အပိုင်း ၂၅
Viewers 8k

Chapter-25


 


ညဘက်ရောက်၍ ထောင်ရှီး အိပ်ဆောင်သို့ပြန်လာသည့်အခါ ဖန်းယန့်က သူ့ကိုဆွဲလျက် မခံမရပ်နိုင်စွာ ပြောလာသည်။


 


“ ရှီးသာ့ ၊ မင်းဘယ်တုန်းက လင်ချင်းဟယ်လိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်သွားရတာလဲ…။ ပြီးတော့ ဆက်ဆံရေးကလည်း ကောင်းချက်ပဲ။ ငါ့ကိုတောင် မပြောပြဘူး…” 


 


“သူငယ်ချင်း” နှင့် “ဆက်ဆံရေးကောင်းသည်” ဟူသော စကားကြောင့် ထောင်ရှီးမှာ သဘောကျစွာ ရယ်မိသွားပြီး သူတော်ကောင်းယောင်ဆောင်၍ ပြန်ဖြေလိုက်သည်။


 


“ ဒီလိုပါပဲ…”


 


“ ဒီလိုပါပဲ ဟုတ်လား…”  ဖန်းယန့်ခမျာ မျက်လုံးများ ပြူးကျယ်သွားရသည်။ 


 


“ အဲ့ဒါလင်ချင်းဟယ်ကွ။ သူ့အဆင့်တွေတင် ရှယ်မိုက်တာမဟုတ်ဘူး ရုပ်ကလည်း ရှယ်ချောတာ။ သူ့အဖိုးက တစ်ချိန်တုန်းက ငါတို့မြို့ရဲ့ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးကြီးဖြစ်ခဲ့တယ်ဆိုတာ မင်းသိလား…။ သူ့ဦးလေးကလည်း ခရိုင်ပါတီကော်မတီမှာ လက်ရှိအထွေထွေအတွင်းရေးမှူးတဲ့ဗျား။ ပြီးတော့ သူ့အဖေက ရွေ့ကျဲလုပ်ငန်းစုရဲ့ ဥက္ကဌ…ဒီအပြင်မကသေးဘူး သူ့အမေကလည်း စန္ဒရားပညာရှင်တစ်ယောက်။ ဒီလိုနောက်ခံအသိုင်းအဝိုင်းကြောင့် ကျောင်းသားတွေမပြောနဲ့ ဆရာတွေပါ သူ့ကို မျက်နှာချိုသွေးနေကြတာ သိလား…”


 


ထောင်ရှီး အံ့အားသင့်သွားရသည်။


 


လင်ချင်းဟယ်က လူချမ်းသာတစ်ဦး၏ အရှိန်အဝါမျိုး အပြည့်ရှိသည်မှာ မှန်သော်လည်း  သူ့နောက်ခံအသိုင်းအဝိုင်းက ဤမျှမြင့်မားနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။


 


လက်လှမ်းမှီဖို့ ဝေးကွာလွန်းသည်။ 


 


ထောင်ရှီး စိတ်မပူဘဲ မနေနိုင်တော့ပါချေ။ သူ လင်ချင်းဟယ်ကို လိုက်ပိုးလို့ရော ရနိုင်ပါ့မလား…


 


“ ရှီးသာ့ ၊ မင်း ဘာလို့အရမ်းလန့်သွားတဲ့ပုံပေါ်နေတာလဲ...။ မင်း အခုထိ အဲ့အကြောင်းတွေ မသိသေးတာလား…” ဖန်းယန့်မှာ ထောင်ရှီးက လင်ချင်းဟယ်ထံမှ အကျိုးအမြတ်ရလို၍ တမင်တကာ ကြိုးစားချဉ်းကပ်ခဲ့သည်ဟု ထင်နေခြင်းဖြစ်၏။


 


တစ်ချိန်လုံး မှုန်ကုပ်လျက် တိတ်ဆိတ်နေသော ရွှီကျီးချီက အေးစက်စက် နှာမှုတ်လိုက်ကာ ယင်ယန်အငွေ့အသက်များအပြည့်ဖြင့် ဝင်ပြောလိုက်သည်။ 


 


“ *နဂါးပေါ်တက်ပြီး ဇာမဏီကိုတွယ်ကပ်ချင်နေတဲ့ အခွင့်အရေးသမားက ဒါလေးတောင် ကောင်းကောင်းမစုံစမ်းထားဘူးလား…”


 


[ *နဂါးပေါ်တက်ပြီး ဇာမဏီကိုတွယ်ကပ်တာဆိုတာ ကိုယ့်တက်လမ်းရဖို့အတွက် တစ်ပါးသူကို ဖော်လံဖားယားတာကို ပြောတာပါ]


 


ဖန်းယန့်က ကြိုးဝိုင်းထဲတွင် လက်ဝှေ့ပြိုင်ထိုးမည့်လူကို မတွေ့မှာစိုးရိမ်သည့်အလားပင် သရော်ပြုံးပြုံးလျက် ပြောလိုက်သည်။ 


 


“ သြော့၊ ပြီးခဲ့တဲ့စာသင်နှစ်တုန်းက လင်ချင်းဟယ်ကို တောက်လျှောက်လိုက်ကပ်နေတဲ့သူက ဘယ်သူပါလိမ့်နော်…။ ဒါပေမဲ့လဲ နောက်ဆုံးကျ လင်ချင်းဟယ်က ယန်သောလဲ့ကလွဲပြီး ဘယ်သူ့မှ မျက်နှာသာမပေးတော့ သူ့ကို လှည့်တောင်လှည့်မကြည့်ဘူးလေ…” 


 


ရွှီကျီးချီ၏မျက်နှာမှာ ပြာနှမ်းသွားလေသည်။ 


 


ထောင်ရှီးက ရွှီကျီးချီကို ကြည့်ပြီးပြုံးလိုက်သည်။ “မင်းမှန်ပါတယ်။ ငါက နဂါးပေါ်တက်ပြီး ဇာမဏီကိုတွယ်ကပ်ချင်နေတာ…”


 


ရွှီကျီးချီက သူ့ကို စူးရဲစွာ စိုက်ကြည့်လာသည်။ ဤမျှ မျက်နှာပြောင်တိုက်တတ်လိမ့်မည်ဟု မထင်ထား၍ဖြစ်မည်။ 


 


နောက်တစ်နေ့ နေ့စာလယ်စားချိန်၌ ကျိုးချန်က ထောင်ရှီးကို ရုံးခန်းထဲခေါ်တွေ့ခဲ့သည်။ ထောင်ရှီးမှာ ကျန်းလိန်က သူ့ကို ဆုံးမရန် ကျိုးချန်အား တိုင်ကြားလိုက်ခြင်းဖြစ်မည်ဟုသာ ထင်မှတ်ခဲ့သည်။ 


သို့သည့်တိုင် ကျိုးချန်က ထိုအကြောင်းကို ဟပင်ဟမလာပါချေ။ သူက တခြားအကြောင်းအရာကိုသာ‌ ပြောလာခဲ့သည်။ 


 


“ ထောင်ရှီး ပြီးခဲ့တဲ့အခေါက်က ငါမင်းကို ပြောဖူးတဲ့ ထောက်ပံ့ကြေးစီမံကိန်းကို မှတ်မိလား…။ ဝမ်းဟွာ အ.ထ.က(၁)မှာ မင်းအတွက် ကုန်ကျသမျှ ပညာသင်စရိတ်၊ နေစရိတ်စားစရိတ်အားလုံးကို ဒီစီမံကိန်းကနေတစ်ဆင့် ကျောင်းက မင်းကိုထောက်ပံ့ပေးထားတယ်ဆိုတာလေ…”


 


ထောင်ရှီးက ခေါင်းညိတ်ပြလိုက်သည်။ ဤထောက်ပံ့ကြေးစီမံကိန်းကို ရုတ်သိမ်းလိုက်တော့မည်လားဟူ၍ စိတ်ထဲမှ စိုးရိမ်လာမိသည်။ ‌


 


ထောင်ရှီး၏ စိုးရိမ်နေဟန်အကြည့်ကို မြင်လျှင် ကျိုးချန်က တောက်ပစွာ ပြုံးလိုက်ပြီး လေသံမှာလည်း ပို၍ပင် နူးညံ့လာသည်။ 


 


“ မကြာခင်ကပဲ ဒီစီမံကိန်းကို ထောက်ပံ့တဲ့အလှူရှင်က ရန်ပုံငွေအစီစဉ်ကို ပြန်ပြုပြင်ဖို့ ကျောင်းကို တောင်းဆိုလာတယ်။ လက်ရှိနေထိုင်စရိတ်နဲ့ ပညာသင်စရိတ်ကို တွက်ကြည့်လိုက်တဲ့အခါ လစဉ်ထောက်ပံ့ကြေးတော့ ရှိမှာမဟုတ်တော့ဘူး။ အရင်ဆုံး မင်းကို ယွမ်ငါးသောင်း တစ်ခါတည်းပေးလိမ့်မယ်…ပြီးရင် လာမယ့်စာသင်နှစ်မှာ နောက်ထပ် ယွမ်ငါးသောင်း ထပ်ပေးလိမ့်မယ်။ တကယ်လို့ အိမ်ကအခက်အခဲရှိရင် ထပ်ပြီးလျှောက်လို့ရသေးတယ်…”


 


“ ??? ”


 


ထောင်ရှီးမှာ သူ့နားသူပင် မယုံကြည်နိုင်စွာ ကျိုးချန်ကို ထိတ်လန့်တကြီး ကြည့်လိုက်သည်။ 


 


သို့သော် ကျိုးချန်၏စကားက မဆုံးသေးပေ။ 


 


“ဒါ့အပြင် မင်းရဲ့အနာဂတ် တက္ကသိုလ်တက်ဖို့ ကုန်ကျစရိတ်နဲ့ ပညာသင်ဆုတွေကိုလည်း ဒီစီမံကိန်းရဲ့ ရန်ပုံငွေထဲမှာ ထည့်ထားတယ်။ ငါအရင်က မင်းကို မပြောခဲ့ဘူးဆိုတာက မင်းမှာ စိတ်ပိုင်းဆိုင်ရာ တာဝန်ကြီးသွားမှာစိုးလို့။ အခုတော့ မင်းကို တခြားကိစ္စတွေမှာ အာရုံမပျံ့ဘဲ စာကိုပဲ အေးအေးသက်သာ လေ့လာစေချင်လို့…”


 


ထောင်ရှီးမှာ အံ့ဩတုန်လှုပ်နေရာမှ အသိစိတ်ပြန်မကပ်သေး။ သူ ထစ်ထစ်အအဖြင့် မေးလိုက်မိသည်။ “ အဲ့ဒီအလှူရှင်က…ဘယ်သူလဲ..ကျွန်တော့်ကို ပြောပြလို့ရမလား…”


 


ဆံပင်ဖြူဖြူနှင့် ကြင်နာသော မျက်နှာထားရှိသည့် အဘိုးအိုတစ်ဦးကို သူ့စိတ်ထဲတွင် ပုံဖော်ထားနှင့်ပြီးဖြစ်သည်။ သတင်းစာများထဲမှ ပရဟိတသမားများက အများအားဖြင့် ဤကဲ့သို့ ပုံစံများရှိကြသည်ပင်။


 


သို့ပေမယ့် ဒါက ပရဟိတလုပ်နေတာဟုတ်ရဲ့လား…


 


သားတစ်ယောက်ကို ပျိုးထောင်နေတာနဲ့တောင် တူနေပြီ။


 


ကျိုးချန်မှာ ယခင်တစ်ခေါက်ကအတိုင်းပင် တိတိကျကျအဖြေပေးမလာခဲ့ပေ။ 


 


“ အလှူရှင်က အမည်မဖော်ချင်ဘူးတဲ့လေ။ ဖိအားတွေ အရမ်းများမနေပါနဲ့။ စာလုပ်တဲ့နေရာမှာသာ အာရုံစိုက်ထား။ ဥပမာကွာ ဒီနှစ်ဝက်စာမေးပွဲမှာ ထိပ်ဆုံးအယောက်ငါးဆယ် စာရင်းဝင်ပြီး တန်းခွဲ(၁)မှာ နေလို့ရအောင် ကြိုးစားတာမျိုးပေါ့။ ဒါဆိုလဲ ကျေးဇူးဆပ်ခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား…”


 


ထောင်ရှီးလည်း မေးမရနိုင်မှန်းသိသွားသဖြင့် ထပ်မမေးတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။ 


 


“ကျွန်တော် နှစ်ဝက်စာမေးပွဲမှာ ထိပ်ဆုံးအယောက်ငါးဆယ်ထဲ သေချာပေါက် ဝင်စေရပါမယ်…”


 


သူ့အကြည့်များက ပြတ်သားလှသဖြင့် ကျိုးချန်ပင် အံ့အားသင့်သွားရသည်။


 


ကျိုးချန်က ထောင်ရှီး၏ပုခုံးကို ပုတ်ကာ အားပေးစကားပြောသည်။ 


 


“လိမ္မာတဲ့ကောင်လေး ၊ ငါမင်းကို ယုံတယ်…”


 


ထောင်ရှီးက ကျိုးချန်၏ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ သူ့စိတ်အခြေအနေမှာ အပြည့်အဝပြန်မတည်ငြိမ်သေးသဖြင့် မျက်ဝန်းများပင် အနည်းငယ်နီမြန်းနေသည်။ 


 


သူ အလွန်ကံကောင်းနေခြင်းဖြစ်မည်ဟုသာ တွေးလိုက်သည်။


 


သူ့ဘဝကို အလဲအလှယ်လုပ်ခံလိုက်ရသော်လည်း တိုက်ရိုက်အဝေးလွှင့်အတန်းတွင် လင်ချင်းဟယ်နှင့်ဆုံခဲ့ရသည်။ အလွန်ရက်ရောပြီး ကြင်နာစိတ်ရှိသော အလှူရှင်ကလည်း သူ့ကို ဝမ်းဟွာ အ.ထ.က (၁)ကျောင်းတွင် ပညာသင်ခွင့်ရအောင် ကူညီပေးခဲ့ပြီး သူ့အတွက် အနာဂတ်လမ်းကိုပါ ခင်းပေးခဲ့သည်။


 


ခက်ခဲကြပ်တဉ်းသော ပြဿနာမှန်သမျှမှာ တစ်ခဏချင်းပင် ပြေလည်သွားခဲ့ရလေသည်။ 


 


သူ လင်ချင်းဟယ်ကဲ့သို့ တစ်နိုင်ငံလုံးတွင် အကောင်းဆုံးတက္ကသိုလ်ကို ဝင်ခွင့်ရအောင်လုပ်မည်ဟု သန္နိဌာန်ချမိသည်။ ပြီးလျှင် ကြင်နာတတ်သော ကျေးဇူးရှင်ကိုလည်း ကျေးဇူးဆပ်ပြီး ထိုကဲ့သို့သော ရက်ရောမှုမျိုးကို အခြားသူများအား ပြန်လည်မျှဝေမည်ဖြစ်၏။


 


လင်ချင်းဟယ်က ချင်းဟွာတက္ကသိုလ်ကို သွားမည်လား ပေကျင်းတက္ကသိုလ်ကို သွားမည်လား သူ မသိရသေးချေ။


 


ထောင်ရှီးက စာသင်ခန်းထဲသို့ လေးကန်စွာ ပြန်လာခဲ့သည်။ လင်ချင်းဟယ်က နေရာတွင် ထိုင်လျက်သားရှိနေကြောင်း တွေ့လိုက်ရသော် သူ စိတ်လှုပ်ရှားသွားပြီး ထိုင်ခုံပေါ်ထိုင်ချလိုက်ကာ လင်ချင်းဟယ်အား မျက်လုံးတောက်တောက်များဖြင့် စကားဆိုလိုက်သည်။


 


“ ငါအခုတောင် မင်းကို ထမင်းကောင်းကောင်းလေးတစ်နပ်လောက် ကျွေးလို့ရနေပြီထင်တယ်။ ကျောင်းက ရုတ်တရက်ကြီး ငါ့ကို ပိုက်ဆံတွေအများကြီး ပေးလာတယ်…”


 


လင်ချင်းဟယ်က သူ့ကို အသာလှည့်ကြည့်ပြီး ဘာစကားမှမပြောလာခဲ့ပေ။


 


လင်ချင်းဟယ်မစားဖူးသေးသည့် အစားအသောက်မျိုးက ဘာများရှိဦးမလဲဟူ၍ ထောင်ရှီး တွေးနေမိသည်။


 


သို့တိုင် သူက လင်ချင်းဟယ်ကို ညစာလေးကျွေးချင်ရုံမျှသာ ဖြစ်ပါ၏။


 


ထောင်ရှီးမှာ တစ်ဒင်္ဂမျှရုန်းကန်နေအပြီးတွင် သတ္တိများစုစည်းလျက် လင်ချင်းဟယ်အား မေးလိုက်သည်။ 


 


“ မင်း တနင်္ဂနွေကျရင် အားလား…။ မနေ့က ငါ့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ မင်းကို ညစာဖိတ်ကျွေးချင်လို့…”


 


သူ လင်ချင်းဟယ်ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်လိုက်သည်။ သို့တိုင် လင်ချင်းဟယ်က ယတိပြတ်ပင် ငြင်းလိုက်သည်။ 


 


“ တနင်္ဂနွေနေ့မှာ ငါလုပ်စရာရှိတယ်…”


 


“ ဒါဆိုလဲ နောက် မင်းအားတဲ့နေ့ကျမှ ဖိတ်တော့မယ်လေ…”


 


ထောင်ရှီးမှာ စိတ်ဓာတ်ကျသွားရသော်လည်း နောက်အကြိမ်များလည်း ရှိနေသေးသည်မို့ လင်ချင်းဟယ်အား ညစာခေါ်ကျွေးနိုင်ရန် အခွင့်အရေးရှိသေးသည်။ 


 


သူ ဘာမှထပ်မဆိုတော့ဘဲ ဘောပင်ကိုကောက်ကိုင်ကာ လေ့ကျင့်ခန်းများ လုပ်နေလိုက်တော့၏။ ခဏကြသော် ပိချန်ဖေးက ဒရောသောပါးရောက်လာခဲ့ကာ သူ့ကို မေးသည်။ 


 


“ ရှီးကော၊ မင်း တနင်္ဂနွေနေ့ကျရင် အားလား…။ ငါ အထက်တန်းပထမနှစ်က ဘော်ဒါတွေနဲ့ ဘတ်စကတ်ဘောကစားဖို့ ချိန်းထားတာရှိတာ။ မင်း ငါ့ကိုကူကစားပေးပါဦး။ ကောင်မလေးတွေ အများကြီးလည်း လာကြည့်ကြမှာကွ…”


 


ထောင်ရှီးက ငြင်းလိုက်သည်။ “တော်ပြီ၊ ငါ တနင်္ဂနွေနေ့ကျရင် အိမ်စာလုပ်စရာရှိသေးတယ်…”


 


နှစ်ဝက်စာမေးပွဲက နီးနေပြီဖြစ်သောကြောင့် လင်ချင်းဟယ်အတွက်မှလွဲ၍ သူ မည်သည့်အရာကိုမှ အချိန်ပိုမပေးချင်ပါချေ။


 


ပိချန်ဖေးမှာ ဝမ်းနည်းပက်လက်သာ ငိုကြွေးမိတော့သည်။ ရုတ်တရက် သူ အကြံတစ်ခုပေါ်လာသဖြင့် ထောင်ရှီး၏နားရွက်နားသို့ ကပ်၍ပြောလိုက်သည်။ 


 


“မင်း အရင်တစ်ခေါက်တုန်းက လူတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲလို့ ငါ့ကိုမေးဖူးတယ်မလား…။ ငါ့မှာ စကေးကြမ်းတဲ့ ဘဒိုတစ်ယောက်ရှိတယ်ကွာ။ သူတို့ကျောင်းက ခပ်ချေချေ ပန်းလေးကိုတောင် ရအောင်လိုက်နိုင်ခဲ့တာ သူက…”


 


[ ပန်းလေး = တစ်ကျောင်းလုံးတွင် အချောဆုံးကောင်မလေး ]


 


ထောင်ရှီးတစ်ယောက် အမှန်တကယ်ပင် သွေးဆောင်ခံလိုက်ရလေသည်။


 


ပိချိန်ဖေးက တိုးတိုးလေး ဆက်ပြောသည်။ 


 


“အဲ့ဒီကျောင်းရဲ့ပန်းလေးက မယုံနိုင်စရာပဲကွ။ သူ့အဖေက အဆင့်မြင့်အရာရှိလေ။ သူ့အမေက ပန်းချီအနုပညာရှင်တစ်ယောက်။ တကယ့်ပညာရှင်မိသားစုကလာတာ။ သူ့ကိုဆို ကောင်လေးတွေ အများကြီးလိုက်တာတောင် မလိုက်နိုင်ခဲ့ဘူး။ ငါ့ဘဒိုကျမှပဲ အောင်မြင်သွားတယ်။ တော်တော် အတွေ့အကြုံရှိတဲ့ကောင်ပဲဖြစ်မယ်…” 


 


ထောင်ရှီးက အနည်းငယ် စိတ်ဝင်စားသွားသည်။ ထိုအဆင့်အတန်းက လင်ချင်းဟယ်နှင့် ပုံစံချင်းဆင်နေသည်မဟုတ်ပါလား။


 


ပိချန်ဖေးမှာ သူ့ကို တစ်နေရာရာမှ စူးစူးရဲရဲကြီး စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ သို့နှင့် သူခုံသူ ပြောင်းထိုင်လိုက်ပြီး ထောင်ရှီးအား တီးတိုးပြောနေခြင်းကိုလည်း ထပ်မပြုတော့။ သို့တိုင် ထပ်ပြီး ဆွယ်လိုက်သေးသည်။ 


 


“မင်းလည်း သူငယ်ချင်းတွေ ပိုရလာမှာ။ ငါ့ဘော်ဒါတွေက အရမ်းသဘောကောင်းကြတယ်။ မင်းကိုလည်း သူတို့သဘောကျကြမှာ…”


 


“ တနင်္ဂနွေနေ့ ဘယ်အချိန်လဲ…” ထောင်ရှီးက ပိချန်ဖေးကို မေးလိုက်သည်။


 


ဘတ်စကတ်ဘောလေး တစ်နာရီ၊ နှစ်နာရီလောက် ကစားတာက ဘာမှတော့မဖြစ်နိုင်လောက်ပါဘူးဟု တွေးတောလိုက်သည်။ သို့သော် သူ့စကားဆုံးဆုံးချင်းပင် လင်ချင်းဟယ်၏တည်တင်းနေသော အသံကိုကြားလိုက်ရသည်။


 


“ တနင်္ဂနွေနေ့မှာ ငါ့ကို ထမင်းဖိတ်ကျွေးမယ်လို့ တောင်းဆိုထားတယ် မဟုတ်ဘူးလား…”


 


ဤအဖြေမလိုသော မေးခွန်းမှာ အသံနေအသံထားနှင့်ပင် သူ့တောင်းဆိုမှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း သိနိုင်၏။


 


ပိချန်ဖေးရော ထောင်ရှီးပါ အံ့အားသင့်တကြီးဖြစ်သွားတော့သည်။


 


ထောင်ရှီးက ချီတုံချတုံနှင့် ပြန်ပြောလိုက်သည်။ “မင်းပဲ တနင်္ဂနွေနေ့ကျရင် လုပ်စရာရှိသေးတယ်ဆို…”


 


“ ပြဿနာမရှိဘူး…” လင်ချင်းဟယ်က မပြောင်းမလဲသော မျက်နှာထားဖြင့် ပြန်ဖြေသည်။


 


ထောင်ရှီးမှာ ခုတစ်မျိုးတော်ကြာတစ်မျိုးပြောနေသည် သူ့ကို စိတ်မဆိုးနိုင်ပေ။ ထို့အစား မျက်ဝန်းများ တောက်ပသွားပြီး ပျော်လွန်း၍ လျှာများပါလိပ်ကုန်သည်။ 


 


“ကောင်းပြီ၊ ကောင်းပြီ။ ဒါဆို ဘယ်စားသောက်ဆိုင်ကောင်းမလဲ ငါ ရှာကြည့်ထားလိုက်တော့မယ်နော်…”


 


ပိချန်ဖေးမှာ ထမင်းထွက်စားပြီးလျှင်လည်း လာကစားလို့ရသေးကြောင်း ပြောလိုက်မည်ပြုသော်လည်း လင်ချင်းဟယ်က သူ့ကို အကြည့်စူးစူးတစ်ချက် ပစ်လွှတ်လာသောကြောင့် ရုတ်တရက် ပါးစပ်ပိတ်လိုက်ရသည်။


 


ထောင်ရှီးက လင်ချင်းဟယ်ကို ညစာဖိတ်ကျွေးနိုင်တော့မည်ဖြစ်၍ တစ်နေ့လုံး စိတ်လှုပ်ရှားနေသည်။ ညနေပိုင်းတွင် သူက ဖုန်းတစ်လုံးနှင့် အရသာကောင်းသည့် စားသောက်ဆိုင်များကို အချိန်အတော်ကြာ ရှာဖွေနေခဲ့ပြီး အစားအသောက်အကြောင်း အသိဆုံးဖြစ်သော ဖန်းယန့်နှင့်လည်း တက်ကြွစွာ ဆွေးနွေးခန်းဖွင့်နေခဲ့သည်။

Chapter 25-2


လင်မိသားစု၏အိမ်ဟောင်းတွင်မူ ထိုနေ့ညတွင် အလွန်လူစည်ကားနေခဲ့သည်။ လူအိုကြီး လင်ဝေလျန်က မိသားစုစုံညီစားပွဲများကို ဓလေ့ထုံးတမ်းမပျက် ပုံမှန်ကျင်းပလေ့ရှိသည်။ မိသားစုစုံညီ ညစာစားပွဲနေ့တွင် လင်မိသားစု၏သားသမီးများသာမက မြေးမြစ်များပါ စုံစုံလင်လင် လာရောက်ကြရသည်။ လင်ချင်းဟယ်သည်လည်း ညစာကျက်တန်းကို ခွင့်တိုင်လိုက်ပြီး မိသားစုစုံညီ ညစာစားပွဲသို့ ရောက်နေသည်။


 


လင်ကျီရွှမ်းက သူမ၏ဖခင်ဖြစ်သူ လင်ကျဲချိုးနှင့် စကားပြောနေစဉ် ငါးနှစ်သားအရွယ် သူမ၏သား ထန်နန်က ဘေးကနေ တစ်ချိန်လုံး လိုက်အနှောင့်အယှက်ပေးနေသည်။ သူမက စိတ်ဆိုးမာန်ဆိုးနှင့် အော်လိုက်သည်။ 


 


“ ဟိုမှာ မင်းရဲ့ ဦးငယ်လေးကို ပုံပြင်သွားပြောပြခိုင်းချည်…”


 


သူမနှင့် ခင်ပွန်းဖြစ်သူက ဤတစ်ပတ်တနင်္ဂနွေနေ့တွင် အရေးကြီးအစည်းအဝေးတက်စရာရှိသဖြင့် လင်ချင်းဟယ်ကို ကလေးကူထိန်းပေးရန် ကြိုတင်အကူအညီတောင်းထားခဲ့သည်။ သို့သော် လင်ချင်းဟယ်က သူမကို သဘောတူလက်ခံပြီးမှ ရုတ်တရက် ပြန်ဖျက်သွားခဲ့သည်။ 


 


မတိုင်မီကမှ ခရိုင်ရုံးချုပ်က ပြန်လာသည့် လင်ကျဲချိုးမှာ ထိုစကားကိုကြားလျှင် ပြုံးလိုက်သည်။ “ချင်းဟယ်နဲ့ကျဲရှစ်က အကျင့်စရိုက်ချင်း တစ်ပုံစံတည်းပဲကို…ဘယ်လိုလုပ် ကလေးတွေကို ပုံပြင်ပြောပြတတ်မှာလဲ…”


 


ထန်နန်မှာ အမေဖြစ်သူ၏မောင်းထုတ်ခြင်းကို ခံလိုက်ရသောကြောင့် သူ့ခြေထောက်တိုတိုလေးများဖြင့် ဆိုဖာပေါ်တွင် ထိုင်နေသော လင်ချင်းဟယ်ထံ ခပ်သုတ်သုတ် ပြေးသွားသည်။ သူက လင်ချင်းဟယ်၏ ဘောင်းဘီစကို ဆွဲကာ ပြောသည်။ 


 


“ ဦးငယ်လေး၊ သားမေမေက ဦးငယ်လေးကို သားအတွက် ပုံပြင်ပြောပြခိုင်းလိုက်တယ်…”


 


လင်ချင်းဟယ်က ရုပ်ပြကောမစ်ပုံလေးတစ်ခုကို ဖတ်နေခြင်းဖြစ်သည်။ သူက ထန်နန်ကို လက်တစ်ဖက်တည်းဖြင့် ပေါင်ပေါ်သို့ ဆွဲတင်လိုက်ပြီး သာမန်ကာလျှံကာ မေးလိုက်သည်။ 


 


“ ဘာပုံပြင်နားထောင်ချင်လဲ…”


 


ထန်နန်မှာ လင်ချင်းဟယ်၏လက်ထဲမှ ကောမစ်ပုံလေးကို စိတ်ဝင်စားသွားပြီး ယူကြည့်ရန် လက်လှမ်းလိုက်သော် လင်ချင်းဟယ်က ပုံကိုခေါက်ပစ်လိုက်သည်။ 


 


ထန်နန်မှာ ဆူပုတ်သွားသည်။ သူက လင်ချင်းဟယ်၏ရင်ဘတ်မှ အင်္ကျီစကိုဆွဲလှုပ်လျက် ချစ်စရာကောင်းသော အမူအရာဖြင့် အတင်းပူဆာတော့သည်။ 


 


“ ဦးငယ်လေး၊ သား ကြည့်ချင်တယ်လို့…”


 


ထိုသို့ ချစ်စရာကောင်းသော အမူအရာမျိုး လုပ်ပြလာလေတိုင်း လင်မိသားစုတစ်ခုလုံး သူပူဆာသမျှကို ဖြည့်ဆည်းပေးရတော့သည်။ 


 


“မရဘူး…”   လင်ချင်းဟယ်ကမူ ချက်ချင်းကို ငြင်းပစ်ခဲ့သည်။


 


“ ဘာလို့လဲ…”


 


“ ဘာလို့လဲဆိုတော့ ဒါက ငါ့ဥစ္စာ...”


 


ဘေးတွင် သတင်းစာထိုင်ဖတ်နေသည့် လင်ဝေလျန်မှာ သည်းခံနိုင်စွမ်းမရှိတော့သဖြင့် လင်ချင်းဟယ်ကို စူးခနဲကြည့်လိုက်ပြီး သူ၏ချစ်လှစွာသော မြစ်ဖြစ်သူအား လက်ယမ်းကာ ခေါ်လိုက်သည်။ 


 


“ နန်နန်၊ ဖိုးဖိုးရှိတယ်လေ။ ဖိုးဖိုး မင်းကို ပုံပြင်ပြောပြမယ်..”


 


ထန်နန်က လင်ချင်းဟယ်ပေါ်မှ ခုန်ဆင်းကာ လင်ဝေလျန်၏ခြေထောက်နားကို ပြေးသွားပြီး တိုင်တန်းတော့သည်။ 


 


“ ဦးငယ်လေးက အရမ်းကပ်စေးကုတ်တယ်…”


 


“ ဟုတ်ပါ့၊ အရမ်းကပ်စီးကုတ်တယ်…” လင်ဝေလျန်က သူ့အဘောကျလိုက်ငေါက်ပေးပြီး ထန်နန်ကို အနီရောင်တပ်မတော်ကြီး စစ်ချီစဉ်ကအကြောင်းကို ပုံပြင်အဖြစ်ပြောပြလိုက်သည်။ ထန်နန်မှာ နားထောင်ရင်း အိပ်ပျော်သွားတော့သည်။ 


 


ခဏကြာသော် လင်ကျဲရှစ်က လင်မိသားစုအိမ်ဟောင်းသို့ သုတ်သီးသုတ်ပျာရောက်လာခဲ့သည်။ သူ ဧည့်ခန်းထဲသို့ ဝင်သည်နှင့်တစ်ပြိုင်နက် ဖခင်ဖြစ်သူထံမှ အဆူအငေါက်ခံလိုက်ရသည်။


 


“ မင်းအစ်ကိုတောင် ခရိုင်ပါတီကော်မတီမှာ မင်းလောက်အလုပ်မရှုပ်ဘူး။ အဲ့လောက်အလုပ်များနေလည်း ကုမ္ပဏီမှာပဲ တစ်ခါတည်း စားခဲ့လိုက်ပါလား…”


 


လင်ကျဲရှစ်မှာ ခေါင်းသာငုံ့ထားပြီး အဆူအငေါက်ခံနေသည်။ 


 


တစ်မိသားစုလုံး အသံတစ်သံမျှမထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ ညစာစားသောက်လိုက်ကြလိုက်သည်။ ထန်နန်မှာတော့ တစ်ချိန်လုံး တောက်လျှောက်စကားများနေသဖြင့် လင်ကျီရွှမ်းမှာ ထိန်းမနိုင်တော့ဘဲ သူ့ပါးစပ်ကို ပိတ်ထားလိုက်ရလေသည်။ 


 


ထမင်းစားပြီးနောက်တွင်လည်း လင်ကျဲရှစ်မှာ လင်ဝေလျန်၏ ဆုံးမဩဝါဒပေးခြင်းကို ခံရပြန်သည်။ 


 


“မင်း တစ်သက်လုံး လော်ကျန်းယင်းနဲ့ ဒီလိုခွဲနေဖို့ စီစဉ်ထားတာလား…။ မဟုတ်လည်း ကွာရှင်းလိုက်တော့။ ငါ့ဘက်က သဘောမတူစရာအကြောင်းမရှိဘူး ပြီးတော့ ချင်းဟယ်ကလည်း ကန့်ကွက်မှာမဟုတ်ဘူး…” လင်ဝေလျန်က လင်ကျဲရှစ်အား ထိုအကြောင်းကို တကျည်ကျည်ပြောပြန်သည်။


 


သူ့ဘဝတွင် မရေမတွက်နို်ငသော ဂုဏ်သိက္ခာများ၊ ရာထူးဂုဏ်အင်များ ရရှိခဲ့ပြီး သားနှစ်ယောက်ကလည်း နဂါးနှင့် ဇာမဏီဖြစ်ခဲ့သည်။ သို့သော် သူ့ဘဝတွင် နောင်တအရဆုံးကိစ္စမှာ သားငယ်လင်ကျဲရှစ်၏ လက်ထပ်ထိန်းမြားခြင်းဖြစ်ခဲ့၏။ 


 


ထိုစဉ်က လင်ကျဲရှစ်ကို မိသားစုသဖွယ်ဖြစ်နေသည့် သူ့မိတ်ဆွေ လော်ကျုံးယွင်၏သမီး လော်ကျန်းယင်းနှင့် လက်ထပ်ပေးရန်အတွက် စီစဉ်ခဲ့သည်။ ကာယကံရှင်နှစ်ဦးမှာ လူကြီးများကသဘောတူပြီး လက်ထပ်ပွဲအတွက် စီစဉ်နေကြကြောင်း နောက်မှသိခဲ့ကြရသည်။ လင်မယားနှစ်ယောက်က တစ်ဦးနှင့်တစ်ဦး ကိုယ်ပိုင်ဘဝကို ဝင်မစွပ်ဖက်ကြဘဲ တစ်ဦးတည်းသောသားဖြစ်သူ လင်ချင်းဟယ်ကိုတောင်မှ နှစ်ဖက်မိဘ၏အတင်းဖိအားပေးမှုကြောင့် မွေးလာသော စမ်းသပ်ခံကလေးငယ်တစ်ယောက်သာ ဖြစ်ခဲ့သည်။ 


 


နှစ်ယောက်သားက ခွဲနေကြသည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း ထူးဆန်းသည့်တစ်ခုမှာ လင်ကျဲရှစ်က ရည်းစားသနာလုံးဝမထားဘဲ အလုပ်ကိုသာအာရုံစိုက်ကာ သူ့ကိုယ်ပိုင်ဘဝကို လုံးဝဥဿုံ သန့်ရှင်းစွာ ဖြတ်သန်းနေခြင်းပင်ဖြစ်၏။


 


လင်ကျဲရှစ်က လင်ဝေလျန်ကို တုံ့ဆိုင်းမှုမရှိ ပြန်ပြောလိုက်သည်။ 


 


“သူ ကျွန်တော့်ကို ကွာရှင်းဖို့ မပြောလာသရွေ့ ကျွန်တော် ကွာရှင်းမှာမဟုတ်ဘူး…”


 


လင်ဝေလျန်က သက်ပြင်းချသည်။ 


 


“အဲ့ဒါ မင်းတို့ ကိစ္စ ၊ မင်းတို့ထိုက်နဲ့မင်းတို့ကံ။ ဒါပေမဲ့ ချင်းဟယ်အတွက်လည်း မင်းတို့ ထည့်တွေးပေးကြဦးလေ…”


 


ထိုစကားကိုကြားသော် လင်ကျဲရှစ်က တိတ်ဆိတ်သွားသည်။


 


လော်ကျန်းယင်းက ကလေးမီးဖွားပြီးနောက် စိတ်ကျရောဂါဝေဒနာခံစားနေရချိန်တွင် ဖန်းဆွေ့၏သေဆုံးမှုက သူမ၏အခြေအနေကို ပိုဆိုးသွားစေခဲ့သည်။ သူမ စိတ်ဖောက်သွားမည်စိုးရိမ်သဖြင့် လင်ကျစ်ရှစ်မှာ သားဖြစ်သူ ငါးနှစ်အရွယ်ရောက်သည်အထိ သူမကို မထိမကိုင်ခိုင်းဝံ့ခဲ့ပေ။ လင်ချင်းဟယ်ကို သူ့အစ်ကို လင်ကျဲချိုး၏မိသားစုကသာ ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။


 


ဖန်းမိသားစုမှ ယန်သောလဲ့ဟုခေါ်သော ကလေးတစ်ယောက်က လော်ကျန်းယင်းကို ‘မာမား’ ဟုခေါ်လိုက်သည့်အချိန်မှစ၍ လော်ကျန်းယင်း၏စိတ်ကျဝေဒနာမှာ တဖြည်းဖြည်း ပြန်လည်သက်သာလာခဲ့ပြီး လင်ချင်းဟယ်ကိုလည်း အိမ်ပြန်ခေါ်လာခဲ့ကာ ကလေးနှစ်ယောက်ကို အတူတကွကြီးပြင်းစေခဲ့သည်။


 


သို့သော် သားအမိနှစ်ယောက်ကြားရှိ ရင်းနှီးမှုက ဘယ်သောအခါမှ တိုးတက်လာခြင်းမရှိဘဲ အချင်းချင်း ယဉ်ကျေးစွာ၊ စိမ်းသက်စွာသာ ပြောဆိုဆက်ဆံခဲ့ကြပြီး လော်ကျန်းယင်းနှင့် ယန်သောလဲ့တို့၏ ရင်းနှီးမှုကို မှီပင်မမှီနိုင်ခဲ့ပါချေ။ 


 


လင်ကျဲရှစ်က ဆုံးမဩဝါဒခံယူပြီးနောက် အပြင်ထွက်လာခဲ့ရာ မတွေ့တာကြာပြီဖြစ်သော သားဖြစ်သူကို တွေ့လိုက်ရသည်။ သားအဖနှစ်ယောက်သည် အိမ်အပြင်ဘက်ခြံဝန်းရှိ နားနေဆောင်အောက်သို့သွားကာ စကားစမြည်ပြောဖြစ်ကြသည်။


 


ဆောင်းဦးမိုးကျပြီးနောက်ပိုင်း ညကောင်းကင်ယံက ကြည်လင်နေပြီး တောက်ပစွာ သာနေသော လမင်းကြီးကို နားနေဆောင်၏ထောင့်မှ မြင်နေရသည်။


 


“မင်းအမေ ဘယ်လိုနေလဲ…။ ပြီးခဲ့တဲ့အပတ်က အအေးမိသွားတယ်လို့ ကြားတယ်…” 


 


လင်ကျဲရှစ်က မေးသည်။ သူက သားဖြစ်သူကို ကြည့်လိုက်ရာ သူ့လောက်နီးပါးပင် အရပ်ရှည်လာကြောင်း သတိထားမိလိုက်သည်။


 


လင်ချင်းဟယ်က ဖြေသည်။ “သက်သာနေပါပြီ…” 


 


ပြီးသော် စကားခဏရပ်ကာ


 


“အဖေ သူ့ကိုစိုးရိမ်ရင် ကိုယ်တိုင် သွားတွေ့လိုက်လို့ရတယ်လေ…”


 


လင်ကျဲရှစ်က စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။ သို့သော် အတွေးတစ်ချက်ဝင်သွားပြီး စီးကရက်ကိုပြန်သိမ်းလိုက်ကာ သက်ပြင်းချသည်။ 


 


“ထားလိုက်ပါ။ ဒီအတိုင်း ဘာရယ်လို့မှမဟုတ်ပါဘူး။ ပြီးခဲ့တဲ့လက ဖန်းဆွေ့အတွက် ရည်ရွယ်ပြီးလုပ်တဲ့ ပရိဟိတပြပွဲမှာ သူ့ကိုတွေ့ခဲ့သေးတယ်။ သူ အတော်အဆင်ပြေနေတဲ့ပုံပါပဲ…” 


 


သူမကို လက်ထပ်ရန်သဘောတူခဲ့သည့် ခင်ပွန်းသည်က ဟိုးအရင်ကတည်းက သူမကို ချစ်မြတ်နိုးနေခဲ့ကြောင်းကို လော်ကျန်းယင်းအနေနှင့် ဤဘဝတွင် ဘယ်သောအခါမှ သိရှိနိုင်မည်မဟုတ်ပါချေ။ ထို့အတူ လော်ကျန်းယင်း၏ နှလုံးသားထဲတွင် ဆုံးပါးသွားခဲ့တာကြာပြီဖြစ်သော အမျိုးသမီးတစ်ဦးတည်းသာ နေရာယူထားခဲ့ကြောင်းကို လင်ကျဲရှစ်က အစောကြီးကတည်းက သိနေနှင့်ပြီးသားဖြစ်ခဲ့သည်။


 


လင်ချင်းဟယ်က ဘာစကားမှ မဆိုလာ။


 


လင်ချင်းဟယ်က ထိုဆုံးပါးသွားသည့်အမျိုးသမီးအကြောင်း အစဖော်လာသည်ကို မကြိုက်မှန်း လင်ကျဲရှစ်သိသောကြောင့် စကားလွှဲ၍ သားဖြစ်သူ၏ တက္ကသိုလ်ကိစ္စကိုသာ ဂရုတစိုက်ထားပြီး မေးလိုက်သည်။ 


 


“မင်း အမေရိကားမှာ ဘယ်တက္ကသိုလ်လျှောက်ဖို့ စဉ်းစားထားလဲ…”


 


“ မဆုံးဖြတ်ရသေးဘူး။ ဒီနှစ်ကုန်လောက်မှ အင်တာဗျူးတွေ သွားဖြေဖြစ်မယ်…” 


 


လင်ချင်းဟယ်က တိုတိုတုတ်တုတ်သာ ပြောလိုက်သည်။


 


လင်ကျဲရှစ်လည်း ဆက်စိုးရိမ်မနေတော့ချေ။ ဆိုရလျှင် သူ့သားအတွက် ငယ်စဉ်ကလေးဘဝကတည်းက စိုးရိမ်ပူပန်ခြင်း သိပ်မရှိခဲ့ရသလို သားဖြစ်သူကိုယ်တိုင်ကလည်း တောင်းဆိုလာခြင်းမျိုး သိပ်မရှိပေ။ သူက တစ်ဖက်သို့လှည့်ကာ မေးလိုက်သည်။ 


 


“ အရင်တစ်ခေါက်က ငါ မင်းကိုမေးဖို့မေ့သွားလို့။ ချင်းရွှေခရိုင်မှာ ပထမရတဲ့လူကို မင်းတို့ကျောင်းမှာ ကျောင်းတက်ဖို့အတွက် ဘာဖြစ်လို့ စပွန်ဆာပေးခဲ့တာလဲ…။ ငါက မင်းအမေအတွက်လုပ်ပေးခဲ့တာ။ မင်းကရော ဘာအတွက်လုပ်တာခဲ့လဲ…။ မင်းက ဒီလိုကိစ္စတွေကို စိတ်မဝင်စားလောက်ဘူးလို့ ထင်နေတာ…”


 


သူ့လက်ထောက်စူးယွင်က တိုက်ရိုက်အဝေးလွှင့် သင်ကြားရေးစီမံကိန်းအတွက် ချင်းရွှေခရိုင်သို့ သွားကြည့်ခဲ့သည်။ ထိုစဉ်အချိန်က ချင်းရွှေခရိုင် အထက်တန်းကျောင်းတွင် တိုက်ရိုက်အဝေးလွှင့် သင်ကြားရေးကိရိယာများ ထောက်ပံ့ပေးရန်သာ စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ပထမရသူကို ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၌ တက်ရောက်ရန် ပညာသင်ဆုပေးမည့် အစီအစဉ်မရှိခဲ့ပါချေ။


 


စူးယွင်ထံမှ သတင်းကြားသိပြီးနောက်တွင် သူ အတော်အံ့ဩခဲ့ရသည်။ ယနေ့တွင်မူ ချင်းရွှေခရိုင်၏ ပထမရသူအတွက် ထောက်ပံ့ကြေးစီမံကိန်းက ပြောင်းလဲသွားကြောင်းနှင့် ထိုပညာသင်ဆုစီမံကိန်းမှ ရန်ပုံငွေအားလုံးသည်လည်း လင်ချင်းဟယ်ထံမှ ဖြစ်နေကြောင်းကို သိလိုက်ရလေသည်။ 


 


သူအလွန်သိချင်မိပါ၏။ သူ့နည်းတူ ဘယ်အရာကိုမှ စိတ်မဝင်စားတတ်သည့် သားဖြစ်သူ အဘယ်ကြောင့်များ ဤသို့လုပ်ရသည်လဲ…


 


ဘာအတွက်ကြောင့်လဲ…


 


လင်ချင်းဟယ်က နားနေဆောင်အပြင်ဘက်တွင် တောက်ပစွာသာနေသော လမင်းကြီးကို ငေးကြည့်နေသည်။


 


အမှန်မှာ ဤကမ္ဘာပေါ်တွင် ဘာပဲဖြစ်လာလာ တစ်စုံတစ်ဦးထံသို့ အပြေးရောက်အောင်လာသည့်လူမျိုးများ တကယ်ရှိလိမ့်မည်ဟု သူ ဘယ်သောအခါမှ မယုံကြည်ခဲ့ပါချေ။ 


 


သို့သော် သူ့ကို ကောင်းကင်ယံက လမင်းသော်တာအဖြစ်သဘောထားပြီး မြစ်များတောင်များကို ဖြတ်ကျော်ကာ သူ့ထံသို့ အရောက်လာနိုင်ခဲ့သော တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ 


 


သူ ဘယ်သောအခါမှ သူတော်ကောင်းလုပ်ရန် စိတ်ကူးမရှိခဲ့ပေ။ အကြောင်းမှာ သူက အမြဲတစေ အကောင်းဆုံးများကိုသာ လုပ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ သူ့မိဘများကိုတောင်မှ သူ့အတွက် ဘာမဆိုလုပ်ပေးရန် ဘယ်တော့မှ တောင်းဆိုမည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဘယ်သူ့အပေါ်ကိုမှ အကြွေးမတင်ချင်သောကြောင့်ဖြစ်သည်။ 


 


မိဘမေတ္တာ အပါအဝင် ကမ္ဘာပေါ်ရှိ ဆက်ဆံရေးအားလုံးကို လျစ်လျူရှုရင်း အမြဲတစေ နေသားတကျရှိခဲ့သည်။ 


 


သို့သော် ကီလိုမီတာထောင်ပေါင်းများစွာ ကွာဝေးသောအရပ်မှ ပို့လိုက်သော စာစောင်များကို သူ ဖွင့်မဖတ်ဘဲ မနေနိုင်ခဲ့။ မိန်းကလေးကဲ့သို့ ဂရုတစိုက် တုပထားသော ကိုးရို့ကားယားနိုင်သည့် လက်ရေးစာစောင်များကို စဉ်စိုက်မပြတ် စောင့်ကြည့်နေခဲ့မိသည်။ မီးတောက်တစ်ခုကဲ့သို့ ကြယ်များကို လောင်မြိုက်စေသည့်နှယ် သူ့တစ်ယောက်တည်းကိုသာ ရိုးသားဖြူစင်စွာ တောင့်တနေခဲ့သည်ပင်။ 


 


ဤကမ္ဘာတွင် သူ့တစ်ယောက်တည်းကိုသာ မြင်သည့်အလား။


 


သူ့အတွက်ဆိုလျှင် အရာအားလုံးကို ပြာချပစ်နိုင်သည့်အလားပါပင်။


 


ဖတ်ရန်ပင် စိတ်မကူးထားသည့် ဤစာစောင်ပေါင်းမြောက်မြားစွာကို အဘယ်နည်းနှင့်များ စိတ်ရှည်ရှည်ထားဖတ်မိခဲ့သလဲကို သူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့။ မူလအစက ပျင်းပျင်းနှင့် ဖွင့်ဖတ်မိခြင်းကနေ အလေ့အထတစ်ခုလို ဖြစ်လာခဲ့ပြီးနောက် သူ တစ်ခါမှမထားခဲ့ဖူးသော မျှော်လင့်ချက်များကိုပါ ထားတတ်လာခဲ့သည်။ 


 


သူ့အတွက် အသေးအဖွဲမျှသာဖြစ်သော ကြိုးတစ်ချောင်းကို ရေတွင်းနက်ထဲသို့ ချကြည့်ပါက မည်ကဲ့သို့ ဖြစ်လာမည်နည်းဟု သူ ရုတ်တရက် အလွန်သိချင်သွားခဲ့သည်။ သူ့ကို အလင်းရောင်တစ်ခုအဖြစ် သတ်မှတ်ထားသည့် အရူးလေးက ညအမှောင်ထဲမှ ရုန်းထွက်ကာ သူ့ထံသို့ အရောက်သွားမည်ဟူ၍ ကတိသစ္စာတွေများ ဆိုနေမည်လား…သူ့ကိုယ်သူ တော်လှပြီထင်နေသော်လည်း စောစောစီးစီး သရုပ်မှန်ပေါ်သွားသည့် ထိုအရူးလေးက သူ ချပေးသည့်ကြိုးကို အမိအရဆုပ်ကိုင်ပြီး သူ့အနားသို့ ရောက်အောင်လာခဲ့မည်လား…


 


“နင်က ပြုစုပျိုးထောင်တဲ့ဂိမ်းတစ်ခု ဆော့နေတာပဲ” ဟု ချောင်ယီထန်က သူ့ကို စနောက်သည်။ ထိုသို့မဟုတ်မှန်း သူတစ်ယောက်တည်းသာ သိသည်။ 


 


သူက ပရဟိတလုပ်နေခြင်းလည်း မဟုတ်သလို ဂိမ်းတစ်ခု ကစားနေခြင်းလည်း မဟုတ်ရပေ။ 


 


သူ့ရဲ့ မူလရည်ရွယ်ချက်က ဘာလဲ…


 


လင်ချင်းရှစ်မှာ သူ့သားက လမင်းကြီးကို တွေတွေကြီး ငေးစိုက်ကြည့်နေသည်ကိုမြင်လျှင် ညလေပြည်လေညှင်းများကြားမှ ထပ်မံမေးလိုက်ပြန်သည်။


 


“ မင်းကရော မင်းအမေအတွက် လုပ်ပေးနေတာလား…”


 


လင်ချင်းဟယ်က သတိပြန်ဝင်လာပြီး ညင်သာစွာ ပြုံးလိုက်သည်။ လရောင်ကြောင့် သူ့မျက်ဝန်းများက နူးညံ့နေသည်ဟု ထင်ရသည်။ သူက ဖြည်းညင်းစွာ ပြန်ဖြေလာခဲ့သည်။


 


“ မဟုတ်ဘူး။ လူတစ်ယောက်က ညအမှောင်ထဲမှာ ခက်ခက်ခဲခဲကြိုးစားပြီး လျှောက်လှမ်းလာတာကိုမြင်တော့ ကျွန်တော် သူ့အတွက် အလင်းရောင်လေး ထွန်းညှိပေးချင်ရုံပါပဲ…”


 


သူ့ထံသို့ ခက်ခက်ခဲခဲနှင့် ပြေးလာခဲ့သည့်လူအား ခက်ခဲမှုနည်းပါးပြီး ပိုမိုကောင်းမွန်သော ဘဝလေးကို ရစေချင်ရုံသာဖြစ်သည်။


 


သူ့အတွက်က လွယ်ကူ၏။


 


ဤသည်က သူ၏မူလရည်ရွယ်ချက်ပင် ဖြစ်လေသည်။


 


 _____________________


 


စာရေးသူတွင် ပြောစရာစကားရှိ၏။


 


‌ရှောင်လင်က ရှောင်ထောင်ရဲ့ စပွန်ဆာလေးဖြစ်ပါတယ်ကွယ်။