Chapter-26
ဝမ်းဟွာမြို့အစွန်အဖျားရှိ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုတွင် ထောင်ကျန်းက အိမ်လခပေးရန် အတင်းတောင်းနေသည့် အိမ်ရှင်နှင့် ယခုလေးတင် အငြင်းအခုံ ဖြစ်ခဲ့ရသည်။ ဤရက်ပိုင်းအတွင်း စတုရန်း ၁၀ မီတာပင် မပြည့်သော အခန်းကျဉ်းလေး၌ သူ ငှားနေခဲ့သည်။ နေ့ဘက်တွင် အပြင်ထွက်ပြီး အလုပ်ရှာသော်လည်း အလုပ်တစ်ခုမှပင် မရသေးချေ။
ဝမ်းဟွာမြို့တွင် အလုပ်လာလုပ်သော သူ့လိုကျေးလက်တောသားများရှိသော်လည်း ငယ်ရွယ်ပြီး သန်မာသည့် အဆိုပါရွှေ့ပြောင်းလုပ်သားများနှင့် ယှဉ်လျှင် သူ့တွင် ဘာအားသာချက်မှ မရှိပါချေ။
ပညာအရည်အချင်းနှင့် အသုံးဝင်သော ကျွမ်းကျင်မှုများသာ မရှိပါက မြို့တော်၏ အောက်ခြေအလွှာတွင်သာ ရုန်းကန်ရမည်ဟု ကံတရားကစီမံထားပြီးသားဖြစ်သည်။
ယခု ထောင်ကျန်း၏ လက်ထဲတွင် ယွမ်နှစ်ရာ၊ သုံးရာခန့်သာ ကျန်တော့သည်။ သူ တံခါးဝတွင် ငုတ်တုပ်ထိုင်ချလိုက်ပြီး နောက်ဆုံးကျန်သည့် စီးကရက်တစ်လိပ်ကိုထုတ်၍ မီးညှိကာ ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်သည်။
သူ ထောင်ရှီးထံ သွားလိုက်လျှင်ကောင်းမလားဟု စိတ်ကူးမိသည်။ ဤတစ်ကြိမ်တွင် ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံရမှဖြစ်မည်ဟူ၍လည်း တွေးထား၏။
ထောင်ကျန်းက လက်ထဲတွင် စီးကရက်တစ်လိပ်ကိုင်ရင်း မြေပြင်ပေါ်မှထကာ ဝမ်းဟွာ အ.ထ.က (၁) ကျောင်းဆီသို့ ခြေဦးလှည့်ရန်ပြင်လိုက်စဉ် စကပ်အဖြူဝတ်ထားသည့် အမျိုးသမီးတစ်ဦးက ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက မိတ်ကပ်ခပ်ပါးပါး လိမ်းထားပြီး ဆံပင်ခပ်တိုတိုနှင့် ဒေါက်မြင့်ဖိနပ်တစ်ရံစီးထားသည်။ မြို့လယ်ခေါင်ရှိ ဈေးအကြီးဆုံး ရုံးအဆောက်အဦတစ်ခုမှ ထွက်လာသည့်အလားပင်။ သူမ၏ တစ်ကိုယ်လုံးမှာ ဤနေရာနှင့် လိုက်ဖက်မှု လုံးဝရှိမနေပေ။
ထောင်ကျန်းက သူမကို အကြိမ်ရေတစ်ချို့ လှမ်းအကဲခတ်ကြည့်လိုက်ပြီးနောက် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူ့ကိုကျော်သွားတော့မည်ဟု ထင်လိုက်ချိန်တွင် ထိုအမျိုးသမီးက ရပ်လိုက်ပြီး မေးလာသည်။
“ ရှင်က မစ္စတာထောင်ကျန်းလား…”
ထောင်ကျန်းက အံ့အားသင့်သွားပြီး အလိုလို ခေါင်းညိတ်ပြလိုက်မိသည်။
“ မင်္ဂလာပါ။ ကျွန်မက ရွေ့ကျဲလုပ်ငန်းစုက ဥက္ကဋ္ဌကြီးရဲ့လက်ထောက် စူးယွင်ပါ…”
စူးယွင်က ပုံသေကားချပ်လိုအပြုံးဖြင့် ပြုံးပြလာသည်။
“ ရှင့်ကို အသေးစိတ်ပြောပြချင်လို့ တခြားနေရာကို သွားကြမလား…”
ထပ်မံဆိုလာခဲ့သည့်စကားက ထောင်ကျန်းအနေဖြင့် မျှော်တောင်မမျှော်လင့်ထားသည့်စကား ဖြစ်နေသည်။ စူးယွင်ဟု အမည်ရသော ထိုမိန်းကလေးက သူတစ်ခါမှပင် မဝင်ဖူးသည့် ကော်ဖီဆိုတစ်ဆိုင်ထဲသို့ ခေါ်သွားသည်။ သူ့အတွက် ရက်အတော်ကြာ စားနိုင်လောက်သည့် ထမင်းဖိုးနှင့် ညီမျှသော ကော်ဖီနှစ်ခွက်ကိုမှာလိုက်ပြီးနောက် စူးယွင်က သူမ၏ ရည်ရွယ်ချက်ကို တဲ့တိုးရှင်းပြလာခဲ့သည်။
“ကျွန်မ ဒီကို ရောက်လာရတဲ့ အကြောင်းအရင်းက မစ္စတာထောင်ရဲ့ အလုပ်ကိစ္စ ပြဿနာတွေကို အဓိကဖြေရှင်းပေးဖို့ပါ…”
သူမက ရုံးသုံးလက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်လိုက်ပြီး ထောင်ကျန်း၏ ရှေ့တွင် ချပေးလိုက်သည်။
“ ဒါက ရွေ့ကျဲလုပ်ငန်းစုရဲ့ ကုမ္ပဏီအခွဲတစ်ခုအတွက် လုံခြုံရေးအလုပ်ခေါ်စာပါ။ စားသောက်စရိတ်နဲ့ အဆောင်ပါ စီစဉ်ပေးပါတယ်။ ရှင် ဒီနေ့ပဲ အလုပ်စဆင်းလို့ရပါပြီ…”
ထောင်ကျန်းက ဤစာရွက်စာတမ်းတွင်ပါရှိသည့် အလုပ်ဖော်ပြချက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ နှစ်အတော်ကြာအောင် အလုပ်လုပ်ခဲ့ဖူးသည့်တစ်လျှောက် ဤသို့သောလစာမျိုးနှင့်အလုပ်အကိုင်ကို သူတစ်ခါမှ မကြုံခဲ့ဖူးပေ။
သို့သော် လောကကြီးထဲတွင် ဘယ်အရာမှ အလကားမရပါချေ။ သူက စူးယွင်ကို သင်္ကာမကင်းကြည့်လျက် မေးလိုက်သည်။
“ မင်းတို့လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌကို ကျုပ်မသိဘူး။ သူက ဘာလို့ ကျုပ်ကို အလုပ်ပေးတာလဲ…။ အကြောင်းအရင်းတစ်ခုခုတော့ ရှိရမှာပေါ့…”
မိတ်ဆွေအယောင်ဆောင်ထံမှ ငွေအလိမ်ခံလိုက်ရပြီးနောက်တွင် သူ အရာရာကို သတိထားပြီးနေခဲ့သည်။ သို့သော် ချူတစ်ပြားမှမကျန်အောင် မွဲတေလုနီးပါး ဖြစ်နေသည့် သူ့ထံမှ ဘာများထပ်လိမ်စရာရှိသေးလဲကို နားမလည်နိုင်အောင်ဖြစ်ရသည်။
စူးယွင်က ကော်ဖီတစ်ငုံသောက်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလာသည်။
“ အကြောင်းအရင်းက သိပ်ရှိတာပေါ့။ ရှင် ရှင့်ရဲ့သားထောင်ရှီးကို အထက်တန်းမအောင်မချင်း တစ်စက္ကန့်၊ တစ်မိနစ်တောင်မှ နှောင့်ယှက်လို့မရဘူး…”
ထောင်ကျန်း၏မျက်လုံးများ ရုတ်ခြည်း ပြူးကျယ်သွားသည်။ ဤကိစ္စ၏မရိုးရှင်းမှုကို သူအာရုံခံမိနေသဖြင့် ဒေါသတကြီးပြောလိုက်သည်။
“ ကျုပ်က သူ့အဖေဗျ။ ကျုပ်သားကျုပ်တွေ့ပိုင်ခွင့်ရှိတယ်။ မင်းက အပြင်လူ…ဘာလို့ သူများသားအဖကိစ္စကို လာဝင်ရှည်နေတာလဲ…”
စူးယွင်က ခပ်ဖွဖွရယ်လိုက်ပြီး လေသံအေးအေးနှင့် ပြန်ဖြေလိုက်သည်။
“ ကျွန်မသခင်လေးက သူ့ရဲ့စပွန်ဆာဖြစ်နေတဲ့အတွက် သူဝမ်းဟွာ အ.ထ.က(၁)မှာ ပညာသင်နေတဲ့ကာလပတ်လုံး ကျွန်မသခင်လေးရဲ့ ကြီးကြပ်မှုအောက်မှာပဲ ရှိရမယ်…”
ထောင်ကျန်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ဒေါသကိုထိန်း၍ လေသံအက်အက်ဖြင့် ပြောလိုက်သည်။
“ မင်းတို့တွေ ကျုပ်သားကို ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ…။ ကျုပ်တစ်ခါတည်းပြောလိုက်မယ်။ ကျုပ်မှာ ချူတစ်ပြားမှ မရှိရင်အောင် မွဲနေရင်တောင် မင်းတို့လို လူချမ်းသာတွေ ကျုပ်သားကို ညစ်ပတ်တဲ့ကိစ္စမျိုး ဘယ်တော့မှ လုပ်ခွင့်မရစေရဘူး…”
သူက ဤနှစ်များအတွင်း ပြင်ပလောကတွင် ကျင်လည်အလုပ်လုပ်ခဲ့ရခြင်းကြောင့် အထက်တန်းလွှာ လူချမ်းသာများ၏ တစ်မူထူးဆန်းသည့် အလေ့အထများကို ကြားသိခဲ့ရသည်။ ထောင်ရှီးကို ဝမ်းဟွာ အ.ထ.က(၁)တွင် ကျောင်းတက်ရန် အဘယ်ကြောင့် ရုတ်တရက်ကြီး ထောက်ပံ့ကြေးပေးရသလဲဟု သူ အံ့ဩမိခဲ့သည်။ တစ်စုံတစ်ယောက်က ထောင်ရှီးအပေါ် လျှို့ဝှက်သော အကြံအစည်များရှိနေခြင်း ဖြစ်နေသည်ပင်။
စူးယွင်က မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲတွင်လည်း မနှစ်မြို့ခြင်းများ ပြည့်နှက်သွားသည်။ ထောင်ကျန်း၏မဟုတ်မမှန် မှန်းဆချက်များက သူမ၏သခင်လေးကို စော်ကားနေသည်မှာ သိသာသည်။ သူမ သရော်လိုက်သည်။
“ ကျွန်မ သခင်လေးက ရှင့်သားနဲ့ အသက်အရွယ်အတူတူပဲ။ ရှင့်သားကို ရှင်ဘာတွေများ ထောက်ပံ့ပေးနိုင်လို့လဲ…။ ထောင်ရှီးရဲ့ အဖေဖြစ်ပြီး ကိုယ့်သားကိုယ် လက်ဖြန့်တောင်းနေရတာ မရှက်ဘူးလား…”
သူမ၏သခင်လေးက အဘယ်ကြောင့် ကျေးလက်မှ လူဆင်းရဲ ကျောင်းသားတစ်ယောက်အတွက် စိတ်ပူပေးနေရသလဲကို နားမလည်နိုင်သော်လည်း သခင်လေးကို ပုတ်ခတ်ပြောဆိုခွင့်တော့ မပြုနိုင်ပါချေ။
ထောင်ကျန်းမှာ စားပွဲခုံကိုပင် မှောက်လှန်ပစ်လုနီးပါး ဒေါသထွက်သွားသော်လည်း အဆုံး၌ သူ သည်းခံလိုက်သည်။
ဤအမျိုးသမီး ပြောသည့်စကားက အမှန်ပင်။ သူက ကိုယ့်သားကိုယ် လက်ဖြန့်တောင်းနေရသည့် အသုံးမကျသော လူ့အမှိုက်တစ်ယောက်သာဖြစ်သည်။
“ ဒါပေမဲ့ ကျုပ်က သူ့အဖေလေ။ ကျုပ်သားကို ကျောင်းလေးသွားပြီး ရိုးရိုးတန်းတန်းသွားကြည့်လို့တောင် မရဘူးလား…”
ထောင်ကျန်းက တစ်ထစ်အလျှော့ပေးလိုက်ပြီး မျက်ခုံးပင့်လျက် မေးလိုက်သည်။
စူးယွင်က ခပ်တည်တည်ပင် ပြန်ပြောသည်။ “ ရှင်ပြောတဲ့ ‘ရိုးရိုးတန်းတန်းသွားကြည့်တယ်’ ဆိုတာက စာကိုအာရုံစိုက်လုပ်နေရမယ့် အထက်တန်းကျောင်းသားတစ်ယောက်အတွက် ကောင်းတဲ့ကိစ္စမျိုးတော့ မဟုတ်လောက်ဘူးထင်တယ်…”
မကြာသေးမီက သူမ၏သခင်လေးသည် ဝမ်းဟွာ အ.ထ.က (၁) ကျောင်းဂိတ်ဝမှ စောင့်ကြည့်ကင်မရာကို သူမအား စစ်ဆေးကြည့်ရှုခိုင်းခဲ့သည်။ ဤအဖေမှာ ဖခင်တစ်ယောက်ဖြစ်ဖို့ လုံလောက်သည့် အရည်အချင်းများ မရှိသည့်အပြင် သူ့သားအပေါ် ဂရုစိုက်မှုရော၊ ချစ်ခြင်းမေတ္တာပါ မရှိသည်မှာ ထင်ရှားပေသည်။
သူမက ခဏနှုတ်ဆိတ်နေပြီးနောက် လေးနက်စွာ ပြောလိုက်သည်။
“ ရှင့်သားက တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာ တက်ခွင့်ရပြီး ရှင့်နဲ့မတူကွဲပြားတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်လိမ့်မယ်။ ရှင်တကယ်ပဲ သူ့ကိုတိုးတက်စေချင်ရင် အကောင်းဆုံးက သူ့ကိုသွားမနှောင့်ယှက်ဖို့ပဲ…”
ထောင်ကျန်းမှာ အချိန်အကြာကြီးတိတ်ဆိတ်သွားမိသည်။
အဆုံးတွင် သူက ဤကိစ္စကို သဘောတူလက်ခံလိုက်ပြီး စူးယွင်ထုတ်ပေးသည့် စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်သည်။ စူးယွင်က မပြန်ခင်တွင် အေးစက်စွာ ပြောခဲ့သည်။
“စည်းကမ်းတွေကို လိုက်နာဖို့ မမေ့နဲ့။ ပြီးတော့ ရှင် ထောင်ရှီးကို ဒီကိစ္စအကြောင်း လုံးဝပြောလို့မရဘူး…”
ထောင်ကျန်းက စိတ်တိုတိုဖြင့် လက်ခါပြလိုက်သည်။
────────
ထောင်ရှီးက မကြာမီ ကျောင်းမှ ထောက်ပံ့ကြေးငွေလက်ခံရရှိခဲ့ပြီး ထိုငွေထဲမှ အများစုကို ထောင်လဲ့၏ ဆေးဖိုးအတွက် ကောဖျင်ကို ပို့ပေးလိုက်သည်။ ကျန်ရစ်သော ငွေများမှာ သူ့နေထိုင်စရိတ်အတွက်သာမက ထောင်ကျန်းကိုပေးရန် ရည်ရွယ်ထားသော ငွေများဖြစ်လေ၏။
ထောင်ရှီးက မြန်မြန်အရွယ်ရောက်လာဖို့ မျှော်လင့်မိပြီး ထောင်လဲ့မှလွဲ၍ အခြားလူနှစ်ယောက်ကိုလည်း ဂရုစိုက်မနေချင်တော့ပေ။
သို့သည့်တိုင် ထောင်ကျန်းက သူ့ထံသို့ တစ်ခါမှ ရောက်မလာခဲ့ပါချေ။ နောက်ဆုံးတွင် ထောင်ကျန်းက အလုပ်ရှာတွေ့သွားပြီး သူ့ထံမှ ပိုက်ဆံတောင်းစရာ မလိုတော့သောကြောင့် ဖြစ်မည်ဟု သူ တွေးလိုက်သည်။
ထောင်ရှီးလည်း ထိုကိစ္စကို စိတ်ထဲထည့်မထားဖြစ်တော့ပေ။ တနင်္ဂနွေနေ့တွင် လင်ချင်းဟယ်ကို ညစာဖိတ်ကျွေးရမည့်ကိစ္စက လောလောဆယ် သူ့အတွက် ပိုအရေးကြီးသည်။
သူက ဤရက်ပိုင်းအတွင်း အတော်ကြာအောင် ရှာဖွေခဲ့ပြီးနောက် မြို့လယ် စီးပွားရေးရက်ကွက်အနီးရှိ စားသောက်ဆိုင် ၅ ဆိုင်ကို ဦးစားပေးအနေနှင့် ရွေးချယ်လိုက်သည်။
“ ဒီ Aode ပလာဇာမှာရှိတဲ့ ပင်လယ်စာစားသောက်ဆိုင်ကို မင်းကြည့်ကြည့်။ ငါ့အခန်းဖော်ပြောတာ အဲ့ဆိုင်က အရမ်းအရသာရှိတယ်တဲ့…”
အတန်းချိန်အတွင်း ထောင်ရှီးက လင်ချင်းဟယ်အနားသို့ကပ်၍ သူ့ဖုန်းကို ပြလိုက်သည်။ ဖုန်းထဲတွင်မူ ရီဗျူးပေးသည့် App တစ်ခုမှ စားသောက်ဆိုင်တစ်ခုဖြစ်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက သူကိုယ်တိုင်လည်း ပင်လယ်စာ တစ်ခါမှ မစားဖူးသဖြင့် စမ်းပြီးစားကြည့်လိုနေခြင်း ဖြစ်သည်။
လင်ချင်းဟယ်က ပြော၏။ “ငါ ပင်လယ်စာ မစားဘူး…”
သူက ပင်လယ်စာနှင့် ဓာတ်မတည့်ပေ။
“ကောင်းပြီလေ။ ဒါဆို ငါ နောက်စားသောက်ဆိုင်တစ်ဆိုင် ပြောင်းရှာကြည့်လိုက်မယ်…”
ထောင်ရှီးမှာ သူ လင်ချင်းဟယ်နှင့် အလွန်နီးကပ်နေကြောင်းကို သူကိုယ်တိုင်ပင် သတိမထားမိပုံမပေါ်ပေ။ သူက လင်ချင်းဟယ်ဘက်သို့ ယိမ်း၍ ခေါင်းငုံ့ကာ ဖုန်းထဲမှ သူအကြိုက်ဆုံး စားသောက်ဆိုင်ကို ပြလိုက်သည်။
လင်ချင်းဟယ်က ငုံ့ကြည့်လိုက်သည်။ ထိုအခါ ပါးပါးလျလျနှင့် အနည်းငယ်ကြွတက်နေသော ကျောရိုးကြောင့် အောက်ဘက်သို့ ဆန့်ထွက်နေသည့် ထောင်ရှီး၏ ဂုတ်သားဖွေးဖွေးလေးကို သူ ရှင်းလင်းနေအောင် မြင်လိုက်ရသည်။ ဂုတ်အောက်ပိုင်းကိုမူ ရှပ်အင်္ကျီလည်ပင်းက ဖုံးကွယ်ထားသဖြင့် မက်မွန်ရနံ့ ဆပ်ပြာနံ့သင်းသင်းကိုသာ ရနေသည်။
“ ဒီဟော့ပေါ့စားသောက်ဆိုင်ရောဟင်။ အဆင့်စံနှုန်းကတော့ တော်တော် မြင့်တယ်…”
ထောင်ရှီးက ခေါင်းမော့ကာ လင်ချင်းဟယ်ကို မျက်တောင်များပုတ်ခတ်၍ ကြည့်ရင်း မေးလိုက်သည်။
“ငါက အစပ်မစားဘူး…” လင်ချင်းဟယ်က လေသံခပ်ပြတ်ပြတ်ဖြင့် ပြောသည်။
“ ဟုတ်ပြီ…” ထောင်ရှီးက ခေါင်းငုံ့၍ ဖုန်းထဲတွင် ထပ်ရှာကြည့်လိုက်ပြန်သည်။
“ ဒီအရှေ့တောင်အာရှစားသောက်ဆိုင် ဆိုရင်ရော။ ပုံမှာပြထားတဲ့ ပတ်ဝန်းကျင်ရှုခင်းက တော်တော်လှတယ်…” ထောင်ရှီးက မော့ကြည့်ကာ မေးလိုက်ပြန်သည်။
“ ဝေးလွန်းတယ်…”
ထောင်ရှီးလည်း အခြားစားသောက်ဆိုင်များကို ခေါင်းတငုံ့ငုံ့ဖြင့် ထပ်ရှာရပြန်သည်။ သို့သော် စားသောက်ဆိုင် ၅ ဆိုင်လုံး အလှည့်ကျ မေးမြန်းကြည့်ခဲ့သော်လည်း လင်ချင်းဟယ်က ငြင်းဆိုရန် အမြဲလိုလို အကြောင်းပြချက်များရှိနေဆဲ။ သူ့ခမျာ ခေါင်းငုံ့ကာ တစ်ဆိုင်ပြီးတစ်ဆိုင် ထပ်ခါထပ်ခါ လိုက်ရှာနေရသည်။
ချမ်းသာကြွယ်ဝသူများက အင်မတန် ဇီဇာကြောင်လွန်းလှသည်ဟုသာ ယူဆရတော့မည်။
နောက်ဆုံးတွင် သူ သည်းမခံနိုင်တော့သဖြင့် တဲ့တိုးသာ မေးလိုက်တော့သည်။
“ဒါဆိုရင် မင်းက ဘာစားချင်တာလဲ…”
ထိုအခါမှ လင်ချင်းဟယ်က အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ဖြေသည်။
“ ဘာပဲဖြစ်ဖြစ် ငါက အဆင်ပြေပါတယ်…”
“ ??? ”
ထောင်ရှီး လင်ချင်းဟယ်ကို စူးခနဲစိုက်ကြည့်လိုက်သည်။
တကယ် ဘာပဲဖြစ်ဖြစ် စားနိုင်တယ်ပေါ့…
ထောင်ရှီး ဒေါသတလူလူထွက်လာ၏။ သူ မျက်လုံးများမှေးကျဉ်း၍ လင်ချင်းဟယ်အနားသို့ ပိုတိုးကပ်လိုက်ပြီး တစ်ဖက်လူ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်သည်။
“လင်ချင်းဟယ် မင်း ငါ့ကို ထပ်စနေပြန်တာလား…”
လင်ချင်းဟယ်က သူ့မျက်လုံးများကို ပြန်စိုက်ကြည့်ကာ ခပ်တည်တည်ဖြေသည်။
“ဟုတ်တယ်…”
ထောင်ရှီးမှာ ဤလူက ဝန်ခံလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် တစ်ခဏမျှ မည်သို့ပြန်တုံ့ပြန်ရမည်မှန်းမသိ ဖြစ်သွားသည်။ သူ့နှုတ်ခမ်းလေးများ အနည်းငယ် ဟလျက်သားဖြင့် လင်ချင်းဟယ်ကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း ပြန်ရန်တွေ့ရမည်ကိုပင် မေ့လျော့သွားသည်။
သို့သော် နောက်တစ်စက္ကန့်အကြာတွင် သူ့ဂုတ်သားလေးကို လက်တစ်ဖက်က မပျော့လွန်း၊ မပြင်းလွန်းသောအားဖြင့် ဖိညှစ်လိုက်သည်ကို ခံစားလိုက်ရပြီး လူတစ်ကိုယ်လုံး တွန့်ခနဲဖြစ်သွားသည်။ လည်ပင်းကို အကိုက်ခံလိုက်ရသည့် ကြောင်လေးတစ်ကောင်အလား ကိုယ်ကို ကျုံ့လိုက်မိပြီး ဘေးကိုပင် မြှောက်တက်သွားရသည်။
“ မင်း ဘာလုပ်တာလဲ…”
ထောင်ရှီးမှာ တုန်တုန်ယင်ယင်ဖြင့် သူ့လည်ဂုတ်ကို လက်ဖြင့် အမြန်အုပ်လိုက်ပြီး မျက်လုံးများလည်း ဝိုင်းစက်လို့သွားသည်။
သူ့လည်ဂုတ်မှာ ဤမျှအလွန်အထိမခံသည့်နေရာ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ လင်ချင်းဟယ်လက်ချောင်းများ၏ အထိအတွေ့က လျှပ်စီးကြောင်းအလား သူ့ကျောရိုးတစ်လျှောက် စီးဆင်းသွားပြီး သူ့နှလုံးသားကိုပါ တုန်ခါသွားစေသည်။
နီရဲနေသော သူ့မျက်နှာနှင့် နားရွက်များကို ဖုံးကွယ်ရန်အလို့ငှာ သူ ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။
“မင်း ငါနဲ့ အရမ်းကပ်လွန်းနေတယ်…” လင်ချင်းဟယ်က ပြောလိုက်ပြီး ပြန်ရုတ်လိုက်သည့် သူ့လက်မနှင့် လက်ညှိုးတို့ကို ပွတ်လိုက်သည်။
ထောင်ရှီးမှာ သူ့နှလုံးသားက ရုတ်ချည်း ခုန်ထွက်လာတော့မတတ်ပင် ခံစားလိုက်ရသည်။
သူ အယောင်ယောင်အမှားမှားဖြင့် စားပွဲခုံကို ရိုက်လိုက်ပြီး ဟောင်သာဟောင်ပြီး မကိုက်တတ်သည့် ခွေးပမာ ခပ်ကျယ်ကျယ် အော်ပြောလိုက်သည်။
“ ငါ ဂရုမစိုက်ဘူး။ တနင်္ဂနွေနေ့ ညနေ ၆:၃၀ ကျရင် Aode ပလာဇာက ကွမ်တုံး-ဟောင်ကောင် စားသောက်ဆိုင်ကို အရောက်လာခဲ့၊ ဒါပဲ…”
လင်ချင်းဟယ်က နှုတ်ခမ်းစွန်းများကို ပင့်လျက် ပြောလိုက်သည်။
“ ဟုတ်ပြီ…”
────────