အပိုင်း ၂၇
Viewers 8k

Chapter-27-1


 


တနင်္ဂနွေနေ့ ကလပ်လှုပ်ရှားမှုများမစမီတွင် ထောင်ရှီးက လင်ချင်းဟယ်ကို စိုးရိမ်စွာ သတိပေးလိုက်သေးသည်။


 


“ ဒီနေ့ည ၆ နာရီခွဲ Aode ပလာဇာ ကွမ်တုံး-ဟောင်ကောင် စားသောက်ဆိုင်နော်။ ငါ့ကို စောင့်ရအောင် မလုပ်နဲ့။ အဲ့လိုမှမဟုတ်ရင် ငါ…”


 


လင်ချင်းဟယ်က ဂီတစာရွက်ကို ထုတ်နေရင်း သူ့ကို လှည့်ကြည့်လိုက်သည်။


 


“ အဲ့လိုမှမဟုတ်ရင် မင်း ဘာလုပ်မှာလဲ…”


 


ထောင်ရှီးမှာ ဆွံ့အသွားရသည်။


 


သူ ဘာလုပ်နိုင်မှာလဲ…


 


သူ စိတ်အားငယ်သွားလောက်မည်ဖြစ်သော်လည်း ဤလူကို အင်မတန်မှ သဘောကျနေဆဲပင် ဖြစ်လိမ့်မည်။ 


 


သူ လင်ချင်းဟယ်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။


 


“ ဘာမှတော့ များများစားစား မလုပ်နိုင်ပါဘူး။ မနက်ဖြန်ကျရင် ငါ မင်းကို မခေါ်ဘဲနေလိုက်မှာပေါ့…”


 


သူ စကားခဏရပ်လိုက်ပြီးနောက်‌ ခပ်တိုးတိုးလေးဖြင့် ထပ်ပြောလိုက်သည်။ 


 


“တစ်ရက်တည်းပဲ…”


 


လင်ချင်းဟယ်က အသံတိုးတိုးဖြင့် ရယ်မောလိုက်သံကို ထောင်ရှီး ကြားလိုက်ရ၏။ သူ လင်ချင်းဟယ်၏ အပြုံးကို သေသေချာချာ မမြင်လိုက်ရသေးခင် တစ်ဖက်လူက ဂီတနုတ်စာရွက်ကိုယူ၍ စာသင်ခန်းထဲမှ ထွက်ခွာသွားလေသည်။


 


ထောင်ရှီးမှာ ခဏတာကြောင်အမ်းအမ်းနှင့် ထိုင်နေပြီးမှ နေရာမှထကာ ပန်းချီကလပ်သို့ ဦးတည်လိုက်သည်။


 


သူ ပန်းချီဆွဲစဆွဲမည်ပြုခိုက် ချောင်ယီထန်က သူ့ထံသို့ရောက်လာပြီး ပြောလေသည်။


 


“ထောင်ရှီး၊ ပြီးခဲ့တဲ့တစ်ခေါက်က မင်းဆွဲတဲ့ပန်းချီကားကို အစ်မရဲ့အဘိုးဆီ ပြလိုက်တော့လေ…အဖိုးက မင်းကို တွေ့ချင်တယ်လို့ ပြောလာတယ်။ မင်း ဒီနေ့ နေ့လယ်ပိုင်းအားလား…”


 


ထောင်ရှီးက အံ့ဩသွားပြီး ချောင်ယီထန်ကို ငေးကြောင်ကြောင် ပြန်ကြည့်လိုက်သည်။


 


ချောင်ယီထန်က ပြုံးကာပြောသည်။ “ဪ၊ ဒါနဲ့ စကားမစပ် အစ်မရဲ့အဖိုးက ဘယ်သူလဲဆိုတာ မင်းမသိလောက်သေးဘူး။ အစ်မအဖိုးနာမည်က ချောင်ဟယ့်နျန်တဲ့။ သူ့နာမည်ကိုတော့ မင်း ကြားဖူးလောက်မှာပါ… ဟုတ်တယ်မလား…”


 


ထောင်ရှီး၏ နှလုံးအိမ်မှာ တုန်ခါသွားသည်။ သူ့အနေနှင့် နာမည်ကြီး ဆီဆေးပန်းချီဆရာကြီးတစ်ဦး ဖြစ်သည့် တစ်ချိန်က ဗဟိုအနုသုခမ တက္ကသိုလ်၏ ဒါရိုက်တာတစ်ယောက်ဖြစ်ခဲ့ဖူးသော ချောင်ဟယ့်နျန်ကို မသိစရာအကြောင်းမရှိချေ။ ချောင်ယီထန်က ချောင်ဟယ့်နျန်၏ မြေးမလေးဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့။ ချောင်ဟယ့်နျန်က သူ့ကို တွေ့ချင်နေသည်ဟူသောကိစ္စဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ပေ။


 


ချောင်ဟယ့်နျန်ကို တွေ့ရမည့်ကိစ္စမှာ သူ့အတွက် စိတ်လှုပ်ရှားစရာ ဖြစ်သော်လည်း ယနေ့တော့ မဖြစ်သေးပေ။ သူ ချောင်ယီထန်ကို ပြောလိုက်သည်။


 


“ကျွန်တော် ဆရာကြီးချောင်ကို တကယ်ပဲ တွေ့ချင်ပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ ညစာစားဖို့ ချိန်းထားတာလေး ရှိနေတယ်။ အဲ့ဒါကြောင့် နောက်တစ်ပတ်နေမှ မစ္စတာချောင်ဆီ သွားလည်လို့ရမလား…”


 


ချောင်ယီထန်၏ မျက်လုံးများ တောက်ပသွားပြီး စပ်စုလိုသည့်လေသံဖြင့် မေးလိုက်သည်။ 


 


“ မင်း ဒီည သွားချိန်းတွေ့မလို့လား…။ ဒါဆို ကောင်းကောင်းပြင်ဆင်သွားသင့်တယ်နော်။ ရပါတယ်…အစ်မရဲ့အဖိုးက ဘာမှ လုပ်စရာ သိပ်ရှိတာမဟုတ်ဘူး။ အိမ်မှာနေပြီး တစ်နေ့တစ်နေ့ စစ်တုရင်ကစားလိုက် ငှက်တွေကို စလိုက်နဲ့ လုပ်နေတာ။ ကိစ္စမရှိဘူး၊ နောက်တစ်ပတ်မှ တွေ့ကြတာပေါ့…”


 


ချောင်ယီထန်က နားလည်မှုလွဲသွားကြောင်းကို ထောင်ရှီး သတိပြုမိလိုက်သော်လည်း “ချိန်းတွေ့သည်” ဟူသော စကားလုံးလေးက သူ့ကို ချိုမြိန်စေသောကြောင့် ပြန်လည်မချေပဖြစ်။ သူ၏မျက်ဝန်းများ တောက်ပသွားပြီး နှုတ်ခမ်းစွန်းမှ အပြုံးမှာလည်း ဖုံးဖိမရအောင် ကွေးတက်သွားကာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။


 


ချောင်ယီထန်က သူမရှေ့မှ ဖြူဖြူစင်စင်ကောင်လေးကို ကြည့်ရင်း ငယ်ငယ်ကသူမ မွေးခဲ့ဖူးသည့် နို့နှစ်ရောင် ကြောင်ဖြူလေးကို သတိရသွားမိသည်။ သူမက ထောင်ရှီး၏ ဆံပင်များကို ပွတ်သပ်ပေးချင်လွန်း၍ လက်များယားလာသော်လည်း အတွေးတစ်ခုဝင်လာပြီးနောက်တွင် လက်များကိုပြန်ထိန်းလိုက်ကာ အေးအေးလူလူပင် ပြောလိုက်သည်။


 


“ အပီအပြင်ရွှိုင်းသွားပြီး ဒိတ်မှာပျော်ခဲ့နော်…”


 


ထောင်ရှီးက ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်ပြီး နောက်တစ်ကြိမ် ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။


 


ချောင်ယီထန်က စတူဒီယိုထဲမှ ထွက်လာခဲ့ပြီး ကော်ရစ်တာထောင့်ချိုးသို့ ရောက်သောအခါ လက်ကိုင်ဖုန်းကိုထုတ်၍ ဖုန်းခေါ်လိုက်သည်။ ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် သူမက ကရားရေလွှတ်သလို မနားတမ်းပြောလိုက်သည်။


 


“နင် ငါ့ကို နောက်တစ်ကြိမ် ကျေးဇူးကြွေးတင်ပြန်ပြီနော်။ ငါ သူ့ကို အဖိုးနဲ့ အဆက်အသွယ်ရအောင် ကူညီပေးခဲ့တယ်။ ဒါပေမဲ့ သူ့ပန်းချီကားတွေကို မြင်တော့ အဖိုးက အရမ်းစိတ်ဝင်စားသွားတယ်ဟ။ နောက်ကျရင် တပည့်အဖြစ် လက်ခံတော့မှာလားမသိဘူး။ အခုဆိုရင် ငါ့အဖိုးက ငါကလွဲလို့ နောက်ထပ် တပည့်တွေ လက်မခံတော့ဘူးဆိုတာ နင် သိတယ်မလား…”


 


“ ငါ နင့်ကို တကယ် နားမလည်တော့ဘူး။ အစတုန်းကတော့ နင့်ရဲ့အဖိုးနဲ့ ဦးလေးလိုမျိုး နိုင်ငံရေးသမား ဖြစ်ချင်တာလို့ ထင်ခဲ့တာ။ အဲ့ဒါကြောင့် တိုင်းပြည်ရဲ့  အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒကို နင် ပံ့ပိုးကူညီနေတာလို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ အခုက ဆင်းရဲသားတွေကို ကူညီနေတာမဟုတ်တော့ဘူး။ သားနဲ့ ချွေးမကိုရှာကျွေးနေတာကျနေတာပဲ…”


 


“ဒါပေမဲ့ ဒီညတော့ သူ ပျော်ပျော်ပါးပါးကြီး သွားချိန်းတွေ့တော့မယ်။ နင်က သူ့ကို ပျိုးထောင်ပေးနေပေမယ့် နောက်ဆုံးတော့ နင် ဘာမှရလိုက်မှာ မဟုတ်ဘူး…”


 


ဖုန်းထဲမှ တစ်ဖက်လူက စကားတစ်ခွန်းမှပြန်မပြောဘဲ ဖုန်းချသွားသောအခါ ချောင်ယီထန်မှာ ဖုန်းစခရင်ကို ဒေါသတကြီးကြည့်၍ ပါးစပ်ပေါက်ပိတ်နိုင်လွန်းသည့် ဤလူကို ကမ္ဘာပေါ်တွင် မည်သည့်အရာမှ မပိုင်ဆိုင်ရပါစေနှင့်ဟု ကျိန်ဆဲလိုက်သည်။


 


ထောင်ရှီးက ပန်းချီဆွဲပြီးသွားသောအခါ အဆောင်သို့ အပြေးပြန်သွားပြီး သူ့ဗီရိုထဲမှ အဝတ်အစားများကို နေ့တစ်ဝက်ကြာအောင် တစ်ထည်ပြီးတစ်ထည် ရွေးနေခဲ့သည်။ သို့သော် သင့်လျော်သည့် အဝတ်အစားကို ရှာမတွေ့ခဲ့ပါချေ။


 


အမှန်မှာ သူ့တွင် အဝတ်အစား များများစားစားမရှိခြင်းပင်။ ဝမ်းဟွာ အ.ထ.က (၁) ကျောင်းသို့ ရောက်လာတည်းက နေ့စဉ် ကျောင်းယူနီဖောင်းသာ ဝတ်ဆင်ခဲ့ရသဖြင့် ဝတ်စုံအသစ် မဝယ်ဖြစ်ခဲ့ချေ။ 


 


အဝတ်အစားတစ်စုံတော့ ဝယ်မှရမည်ဟု သူ တွက်ဆလိုက်သည်။ 


 


သို့နှင့် ထောင်ရှီးက ကျောင်းဝန်းထဲမှထွက်ကာ ရှော့ပင်းမောလ်တစ်ခုသို့ ထွက်လာခဲ့သည်။ ထောင်ရှီး၏ရုပ်ရည်ချောမောမှုကြောင့် အရောင်းဝန်ထမ်းက သူ့အား အဝတ်အစားများ စမ်းဝတ်ကြည့်ခိုင်းသည်။ အဝတ်အစားများက အမှန်တကယ်ကို ကောင်းမွန်ပြီး မော်ဒယ်လ်တစ်ယောက်လို ဓာတ်ပုံရိုက်နိုင်လောက်သော်လည်း ဈေးနှုန်းက ၁၀၀၀ ကျော်နေသည်ကို တွေ့လိုက်ရသောအခါ ထောင်ရှီး၏ စိတ်ထဲတွင် ညှိုးနွမ်းသွားသည်။


 


ကျောင်းက သူ့ကို ပိုက်ဆံ အများကြီးပေးထားသော်လည်း ဤမျှ ဈေးကြီးသော အဝတ်အစားများဝယ်ပြီး ဖြုန်းတီးပစ်လို့မရချေ။


 


နောက်ဆုံးတွင် ထောင်ရှီးက အလွန်ဈေးသက်သာသည့် မြေအောက် ဈေးဝယ်စင်တာ တစ်ခုကို ရှာတွေ့သွားပြီး မနှစ်ကရာသီအကျန် အထည်များကို လျှော့ဈေးချရောင်းနေသည့်အထဲမှ အရှေ့တွင် ကျစ်ကြိုးလေး နှစ်ချောင်းပါသော သနပ်ခါးရောင် သိုးမွှေးဆွယ်တာလေးနှင့် အရောင်နု ဂျင်းဘောင်းဘီရှည်တစ်ထည်တို့ကို ယွမ် ၃၀၀ ပေး၍ဝယ်လိုက်သည်။ 


 


ဤဝတ်စုံက သိပ်ကြည့်ကောင်းလှသည့်အထဲမပါသော်လည်း အရောင်းဝန်ထမ်းက အလွန်အမွှန်းတင်ချီးကျူးနေသဖြင့် သူ့မှာ ကြောင်အမ်းအမ်းပင် ဖြစ်သွားခဲ့ရသည်။


 


အဝတ်အစားအသစ်များ ဝယ်ပြီးသော် ထောင်ရှီးက ရှော့ပင်းမောလ်ထဲရှိ အနားယူသည့်ဧရိယာမှ ခုံတန်းရှည်ဘေးတွင် ဆောင့်ကြောင့်ထိုင်ချကာ သူ့ကျောင်းလွယ်အိတ်ထဲမှ မေးခွန်းလွှာများကို ထုတ်လိုက်ပြီး ခုံတန်းရှည်ပေါ်သို့ ကိုင်းလျက် အိမ်စာစလုပ်တော့သည်။ 


 


ခုံဘေးနားတွင်မူ ဈေးဝယ်ရန် ဇနီးသည်ကို စောင့်နေသည့် လူလတ်ပိုင်းအရွယ် ဦးလေးကြီးတစ်ယောက် ထိုင်နေပြီး သက်ပြင်းတချချနှင့် ပြောလာသည်။


 


“ ကလေး… အဲ့လို ကုန်းပြီးရေးနေရတာ ပင်ပန်းတယ်လေ။ ဟိုမှာ ကော်ဖီဆိုင် တစ်ဆိုင်ရှိတယ်။ အဲ့ထဲမှာ အိမ်စာလုပ်တော့ ပိုသက်တောင့်သက်သာ ရှိတာပေါ့…”


 


ထောင်ရှီးက ခေါင်းခါလိုက်သည်။ “ကော်ဖီဆိုင်က အရမ်း ဈေးကြီးတယ်…”


 


သူက ခဏရပ်လိုက်ပြီး ထိုဦးလေးကြီးကိုကြည့်၍ လေးလေးနက်နက် ပြောလိုက်သည်။ 


 


“ ပြီးတော့ ကျွန်တော်က ကလေး မဟုတ်တော့ဘူးဗျ။ အထက်တန်း ဒုတိယနှစ် ရောက်နေပြီ…”


 


ထိုဦးလေးကြီးက ပြုံးသည်။ “မင်းကို ကြည့်ရတာ အလယ်တန်းကျောင်းသားလေးနဲ့ ပိုတူနေတယ်။ ပြီးတော့ အထက်တန်း ဒုတိယနှစ်ဆိုတာကလည်း သိပ်ငယ်သေးတာပါပဲ။ လူကြီး မဖြစ်သေးပါဘူး…”


 


ထောင်ရှီးမှာ မျက်မှောင်ကြုတ်သွားပြီး ဤဝတ်စုံက ခန့်ညားမှုမရှိနေ၍ ဖြစ်မည်ဟု တွေးလိုက်သည်။ 


 


ဦးလေးကြီးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး သူ့တစ်ကိုယ်တည်း ပြောနေ၏။ “တကယ်လို့ ငါ့သားသာ စကားနားထောင်ပြီး အသိတရားရှိရင် ငါတော့ ၉၉ နှစ်အထိကို အသက်ရှည်လောက်မှာ သေချာတယ်…”


 


ထောင်ရှီးက အိမ်စာဆက်လုပ်နေလိုက်ရာ ညနေ ၅ နာရီပင်ခွဲသွားတော့သည်။ သူက ထုံကျင်နေသော ခြေထောက်များဖြင့် မတ်တပ်ထရပ်လိုက်သောအခါ ဟထိုးလဲကျလုနီးပါပင် ဖြစ်သွားလေသည်။ ခဏအကြာတွင် သူ့ခြေထောက်များ ပြန်လှုပ်ရှားလာနိုင်ပြီး ကျောပိုးအိတ်ကိုလွယ်၍ ထိုနေရာမှ အပြေးထွက်လာခဲ့သည်။


 


မြို့ကြီးပြကြီးများတွင် အလုပ်ဆင်းချိန်၌ အမြဲလိုလို လူများပြည့်ကျပ်နေတတ်သည်။ ဆောင်းဦးရာသီ၏ နေ့တာနှင့်ညတာ ညီမျှသောကာလ ကုန်ဆုံးသွားပြီးနောက် နေဝင်ချိန်မှာ စောသည်ထက်စောလာပြီး ညနေဆည်းဆာမှာလည်း ညအမှောင်ထု၏ ဝါးမြိုခြင်းကို တဖြည်းဖြည်းခံလိုက်ရသည်။ ထောင်ရှီးက Aode ကုန်တိုက်ရှေ့၌ ရပ်နေပြီး သူ့ဖုန်းထဲမှ WeChat စကားပြောခန်းကို တွေဝေစွာ ငုံ့ကြည့်နေသည်။


 


လင်ချင်းဟယ် ဘယ်မှာလဲလို့ သူ မေးသင့်လား…


 


သို့ပေမယ့် ယခုကခြောက်နာရီပင် မထိုးသေးသည်မို့ မေးလိုက်လျှင် လင်ချင်းဟယ်များ စိတ်အနှောင့်အယှက်ဖြစ်သွားမလား…


 


ထောင်ရှီးက သူ့ကျောင်းလွယ်အိတ်ထဲမှ အင်္ဂလိပ်ဝေါဟာရစာအုပ်အသေးလေးကို ထုတ်လိုက်သည်။ လူကြားထဲတွင် မတ်တပ်ရပ်ရင်း အင်္ဂလိပ်စာလုံးများ ကျက်မှတ်နေသောကြောင့် ဖြတ်သွားဖြတ်လာများ‌က အံ့အားသင့်သောအကြည့်များဖြင့် ကြည့်သွားကြသည်။ 


 


သို့သော်လည်း သူ စာမှတ်လို့မရနေပေ။ သူ့အရှေ့ရှိ စာလုံးများကို စုစည်းလိုက်ပြီး စိတ်ထဲ၌ ရွတ်ဆိုကြည့်လိုက်သောအခါ အဆုံးတွင် ထိုစာလုံးများမှာ လင်ချင်းဟယ် ဟူသော စကားလုံး ၃ လုံးအဖြစ်သာ ပြောင်းသွားလေသည်။ 


 


ချစ်သူကောင်မလေးကို ရပ်စောင့်နေသည့် ကောလိပ်ကျောင်းသားလေးတစ်ယောက်က မနေနိုင်တော့သဖြင့် ထောင်ရှီးကို စကားလာပြောသည်။  


 


“ မင်းလည်း ကောင်မလေးနဲ့ ချိန်းတွေ့ဖို့ စောင့်နေတာလား…။ တကယ်လို့ ချိန်းတွေ့မယ့်အချိန်မှာတောင် မင်းက စာကျက်နေတာကို သူတွေ့သွားရင် စိတ်ဆိုးသွားမှာနော်…”


 


ထောင်ရှီးမှာ လန့်သွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။


 


“တကယ် စိတ်ဆိုးသွားမှာလား…”


 


သို့သော် အကယ်၍ သူသာ စာမလုပ်ပါကလည်း လင်ချင်းဟယ် သူ့ကို ဒေါသထွက်ပေလိမ့်မည်။


 


“ သေချာတာပေါ့ ၊ ဟိုကွာ…ဆိုလိုချင်တာက မင်းက သူ့အကြောင်း အချိန်ပြည့်မတွေးနေဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားမှာလေ…”


 


ဤကောလိပ်ကျောင်းသားက အလွန်အတွေ့အကြုံရှိပုံရသည်။ သူ့စကားဆုံးဆုံးချင်းပင် သူ့ကောင်မလေး ရောက်လာသည်ကို မြင်သောအခါ သူက အမြန်ပြေးသွား၍ ပြုံးရွှင်စွာ ပွေ့ဖက်လိုက်ပြီး နှစ်ယောက်သား လက်ချင်းတွဲကာ ကုန်တိုက်ထဲသို့ ဝင်သွားကြသည်။


 


ထောင်ရှီးမှာ ဝေါဟာရစာအုပ်ကို ကျောင်းလွယ်အိတ်ထဲသို့ အမြန်ပြန်ထည့်လိုက်ပြီး ဖုန်းစခရင်မ်ပေါ်ရှိ WeChat App ကိုသာ တွေတွေကြီး ထပ်ကြည့်နေမိပြန်သည်။


 


‌ခြောက်နာရီ ထိုးသွားပြီ၊ မေးကြည့်လိုက်ရင် အဆင်ပြေလောက်ပါ့မလား…


 


ထောင်ရှီးက သတ္တိမွေးကာ ဖုန်းပေါ်တွင် စာရိုက်လိုက်သည်။


 


“ မင်း ဘယ်မှာ…”


 


စာရိုက်နေဆဲ တစ်ဝက်တစ်ပျက်မှာပင် ဖုန်းမျက်နှာပြင်က အဝင်ဖုန်းခေါ်ဆိုမှု သတိပေးချက်အဖြစ်သို့ ပြောင်းလဲသွားသည်။


 


လင်ချင်းဟယ်က ဖုန်းခေါ်လာခြင်းပင်။


 


ထိုအခိုက်တွင် ထောင်ရှီးမှာ အစာအိမ်အောင့်ချင်လာသလိုလို၊ ဘာလိုလိုပင် ခံစားလိုက်ရသည်။ တစ်ဆက်တည်းမှာပင် စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုများ တဟုန်ထိုး ဖြစ်ပေါ်လာပြီး သူ့လက်ချောင်းများက ထိတ်လန့်တကြားဖြင့် ဖုန်းဖြေသည့်ခလုတ်ကို နှိပ်လိုက်ကာ အမောတကောမေးလိုက်သည်။


 


“မင်း ဘယ်မှာလဲ…။ ငါ အခု Aode ရှော့ပင်းမောလ်ရဲ့ အဝင်ဝက ဘယ်ဘက် ဓာတ်တိုင်အောက်မှာ ရှိနေတာ…”


 


သူ စကားပြောလိုက်သည့်အချိန်တွင် သူ့အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး လည်ချောင်းကိုလည်း စိုစွတ်နေသည့် ဝါဂွမ်းလုံးကြီးဖြင့် ပိတ်ဆို့ထားသလိုပင် တစ်ဆို့နေသည်။


 


ဖုန်းထဲတွင် အနည်းငယ် ဆူညံနေပုံရသော်လည်း လင်ချင်းဟယ်၏ အသံဩရှရှမှာတော့ ပြတ်သားကြည်လင်နေဆဲပင်။


 


“ထောင်ရှီး…တောင်းပန်ပါတယ်။ ငါ ဒီညတော့ မလာနိုင်တော့ဘူး…” သူက ခဏရပ်လိုက်ပြီး ဆက်ပြောလာ၏။ “ ငါတောင်းပန်တယ်၊ ငါ့အိမ်မှာ ရုတ်တရက်ကြီး ကိစ္စတစ်ခု ဖြစ်သွားလို့…”


 


ထောင်ရှီးမှာ ပထမစကားကြောင့် ရုတ်ခြည်းပင် ငိုင်ခနဲဖြစ်သွားရသော်လည်း ဆက်ဆိုလာသည့် ဒုတိယစကားကြောင့် ချက်ချင်း သတိပြန်ဝင်လာသည်။ သူ စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်သည်။ 


 


“ဘာကိစ္စဖြစ်လို့လဲ… အရေးကြီးတဲ့ကိစ္စလား…”


 


လင်ချင်းဟယ်က ပြောသည်။ “ယန်သောလဲ့ နေမကောင်းဘူး။ အခု ငါနဲ့ ငါ့မိသားစုက သူ့ကို ဆေးရုံလိုက်ပို့ပေးနေတဲ့ လမ်းပေါ်မှာ…”

Chapter 27-2


နောက်ဆုံးတွင် ထောင်ရှီး ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေပြီ။ ဆူညံနေသည့် နောက်ခံအသံမှာ ပြတ်တောင်းပြတ်တောင်းဖြင့် ရှိုက်ငိုနေသံဖြစ်ပြီး အဖွားအိုတစ်ယောက်၏ နွေးထွေးသောအသံက နှစ်သိမ့်ပေးနေသည်။.


 


“ မြေးလေး မငိုပါနဲ့ကွယ်။ အဖွားတို့တွေ ခဏနေရင် ဆေးရုံရောက်တော့မယ်နော်…”


 


အသံတစ်ခုက “ချင်းဟယ်ကော…” ဟု ထပ်မံ၍ အော်ခေါ်လိုက်ပြန်သည်။ ထို့နောက် ဖုန်းကိုခပ်ခပ်ဝေးဖယ်လိုက်ပုံပေါ်ပြီး လင်ချင်းဟယ်၏အသံဝါးဝါးကို ကြားလိုက်ရသည်။


 


“လဲ့လဲ့…ခဏ သည်းခံလိုက်ဦး။ ဆရာဝန်နဲ့ ပြပြီးရင် မနာတော့ဘူး…”


 


ရုတ်တရက် ထောင်ရှီးမှာ အသက်ရှုစရာ လေကိုပင် ပျောက်ဆုံးသွားသည်။


 


သူ့နှလုံးသားက အလွန့်အလွန်နာကျင်လာသည်။


 


အင်မတန် နာကျင်လှသည်။


 


အလွန်နာကျင်လှသောကြောင့် သူ့အမြင်အာရုံများပင် ဝေဝါးစပြုလာခဲ့သည်။


 


ဖုန်း၏ တစ်ဖက်ခြမ်းမှ အသံက နီးကပ်လာပြန်သည်။ လင်ချင်းဟယ်၏ အသံမှာ အလွန်တိုးပြီး နူးညံ့နေသည်။


 


“တောင်းပန်ပါတယ်၊ နောက်တစ်ခေါက်ကျရင် ငါမင်းကို ညစာလိုက်ကျွေးမယ်…မင်း ကြိုက်တာ စားလို့ရမယ် ဟုတ်ပြီလား…”


 


ထောင်ရှီးမှာ သူ့လက်ဖဝါးကို တင်းနေအောင်ဆုပ်ထားမိသည်။ သူ မျက်တောင်များ ခပ်ပြင်းပြင်း ပုတ်ခတ်လိုက်သော်လည်း မြေပြင်ပေါ်ရှိ မြင့်မားသော အဆောက်အဦကြီးများ၏ နီယွန်မီးရောင်များနှင့် အဆုံးမရှိသော ကားမီးရောင်များက သူ့မျက်လုံးရှေ့တွင်‌ မှုန်ဝါးဝါးအကွက်များအဖြစ် ဝေဝါးနေဆဲဖြစ်သည်။


 


“ဒါပေမဲ့… ဒါပေမဲ့…” ဟု သူတဖွဖွ ရေရွတ်လိုက်သည်။


 


သူက ခေါင်းမာစွာဖြင့် သဘောတူလက်ခံကြောင်းပြောရန် ဝန်လေးနေမိသည်။ သို့တိုင် အကြောင်းပြချက်ကိုလည်း မပေးနိုင်ပေ။


 


လင်ချင်းဟယ်က သူ့ကို စိတ်ရှည်ရှည်ဖြင့် မေးလာသည်။


 


“ဒါပေမဲ့ ဘာဖြစ်လဲ…”


 


ထောင်ရှီး မျက်လုံးများကို မှိတ်လိုက်ပြီး ဆို့နင့်နေသောအသံဖြင့် ပြောလိုက်သည်။


 


“ ဒါပေမဲ့ ငါ မင်းကို တွေ့ချင်တယ်…”


 


ဒီတိုင်း အကြောင်းပြချက်မရှိဘူး။ ငါမင်းကို တွေ့ချင်ရုံလေးပါပဲ။


 


အရမ်းးးအရမ်းးးအရမ်းးကို တွေ့ချင်တယ်။


 


ထိုစကားလုံးများက သူသတ္တိများအားလုံးကို ကုန်ဆုံးသွားစေပုံရပြီး ထောင်ရှီးမှာ ဤကမ္ဘာပေါ်မှ အသံများအားလုံးကို မကြားရတော့သည့်အလား မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်မိသည်။


 


ဖုန်း၏ အခြားတစ်ဖက်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ သုံးစက္ကန့်မျှသာ ကြာလိုက်သော်လည်း အချိန်အတော်ကြာသွားသလိုပင်။ လင်ချင်းဟယ်၏အသက်ရှူသံကို ဖိနှိပ်ကာ ပြောလာသည့်အသံကို သူ ကြားလိုက်ရသည်။


 


“မင်း အဲ့ဒီမှာ ငြိမ်ငြိမ်လေး ရပ်နေ။ ဘယ်မှမသွားနဲ့။ မင်းကို လာခေါ်ဖို့ လူတစ်ယောက်ကို လွှတ်လိုက်မယ် ဟုတ်ပြီလား…”


 


ထိုစကားသံမှာ အောက်တိုဘာလ၏ ညနေခင်းလေပြည်ပမာ နူးညံ့ပျော့ပျောင်းနေပြီး ယန်သောလဲ့ကို ချော့မြှူနေသကဲ့သို့ သူ့ကို ချော့မော့နေသည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်သွားစေသည်။


 


ထောင်ရှီးက ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။ “ကောင်းပြီ…”


 


စကားပြောလိုက်ပြီးမှ အသံထွက်မလာကြောင်း သိလိုက်ရ၏။ သူ အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက် တောင့်တင်းနေသည့် လည်ချောင်းထဲမှ အသံထပ်ပြုလိုက်သည်။


 


“ကောင်းပြီ…”


 


ဖုန်းချလိုက်ပြီးနောက်တွင် ထောင်ရှီးက စိုစွတ်နေသည့် သူ့မျက်နှာကို သုတ်လိုက်သည်။


 


သူ ဖုန်းကိုကိုင်ထားရင်း ပျားပန်းခပ်နေသော လူအုပ်ကြီးကို ငူငူကြီး ငေးကြည့်နေမိသည်။


 


အလုပ်မှ ပြန်လာကြသော ဉာဏလုပ်သားများ၊ လက်ချင်းတွဲကာ ချိန်းတွေ့နေကြသည့် စုံတွဲများ၊ အတူတူ ဈေးဝယ်ထွက်နေကြသည့် သူငယ်ချင်းများ၊ ကလေးများနှင့် မိဘများ…


 


အသက်ဝင်သော နီယွန်မီးရောင်အောက်တွင် လူတိုင်းက ကိုယ်စီကိုယ်စီ အခန်းကဏ္ဍမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသော်လည်း ယနေ့ညတွင် သူက မည်သည့် အခန်းကဏ္ဍမှ ပါဝင်နေပါသနည်း။


 


ထောင်ရှီးမှာ သိပ်အကြာကြီးပင် မစောင့်လိုက်ရပေ။ သူသတိမထားမိသည့် အနက်ရောင်ကားတစ်စီးက မလှမ်းမကမ်းရှိ ယာဉ်ရပ်နားရမှ မကြာခဏဆို ဟိုဟိုသည်သည် လိုက်ရှာနေသည်။ ကားထဲမှ ဝတ်စုံပြည့်ဖြင့် လူငယ်တစ်ယောက်ဆင်းလာပြီး ကုန်တိုက်အဝင်ဝတွင် ရပ်နေသည့်သူ့ကို ရှာတွေ့သွားသဖြင့် မေးမြန်းလိုက်သည်။


 


“မင်္ဂလာပါ၊ မင်းက ထောင်ရှီး ဟုတ်တယ်မလား…။ ကိုယ့်နာမည်က ချန်ထင်။ လင်မိသားစုရဲ့ ဒရိုင်ဘာပါ…”


 


ထောင်ရှီးက ခေါင်းညိတ်ပြလိုက်ပြီး ချန်ထင်၏နောက်မှ ကားရှိရာသို့ လိုက်သွားသည်။


 


ခဏအကြာတွင် ချန်ထင်က ဟာ့နန်ဆေးရုံကြီးသို့ မောင်းနှင်သွားပြီး သူ့ကို ဆေးရုံထဲအထိ လိုက်လံပို့ဆောင်ပေးသည်။


 


ထောင်ရှီးမှာ ဓာတ်လှေကားထဲသို့ ဝင်လိုက်သည့်အခိုက်တွင် နောင်တရလာ၏။ သူ ဘာကြောင့်များ ဤနေရာကို ရောက်လာရသည်လဲ…


 


ယန်သောလဲ့က နေမကောင်းဖြစ်နေသည်။ သူ ဘာလို့များ မျက်နှာပြောင်တိုက်ပြီး လာခဲ့ရသည်လဲ…


 


လူနာလာကြည့်တာလား…။ လာလည်တာလား…။ ဒါမှမဟုတ် စိတ်ပူလို့လား…


 


ယန်သောလဲ့၏ဘေးမှာရှိသည့် မိဘဆွေမျိုးများ၊ သူငယ်ချင်းများလို သူက ဂရုစိုက်သည့်ပုံစံဟန်ဆောင်ပြရမည်လား…


 


သူ့စိတ်ထဲတွင် ဝမ်းနည်းစိတ်တစ်ခုတည်းသာ ရှိနေသည်။ 


 


ဓာတ်လှေကားထဲတွင် လူများပြည့်ကျပ်နေပြီး ပိုးသတ်ဆေးနံ့ကလည်း စူးနေသေးသည်။ ထောင်ရှီးက ကျောပိုးအိတ်တစ်လုံးနှင့်အတူ ဓာတ်လှေကား၏ထောင့်ကြားတွင် ညှပ်နေသည်။


 


သူ့နံဘေးမှ ထမင်းဘူးကိုင်ထားသည့် အဘိုးအိုတစ်ယောက်က ထောင့်စွန်းကို လှည့်ကြည့်လာသည်။ ဤကလေးမှာ လူအရိပ်များကြားတွင် ပျောက်နေသည်။ သူက နာမကျန်းဖြစ်နေသော ဆွေမျိုးတစ်ယောက်ယောက်အတွက် ဝမ်းနည်းနေပုံရသည့်အတွက် အဖိုးအိုက ကြင်နာစွာ မေးလိုက်သည်။


 


“ကျောင်းကအပြန် မင်းရဲ့မိသားစုဆီကို လာလည်တာလား…”


 


ထောင်ရှီးက တိတ်တဆိတ်ပင် ခေါင်းခါပြလိုက်သည်။


 


သူ လင်ချင်းဟယ်ကိုသာ တွေ့ချင်နေသည်။ 


 


တစ်ချက်လေးလှမ်းကြည့်ပြီး မျက်နှာလေးမြင်သည်နှင့် ချက်ချင်းထွက်သွားမည်။ 


 


ဤသို့ဤသို့ သူ့ကိုယ်သူ ပြောနေမိ၏။ 


 


ဓာတ်လှေကားက ၅ လွှာသို့ ရောက်သောအခါ တံခါးပွင့်သွားပြီး ချန်ထင်က သူ့ကို တိုးတိုးလေး လှမ်းပြောသည်။ “ ဒီနေရာမှာပါ…”


 


ဓာတ်လှေကားထဲမှ လူတော်တော်များများက အပြင်ဘက်သို့ ထွက်သွားကြသည်။ ထောင်ရှီးက အခြားသူများ၏နောက်တွင်ရပ်နေသဖြင့် ဓာတ်လှေကားထဲမှ နောက်ဆုံးမှ ထွက်လာနိုင်သည်။


 


လူအုပ်ကြီး ကွဲသွားသောအခါ သူ့မြင်ကွင်းမှာ ပို၍ကျယ်ပြန့်လာ၏။ လင်ချင်းဟယ်က ဓာတ်လှေကား ဝင်ပေါက်မှ မလှမ်းမကမ်းနေရာတွင် ရပ်လျက် သူ့ကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။


 


ရုတ်တရက် ထောင်ရှီးမှာ လမ်းမလျှောက်နိုင်တော့ဘဲ လင်ချင်းဟယ်ကိုသာ မတ်တပ်ရပ်လျက်သား တောင့်တောင့်ကြီးကြည့်နေမိသည်။ သူ့နောက်မှ ဓာတ်လှေကားတံခါးက “ဒင်း” ခနဲမြည်သံနှင့်အတူ ပြန်ပိတ်သွားသည်။


 


ဒီလောက်ကြည့်ရုံနှင့် လုံလောက်ပြီ။


 


သူစကားတစ်ခွန်းလောက်ပြောပြီး ပြန်သင့်ပြီ။ 


 


လင်ချင်းဟယ်က သူ့ထံသို့ လျှောက်လာပြီး သူ့လက်ထဲက ကျောပိုးအိတ်ကို လှမ်းယူလိုက်ကာ‌ အသံတိုးတိုးဖြင့် မေးလာသည်။ 


 


“ ဗိုက်ဆာနေပြီလား…။ တစ်ခုခု အရင်စားမလား…”


 


ထောင်ရှီးက စကားမပြောလာ။ လင်ချင်းဟယ်ကိုသာ စိုက်ကြည့်နေသည်။ ခေါင်းအထက်မှ မီးရောင်ကြောင့် မျက်တောင်ရှည်များကို အသေးစိတ် ကြည်လင်ပြတ်သားစွာ မြင်နေရပြီး သူ့သူငယ်အိမ်ထဲတွင် လူတစ်ယောက်တည်းသာ ရှိနေသည်။


 


ဤကမ္ဘာလောကကြီးထဲတွင် ဤလူသား တစ်ယောက်တည်းသာ တည်ရှိနေသည့်အလားပါပင်။


 


လင်ချင်းဟယ်က စိုစွတ်နေသည့် ထိုမျက်ဝန်းများကို ခဏကြာ ငုံ့ကြည့်နေပြီးနောက် ထောင်ရှီး၏ နူးညံ့သောဆံပင်လေးများကို ပွတ်သပ်ပေးရန် ရုတ်တရက် လက်ကိုမြှောက်လိုက်သည်။


 


သို့သော် သူ့လက်ချောင်းများက ဆံပင်ကို မထိတွေ့မီ ရပ်သွားပြီး အနောက်ဘက်ကိုရောက်နေသည့် ထောင်ရှီး၏ ဆွယ်တာကြိုးလေးကို အရှေ့သို့ပြန်သိမ်း၍ နှင်းဆီတစ်ပွင့် ထိုးသည့်အလား သူ့ရင်ဘတ်ပေါ်တွင် ညင်သာစွာ နေရာချပေးလိုက်သည်။


 


ထို့နောက် သူက လက်ကို ပြန်ရုတ်လိုက်ပြီး လက်ချောင်းများကိုအနည်းငယ်ကွေးကာ ခြေထောက်ဘေးတွင် ပြန်ချထားလိုက်၏။


 


သို့သော် ထောင်ရှီးက အမွှေးပွဆွယ်တာကြိုးကို ကိုင်လိုက်ပြီးနောက် လက်ဖဝါးထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကာ လင်ချင်းဟယ်ကို ကြည့်၍ ရုတ်တရက် ပြောလိုက်သည်။


 


“လင်ချင်းဟယ်၊ ငါ အရမ်း ဗိုက်ဆာနေပြီ…”


 


သူ တွေးမိသည်က…


 


အကြည့်လေးတစ်ချက်တည်းနဲ့တင် မလုံလောက်ဘူး။


 


တကယ်ကို မလုံလောက်ဘူး။


 


────────