အပိုင်း ၃၀
Viewers 8k

Chapter- 30


 


ထောင်ရှီးအတွက် ကျောင်းဆင်းချိန်တွင် မိဘများလာကြိုခြင်းမှာ ငယ်စဉ်ကတည်းက အလိုချင်ဆုံး အရာတစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် ရုတ်တရက် မိုးရွာလာပြီး သူ့တွင် ထီးမပါလာသည့်နေ့မျိုး၌ဖြစ်၏။ ထိုနေ့များဆိုလျှင် သူ့အတန်းဖော်များကို မိဘများက ရောင်စုံထီးများကိုင်၍ တစ်ယောက်ပြီးတစ်ယောက် လာကြိုကြပြီး တီတီတာတာ စကားများပြောဆိုကာ ပြန်သွားကြသည်ကို သူက ငေး၍သာ ကြည့်ခဲ့ရသည်။ 


 


အစတွင် သူ့ကို ကောဖျင်က လာကြိုမလားဟု စောင့်ခဲ့သေးသော်လည်း တစ်ခါမှ ရောက်မလာခဲ့သဖြင့် ထပ်မစောင့်တော့ဘဲ သူ့ခေါင်းကိုအုပ်၍ မိုးရေထဲသို့ ပြေးဝင်ခဲ့တော့သည်။ ရွှံ့ထူနေသော တောင်တက်လမ်းတစ်လျှောက်မှ အိမ်ရောက်အောင် ဒရောသောပါးပြန်လာခဲ့ပြီးနောက် အဝတ်အစားလဲ၊ လျှော်ဖွပ်သန့်ရှင်းပြီး ညအခါ မိသားစုဝင်များ ရေချိုးရန်အတွက် ရေနွေးတည်ရသည်။ လုပ်စရာအလုပ်များပြီးစီးသွားသောအခါ အိမ်စာများ စလုပ်သည်။  အရွယ်ရောက်လာသောအခါတွင်လည်း သူကိုယ်တိုင် ထမင်းဟင်းချက်ရပြန်သည်။


 


ထို့ကြောင့် ထောင်ရှီးမှာ ပန်းချီသင်တန်းပြီး၍ ချောင်မိသားစု၏ ဧည့်ခန်းတွင် လင်ချင်းဟယ်ကို တွေ့လိုက်ရသည့်တစ်ခဏ ဖြစ်ပေါ်လာသော ပျော်ရွှင်မှုမှာ သကြားခပ်ထားသည့် ရေနွေးပန်းကန်ထဲသို့ လီမွန်သီးခြောက်လေးတစ်စိတ် ထည့်လိုက်သည့်အလားပင်၊ မည်မျှ ချဉ်နေပါစေ ခံစားချက်မှာ ချိုမြိန်နေ၏။


 


လင်ချင်းဟယ်က အကြောင်းတိုက်ဆိုင်မှုကြောင့် ရောက်လာခြင်းဖြစ်သော်လည်း သူ့ကို လိုက်ပို့ပေးရန် ဖြစ်လာခဲ့သည်။ 


 


ညနေစောင်းတွင် ခမ်းနားထည်ဝါသော ဆည်းဆာရောင်ခြည်က ဘန်ဂလို၏ အနီရောင်ခေါင်မိုးကို ကြက်သွေးရောင်အဖြစ် ဆေးရောင်ခြယ်သထားသည်။ ထောင်ရှီးက လင်မိသားစုပိုင်ကားသို့ လင်ချင်းဟယ်၏ဦးဆောင်မှုဖြင့် လိုက်လာသည့်အခါ ကားမောင်းသူက ချန်ထင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူက ယာဉ်မောင်းထိုင်ခုံဘက်သို့ ခန္ဓာကိုယ်ကိုကိုင်း၍ ခေါင်းလေးစောင်းကာပြုံးရင်း ချန်ထင်ကို နှုတ်ဆက်လိုက်သည်။ 


 


“ ဦးလေးချန် ၊ မင်္ဂလာညနေခင်းပါ…”


 


သူ စိတ်မကြည်နေချိန်တွင် မြင်မြင်သမျှ လူတိုင်းကို ရိုက်နှက်ပစ်ချင်သော်လည်း စိတ်အခြေအနေကောင်းနေချိန်တွင်မူ လူတိုင်းအပေါ် ကြင်နာတတ်သည့် သဘောကောင်းသူလေးတစ်ယောက် ဖြစ်သည်။


 


ချန်ထင်က တအံ့တဩဖြစ်သွားပြီး အမြင်အာရုံထဲတွင် ထောင်ရှီး၏ “ချိုမြိန်သောအပြုံး” က ရောင်ပြန်ဟပ်သွားသည်။ သူက တယဉ်တကျေးပြုံးပြလိုက်၏။


 


 “ မင်္ဂလာပါဗျာ၊ မင်းနဲ့ ထပ်တွေ့ကြပြန်ပြီနော်…”


 


သူ အံ့ဩမိသည်မှာ အမှန်ပင်။ ပြီးခဲ့သည့်တစ်ခေါက်က ထောင်ရှီးကို ဆေးရုံသို့ လိုက်ပို့ပေးရစဉ်က ဤကောင်လေးမှာ ရုပ်ရည်ကြည့်ကောင်းသော်လည်း မျက်လုံးများမှိုင်းနေကာ ဖြူဖပ်ဖြူလျော်ဖြစ်နေသည်ကို သတိထားမိခဲ့သည်။ ကောင်လေးက တစ်ချိန်လုံး ခေါင်းငုံ့ထားပြီး တစ်လမ်းလုံး စကားလည်းတစ်ခွန်းမှ မပြောပေ။ ဒီကောင်လေးက ယနေ့မှ ဘာကြောင့်…ဒီလောက် ထက်ကြွနေရတာလဲ။


 


လင်ချင်းဟယ်က ချန်ထင်ကိုတစ်ချက်လှမ်းကြည့်ပြီး အနည်းငယ် အေးစက်စက်အသံဖြင့် ပြောလာသည်။


 


“ မင်းက ခုနက တွေ့တဲ့တခြားလူကိုကျ ဘာဖြစ်လို့ မနှုတ်ဆက်တာလဲ…”


 


ထောင်ရှီးမှာ လင်ချင်းဟယ်ကို အူလည်လည်နှင့် ကြည့်လိုက်ပြီး နားဝေတိမ်တောင်ဖြင့် မေးလိုက်သည်။


 


“ ဘယ်သူ့ကို နှုတ်ဆက်ရမှာလဲ…”


 


လင်ချင်းဟယ်က သူ့ဘက်ကို မျက်နှာလှည့်ကာ ကြည့်လာသည်။ ငိုက်စိုက်ကျနေသော မျက်တောင်ရှည်များက ကားပြတင်းပေါက်အပြင်မှ ဆည်းဆာရောင်ခြည်ကြောင့် အရောင်လဲ့နေပြီး ပယင်းရောင်သူငယ်အိမ်များကမူ ဆုံချက်နေရာ၌ အရောင်ပိုရင့်နေသည်။


 


ထောင်ရှီး ပြန်တွေးကြည့်တော့မှ ချောင်အိမ်၏ ဧည့်ခန်းထဲတွင် တွေ့တွေ့ချင်း မနှုတ်ဆက်ဖြစ်ခဲ့သည်ကို လင်ချင်းဟယ်က ဆိုလိုနေမှန်း သတိထားမိသွား၏။ အမှန်တွင် မနှုတ်ဆက်နိုင်သည့် အကြောင်းအရင်းမှာလည်း ထိုအချိန်က အပျော်လုံးဆို့ကာ ကြောင်အမ်းအမ်းဖြစ်နေသောကြောင့် တွေတွေကြီး ရပ်ကြည့်နေမိခဲ့ခြင်းသာ ဖြစ်လေ၏။ 


 


မထင်မှတ်ထားစွာ လင်ချင်းဟယ်က ဤသို့သော လောကဝတ်အပြုအမူလေးကို ဂရုစိုက်နေခဲ့သည်။ ထောင်ရှီးက လင်ချင်းဟယ်အနားသို့ တိုးကပ်လိုက်ပြီး ခေါင်းလေးစောင်း၍ လင်ချင်းဟယ်ကိုကြည့်ကာ မေးလိုက်၏။ 


 


“ ဒါဆိုရင် ငါလည်း မင်းကို တစ်ခါလောက် နှုတ်ဆက်ကြည့်လို့ရမလား…”


 


လင်ချင်းဟယ်က အရေးမစိုက်။ မာနကြီးပြီး အေးစက်နေသည့်မျက်နှာကိုပင် တည်တင်းထားလိုက်သေးသည်။


 


ထောင်ရှီးက လင်ချင်းဟယ်၏အင်္ကျီလက်လေးကို လှမ်းဆွဲလိုက်သည်။ ထိုအခါ လင်ချင်းဟယ်က သူ့ကို မျက်ခုံးပြန်ပင့်ပြသည်။ 


 


ထောင်ရှီး၏ မျက်ဝန်းများက လခြမ်းလေးပမာ ကွေးညွှတ်သွားကာ ပါးလျသော အပေါ်မျက်တောင်နှင့် အောက်မျက်တောင်လေးများက ထိစပ်သွားကြသည်။  ထို့နောက် “ဦးလေးချန်၊ မင်္ဂလာညနေခင်းပါ” ဟု မတိုင်ခင်က နှုတ်ဆက်ခဲ့သည့်အတိုင်း တိုးတိုးလေးပြောလိုက်သည်။


 


“ ချင်းဟယ်ကောကော၊ မင်္ဂလာညနေခင်းပါ…”


 


ထိုအခေါ်အဝေါ်လေးမှာ သူ သေချာဂရုတစိုက် စဉ်းစားထားသော အခေါ်အဝေါ်လေးဖြစ်ပြီး ယန်သောလဲ့ အော်ခေါ်နေကျ ‘ချင်းဟယ်ကော’ ဆိုသည်ထက်ပင် ပို၍ ရင်းနှီးသည့်ပုံပေါက်သည်။ 


 


လင်ချင်းဟယ်က ထောင်ရှီးကို ရုတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက လက်ခနဲဖြစ်သွားသော်လည်း ချက်ချင်း ပြတင်းပေါက်ဘက်ကို မျက်နှာလွှဲပစ်လိုက်ပြီး အေးစက်စက် ချောင်းတစ်ချက်ဟန့်လိုက်သည်။


 


ထောင်ရှီးမှာ လင်ချင်းဟယ်၏ တုံ့ပြန်မှုကြောင့် အနည်းငယ် စိတ်ဓာတ်ကျသွား၏။ သို့တိုင် သူ့မျက်လုံးများက လင်ချင်းဟယ်၏လည်စလုတ်ဆီသို့ အမှတ်တမဲ့ အကြည့်ရောက်သွားချိန်၌ ထိုလည်စေ့လေးက အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ 


 


လင်ချင်းဟယ်က အရေးမစိုက်ချင်ယောင်ဆောင်နေသော်လည်း စိတ်လှုပ်ရှားနေခြင်းကို မဖုံးကွယ်နိုင်ပေ။ ဤသို့ဖြင့် သူလည်း နေ့လယ်ပိုင်းတွင် သင်ခဲ့ရသည့် ပန်းချီသင်ခန်းစာအကြောင်း၊ အသီးအရွက်စိုက်ပျိုးခြင်းပညာကြောင့် ဆရာတစ်ယောက် ရလာသည့်အကြောင်း၊ ချောင်ဟယ့်နျန်က မည်မျှတော်ကြောင်း၊ သူကြိုးစားရန် များစွာလိုအပ်သေးကြောင်း စသဖြင့် လင်ချင်းဟယ်အား နားပူအောင် ပြန်ပြောပြတော့သည်။ လင်ချင်းဟယ်က တစ်လျှောက်လုံး စကားပြန်မပြောဘဲ တစ်ခါတစ်ရံမှာသာ တစ်ခွန်းနှစ်ခွန်း တုံ့ပြန်တတ်သည်။ 


 


မည်သို့ဆိုစေ ထောင်ရှီးကမူ မူလတန်းကလေးတစ်ယောက် ကျောင်းမှ အိမ်သို့ ပြန်လာသည့်လမ်းတလျှောက်တွင် ကျောင်း၌ ဖြစ်ပျက်ခဲ့သမျှ စိတ်ဝင်စားဖွယ်ကိစ္စများကို ပြောပြနေသည့်အလား ပျော်ရွှင်စွာ ပြောပြနေခဲ့သည်။


 


နောက်ဆုံး သူ စကားရပ်သွားသောအခါမှ လင်ချင်းဟယ်က သူ့ကို ကြည့်၍ မေးလာသည်။ 


 


“အစီအရင်ခံလို့ပြီးပြီလား…”


 


ထောင်ရှီးမှာ ခဏတာ ကြောင်စီစီဖြစ်သွားသည်။ ထို့နောက်မှ လင်ချင်းဟယ်၏နှုတ်ခမ်းစွန်းများက အနည်းငယ် ကွေးညွှတ်နေပြီး  တောက်ပစွာ ပြုံရယ်နေကြောင်း သတိထားမိလိုက်သည်။ ထိုအခါမှ သူ စနောက်ခံလိုက်ရမှန်း သဘောပေါက်တော့သည်။ သူ မီးဝင်းဝင်းတောက်လျက် လင်ချင်းဟယ်ကို စူးရဲစွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။ 


 


“ ငါ ထပ်မပြောတော့ဘူး…”


 


လင်ချင်းဟယ်က ထောင်ရှီး၏ မျက်လုံးများထဲမှ ဟန်ဆောင်ခြိမ်းခြောက်နေသော ဒေါသများကို အရေးမစိုက်ဘဲ ရေသန့်ဗူးတစ်ဗူးကို အဖုံးဖွင့်ကာ လှမ်းပေးရင်း ညင်ညင်သာသာ ပြောလိုက်သည်။


 


“ မင်း ပြောလို့မဝသေးဘူးဆိုရင်လည်း ညစာစားရင်းနဲ့ ငါ့ကို ဆက်ပြောပြလို့ရတယ်…”


 


ထောင်ရှီးမှာ ကြောင်အအဖြင့် ရေဘူးကို လှမ်းယူလိုက်ပြီး တစ်ငုံ၊ နှစ်ငုံခန့်မော့သောက်ပြီးနောက်မှ ဦးနှောက်က ပြန်အလုပ်လုပ်တော့သည်။ 


 


“ ဘာညာစာလဲ…”


 


တစ်ဆက်တည်းပင် ကားကလည်း အချိန်ကိုက်ရပ်တန့်သွားသဖြင့် ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ရာ နေရာက ဝမ်းဟွာ အ.ထ.က(၁)ကျောင်း မဟုတ်ဘဲ သူနှင့်စိမ်းသက်နေသည့် မြေအောက်ကားပါကင်တစ်ခု ဖြစ်နေကြောင်း သတိထားမိသွားသည်။ 


 


ထောင်ရှီးက ဝေခွဲရခက်စွာ လင်ချင်းဟယ်ကို မေးလိုက်၏။


 


“ ဒါကဘယ်နေရာလဲ…”


 


လင်ချင်းဟယ်က သူ့လက်ထဲမှ ရေဘူးကို ပြန်ယူလိုက်ပြီး အဖုံးကိုပြန်ပိတ်ကာ ပြောသည်။  


 


“ အရင်တစ်ခါ မင်း ငါ့ကို ညစာစားဖို့ ဖိတ်တုန်းက ငါ မလာလိုက်ရဘူးလေ။ နောက်တစ်ကြိမ်ကျရင် ငါမင်းကို ညစာဝယ်ကျွေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား…”


 


‌ပြောပြီးသည်နှင့် သူက တံခါးဖွင့်ကာ ကားပေါ်မှ ဆင်းသွားသည်။


 


ထောင်ရှီးမှာ ကြောင်တောင်တောင်ဖြစ်နေဆဲ။ ဆေးရုံတွင် ကုန်ဆုံးခဲ့ရသည့် တနင်္ဂနွေနေ့ညကို သူ ပြန်သတိရမိသည်။ ထိုစဉ်ကကဲ့သို့ပင် အဓိပ္ပာယ်မဖော်နိုင်သော ခံစားချက်ပေါင်းစုံကို ရောစပ်ထားသည့် ဝိုင်တစ်ခွက်အလား ချဉ်စူးစူးနှင့် ခါးသက်နေသော်ငြား ထိုခါးသက်ခြင်းများအပြီးတွင် အနည်းငယ်မျှသော ချိုမြိန်မှုကို ခံစားလိုက်ရပြန်သည်။ 


 


ထိုနေ့က လင်ချင်းဟယ် ဖုန်းထဲတွင် ပြောခဲ့သော စကားများမှာ အတည်ပြောခဲ့ခြင်း ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ဒီအတိုင်း ထမင်းတစ်နပ် လိုက်ကျွေးချင်ရုံသာ ဖြစ်ပါ၏။ 


 


ထိုအခိုက်တွင် ဘေးမှကားတံခါးက ပွင့်သွားလေသည်။ လင်ချင်းဟယ်က ကားအပြင်ဘက်တွင် ရပ်နေပြီး ခန္ဓာကိုယ်ကိုအနည်းငယ်ကိုင်း၍ သူ့ကို မေးလာသည်။ 


 


“ မင်း မစားချင်ဘူးလား…”


 


ထောင်ရှီးက အသိစိတ်ပြန်ကပ်လာကာ ကားပေါ်မှ ဆင်းလိုက်ပြီး ခေါင်းခါပြလိုက်သည်။ 


 


“မဟုတ်တာ၊ ငါသေချာပေါက် စားချင်တာပေါ့…”


 


ကားထဲတွင် ချန်ထင်က ထိုင်နေဆဲဖြစ်သည်ကို မြင်သော် သူက အရေးတယူ လှမ်းမေးလိုက်သည်။


 


“ ဦးလေးချန်ရော ကျွန်တော်တို့နဲ့အတူ လိုက်စားဦးမလား…”


 


ချန်ထင်က  တအံ့တဩဖြစ်သွားသည်။ သို့သော်လည်း သူ့အပေါ်သို့ ကျရောက်နေသော လင်ချင်းဟယ်၏အကြည့်များကို သတိထားမိဟန်ဖြင့် အလျင်အမြန်ပင် ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။


 


“ ဟင့်အင်း၊ တော်ပါပြီ၊ မစားတော့ပါဘူး။ ကျွန်တော် အိမ်ပြန်ရောက်မှပဲ စားလိုက်တော့မယ်…”


 


လင်မိသားစု၏ ဒရိုင်ဘာအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည့်အလျောက် သူ၏အရိပ်အကဲသိတတ်မှုမှာ အားကောင်းနေဆဲဖြစ်သည်။ 


 


ထောင်ရှီးက ကားပါကင်မှထွက်၍ လင်ချင်းဟယ်နောက်သို့ လိုက်လာခဲ့သည့်အခါမှ ဤနေရာမှာ အလွန်ကြီးမားသော ဂဏန်းဟင်းလျာ စားသောက်ဆိုင်ကြီးတစ်ဆိုင် ဖြစ်နေကြောင်း သိလိုက်ရသည်။ အစိမ်းရောင်နံရံဖြင့် ကာရံထားသော ခြံဝင်းကြီးထဲတွင် ဝါးပင်ရိပ်များက နေရာအနှံ့ ဖြန့်ကျက်နေပြီး အလွန်တိတ်ဆိတ်ကာ အေးချမ်းနေလှ၏။


 


တစ်ချက်ကြည့်ရုံနှင့်တင် အလွန်ဈေးကြီးမည်မှန်း သိသာသည်။


 


ထောင်ရှီးက လင်ချင်းဟယ်နောက်မှ လိုက်လာရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။ 


 


“ တကယ်တော့ မင်းကို ဟိုတစ်ခါ လိုက်ကျွေးဖို့ စီစဉ်ထားတဲ့ စားသောက်ဆိုင်က တစ်ယောက်ကို ယွမ် ၁၀၀ တောင် မကုန်ဘူးရယ်…”


 


သူက လင်ချင်းဟယ်အတွက် တစ်ခုခုလုပ်ပေးရန် စီစဉ်လိုက်ချိန်တိုင်း လင်ချင်းဟယ်က သူ့ကို ပိုပိုသာသာ ပြန်လုပ်ပေးခြင်းဖြင့်သာ အဆုံးသတ်သွားတတ်ကြောင်း သတိထားမိနေသည်။


 


အမှန်တကယ်တွင် လင်ချင်းဟယ်က သူ့အတွက် ဒီထက်မကပင် အများကြီး ပိုလုပ်ပေးခဲ့ကြောင်းကိုတော့ ထိုအချိန်က သူ မသိခဲ့ပါချေ။


 


လင်ချင်းဟယ်က လမ်းပြရန် ရောက်လာသည့် စားပွဲထိုးကို ကတ်ပြားလေးတစ်ခု လှမ်းပေးလိုက်သည်။


 


“ အဲ့ဒီတော့...? ”


 


ထောင်ရှီးက ခပ်တိုးတိုး ပြောလိုက်၏။ “တကယ်လို့ မင်းငွေတွေ အများကြီးနစ်နာသွားတယ်လို့ ခံစားရရင် အခုချက်ချင်း နောင်တရလည်း နောက်မကျသေးပါဘူး…”


 


လင်ချင်းဟယ်က ထောင်ရှီးနှင့်အတူ သီးသန့်ခန်းထဲသို့ သွားရင်း ပြန်မေးလိုက်သည်။ 


 


“ဒါဆို ငါအခု နောင်တရတယ်ပဲ ထားပါတော့၊ မင်းငါ့ကို ဘယ်လို လျော်ကြေးပြန်ပေးမှာလဲ…”


 


ထောင်ရှီးက ခဏအတွေးများသွားကာ အရွှန်းဖောက်လိုက်သည်။ 


 


“ငါ့ရဲ့ ပန်းချီကားတွေကို ရောင်းလိုက်လို့ ရတာပဲ။ ဒီထမင်းဖိုးကို ပြန်ပေးဖို့အတွက် သူဋ္ဌေးတစ်ယောက်ဆီကို ငါ့ပန်းချီကားတွေ ရောင်းလိုက်မယ်လေ။ ဒါမှမလုံလောက်သေးဘူးဆိုရင် ငါ့ခန္ဓာကိုယ်ကိုပါ ရောင်းလိုက်မယ်…”


 


လင်ချင်းဟယ်က နှုတ်ခမ်းစွန်းများကို ကွေးညွှတ်၍ ပြုံးသည်။ ထို့နောက် လေသံတိုးတိုးဖြင့် အမှတ်မထင် ပြောလိုက်သည်။


 


“ ဒါဆိုရင် မင်း ငါ့ဆီကို ရောင်းလိုက်သင့်တယ်…”


 


ထောင်ရှီးမှာ ကြက်သေသေသွားလေ၏။ လင်ချင်းဟယ်က သူ့ပန်းချီကားကို ပြောနေသည်လား၊ သူ့ခန္ဓာကိုယ်ကို ပြောနေသည်လား မသိပေ။ သူ့နှလုံးခုန်နှုန်းများက ရုတ်တရက် မူမမှန်စွာ မြန်ဆန်လာသောကြောင့် နောက်ပြောင်နေခြင်းကိုရပ်ကာ ပါးစပ်ကိုပိတ်ထားလိုက်သည်။

Chapter 30.2


စားပွဲထိုးက တိတ်ဆိတ်စွာပင် အရှေ့မှလမ်းပြနေပြီး ထောက်တံများပေါ်တွင် ဖယောင်းတိုင်များထွန်းထားသည့် တိတ်ဆိတ်သော သီးသန့်ခန်းလေးတစ်ခုထဲသို့ ပို့ဆောင်ပေးသည်။ သီးသန့်ခန်း၏ဝါးပြတင်းပေါက် အပြင်ဘက်တွင် တံတားလေးတစ်စင်းနှင့် ရေစီးမြောင်းလေးတစ်ခု ရှိနေသည်။ ထောင်ရှီးအတွက် ဤကဲ့သို့ နေရာမျိုးတွင် ညစာစားရန် လာရောက်ဖူးခြင်းက ပထမဆုံးအကြိမ် ဖြစ်သည်မို့ ခြေလက်များပင် အနည်းငယ် တုန်ယင်လာရသည်။


 


နေရာတွင် ဝင်ထိုင်လိုက်ကြပြီးနောက် လင်ချင်းဟယ်က သူ့ထံ မီနူးကတ်ကို ကမ်းပေးပြီး ပြော၏။ 


 


“မင်း စားချင်တာ မှန်သမျှ မှာလို့ရတယ်…”


 


ထောင်ရှီးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်ပြီး မီနူးကိုဖွင့်လိုက်သည့်အခါ ရေးထားသည့်ဈေးနှုန်းကြောင့် သေမတတ် လန့်ဖျပ်သွားသည်။ သူ့ခမျာ ဟင်းလျာပုံများနှင့် နာမည်ကိုပင် ကြည့်ဖို့သတိမရနိုင်တော့ချေ။


 


ကိုယ့်ကိုယ်ကိုယ် ရောင်းစားလိုက်ရင်တောင် အဲ့လောက်များတဲ့ ပိုက်ဆံရဦးမှာမဟုတ်ဘူး။


 


သူ့အတွေးများကို နားလည်သည့်ဟန် လင်ချင်းဟယ်၏အကြည့်များက သူ့မျက်နှာပေါ် ကျရောက်လာသည်။


 


“ စိတ်မပူပါနဲ့၊ မင်းကိုယ်မင်း ရောင်းစားစရာမလိုပါဘူး…”


 


ထောင်ရှီးက ရှက်ရွံ့စွာ ခေါင်းလေးငုံ့သွားပြီး မီနူးကို လင်ချင်းဟယ်ဘက်သို့ တွန်းကာ ပြောလိုက်၏။ 


 


“ ငါမမှာတတ်ဘူး၊ မင်းပဲ မှာလိုက်တော့…”


 


ဘယ်ဟင်းပွဲပဲမှာမှာ သူ့အတွက် နာကျင်စရာသာဖြစ်ပြီး သူ့စိတ်ထဲတွင်လည်း “လူချမ်းသာများက ဝိုင်တစ်ခွက်နှင့်ညစာစားနေချိန်၊ သူဆင်းရဲများက လမ်းဘေးမှာ အရိုးခိုက်ပြီးသေမတတ်” ဟူသော ကဗျာစာသားကိုသာ တတွတ်တွတ်ရွတ်နေမိသည်။ 


 


လင်ချင်းဟယ်က ဘာမှပြန်မပြောဘဲ သူနှင့် လွန်စွာရင်းနှီးနေသည့် ဟင်းပွဲစာရင်းကို စားပွဲထိုးအား တိုက်ရိုက်မှာကြားလိုက်သည်။ 


 


အောက်တိုဘာလက ဂဏန်းစားရန် အကောင်းဆုံးကာလဖြစ်သည်။ ထောင်ရှီးက တစ်ခါမှမစားဖူးသော်လည်း ဟိုယခင်ကတည်းက စားကြည့်ချင်စိတ်လေးတော့ရှိခဲ့သည်။


 


သို့သည့်တိုင် ဂဏန်းဟင်းပွဲလာချပေးသောအခါ ဆွံအသွားရပြန်သည်။


 


ထောင်ရှီးက ခေါင်းထောင်ကာ လင်ချင်းဟယ်ကို မော့ကြည့်လိုက်ပြီး မျက်တောင်များပုတ်ခတ်၍ ပွင့်လင်းရိုးသားစွာ ပြောလိုက်သည်။ 


 


“ငါမလုပ်တတ်ဘူး…”


 


နံဘေးရှိစားပွဲထိုးက ဂဏန်းအခွံနွာပေးရန် ပြင်လိုက်သော်လည်း လင်ချင်းဟယ်က သူ့ကို ဖျတ်ခနဲ ကြည့်လာသဖြင့် စားပွဲထိုးမှာ မျက်လွှာသာပြန်ချသွားရှာသည်။ 


 


လင်ချင်းဟယ်က သူ့လက်များကို ဆေးကြော၍ ဘေးရှိ ဂဏန်းအခွံခွာသည့် ကိရိယာအစုံအလင်ကို ဖွင့်လိုက်သည်။ တုတ်ချောင်းများ၊ ဇာဂနာများ၊ တူအသေးစားလေးများ…..မြင်ရုံနှင့်ပင် အလွန်ပညာသားပါကြောင်း သိနိုင်မည်ပင်။ သူ၏ဖြူဖွေးကျစ်လျစ်သော လက်ချောင်းများက ကိရိယာတစ်ခုကိုကိုင်၍ ဂဏန်း၏ခြေလက်များကို ဖြတ်တောက်သည်၊ ဂဏန်းအခွံကို တူလေးဖြင့်ထုဖွင့်၍ ဂဏန်း၏အစာအိမ်၊ နှလုံးနှင့် အခြားမလိုအပ်သော အစိတ်အပိုင်းများကို ဖယ်ရှားလိုက်ပြီး ဇွန်းရှည်တစ်ချောင်းကို အသုံးပြုကာ ဂဏန်း၏အတွင်းသားများကို ခြစ်ထုတ်လိုက်သည်။ 


 


လင်ချင်းဟယ်၏လက်များကို ပထမဆုံး စေ့စေ့စပ်စပ်ကြည့်ခဲ့စဉ်က ဤလက်ချောင်းများသည် စန္ဒရားတီးရန်သာ ထိုက်တန်သည်ဟု ထင်ခဲ့ဖူးသည်။ ယခုတွင်မူ ဤလက်များက ဂဏန်းကိုလည်း လှလှပပ အခွံနွာနိုင်နေသည်။ 


 


သို့သော် သူ့အာရုံများက သတ္တုဇွန်းပေါ်ရှိ အရောင်တောက်နေသော ဂဏန်းသားများပေါ်သို့ ကျရောက်သွားချိန်၌ စိတ်မထိန်းနိုင်စွာ တံတွေးတစ်ချက်မြိုချလိုက်မိသည်။ 


 


ထောင်ရှီးက သူ့အကြည့်များကို ဂဏန်းမှ လင်ချင်းဟယ်၏မျက်နှာသို့ ပြန်ပို့လိုက်ပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ဝေါင်းဟု အာမေဋိတ်သံပြုလျက် ချီးကျူးထောပနာပြုလိုက်သည်။ 


 


“မင်းက တကယ်အံ့ဩဖို့ကောင်းတယ်…”


 


သူ့မျက်လုံးများက တောက်ပနေပြီး “ ငါစားချင်တယ်” ဟူသော အမူအရာကလည်း ဖုံးကွယ်၍မရအောင် ပေါ်လွင်နေသည်။


 


လင်ချင်းဟယ်က သူ့ချီးမွမ်းစကားကို ပြန်မတုံ့ပြန်။ သူက ဂဏန်းသားများထည့်ထားသော ဇွန်းရှည်ကို ထောင်ရှီး၏မျက်နှာတည့်တည့်၌ ထားလိုက်ပြီး ပြောသည်။ 


 


“ စားကြည့်…”


 


ထိုအခိုက်အတန့်တွင် ထောင်ရှီးမှာ လင်ချင်းဟယ်ကမ်းပေးလာသည့် ဇွန်းထဲက ဂဏန်းသားကို ဒီအတိုင်းသာ စားလိုက်ချင်သော်လည်း လင်ချင်းဟယ် စိတ်ဆိုးသွားမည်ကိုလည်း စိုးရသေးသည်။ နောက်ဆုံးတွင် သူက လင်ချင်းဟယ်ထံမှ ဇွန်းကိုလှမ်းယူလိုက်ပြီး ပြုံးလျက် “ကျေးဇူး” ဟုပြောရင်း ဂဏန်းသားကို ပါးစပ်ထဲထည့်၍ စားလိုက်သည်။ 


 


လင်ချင်းဟယ်က သူ့လက်ကိုပြန်ရုတ်သွားပြီး လက်ချောင်းများကိုကွေးလျက် စားပွဲပေါ် တင်ထားလိုက်သည်။


 


ထောင်ရှီးက အသားကိုမြိုမချခင် လျှာဖျားလေးနှင့် အရင်အရသာခံကြည့်လိုက်သည့်အခါ မျက်ဝန်းများ ကျေနပ်စွာ မှေးမှိတ်သွားပြီး အာမေဋိတ်သံပြုလိုက်သည်။ 


 


“အရမ်းအရသာရှိတယ်…”


 


ထို့နောက်တွင် လင်ချင်းဟယ်က ဒုတိယမြောက် ဂဏန်းအား အခွံထပ်ခွာနေသည်ကို တွေ့လိုက်ရသည်။ 


 


ထောင်ရှီးက လင်ချင်းဟယ်ကို နမူနာယူ၍ ဂဏန်းကိုလိုက်ခွာကြည့်သည်။ သူ တစ်ဝက်လောက်သာ ခွာလို့ပြီးချိန်တွင် လင်ချင်းဟယ်က အခွံခွာပြီးသား ဂဏန်းသားများကို ပန်းကန်တစ်ချပ်ထဲထည့်၍ သူ့ထံသို့ ကမ်းပေးလာပြန်သည်။ ပြီးသော် ဂဏန်းခြေထောက်သားကို ဆက်ခွာနေပြီး သူကိုယ်တိုင်ကမူ လုံးဝမစားပေ။


 


ထောင်ရှီးမှာ ကြောင်အသွားပြီး မေးလိုက်သည်။ 


 


“ မင်းရော မစားတော့ဘူးလား…”


 


လင်ချင်းဟယ်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေသည်။ 


 


“ငါက ဂဏန်းနဲ့မတည့်ဘူး…”


 


ဂဏန်းနဲ့မတည့်ရင် ဘာလို့ သူ့ကို ဒီဆိုင်ခေါ်လာသေးတုန်း။


 


ထောင်ရှီးက မျက်လွှာချကာ လင်ချင်းဟယ် သူ့အတွက် အခွံခွာပေးထားသည့် ဂဏန်းသားများကို ခေါင်းတငုံ့ငုံ့နှင့် စားလိုက်သည်။ သူ့ရင်ဘတ်တွင်းရှိ နှလုံးအိမ်မှာလည်း အရိုင်းဆန်စွာ ခုန်ပေါက်ကာ ဂနာမငြိမ်ဖြစ်လာခဲ့သည်။ 


 


ခံစားချက်မှာ ဖော်မပြတတ်အောင်ပင်။ ထိတ်လန့်ခြင်း၊ ဒွိဟဖြစ်ခြင်းနှင့် အမြစ်တွယ်နေပြီးသာ ချစ်ခြင်းမေတ္တာများကို ခူးဆွတ်ခံလိုက်ခြင်း စသဖြင့် မျိုးစုံနေသည်။ သို့သော်လည်း ဆောင်းရာသီတွင် မျိုးစေ့များကို စိုက်ပျိုးလိုက်သည့်အလား မြေကြီးထဲမှ ဖောက်ထွက်လာရမည်ကို မဝံ့မရဲဖြစ်နေ၏။


 


သူ ဖောက်ထွက်ကြည့်မှ ဖြစ်မည်ထင်၏။


 


ထောင်ရှီးက ကျောင်းကိစ္စအကြောင်း ခဏတဖြုတ် ပြောပြီးနောက်တွင် အခြားအကြောင်းအရာတစ်ခုကို ခေါင်းစဉ်လွှဲလိုက်သည်။  


 


“ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်က တခြားအတန်းက မိန်းကလေးတစ်ယောက်က ငါ့ကို မင်းအတွက် ရည်းစာတစ်စောင်ပေးဖို့ အကူအညီတောင်းသေးတယ်။ ဒါပေမဲ့ ငါငြင်းခဲ့လိုက်တယ်။ မင်းငါ့ကို အပြစ်မတင်ဘူးမလား…”


 


လင်ချင်းဟယ်က ဂဏန်းခွာနေသည်ကို ခဏရပ်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ 


 


“ မင်းကို အပြစ်တင်စရာ ဘာရှိလဲ။ ငါလည်း လက်ခံမှာမှ မဟုတ်တာ…”


 


ထောင်ရှီးက တူကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး လက်ဖဝါးတွင်လည်း ချွေးများစို့လာခဲ့သည်။ သို့တိုင် နောက်ထပ်စကားတစ်ခွန်းကို တည်တည်ငြိမ်ငြိမ်နှင့် ဆက်ပြောလိုက်သည်။ 


 


“ ငါ ထင်သားပဲ။ ပြီးတော့ မင်းမှာ ကြိုက်နေတဲ့လူရှိလားလို့ သူက မေးတော့ ငါလည်း မရှိလောက်ဘူးထင်ပြီး လင်ချင်းဟယ်မှာ ကြိုက်နေတဲ့လူမရှိဘူးလို့ ပြန်ပြောလိုက်တယ်…”


 


သူ ခေါင်းငုံ့ကာ လင်ချင်းဟယ် သူ့အတွက် အခွံနွာပေးထားသည့် ဂဏန်းခြေထောက်သားများကို စားလိုက်သည်။ လတ်ဆတ်ချိုမွှေးသည့်အရသာက သူ့လျှာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ 


 


လင်ချင်းဟယ်က ခဏကြာ တိတ်ဆိတ်သွားပြီး ရုတ်တရတ် ခပ်တိုးတိုးပြောလာသည်။ 


 


“ လိုမှမလိုတော့တာကို…”


 


ထိုအခိုက်အတန့်တွင် တချက်ချက်မြည်နေသည့် နာရီလက်တံများပမာ ထောင်ရှီး၏ဦးနှောက်ထဲ၌ စက်ကိရိယာတစ်ခု၏ တရွေ့ရွေ့လှုပ်ရှားနေသံကို ကြားလိုက်ရသည်ထင်၏။ သို့သော် စက္ကန့်များကုန်လွန်သွားသည့်တိုင် ထိုစကား၏ဆိုလိုရင်းကို သူ သဘောမပေါက်သေးပေ။


 


သူ သူ့လျှာဖျားလေးကို ကိုက်လိုက်သည်။ လျှာဖျားမှနာကျင်မှုက ချိုအီအီ ဂဏန်းခြေထောက်အရသာကို ဖုံးလွှမ်းသွားသည်။ ခဏကြာသော် အမှုမဲ့အမှတ်မဲ့ပုံစံဖြင့် ထပ်မေးလိုက်၏။ 


 


“ လိုမှမလိုတော့တာ ဆိုတာက ဘာကိုပြောချင်တာလဲ…။ မင်းမှာ ကြိုက်နေတဲ့လူ မရှိသေးတာတော့ မှန်တယ်မလား…”


 


သူက နှုတ်ခမ်းစွန်းများကို တွန့်ကွေး၍ပြုံးလိုက်ကာ အတင်းအဖျင်းဆရာကြီး ပိချန်ဖေး၏လေသံအတိုင်း မေးလိုက်သည်။ 


 


“ငါတို့အတန်းထဲက မိန်းကလေးတော့ မဟုတ်ဘူးမလား…”


 


မေးပြီးမှ သူ နောင်တရသွားသည်။ သူ့နှလုံးသားမှာ လက်တစ်ဖက်ဖြင့် ဖိညှပ်ခံလိုက်သည့်အလား လေးလံသည်လည်းမဟုတ်၊ ပေါ့ပါးသည်လည်းမဟုတ်၊ အပေါ်လည်းမတက်၊ အောက်လည်းမဆင်း၊ ဘယ်လည်းမသွား၊ ညာလည်းမသွား အနေအထားဖြင့် မတင်မကျ ရပ်တန့်နေသည်။ 


 


ဂဏန်းအခွံနွာနေသည့် လင်ချင်းဟယ်၏လက်လှုပ်ရှားမှုကပင် သူ့ကို ကြောက်လန့်လာစေသဖြင့် ခေါင်းငုံ့ကာ အစားကိုသာ စားနေလိုက်သည်။ 


 


လင်ချင်းဟယ်၏လက်များက ထပ်မံရပ်တန့်သွားပြန်ပြီး ဂဏန်းခြေထောက်ကို တူဖြင့် တို့ကနန်းဆိတ်ကနန်းစားနေသည့် ထောင်ရှီးကို မျက်လွှာပင့်၍ ကြည့်လိုက်သည်။


 


“ ငါ ပြောချင်တာ အဲ့လိုမဟုတ်ဘူး…”


 


အဲ့တော့ မင်းပြောချင်တာ ဘယ်လိုမျိုးတုန်း…


 


ထောင်ရှီးက “ဪ” ဟုသာ ပြောကာ တူဖြင့် တို့ကနန်းဆိတ်ကနန်း ထိုးဆွနေခြင်းကို ရပ်လိုက်သည်။ ပြီးသော် ဂဏန်းခြေထောက်ကို ကိုင်၍ ရှာလကာရည်ပန်းကန်ထဲ နှစ်လိုက်ကာ ပါးစပ်ထဲသို့ ထည့်ပစ်လိုက်သည်။ သူ့ခံတွင်းတစ်ခုလုံး ချဉ်စုပ်စုပ်အရသာများ ပြည့်လျှံသွားပြီး မျက်လုံးများလည်း ဝေဝါးသွားသည်။ 


 


ဟုတ်သည်၊ မဟုတ်သည်မသိသေးသည့်တိုင် သူ့ရင်ဘတ်တစ်ခုလုံး ချဉ်စူးနေခြင်းကို ရပ်၍မရပါချေ။ 


 


လေထုမှာ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီး ဂဏန်းအခွံကွာသွားသည့် အသံတစ်သံသာ ကြားနေရသည်။ တင်းရင်းနူးညံ့သည့် ဂဏန်းအတွင်းသားများက မီးရောင်အောက်တွင် ပေါ်လာသည်။ 


 


ထောင်ရှီးက စကားလမ်းကြောင်းပြောင်းရန် ကြံလိုက်စဉ် လင်ချင်းဟယ်ထံမှ ရုတ်တရက် စကားဆိုလာသံကို ကြားလိုက်ရသည်။ 


 


“ မင်းကရော…”


 


ဘာကြောင့်ရယ်မသိ သူ့နှလုံးသားက တင်းကြပ်သွားပြီး လင်ချင်းဟယ် မေးလိုသည့်အရာကို ချက်ချင်းနားလည်လိုက်သည်။ သူ ပြုံးကာ ပြောလိုက်၏။ 


 


“ မင်းပဲ ငါ့ကို စောစောစီးစီး မချစ်ရဘူးလို့ ပြောထားတာမဟုတ်လား…။ အဖိုးချောင်ကလည်း ဒီနေ့ငါ့ကို ထပ်ပြောခဲ့တယ်လေ။ အဲ့တော့ ငါ့မှာ စိတ်တောင်မကူးရဲပါဘူး…”


 


လင်ချင်းဟယ်က ဂဏန်းခြေထောက်အသားကို ပန်းကန်ပြားထဲ ထည့်လိုက်ရင်း အသံခပ်ပြတ်ပြတ်နှင့် ပြောလိုက်သည်။ 


 


“ ဆိုတော့ စိတ်ကူးတော့ရှိတယ်ပေါ့…”


 


ထောင်ရှီးမှာ စက္ကန့်အနည်းငယ်ကြာ ပြောစကားမဲ့သွားပြီး လင်ချင်းဟယ်၏ ရှေ့ကစကားအတိုင်း တုပပြီးပြောလိုက်သည်။ 


 


“ ငါ ပြောချင်တာ အဲ့လိုမဟုတ်ဘူး…”


 


မင်းတောင် ငါ့ကို မပြောပြမှတော့ ငါလည်း မင်းကို မပြောပြနိုင်ပါဘူး။


 


သို့သော် သူ အတွက်မှားသွားခဲ့သည်။ 


 


လင်ချင်းဟယ်က လက်ထဲမှ ဂဏန်းအခွံခွာသည့်ကိရိယာကို ချလိုက်ပြီး အနည်းငယ် သုန်သုန်မှုန်မှုန် အကြည့်ဖြင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ထောင်ရှီးကို အကြည့်ချင်းဆုံလိုက်သည်။ ထို့နောက် လေသံကိုလျှော့လျက် ပြောသည်။ 


 


“ ဟွမ်းချင်လား…”


 


ထောင်ရှီးမှာ လန့်ဖျပ်သွားပြီး လင်ချင်းဟယ်ကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ကာ မျက်တောင်များလည်း တုန်ယင်နေတော့သည်။ 


 


သို့ပေသည့် သူ၏တုံ့ပြန်မှုကြောင့် လင်ချင်းဟယ်၏မျက်လုံးများက ပိုမိုနက်မှောင်သွားပြီး ဂဏန်းခြေထောက်သားကိုပင် သူ့အတွက် လှမ်းပေးမလာတော့ချေ။ 


 


ထောင်ရှီးက ပလုတ်တုတ်အရုပ်အလား ခေါင်းကို တသွင်သွင်ခါယမ်းလိုက်ပြီး ဆွံ့အစွာပြောလိုက်သည်။ 


 


“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟွမ်းချင်က စာလေ့လာဖို့လောက်ပဲ စိတ်ဝင်စားတာ ဟုတ်ပြီနော်…”


 


လင်ချင်းဟယ်၏မျက်နှာမှာ ပြန်လည်ကြည်လင်သွားခြင်း မရှိသေးဘဲ အသံကလည်း ပို၍အက်ရှလာသည်။


 


“ မင်းက သူ့အကြောင်းတော်တော် သိနေတဲ့ပုံပဲ...”


 


‌ထောင်ရှီးမှာ မျက်လုံးများမှေးကျဉ်းသွားသည်။ လင်ချင်းဟယ်က ဟွမ်းချင်အပေါ် အမြင်မကြည်၍ဖြစ်နိုင်ကြောင်း ရုတ်တရက် သတိရသွားကာ မနေနိုင်စွာ ပြောလိုက်သည်။


 


“ လင်ချင်းဟယ်၊ နှစ်ဝက်စာမေးပွဲနီးလာလို့ မင်း စိုးရိမ်စိတ်တွေဝင်နေတာလား…။ တကယ်တော့ မင်း စိုးရိမ်စရာမလိုပါဘူး။ မင်းက စာမေးပွဲမှာ ဟွမ်းချင်ထက် ပိုဖြေနိုင်မှာပါ။ ပထမနေရာကို မင်းပဲ ဗိုလ်စွဲမှာ ငါမင်းကိုယုံတယ်…”


 


သို့သည့်တိုင် အားပေးမှုက အကျိုးသက်ရောက်မှုရှိပုံ မရပေ။ လင်ချင်းဟယ်က ဂဏန်းခြေထောက်ပန်းကန်ကို ပေးမလာသေး။ ထို့အစား နှုတ်ခမ်းစွန်းများ တွန့်၍ပြုံးလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။ 


 


“ စိုးရိမ်ရမှာက မင်းမဟုတ်ဘူးလား…”


 


လေသံမှာ အလွန်ငေါ့တော့တော့ နိုင်နေသည်။


 


ထောင်ရှီးမှာ စိတ်ဓာတ်ကျကာ ပုခုံးများပင် ကျုံ့ဝင်သွားပြီး မကျေမနပ်လေသံဖြင့် စောဒက တက်လိုက်လေသည်။ 


 


“ ညစာစားနေတုန်းကို မင်းက ဘာလို့ နှစ်ဝက်စာမေးပွဲအကြောင်း ပြောရတာလဲ…။ ငါ စိုးရိမ်စိတ်တွေ ဝင်လာလို့ ဂဏန်းတောင်စားချင်စိတ်မရှိတော့ဘူး…”


 


ဤသည်မှာ သူခိုးက လူပြန်ဟစ်လိုက်ခြင်းပင်။


 


လင်ချင်းဟယ်၏မျက်ခုံးများက ပိုလို့ပင် တွန့်ချိုးသွားသည်။ သူက ဂဏန်းခြေထောက်ထည့်ထားသော ပန်းကန်ကိုကိုင်၍ ထောင်ရှီး၏ရှေ့တည့်တည့်တွင် ချပေးလိုက်ပြီး ယတိပြတ် ရာဇသံပေးလိုက်သည်။ 


 


“ မင်း ငါ့အတွက် စားကိုစားရမယ်…”


 


ဤသို့ဖြင့် ရှိုးတိုးရှန့်တန့် လေထုအနေအထားမှာလည်း ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။ 


 


______________________