အပိုင်း ၂၄
Viewers 9k

Chapter – 24

 

ထောင်ရှီးက ပန်းချီကားလေးချပ် ရေးဆွဲပြီးသည့်နောက်တွင် ယွမ် ၁၂၀၀ ရခဲ့ကာ ဝယ်သူကောင်လေးများထဲမှတစ်ယောက်က စိတ်ကျေနပ်သောကြောင့် ဘောက်ဆူး ၂၀၀ အပိုပေးခဲ့သည်။ 

 

ထောင်ကျန်း သူ့ထံ နောက်တစ်ခေါက်ထပ်ရောက်လာခဲ့ပါက ပိုက်ဆံပေးလိုက်ရန် စိတ်ကူးထားသည်။ 

 

ဤနည်းဖြင့် ငွေရှာရသည်မှာလည်း မဆိုးလှဟု ထောင်ရှီး တွေးမိသည်။ ပန်းချီကျောင်းသားများက ပုံမှန်အားဖြင့် ဝင်ငွေမဆိုးလှပါချေ။ ရှေ့လျှောက် အရေးအပေါ်ငွေလိုလာပါက အော်ဒါများကို လက်ခံလို့ရနိုင်သည်။

 

အမျိုးသားနေ့အားလပ်ရက် ကုန်ဆုံးပြီးနောက် နွရာသီ၏ နောက်ဆုံးအပူရှိန်လက်ကျန်လေးမှာ အချိန်မှန်မှန်ရောက်ရှိလာသော ဆောင်းဦးလေညှင်းကြောင့် လွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။

 

ထောင်ရှီးနှင့် ပိချန်ဖေးတို့က နေ့လယ်ခင်းတွင် ကန်တင်း၌ စားသောက်ပြီးစီးသည့်အခါ စာသင်ခန်းသို့ပြန်လာခဲ့ကြသည်။ ပိချန်ဖေးက ဘတ်စကတ်ဘောသွားကစားရန် ကြံထားသော်လည်း ဖုန်းထဲရှိ မိုးလေဝသခန့်မှန်းဆော့ဖ်ဝဲကို ကြည့်လိုက်ပြီးနောက် လက်လျှော့လိုက်သည်။

 

“ မိုးလေဝသခန်းမှန်းချက်က နေ့လယ်ပိုင်းမှာ မိုးရွာမယ်လို့ပြောတယ်။ မကြာခင် ရွာတော့မယ်ထင်တယ်…”

 

ထောင်ရှီးက ကောင်းကင်ကိုမော့ကြည့်လိုက်ရာ ကောင်းကင်တွင် တိမ်မည်းများစုကာ အုံ့မှိုင်းနေပြီး အနည်းငယ်မျှ ညှစ်လိုက်လျှင်ပင် ရေစက်ရေပေါက်များ ကျဆင်းလာတော့မည့်ဟန်ရှိနေသည်။

 

နှစ်ဦးသား မိုးမကျခင် စာသင်ခန်းသို့ အပြေးပြန်လာခဲ့ကြသည်။ သို့သော် စာသင်ဆောင်၏ပထမအထပ်သို့ ရောက်ရောက်ချင်းတွင် အူယားဖားယားရောက်လာသော ဖန်းယန့်က သူတို့ကို လှမ်းတားလိုက်သည်။

 

ဖန်းယန့်က စိုးရိမ်တကြီးနှင့် အခက်ကြုံနေပုံရပြီး ထောင်ရှီးအရှေ့တွင် ဒူးထောက်ချလိုက်သည်။

 

“ ရှီးသာ့ ၊ ငါ မင်းကို မကူညီနိုင်လိုက်ဘူး။ ကျန်းလောင်ရှီးက ပန်းချီကားတွေကို လူတစ်ယောက်တည်းက ဆွဲတာမှန်း သိသွားတယ်။ ငါတို့ မတတ်နိုင်လို့ မင်းဆိုတာ ဝန်ခံလိုက်ရတယ်။ ငါတို့ တစ်မနက်လုံး အဆူခံရပြီးပြီ။ ဒါပေမဲ့ သူက မင်းကိုလည်း အလွှတ်မပေးဘူးတဲ့…”

 

ပြောရင်းပြောရင်းနှင့် သူ့အသံက တိုးတိမ်သွားသည်။ သူ ထောင်ရှီး၏အမူအရာကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်သော် ထောင်ရှီးက လုံးဝထိတ်လန့်သွားခြင်းမရှိပုံပင်။ ထို့အစား မျက်မှောင်ကြုတ်ကာ ရေရွတ်သည်။

 

“ တကယ်ကြီး သိသွားတယ်ပေါ့…”

 

သူဆွဲခဲ့သည့်ပန်းချီကားများကို ပြန်ဆန်းစစ်နေချိန်တွင် ဖန်းယန့်မှာမူ ချွေးများပင် မနည်းမနောထွက်နေလေပြီ။

 

ပိချန်ဖေးမှာ ထောင်ရှီးက ပန်းချီကျောင်းသားများကို အိမ်စာကူလုပ်ပေးနေမှန်း မသိသော်လည်း ဝမ်းဟွာ အ.ထ.က(၁) ကျောင်းတွင် ပန်းချီမေဂျာဆရာမ ကျန်းလိန်၏သတင်းများကိုတော့ ကြားထားလေသည်။ ဤနတ်ဆိုးအမျိုးသမီးမှာ ကျောင်းသားများကို သုံးနာရီကြာအောင် အသက်ရှူမနားစတမ်း ဆူငေါက်နိုင်သည်ဟူ၍ စံချိန်တင်ထားသည်။ 

 

“ ရှီးကော ၊ မင်းတော့ ပြဿာနာတက်ပြီ။ နဂိုကတည်းက ဘယ်သူ့ကိုမှ ပြဿနာသွားလုပ်လို့မဖြစ်တာကို မင်းက ကျန်းလိန်ကိုမှ သွားစော်ကားမိတယ်…”

 

ပိချန်ဖေးက ထောင်ရှီး၏ပုခုံးလေးကို ဂရုဏာသက်စွာ ပုတ်ပေးလိုက်သည်။ သူ့မျက်လုံးများက စိတ်မကောင်းဖြစ်နေဟန်။ လေသံကမူ ကြေကွဲနာကျင်နေသည်။

 

“ ကောင်းပြီ။ ငါအဲ့ဒီသွားမယ်…” 

 

ထောင်ရှီးက ဂရုမစိုက်ပါချေ။ အလယ်တန်းသုံးနှစ်လုံး ကျောင်းအုပ်ကြီးနှင့်ပင် ဉာဏအားဖြင့်သာမက ရဲစွမ်းသတ္တိအားဖြင့်ပါ အကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသည်မို့ သူ လုံးဝမကြောက်ပါချေ။

 

အေးခိုက်သော လေပြင်းသည် သည်းထန်စွာတိုက်ခတ်ပြီး ရီမြစ်သည် အေးခဲသွားလျှင်တောင်မှ လုပ်စရာရှိတာကို ဆက်လုပ်ရမည်ပင်။ ပိချန်ဖေး၏အကြည့်အောက်မှာပင် သူက ဖန်းယန့်နှင့်အတူ အနုပညာဌာန၏ ရုံးခန်းဆီသို့ ထွက်လာခဲ့သည်။ သူတို့မှာ ပထမထပ်ကို ရောက်ရုံရှိသေး တတိယအထပ်မှ လယ်ဗယ်မြင့် အသံပါဝါကောင်းကောင်းနှင့် အမျိုးသမီးတစ်ယောက်၏ ဟိန်းနေသောအသံကို ကြားလိုက်ရပြီဖြစ်၏။ တတိယထပ်သို့ ရောက်သောအခါ နားစည်က ပထမအဆင့်သတိပေးချက်ဟု သတင်းပို့သည်။

 

ထောင်ရှီးက ရုံးခန်းထဲသို့ ခြေတစ်လှမ်းသာ လှမ်းဝင်လိုက်ရုံရှိသေး ထိုဟိန်းနေသော အသံက သူ့ခေါင်းပေါ်သို့ ကျရောက်လာလေသည်။  “ ဟိုနားကိုသွား…”

 

ရုံးခန်း၏လသာဆောင်တွင် သူ့ကို ပန်းချီအပ်ခဲ့သော ညီအစ်ကိုလေးယောက်က တန်းစီရပ်လျက်သားရှိနေကြသည်။ တစ်ယောက်လျှင် ပန်းအိုးတစ်လုံးစီမျက်နှာမူလျက် မတ်တပ်ရပ် အပြစ်ပေးခံနေရပြီး လေးယောက်သားလုံး ဘူးသီးခြောက်ပမာ ခေါင်းကို မြှုပ်နေအောင် ငုံ့ထားကြသည်။ ဖန်းယန့်သည်လည်း ရုံးခန်းထဲသို့ ဝင်ဝင်ချင်းပင် ခါးကိုအလိုလို မတ်လိုက်မိကာ ပဉ္စမမြောက်ပန်းအိုးရှေ့၌ သတိအနေအထားဖြင့် သွားရပ်လေသည်။

 

ထောင်ရှီးက ခါးထောက်ကာ ဒေါသတကြီးဖြင့် အော်ငေါက်နေသော ကျန်းလိန်ကို ပြုံးပြလိုက်သည်။

 

“ မင်္ဂလာပါ ၊ ဆရာမ…”   ထို့နောက် ဆဋ္ဌမမြောက်ပန်းအိုးရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ပန်းအိုးထဲတွင် ရှားစောင်းပင်လေးတစ်ပင် စိုက်ထားသည်ကို တွေ့ရသည်။ 

 

ကျန်းလိန် အံ့ဩသွားသည်။ ဤ “နောက်ကွယ်မှကြိုးကိုင်သူ” ကျောင်းသားက သေချာပေါက် အပြစ်ကျူးလွန်နေကျလူပဲ ဖြစ်ရမည်။ သူမ ဒေါသထွက်စွာ လှောင်ရယ်လိုက်ပြီး ပန်းချီမေဂျာမှ ကျောင်းသားငါးယောက်အား ဆူပူနေခြင်းကို ရပ်လိုက်ပြီး ထောင်ရှီးကို လက်ညှိုးငေါက်ငေါက်ထိုးကာ တစ်ဖက်စောင်းနင်း၍‌ ငေါက်ငမ်းတော့၏။

 

“ မင်းက အထက်တန်းဒုတိယနှစ်က ထောင်ရှီးပေါ့လေ။ အသက်ရှင်ရတာကြာတော့ လောကကြီးအကြောင်း သိပ်သိနေပြီပေါ့ ဟမ်။ တန်းခွဲ(၁)က ကျောင်းသားက ပန်းချီအတန်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူလုပ်ပေးနေတာကို ငါ ပထမဆုံးတွေ့ဖူးတာပဲ။ မင်းမှာ အိမ်စာလုပ်စရာပဲ မရှိလို့လား ဒါမှမဟုတ် မင်း လက်တွေကပဲ တအား အားယားနေလို့လား…”

 

“ သူတို့ဆွဲထားတာ ဟုတ်မဟုတ်တောင် မသိရအောင် မင်း ငါ့ကို ကန်းနေတယ်များထင်နေတာလား…။ ငါ ပြခန်းဖွင့်စားနေတဲ့အချိန် မင်းကဖြင့် မျိုးဥတောင်အောင်သေးမှာ မဟုတ်ဘူး။ ငါ့ကို လာလိမ်လို့ရမယ်များထင်နေတာလား…”

 

“ ငါဘယ်လိုသိသွားလဲ မင်းမသိချင်ဘူးလား။ အေး ငါပြောပြမယ်။ ပန်းချီဆိုတာ စာရေးတာနဲ့ အတူတူပဲ။ လူတစ်ယောက်ရဲ့ လက်ရေးလက်သားကို ဘယ်လောက်ပဲ ဖျက်ပြီးရေးထားရေးထား ကြည့်လိုက်တာနဲ့ သိတယ်ဟဲ့။ တစ်ချို့လက္ခဏာတွေကို ဖုံးထားလို့မရဘူး စာရေးတာပဲဖြစ်ဖြစ်၊ ပန်းချီဆွဲတာပဲဖြစ်ဖြစ်။ လူလေးကဖြင့် လက်တောက်လောက်ပဲရှိသေးတယ် ငါ့ရှေ့လာပြီး လိမ်စားချင်နေသေးတယ်…”

 

“ မင်း အခုသူတို့အတွက် ပုံဆွဲပေးလိုက်ပါပြီတဲ့ စာမေးပွဲခန်းထဲမှာရော သူတို့အစားဝင်ထိုင်ပေးမှာလား…။ သူတို့ကို တက္ကသိုလ်ဝင်စာမေးပွဲအောင်တဲ့အထိ ကူညီပေးဖို့ မင်း တာဝန်ယူနိုင်လား…”

 

“ ငါ ကျိုးချန်ကို ခေါ်ပြီးတိုင်ရမယ်။ ထိပ်ဆုံးအတန်းက ကျောင်းသားက ပန်းချီအတန်းကိုလာပြီး စီးပွားရေးလုပ်နေတယ်လို့။ အဲ့တော့မှ ငါသူ့အစား မင်းကို ကောင်းကောင်းဆုံးမပစ်မယ်…”

 

……

 

ထောင်ရှီးက တစ်လျှောက်လုံး ခေါင်းငုံ့ထားလျက် သူ့အမှားသူ ဝန်ခံသည့်အလား ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေသည်။

 

သို့သော် အမှန်တကယ်တွင်မူ တစ်ဖက်နားကဝင်ပြီး တစ်ဖက်နားက ပြန်ထွက်သွားခြင်းဖြစ်၏၊ ကောင်းကင်တွင် အချိန်အကြာကြီး အုံ့နေခဲ့သော မိုးက ပတ်ဝန်းကျင်ကို မသဲကွဲတော့သည်အထိ သဲသဲမဲမဲ ရွာချလာသည်။ မိုးစက်များက လသာဆောင်လက်ရန်းကို လာရိုက်ခတ်သောကြောင့် မိုးသံလေသံများဖြင့် ဆူညံနေတော့၏။ သူ့အရှေ့ရှိ ရှားစောင်းပင်လေးမှာလည်း လုံးဝဥဿုံ ရေစိုလို့သွားလေပြီ။

 

သူ ထီးမပါဘဲ မည်သို့ပြန်ရမည်နည်းဟူ၍ အခြားရောက်တက်ရာရာများကို တောင်စဉ်ရေမရ လျှောက်တွေးနေမိသည်။

ကျန်းလိန်မှာ အတန်ကြာ ငေါက်ငမ်းပြီးသည့်တိုင် ထောင်ရှီးက ရှားစောင်းပင်ကိုသာ မူမပျက် စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်လျှင် ပို၍ပင် ဒေါသထွက်လာပြီး အသံကိုထပ်မြင့်ကာ အော်လိုက်သည်။

 

“ အတန်းပိုင်ဆရာနဲ့တင် မလုံလောက်ဘူး။ ငါ မင်းမိဘတွေကိုပါ ခေါ်မှဖြစ်မယ်။ ရှင်တို့သားက ကျောင်းမှာစာကောင်းကောင်းမသင်ဘဲ နေ့တိုင်း လူလိမ်ကျနေတယ် မင်းမိဘတွေကို တိုင်မယ်။ ကျောင်းမှာ လူလိမ်ကျပြီး ပိုက်ဆံရှာရအောင်ထိ မင်းမှာ အဖေ၊ အမေမရှိဘူးလား…။ မိဘတွေမသိအောင် မင်း ဘယ်လိုဂိမ်းခိုးဆော့ပြီး ပိုက်ဆံတွေခိုးထည့်နေလဲ ငါမသိဘူး။ မင်းက မိမဆုံးမ၊ ဖမဆုံးမပဲ ဖြစ်ရမယ်…”

 

သူမ၏စကားဆုံးဆုံးချင်းတွင် တစ်လျှောက်လုံး ခေါင်းငုံ့နေသော ထောင်ရှီးက ရုတ်တရက် ခေါင်းမော့လာပြီး သူမကိုကြည့်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးလေးတစ်စ ခိုတွဲသွားပြီး ပြောလာ၏။

 

“ တောင်းပန်ပါတယ်။ ကျွန်တော့် မိဘက မဆုံးမပါဘူး…”

 

ကျန်းလိန်မှာ ကြက်သေသေသွား၏။ လသာဆောင် အပြင်ဘက် မှောင်မည်းနေသည့် ကောင်းကင်ပြင်နှင့်အတူ ဖြူဖွေးနှစ်လိုဖွယ်ကောင်းသော ဤကောင်လေး၏ မျက်လုံးတစ်စုံက ဝမ်းနည်းညှိုးလျှော်မှုများဖြင့် စိုစွတ်နေသည်။ သူ့အရှေ့ရှိ တစ်ပင်လုံး ဆူးများဖုံးနေသော ရှားစောင်းလေးပင် ပမာပင်။

 

သူမ၏နှလုံးသားက တင်းကြပ်သွားသည်။ ဒေါသအလျှောက် ပက်ခနဲ ပြောမိလိုက်ခြင်းကို စိတ်မကောင်းကြီးစွာ ဖြစ်မိ၏။ သူမက ထောင်ရှီးကို ဆက်ဆူတော့မည်ပြုစဉ် အပြင်ဘက်မှ တံခါးခေါက်သံ သုံးချက်ထွက်လာလေသည်။

 

ကျန်းလိန်က ခဏရပ်လိုက်ပြီး အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ 

 

“ ဝင်ခဲ့…”

 

တံခါးပွင့်သွားသည်နှင့် အရပ်ရှည်ရှည်၊ ရုပ်ချောချောလူငယ်လေးတစ်ယောက်က ရေစက်လက်ကျလျက်သား အနက်ရောင်ထီးတစ်ချောင်းကို ကိုင်လျက် ရုံးခန်းထဲ ဝင်လာခဲ့သည်။ ရုံးခန်းထဲတွင် မီးမဖွင့်ထားသဖြင့် အလင်းရောင်ခပ်မှိန်မှိန်သာရှိနေရာ ကျန်းလိန်မှာ လူကိုသဲသဲကွဲကွဲ မမြင်ရဘဲ စိတ်မရှည်စွာ မေးလိုက်သည်။

 

 “မင်းက ဒီကို ဘာလာလုပ်တာလဲ…” 

 

လူငယ်လေးက ထီးကိုတံခါးဘေးနား ချလိုက်ပြီး လသာဆောင်ထဲသို့ ဝင်လာကာ ဆဋ္ဌမမြောက် ရှားစောင်းပင်အိုးရှေ့တွင် ရပ်နေသောလူကို ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

 

“ သူ့ကို လာခေါ်တာပါ…”

 

ကျန်းလိန်က အပြင်ဘက်မှ အလင်းရောင်အကူဖြင့် သေချာအကဲခတ်ကြည့်လိုက်ရာ ဝင်လာသူက လင်ချင်းဟယ်ဖြစ်နေသည်။ သူမက ပန်းချီကျောင်းသားများကိုသာ စာသင်ကြားပေးရသော်လည်း လင်ချင်းဟယ်ကိုတော့ မသိဘဲမနေပေ။ သူ၏အဆင့်များကြောင့်သာမက ဝမ်းဟွာ အ.ထ.က (၁) ကျောင်းနှင့် လင်မိသားစု၏ ဆက်ဆံရေးက ကောင်းမွန်လှခြင်းကြောင့်လည်းပါသည်။ ချိုးရှစ်အဆောင်ဆိုလျှင် မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးဟောင်းကြီး လင်ဝေလျန်၏ သားနှစ်ယောက်ဖြစ်သော လင်ကျဲချိုးနှင့် လင်ကျဲရှစ်တို့၏အမည်ကို အစွဲပြု၍ မှည့်ထားခြင်းဖြစ်သည်။ 

 

လင်ချင်းဟယ်က ချိုးရှစ်အဆောင်၏ အလှူရှင် ၊ ရွေ့ကျဲလုပ်ငန်းစု၏ဥက္ကဌ လင်ကျဲရှစ်၏ တစ်ဦးတည်းသောသားဖြစ်သည်။ 

 

သူမ၏ခင်ပွန်းဖြစ်သူက ရွေ့ကျဲလုပ်ငန်းစုတွင် အလုပ်လုပ်နေခြင်းဖြစ်ပြီး အသက်ထက်ဝက်မျှ ကြာပြီးသည့်တိုင် ရာထူးမတက်နိုင်သေးပါချေ။ 

 

ကျန်းလိန်က ရုတ်တရက် မျက်နှာကြောလျှော့သွားပြီး အပြုံးတစ်ပွင့်နှင့် ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။  “ ဘယ်သူ့ကို လာခေါ်တာလဲ…”

 

ထိုမေးခွန်းက အရေးမပါသော မေးခွန်းမျှသာဖြစ်သည်။ အကြောင်းမှာ ထောင်ရှီးက လင်ချင်းဟယ်၏အရှေ့သို့ ဆွေ့ခနဲ ရောက်လာပြီဖြစ်သောကြောင့်ပင်။ ခုဏက ငိုမဲ့မဲ့မျက်နှာက ဘယ်ရောက်သွားတာပါလိမ့်။ လင်ချင်းဟယ်ကို ကြည့်နေသည့်မျက်လုံးများက ထောင်ပေါင်းများစွာသော ကြယ်ပွင့်များကဲ့သို့ တလက်လက်တောက်ပနေကြသည်။

 

အမှန်မှာ ထောင်ရှီးက ဆွေ့ခနဲ အပြေးရောက်လာခြင်းမဟုတ်ဘဲ ကျောင်းလာကြိုသည့်မိဘကို တွေ့လိုက်ရသည့် သူငယ်တန်းကလေးပမာ စိတ်လှုပ်ရှားတက်ကြွနေသည်ဟု ကျန်းလိန် ခံစားရရုံမျှသာ ဖြစ်သည်။

 

မှန်၏။ မိဘကိုတွေ့လိုက်ရသည်ပမာပင်။ ကျန်းလိန်မှာ ရုတ်တရက် အတွေးတစ်ခုဝင်သွားပြီး ထောင်ရှီးကို တစ်ခုခုပြောမည်ပြင်စဉ် လင်ချင်းဟယ်က သူမကို ကြည့်ကာ‌ မေးလာသည်။

 

“ ဆရာမ၊ ကျွန်တော် သူ့ကို ခေါ်သွားလို့ရမလား…”

 

ဤသည်က ခွင့်တောင်းသည့်မေးခွန်းမှန်း သိသာနေသည့်တိုင် လေသံကမူ ခွင့်တောင်းနေခြင်းနှင့် လုံးဝမတူပါချေ။

 

ဖန်းယန့်အပါအဝင် မတ်တပ်ရပ်ပြီး အပြစ်ပေးခံနေရဆဲဖြစ်သော ပန်းချီကျောင်းသားငါးယောက်မှာ အားကျ၊ မနာလိုသော အကြည့်များဖြင့် ထောင်ရှီးကိုကြည့်လိုက်ကြသည်။

 

ကျန်းလိန် အံ့အားသင့်သွား၏။ စင်စစ်တွင် သူမက ထောင်ရှီးကို အလွယ်တကူ လွှတ်ပေးလိုက်ရန် အစီအစဉ်မရှိချေ။ သို့သော် နောက်ခံအသိုင်းအဝိုင်းတောင့်သော သခင်လေးလင်ကို စိတ်အနှောင့်အယှက်သွားပေး၍ မဖြစ်သလို၊ သူမ၏ကျောင်းသားများရှေ့တွင်လည်း မျက်နှာမပျက်ချင်သောကြောင့် မျက်နှာထားတင်းတင်းဖြင့် ထောင်ရှီးကိုလှမ်းပြောလိုက်သည်။

 

“ မင်း ပြန်သွားလို့ရပြီ။ ဒါပေမဲ့ မင်းရဲ့လုပ်ရပ်တွေအတွက် ဝန်ခံပြီးတောင်းပန်ရမယ်…”

 

ထောင်ရှီးက ခေါင်းလေးငုံ့ကာ အသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။

 

“ ဆရာမ ၊ ကျွန်တော် တောင်းပန်ပါတယ်…”

 

ကျန်းလိန်၏မျက်နှာမှာ အနည်းငယ်ရှုံ့မဲ့သွားသည်။ လင်ချင်းဟယ် ဝင်လာချိန်ကစပြီး ဤကောင်လေးက အလွန်နာခံကျိုးနွံနေကာ ခွန်းတုံ့ပြန်စကားလည်း ပြန်မပြောလာတော့ပေ။ သူမက ထောင်ရှီးကို “သွားသွား” ဟုပြောလိုက်မည်ပြုစဉ် လင်ချင်းဟယ်ထံမှ ဖြည်းညင်းစွာ စကားဆိုလာသံကို ကြားလိုက်ရသည်။

 

“ ထောင်ရှီးက ဆရာမကို တောင်းပန်ပြီးပြီဆိုတော့ ဆရာမ ခုနကပြောလိုက်တဲ့ စကားအတွက် ထောင်ရှီးကို ပြန်တောင်းပန်သင့်တယ် မဟုတ်ဘူးလား…”

 

ရုံးခန်းတစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်သွားတော့သည်။

 

ကျန်းလိန်၏အသားအရေမှာ တောင့်တင်းသွားရပြီး တစ်ဆက်တည်းပင် လင်ချင်းဟယ်၏ စကားဆက်ပြောလာသံကိုလည်း ကြားလိုက်ရသည်။ 

 

“ အထက်လူကြီးက လက်အောက်ငယ်သားတွေကို ဖြစ်ဖြစ်၊ ဆရာက ကျောင်းသားတွေကို ဖြစ်ဖြစ်….လူတစ်ယောက်ကို မိမဆုံးမ၊ ဖမဆုံးမလို့တော့ မပြောသင့်ဘူးမလား ဆရာမ…”

 

သူက ခဏရပ်ကာ နှုတ်ခမ်းစွန်းများပင့်လျက် ကျန်းလိန်ကိုကြည့်လိုက်သည်။ သို့တိုင် မျက်လုံးထဲတွင်မူ အပြုံးရိပ်များ ရှိမနေခဲ့ပါပေ။

 

“ ပြီးတော့ ဆရာမ သူ့အကြောင်း ဘယ်လောက်သိလို့လဲ…”

လင်ချင်းဟယ်၏ မျက်လုံးများက တည်ငြိမ်နေသော်ငြား ထိုမျက်လုံးများမှ ဖိနှိပ်ချုပ်ကိုင်မှုကို ကျန်းလိန် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ 

 

ထောင်ရှီးက လင်ချင်းဟယ်ကို ကြည့်ရင်း မျက်တောင်များ တသိမ့်သိမ့်တုန်ယင်လာသည်။

 

ကျန်းလဲ့မှာ ပြောစရာစကားမဲ့သွားပြီး မျက်နှာမှာလည်း ပြာတစ်လှည့်၊ နီတစ်လှည့်ဖြစ်လာတော့၏။ ဤနေရာတွင် သူမ နှစ်ပေါင်းများစွာ စာသင်လာခဲ့သည့်တစ်လျှောက်လုံး ဘယ်ကျောင်းသားကိုမှ မတောင်းပန်ဖူးပါချေ။

 

လင်ချင်းဟယ်က ထောင်ရှီး၏ ချိုးယွင်းချက်မှန်သမျှကို အဆုံးထိကာကွယ်သွားကြောင်း မြင်ရသည်။ ကျန်းလိန်မှာ ထောင်ရှီးက လင်မိသားစုနှင့် ပတ်သက်မှုများရှိလေသလားဟူ၍ သင်္ကာမကင်းဖြစ်သွားသည်။ ထို့သို့ဆိုလျှင် သူမ ထောင်ရှီးကို စော်ကားလို့မဖြစ်ပါချေ။

 

“တောင်းပန်ပါတယ် ငါခုနက မင်းကို အဲ့လိုမပြောလိုက်သင့်ဘူး…”

 

အဆုံးတွင် ကျန်းလိန်က ထောင်ရှီးကို တောင်းပန်လာသည်။ လေသံကလည်း ပြောင်းသွားပြီး ချီးကျုးစကားအနည်းငယ်ပင် ဆိုလာ၏။

 

“ ဒါပေမယ့် မင်းက ပန်းချီဆွဲတာ ပါရမီအတော်ပါတယ်လို့ ပြောရမယ်။ စနစ်တကျနဲ့ လေ့ကျင့်သင်ကြားရင် နိုင်ငံတွင်းက အကောင်းဆုံး အနုပညာတက္ကသိုလ်ကို အသာလေးဝင်ခွင့်ရနိုင်တယ်။ မင်း တန်းခွဲ(၁)ကနေ ငါတို့ ပန်းချီအတန်းကို ပြောင်းခဲ့ချင်လား…”

 

လင်ချင်းဟယ်က မျက်မှောင်ကြုတ်ကာ စကားဖြတ်ပြောလိုက်သည်။   “ မလိုပါဘူး…”  

 

ထို့နောက် လက်မြှောက်ကာ နာရီကိုကြည့်လိုက်ပြီး အေးစက်စက် ပြောလာပြန်သည်။ 

 

“ ဆရာမ၊ တခြားပြောစရာရှိသေးလား…”


ကျန်းလိန်မှာ လင်ချင်းဟယ်က စိတ်ညစ်ညူးကာ စိတ်မရှည်ဖြစ်လာသည်ကို သတိပြုမိသောကြောင့် အလျင်အမြန်ပြောလိုက်သည်။  “ ရပြီ၊ ရပြီ…သွားကြတော့…”

 

သူမမှာ လင်ချင်းဟယ်နှင့် ထောင်ရှီးတို့ ထီးကိုင်လျက် ရုံးခန်းထဲမှ အတူထွက်သွားကြသည်ကို ကြောင်လျက်သာကြည့်နေမိသည်။ သူမအမျိုးသားက ကုမ္ပဏီတွင် သခင်လေးလင်နှင့်ဆုံဖူးပြီး ထိုကလေးက စကားနည်းကာ အကြောက်အလန့်ကင်းသော သူတို့ဥက္ကဌနှင့် ပုံစံခွက်တစ်ခုတည်းမှ ထွင်းထုထားသည့်အလား တစ်ပုံစံတည်းတူကြောင်း ပြောပြဖူးသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။

Chapter-24-2


ထောင်ရှီးက ရုံးခန်းအပြင်သို့ရောက်သည်နှင့် မနေနိုင်စွာ ပြုံးလျက် လင်ချင်းဟယ်ကို မေးလိုက်သည်။ “ မင်း ဒီကို ဘယ်လိုရောက်လာတာလဲ…။ ပိချန်ဖေးပြောလိုက်တာလား…”

 

လင်ချင်းဟယ် ရုံးခန်းထဲဝင်လာသည်ကို မြင်လိုက်စဉ်ကဆိုလျှင် သူ့မှာ မျက်စိမှားသလားဟုတောင် ထင်မိခဲ့သည်။ လင်ချင်းဟယ်က သူ့ကို ပြန်လာခေါ်ရန် မိုးရေထဲမှ ဤမျှအဝေးကြီးကို လမ်းလျှောက်လာလိမ့်မည်ဟု ထင်တောင်မထင်ထားခဲ့ချေ။

 

တစ်လောကလုံးကို ဝင်းလက်တောက်ပသွားစေသည့် ဤကဲ့သို့ အံ့ဩပျော်ရွှင်မှုမျိုးက ထောင်ရှီးဘဝတွင် မကြုံခဲ့ဖူးသော အရာလည်းဖြစ်သည်။ ကျန်းလိန်ထံမှ အချိန်အကြာကြီး ဆူငေါက်ခံရမည်ဆိုလျှင်တောင် သူ့အတွက် တန်သည်။

 

သို့သော် လင်ချင်းဟယ်က သူ့ကို လျစ်လျူရှုနေပြီး မျက်နှာထားတင်းတင်းဖြင့် စကားတစ်ခွန်းမှ မဆိုဘဲ လှေကားကိုဆင်းနေသည်။

 

လင်ချင်းဟယ်က ထပ်မံစိတ်ဆိုးသွားပုံပေါ်သည့်အတွက် ထောင်ရှီးမှာ သူ့အနောက်မှ ခပ်သုတ်သုတ်လေးလိုက်သွားသည်။ သူအနေနှင့် လင်ချင်းဟယ်အား ဒုက္ခလိုက်ပေးနေမိသည်ဟု တွေးမိလာသောကြောင့် နှုတ်ခမ်းလေးကို ကိုက်လျက် ဂရုတစိုက်ပြောလိုက်သည်။ 

 

“ ငါတောင်းပန်ပါတယ်။ မင်း အဝေးကြီးကနေ ပြေးလာရတာ မလွယ်ကူတာကို…”

 

သို့တိုင် လင်ချင်းဟယ်က သူ့ကို လျစ်လျူရှုနေဆဲပင်။ သူ့ခမျာ ရုံးအဆောက်အဦး၏ပထမထပ်ရောက်သည်အထိ လင်ချင်းဟယ်အနောက်ကနေ ကြောက်ကြောက်ရွံ့ရွံ့နှင့် လိုက်လာရသည်။ 

 

လင်ချင်းဟယ်က ထီးတစ်ချောင်းတည်းသာ ပါလာခြင်းဖြစ်မည်။

 

သူ ပထမအထပ်၏ဝင်ပေါက်ဝတွင် အများသုံး ထီးလေး တစ်ချောင်းတစ်လေများ ရှိမလားဟူ၍ ရှာဖွေကြည့်မိသည်။

 

အပြင်ဘက်တွင် မိုးက သဲကြီးမဲကြီးကို ရွာချနေသည်။ လင်ချင်းဟယ်က တံခါးတွင်ရပ်လျက် အနက်ရောင်ထီးကိုဖွင့်ကာ ခေါင်းပေါ်ဆောင်းလိုက်သည်။ ထို့နောက် ထောင်ရှီးကို လှည့်ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ခေါ်သည်။ 

 

“ ဒီကိုလာ…”

 

ထောင်ရှီး ကြောင်အမ်းသွားသည်။

 

လင်ချင်းဟယ်က သူနဲ့ ထီးအတူတူဆောင်းဖို့ ခေါ်နေတာလား…

 

သို့တိုင် မိုးက တအားသည်းနေသည်မို့ နှစ်ယောက်လုံး ရေစိုကုန်လိမ့်မည်။

 

သို့သော် စက္ကန့်ပိုင်းမျှအကြာတွင် ထောင်ရှီး၏လက်မောင်းကို လက်တစ်ဖက်က ထီးအောက်သို့ ဆွဲခေါ်လိုက်သည်။ အနားသို့ရောက်သည်နှင့် အလွန်လတ်ဆတ်သော အနံ့သင်းသင်းလေးတစ်ခုကို ရလိုက်သည်။ လင်ချင်းဟယ်၏ကိုယ်မှပဲ ရသည်လား မိုးရေထဲမှ မြက်ခင်းအနံ့ပဲဖြစ်သည်လားတော့ မသိပါချေ။ 

 

သူ့ရင်ခုန်သံများ လွဲမှားကုန်သည်။ သူ လင်ချင်းဟယ်၏ဘေးမှ ရင်တထိတ်ထိတ်ဖြင့်လိုက်လာရင်း ကြီးကျယ်ခမ်းနားလှစွာသော ဆောင်းဦး၏မိုးရေစက်များကြား ထီးတစ်လက်အောက်တွင် အတူတကွ လျှောက်လာခဲ့ကြသည်။ နေရာအနှံ့မှ ပျံ့နှံလာသော ရေငွေ့များနှင့် မိုးသံလေသံများကြောင့် နှစ်ဦးသားမှာ နေရာကျဉ်းကျဉ်းလေးအတွင်း ပူးကပ်သွားကြသည်။ 

 

မိုးက ကျောက်သားလမ်းမပေါ်ကို သည်းထန်စွာ ရွာချနေပြီး ရေစီးကြောင်းလေးအဖြစ် မြေကြီးပေါ်သို့ စီးဆင်းသွားသည်။ ထောင်ရှီးမှာ သူ့ဖိနပ်မှရေများ လင်ချင်းဟယ်၏ခြေထောက်ကို စင်သွားမည်စိုးသဖြင့် ခြေလှမ်းကို ဖွဖွသာ လှမ်းရဲသည်။

 

ခဏကြာ လျှောက်လာကြအပြီးတွင် လင်ချင်းဟယ်က ဩရှရှအသံဖြင့် စကားဆိုလာခဲ့သည်။

 

“ မင်းက သူများတွေအတွက် ပန်းချီဆွဲပေးရတာကို ကြိုက်တာလား…”

 

ထောင်ရှီးမှာ ကြောင်အအဖြစ်သွားသည်။ လင်ချင်းဟယ်၏ဆိုလိုရင်းကို သူ နားမလည်သော်လည်း လင်ချင်းဟယ်က မကြည်မသာဖြစ်နေသည်ကိုတော့ သူ ရှင်းလင်းစွာ ခံစားမိသည်။ သူ တွေးတွေးဆဆဖြင့် မချင့်မရဲပြောလိုက်သည်။ 

 

“ ငါက ပန်းချီဆွဲရတာကို အရမ်းသဘောကျတာ မှန်ပေမယ့်် သူတို့ကို ဆွဲပေးလိုက်တာက ငါကြိုက်လို့တော့ မဟုတ်ပါဘူး။ ဒီတိုင်း ပိုက်ဆံရှာရုံသက်သက်ပဲ။ ပန်းချီကားတစ်ချပ်ဆို ယွမ် ၃၀၀ တောင်ရတယ်လေ…”

 

လင်ချင်းဟယ်က တစ်ဒင်္ဂမျှ တိတ်ဆိတ်သွားပြီး မေးလာ၏။ 

 

“ ကျောင်းက မင်းကို ပညာသင်ထောက်ပံ့စရိတ်ပေးတယ်ဆို။ မလောက်လို့လား…”

 

ထောင်ရှီး အံ့အားသင့်သွားသည်။ လင်ချင်းဟယ်က ဤအကြောင်းများထိ သိထားလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် သူ ခဏမျှ တုံ့ဆိုင်းသွားပြီး ပြန်ဖြေလိုက်သည်။

 

“ တကယ်က လောက်ပါတယ်။ ငါသုံးတာ အရမ်းများသွားလို့နေမယ်။ ကြည့်ပါလား ဖုန်းတစ်လုံးလည်း ဝယ်လိုက်သေးတယ်လေ။ ငါ ချင်းရွှေမှာ နေတုန်းကဆို ဖုန်းဝယ်ဖို့ စဉ်းစားတောင်မစဉ်းစားဖူးဘူး.." 

 

“ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့လျှောက် တခြားသူတွေကို ပန်းချီဆွဲမပေးနဲ့တော့။ လောလောဆယ် အရေးကြီးတာ မင်းအဆင့်တွေ တက်လာအောင်လုပ်ဖို့ပဲ…”

 

လင်ချင်းဟယ်၏လေသံအရ အထွန့်ထပ်တက်ရန် မဖြစ်နိုင်ကြောင်း ထောင်ရှီး သိလိုက်ရသည်။ သို့တိုင် သူ အနည်းငယ်ရှက်မိ၏။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူ ပြောလိုက်သည်။ 

 

“ ကျောင်းပိတ်ရက်တွေမှာတောင် မရဘူးလားဟင်။ လောလောဆယ် ပန်းချီဆွဲရာကနေပဲ ပိုက်ဆံရနိုင်မှာမို့။ မဟုတ်ရင် ငါ့ဟာငါ ဘယ်လိုရပ်တည်မလဲ…”

 

သူ လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်ကာ စနောက်လိုက်သည်။  “ မင်း ငါ့ကို ရှာကျွေးမှာလား…”

 

ပြောပြီးကာမှ ကိုယ့်လျှာကိုယ်ကိုက်ကာ သတ်သေပစ်လိုက်ချင်သည်အထိ နောင်တရသွားသည်။ 

 

လင်ချင်းဟယ်က ခြေလှမ်းများကို ရုတ်တရက် ရပ်ပစ်လိုက်ပြီး ထီးအမိုးအောက်တွင် တစ်ဖက်သို့အနည်းငယ်လှည့်လာကာ သူ့ကို မျက်လွှာချလျက် စိုက်ကြည့်လာသည်။

 

ထောင်ရှီးလည်း ရပ်လိုက်ရပြီး လင်ချင်းဟယ်၏မျက်လုံးများကို ကြည့်ရင်း အနည်းငယ် လန့်လာသည်။

 

လင်ချင်းဟယ်ထံမှ ယခုလိုအကြည့်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ လေမိုးသည်းထန်နေခြင်းကြောင့် ဖြစ်မည်၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရေခိုးရေငွေ့များဖြင့် ဖုံးလွှမ်းနေသည်။ လင်ချင်းဟယ်၏အမြဲလိုလို ဂရုမစိုက်ဟန် အကြည့်များက ပုံမှန်နှင့်ကွာခြားစွာ ရီဝေနေသည်။

 

၎င်းက….၎င်းက လင်ချင်းဟယ်က သူ့ကို ကတိပေးလိုက်တော့မည့်အတိုင်းပင်။

 

မိုးရေစက်များကလည်း ထီးပေါ်သို့ ကဆုန်ပေါက် ကျဆင်းလာသည်မှာ တဒုန်းဒုန်းနှင့် ဆူညံလာသော သူ့နှလုံးခုန်သံများအတိုင်းပင်။ 

 

ထောင်ရှီး သူ့လက်သူ ဆိတ်လိုက်ပြီး ဖြစ်နိုင်ခြေမရှိသည့် အတွေးကြီးကို မောင်းထုတ်ပစ်လိုက်သည်။ သူ ပြုံးလျက် ပြန်ပြောလိုက်၏။ 

 

“ ငါ နောက်နေတာပါ။ နောက်ကျရင်လည်း ငါ ငွေတွေအများကြီး ထပ်ရှာဦးမှာ…” 

 

သူ မျက်တောင်များပုတ်ခတ်လိုက်သည်။  “ မင်းကို နေ့တိုင်းညစာဖိတ်ကျွေးနိုင်အောင် ချမ်းသာတဲ့အထိ…”

 

သူသည်လည်း တခြားသူများကဲ့သို့ ဝန်ထုပ်ဝန်ပိုးမရှိ စာသင်ချင်ပါ၏။ အားလပ်ရက်များတွင် သူငယ်ချင်းများနှင့် ခရီးထွက်ပြီး ရှုခင်းလှလှများကို ဓာတ်ပုံရိုက်ကာ Moments တွင် တင်ချင်၊ အပြန်အလှန် လိုက်ခ်ပေးချင်ပါ၏။ 

 

သို့သည့်တိုင် သူ့ဘဝက တခြားသူများထက် ပိုခက်ခဲရန် ကံဇာတာ ပါလာခဲ့သည်။ 

 

ထိုသို့ဆိုလျှင်တောင် သူ လင်ချင်းဟယ်ကို မသိစေချင်ပါချေ။

 

လင်ချင်းဟယ်က ခဏကြာ တိတ်ဆိတ်နေပြီးနောက် ခြေကိုကြွကာ စာသင်ဆောင်ဆီသို့ ဆက်လျှောက်သွားရင်း အကြောင်းအရင်းကို ရှင်းပြလာသည်။ 

 

“ ငါ မင်းကို ပန်းချီမဆွဲနဲ့လို့ တားနေတာမဟုတ်ဘူး။ ငါ ဆိုလိုချင်တဲ့အဓိပ္ပာယ်က မင်းရဲ့ပန်းချီကားတွေကို တန်ဖိုးမထားတဲ့လူတွေဆီ ယွမ်ရာဂဏန်းလောက်နဲ့ မရောင်းသင့်ဘူးလို့ ပြောချင်တာ။ ပန်းချီကားတွေကို ဒီထက်ဈေးတင်မှ လူတွေကလည်း ပိုတန်ဖိုးထားတတ်လာမှာပေါ့…”

 

သူက ထောင်ရှီးကို လှည့်ကြည့်ကာမေးလိုက်သည်။ “ သဘောပေါက်ရဲ့လား…”

 

ထောင်ရှီးမှာ စက္ကန့်အနည်းငယ်မျှ ကြက်သေသေသွားသည်။ သို့သော် သတိပြန်ဝင်လာချိန်တွင် သူ့နားရွက်များ ပူလောင်လာတော့သည်။ 

 

လင်ချင်းဟယ်က သူ့ပန်းချီကားများကို ဤမျှမျှော်လင့်ချက်ကြီးကြီး ထားလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ ယင်းကြောင့် ထောင်ရှီးမှာ အနည်းငယ်ဂုဏ်ယူဝင့်ကြွားမိကာ တစ်ချိန်တည်းမှာပင် ဇဝေဇဝါလည်း ဖြစ်ရသည်။ 

 

သူ့အတွက် ပန်းချီကားတစ်ချပ်ကို ယွမ်ရာဂဏန်းလောက်ရနိုင်သည်ကပင် အဆင်ပြေလှပြီဖြစ်၏။ မက်မွန်ပွင့်စမ်းချောင်းမှ ရွာသားများဆိုလျှင် တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း စိုက်ပျိုးမွေးရေးလုပ်မှ ထောင်ဂဏန်းမျှသာ ဝင်ငွေရကြသည်။

 

သူ့ပန်းချီကားများ ဤမျှ တန်ဖိုးရှိနိုင်ပါ့မည်လား…လူအများကရော အသိအမှတ်ပြုကြပါမည်လား…

 

ထောင်ရှီးမှာ လင်ချင်းဟယ်၏စကားများကို မယုံသော်ငြား ခေါင်းညိတ်ပြကာ ပြောလိုက်စမြဲပင်။ 

 

“ ငါသိပါပြီ၊ ငါနောက်ဆို သူများကို ပန်းချီမဆွဲပေးတော့ပါဘူး…”

 

ထိုအခါမှ လင်ချင်းဟယ်၏မျက်နှာက ပြန်လည်ကြည်လင်လာသည်။ ထောင်ရှီးမှာ စိတ်သက်သာရာရသွားပြီး အခြားစကားခေါင်းစဉ်တစ်ခုကို ပြောင်းပြောလိုက်သည်။

 

“ နှစ်ဝက်စာမေးပွဲက နိုဝင်ဘာလ အစောပိုင်းထဲမှာမလား…”

 

“ အင်း…မင်းရဲ့အချိန်ဇယားတွေ ကြပ်နေပြီ…”

 

လင်ချင်းဟယ်က သူ့အဆင့်အတွက် အနည်းငယ်စိတ်ပူနေသည်ဟု ထောင်ရှီး ထင်မိသည်။ ထို့အတူ သူကိုယ်တိုင်လည်း စိတ်ပူမိသည်။ 

 

“ငါ ကျိုးလောင်ရှီးပေးတဲ့ မေးခွန်းလွှာတွေကို အကုန်လုပ်ပြီးသွားပြီ။ ငါ အဖြေလွှာတွေပြန်စစ်ကြည့်တော့ မေးခွန်းတွေ အများကြီးမှားထားတာကို တွေ့ရတယ်။ နှစ်ဝက်စာမေးပွဲမှာ ငါ ထိပ်ဆုံးအယောက်ငါးဆယ်ထဲ ဝင်နိုင်ပါ့မလား…”

 

လင်ချင်းဟယ်က မျက်မှောင်ကြုတ်သည်။ သူ့အသံမှာလည်း နက်ရှိုင်းနေလျက်... 

 

“စာကိုသေချာပိုလုပ်။ နောက်တစ်လခွဲကျော်တောင် ကျန်သေးတယ်…”

 

လင်ချင်းဟယ် စကားကိုနားထောင်းပြီးမှ ထောင်ရှီးမှာ စိတ်အေးသွားရသည်။ ထို့နောက် သူ အခွင့်ကောင်းကို ဆုပ်ကိုင်၍ ရှေ့ဆက်တိုးကြည့်လိုက်သည်။  “ တကယ်လို့ ငါ ထိပ်ဆုံးအယောက် ၅၀ စာရင်းထဲဝင်ရင် မင်းငါ့ကို ဆုပေးမှာလား…”

 

သူ ငယ်စဉ်ကဆိုလျှင် အတန်းဖော်များက အဆင့်နှစ်၊ သုံး ဝင်တိုင်း သူတို့မိဘများက သကြားလုံးများ၊ အရုပ်များဝယ်ပေးကြသည်။ သူက ပထမရသည့်တိုင် ကောဖျင်က ဘယ်သောအခါမှ ဆုမပေးခဲ့ဖူးချေ။

 

ထောင်ရှီးက လင်ချင်းဟယ်၏ မျက်နှာကောက်ကြောင်းကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ လက်ကိုတင်းတင်းဆုပ်ထားမိသည်။ သို့တိုင် လင်ချင်းဟယ်ကမူ ချက်ချင်းအဖြေမပေးခဲ့ချေ။

 

“ အရင်စာမေးပွဲဖြေဦး။ ပြီးမှ အဲ့အကြောင်းကို ဆက်ပြောမယ်…”

 

ထောင်ရှီးက မကျေနပ်။ သူက လင်ချင်းဟယ် ထီးကိုင်ထားသည့် ဘယ်ဘက်လက်မှ အင်္ကျီစကိုဆွဲကိုင်ကာ သာသာလေး လှုပ်ယမ်းလိုက်သည်။ ထီးအောက်ရှိ အလင်းရောင်မှိန်ပျပျအောက်တွင် မိုးရေများ၊ ရေငွေ့များနှင့်အတူ ရီဝေနေသော မျက်ဝန်းတစ်စုံဖြင့် လင်ချင်းဟယ်ကို မော့ကြည့်လိုက်ပြီး လေသံနူးနူးညံ့ညံ့လေးဖြင့် ပြောလိုက်သည်။

 

“ ဟင့်အင်း မရဘူး…မင်း အရင်ကတိပေးရမယ်…”

 

သူအမုန်းဆုံးဖြစ်သော ချွဲချွဲနွဲ့နွဲ့အမူအရာမျိုးကို လင်ချင်းဟယ်အပေါ် အဘယ်ကြောင့် ပြုမူမိနေသလဲကို သူကိုယ်တိုင်‌တောင် နားမလည်နိုင်တော့။ 

 

ထို့အတူ လိုချင်တာရရန်အတွက် ဤသို့ချွဲချွဲနွဲ့နွဲ့ အပြုအမူများ လုပ်မိနေသည်ကို ပို၍ပင် နားမလည်မိတော့ချေ။

 

“ မင်းက ဘယ်လိုဆုမျိုးရချင်လို့လဲ…”  လင်ချင်းဟယ်က ထိုသို့အမူအရာမျိုးနှင့် ကျင့်သားမရသဖြင့် မျက်နှာပြန်လွှဲသွားကာ မေးသည်။

 

ထောင်ရှီးက အောင်နိုင်သူပမာ ပြုံးလိုက်ပြီး ပျော်ပျော်ကြီး ပြန်ဖြေလိုက်သည်။

 

“ ငါ မတွေးကြည့်ရသေးဘူး။ စဉ်းစားလို့ရတဲ့အခါကျ ငါမင်းကို ပြောမယ်လေ…”

 

 

 ────────

 

- Note -

 

[အေးခိုက်သော လေပြင်းသည် သည်းထန်စွာတိုက်ခတ်ပြီး ရီမြစ်သည် အေးခဲသွားလျှင်တောင်]

 

ဒီစာကြောင်းရဲ့ ဆိုလိုရင်းက ဘယ်လောက်ပဲ အန္တရာယ်ရှိရှိ၊ ဘယ်လောက်ပဲ ကိုယ့်အသက်ကိုစတေးရမယ်ဆိုရင်တောင် ရင်ဆိုင်ရမယ့်အရာကို ထိပ်တိုက်ရင်ဆိုင်ရမှာပဲ ဆိုတဲ့အဓိပ္ပာယ်ပါ။