အပိုင်း ၂၉
Viewers 9k

Chapter- 29


 


 


ထောင်ရှီးက စတုတ္ထထပ်ရှိ လူသူကင်းရှင်းနေသော အိပ်ခန်းသို့ အမြန်ဆုံးအရှိန်ဖြင့် ပြေးဝင်လာခဲ့သည်။ ပြီးသော် မီးခလုတ်များကို မဖွင့်သေးဘဲ လသာဆောင်သို့ထွက်ကာ ပြတင်းပေါက်ကိုဖွင့်၍ အောက်ထပ်ကို ငုံ့ကြည့်လိုက်သည်။


 


ကျောင်းပိတ်ရက်ညများတွင် ကျောင်းဝင်းအတွင်း၌ လမ်းမီးတိုင်အနည်းငယ်သာ ထွန်းထားတတ်သော်လည်း ကံကောင်းထောက်မ၍ ကျောင်းအဆောင်မှ ကျောင်းဂိတ်ပေါက်သို့သွားရာ လမ်းသွယ်လေးကိုတော့ အထင်းသားမြင်နိုင်နေသေးသည်။


 


ထောင်ရှီးက ပင့်သက်ရှိုက်ရင်း ခြေဖျားထောက်၍ ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ လင်ချင်းဟယ်ကို လိုက်ရှာကြည့်သည်။ သို့သော် အချိန်အတော်ကြာသည်အထိ ရှာလို့မတွေ့ချေ။


 


လင်ချင်းဟယ်က လမ်းလျှောက်တာအရမ်းမြန်နေလို့များလား…


 


ထောင်ရှီးမှာ စိတ်ဓာတ်ကျစွာဖြင့် ခဏကြာသည်အထိ ဆက်စောင့်နေရာ အဆုံးတွင် မီးရောင်ခပ်မှိန်မှိန်အောက်မှ ထွက်လာသော လင်ချင်းဟယ်၏ပုံရိပ်လေးကို မြင်လိုက်ရသည်။ 


 


လင်ချင်းဟယ်က အဘယ်ကြောင့် အောက်ထပ်တွင် အချိန်အကြာကြီး နေနေသလဲမသိ။ ယခင်ကလိုပင် လင်ချင်းဟယ်၏ကျောပြင်ကို သူ ငေးကြည့်လိုက်သည်။ မဟုတ်သေး ယခင်ကထက် ပို၍စူးနင့်စွာ ငေးကြည့်နေမိ၏။ 


 


သူ့အတွက် ဤကဲ့သို့ ငေးကြည့်ရသည်ကို ကျင့်သားရနေပြီဖြစ်ကာ စိတ်ချရသော ရှုထောင့်ကလည်း ဖြစ်နေသောကြောင့် လင်ချင်းဟယ် သူ့အား တွေ့သွားမည်ကို စိုးရိမ်နေစရာမလိုပေ။


 


လူသားများက လမင်းကြီးကို ငေးမျှော်ကြည့်ကြသလိုပင်။ လမင်းကြီးက သူတို့၏အကြည့်ကို ဂရုစိုက်စိုက်၊ မစိုက်စိုက် လူသားများက စိုးရိမ်စရာမလို။


 


သို့သော် လင်ချင်းဟယ်က ရုတ်တရက် ခြေလှမ်းရပ်သွားပြီး နောက်လှည့်ကာ ကျောင်းအိပ်ဆောင် အဆောက်အဦကြီးကို လှည့်ကြည့်သည်။


 


ဤအခိုက်တွင် ထောင်ရှီး၏နှလုံးသားက အလွန်အမင်း တင်းကြပ်သွားလေသည်။ 


 


လင်ချင်းဟယ်က သူ့ကို လှမ်းကြည့်နေတာလား…


 


ထိုအတွေးကြောင့် သူ စိတ်လှုပ်ရှားသွားပြီး ဆံပင်မွှေးများပါ ထောင်တက်သွားသလို ခံစားလိုက်ရသည်။ သူ ချက်ချင်း လက်မြှောက်ကာ လင်ချင်းဟယ်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ သို့သော် မီးမဖွင့်ရသေးသောကြောင့် လင်ချင်းဟယ်က သူ့ကို မြင်နိုင်မည်မဟုတ်မှန်း သတိရသွား၏။ 


 


ထောင်ရှီးမှာ လသာဆောင်ကမီးကို အလောတကြီး ပြေးဖွင့်လိုက်သော်လည်း သူ ပြတင်းပေါက်နားကို ပြန်ရောက်ချိန်၌ လင်ချင်းဟယ်က ရှေ့ပြန်လှည့်သွားပြီး ကျောင်းဂိတ်ပေါက်ဝသို့ ဆက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ 


 


သူ့မျက်နှာထက်တွင် ကြီးကြီးမားမား ဆုံးရှုံးလိုက်ရခြင်းများနှင့်အတူ စိတ်ပျက်အားလျော့ခြင်းများက ရုတ်ခြည်းဆိုသလို ဆထက်တိုး ဖြစ်တည်လာခဲ့သည်။ 


 


ထောင်ရှီးက အိတ်ထောင်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး အလျင်အမြန် လော့ခ်ဖြည်လိုက်ကာ လင်ချင်းဟယ်၏ဖုန်းနံပါတ်ကိုရှာ၍ အမြန်နှိပ်လိုက်သည်။ 


 


ဖုန်းချိတ်ဆက်နေသံ တတူတူကိုစောင့်ရင်း သူ လင်ချင်းဟယ်၏ပုံရိပ်လေးကို ရင်တလှပ်လှပ်ဖြင့် ကြည့်နေမိသည်။ ထိုစဉ် လင်ချင်းဟယ်က ခြေလှမ်းရပ်သွားပြီး ဖုန်းကိုငုံ့ကြည့်လိုက်သည့်ဟန် ခေါင်းငုံ့သွားသည်။ 


 


ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်သွားသည်။ 


 


လင်ချင်းဟယ်က ဘာစကားမှပြောမလာ။ ထို့အစား အလွန်တိုးညှင်းလှသော အသက်ရှူသံကိုသာ ကြားနေရသည်။ သူက နောက်ပြန်လှည့်ကာ အဆောင်ဘက်သို့ လှမ်းကြည့်သည်။


 


ထောင်ရှီးမှာ ဘာပြောရမှန်း မသိပေ။ ရုတ်တရက် ဆန္ဒပြင်းပြလာ၍သာ ဖုန်းခေါ်လိုက်မိခြင်းဖြစ်၏။


 


“ ထောင်ရှီး…”


 


လင်ချင်းဟယ်က သူ့နာမည်ကို ခပ်တိုးတိုးခေါ်လာပြီး သူ့အခန်းကို သိနေသည့်အလား သူရှိရာသို့ လှမ်းကြည့်လာသည်။ 


 


ထောင်ရှီးက ပါးစပ်ဟလိုက်ကာ လင်ချင်းဟယ်ကို ကြည့်ရင်း တစ်ခုခုပြောရန် သတ္တိမွေးလိုက်သည်။


 


“လင်ချင်းဟယ်၊ ငါ မင်းကို ကောင်းသောညပါလို့ ပြောချင်လို့…”


 


ငါ မင်းကို ကောင်းသောမနက်ခင်းပါ၊ ကောင်းသော နေ့လယ်ခင်းပါ၊ ကောင်းသောညပါဆိုပြီး နေ့တိုင်းနေတိုင်း ပြောချင်တယ်။


 


လင်ချင်းဟယ်က ရယ်လိုက်ပုံရပြီး ပြန်ပြောသည်။


 


“ပြောလေ…”


 


ထောင်ရှီးက ခဏရပ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။


 


“ လင်ချင်းဟယ်၊ ကောင်းသောညပါ …”


 


“ထောင်ရှီး၊ ကောင်းသောညပါ …”


 


လင်ချင်းဟယ်၏ အသံက အလွန်နူးညံ့သည်။ 


 


စင်စစ်တွင် ဤမြင်ကွင်းက အလွန်ထူးဆန်းနေ၏။ လူတစ်ယောက်က အပေါ်ထပ်တွင် ရှိနေချိန် ကျန်တစ်ယောက်က အောက်ထပ်၌ ရှိနေပြီး တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကာ အိပ်ရာဝင်ချိန် မဟုတ်သေးသည့်တိုင်အောင် ဖုန်းထဲမှနေ၍ ကောင်းသောညပါဟု အပြန်အလှန် နှုတ်ဆက်နေကြသည်။


 


ထောင်ရှီးမှာ စိတ်မထိန်းနိုင်စွာ ရယ်ချလိုက်ပြီး သူ့မျက်ဝန်းများထဲတွင် ကြယ်ပွင့်ကလေးများ တောက်ပသွားပြန်သည်။ ယနေ့ညတွင် အရာအားလုံး ပြေလည်နေသောကြောင့် စိုးရိမ်ပူပန်မှုမရှိ အေးချမ်းစွာ အိပ်စက်နိုင်တော့မည်။ 


 


“ ဒါပဲနော်။ မနက်ဖြန်မှ တွေ့မယ်…” 


ထောင်ရှီးက ပြောပြောပြီးချင်း ဖုန်းကို တန်းချလိုက်သည်။ ဒီထက်သာပိုကြာလျှင် ဖုန်းမချနိုင်တော့မှာ စိုးရသည်။ 


 


လင်ချင်းဟယ်က ဖုန်းချလိုက်ပြီး ရှေ့ပြန်လှည့်ကာ ကျောင်းဂိတ်ပေါက်သို့ ဆက်လျှောက်သွားသည်။ လင်ချင်းဟယ်၏ပုံရိပ်လေးပျောက်ကွယ်သွားသည့်အထိ သူ ရပ်ကြည့်နေပြီးမှ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူက ပုံမှန်အတိုင်း ရေမိုးချိုးပြီး လဲဝတ်ထားသည့် အဝတ်များကိုလျှော်ကာ ဝရန်တာ၌ ထုတ်လှန်းလိုက်သည်။ ထို့နောက် ထိုင်ခုံ၌ထိုင်၍ လေ့ကျင့်ရန်မေးခွန်းလွှာများကို စလုပ်တော့သည်။ 


 


သူ့နှလုံးသားက ကြုံတောင့်ကြုံခဲ တည်ငြိမ်နေသည်။ 


 


ယခုလေးတင် ရရှိထားသည့် ပွေ့ဖက်ခြင်းနှင့် ကောင်းသောညပါဟူသော နှုတ်ဆက်စကားမှ အဆုံးမရှိသော သတ္တိခွန်အားများ ရရှိလိုက်သည်ထင်၏။ ပွေ့ဖက်ခြင်းက တစ်ဖက်သက် ပွေ့ဖက်ခြင်းသာ ဖြစ်နသော်လည်း အဆင်ပြေ၏။


 


ရယ်စရာကောင်းသည့် သူ့ကံကြမ္မာကို မရှောင်လွှဲနိုင်စွာ ရင်ဆိုင်လိုက်ရချိန်တိုင်း လင်ချင်းဟယ်က သူ့ကို အမြဲတမ်းလိုလို အမှောင်မြစ်ကြီးထဲမှ ဆွဲထုတ်ပေးခဲ့သည်။ ထိုအခါမှသာ မြစ်ကြီးထဲတွင် ကြယ်ပွင့်များ၊ စိတ်ကူးအိပ်မက်များဖြင့် ပြည့်နှက်နေကြောင်း မြင်နိုင်ခဲ့သည်။


 


ယနေ့ည ဆေးရုံတွင် ကြုံခဲ့ရသမျှကို အိပ်မက်တစ်ခုဟု သူ သတ်မှတ်လိုက်မည်။ 


 


အိပ်မက်မှနိုးထလာချိန်တွင် ကောင်းမွန်သောဘဝတစ်ခုအတွက် ဆက်လက်ရုန်းကန်ကြိုးစားရမည်။ 


 


လင်ချင်းဟယ် ဟာ့နန်ဆေးရုံသို့ ပြန်ရောက်ချိန်၌ ယန်သောလဲ့က အိပ်ပျော်နေပြီဖြစ်ပြီး လူအိုနှစ်ယောက်သည်လည်း လော်ကျန်းယင်း၏ ချော့မော့ပြောဆိုမှုကြောင့် အနားယူရန် ပြန်သွားကြပြီ ဖြစ်သည်။ လော်ကျန်းယင်းတစ်ဦးတည်းသာ ကုတင်ဘေး၌ လူနာစောင့်လုပ်ပေးနေသည်။ 


 


လင်ချင်းဟယ် ဝင်လာသည်ကို သတိထားမိသော် လော်ကျန်းယင်းက တိုးတိုးနေရန် လက်ဟန်ခြေဟန်ပြလိုက်သည်။ သူမက ထလာပြီး ယန်သောလဲ့၏ ရင်ဘတ်ပေါ်တွင်  ချိတ်ထားသည့် ပုလင်းကို စစ်ဆေးကြည့်ကာ သူ့နဖူးလေးကို ချစ်ခင်စွာ ပွတ်သပ်လိုက်ပြီးနောက် လင်ချင်းဟယ်နှင့်အတူ လူနာခန်းထဲမှ ထွက်လာခဲ့သည်။


 


“ မင်း ဘယ်တွေသွားနေတာလဲ…။ လဲ့လဲ့က မင်းကို ရှာနေတာ…” 


 


လော်ကျန်းယင်းက တံခါးပိတ်လိုက်ပြီး ကော်ရစ်တာလမ်း၌ လင်ချင်းဟယ်ကို မေးလိုက်သည်။


 


လင်ချင်းဟယ်က လော်ကျန်းယင်း၏ နီရဲနေသော မျက်လုံးများကို ကြည့်ကာ တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။ 


 


“ ထောင်ရှီးကို ကျောင်းပြန်လိုက်ပို့နေတာ…”


 


ထိုအခါမှသာ ထောင်ရှီးဟုခေါ်သော ကျောင်းသားလေးက မထင်မှတ်ဘဲ ရောက်လာပြီး မထင်မှတ်ဘဲ ပြန်သွားသည်ကို လော်ကျန်းယင်း သတိထားမိတော့သည်။ သူမ၏စိတ်ထဲတွင် အံ့ဩသွားသဖြင့် မေးလိုက်သည်။ 


 


“ ရှောင်ချန် သူ့ကို ပြန်လိုက်ပို့လည်း ရတာပဲကို။ မင်းက ဘာလို့ လိုက်သွားတာလဲ…”


 


လင်ချင်းဟယ်က သူမ၏မေးခွန်းကို ပြန်မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။


 


“ အမေလည်း စောစောနားသင့်ပြီ။ မနက်ဖြန် ဖျော်ဖြေပွဲ ရှိသေးတယ်မဟုတ်လား…”


 


လော်ကျန်းယင်းက ခေါင်းခါလိုက်ပြီး လက်ကိုမြှောက်၍  မျက်ခုံးရိုးများကို ပွတ်သပ်လိုက်သည်။ တစ်ညလုံး စိုးရိမ်သောကရောက်ခဲ့ရသောကြောင့် သူမမှာ အမှန်တကယ် ပင်ပန်းနေပြီဖြစ်ရာ သူမသားလေးကို ရင်ဖွင့်မိသည်။


 


“ အမေ စိတ်မချနိုင်ဘူး။ လဲ့လဲ့ ဖျားတဲ့အချိန်တိုင်း အမေလေ အားဆွေ့ကို အမြဲတမ်း သတိရမိတယ်။ အဲ့ဒီအချိန်တုန်းက အမေသာ တခြားဘာကိစ္စကိုမှ ဂရုမစိုက်ဘဲ သူ့ကို တားနိုင်ခဲ့မယ်ဆိုရင်…သူ့ကို ဒီလောက်အဝေးကြီးကို မသွားခိုင်းခဲ့ဘူးဆိုရင်… သူ ဒီလိုမျိုး…”


 


လော်ကျန်းယင်းမှာ စကားပြောနေရင်း ဆို့နင်လာပြီး တစ်ညလုံး စိတ်တင်းထားခဲ့သမျှ အဆုံး၌ ပြိုလဲသွားခဲ့သည်။ 


 


လင်ချင်းဟယ်က သူ့အမေကို တစ်ရှူးတစ်ရွက် ကမ်းပေးလိုက်သည်။ သူက လူသူကင်းမဲ့နေသော ခုံတန်းလျားကို အကြည့်ပို့ရင်း တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် စကားဆိုလိုက်သည်။ 


 


“ အချိန်တွေလည်း အတော်ကြာခဲ့ပြီ။ ပြီးတော့ အန်တီဖန်းကလည်း အမေ့ကို အမြဲတမ်း အပြစ်ရှိတယ်လို့ ခံစားစေချင်မှာ မဟုတ်ဘူး။ သူ အမေ့ကို အပြစ်မတင်လောက်ပါဘူး…”


 


လော်ကျန်းယင်းက မျက်ရည်စများကို တစ်ရှူးဖြင့် သုတ်လိုက်သည်။ အမှန်တကယ်တွင် သူမက လင်ချင်းဟယ်ရှေ့၌ ဖန်းဆွေ့အကြောင်းကို ပြောလေ့ပြောထမရှိပေ။ သူမ၏သားက ဖန်းဆွေ့ကို သဘောမကျမှန်းသိသည့်တိုင် ယနေ့ညတွင်မူ ဘာကြောင့်မှန်းမသိ သူမ လျစ်လျူရှုထားမိခဲ့သည့် တစ်စုံတစ်ခုကို ရှေးပြေးနိမိတ်အဖြစ် မြင်လိုက်ရသည့်အလား အနည်းငယ်စိုးရိမ်ကာ တုန်လှုပ်နေမိသည်။ 


 


“ ချင်းဟယ် ၊ မင်းစိတ်ထဲမှာ အမေ့ကို နားမလည်နိုင်ဖြစ်နေမယ်ဆိုတာ အမေသိပါတယ်။ ပြီးတော့ အတိတ်ကို မစွန့်လွှတ်နိုင်သေးလို့ အမေ့ကို အပြစ်တင်လို့လည်း ရတယ်။ မင်း အရွယ်ရောက်လာပြီး ဘဝရဲ့အရေးပါဆုံးလူကို တွေ့တဲ့အခါမှ အမေ့ခံစားချက်တွေကို မင်း တဖြည်းဖြည်းနဲ့ နားလည်လာလိမ့်မယ်။ ဒါပေမဲ့ မင်းကို အမေ့လို ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့တော့ မျှော်လင့်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတ္တိနည်းခြင်းနဲ့ တွန့်ဆုတ်ခြင်းတွေက မင်းကို တစ်သက်တာနောင်တရအောင် လုပ်နိုင်လို့ပဲ…”


 


လင်ချင်းဟယ်က စကားတစ်ခွန်းမှ မဆိုဖြစ်ပေ။ မိခင်ဖြစ်သူက ဖန်းဆွေ့နှင့် ပတ်သက်၍ သူမ၏ခံစားချက်များကို အရိုးသားဆုံးဝန်ခံလာသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်သည်။ လွန်ခဲ့သောအချိန်များက သူ လော်ကျန်းယင်းကို အမှန်တကယ် အပြစ်တင်ခဲ့ပြီး သေဆုံးသွားပြီဖြစ်သော အမျိုးသမီးအပေါ် အမုန်းတရားများလည်း တိုးပွားလာခဲ့သည်။


 


ငယ်စဉ်ကတည်းက ဖန်းဆွေ့၏ အရိပ်အောက်၌ သူ နေခဲ့ရသည်။ အိမ်၏နေရာတိုင်းတွင်လည်း ဖန်းဆွေ့အရိပ်အယောင်များ အပြည့်ရှိနေခဲ့ပြီး သူ၏ကိုယ်ပိုင်နာမည်ကပင် ဖန်းဆွေ့၏အမှတ်တရများကို အရင်းခံ၍ မှည့်ထားခြင်းဖြစ်သည်။ 


 


လော်ကျန်းယင်း၏ ယန်သောလဲ့အပေါ် အလွန်အမင်း မျက်နှာသာပေးမှုက သူ့အတွက် မတရားသော်လည်း သူ့အဖေကဲ့သို့ပင် သူက စိတ်ခံစားချက်အများစုကို ထုတ်ပြတတ်ခြင်းမရှိခဲ့ပေ။ သူက မွေးကတည်းက ရင့်ကျက်ပြီး တသီးတသန့်နေတတ်ကာ မည်သည့်အရာကိုမှ အရေးမစိုက်တတ်ဟု လူတိုင်းက ထင်မှတ်နေကြသည်။ 


 


သို့သော် ဟိုးယခင်က သူသည်လည်း အိမ်အတွက် မျှော်လင့်ချက်များရှိခဲ့ပြီး သူ့အိမ်ကို သာမန်မိသားစုများကဲ့သို့ပင် ပျော်ရွှင်ဖွယ်ကောင်းရန် မျှော်လင့်ခဲ့ဖူးသည်။ သူ့မိဘများကို သူတစ်ယောက်တည်း၌သာ အပြည့်အဝအာရုံစိုက်ပြီး မေတ္တာများပေးစေချင်ခဲ့သည်။ 


 


နောက်ပိုင်းတွင်တော့ သူ တဖြည်းဖြည်း လက်လျှော့လိုက်သည်။ မည်သို့ပင်ဆိုစေ ယန်သောလဲ့ကြောင့်သာ မဟုတ်လျှင် လော်ကျန်းယင်းက စိတ်ကျရောဂါမှ ရုန်းထွက်နိုင်ဦးမည် မဟုတ်သလို သူ့သည်လည်း သူ့အမေနှင့်တွေ့ခွင့်ရခဲ့မည် မဟုတ်ချေ။ 


 


အခြားဆွေမျိုးသားချင်းများ သူ့အပေါ် ကောင်းကောင်းဆက်ဆံပေးရန်သာ မျှော်လင့်မိပြီး အခြားမည်သည့်အရာကိုမှ တောင်းဆိုလိုခြင်း မရှိတော့။ 


 


လင်ချင်းဟယ်က လော်ကျန်းယင်း၏ လက်ကိုဆုပ်ကိုင်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 


 


“ ကျွန်တော် အမေ့ကို အပြစ်မတင်ပါဘူး။ အမေ့ကို ပိုပျော်ရွှင်ဖို့ပဲ မျှော်လင့်တာပါ။ ပြီးတော့ အဖေ့ရဲ့ဆန္ဒကလည်း ဒီလိုပဲ ဖြစ်မယ်ထင်ပါတယ်…”


 


လော်ကျန်းယင်းက အနည်းငယ် အံ့အားသင့်သွားပြီး ပြုံးကာ မေးလိုက်သည်။ 


 


“ ဒါနဲ့ မင်းအဖေကို မတွေ့တာ ကြာပြီ။ သူ ဘယ်လိုနေလဲ…” 


 


လင်ချင်းဟယ်က တစ်ခုခုပြောလိုက်ချင်သော်လည်း နှုတ်ကမထွက်လာ။ အဆုံး၌မူ သူ မအောင့်အည်းနိုင်စွာ ပြောလိုက်တော့သည်။ 


 


“ အဖေက နေကောင်းပါတယ်။ ပြီးတော့ အဖေက အမေ့ကို အမြဲတမ်းစိတ်ပူနေတာ…”


 


လော်ကျန်းယင်းက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ သူမအတွက် လင်ကျဲရှစ် လုပ်ပေးခဲ့သည်များကို လျစ်လျူရှုနေခဲ့ခြင်းတော့ မဟုတ်ပေ။ သူမက လင်ကျဲရှစ်ကို ကွာရှင်းခွင့်တောင်းခဲ့ဖူးသော်လည်း လင်ကျဲရှစ်က လုံးဝသဘောမတူခဲ့။ နောက်ပိုင်းတွင် သူမ အနှောင့်အယှက် ဖြစ်မည်စိုး၍ထင်၏၊ လင်ကျဲရှစ်မှာ သူမရှေ့တွင် လုံးဝမပေါ်လာလုနီးပါး ကိုယ်ရောင်ဖျောက်နေခဲ့သည်။


 


သူမက ဤအကြောင်းကို ဆက်မပြောဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။


 


“ ထောင်ရှီးလို့ ခေါ်တဲ့ အတန်းဖော်လေးက အားဆွေ့နဲ့တောင် ခပ်ဆင်ဆင်တူနေတယ်။ ဒီသူငယ်ချင်းလေးကို မင်းတော်တော်သဘောကျနေပုံရတယ်…”


 


လင်ချင်းဟယ်က မျက်မှောင်ကြုတ်သွားပြီး ဩရှရှအသံဖြင့် ပြောလိုက်သည်။


 


“ သူက ဘယ်သူ့နဲ့မှ မတူဘူး…”


 


သူ့အသံမှာ လေးနက်သော်လည်း ထိုစကား၏ ဒုတိယစာကြောင်းကိုတော့ မငြင်းခဲ့ပေ။ လော်ကျန်းယင်းက  စကားလွန်သွားမှန်း သတိပြုမိလိုက်သဖြင့် ပြုံးကာပြောလိုက်သည်။ 


 


“ မင်း ဒီသူငယ်ချင်းကို သဘောကျတယ်ဆိုရင် နောက်ဆို သူ့ကို အိမ်ခေါ်လာပြီး အိမ်မှာ ကစားကြပေါ့…”


 


လင်ချင်းဟယ်က မျက်ခုံးများပြေလျော့သွားကာ “အင်း” ဟု ပြန်တုံ့ပြန်လိုက်သည်။


 


Chapter 29-2


ထိုညက ထောင်ရှီးအတွက် ကောင်းသောညတစ်ခုတော့ မဟုတ်ခဲ့ပေ။ သူ့ခန္ဓာကိုယ်က ဆေးရုံရှိ ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အေးစက်သော ဝါယာကြိုးများဖြင့် အချည်ခံထားရသည်ဟု တစ်ညလုံး အိပ်မက်မက်ခဲ့သည်။ သူ့အဖိုးအဖွားများက သူ့ကို မျက်ရည်များသုတ်ပေးနေပြီး “ မြေးလေး” ဟု တဖွဖွ ခေါ်နေကြသည်။ လင်ချင်းဟယ်ကလည်း ချော့မော့နေသည့်အလား သူ့လက်ကို ဆုပ်ကိုင်ထားသည်။


 


အိပ်မက်ထဲတွင် အချိန်အတော်ကြာအောင် ရုန်းကန်လိုက်ပြီးမှ အဆုံးတွင် သူ့ကို “လဲ့လဲ့” ဟု ခေါ်လိုက်သော လင်ချင်းဟယ်၏အသံကို ကြားလိုက်ရသည်။


 


ထောင်ရှီးက ထိတ်လန့်တကြား နိုးလာခဲ့သည်။ အိပ်မက်ထဲတွင်ဖြစ်သော်ငြား ပြွန်ပိုက်ဖြင့် ထိုးထည့်ခံရစဉ်နာကျင်မှု ယခုထိတိုင် ခံစားနေရဆဲပင်။


 


ထိုအခိုက်တွင် ထောင်ရှီးမှာ ရုတ်တရက်ကြီး ယန်သောလဲ့ကို မနာလိုမဖြစ်မိတော့ပေ။


 


နှစ်ဝက်စာမေးပွဲနီးကပ်လာပြီ ဖြစ်သောကြောင့် စာသင်ခန်းတွင်းရှိ အနေအထားမှာ တဖြည်းဖြည်း ပိုမိုဖိအားများလာသည်။ ပိချန်ဖေးသည်ပင် နေ့လယ်ပိုင်း၌ ဘတ်စကတ်ဘော သွားမကစားတော့ဘဲ စာသင်ခန်းထဲ၌သာ နေနေခဲ့သည်။ 


 


လင်ချင်းဟယ်၏ ခြေထောက်များကို တွယ်ဖက်ထားရသည်က ဗုဒ္ဓဘုရား၏ ခြေတော်ရင်းတွင် ဝပ်တွားရသည်ထက်ပင် ပိုကောင်းလိမ့်မည်မှန်း ထောင်ရှီးသိနေသည့်အတွက် နေ့စဉ်နေ့တိုင်း ဆန်းဆန်းပြားပြား နည်းလမ်းမျိုးစုံဖြင့် လင်ချင်းဟယ်ကို စကားသွားပြောသည်။ ဆေးရုံတွင် တွေ့ခဲ့သည့်နေ့မှစ၍ လင်ချင်းဟယ်က သူ့အပေါ်ကို ပိုပြီးလိုလိုလားလား ဆက်ဆံလာကြောင်း တဖြည်းဖြည်း သတိထားမိခဲ့သည်။ 


 


စကားပြောပုံက နုံချာနေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ သူမေးသမျှ မေးခွန်းတိုင်းကို ပြန်ဖြေပေးသည်။ 


 


ဤအချက်က သူ့အား ရှေ့ဆက်တိုးစေခဲ့သည်။ ညသန်းခေါင်အချိန်တွင်တောင်မှ သူက စောင်ပုံထဲဝင်ပြီး လင်ချင်းဟယ်ကို မေးခွန်းပုစ္ဆာများ မေးတတ်သည်။ လင်ချင်းဟယ်ကလည်း ဉာဏ်ရည်ထက်မြက်သည့် မေးခွန်းသိုလှောင်ရာ အေအိုင်ဘဏ်ကဲ့သို့ပင် လွယ်လင့်တကူ ပြန်ဖြေပေးလာသည်။


 


အကယ်၍ လင်ချင်းဟယ်က စာမပြန်ပါက ပိချန်ဖေးထံမှ ရထားသော အီမိုဂျီများ၊ ကြောင်ပုံ၊ ခွေးပုံ၊ ကြက်ပုံ၊ ငန်းပုံ စသည်တို့ကို တိရစ္ဆာန်ကမ္ဘာတစ်ခုအလား တစ်ခုပြီးတစ်ခု ပို့ပစ်သည်။


 


မက်ဆေ့ခ်ျ အစောင် ၂၀ ပို့ပြီးနောက်တွင် လင်ချင်းဟယ်က သူ့ကို တိုတိုတုတ်တုတ် စာပြန်လာခဲ့သည်။ 


 


လင်ချင်းဟယ် - မေးခွန်းက ဘယ်မှာလဲ…


 


ထောင်ရှီး - အပေါ်မှာလေ…


 


လင်ချင်းဟယ် - အပေါ်ထိ ဆွဲရမှာ ပျင်းတယ်...


 


ထောင်ရှီးက မေးခွန်းကို နောက်တစ်ကြိမ် ပြန်ပို့ပေးလိုက်သည်။ ၎င်းမှာ သင်္ချာပုစ္ဆာတစ်ပုဒ်ဖြစ်ပြီး အိုလံပစ်မေးခွန်းများကဲ့သို့ ခက်ခဲလေ၏။ မိနှစ် ၂၀ ကျော်ကြာအောင် တွက်ချက်ပြီးသည့်တိုင် သူ ပုစ္ဆာကိုမဖြေရှင်းနိုင်ခဲ့ပေ။ 


 


၃ မိနစ် မပြည့်ခင်မှာပင် လင်ချင်းဟယ်က အဖြေအပြည့်အစုံရေးကာ ပို့ပေးလာသည်။ 


 


ထောင်ရှီးက ကြက်ဖတစ်ကောင် ခုန်ပေါက်နေသည့်ပုံကို ပို့လိုက်သည်။


 


လင်ချင်းဟယ် - ?


 


ထောင်ရှီး - ကြက်ဖ ခုန်နေတာလေ


 


လင်ချင်းဟယ် - ……


 


တနင်္ဂနွေနေ့တွင် ကလပ်လှုပ်ရှားမှုများ ပြီးသည်နှင့်တစ်ပြိုင်နက် ချောင်ယီထန်က ထောင်ရှီးကို သူမ၏အဖိုးဖြစ်သူ ချောင်ဟယ့်နျန်ထံသို့ ခေါ်ဆောင်သွားသည်။


 


အဖိုးအိုက မြို့လယ်ခေါင်ရှိ ခေါင်မိုးအနီရောင်နှင့် ဘန်ဂလိုဟောင်းလေးတစ်ခုတွင် နေထိုင်သည်။ နေရာက ကောင်းမွန်ပြီး တိတ်ဆိတ်လှသည်။ ထောင်ရှီးမှာ ယဉ်ကျေးမှုအရ သူ တစ်ခါမှပင် မစားဖူးသော အဖိုးတန်သစ်သီးများကို ငွေအမြောက်အမြားသုံး၍ ဝယ်ခဲ့သည်။ ချောင်ဟယ့်နျန်ကို တွေ့ရမည်ဖြစ်သဖြင့် အရင်ဦးဆုံး လေးစားသမှုဖြင့် ဂါရဝပြုရမည်မဟုတ်ပါလား။


 


ချောင်အိမ်သို့ ရောက်သွားချိန်၌ ချောင်ဟယ့်နျန်က မီးခိုးရောင် ဆွယ်တာအဟောင်းလေးကို ဝတ်ထားပြီး ရာဘာဖိနပ်စီး၍ ဥယျာဉ်ထဲတွင် အသီးအရွက်များ စိုက်ပျိုးနေသည်။ ဂန္တဝင်ပန်းချီဆရာကြီးတစ်ယောက်၏ အရှိန်အဝါမျိုး သူ့တွင် မတွေ့ရပေ။ သူ့မြေးမနှင့် ထောင်ရှီးတို့ ဝင်လာသည်ကို တွေ့သောအခါ မော့ပင်မကြည့်ဘဲ တန်းအမိန့်ပေးလိုက်သည်။


 


“ အလုပ်လာလုပ်စမ်း…”


 


ချောင်ယီထန်မှာ စကပ်အတိုလေး ဝတ်လာမိသဖြင့် အလွန် စိတ်ညစ်သွားပြီး သန့်စင်ခန်းသွားဦးမည်ဟု အကြောင်းပြကာ ထွက်သွားသည်။ ထောင်ရှီးက “မင်္ဂလာပါ အဖိုးချောင်” ဟု နှုတ်ဆက်လိုက်ပြီး သစ်သီးများကို ကူချပေးလိုက်သည်။ သူက လယ်ယာလုပ်ငန်းများကို လုပ်ကိုင်ရင်း ကြီးပြင်းလာသူဖြစ်သည့်အလျောက် သူ့လုပ်ဆောင်မှုများက လျင်မြန်ပြီး ချောမွေ့လှသည်။ ဤသို့ဖြင့် ချောင်ဟယ့်နျန်၏အလုပ်မှာ သူ့အကူအညီဖြင့် မကြာခင်အချိန်အတွင်း ပြီးစီးသွားသည်။ 


 


ချောင်ဟယ့်နျန်က ပေါက်ပြားလက်ကိုင်ကို ခါးတွင်ထောက်လျက် ထောင်ရှီးကို ကြည့်နေသည်။ သူ့မျက်လုံးများက စူးရှနေသဖြင့် ထောင်ရှီးမှာ သူ့အကြည့်များကြောင့် လက်ဖဝါးတွင် ချွေးများပါစို့လာသည်။ 


 


“မင်းနာမည် ဘယ်လိုခေါ်လဲ…”


 


“ထောင်ရှီး ပါခင်ဗျ။ စမ်းချောင်းဆိုတဲ့ ရှီးပါ…”


 


ချောင်ဟယ့်နျန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ 


 


“အခုကစပြီး မင်းက ချောင်ဟယ့်နျန်ရဲ့တပည့်ဖြစ်သွားပြီ…”


 


ထောင်ရှီးက ချောင်ဟယ့်နျန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဤမျှလွယ်ကူလိမ့်မည်ဟု သူ မယုံကြည်နိုင်သေးပေ။ ချောင်ဟယ့်နျန်က ပေါက်ပြားကိုင်၍ အိမ်ထဲသို့ဝင်သွားပြီး လမ်းတလျှောက်တွင်လည်း တတွတ်တွတ် ရေရွတ်သွားသည်။


 


“ နောက်ဆုံးတော့ ငါ့ကို အသီးအရွက်တွေ ကူစိုက်ပေးမယ့်လူတစ်ယောက် ရှာတွေ့ပြီ…”


 


“…”


 


ထောင်ရှီးမှာ အသီးအရွက်စိုက်ပျိုးခြင်းပညာကြောင့်  ဂန္တဝင်ပန်းချီဆရာကြီးတစ်ယောက်၏တပည့် ဖြစ်လာလိမ့်မည်ဟု တွေးတောင်မတွေးခဲ့ဖူးချေ။ 


 


“ လိုက်မလာဘူးလား…”  ချောင်ဟယ့်နျန်က သူ့ကို လှည့်ကြည့်ပြီး လှမ်းပြောသည်။


 


ထောင်ရှီးလည်း ချောင်ဟယ့်နျန်၏အနောက်ကနေ တတိယထပ်ရှိ စတူဒီယိုသို့ လိုက်သွားသည်။ 


 


“မင်း ဘာလို့ ပန်းချီပညာကို သင်ချင်တာလဲ…”


 


ချောင်ဟယ့်နျန်က သမလန်းမွှေးကုလားထိုင်ပေါ်တွင် ထိုင်ကာ ရေတစ်ငုံ၊ နှစ်ငုံသောက်ရင်း အဓိကမေးခွန်းကို မေးလာသည်။ 


 


ထောင်ရှီးက ခဏကြာစဉ်းစားပြီးနောက် ပွင့်လင်းစွာ ပြောလိုက်သည်။


 


“ ပထမအချက်က ကျွန်တော် ပန်းချီဆွဲရတာ သဘောကျလို့ပါ။ နောက်တစ်ချက်ကတော့ ကျွန်တော် ပိုက်ဆံရှာချင်လို့၊ ပိုက်ဆံတွေအများကြီး ရှာချင်လို့ပါ...”


 


သူ့ပန်းချီကားများက တန်ဖိုးပိုမြင့်မားသင့်ပြီး လူအများ၏ အသိအမှတ်ပြုခြင်းကို ခံရထိုက်သည်ဟု လင်ချင်းဟယ်က ပြောခဲ့သည်။ ထို့ကြောင့် သူ တွက်ဆထားသည်က သူ့ပန်းချီကားများကို ဈေးမြင့်မြင့်နှင့် ရောင်းချပြီး အိမ်တစ်လုံးဝယ်ကာ မိသားစုဘဝတစ်ခုကို ထူထောင်ရန် ဖြစ်သည်။


 


ချောင်ဟယ့်နျန်၏ မျက်လုံးများက မှေးကျဉ်းသွားပြီး ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးလိုက်သည်။ 


 


“ ဟုတ်ပြီ။ မင်းက ရိုးသားတာပဲ။ ဒီအဖိုးကြီးရဲ့ရှေ့မှာ ကြီးကျယ်သလိုလို၊ အသုံးမကျသလိုလို ဟန်ဆောင်နေတာမျိုး လုံးဝမရှိဘူး…”


 


“ငါ မင်းရဲ့ ပန်းချီကားတွေကို မြင်ပြီးပါပြီ။ ပန်းချီကားတွေက ဆွဲဆောင်မှု နည်းနည်းရှိပြီး အသက်ဝင်တယ်။ ဒါပေမဲ့ မင်း ပြောသလို ပိုက်ဆံများများ ရှာနိုင်လောက်တဲ့အထိတော့ မဟုတ်ဘူး။ နောက်ဆိုရင် ကျောင်းပိတ်ရက်တွေမှာ ငါ့ဆီ လာလည်ပေါ့။ မင်း ငါ့ကို အပင်စိုက်တာ ကူညီပေး။ ငါက မင်းကို ပန်းချီသင်ပေးမယ်။ ဘယ်လိုလဲ…”


 


ထောင်ရှီးက ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ပြီး တလေးတစား ပြောလိုက်သည်။ 


 


“ကျေးဇူးတင်ပါတယ်။ ဆရာကြီး…”


 


ချောင်ဟယ့်နျန်က ထောင်ရှီးကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ကာ မအောင့်အည်းနိုင်စွာ ပြောလိုက်သည်။ 


 


“မင်းက လွန်ခဲ့တဲ့နှစ်တွေက ငါ့ရဲ့တပည့်မလေးတစ်ယောက်နဲ့ သိပ်တူတာပဲ။ အဲ့ဒီကလေးမက လိမ္မာရေးခြားရှိပေမယ့် ဗီဇကတော့ ခေါင်းမာလိုက်တာဆိုတာ။ သူနဲ့ မထိုက်တန်တဲ့ ယောက်ျားတစ်ယောက်အတွက် တောက်ပနေတဲ့ သူ့အနာဂတ်ဘဝကို ဖျက်ဆီးပစ်လိုက်တယ်လေ…”


 


သူ့မျက်လုံးများက ဝမ်းနည်းရိပ်များပြည့်သွားပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် မျက်နှာထားက လေးနက်သွားကာ ထောင်ရှီးကို တဲ့တိုးမေးလိုက်သည်။ 


 


“ မင်းရော ချစ်မိနေပြီလား…”


 


ထောင်ရှီးမှာ ထိတ်လန့်သွားပြီး ခေါင်းကို တသွင်သွင်ခါယမ်းလိုက်သည်။


 


“မချစ်မိသေးပါဘူး…”


 


ချောင်ဟယ့်နျန်၏ မျက်နှာက ပြန်တည်ငြိမ်သွားပြီး မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြောသည်။


 


“ကောင်းတယ်။ တစ်နေ့ကုန်တစ်နေခမ်း ချစ်တယ်၊ကြိုက်တယ်လောက်ပဲ တွေးနေတဲ့ ငါ့ရဲ့အသုံးမကျတဲ့ မြေးမလိုမဖြစ်စေနဲ့။ မင်းက ငါ့တပည့်ဖြစ်သွားပြီဆိုတော့ ငါ့စကားကို နားထောင်ရမယ်။ အထက်တန်းကျောင်းမပြီးမချင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်သူရည်းစားထားခွင့် လုံးဝမပြုဘူး။ နားလည်လား…”


 


ထောင်ရှီးက အင်တင်တင်ဖြစ်သွားသည်ကို မြင်လျှင် ချောင်ဟယ့်နျန်က ခပ်စူးစူးအကြည့်များ ပစ်လွှတ်လိုက်သည်။ 


 


“နားလည်ပါပြီ။ ဆရာကြီး…”


ထောင်ရှီးခမျာ အင်တင်တင်နှင့် လက်ခံလိုက်ရသည်။ ဤမြေးအဖိုးနှစ်ယောက်က ဘာကြောင့်များ သူ့အချစ်ရေးကို ဤမျှဂရုစိုက်နေကြသည်မသိပေ။


 


ထောင်ရှီးက တစ်နေ့ခင်းလုံး စတူဒီယိုထဲတွင် နေခဲ့သည်။ ချောင်ဟယ့်နျန်ထံမှ ဆီဆေးပန်းချီဆွဲနည်းကို လေ့လာသင့်ယူပြီးနောက် သူ၏ ပင်ကိုယ်ပန်းချီကျွမ်းကျင်မှုမှာ  ဘာမှပင်မပြောပလောက်သေးကြောင်း သိရှိလိုက်ရသည်။


 


သင်ကြားမှုပြီးသွားသောအခါ ညနေ ၆ နာရီပင် ထိုးသွားပြီဖြစ်၏။ ထောင်ရှီးက ချောင်ဟယ့်နျန်နှင့်အတူ တတိယထပ်မှ ဆင်းလာပြီး ပထမထပ်မှ ဧည့်ခန်းသို့ဝင်လာသောအခါ ဧည့်ခန်းထဲတွင် လူနှစ်ယောက်ထိုင်နေကြောင်း တွေ့လိုက်ရသည်။ တစ်ယောက်မှာ သူဝယ်လာခဲ့သည့် သစ်သီးများကို ထိုင်စားနေသော ချောင်ယီထန်ဖြစ်ပြီး ကျန်တစ်ယောက်ကမူ လင်ချင်းဟယ်ဖြစ်နေ၏။ 


 


ထောင်ရှီးက ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားပြီး နေရာတွင် တောင့်ခဲလျက် လင်ချင်းဟယ်ကို ကြောင်အအ စိုက်ကြည့်နေမိသည်။


 


ချောင်ဟယ့်နျန်ကလည်း လင်ချင်းဟယ်ကို မြင်သွားပြီး ပြုံးတုံ့တုံ့နှင့် စနောက်လိုက်သည်။


 


“ လင်မိသားစုရဲ့သားကတော့ အရပ်တွေပါ အရှည်ကြီးဖြစ်လာပြီပဲ။ မင်းကို ဒီမှာလာကစားခိုင်းပါလို့ မင်းအဖိုးကို ငါအကြိမ်ကြိမ် ပြောခဲ့ပေမယ့် မင်းက တစ်ခါမှ မလာခဲ့ဘူးလေ။ ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး ဒီအဖိုးကြီးဆီ လာလည်ရတာတုန်း…”


 


လင်ချင်းဟယ်က မတ်တပ်ထရပ်လိုက်ပြီး ချောင်ဟယ့်နျန်ကို ပြုံးပြကာ တယဉ်တကျေး ပြောလိုက်သည်။ 


 


“ ကျွန်တော့်အဖိုးက ဒီလကုန် သူ့မွေးနေ့ညစာစားပွဲအတွက် ဖိတ်စာပို့ပေးဖို့ ကျွန်တော့်ကို ခိုင်းလိုက်လို့ပါ…”


 


ပြောရင်းဆိုရင်းပင် သူက စားပွဲပေါ်တွင် တင်ထားသည့် ဖိတ်စာကတ်ကို ချောင်ဟယ့်နျန်အား လှမ်းပေးလိုက်သည်။


 


ထောင်ရှီး၏ နှလုံးသားလေးမှာ လေပေါ်သို့ ရုတ်ခြည်း ပျံတက်သွားသည့် ဟိုက်ဒရိုဂျင်ပူဖောင်းလေးပမာ ခံစားလိုက်ရ၏။ သူ လင်ချင်းဟယ်အနားသို့  ဆွေ့ခနဲတိုးသွားလိုက်ပြီး မျက်လုံးများ တလက်လက်ဖြင့် မော့ကြည့်လိုက်သည်။


 


လင်ချင်းဟယ်က သူ့ကို ငုံ့ကြည့်လာပြီး ခပ်တည်တည်နှင့်မေးသည်။ 


 


“ မင်းကရော ဘာလို့ ဒီကိုရောက်နေတာလဲ…”


 


တစ်ဖက်မှ ချောင်ယီထန်မှာ သည်းမခံနိုင်စွမ်းမရှိတော့သဖြင့် မျက်နှာကျက်သို့သာ မျက်ဖြူလှန်လိုက်မိတော့သည်။ 


 


ချောင်ဟယ့်နျန်က ဖိတ်စာကတ်ကို ပိတ်လိုက်ပြီး ထောင်ရှီးကို ကြည့်လိုက်သည်။ သူ၏ တပည့်အသစ်လေးက လင်ချင်းဟယ်ကို တွေ့လိုက်ရသည်နှင့် ရက်ပေါင်းများစွာ လမ်းပေါ်တွင် လမ်းပျောက်နေပြီးနောက် သခင်ကို ပြန်တွေ့လိုက်ရသည့် ခွေးပေါက်လေးအလား ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ 


 


ချောင်ဟယ့်နျန်က ပြုံးလျက် ပြောသည်။   


 


“သူက ငါ့ရဲ့တပည့်အသစ်လေ။ ဘာလဲ…။ မင်းတို့နှစ်ယောက်က အတန်းဖော်တွေလား…”


 


ထောင်ရှီးက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ 


 


“ ဟုတ်၊ ပြီးတော့ သူက ကျွန်တော့်ရဲ့ ထိုင်ခုံဖော်ဆိုလည်း ဟုတ်တယ်…”


 


လင်ချင်းဟယ်က ထောင်ရှီးကို စောင်းငဲ့ကြည့်လိုက်ပြန်သည်။ ထို့နောက် လက်ကိုမြှောက်၍ နာရီကြည့်လိုက်ပြီး ချောင်ဟယ့်နျန်ကို ပြောလိုက်သည်။ 


 


“နောက်ကျနေပြီပဲ။ အဖိုးချောင် ကျွန်တော် ပြန်လိုက်ပါဦးမယ်။ ပွဲကို ကျိန်းသေလာခဲ့ဖို့ မမေ့ပါနဲ့ခင်ဗျ…”


 


ချောင်ဟယ့်နျန်က လက်ယမ်းပြလိုက်သည်။ 


 


“ အေး စိတ်မပူစမ်းနဲ့။ ငါ ခြေထောက် ကျိုးသွားရင်တောင် ဝှီးချဲနဲ့ လာခဲ့မယ်…”


 


ချောင်ယီထန်က စကားဖြတ်ပြောလိုက်သည်။ 


 


“ အဖိုး၊ စကားနောက် တရားပါတတ်တယ်ဆိုတာ မေ့နေပြီလား…”


 


ချောင်ဟယ့်နျန်က အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက် ထွက်သွားပြင်ရန်နေသည့် လင်ချင်းဟယ်ကို ကြည့်ရင်း အဓိပ္ပါယ်ပါပါ လှမ်းပြောလိုက်သည်။ 


 


“ အဖိုး မင်းကို ထပ်မဆွဲထားတော့ပါဘူး။ မပြန်ခင် တစ်ခုခုမေ့ကျန်ခဲ့တာရှိလား ၊ ကျကျန်ခဲ့တာရှိလားဆိုတာရော သေချာစစ်ဆေးသွားဦး။ အဖိုးကတော့ ဒီညအပြင်ထွက်ပြီး မာကျောက်သွားကစားလိုက်ဦးမယ်…”


 


လင်ချင်းဟယ်က ချောင်ဟယ့်နျန်ကို ပြန်ချေပသည်။  


 


“ ကျွန်တော်က ဖိတ်စာကတ်လေးပဲ ယူလာတာပါ…”


 


ချောင်ဟယ့်နျန်က စကားခဏရပ်သွားသည်။ ထို့နောက် နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခုပေါ်လာပြီး ဆက်ပြောလိုက်သည်။ 


 


“ ဒါပေမဲ့ အခုတော့ မင်းနဲ့အတူ လူတစ်ယောက်ပါ အပိုခေါ်သွားလို့ရပြီ…” 


 


ကြယ်ရောင် တဖျတ်ဖျတ်လက်ကာ တောက်ပနေသည့် ထောင်ရှီး၏ မျက်လုံးများက လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း အသံတိုးတိုးဖြင့် မေးလိုက်၏။ 


 


“ ကျွန်တော့်ကိုလား…”


 


ချောင်ယီထန်မှာ မနေနိုင်တော့ဘဲ ဝင်ပါရတော့သည်။ 


 


“ နင်မဟုတ်လို့ ငါဖြစ်နိုင်ပါ့မလား…။ ခဏနေရင် ငါ့ရည်းစားက ငါ့ကို လာကြိုတော့မှာ…”


 


လင်ချင်းဟယ်က ချောင်ယီထန်ကို ဂြိုဟ်ကြည့်ကြည့်လိုက်သည်။ ချောင်ဟယ့်နျန်ကလည်း ချက်ချင်းပင် သူမကို ဒေါသတကြီးဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ 


 


“ ရှက်စရာကောင်းလိုက်တာ။ ညည်းက ငါ့အိမ်ပေါက်ဝမှာ အချစ်အကြောင်း လာပြောနေတာလား…။ ညည်းရဲ့မောင်လေး နှစ်ယောက်ကိုကြည့်စမ်း။ နှစ်ယောက်လုံး ရုပ်ချောချော သန့်သန့်လေးတွေ၊ ညည်းလိုလဲ တစ်နေ့တစ်နေ့ ချစ်ဖို့ကြိုက်ဖို့လောက် စဉ်းစားနေတာမဟုတ်ဘူး။ သူတို့တွေက ရိုးရိုးသားသားနဲ့ တာဝန်ကျေအောင် ကြိုးစားကြတယ်။ ညည်းကရော ဘယ်အချိန်ကျမှ သူများရဲ့ ကောင်းကွက်တွေကို သင်ယူနိုင်မှာလဲ…”


 


ချောင်ယီထန်က လက်မြှောက်ကာ အရှုံးပေးလိုက်ရသည်။


 


“ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အဖိုးရယ်။ သမီးမှားပါတယ်။ ဟဲ့ နင်တို့နှစ်ယောက် မြန်မြန်သွားကြတော့လေ။ ငါ့အဖိုးကို ဒေါသထွက်အောင် လုပ်မနေကြနဲ့…”


 


“ ညည်းလို ပြောစကား နားမထောင်တဲ့ မြေးမကလွဲရင် ဘယ်သူက ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ဦးမှာလဲ…” ချောင်ဟယ့်နျန်မှာ ဒေါသပိုထွက်လာပြီး ချောင်ယီထန်ကို နောက်ကလိုက်ဖမ်း၍ ဆူပူငေါက်ငမ်းနေသည်။ 


 


လင်ချင်းဟယ်က ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ကြားမှ ထောင်ရှီး၏ပုခုံးကို ခပ်သာသာတွန်းလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။


 


“ သွားရအောင်။ ငါ မင်းကို လိုက်ပို့ပေးမယ်…”


 


‌ထောင်ရှီးမှာ ဝါဂွမ်းလေးအပေါ် နင်းလျှောက်ရသည့်အလား ပျော်ရွှင်မြူးတူးစွာ လင်ချင်းဟယ်နှင့်အတူ ချောင်အိမ်မှ ထွက်လာခဲ့တော့သည်။ 


 


____________


 


စာရေးသူတွင် ပြောစရာစကားရှိ၏။ 


 


ရှောင်ထောင်တစ်ယောက်တော့ အသက်မွေးကြောင်းလုပ်ငန်းကို စတင်သင်ယူနေပါပြီ။