အပိုင်း ၂၈
Viewers 9k

Chapter-28


 


“မင်း ဘာစားချင်လဲ…” ကျစ်ကြိုးကို ကိုင်ထားသည့် ထောင်ရှီး၏လက်ချောင်းလေးများကို လင်ချင်းဟယ်က ဖျတ်ခနဲကြည့်လျက် နူးညံ့စွာမေးသည်။


 


ထောင်ရှီးက လင်ချင်းဟယ်ကို စိုက်ကြည့်နေဆဲပင်။  


 


“ငါက ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်…”


 


လင်ချင်းဟယ်က ဘေးမှ ချန်ထင်ကို အကြည့်တစ်ချက်ပို့လိုက်ရာ ချန်ထင်က သဘောပေါက်စွာ မေးလာသည်။


 


“ကျွန်တော် အောက်ဆင်းပြီး စားစရာသွားဝယ်လိုက်ပါ့မယ်။ သခင်လေးနဲ့ သခင်မကြီးအတွက်ရောလိုသေးလား…”


 


လင်ချင်းဟယ်က ဖြေသည်။ “မလိုဘူး။ သူ့အတွက်ပဲဝယ်ခဲ့…”


 


ချန်ထင်က ခေါင်းညိတ်ပြကာ ထွက်သွားသည်။


 


ထောင်ရှီးက သူ့ကို ကြည့်မြဲကြည့်နေဆဲ ဖြစ်သည်ကိုမြင်သော် လင်ချင်းဟယ်က ထောင်ရှီး၏မျက်လုံးများနှင့်တစ်တန်းဖြစ်အောင် ခန္ဓာကိုယ်ကို ကိုင်းလိုက်၍ လေသံကိုလျှော့ကာ ထပ်မေးလိုက်သည်။


 


“ဘာဖြစ်သွားတာလဲ…။ ဗိုက်ဆာလွန်းလို့ အ,အလေးဖြစ်သွားတာလား…”


 


ထောင်ရှီးက မျက်လွှာများချသွားပြီး ခေါင်းခါပြလိုက်သည်။


 


ထိုစဉ် ဖုန်းမြည်လာသောကြောင့် လင်ချင်းဟယ်က မတ်မတ်ပြန်ရပ်လိုက်သည်။ လော်ကျန်းယင်းထံမှ ဖုန်းခေါ်လာခြင်းပင်။


 


သူက ဖုန်းမကိုင်ခင် ထောင်ရှီးကို အရင်မေးလိုက်သည်။ 


 


“မင်း ငါနဲ့အတူ လိုက်ခဲ့ချင်လား…”


 


ထောင်ရှီးက နှုတ်ခမ်းအတွင်းသားများကို ကိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။


 


ဖုန်းပြောနေသည့် လင်ချင်းဟယ်၏နောက်မှ သူ တိတ်ဆိတ်စွာ လိုက်လာသည်။


 


“ကျွန်တော် အခုလာနေပြီ…”


 


သူတို့နှစ်ယောက်သား လူနာခန်းသို့ သွားရာလမ်းအတိုင်း လျှောက်လာကြစဉ် လမ်းတစ်ဝက်၌ လင်ချင်းဟယ်ကို လိုက်ရှာနေသည့် လော်ကျန်းယင်းနှင့် ပက်ပင်းဆုံလေသည်။ 


 


လော်ကျန်းယင်းမှာ အလွန်သောကရောက်နေပုံပေါ်ပြီး လင်ချင်းဟယ်၏အနောက်မှ ရုတ်တရက်ပေါ်လာသူကိုတောင် လိုက်မကြည့်အားဘဲ လင်ချင်းဟယ်ကိုသာ တန်းပြောလိုက်သည်။ 


 


“ ဆရာဝန်က လဲ့လဲ့ကို ပိုက်သွင်းတော့မယ်တဲ့။ လဲ့လဲ့က မပူးပေါင်းပေးဘဲနဲ့ ငိုပဲငိုနေတယ်။ အဖိုးနဲ့ အဖွားကလည်း သူ့ကို ဘယ်လိုမှ ဖျောင်းဖျလို့မရဘူး။ မင်း သူ့ကို သွားပြီးဖျောင်းဖျပေးပါဦး…”


 


ယနေ့ နေ့လယ်ပိုင်း၌ လော်ကျန်းယင်းနှင့် လင်ချင်းဟယ်က ယန်သောလဲ့၏အဖိုးအဖွားများအိမ်သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ယန်သောလဲ့က အိမ်နီးနားချင်းကလေးများနှင့် ဘောလီဘော ကစားနေရာမှ ညနေစောင်းတွင် ရုတ်တရက် အမောဖောက်သွားခဲ့သည်။ ဤသို့ဖြင့် အပြင်ထွက်ခါနီး လင်ချင်းဟယ်က လူကြီးများနှင့်အတူ ယန်သောလဲ့ကို ဆေးရုံလိုက်ပို့ပေးရလေတော့သည်။ 


 


လော်ကျန်းယင်း၏စကားကိုကြားသော် လင်ချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။


 


ထိုအခါမှသာ လော်ကျန်းယင်းက လင်ချင်းဟယ်၏ နောက်မှပါလာသော ကောင်လေးကို သတိထားမိသွားသည်။ ထိုကောင်လေးက ခေါင်းမော့ပြီး သူမကို ကြည့်လာ၏။ ထိုမျက်လုံးများကို မြင်လိုက်ရသည့်တစ်ခဏတွင် သူမ ထိတ်လန့်သွားပြီး လျင်မြန်နေသော ခြေလှမ်းများလည်း တုံ့ခနဲ ရပ်တန့်သွားသည်။ 


 


လင်ချင်းဟယ်က ထောင်ရှီးကို သူမနှင့် မိတ်ဆက်ပေးလာသည်။ 


 


“ သူ့နာမည်က ထောင်ရှီး…ကျွန်တော့်ရဲ့ ထိုင်ခုံဖော်…”


 


ထောင်ရှီးက သူ့ရှေ့မှ အရပ်ရှည်ရှည်၊ ဆံပင်တိုတိုနှင့် အမျိုးသမီးကိုကြည့်ကာ သူမက လင်ချင်းဟယ်၏ မိခင်ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။ ထို့ကြောင့် သူက ရိုကျိုးစွာ နှုတ်ဆက်လိုက်သည်။


 


“မင်္ဂလာပါ အန်တီ…”


 


လော်ကျန်းယင်းမှာ သတိပြန်ဝင်လာပြီး ခပ်နွမ်းနွမ်း ပြုံးပြလိုက်သည်။


 


“မင်္ဂလာပါကွယ်။ ချင်းဟယ်နဲ့ လဲ့လဲ့က မင်းအကြောင်းတွေပြောတာ ကြားဖူးပါတယ်။ လဲ့လဲ့ကို လာကြည့်ပေးလို့ ကျေးဇူးပါ…”


 


ထောင်ရှီးက ယန်သောလဲ့ကို လာကြည့်သည်ဟု သူမထင်လိုက်သော်လည်း စိတ်ထဲ၌ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူမ၏အမြင်အရ ယန်သောလဲ့က ဤအတန်းဖော်ကောင်လေး ထောင်ရှီးကို သဘောမကျပေ။ 


 


ထောင်ရှီးက ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်နေချိန်တွင် လင်ချင်းဟယ်က လော်ကျန်းယင်းကို လှမ်းပြောလိုက်သည်။


 


“အရင်ဆုံး လူနာခန်းကို သွားရအောင်…”


 


သူတို့သုံးယောက် လူနာခန်းသို့ရောက်ခါနီးတွင် ယန်သောလဲ့၏ ငိုသံနှင့် လူအိုစုံတွဲနှစ်ယောက်၏ နှစ်သိမ့်ပေးနေသောအသံကို ကြားလိုက်ရသည်။


 


ထောင်ရှီး၏ ခြေလှမ်းများ ပိုမိုလေးလံလာသည်။ အထဲမှ လူအိုစုံတွဲနှစ်ယောက်က သူ့အဖိုးအဖွားများဖြစ်လိမ့်မည်မှာ သေချာသည်။ 


 


လော်ကျန်းယင်းက စိုးရိမ်ပူပန်စွာ လူနာခန်းထဲသို့ အရင်ဆုံး ဝင်သွားသည်။ လူနာခန်း၏တံခါးဝသို့ မရောက်ခင်တွင် ထောင်ရှီးက လင်ချင်းဟယ်၏ အင်္ကျီလက်လေးကို ညင်သာစွာ လှမ်းဆွဲလိုက်သည်။


 


လင်ချင်းဟယ်က သူ့ကို လှည့်ကြည့်လာပြီး ဘာကိုဆိုလိုချင်ကြောင်း နားလည်သွားပုံရကာ ထောင်ရှီးကို ကော်ရစ်တာရှိ ခုံတန်းလျားဆီသို့ ခေါ်သွားပြီး နူးညံစွာ ပြောသည်။


 


“ ဒီမှာ ထိုင်ပြီး ငါ့ကို စောင့်နေနော်…”


 


ထောင်ရှီးက ခုံတန်းလျားတွင် ထိုင်လိုက်ပြီး တည်ငြိမ်သည့်ပုံစံဟန်ဆောင်၍ အဆင်ပြေကြောင်း ပြောလိုက်သည်။


 


ဤနေရာသို့ လာချင်သူမှာ သူသာဖြစ်သည်မို့ သူ့တွင် ဝမ်းနည်းပိုင်ခွင့် မရှိပါပေ။


 


သို့သော် ဝမ်းနည်းခြင်းနှင့် အချစ်ကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သူ မသိခဲ့။ 


 


လင်ချင်းဟယ်က ထောင်ရှီးကို ငုံ့ကြည့်လိုက်သည်။ ဤရှုထောင့်မှဆိုလျှင် ထောင်ရှီး၏ တုန်ယင်နေသည့် မျက်တောင်ရှည်ကြီးများကို မြင်နေရသည်။ 


 


သူက အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်လိုက်သည်။ သကြားလုံးမှာ ယနေ့ နေ့လယ် ဖန်းအိမ်သို့သွားလည်စဉ်က အိမ်နီးချင်းကလေးတစ်ဦးမှ ပေးခဲ့ခြင်းဖြစ်သည်။ လင်ချင်းဟယ်က ခုံပေါ်ထိုင်ချလိုက်ရင်း ထောင်ရှီး၏လက်ကိုဖြန့်ကာ သကြားလုံးလေးကို လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။ 


 


“ ဒီသကြားလုံးလေးကိုစားရင် ကလေးတွေကို ပျော်ရွှင်လာစေတယ်တဲ့…”


 


သကြားလုံးပေးခဲ့သည့် ကလေးမလေးက သူ့ကို ထိုသို့ပြောခဲ့ခြင်းဖြစ်၏။ 


 


ထောင်ရှီးက သူ့လက်ဖဝါးထဲမှ သကြားလုံးကိုတစ်လှည့် လင်ချင်းဟယ်ကို တစ်လှည့်ကြည့်ပြီးနောက် နှုတ်ခမ်းများပြုံးသွားကာ ပြောလိုက်သည်။


 


“ ဒါပေမဲ့ ငါက ကလေးမှ မဟုတ်တော့တာ…”


 


လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းများကို ကြည့်ရင်း တစ်ဒင်္ဂမျှတိတ်ဆိတ်သွားကာ ထောင်ရှီး မကြားနိုင်သောလေသံဖြင့် တစ်ကိုယ်တည်းပြောလိုက်သည်။


 


“ မင်းက ကလေးပဲ…”


 


ခဏအကြာတွင် လော်ကျန်းယင်းက ထွက်လာပြီး အမြန်လာခဲ့ရန် တိုက်တွန်းနေသဖြင့် လင်ချင်းဟယ်လည်း မတ်တပ်ထရပ်လိုက်ကာ လူနာခန်းထဲသို့ ဝင်သွားသည်။


 


ထောင်ရှီးက သကြားလုံးလေးကို ကြည့်ကာ လက်ဖဝါးထဲတွင် တင်းတင်းဆုပ်ထားလိုက်သည်။ 


 


သူက ဘာကို ဝမ်းနည်းနေစရာလိုလဲ…


 


သူ့မှာ ယန်သောလဲ့မပိုင်ဆိုင်သည့် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ရှိသည့်အတွက် အနာဂတ်တွင် ပိုက်ဆံအမြောက်အမြားရှာနိုင်လိမ့်မည်။ အလွန်ကြီးမားသော အိမ်ကြီးတစ်လုံးကိုလည်းဝယ်ကာ ကမ္ဘာအနှံ့လျှောက်သွားပစ်မည်။ ပြီးလျှင် အလွန်ကောင်းမွန်သော ဘဝတစ်ခုကိုလည်း ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ 


 


သူ၏ ကောင်းမွန်သောဘဝထဲတွင် လင်ချင်းဟယ်တစ်ယောက်ကို ပျောက်ဆုံးနေရုံလေးသာ။ 


 


သို့ဖြစ်သည့်တိုင် သူ လူနာခန်း၏တံခါးဝသို့ စိတ်မထိန်းနိုင်စွာ လျှောက်သွားမိပြီး တံခါးတစ်ဖက်ခြမ်းရှိ မီးမှိန်မှိန်လင်းနေသော အခန်းအတွင်းပိုင်းသို့ လှမ်းကြည့်လိုက်ရာ သူဖြစ်သင့်ခဲ့သော ထိုလူက မည်ကဲ့သို့ ကြီးပြင်းလာခဲ့ရသလဲကို မျက်ဝါးထင်ထင် မြင်လိုက်ရလေသည်။ 


 


လော်ကျန်းယင်းက ဆရာဝန်နှင့် သူနာပြုများကို တောင်းပန်နေပြီး မျက်ရည်များသုတ်နေသည့် ယန်သောလဲ့၏အဖွားဖြစ်သူ ယဲ့ယွီရုန်ကို တစ်ရှူးတစ်ရွက် ကမ်းပေးနေသည်။


 


အဖိုးဖြစ်သူ ဖန်းကျူချင်းကမူ ထိုင်ခုံတစ်ခုံတွင်ထိုင်ကာ အသံတိတ်နေပြီး မျက်လုံးများက နီရဲနေသည်။ ဘဝတစ်လျှောက်လုံး ကြံ့ခိုင်သန်မာခဲ့သည့် ပါမောက္ခအိုကြီးမှာ ဤမြေးငယ်လေး မည်မျှပင် ဆိုးသွမ်းနေပါစေ ချစ်သည့်စိတ်ဖြင့်  ကြမ်းကြမ်းတမ်းတမ်းစကားတစ်ခွန်းတောင် မပြောခဲ့ဖူးပါချေ။


 


ထောင်ရှီးက မျက်ရည်များကျကာ မျက်နှာနီရဲနေသည့် အဖိုးနှင့်အဖွားနှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။


 


ဤအဖိုးနှင့်အဖွားမှာ သူ့အမေဘက်မှ အဖိုးအဖွားများ ဖြစ်လိမ့်မည်ဟု သူထင်သည်။


 


မိဘဆွေမျိုးများက ကလေးကိုသနားကြသည့်အခါ သူတို့ပါ ထပ်တူနာကျင်ရပြီး လိုက်ငိုတတ်ကြသည်ထင်၏။


 


ခဏကြာသော် လင်ချင်းဟယ်က ယန်သောလဲ့၏ကုတင်နားသို့ လျှောက်သွား၍ မေးလိုက်သည်ကို မြင်လိုက်ရသည်။


 


“မင်း ဘာလို့ ဆရာဝန်နဲ့ မပူးပေါင်းတာလဲ…” စကားသံမှာ လေးနက်သော်လည်း နူးညံ့ပျော့ပြောင်းနေသည်။


 


ယန်သောလဲ့၏ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်ရည်များစီးကျနေ၏။ ယခင်က ဤခွဲစိတ်မှုမျိုးကို ခံစားခဲ့ဖူးသဖြင့် မည်မျှနာကျင်ရသည်ကို သိနေသည့်တိုင် လင်ချင်းဟယ်၏စကားကို သူမလွန်ဆန်ရဲပေ။ သူက စိတ်အားငယ်စွာ ပြောလိုက်သည်။


 


“ ချင်းဟယ်ကော…ငါ အရမ်းနာတယ်…ငါဆက်ပြီး အသက်မရှင်နိုင်တော့ဘူး။ ဒီလိုဘဝမျိုးနဲ့နေရတာ အရမ်းကို နာကျင်ရတယ်…”


 


ထိုစကားကိုကြားသော် လော်ကျန်းယင်းက ယန်သောလဲ့ကို စောင်းငဲ့ကြည့်လိုက်သည်။ မျက်လုံးများနီရဲနေသည့် ယဲ့ယွီရုန်က မျက်နှာကိုအုပ်၍ ငိုချလိုက်ရာ ဖန်းကျူချင်းက သူ့ဇနီးသည်ကို ပွေ့ဖက်ထားလိုက်သည်။


 


လင်ချင်းဟယ်၏ အသံက ပို၍လေးနက်လာ၏။ 


 


“လဲ့လဲ့၊ ဒီလိုစကားမျိုး မပြောပါနဲ့။ မင်းချစ်တဲ့သူတွေကို မင်းကြောင့် စိတ်မကောင်းဖြစ်အောင် မလုပ်နဲ့…”


 


ယန်သောလဲ့က ဒေါသတကြီးဖြင့် သူ့ပါးစပ်ကို ပိတ်ထားလိုက်ပြီး စကားမပြောတော့ဘဲ မျက်လုံးထောင့်မှ မျက်ရည်များသာ စီးကျလာသည်။


 


လင်ချင်းဟယ်က ယန်သောလဲ့၏ညာလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ထိုလက်၏ လက်ကောက်ဝတ်ပေါ်တွင် ထင်ရှားသော မွေးရာပါ အနီရောင်အမှတ်တစ်ခုရှိနေပြီး ရွှေရောင်ပုတီးစေ့များဖြင့် ကျစ်ထားသည့် အနီရောင်အဆောင်ကြိုးလေးကို ဝတ်ဆင်ထားသည်။


 


ငယ်စဉ်က ယန်သောလဲ့ ဆေးမသောက်ချင်လျှင် လင်ချင်းဟယ်က ဤကဲ့သို့ သူ့လက်ကိုကိုင်၍ ဖျောင်းဖျလေ့ရှိသည်။


 


ထို့အတူ ဤအနီရောင်အဆောင်လက်ပတ်လေးမှာ ယန်သောလဲ့အတွက် ဖန်းဆွေ့ နောက်ဆုံးချန်ရစ်ခဲ့သည့် လက်ဆောင်လည်း ဖြစ်သည်။


 


လင်ချင်းဟယ်က နူးညံ့သောလေသံဖြင့် ယန်သောလဲ့ကို ဖြည်းညင်းစွာ ပြောလိုက်သည်။


 


“ မင်း မေမေပေးခဲ့တဲ့ ဆယ့်ရှစ်နှစ်မှဖွင့်ဖတ်ရမယ့် စာလေးကို မှတ်မိသေးလား…။ မင်း စာကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သန်မာပြီး စိတ်နှလုံးကောင်းရှိတဲ့ လူကြီးလူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ မင်းမေမေက မျှော်လင့်ထားမယ်ထင်တယ်…”


 


လော်ကျန်းယင်းမှာ စိတ်မထိန်းနိုင်တော့ဘဲ မျက်ရည်များ စီးကျလာသည်။


 


ယန်သောလဲ့က တိတ်ဆိတ်သွား၏။ ဆွေမျိုးများအရှေ့တွင် သူက ကလန်ကဆန်လုပ်လေ့ရှိသည်မှန်သော်လည်း သူ့အတွက် အသက်ကိုပင် စတေးကာ မွေးဖွားပေးခဲ့သော သူ့အမေကိုတော့ ဖီဆန်နိုင်ခြင်းမရှိပါချေ။ 


 


သူက နောက်ဆုံးတွင် ဆရာဝန်နှင့် ပူးပေါင်းရန် သဘောတူလိုက်သည်။


 


ခဏအကြာတွင် ဆရာဝန်နှင့် သူနာပြုများက ယန်သောလဲ့ကို ဆေးပစ္စည်းကိရိယာများဖြင့် ပိုက်သွင်းကြရာ  ယန်သောလဲ့မှာ နာကျင်လွန်းသဖြင့် အော်ဟစ်နေရသည်။ လင်ချင်းဟယ်က သူ့လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ပေးထားပြီး ဘေးမှ လော်ကျန်းယင်းက မျက်ရည်များသုတ်နေသည်။


 


ထောင်ရှီးက လူနာခန်းတံခါးမှ လှည့်ထွက်လာခဲ့ပြီး ခုံတန်းလျား၌ ပြန်ထိုင်လိုက်သည်။


 


သူ့လက်ထဲ၌ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် သကြားလုံးစက္ကူလေးကို ဆုတ်ဖြဲလိုက်ပြီး ပါးစပ်ထဲသို့ထည့်ကာ ခက်ခက်ခဲခဲ ဝါးစားလိုက်သည်။


 


သကြားလုံးက အလွန်ချိုမြိန်သော မက်မွန်သီးအရသာ ရှိသော်လည်း မည်သည့်အရသာကိုမှ သူ မခံစားရပေ။


 


လင်ချင်းဟယ်၏စကားက မှားကောင်းမှားနေတာဖြစ်မည်။ 


 


ဤသကြားလုံးကို စားပြီးသည့်တိုင်အောင် ပျော်ရွှင်မှုကို မခံစားရပေ။ 


 


လုံးဝမပျော်ရွှင်လာပါပေ။


 


သူ သကြားလုံးကို မြန်မြန် ဝါးစားလိုက်သည်။ ချန်ထင်က ထမင်းဘူးတစ်ဘူးကို ကိုင်၍ သူ့နားသို့ရောက်လာပြီး မေးသည်။ 


 


“ ဒီနားက စားသောက်ဆိုင်ကနေပဲ ဝယ်ခဲ့လိုက်တယ်။ မင်း ကြိုက်ပါ့မလားတော့ မသိဘူး…”


 


ထောင်ရှီး သူ့ကို ကျေးဇူးတင်စကားပြော၍ ထမင်းဘူးကို လှမ်းယူလိုက်သည်။


 


ထို့နောက် ထမင်းဘူးကို ဖွင့်လိုက်ပြီး ခေါင်းငုံ့ကာ ရက်ပေါင်းများစွာ အစာရေစာ ငတ်ပြတ်နေသူပမာ ထမင်းကို လောကြီးစွာ စားတော့သည်။


 


ဤနည်းဖြင့်သာ လူနာခန်းထဲသို့ မဝင်သွားမိစေရန်နှင့် ထိုလူများကို အော်ဟစ်၍ အမှန်အတိုင်း မပြောမိစေရန် မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်။


 


ဖန်းဆွေ့ရဲ့သားက ကျွန်တော်ပါ။ 


 


အားလုံး ကျွန်တော့်ကို ချစ်သင့်တယ်။


 


ကျွန်တော်လည်းပဲ ဝမ်းနည်းရတယ်။ နှလုံးသားက နာကျင်တတ်တယ်။ ပြီးတော့ နာကျင်ဝမ်းနည်းမှုတွေနဲ့ ဘဝကို ဖြတ်သန်းနေရတယ်။


 


ကျွန်တော့်ကိုကျ ဘာဖြစ်လို့ ဂရုမစိုက်ကြတာလဲ…


 


ကျွန်တော့်ရဲ့ နာကျင်ဝမ်းနည်းမှုတွေအတွက်ကျတော့ ဘာဖြစ်လို့ မျက်ရည်ကျပေးမယ့်လူ တစ်ယောက်လေးတောင် မရှိရတာလဲ…


 


ထမင်းစားပြီးသည့်အခါ သူ နည်းနည်းပျို့အန်ချင်သလို ဖြစ်လာသည်။ အန်ချင်စိတ်ပျောက်အောင် သူ့အိတ်ကပ်ထဲမှ ရေဘူးကိုထုတ်၍ ခေါင်းမော့ကာ ပါးစပ်နှင့်အပြည့် ရေနှစ်ငုံ၊ သုံးငုံခန့် မော့သောက်လိုက်သည်။


 


ထောင်ရှီး ရေဘူးကို ပြန်ချလိုက်ချိန်တွင် သူ့ရှေ့၌ ခြေတံရှည်တစ်စုံ လာရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုခြေတံရှည်များက ကွေးညွှတ်ကာ ထိုင်ချလိုက်သည်။ လင်ချင်းဟယ်က သူ့အရှေ့တွင် ဒူးကွေးထိုင်ချလိုက်ခြင်းဖြစ်ပြီး သူ့ကို မော့ကြည့်နေသည်။ 


 


သူ့အတွက် လင်ချင်းဟယ်ကို ယခုလိုငုံ့ကြည့်နိုင်သည့် အခွင့်အရေးက မရှိသလောက် ရှားသည်။ ကော်ရစ်တာရှိ မီးရောင်က လင်ချင်းဟယ်၏ မျက်နှာပေါ်သို့ ဖြာကျနေသဖြင့် 


မျက်ခုံးရိုးအောက်မှအရိပ်များကို ပိုထင်းနေစေပြီး မျက်နှာကောက်ကြောင်းကို ပို၍နူးညံ့သိမ်မွေ့ပုံပေါ်စေသည်။ သူ့ကို မော့ကြည့်နေသော ထိုမျက်ဝန်းနက်နက်များက စိုးရိမ်ပူပန်မှုများ အထင်းသားဖြင့်။


 


လင်ချင်းဟယ်က လက်ကိုဆန့်၍ ထောင်ရှီး၏ နှုတ်ခမ်းတွင်ကပ်နေသော ထမင်းစေ့လေးကို ဖယ်ပေးလိုက်ပြီး အသံတိုးတိုးနှင့် မေးသည်။


 


“ ထောင်ရှီး ၊ ဘာဖြစ်နေတာလဲ…”


 


ထောင်ရှီးမှာ ရေနစ်နေသည့် လူတစ်ယောက်က အသက်ကယ်သစ်သားတုံးကို ကြည့်နေသည့်အလား၊ အမှောင်ထဲတွင် တစ်ခုတည်းသောအလင်းရောင်လေးကို ကြည့်နေသည့်အလား လင်ချင်းဟယ်ကို ငေးစိုက်ကြည့်နေသည်။ 


 


ရုတ်တရက် သူက မေးလိုက်၏။  “လင်ချင်းဟယ်၊ တစ်နေ့မှာ ငါနေမကောင်းဖြစ်ပြီး အရမ်းနာကျင်ခံစားနေရရင်…မင်း ငါ့ကို လာကြည့်မှာလား…”


 


လင်ချင်းဟယ်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြန်မေးသည်။ 


 


“ဘာလို့ ဒီလိုမေးခွန်းမျိုး မေးတာလဲ…”


 


ထောင်ရှီးက သံသယစိတ်လွန်ကဲစွာဖြင့်သာ ထပ်မေးလိုက်သည်။ 


 


“အဲ့လိုဆို မင်း ငါ့ကို လာတွေ့မှာလား…”


 


လင်ချင်းဟယ်က ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ 


 


“ မင်း နေမကောင်းမဖြစ်ရပါဘူး…”


 


သူ့ဘဝတစ်လျှောက်လုံး ရောဂါဘယကင်းစင်ပြီး ဘေးဥပါဒ်ကင်းဝေးကာ ကောင်းချီးများစွာနှင့် ပျော်ရွှင်ရမည်မှာ သေချာနေသကဲ့သို့ သူ့လေသံမှာ ခိုင်မာပြီး ရိုးစင်းနေလှသည်။ 


 


ထောင်ရှီး၏နှလုံးသားက တဆစ်ဆစ်နာကျင်လာသည်။ သူ ပြုံးကာ ပြောလိုက်သည်။  


 


“လင်ချင်းဟယ်… ငါ ပြန်ချင်ပြီ…”


 


လင်ချင်းဟယ်က မတ်တပ်ထရပ်သည်။ 


 


“ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်…”


 


“မင်း ဒီမှာ သူနဲ့အတူနေပေးဖို့ မလိုဘူးလား…” ထောင်ရှီးက ထိုင်ရာမှမထဘဲ သူ့ကိုယ်သူ ညှင်းပန်းနှိပ်စက်သည့်မေးခွန်းကို ထပ်မေးလိုက်ပြန်သည်။


 


လင်ချင်းဟယ်က ခပ်ပြတ်ပြတ်ပင် ပြောလာသည်။ 


 


“ သူနဲ့နေပေးမယ့် အမျိုးတွေရှိနေတာပဲလေ…”


 


သူက ထောင်ရှီး၏လက်ကို ကောက်ကိုင်ကာ ခုံပေါ်မှ ထူမလိုက်ပြီး ခပ်တိုးတိုး ပြောသည်။


 


“ ဒါပေမဲ့ မင်းမှာတော့ လောလောဆယ် ငါ တစ်ယောက်တည်း ရှိနေတဲ့ပုံပဲ…”


 


ထောင်ရှီးက ရင်ထဲတင်းကြပ်သွားပြီး မျက်ရည်များပင်ကျလုမတတ်ဖြစ်သွားသည်။ ဤအခိုက်အတန့်တွင် သူ လင်ချင်းဟယ်ကို အလွန်ပင် မေးလိုက်ချင်မိသည်။


 


မင်းရော ငါ့ကို နည်းနည်းလောက်ဖြစ်ဖြစ် သဘောကျနေလား…


 


သို့သော် အဆုံး၌ သူ့တွင် သတ္တိမရှိခဲ့ပါချေ။


 


သူတစ်ယောက်တည်း အထင်မှားနေခြင်းမျိုး ဖြစ်နေမည်ကို အလွန်ကြောက်မိသည်။


 


တစ်ခါမေးပြီးသည်နှင့် နောက်ကြောင်းပြန်လှည့်လို့ရနိုင်တော့မည် မဟုတ်ချေ။


 


လင်ချင်းဟယ်က ထောင်ရှီး၏ ကျောင်းလွယ်အိတ်ကိုသယ်၍ လင်မိသားစုပိုင် ကားဆီသို့ ခေါ်သွားသည်။ ချန်ထင်က ဝမ်းဟွာ အ.ထ.က (၁) ကျောင်းဆီသို့ ဦးတည်ကာ ကားကိုမောင်းနှင်သည်။


 


ကားထဲတွင် ထောင်ရှီးက ပြတင်းပေါက်အပြင်မှ လျင်မြန်စွာ ဖြတ်ပြေးနေသော နီယွန်မီးရောင်များကို ငေးကြည့်နေသည်။ ထို့နောက် သူ့ဘေးတွင် အသံတိတ်နေသော လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။


 


လင်ချင်းဟယ်က သူ့အကြည့်ကို သတိထားမိဟန်ဖြင့် သူ့ကို ပြန်လှည့်ကြည့်လာသည်။ ရောင်စုံနီယွန်မီးရောင်များက သူ့မျက်လုံးများထဲတွင် လင်းတစ်လှည့်၊ မှောင်တစ်လှည့် အလင်းပြန်နေသည်။ 


 


ထောင်ရှီးက ပါးစပ်ဟကာ တစ်ခုခုပြောလိုက်ချင်သော်လည်း နောက်ဆုံးတွင် 


 


“ဒီနေ့တော့ မင်းအတွက် ကောမစ်ဆွဲပေးဖို့ အရမ်းနောက်ကျသွားပြီ…” ဟူသော စကားသာ ထွက်လာခဲ့သည်။ 


 


လင်ချင်းဟယ်က သူ့ကို “ကိစ္စမရှိပါဘူး” ဟု ပြန်ပြောလာသည်။ ထို့နောက် ခဏရပ်ပြီးမှ ဆက်ပြော၏။


 


“မနက်ဖြန်မှပဲ ငါ့ကို ပေးတော့…”


 


ထောင်ရှီးက ခေါင်းညိတ်ပြလိုက်ကာ ဘာမှပြန်မပြောဖြစ်။ 


 


သူ ပြတင်းပေါက်အပြင်မှ နီယွန်မီးရောင်များကို အကြည့်ပြန်ပို့ရင်း တောင်စဉ်ရေမရ တွေးနေမိသည်။ 


 


ဤလမ်းခရီးက ဒီထက်ပိုရှည်လျှင် ကောင်းမည်။ 


 


လင်ချင်းဟယ်၏ နံဘေးတွင် သူတစ်ယောက်တည်းသာ အမြဲတမ်းရှိနိုင်သည်အထိ ရှည်ကြာသင့်ပေသည်။


 


သို့သော်လည်း ညနေပိုင်း ရုံးဆင်းချိန်ပြီးလျှင် မြို့ထဲ၌ ကားသိပ်မကြပ်တော့ပေ။ ကားက ဝမ်းဟွာ အ.ထ.က (၁) ကျောင်း ဂိတ်ပေါက်ဝသို့ လျင်မြန်စွာပဲ ဆိုက်ရောက်သွားပြီး ထောင်ရှီးက လင်ချင်းဟယ်နှင့်အတူ ကားပေါ်မှ ဆင်းလိုက်သည်။


 


လင်ချင်းဟယ်က ထောင်ရှီး၏ ကျောင်းလွယ်အိတ်ကို ကိုင်ထားဆဲဖြစ်ပြီး သူ့အား အိပ်ဆောင်သို့ လိုက်ပို့ပေးသည်။ 


 


တနင်္ဂနွေနေ့ညဖြစ်သောကြောင့် ကျောင်းဝင်းအတွင်း၌ တိတ်ဆိတ်နေပြီး အောက်တိုဘာလ ညနေခင်း၏လေညှင်းတိုက်သံ ခပ်သဲ့သဲ့ကိုသာ ကြားနေရသည်။


 


ထောင်ရှီးက အိပ်ဆောင်၏ ပထမထပ်ဝင်ပေါက်ဝတွင် ရပ်လိုက်သည်။ မီးရောင်ဟူ၍ ခပ်မှိန်မှိန်ထွန်းထားသည့် မီးသီးလေးတစ်လုံးသာ ရှိနေသည်။ မှောင်ရိပ်ထဲတွင်ဆိုပါက သူက ယခင်ထက် ပိုသတ္တိရှိလာပုံပေါ်သည်။ သူ လင်ချင်းဟယ်ကို ပြောလိုက်သည်။ 


 


“ လင်ချင်းဟယ်၊ ငါ ဒီနေ့ ဝမ်းနည်းနေတယ်။ နှစ်ဝက်စာမေးပွဲအတွက်ဆုကို ငါ အခုကြိုတောင်းလို့ရမလား…”


 


သူ ထိပ်ဆုံးအယောက်ငါးဆယ်အတွင်း မဝင်သေးသည့်အပြင် ဝင်နိုင်မဝင်နိုင်ကိုလည်း သေချာတပ်အပ် မပြောနိုင်သေး။ 


 


သို့တိုင် ယနေ့ညတွင် လင်ချင်းဟယ်က သူ့အပေါ် အထူးတလည် လိုက်လျောနေပုံရကာ နူးညံ့စွာ ပြောလာသည်။ 


 


“ကောင်းပြီလေ။ မင်း ဘာလိုချင်လဲ…”


 


ထောင်ရှီးက ဘာမှပြန်မဖြေ။ ညအမှောင်ထဲတွင် သူက လင်ချင်းဟယ်ပေါ်သို့ မှီချလိုက်ပြီး ခြေဖျားထောက်၍ လင်းချင်းဟယ်၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ကာ သူ့မေးစေ့လေးကို ပုံခုံးပြင်ကျယ်ကြီးပေါ် တင်လိုက်ပြီး ခွေးပေါက်လေးတစ်ကောင်အလား ညင်သာစွာ တိုးဝှေ့လိုက်သည်။ 


 


လင်ချင်းဟယ်မှာ တောင့်တင်းသွားပြီး မသိစိတ်က တွန်းထုတ်ပစ်လိုက်ချင်သော်လည်း နောက်ဆုံးတွင် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။


 


ထောင်ရှီး၏ မျက်တောင်များမှာ တသိမ့်သိမ့်တုန်ယင်နေပြီး တိုးသိမ်စွာ ပြောသည်။


 


“ လင်ချင်းဟယ် ၊ ငါလည်း သန်မာပြီးတော့ စိတ်နှလုံးကောင်းရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်…”


 


ယန်သောလဲ့ကို မင်း ပြောခဲ့သလိုပေါ့။


 


သူက မကြာခင်ပင် လင်ချင်းဟယ်ကို အမြန်ပြန်လွှတ်ပေးလိုက်သည်။ မဟုတ်လျှင် သူ့နှလုံးခုန်သံများကို ကြားသွားမှာကြောက်မိသည်။ 


 


“ ရပြီ။ ငါ အခု ဝမ်းမနည်းတော့ပါဘူး။ ကျေးဇူးတင်ပါတယ်…”


 


ထောင်ရှီးက လင်ချင်းဟယ်ထံမှ သူ့ကျောင်းလွယ်အိတ်ကို လှမ်းယူလိုက်ပြီး အဆောင်ထဲသို့ ခပ်သုတ်သုတ်ပြေးဝင်သွားသည်။


 


လင်ချင်းဟယ်မှာ ကောရစ်တာရှိ အာရုံခံမီးလုံးများ တစ်လုံးပြီးတစ်လုံး မှိတ်သွားသည်အထိ နေရာတွင် မလှုပ်မယှက် မတ်တပ်ရပ်နေမိခဲ့သည်။ 


 


ထို့နောက် သူ ကျောင်းဂိတ်ပေါက်ဝကို ပြန်ထွက်လာခဲ့သည်။ 


 


နောက်အခါတွင် လင်ချင်းဟယ်သည် ထိုညကို အမြဲတမ်း အမှတ်ရနေခဲ့ပြီး အကယ်၍ အချိန်များသာ နောက်ပြန်ဆုတ်ခွင့်ရပါက ထိုညကို ပြန်သွားမည်။


 


သူ့ရင်ခွင်ထဲက လူကို သေချာပေါက် တင်းကြပ်စွာ ပြန်ဖက်ထားမည်။ 


 


ပြီးလျှင် သူ့ကို ပြောမည်။


 


မင်းက လူကြီးတစ်ယောက်ဖြစ်လာစရာမလိုပါဘူး။


 


မင်းက ဒီကမ္ဘာပေါ်မှာ ငါ့ရဲ့အချစ်ဆုံးကလေးလေး ဖြစ်ရင်ပဲ လုံလောက်ပါပြီ။ 


 


 


────────