရှီးမှာ ထိတ်ခနဲ တုန်လှုပ်သွားခဲ့သည်။ သူ လင်ချင်းဟယ်ကို “ဟိုတစ်နေ့”က ဘယ်နေ့လဲဟူ၍ မပြောပြခဲ့ပါချေ။ 

 

အဆုံးတွင် သူ့ရင်ဘတ်ထဲမှ တဖြည်းဖြည်း အရိုင်းဆန်ကာ ကျယ်လောင်လာသော နှလုံးခုန်သံများကို သတိပြုမိလိုက်သည်။ လူသူကင်းမဲ့နေသော ဖျော်ဖြေးရေးခန်းမထဲတွင် နှလုံးခုန်သံနှင့် စန္ဒရားတီးသံများက စည်းချက်ကျကျ ပဲ့တင်ထပ်နေပြီး နေဝင်ဆည်းဆာချိန်နှင့်အတူ လင်းလက်တောက်ပနေကြသည်။ 

 

စန္ဒရားတီးနေသော ဤလူသားကို တေးဂီတခန်းမ၏အလယ်တွင် မတ်တပ်ရပ်လျက် ငေးကြည့်နေရခြင်းက ဆည်းဆာထက်ပင် ပို၍ခမ်းနားလှပသော အိပ်မက်လေးတစ်ခု မက်နေရသည်နှင့် တူလှပေသည်။

 

သူ ကျိန်ဆိုသည်။

 

ဤတေးသံကို သူ တစ်ယောက်တည်းသာ ကြားနိုင်ရမည်။

 

ဤလူသားဟာလည်း သူတစ်ယောက်တည်း၏အပိုင်သာ ဖြစ်ရမည်။ 

 

“ ဒီသီချင်းနာမည်ကဘာလဲ…” 

 

လင်ချင်းဟယ်၏ လက်ချောင်းများ ရပ်တန့်သွားချိန်၌ ထောင်ရှီးကမေးလိုက်သည်။ 

 

“ မယ်ရီခရစ္စမတ် မစ္စတာလောရန့် ”    လင်ချင်းဟယ်က လက်ကိုအောက်ချကာ ပြန်ဖြေသည်။ 

 

နာမည်က ထူးဆန်းနေသည်မို့ ထောင်ရှီး အံ့ဩမိသွားသည်။ လင်ချင်းဟယ်က စန္ဒယားအဖုံးကို ပြန်ပိတ်ကာ ထိုင်ခုံမှ ထလာသည်ကို ကြည့်ရင်း သူတစ်ယောက်သာ ကြားနိုင်လောက်မည့်အသံဖြင့် တိုးတိုးလေးပြောလိုက်သည်။

 

“ ငါ့မွေးနေ့ကလည်း ခရစ္စမတ်နေ့မှာပဲ…”

 

နှင်းဖုံးလွှမ်းသော ခရစ္စမတ်ကာလဖြစ်ခဲ့သည်ပင်။

 

လင်ချင်းဟယ်က ကြားသွားပုံမရဘဲ သူ့ကိုသာ မေးလာသည်။ “မင်းအခု စိတ်အခြေအနေပိုကောင်းလာပြီလား…”

 

ထောင်ရှီးက လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ မှိန်ဖျဖျအလင်းရောင်အောက်တွင် သူ့နှုတ်ခမ်းစွန်းများ ကွေးတက်သည်ထက် ကွေးတက်သွားကြ၏။ “လင်ချင်းဟယ် ၊ မင်း ဒီနေရာကို ခေါ်လာခဲ့တာ ငါ့ကို နှစ်သိမ့်ပေးချင်လို့လား…”

 

လင်ချင်းဟယ်က မျက်မှောင်ကြုတ်လျက် တံခါးဘက်သို့ ထွက်သွားရင်း မှောင်မည်းမည်း နောက်ကျောပြင်ကို ကျောခိုင်းခဲ့ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

 

“ ဘာလို့လဲဆိုတော့ မင်း မျက်ရည်မကျအောင် ထိန်းနေတဲ့ပုံစံက ကြည့်ရအရမ်းဆိုးလို့…”

 

‌ထောင်ရှီးမှာ ကြောင်တောင်တောင်ပင် ဖြစ်သွားသည်။ သူက အခန်းထဲတွင် သော့ခတ်ပြီး ကျန်ခဲ့မည်စိုးသဖြင့် လင်ချင်းဟယ် အနောက်မှ ခပ်သုတ်သုတ်လိုက်သွားသည်။ 

 

‌ဖျော်ဖြေးရေးခန်းမတံခါးမှာ လျင်မြန်စွာ အပိတ်ခံလိုက်ရပြီး နေ၏အကြွင်းအကျန် ရောင်ခြည်များနှင့် စန္ဒရားတေးသံများက အထဲတွင် သော့ခတ်ကျန်ခဲ့ရလေတော့၏။ ထောင်ရှီးက တံခါးသော့ခတ်နေသော လင်ချင်းဟယ်၏လက်များကို ကြည့်ရင်း သတ္တိများတစ်ဖန် ပျောက်ဆုံးသွားရပြန်ကာ ကလေးငယ်တစ်ယောက်ပမာ ပြောလိုက်သည်။

 

“ ငါသိပြီ။ မင်းလည်း စိတ်ညစ်ရင် ဒီမှာလာပုန်းပြီး ငိုနေကျမဟုတ်လား…”

 

လင်ချင်းဟယ်က သူ့ကို အေးစက်စက်သာ ကြည့်လာကာ စကားတစ်ခွန်းမှ မဆိုဘဲ သော့ကိုင်လျက် လှေကားဆီသို့ ထွက်သွားလေသည်။ 

 

ထောင်ရှီးအနေနှင့် ပျော်နေသည့်အချိန်တွင် သူ့နေရာသူ မေ့မေ့သွားတတ်သည့်အကျင့်ဆိုးကိုလည်း မုန်းမိသည်။ ထို့အတူ ဂုဏ်ယူဝင့်ကြွားနေသည့်အချိန်တွင်လည်း ဆထက်တိုး ပိုတောင်းဆိုနေမိခြင်းကို မုန်းတီးမိလေသည်။

 

“ ငါ့မှာ လက်ကိုင်ဖုန်းရှိပြီ။ ငါ မင်းကို WeChat မှာ add လို့ရမလား…”

 

ထောင်ရှီးမှာ မေ့နေတာကြာပြီဖြစ်သည့် မိုဘိုင်းဖုန်းကို သူ့အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။ ဖုန်းမှ flash မီးကိုဖွင့်လိုက်ပြီး မှောင်နေသော ကော်ရစ်တာကို ထိုးကာ အလင်းပေးလိုက်သည်။ 

 

သို့သော်လည်း လင်ချင်းဟယ်က အလွန်မာနကြီးကာ အေးစက်သောမျက်နှာဖြင့် သူ့ကို လျစ်လျူရှုထားစမြဲပင်။

 

သွားပြီ။

 

သူ့ကို ပြန်ချော့လို့မရတော့ဘူး။

 

ထောင်ရှီးမှာ ပူပန်ဗျာဒါများစွာဖြင့် စာသင်ခန်းသို့ သွားရာလမ်းတစ်လျှောက်လုံး လင်ချင်းဟယ်၏အနောက်မှ ကုပ်ကုပ်ကလေး လိုက်လာခဲ့သည်။ သူ စာသင်ခန်းတံခါးပေါက်ထဲသို့ ဝင်လိုက်ရုံရှိသေး ပိအောက်ရွှယ်၏ အေးခဲနေသည့်မျက်လုံးများဖြင့် တည့်တည့်တိုးလေသည်။

 

“ အင်္ဂလိပ်အတန်းနောက်ကျတဲ့ ချန်ပီယံဟောင်းနဲ့ ချန်ပီယံအသစ်ရေ…ရှင်လေးတို့နှစ်ယောက် ညစာကျက်တန်းကို နှစ်ယောက်တွဲ ပျက်ကွက်တဲ့ challenge လုပ်ဖို့များ ကြံစည်နေကြတာလား…” ပိအောက်ရွှယ်က လက်ပိုက်လျက် တခွီးခွီးရယ်သည်။

 

ထောင်ရှီးက အရင်ဦးစွာ အလွန်အပြုသဘောဆောင်သည့် ကိုယ်နှုတ်အမူအရာဖြင့် အမှားကိုဝန်ခံလိုက်သည်။  “ ဆရာမ၊ ကျွန်တော် မှားပါတယ်၊ သူလည်း မှားပါတယ်။ ကျွန်တော်တို့ နောက်မလုပ်တော့ပါဘူး…”

 

လင်ချင်းဟယ်ကမူ အရေးမစိုက်သည့် မျက်နှာထားဖြင့် အလွန်အနှုတ်သဘောဆောင်စွာ အမှားဝန်ခံလိုက်သည်။

 

ပိအောက်ရွှယ်မှာ လင်ချင်းဟယ်က အမှားဝန်ခံလာလိမ့်မည်ဟု မထင်ထားသည့်အတွက် ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။

 

“ မင်းတို့မှားတာ သိပြီဆိုတော့၊ နေရာမှာပြန်သွားထိုင်ပြီး ဆရာမအတွက် အင်္ဂလိပ်စာစီစာကုံးတစ်ပုဒ်စီ ရေးပေး…”

 

ထောင်ရှီးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး လင်ချင်းဟယ်နှင့်အတူ နေရာသို့ ပြန်သွားထိုင်လိုက်သည်။

 

အရှေ့တန်းမှ ပိချန်ဖေးမှာ စပ်စုလိုစိတ်ပြင်းပြစွာ ခေါင်းကိုအနောက်လှည့်လိုက်မိစဉ် ပိအောက်ရွှယ်က အေးစက်စက်လေသံဖြင့် ခပ်ငေါ့ငေါ့ပြောလာလေသည်။ “တချို့တချို့တွေက ခေါင်းကိုသူ့နေရာနဲ့သူမထားတတ်ရင် လိုအပ်တဲ့နေရာမှာ လှူလိုက်လို့‌ရတယ်နော်…”

 

ပိချန်ဖေးမှာ တိတ်တိတ်ကလေး ရှေ့ပြန်လှည့်လိုက်ရသည်။

 

ထောင်ရှီးက အင်္ဂလိပ်စာစီစာကုံးတစ်ပုဒ်ကို အမြန်ဆုံးအရှိန်ဖြင့် ရေးလိုက်သည်။ ပိအောက်ရွှယ် အတန်းထဲမှ ထွက်သွားသောအခါ အံဆွဲထဲမှ စာရွက်တစ်ရွက်ထုတ်၍ ကောမစ်ပုံကို စဆွဲရန်ပြင်သည်။ သို့သော် မည်သို့ဆွဲရမည်ကို အချိန်အတန်ကြာစဉ်းစားပြီးသည့်တိုင် အကြံဉာဏ်မရပါချေ။

 

သူ ခေါင်းလှည့်ကာ ပြတင်းပေါက်အပြင်ကို ငေးကြည့်လိုက်သည်။ နေမင်းကြီးက စုံးစုံးမြှုပ်ဝင်သွားပြီဖြစ်ပြီး ပြာမှုန့်ရောင် တိမ်စိုင်တိမ်လိပ်တစ်ချို့သာ ခရမ်းရင့်ရောင် ကောင်းကင်ယံတွင် ကျန်ရစ်ခဲ့လေသည်။ အေးမြသော လမင်းသော်တာက တဖြည်းဖြည်း ထွက်ပြူလာပြီး အဖြူရောင်တိမ်မျှင်တချို့ဖြင့် ရစ်ပတ်ခံလိုက်ရကာ အုံ့မှိုင်းသော အဝါဖျော့ဖျော့အလင်းရောင်လေး ထုတ်လွှတ်ပေးနေသည်။

 

သူ ခေါင်းပြန်ငုံ့ကာ စာရွက်ပေါ်တွင် ပုံများချဆွဲလိုက်သည်။

 

ညနေကျောင်းဆင်း၍ အိမ်ပြန်ရောက်သော် လင်ချင်းဟယ်က သူ့အိပ်ခန်းထဲသို့ ကျောပိုးအိတ်လွယ်လျက် ဝင်သွားသည်။ သူက မိုဘိုင်းဖုန်းကို ထုတ်လိုက်ပြီး ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။

 

“ ကျောင်းဂိတ်ပေါက်က အစောင့်ကို ဖုန်းဆက်ပြီး ဒီညနေ ၅ :၃၀ ကနေ ၇ နာရီကြားက စောင့်ကြည့်မှတ်တမ်းကို တောင်းလိုက်။ ပြီးရင် ကျွန်တော့်ဆီကို ပို့ပေး…”

 

ဖုန်းချပြီးသော် သူ့စားပွဲပေါ်ရှိ ပြက္ခဒိန်ပေါ်မှ နေ့စွဲတစ်ခုကို မာကာဖြင့် ဝိုင်းကာမှတ်သားလိုက်သည်။ ထို့နောက် အင်္ဂလိပ်ဝတ္ထုစာအုပ်ကိုဖွင့်ကာ စာအုပ်ကြားရှိ စာရွက်လေးတစ်ရွက်ကို ထုတ်ပြီး ဖွင့်ဖတ်လိုက်သည်။

 

ပန်းချီပုံလေးထဲမှ ဇာတ်ဆောင်မှာ နဂိုအတိုင်း လမင်းနှင့် ဥက္ကာခဲလေးပင် ပြန်ပြောင်းသွားခဲ့ပြီဖြစ်သည်။

 

ဥက္ကာခဲလေး - “ ကောင်းကင်မှာ တိမ်တွေထူနေတယ်။ ဝမ်းနည်းနေတဲ့လမင်းလေး*ကို ငါ စားလို့ရမလား ”

 

လမင်း - “ မရဘူး ”

 

ဥက္ကာခဲလေး - “ ဒါဆိုလဲ ငါ့ကို လက်တစ်ဆုပ်စာ ဆားလေးနဲ့ဖြူးလိုက်…ပြီးရင် ဆားဖြူးထားတဲ့ ဥက္ကာခဲလေးကို စားလိုက်ပေါ့ ”

 

______________

 

- Note –

 

*ဝမ်းနည်းနေတဲ့ လမင်းလေးဆိုတာက Guo Jiayu ရဲ့ 溏心月亮 ဆိုတဲ့ သီချင်းထဲက စာသားကို ကောက်နုတ်ထားတာလေးပါ။

 

သီချင်းစာသားလေးက -

 

ကမ္ဘာကြီးက ခါးသက်လွန်းတယ်၊ ငါကသာ အချိုမြိန်ဆုံး

သကြားရေစိမ်ထားတဲ့ သကြားလုံးလေးတွေ ၊ ကြွပ်ကြွပ်ရွရွ ဘတ်စကွတ်မုန့်လေးတွေနဲ့ ပြည့်နေလို့

တောက်ပနေတဲ့ ကြယ်လေးတွေနဲ့ ဆုံခဲ့ရင်

ကြယ်လေးတွေကို နှမ်းစေ့တွေအဖြစ် သဘောထားလို့

ဝမ်းနည်းနေတဲ့ လမင်းလေးရေ၊ ကြယ်တွေကို ခူးဆွတ်ပြီး ညစာအဖြစ်သုံးဆောင်လိုက်ပါ

 

ဆိုလိုတဲ့ အဓိပ္ပာယ်ဘာလဲဆိုတော့ လင်ချင်းဟယ်က စိတ်ဆိုးနေတာမို့ ထောင်ရှီးက သူ့ကို သုံးဆောင်ပါ ဆိုတဲ့သဘောပါရှင်။ ဘဲကို ချော့နည်းကတော့ ကြွေကျမြေခရမယ်><