Chapter – 23
ထောင်ရှီး အိပ်ဆောင်သို့ ပြန်ရောက်ရောက်ချင်း ဖန်းယန့်က ပြောရန်မစောင့်နိုင်တော့သည့်ပုံစံဖြင့် စကားဆိုလာခဲ့သည်။
“ ရှီးသာ့ ၊ ငါ့မှာ မင်းကို မိတ်ဆက်ပေးချင်တဲ့ ဝယ်သူတွေရှိတယ်ကွာ။ အကုန်လုံးက မင်းကို ပန်းချီအပ်ချင်နေကြတာ။ မင်း အော်ဒါတွေလက်ခံချင်လား…”
ဖန်းယန့်က ပါးစပ်ကိုလုံလုံမထားနိုင်သူဖြစ်သဖြင့် သူ့ပန်းချီမေဂျာအတန်းထဲမှ ဘော်ဒါကြီးတစ်ချို့က ပိုက်ဆံ ယွမ် ၂၀၀ ဖြင့် သူ့ကို ပန်းချီဆွဲကူပေးသည့် အခန်းဖော်တစ်ယောက်ရှိနေကြောင်း သိသွားကြသည်။ ထို့အပြင် သူ့ပန်းချီဆွဲဟန်အတို်ငး မပျက်မစီးဘဲလည်း ဆွဲနိုင်သေးသည်။ ပိုက်ဆံပေါငွေပေါ သူဌေးသားလေးများအနေနှင့် အဘယ်မှာ ဤအခွင့်ကောင်းကို လက်လွှတ်ခံကြလိမ့်မည်နည်း။
ထောင်ရှီးက အနည်းငယ် စိတ်ဝင်စားသွားသည်။
ထောင်ကျန်းက မကြာမီရက်အတောအတွင်း လာရှာမည်ဟု ပြောသွားခဲ့သည့်စကားကို သူ့အတွေးထဲ အမြဲရှိနေသည်။ ၎င်းက အပြောင်အပျက်မဟုတ်ပါချေ။ ယနေ့ ထောင်ကျန်း ဒေါသတကြီးသောင်းကျန်းသွားရသည့်အကြောင်းက သူ့ထံမှ ပိုက်ဆံရမသွား၍ဖြစ်၏။ နောက်တစ်ကြိမ်ပြန်လာခဲ့ပါက သူ ရှောင်လွှဲရခက်သွားလိမ့်မည်။ ထောင်ကျန်း၏စရိုက်အရဆိုလျှင် ကျောင်းဂိတ်ပေါက်ဝတွင် ပြဿနာလာရှာပြီး တစ်ကျောင်းလုံးကို သိစေမည့်သူဖြစ်၏။
ကျောင်းမှ လူများကို သူ မသိစေချင်ပေ။ သို့တိုင် သူ့ ပညာသင်ထောက်ပံ့စရိတ်အားလုံးကို ထောင်ကျန်းအား အကုန်ပေးလိုက်ရန်ကလည်း မဖြစ်ပေ။
ထောင်လဲ့က အရေပြားလေးဖက်နာရောဂါကို ခံစားနေရသဖြင့် ရေရှည်ဆေးဝါးမှီဝဲရန် လိုအပ်ကာ လစဉ်လတိုင်း ငွေမြောက်မြားစွာကုန်ကျသည်။ သူကိုယ်တိုင်ပင် ချွေချွေတာတာစားသောက်၍ ကျန်ငွေကိုစုကာ ထောင်လဲ့အတွက် ဆေးဖိုးဝါးခဝယ်ရန် ပို့ပေးနေရသည်။
ကောဖျင်နှင့် ထောင်ကျန်းကို သူ မုန်းသော်လည်း ထောင်လဲ့က ကမ္ဘာပေါ်တွင် သူနှင့် လက်ရှိ အရင်းနှီးဆုံးလူဖြစ်လေသည်။
ထောင်ရှီးမှာ စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းသွားသွားပြီးနောက်မှ သဘောတူလက်ခံလိုက်သည်။
“ ရတယ်။ ဒါပေမဲ့ ငါယွမ် ၂၀၀ နဲ့တော့ ဆက်မလုပ်နိုင်ဘူး။ နှစ်ဝက်စာမေးပွဲဖြေဖို့က တစ်လတည်းလိုတော့တာ။ ငါ့မှာ ပန်းချီဆွဲဖို့ အချိန်တွေအများကြီးမရတော့ဘူး…”
ဖန်းယန့်က ပြန်ဖြေ၏။ “ကိစ္စမရှိဘူး။ ငါ သူတို့နဲ့ဆွေးနွေးပြီး မင်းကို ဈေးထပ်တိုးပေးမယ်…”
အဆုံးတွင် ထောင်ရှီးက တစ်ပုံကို ယွမ် ၃၀၀ ဖြင့် ပန်းချီကားလေးချပ်ကို လက်ခံလိုက်သည်။ အချိန်မလောက်ငှမှုကြောင့် ညဘက်မီးမပိတ်ခင်တွင် ပန်းချီဆွဲပြီး အိမ်စာကိုမူ စောင်ခြုံထဲတွင်သာ လုပ်ရတော့သည်။
အကျိုးဆက်အနေဖြင့် သူ့တွင် အိပ်ချိန်လေးနာရီပင် မရှိတော့ပေ။ ဓာတ်မီးအသုံးပြုချိန် များလွန်းသဖြင့် နောက်တစ်နေ့ရောက်သော် ပုံမှန်ကြည်လင်နေကျ မျက်သားဖြူဖြူပေါ်တွင် သွေးကြောနီများ ထင်းနေတော့သည်။
သို့သော် ထောင်ရှီးက အရေးမစိုက်ပါချေ။ သူက တက်ကြွနေဆဲဖြစ်ပြီး မနက်စောစောစီးစီးမှာပင် အားအပြည့်သွင်းထားသည့် ဖုန်းတစ်လုံးနှင့်အတူ စာသင်ခန်းထဲသို့ အပြေးဝင်လာခဲ့သည်။
လင်ချင်းဟယ်က ရေခဲစိမ် ဓာတ်ဆားရည်တစ်ဘူးကိုင်လျက် အနောက်တံခါးမှ ဝင်လာသည်။ သူပင် ကျောပိုးအိတ်ကို မချရသေးခင် ထောင်ရှီးက အရင်ဦးစွာ လင်ချင်းဟယ်ထံမှ ကျောပိုးအိတ်ကို လှမ်းယူလိုက်ပြီး ထိုင်ခုံအနောက်၌ ချိတ်ပေးလိုက်သည်။ ပြီးသော် လက်နှစ်ဖက်ဖြင့် ထိုင်ခုံကို ဆွဲထုတ်ပေးလိုက်သည်။ ဆွဲထုတ်လိုက်သည့်အကွာအဝေးက ခါတိုင်းထိုင်နေကျအကွာအဝေးနှင့် ကွတ်တိပင်။ လှုပ်ရှားမှုအစုံက ကြယ်ငါးပွင့်ဟိုတယ်မှ တံခါးဧည့်ကြိုကဲ့သို့ပင် ကျွမ်းကျင်လှသည်။
လင်ချင်းဟယ်က မတ်တပ်ရပ်လျက်သာနေပြီး မျက်မှောင်ကြုတ်ကာ ဘာမှဝင်ပြောမပေ။
ထောင်ရှီးက အမှုကိစ္စများလုပ်၍ ပြီးစီးသွားသောအခါ ကိုယ်တိုင်ပြုလုပ်ထားသည့် Business Card လေးကို အံဆွဲထဲမှ ထုတ်လိုက်သည်။ ကတ်ပေါ်တွင် သူ၏ WeChat ID ကို ရေးထားခြင်းဖြစ်၏။ သူက လင်ချင်းဟယ်၏အရှေ့တွင် လက်လေးနှစ်ဖက်ကိုချလိုက်ပြီး ခေါင်းလေးမော့ကာ တောင်းဆိုဟန်ဖြင့် နှုတ်ခမ်းစွန်းလေးများပင့်လျက် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။
“ သခင်လေးလင် ၊ ငါ့ Wechat ကို add ပေးလို့ရမလားဟင်…”
လင်ချင်းဟယ်က ခေါင်းငုံ့ကာ Business Card ကို ကြည့်လိုက်ပြီးနောက် ထောင်ရှီး၏မျှော်လင့်စောင့်စားနဟန် မျက်လုံးများကို အကြည့်ပို့လိုက်သည်။ ထိုမျက်လုံးများက တစ်ညလုံး စောင်ခြုံထဲငိုထားသည့်ပမာ အလွန်နီရဲကာ ဖူးယောင်နေသည်။
သူက ထောင်ရှီးထံမှ Business Card ကို လှမ်းယူလိုက်ပြီးနောက် သူ့ဖုန်းကို လော့ခ်ဖွင့်ကာ ထောင်ရှီး၏လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။
“ ကိုယ့်ဟာကိုယ် Add လိုက်…”
“ ? ”
ထောင်ရှီးမှာ လက်ထဲက ဖုန်းကို ကြောင်ပြီးကြည့်နေမိသည်။ လင်ချင်းဟယ်က လက်ကိုင်ဖုန်းကဲ့သို့ ကိုယ်ရေးကိုယ်တာဆန်သည့်ပစ္စည်းမျိုးကို သူ့လက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပါချေ။
လင်ချင်းဟယ်က သူ့နေရာသူ ဝင်ထိုင်လိုက်သည်။ ထောင်ရှီးက သူ့ဖုန်းကို ကြောင်ကြည့်နေဆဲဖြစ်သည်ကို မြင်သော် စိတ်ရှည်ရှည်ထားလျက် မေးလိုက်သည်။
“ မလုပ်ဘူးလား…” ထို့နောက် ကိုယ်တိုင်ကိုယ်ကျသာ Add ပေးလိုက်ရန် လက်ကိုဆန့်ထုတ်လိုက်ပြီး ဖုန်းကိုပြန်ယူဟန် လက်လှမ်းလိုက်သည်။
ထောင်ရှီးမှာ သတိပြန်ဝင်လာပြီး လင်ချင်းဟယ်၏ဖုန်းကို ရင်ခွင်ပိုက်ကလေးငယ်အား ကာကွယ်သည့်ပမာ ဝေးရာသို့ ယူသွားသည်။ ပြီးသော် ခေါင်းခါသည်။ ထို့နောက် ခေါင်းပြန်ညိတ်သည်။
“ သေချာပေါက် လုပ်မှာပေါ့…”
လင်ချင်းဟယ်၏ ဖုန်းဝေါပေပါက အရောင်တစ်ရောင်တည်းသာ ဖြစ်၏။ ထောင်ရှီးမှာ အချိန်အကြာကြီး မကြည့်ရဲသောကြောင့် WeChat ကိုသာ နှိပ်ဖွင့်လိုက်ကာ သီးသန့် ချက်ဘောက်ကိုလည်း မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူက လင်ချင်းဟယ်၏ WeChat ID ပေါ်မှ QR ကုဒ်ကို ခပ်သွက်သွက်နှိပ်ကာ သူ့ဖုန်းနှင့် စကင်န်ဖတ်လိုက်ပြီး ဖရန့်အဖြစ်ထည့်လိုက်သည်။ ဖရန့်အဖြစ်အပ်ပြီးသော် ဖုန်းကို လင်ချင်းဟယ်ထံ ကပျာကသီပြန်ပေးလိုက်သည်။
“ ဒီမှာ…အခုကစပြီး မင်းက ငါ့ရဲ့ ပထမဆုံး WeChat Friend ဖြစ်သွားပြီ…”
ထောင်ရှီးက သူ့ဖုန်းကို လင်ချင်းဟယ်အား ထောင်ပြလိုက်သည်။ WeChat မျက်နှာပြင်တွင် လင်ချင်းဟယ်တစ်ယောက်တည်းသာ ရှိနေသည်။
သူက မေးကိုအနည်းငယ်မျှ မော်ချီလျက် မျက်ဝန်းများနှင့် နှုတ်ခမ်းများလည်း အပေါ်သို့ ကွေးတက်နေသည်မှာ စာမေးပွဲတွင် အမှတ်တစ်ရာအပြည့်ရလိုက်သည့် ကျောင်းသားတစ်ယောက်ပမာပင်။
လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းများကို ခဏကြာစိုက်ကြည့်နေပြီးမှ ဘာစကားမှမဆိုဘဲ အကြည့်လွှဲလိုက်သည်။ သူ့လက်ချောင်းများက အဖုံးမဖွင့်ရသေးသည် ရေခဲစိမ် ဓာတ်ဆားရည်ဘူးကို ပွတ်ကိုင်လိုက်သည့်အတွက် အေးမြသော ရေငွေ့များက သူ့လက်ချောင်းများကို ပေကျံသွားသည်။
ထောင်ရှီးက ပျော်ရွှင်စွာ သူ့ဖုန်းကို ငုံ့ကြည့်နေသည်။ လင်ချင်းဟယ်၏ WeChat အမည်က သူ့အမည်ရင်းပင်ဖြစ်ပြီး ပရိုဖိုင်းပုံကမူ အဖြူရောင်အတိဖြစ်ပေ၏။ သူ Moments ကိုနှိပ်ဝင်ကြည့်လိုက်သော် ဘာပို့စ်မှမရှိဘဲ ဗလာသက်သက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထောင်ရှီးက လင်ချင်းဟယ်၏အမည်ပြောင်ကို Moon ဟု ပြောင်းလိုက်သည်။ ထိုစဉ် ရေခဲစိမ် ဓာတ်ဆားရည်ဘူးတစ်ဘူးက သူ့အရှေ့ရှိ စားပွဲပေါ်သို့ ရုတ်တရက် ရောက်လာသည်။ လင်ချင်းဟယ်က သူ့ကို ပြောသည်။
“ မင်းမျက်လုံးမှာ ကပ်လိုက်…”
လေသံကမူ မမျှော်လင့်ထားစွာ နူးညံ့ပျော့ပျောင်းနေလျက်သား။
ထောင်ရှီးမှာ အံ့အားသင့်သွားရ၏။ သူ အလိုလို လက်မြှောက်လိုက်ကာ မျက်လုံးကို ပွတ်လိုက်မည်ပြုသော် သူ့လက်ကောက်ဝတ်ကို လက်တစ်ဖက်က လှမ်းဆွဲထားလိုက်သည်။ ထိုအခိုက်အတန့်ဝယ် အကြင်လက်က သူ့နှုတ်ခမ်းကို အနည်းငယ်ရှပ်ထိမိသွားသည်။ ထိုလက်ချောင်းများကြားတွင် အေးမြသော ရေစက်တစ်ချို့ရှိနေ၏။
သူ လျှာဖျားလေးကိုထုတ်ကာ အောက်နှုတ်ခမ်းကို သပ်လိုက်မိသည်။ သူ့လက်ကလေးမှာလည်း အလျင်အမြန် ပြန်လွှတ်ခံလိုက်ရပြီးနောက် စကားသံတစ်သံကို ကြားလိုက်ရသည်။
“ မျက်လုံးကို မပွတ်နဲ့…”
လက်ပိုင်ရှင်က လက်ကိုပြန်ရုတ်သွားပြီး ဘောပင်တစ်ချောင်းကောက်ကိုင်ကာ အဖုံးကိုဖွင့်သည်။ ပြီးသော် ခေါင်းငုံ့ကာ ခံစားချက်မရှိသောမျက်နှာဖြင့် စာရွက်ပေါ်တွင် တစ်စုံတစ်ခုကို ရေးခြစ်နေသည်။
ထောင်ရှီးမှာ ခဏကြာကြက်သေသေနေပြီးမှ သူ့နှုတ်ခမ်းများ နွေးခနဲဖြစ်သွားသည်။
“ ကျေးဇူးပါ…”
သူက ရေခဲစိမ် ဓာတ်ဆားရည်ဘူးကို ကပျာကသီကောက်ကိုင်လိုက်ပြီး မျက်လုံများမှိတ်ကာ ကပ်လိုက်သည်။ အေးမြသည့်အထိအတွေ့က အိပ်ယာဝင်နောက်ကျမှုကြောင့် ယောင်ရမ်းခြောက်သွေ့နေသည့် သူ့မျက်လုံးများကို ပိုမိုသက်သာလာစေသည်။ သို့တိုင် နှုတ်ခမ်းများကမူ ပူလောင်သည်ထက် ပူလောင်လာရကာ နှလုံးအိမ်မှာလည်း ဝရုန်းသုန်းကားဖြစ်လာရသည်။
အင်္ဂလိပ်စာအတန်း ကိုယ်စားပြု ကျင်းကျင်းက အိမ်စာ စာအုပ်ကောက်ရန် နောက်ဆုံးအတန်းသို့ ရောက်လာသည်။ ကျန်းရှင်းယွင်၏မတော်တဆမှုဖြစ်ပြီးကတည်းက သူမမှာ လင်ချင်းဟယ်ကို စကားသွားမပြောရဲပေ။ သူမက ရင်တထိတ်ထိတ်ဖြင့် လင်ချင်းဟယ်၏လေ့ကျင့်ခန်းစာအုပ်ကို လှမ်းယူလိုက်သည်။ ထိုစဉ်တွင် အမှတ်တမဲ့ဖြင့် လင်ချင်းဟယ်၏အရှေ့က မှတ်စုစာအုပ်ကို အကြည့်ရောက်သွားရာ စာအုပ်ပေါ်တွင် စက်ဝိုင်းပုံများ လျှောက်ဆွဲထားသည်ကို တွေ့လိုက်ရလေသည်။
သူမ ဆိတ်ဆိတ်သာ နေလိုက်ပြီး နှုတ်ခမ်းကိုကိုက်လျက် ရေခဲစိမ် ဓာတ်ဆားရည်ဘူးဖြင့် မျက်လုံးကပ်နေသော ထောင်ရှီးကို ကြည့်လိုက်သည်။ သူမက ထောင်ရှီးကို စာအုပ်ထပ်ရန် ပြောမည်ပြင်စဉ်တွင် လင်ချင်းဟယ်က ထောင်ရှီး၏အံဆွဲထဲမှ လေ့ကျင့်ခန်းစာအုပ်ကို ထုတ်လိုက်ပြီး သူမကို တိုက်ရိုက်ပေးလိုက်သည်။
မိနစ်အနည်းငယ်ကြာသောအခါ ထောင်ရှီးက ရေခဲရေဘူးကို အောက်ပြန်ချလိုက်သည်။ သူ့မျက်တောင်ရှည်ရှည်များတွင်မူ ရေစက်ကလေးများ ခိုတွဲနေသည်။ လင်ချင်းဟယ်က ထုံးစံအတိုင်း စာဖတ်နေဆဲဖြစ်သည်ကိုမြင်မှ သူ သက်ပြင်းခိုးချနိုင်တော့၏။
ခုဏတုန်းက တအားရှက်ဖို့ကောင်းတာပဲ…
ကံကောင်းလို့ လင်ချင်းဟယ်က ဘာမှပြန်မတုံ့ပြန်လိုက်လို့…
ထိုအခိုက်တွင် ပိချန်ဖေးက ပိုးဖလံတစ်ကောင်ကဲ့သို့ အပြေးရောက်လာကာ ရှက်ရွံ့မှုဂိတ်ဆုံးသို့ ရောက်နေသော ထောင်ရှီးကို ကယ်တင်လိုက်လေသည်။
“ ရှီးကော ၊ မင်း ဘာဖြစ်တာလဲ…။ ဘာလို့ ငိုနေတာလဲ…။ ဘယ်သူက မင်းကို အနိုင်ကျင့်လို့လဲ…”
ပိချန်ဖေးက ထောင်ရှီး၏နီရဲကာ ရောင်ရမ်းနေသော မျက်လုံးများကို ကြည့်ကာ အံ့ဩတကြီး ဆိုလိုက်သည်။ ရေစက်ရေပေါက်လေးများက မျက်တောင်လှလှများတွင် ခိုတွဲနေဆဲဖြစ်သည်မို့ ငိုနေသည်ဟု ထင်ရစေသည်။
ထောင်ရှီးမှာ မှင်သက်သွားပြီးသကာလ ယောင်နနဖြင့် ပြန်ဖြေလိုက်သည်။
“ ငါမငိုပါဘူး…”
သူက ဘာပဲကြုံကြုံ အမြဲတမ်း ငိုယိုနေမယ့်ပုံ ပေါက်နေလို့လား…
ပိချန်ဖေးက မယုံ။ ထောင်ရှီးက သန်မာချင်ယောင်ဆောင်နေသည်ဟုသာ ထင်နေသည်။ သူက သူ့ထိုင်ခုံဖော်ဟူထုံ၏ အံဆွဲထဲမှ မှန်အသေးလေးတစ်ချပ်ကို ကျင်လည်စွာ ဆွဲထုတ်လိုက်ပြီး ထောင်ရှီးအား ထောင်ပြလိုက်သည်။
“ မြင်လား..မင်း မျက်လုံးတွေက ဖောင်းကားနေတာပဲ။ မင့်ဖွားဖွားလေးပိဆိုလည်း သူ့ကိုရီးယားအိုင်ဒေါ ခြေထောက်ကျိုးသွားတုန်းက တစ်ညလုံးငိုယိုပြီး မနက်ထလာတော့ အဲ့လိုရုပ်ဖြစ်နေတာပဲ…”
ထိုစဉ်က ပိအောက်ရွှယ်မှာ အော်ပါငိုခဲ့သည်ပင်။ ငိုပြီးသွားချိန်၌ သူမမှာ သေလောက်အောင် ရုပ်ဆိုးလေသည်။ သို့သော် ထောင်ရှီးကမူ ငိုပြီးသွားချိန်တွင်….သနားစဖွယ်ကောင်းသည်ဟူ၍သာ ပိချန်ဖေး၏ အတွေးထဲ၌ ပေါက်ဖွားလာခဲ့သည်။
ထောင်ရှီးက မှန်ကိုကြည့်လိုက်သည်။ မနက်ထစဉ်က ကပျာကယာသာ မျက်နှာသစ်ခဲ့သောကြောင့် သတိမထားမိခဲ့ခြင်းပင်။ သူ့ မျက်လုံးများက အမှန်တကယ်ကို အနည်းငယ် နီရဲကာ ယောင်ကိုင်းနေလေသည်။
သူ ရုတ်တရက်ပြုံးကာ ပြောလိုက်၏။
“ မဟုတ်ပါဘူး။ ငါ မနေ့ညက စောင်ထဲမှာ ဓာတ်မီးနဲ့အိမ်စာလုပ်တာကြာသွားလို့ပါ။ တစ်ညလုံးနီးပါး နေခဲ့မိတာလေ….”
ထိုအခါမှ ပိချန်ဖေးမှာ စိတ်သက်သာရာရသွားတော့၏။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်းတွင် သူက ထောင်ရှီး၏စားပွဲပေါ်မှ ဖုန်းကိုမြင်သွားပြီး မျက်လုံးများဝင်းလက်သွားသည်။
“ ရှီးကော ၊ နောက်ဆုံးတော့ မင်း ဖုန်းဝယ်လိုက်ပြီပေါ့။ ငါ့ကို Add လိုက်။ ငါချက်ချင်း မင်းကို ငါတို့ဂရုထဲ ထည့်ပေးမယ်…”
သူက ထောင်ရှီး၏အနားသို့ ချဉ်းကပ်သွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်လိုက်၍ မျက်လုံးများကမူ အနည်းငယ် ခပ်ညစ်ညစ်ပုံစံဖြင့် တီးတိုးပြောလိုက်သည်။
“ ငါတို့ ဂရုရဲ့ အကျိုးကျေးဇူးကတော့ ကောင်းမှကောင်းနဲ့ကို နေတာပဲ။ ငါတို့မှာ သတင်းတွေ၊ သက်သေအရင်းအမြစ်တွေ အကုန်ရှိတယ်။ မင်းသာ ဆန္ဒရှိရင် ငါတို့ရဲ့ အဖိုးတန်အရင်းအမြစ်တွေ အားလုံးကို မင်းဆီပို့ပေးမှာကွ…”
ယင်းက သူထောင်ခဲ့သော ယောက်ျားလေးဂရုချက်အတွက် ဈေးဗန်းခင်းသည့်စကားပင်။ လင်ချင်းဟယ်မှလွဲ၍ အခြားယောက်ျားလေးများ အားလုံးနီးပါး ဂရုထဲတွင် ရှိကြသည်။ ဂရုချက်ထဲတွင် အချိန်နှင့်တစ်ပြေးညီ ရလာသမျှ သတင်းများကို အချင်းချင်းမျှဝေကြ၊ ဆက်သွယ်ကြ၊ နားထောင်ကြနှင့် စည်းကားလျက်ရှိသည်။
ပိချန်ဖေးက မေးခွန်းများဖြေခြင်း၊ အကြားစွမ်းရည်နားထောင်ခြင်း စသည့် စာလေ့လာသည့်အရင်းအမြစ်များအကြောင်း ပြောနေသည်ဟု ထောင်ရှီးက ထင်သွားကာ ဖုန်းကို အမြန်ကောက်ကိုင်လိုက်ပြီး ပြောသည်။
“ ကောင်းပြီ…”
သူ ပိချန်ဖေး၏ WeChat ID ကို ချက်ချင်း Add လိုက်ပြီး ပိချန်ဖေးအား သူ့ကို ဂရုထဲထည့်ပေးရန် လောဆော်မည်ပြုစဉ် တိတ်ဆိတ်စွာ စာဖတ်နေသော လင်ချင်းဟယ်ထံမှ မာထန်စွာ စကားဆိုလာသံကို ကြားလိုက်ရသည်။
“ ဂရုတွေထဲကို ဝင်ခွင့်မပြုဘူး…”
လင်ချင်းဟယ်က ပိချန်ဖေးအား အေးစက်စွာ ကြည့်လိုက်သည်။ ပိချန်ဖေးမှာ အလိုလိုနေရင်းပင် ကြက်သီးတဖြန်းဖြန်းထသွားပြီး ဂရုထဲထည့်သွင်းရန်ပြင်နေသည့် သူ့လက်ကလေးကို တိတ်တိတ်ကလေး နောက်ပြန်ဆုတ်လိုက်သည်။
ထောင်ရှီးမှာ အံ့အားသင့်တကြီးဖြစ်သွားရ၏။ လင်ချင်းဟယ်၏လေသံက အမိန့်ပေးနေပုံပေါက်ကာ မတိုင်မီက နူးညံ့ညင်သာခြင်းအရိပ်အယောင်များလည်း ပျောက်ခြင်းမလှပျောက်ကွယ်သွားသည်။ သူ အနည်းငယ် စိတ်ဆိုးသွားရပြီး ခွန်းတုံ့ပြန်စကားပြောလိုက်၏။
“ ဒါဆိုမင်းက ငါ့ကို စာလေ့လာစရာအရင်းအမြစ်တွေ ပို့ပေးမှာမို့လို့လား…”
လင်ချင်းဟယ်က မျက်ခုံးများ တွန့်ချိုးသွားပြီး ထောင်ရှီးကို လှည့်ကြည့်သည်။ ထို့နောက် ခဏစကားရပ်ကာ ပြောသည်။ “ ပို့ပေးမယ်…”
ထောင်ရှီး ကြောင်အသွားသည်။ လင်ချင်းဟယ်က အလွယ်တကူ လက်သင့်ခံလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မကျေမလည်ဖြစ်နေမှုများလည်း ရုတ်ခြည်း ပျောက်ကွယ်သွားတော့၏။ သူ့နှုတ်ခမ်းလေးများ ကွေးတက်သွားကာ ဂရုထဲဝင်ရန်အတွက် ထပ်မတောင်းဆိုတော့ပေ။
နံဘေးတွင်ရှိနေဆဲ ပိချန်ဖေးမှာ အပြင်ပန်းတွင် တည်ငြိမ်နေပုံပေါ်သော်လည်း စိတ်ထဲ၌မူ မိုးသက်လေထန်နေပြီ ဖြစ်၏။
ချီး…သူ့နောက်ခုံက နှစ်ယောက်က အချင်းချင်း ဝေမျှရအောင်ထိ ဘယ်တုန်းကများ အဲ့လောက် ရင်းနှီးသွားကြတာတုန်း…
နတ်ဘုရားလင်က အတည်ပြောနေမှန်းသိသော်လည်း ထောင်ရှီးအပေါ် ဤမျှပိုင်စိုးပိုင်နင်းနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပါချေ။
ပိချန်ဖေးမှာ ယောက်ျားလေးဂရုနှင့် အရင်းအမြစ်များအကြောင်းကို ထပ်ပင်မဟရဲတော့ပေ။ သူက ထောင်ရှီးကို ဆွဲခေါ်လျက် သူ ကိုရီးယားသို့ လျှောက်လည်ခဲ့စဉ်က ရိုက်ခဲ့သော ဓာတ်ပုံများကိုပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ ငါ ပုံရိုက်တော်တယ်မလား…။ ဒီပုံတွေက ဖွားဖွားလေးပိရဲ့ ယွမ်တစ်သိန်းတန် ကင်မရာနဲ့ရိုက်လာခဲ့တာ။ ဈေးကြီးတဲ့ ကင်မရာနဲ့ရိုက်တဲ့ပုံတွေက ကွာတော့ကွာတယ်ပြောရမယ်…”
ထောင်ရှီးက ပိချန်ဖေးရိုက်ထားသော ဓာတ်ပုံများကို ငုံ့ကြည့်လိုက်သည်။ သူ မက်မွန်ပွင့်စမ်းချောင်းတွင်နေခဲ့စဉ်က မျိုးစုံသော ဓာတ်ပုံဆရာများကို တွေ့ခဲ့ဖူးသည်။ လက်ရာမြောက်ဓာတ်ပုံ မြောက်မြားစွာကိုလည်း တွေ့ဖူးလေ၏။ ပိချန်ဖေးရိုက်ထားသည့်ပုံများက နေရာအချိန်အဆမှန်သည်ဆိုရုံမျှသာရှိသည်။
သို့သော် ဤထုံထုံအအ ကောင်လေးကို ပစ်ပစ်ခါခါ မပြောရက်သည့်အတွက် ပြုံးလျက်သာ ဆိုလိုက်သည်။
“ ရိုက်ချက်တွေက မဆိုးဘူး၊ ဒီပုံလေးက အလှဆုံးပဲ…” သူက မျက်လုံးထဲထင်းနေသည့် ပင်လယ်ကမ်းခြေ ရှုခင်းပုံတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“ ဟုတ်တယ်၊ ရှီးကော ပြောတာမှန်တယ်။ ငါ ဓာတ်ပုံပညာတောင်ယူပြီး ဒါရိုက်တာတောင်ဖြစ်ချင်သွားပြီကွာ…”
ပိချန်ဖေးက မျှော်လင့်ချက်များ ပြည့်ဝသွားသည်။
“…..”
ထောင်ရှီးမှာ ပြောမိတာ မှားများမှားသွားပြီလားဟုတောင် သံသဝင်လာတော့၏။
“ ရှီးကော ၊ မင်း ဒီပုံလေးကို အလှဆုံးလို့ထင်ရင် ငါမင်းကိုပို့ပေးလိုက်မယ်။ မင်း ဖုန်းဝေါပေပါထားလို့လည်း ရတယ်…”
“…ကျေးဇူး…” ထောင်ရှီးမှာ ဤပုံကို ဝေါပေပါအဖြစ် လုံးဝမထားချင်ပါချေ။
ညရောက်၍ ထောင်ရှီးက အိပ်ဆောင်သို့ ပြန်လာသောအခါ လင်ချင်းဟယ်က သူ့အား အရင်းအမြစ်များပို့ပေးမည်ဟု ကတိပေးခဲ့သည့်စကားကို တစ်ချိန်လုံးစဉ်းစားနေမိသည်။
အမှန်တကယ်တွင် သူက သင်ကြားရေးအရင်းအမြစ်များကို သိပ်စိတ်ဝင်စားသည်တော့ မဟုတ်လှ။ သူက လင်ချင်းဟယ်နှင့် စကားပြောချင်ရုံသာ ဖြစ်သည်။
သူက Moon ဟု သိမ်းထားသည့် မက်ဆေ့ချ်ဘောက်ထဲကို ဝင်ကြည့်လိုက်သည်။ ထိုနေရာတွင် “သူငယ်ချင်းဖြစ်ခွင့် အတည်ပြုချက် တောင်းဆိုမှုကို လက်ခံလိုက်ပါပြီ။ စတင် စကားပြောနိုင်ပါပြီ” ဟူသော မနက်ခင်းတုန်းက စစ်စတန်ထံမှ အလိုအလျောက်ပို့ထားသည့် စာတစ်ကြောင်းသာ ရှိနေသည်။
စတင်စကားပြောနိုင်ပါပြီ။
ထိုစာကြောင်းက ထောင်ရှီးကို သတ္တိများပေးစွမ်းနေသည်။ သူ ပင့်သက်ပြင်းပြင်းရှိုက်လျက် စာရိုက်သည့်ဘောက်တွင် စာစရိုက်လိုက်သည်။
အလွန်နှေးကွေးစွာရိုက်နေသည့်တိုင် သူ့လက်ချောင်းများက တုန်ယင်နေပြီး အမှားများလည်း မကြာခဏရေးမိနေကာ စာလုံးများကို ပြန်ပြန်ဖျက်နေရသည်။
ဘာပို့ရပါ့…
သူ ဖြည်းဖြည်းချင်း စာရိုက်လိုက်သည်။ “ ထုန်ကျိုး၊ မင်း ငါ့ကို အရင်းအမြစ်တွေပို့ပေးမယ်လို့ ကတိပေးထားတဲ့ဟာရော…”
[ ထုန်ကျိုး = ထိုင်ခုံဖော် ]
ရေးပြီးသွားသည့်အခါ သဘာဝမကျဟု ခံစားလိုက်ရသည့်အတွက် အကုန်ပြန်ဖျက်ပြီး သင်္ချာစာအုပ်ကို ဖွင့်လိုက်သည်။ ပြီးသော် အလျဉ်းသင့်သော မေးခွန်းတစ်ခုကို ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက်ပြီး မက်ဆေ့ချ်ဘောက်တွင် စာထပ်ရိုက်လိုက်ပြန်သည်။
“ ငါမတွက်တတ်တဲ့ပုစ္ဆာလေးတစ်ပုဒ်ရှိနေလို့…ငါ့ကို တစ်ချက်လောက်ကြည့်ပေးလို့ရမလား…”
ဤပုစ္ဆာက အလွန်လွယ်လွန်းကာ လင်ချင်းဟယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကိုလည်း စိုးရိမ်မိပြန်သဖြင့် စာအားလုံးကို ပြန်ဖျက်လိုက်သည်။
ဤသို့ဖျက်လိုက်ရေးလိုက်နှင့် အကြိမ်ကြိမ်လုပ်ပြီးနောက် ထောင်ရှီးမှာ မက်ဆေ့ချ်ပို့ချင်စိတ်မရှိတော့ပေ။
သူက ဖုန်းကို ဘေးတွင် ပစ်ထားလိုက်ပြီး ဆေးစုတ်တံကိုင်ကာ ပန်းချီစဆွဲရန်ပြင်သည်။ မနက်ဖြန်တွင် သူ ပန်းချီကားကို ပန်းချီမေဂျာမှ ကျောင်းသားတစ်ဦးထံ အပ်ရမည်ဖြစ်၏။
စုတ်ချက်တစ်ချက်ပင် မဆွဲရသေးခင် စားပွဲပေါ်မှ သူ့ဖုန်းက ရုတ်တရက် မက်ဆေ့ချ်ဝင်လာကြောင်း အချက်ပေးသံတစ်ခု မြည်လာသည်။ ထောင်ရှီးမှာ ဖုန်းကိုချက်ချင်း ကောက်ကိုင်လိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ လင်ချင်းဟယ်က သူ့ကို မက်ဆေ့တစ်စောင် ပို့လာခြင်းပင်။
“ ? ”
ရိုးရှင်းသော မေးခွန်းသင်္ကေတတစ်ခုပင်။
ထောင်ရှီး၏ခေါင်းထဲတွင် “ ? ” ဖြင့် ပြည့်သွားသည်။
သူ ဇဝေဇဝါဖြစ်သွားပြီး မလုံမလဲ စာပြန်လိုက်သည်။ “ဘာကိစ္စရှိလို့လဲ…”
လင်ချင်းဟယ်က WeChat မျက်နှာပြင်ကို စခရင်ရှော့ခ်ရိုက်ထားသော ဓာတ်ပုံတစ်ခုပို့လာသည်။ ပုံ၏ထိပ်ဆုံးတွင်မူ “တစ်ဖက်လူက စာရိုက်နေပါသည်….” ဟူ၍ ပေါ်နေပြီး အချိန်ကမူ လွန်ခဲ့သည့်ဆယ်မိနစ်ကဖြစ်လေသည်။
ငုံးဥပဲ။
WeChat မှာ ဒီလိုကြောင်တောင်တောင် Fution မျိုးရှိတယ်လို့ ဘယ်သူ့မှ သူ့ကို မပြောပြထားကြဘူးလေ…
ထောင်ရှီး၏နားရွက်ဖျားများ ရှိန်းခနဲ ရဲတက်သွားပြီး အစောကမှ သူ ရိုက်ထားသည့် ဓာတ်ပုံကို အလျင်စလိုပို့လိုက်ကာ စာရိုက်လိုက်သည်။
“ငါ ဒီပုစ္ဆာကို မတွက်တတ်လို့…”
လင်ချင်းဟယ်က ဘာမှပြန်မပြောလာခဲ့ပေ။
ထောင်ရှီးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး တစ်ပြိုင်နက်တည်းပင် စိတ်ပျက်အားလျော့သွားသလိုလည်း ခံစားလိုက်ရသည်။
သို့သော် ဘယ်လောက်မှပင် မကြာလိုက် လင်ချင်းဟယ်က ဓာတ်ပုံတစ်ပုံ ထပ်ပို့လာသည်။ ပုံက သင်္ချာပုစ္ဆာကို တစ်ဆင့်ချင်းအသေးစိတ် တွက်ချက်ဖြေရှင်းထားသော စာရွက်တစ်ရွက်ပုံဖြစ်သည်။ လက်ရေးလက်သားကမူ ရှင်းလင်းပြတ်သားနေသည်။
ထောင်ရှီးမှာ ထပ်မံပျော်ရွှင်သွားရပြန်သည်။ သူ့မျက်နှာတစ်ခုလုံး နွေးခနဲဖြစ်သွားကာ အလျင်အမြန် အကြောင်းပြန်လိုက်သည်။ “ ကျေးဇူးပါ၊ ထုန်ကျိုး…”
လင်ချင်းဟယ်က ဘာမှပြန်မပြောလာဘဲ Cloud Disk ဖိုင်တွဲတစ်ခု ပို့လာသည်။
ထောင်ရှီးက ဆော့ဝဲများအကြောင်း သိပ်မသိသေးသဖြင့် ဖန်းယန့်ကို အကူအညီသွားတောင်းလိုက်သည်။ ဖိုင်တွဲကို ဒေါင်းလုဒ်ဆွဲပြီးနောက် ဖွင့်ကြည့်လိုက်ရာ ဘာသာရပ်အမျိုးမျိုးကို ကဏ္ဍအလိုက် စုစည်းပေးထားသည့် လေ့ကျင့်ရန်သင်ခန်းစာများ ပါဝင်နေကြောင်းတွေ့လိုက်သည်။
၎င်းက ပိချန်ဖေး၏ သင်ခန်းစာစုစည်းမှုများထက် ပိုကောင်းလိမ့်မည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် ဂရုထဲသို့ မဝင်ရလည်း ကိစ္စမရှိတော့ချေ။
ထို့နောက် သူ လင်ချင်းဟယ်ကို “ကျေးဇူးပါ” ဟု စာပို့လိုက်သည်။
သို့သော် လင်ချင်းဟယ်က အကြောင်းပြန်မလာတော့ပေ။
ထောင်ရှီးမှာ ဤစကားပြောမှတ်တမ်းလေးကို မိန်းမောစွာ ကြည့်လိုက်မိသည်။ ခဏကြာသော် လင်ချင်းဟယ်၏ဖရိုဖိုင်းကို နှိပ်ကြည့်လိုက်သည်။ ထိုအခါမှ လင်ချင်းဟယ်၏ Moments က ဗလာမဟုတ်နေတော့ကြောင်း တွေ့လိုက်ရသည်။
ထိုသူက လွန်ခဲ့သော တစ်နာရီခန့်က ဓာတ်ပုံ ၉ ပုံကို မည်သည့်စာမှမပါဘဲ တင်ခဲ့သည်။
ထောင်ရှီးက ပုံတစ်ပြီးတစ်ပုံကို နှိပ်ဖွင့်ကြည့်လိုက်ရာ ပုံများက လင်ချင်းဟယ် ဂျပန်သို့ အားလပ်ရက်ခရီးထွက်စဉ်က ပုံများဖြစ်ကြောင်း သိလိုက်ရလေသည်။ သို့သော် ပိချန်ဖေး၏ “လက်ရာအမြောက်ဆုံး” ဓာတ်ပုံများနှင့်ယှဉ်လိုက်ပါက လင်ချင်းဟယ်က ကျွမ်းကျင်အဆင့်ဟု သတ်မှတ်ရမည်ပင်။
နေဝင်ရီတရောအချိန် သာမန်လူသွားလမ်းမများ၊ အောက်တိုဘာလ၏တိတ်ဆိတ်ကာ အသက်ဝင်နေသော မီးရှူးမီးပန်းများက သူ၏မျက်ဝန်းအိမ်ထဲကို တိုးဝင်လာသည်။ ထည်ဝါသော ညနေဆည်းဆာရောင်ခြည်က လမ်းမပေါ်ရှိ လူတိုင်း၏အရိပ်ပေါ် ကျရောက်နေသည်။ ဟော်ကိုင်းဒိုးတောင်တန်းများပေါ်တွင် အနီရောင်သစ်ရွက်များဖြင့် ဖုံးလွှမ်းနေသည့်အလားပါပင်။
ထောင်ရှီးမှာ ယမန်နေ့ကာ ညနေခင်းလေးကို ရုတ်တရက် ပြန်သတိရသွားသည်။ လင်ချင်းဟယ်က လူသူကင်းမဲ့နေသည့် ဖျော်ဖြေရေးခန်းမအလယ်ရှိ စန္ဒရားခုံရှေ့တွင် ထိုင်နေခဲ့ပြီး သူ တစ်ယောက်သာကြားနိုင်သည့် “ မယ်ရီခရစ္စမတ် မစ္စတာလောရန့်” သီချင်းကို တီးနေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲရှိ နာကြည်းမှု၊ မနာလိုနှင့် ရှက်ရွံ့မှုအားလုံးတို့က ရေအိုင်ထဲသို့ ကြွေကျသွားသော အနီရောင်သစ်ရွက်များပမာ၊ ချောင်းများ၊ မြစ်များထဲသို့ စီးဝင်သွားသည့် မိုးရေစက်လေးများပမာပင် ထိုစန္ဒယားသံစဉ်ထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားခဲ့သည်။
အချိန်ခဏမျှ အတွေးလွန်နေပြီးနောက် သူက ဤ Moments လေးအား လိုက်ခ်ပေးလိုက်သည်။ ထို့နောက် ဓာတ်ပုံ ၉ ပုံလုံးကို သိမ်းဆည်းလိုက်ပြီး ထိုအထဲမှ တစ်ပုံကို ရွေးချယ်ကာ ဖုန်းဝေါပေပါအဖြစ်ထားလိုက်သည်။ ပြီးသော် နောက်တစ်ပုံကိုထပ်ရွေး၍ လင်ချင်းဟယ်နှင့် အပြန်အလှန်စာပို့သည့် Chat လေး၏ နောက်ခံပုံအဖြစ်ထားလိုက်လေသည်။
__________________
တစ်စုံတစ်လင်ကတော့ ပုံတွေတောင် ချက်ချင်းကောက်တင်ပစ်။ သူလည်း ချီးကျူးခံချင်ပါတယ်ပေါ့ XD