အပိုင်း ၃၁
Viewers 8k

Chapter-31-1


 


ဟွမ်ချင်း၏အကြောင်းအရာမှစ၍ လင်ချင်းဟယ်က ဒေါသထွက်သွားပြန်သည်ကို ထောင်ရှီး သတိထားမိလိုက်သည်။


 


လင်ချင်းဟယ်က မှုန်ကုပ်ကုပ်မျက်နှာထားအတိုင်း ရှိနေဆဲဖြစ်ပြီး စကားတစ်ခွန်းမှ မဆိုတော့သော်ငြား လက်နှစ်ဖက်ကမူ သူ့အတွက် ဂဏန်းများကို ဆက်လက်ခွာပေးနေသည်။ သူကိုယ်တိုင်ကမူ ဆန်ပြုတ်နှင့် အရံဟင်းအနည်းငယ်သာ စားသောက်သည်။ 


 


ထောင်ရှီးက လင်ချင်းဟယ် သူ့အတွက်ပြင်ပေးထားသည့် ဂဏန်းများကိုစားရင်း သူ့ရင်ထဲဝယ် ချဉ်တစ်လှည့်၊ ချိုတစ်လှည့် ပူဖောင်းများ အဆက်မပြတ် ထွက်ပေါ်နေ၏။ သို့တိုင် ထိုပူဖောင်းများကို သူ ထပ်မဖောက်ရဲတော့ပါချေ။                                                                                                   


ချိုမြိန်ကာ ဒွိဟဖြစ်ဖွယ်ကောင်းသော်လည်း ကြောက်စရာလည်းကောင်းလှသည်။ 


 


သူ့ကိုယ်သူ အရူးဖြစ်ခံရမည်ဆိုလျှင်တောင် ထိုချိုမြိန်မှုလေးထဲတွင် မျက်လုံးစုံမှိတ်ကာ နစ်မြှုပ်နေချင်မိသည်။ 


 


လင်ချင်းဟယ်နှင့်အတူ စားသောက်ဆိုင်ထဲမှ ပြန်ထွက်လာကြချိန်၌ ထောင်ရှီးက ခြေလှမ်းကို တမင်နှေးကွေးစွာ လျှောက်လာသည်။ အကြောင်းမှာ သူ မကြာခင် ဝမ်းဟွာ အ.ထ.က(၁)ကျောင်းသို့  ပြန်ရတော့မည်ဖြစ်သောကြောင့်ပင်။ 


 


သူ လင်ချင်းဟယ်နှင့် မခွဲခွာချင်သေးပေ။


 


လင်ချင်းဟယ်ကလည်း သူ့ခြေလှမ်းများကို အရှိန်လျှော့လိုက်သည်။


 


စင်္ကြလမ်းဘေးရှိ ရေကန်ထဲတွင် ကြာပန်းပုံမီးသီးများကို ထွန်းညှိထားပြီး မလှမ်းမကမ်းရှိ နားခိုစရာတဲလေးအတွင်းမှ ဆူညံသံတစ်ချို့ကို ကြားနေရသည်။ ညကောင်းကင်သည် ကန်ရေပြင်ကဲ့သို့ပင် ချောမွေ့ကြည်လင်နေပြီး လခြမ်းကွေးကွေးလေးမှာလည်း ကန်ရေပြင်ထဲတွင် နစ်မြှုပ်နေသယောင်။ 


 


ရေကန်ပတ်ဝန်းကျင်က လွန်စွာတိတ်ဆိတ်နေပြီး လူသွားလူလာများ၏ခြေသံများသာ ပဲ့တင်ထပ်နေသည်။


 


ထောင်ရှီးက ခေါင်းလေးအသာငုံ့ကာ လင်ချင်းဟယ်၏အရိပ်ကို လိုက်နင်းရင်း ခပ်ဖြည်းဖြည်း လျှောက်လာသည်။


 


တကယ်လို့ အရိပ်ကိုလိုက်နိုင်ရင် လူကိုရောအနားမှာထားနိုင်မှာလား။


 


ထောင်ရှီးက တောင်စဉ်ရေမရတွေးရင်း လျှောက်လာသည့်အတွက် လင်ချင်းဟယ်က ရုတ်တရက် ခြေလှမ်းရပ်လိုက်သည့်အခါ တစ်ဖက်လူ၏နောက်ကျောကို အမှုမှတ်အမှတ်မဲ့ တိုက်မိသွားလေသည်။ 


 


“ တောင်းပန်ပါတယ်...” ထောင်ရှီးက နှာခေါင်းကိုအသာပွတ်ရင်း လင်ချင်းဟယ်ကို စိတ်ညစ်ညူးစွာ ပြောလိုက်သည်။


 


လိုက်ခွင့်မပြုဘူးပေါ့ ဟမ်။


 


ဒါပေမဲ့ သူများ အရိပ်ကိုလိုက်နင်းတာက ဥပဒေချိုးဖောက်မှုမှ မဟုတ်တာ။


 


လင်ချင်းဟယ်က ရုတ်တရက် လှည့်လာကာ သူ့ဘယ်လက်ကောက်ဝတ်ကို  ဆုပ်ကိုင်လိုက်သည်။ ထောင်ရှီး၏ဘယ်လက်မှာ ရုတ်ခြည်း တုန်ရီလို့သွားသည်။ သူ အသက်ပြင်းပြင်းရှိုက်၍ လင်ချင်းဟယ်ကို ခေါင်းစောင်းလျက် မော့ကြည့်လိုက်သည်။ စင်္ကြံလမ်းပေါ်တွင် မီးအလင်းရောင် မှိန်ဖျော့ဖျော့သာ လင်းနေသည်။ လင်ချင်းဟယ်က မျက်လွှာချလျက် ထောင်ရှီးကို ငုံ့မိုး၍ ကြည့်နေသောကြောင့် သူ၏နက်စွေးစွေးမျက်ဝန်းများမှာ ကန်ရေပြင်မှ မီးရောင်၊ လရောင်တို့နှင့်အတူ အရောင်များ လှုပ်လိလှုပ်လဲ့ဖြစ်နေသည်။ 


 


ထိုအရောင်လဲ့လဲ့မျက်ဝန်းများက သူ့အား ရင်ဖိုစိတ်လှုပ်ရှားစေ၏။ 


 


လင်ချင်းဟယ်က သူ့ကို အနားသို့ဆွဲခေါ်လိုက်ပြီး ခပ်တိုးတိုးအသံဖြင့် ပြောသည်။ 


 


“ ငါ့ဘေးနားက လာလျှောက်…”


 


အမြဲတမ်း ငါ့နောက်ကျောကိုပဲ ကြည့်နေစရာမလိုပါဘူး။


 


ထောင်ရှီး၏မျက်ဝန်းများ တုန်ရီလို့သွားသည်။ လင်ချင်းဟယ်က သူ့လက်ကောက်ဝတ်ကို ပြန်လွှတ်ပေးလိုက်သည့်တိုင် နွေးထွေးသော အထိအတွေ့လေးက ပျောက်ကွယ်သွားခြင်းမရှိသေးဘဲ သူ့နှလုံးသားထဲသို့ နေရာအကြားအလပ်မရှိ ခလောက်ဆန် မွှေနှောက်သွားလေ၏။ 


 


လင်ချင်းဟယ် တစ်နည်းအားဖြင့် နူးညံ့သောလရောင်လေးကို ယနေ့ည အလွှတ်ပေးနိုင်ပါ့မလားကိုတောင် ရုတ်တရက် သူကိုယ်တိုင်ပင် မပြောနိုင်တော့ချေ။ 


 


နှစ်ယောက်သားက နားလည်မှုကိုယ်စီနှင့် စကားတစ်ခွန်းမှမပြောဘဲ ဘေးချင်းယှဉ်‌လျက် လျှောက်လာခဲ့ကြရာ ရေကန်တစ်လျှောက်ရှိ စင်္ကြလမ်းလေးအဆုံးမှ မီးထိန်ထိန်လင်းနေသောခန်းမကျယ်သို့ ပြန်ရောက်လာခဲ့ကြသည်။ ထောင်ရှီးမှာ အနည်းငယ် နေရခက်နေဆဲဖြစ်သောကြောင့် သူ့လက်ကိုမြှောက်၍ မျက်လုံးနှစ်ဖက်ကို ဖိပွတ်လိုက်သည်။ 


 


ဤဂဏန်းဟင်းလျာစားသောက်ဆိုင်က အလွန်နာမည်ကြီးလေသည်။ အချိန်မှာ အတော်ပင်လင့်နေပြီဖြစ်သော်ငြား ဧည့်ကြိုခန်းမကျယ်ထဲတွင် ထိုင်ခုံနေရာရရန် တန်းစီစောင့်နေကြသူ အများအပြားရှိနေသေးသည်။


 


လင်ချင်းဟယ်က သူ့အား သီးသန့်ခန်းသို့ တိုက်ရိုက်ခေါ်သွားသည်ကို ထောင်ရှီး ရုတ်တရက် သတိရသွားသည်။ ဤသို့ဆိုလျှင် ထိုင်ခုံနေရာအတွက် ကြိုတင်စာရင်းပေးထားဖို့ လိုသည်မဟုတ်လား။


 


မည်သို့ပင်ဆိုစေကာမူ လင်ချင်းဟယ်က ချောင်အိမ်တွင် သူနှင့် အမှတ်မထင် တွေ့ဆုံသည့်ပုံစံဖြင့် ညစာစားရန် စားသောက်ဆိုင်သို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ 


 


သူ့စိတ်ထဲတွင် နက်နဲသောမှန်းဆချက်တစ်ခု ပေါက်ဖွားလာခဲ့၏။ ၎င်းကို တွေးလိုက်ရုံဖြင့်ပင် ရင်တွင်း၌ မီးရှူးမီးပန်းများပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး ဦးနှောက်များလည်း ထုံထိုင်းသွားသည်။


 


ဒါပေမယ့် သူ ထပ်ပြီး အထင်မှားတာပဲနေမှာပါလေ။


 


ထောင်ရှီးက ဘေးမှ လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်ပြန်သည်။ သူ၏ ဂနာမငြိမ်ဖြစ်နေသော နှလုံးသားက နောက်တစ်ကြိမ် ရှေ့ဆက်တိုးကြည့်ရန် အဆက်မပြတ် တိုက်တွန်းနေသည်။ ထောင်ရှီးက ပါးစပ်ဟကာ တစ်ခုခုမေးရန်ပြင်လိုက်စဉ်တွင် ရင်းနှီးနေသောအသံတစ်သံကို ကြားလိုက်ရသည်။


 


“ ချင်းဟယ်ကော ၊ ဒီကို ဘယ်လိုရောက်နေတာလဲ။ အမ်… ထောင်ရှီးလည်း ပါတာလား...”


 


မလှမ်းမကမ်းရှိ လမ်းတစ်ဖက်တွင် ယန်သောလဲ့က မစ်တီးတစ်ခွက်ကိုင်ကာ လျှောက်လာပြီး အနောက်တိုင်းဝတ်စုံပြည့်နှင့် သားရေဖိနပ်စီးထားသည့် ယန်ကျန်းမင်က သူ့အနောက်မှ လိုက်လာသည်။ ကျယ်ဝန်းသော ဧည့်ကြိုခန်းမထဲတွင် ယန်ကျန်းမင်က အရုပ်ကောက်စက်မှ ကောက်လာသော အရုပ်တစ်ချို့ကို ကိုင်ထားသည်။ သိသာစွာပင် ယန်သောလဲ့နှင့်အတူ အရုပ်ကူကောက်ပေးခဲ့ခြင်းဖြစ်မည်။ 


 


သားအဖနှစ်ယောက်က သူတို့ရှိရာသို့ လျှောက်လာကြကာ လင်ချင်းဟယ်ကို ယန်ကျန်းမင်က ပြုံး၍နှုတ်ဆက်သည်။ ထို့နောက် ဘေးမှ ထောင်ရှီးထံသို့ အကြည့်ရောက်သွားသည့်တစ်ခဏ သူ အံ့ဩတကြီးဖြစ်သွားရသည်။ အတန်ငယ်ကြာမှ သူက ယဉ်ကျေးစွာ ပြုံးပြလာကာ လင်ချင်းဟယ်အား မေးလိုက်သည်။ 


 


“ ချင်းဟယ် ၊ အတန်းဖော်နဲ့အတူ ညစာလာစားတာလား...”


 


လင်ချင်းဟယ်မှာ သူ့ဘေးကလူက စိတ်အခြေအနေဆိုးယုတ်သွားသည်ကို ချက်ချင်း သတိထားမိလိုက်သည့်အတွက် ထောင်ရှီး၏မျက်နှာကို လှည့်ကြည့်လိုက်ရာ ထိုလူက မျက်လွှာချကာ သူ့အနောက်သို့ အနည်းငယ် ပုန်းကွယ်လိုက်သည်ကို မြင်လိုက်ရသည်။ သူက ခေါင်းညိတ်ကာ ယန်ကျန်းမင်အား ပြန်နှုတ်ဆက်လိုက်သည်။ 


 


 “ ဦးလေးယန်...”


 


ထို့နောက် သူနှင့်ထောင်ရှီးကို တစ်လှည့်စီကြည့်နေသည့် ယန်သောလဲ့ထံ အကြည့်ရောက်သွားပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


 


“ ဘာလို့ ဆေးရုံကဆင်းဆင်းချင်း အပြင်တွေ လျှောက်ထွက်နေတာလဲ…”


 


ယန်​သောလဲ့၏ခွဲစိတ်မှုမှာ မပြင်းထန်သောကြောင့် တစ်ပတ်မပြည့်ခင် ဆေးရုံမှဆင်းခဲ့ရသည်။ သို့သော်လည်း လော်ကျန်းယင်းနှင့်သူ့အဘိုးအဘွားများ၏ သဲသဲလှုပ်ပုံအရ ယန်သောလဲ့ကို အိမ်ထဲမှထွက်ခွင့်ပေးဦးမည် မဟုတ်ချေ။


 


ယန်သောလဲ့က ထောင်ရှီးကို ဖျတ်ခနဲ ထပ်ကြည့်လိုက်ပြီး လင်ချင်းဟယ်အား ပြန်အထွန့်တက်လိုက်သည်။ 


 


“ ငါ ဆေးရုံမှာတုန်းကလည်း ဟိုဟာစားမရ၊ ဒီဟာစားမရနဲ့ အသက်ရှူတောင်ကြပ်တယ်။ အိမ်ပြန်ရောက်တော့လည်း လူမမာစာတွေချည်းစားနေရတာ။ ဒီလောက်ရက်အကြာကြီးထိ အောင့်အည်းထားပြီး ဒီနေ့မှ ဂဏန်းစားဖို့ အခွင့်အရေးလေးရလို့ လစ်ထွက်ခဲ့တဲ့ဟာကို…” 


 


ထိုစကားကိုကြားသော် ယန်ကျန်းမင်က ကူကယ်ရာမဲ့သလိုပြုံးကာ ပြောလာသည်။ 


 


“ အရင်ကတော့ ငါ သူ့ကိုရှာတိုင်း အမြဲထွက်ပြေးနေတာ။ ခုလို အချိန်ကျမှ ဖအေကို သတိရတတ်တာလေ။ တကယ်နှလုံးသားမဲ့တဲ့ဟာလေး…”


 


သူက သားဖြစ်သူကို ဆူပူလိုက်ခြင်းဖြစ်သည့်တိုင် သူ့လေသံထဲတွင် အလိုလိုက်ခြင်းများ ပါဝင်နေ၏။


 


ယန်သောလဲ့က ယန်ကျန်းမင်ကို စူးခနဲကြည့်လိုက်သည်။ 


 


“အဖေ့လောက် ဘယ်သူက နှလုံးသားမဲ့ဦးမှာလဲ…”


 


သူတို့သားအဖနှစ်ယောက်မှာ သူကလေးဘဝတုန်းက ခပ်ခွာခွာသာနေခဲ့ကြသော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ ယန်ကျန်းမင်က သားဖြစ်သူနှင့်ရင်းနှီးအောင် ကြိုးစားယူခဲ့သောကြောင့် သားနှင့် အ‌ဖေက ပို၍ဆက်သွယ်ဖြစ်လာကြသည်။ 


 


ယန်ကျန်းမင်က ယန်သောလဲ့၏အရိုအသေတန်သည့် စကားကို စိတ်ဆိုးခြင်းမရှိဘဲ အပြုံးမပျက်ခံယူလိုက်သည်။


 


လင်ချင်းဟယ်က ထောင်ရှီးအနေခက်မှာစိုးသည့်အတွက် ထိုသူနှစ်ဦးရှေ့မှ မြန်မြန်ထွက်ခွာရန်ပြင်လိုက်သည်။ သူ သားအဖနှစ်ယောက်ကို နှုတ်ဆက်မည်ပြုစဉ် ယန်ကျန်းမင်က တစ်လျှောက်လုံး တိတ်ဆိတ်နေသည့်ထောင်ရှီးကို လှမ်းနှုတ်ဆက်လိုက်သည်။


 


“ ထောင်ရှီး၊ အရင်တစ်ခေါက်က လဲ့လဲ့ကို လက်ဆောင်ယူသွားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”


 


ထောင်ရှီးက အနောက်တိုင်းဝတ်စုံပြည့်နှင့် မလိုက်မဖက်ဖြစ်နေသော ယန်ကျန်းမင်၏လက်ထဲမှ အရုပ်များကို မျက်လွှာပင့်၍ ကြည့်လိုက်သည်။ အရုပ်များမှာ အလွန်လှပပြီး လက်ရာမြောက်ကာ ကလေးတိုင်းအနေနှင့် မိဘများထံမှ ပူဆာလိုကြသော အရုပ်အမျိုးအစားများလည်း ဖြစ်သည်။ 


 


သူက နှုတ်ခမ်းစွန်းများကို ကွေးညွှတ်၍ ပြုံးလိုက်ပြီး ယန်ကျန်းမင်ကို ယဉ်ကျေးစွာပြောလိုက်သည်။ 


 


“ ရပါတယ်။ ဦးလေးယန်…”


 


ယန်သောလဲ့က ထောင်ရှီးကိုတစ်လှည့် ယန်ကျန်းမင်ကိုတစ်လှည့်ကြည့်ရင်း သူ့နှလုံးသားထဲမှ ကသိကအောက်ဖြစ်မှုက ပို၍ပြင်းထန်လာခဲ့သည်။ သူက နှုတ်ခမ်းကိုတင်းစေ့ပစ်လိုက်ပြီး လင်ချင်းဟယ်ကို မေးခွန်းလှမ်းထုတ်သည်။  


 


“ ချင်းဟယ်ကော၊ မင်းက ဂဏန်းနဲ့မတည့်ဘူးမဟုတ်လား။ ဘာလို့ ဒီကိုရောက်နေတာလဲ...”


 


သူ့လေသံထဲတွင် ဝေခွဲရခက်ခြင်းများနှင့်အတူ မကျေနပ်ချက်များလည်းပါဝင်နေသည်။


 


ငယ်စဉ်ကတည်းက ယန်သောလဲ့မှာ ဤရာသီရောက်တိုင်း ဂဏန်းဟင်းလျာဆိုင်သို့လိုက်ပို့ရန် လင်းချင်းဟယ်အား မကြာခဏပူဆာခဲ့သည်။ လင်မိသားစုတွင် အစားစားရင်း စကားပြောလေ့ပြောထမရှိသည့်အတွက် လင်ချင်းဟယ်နှင့်အတူ စားသောက်သည်မှာ ပျင်းစရာကောင်းလှသော်လည်း လင်ချင်းဟယ်က ဂဏန်းအခွံခွာရာ၌ အလွန်တော်ကြောင်း သူ သိထားသည်။ 


 


သို့သည့်တိုင် သူဘယ်လောက်ပူဆာပါစေ လင်ချင်းဟယ်က လုံးဝသဘောမတူခဲ့ပေ။


 


ဒါပေမယ့် အခုကျတော့ ဘာလို့လာရတာလဲ။ ထောင်ရှီးပါ ပါသေးတယ်။


 


လင်ချင်းဟယ်က တိုတိုရှင်းရှင်းပင် ပြောလိုက်သည်။


 


“ငါ ထောင်ရှီးကို ညစာစားလိုက်ကျွေးတာ။ အဲ့ဒါကြောင့် သူ့ကို ဒီခေါ်လာတာ...”


 


ယန်သောလဲ့က ဘဝင်မကျစွာ မျက်မှောင်ကြုတ်သည်။


 


ယန်ကျန်းမင်က ပြုံးရင်း လင်ချင်းဟယ်ကိုမေးလိုက်သည်။ 


 


“ ဒီက သီးသန့်ခန်းတွေက ရဖို့မလွယ်ဘူး။ မင်းဘယ်အချိန်ကတည်းက ကြိုယူထားတာလဲ...”


 


လင်ချင်းဟယ်က ပြန်ဖြေသည်။ 


 


“အရင်တစ်ပါတ် တနင်္ဂနွေနေ့က...”


 


ထောင်ရှီး၏မျက်တောင်များ သိမ့်ခနဲ တုန်ယင်သွားပြီး လင်ချင်းဟယ်ကို ရုတ်ခြည်းလှည့်ကြည့်လိုက်သည်။ ထိုအခါ လင်ချင်းဟယ်က အရေးမစိုက်သလိုမျက်နှာထားဖြင့် ယန်သောလဲ့နှင့် ယန်ကျန်းမင်အား သာမန်ကာလျှံကာ ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်။


 


 “နောက်လည်းကျနေပြီ။ ကျွန်တော် ထောင်ရှီးကို ပြန်လိုက်ပို့လိုက်ဦးမယ်။ ခွင့်ပြုပါဦး…”


 


လင်မိသားစုမှသခင်လေးမှာ သူ့အမေကဲ့သို့ပင် သူ့ကိုသိပ်အမြင်မကြည်ကြောင်း ယန်ကျန်းမင် သိထားသဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။  


 


“ ငါတို့ရဲ့ ရုပ်ရှင်လည်း ခုနနေ စတော့မယ်။ ဆိုတော့ နောက်ကြုံမှ မင်းနဲ့မင်းအမေကို ညစာဖိတ်ကျွေးပါဦးမယ်…”


 


လင်ချင်းဟယ်က ဝတ်ကျေတန်းကျေသာ တုံ့ပြန်လိုက်သည်။


 


ထောင်ရှီးမှာ ထိုနှစ်ယောက်ကို နှုတ်ဆက်စကားပြောရန်ပင် အချိန်မရလိုက်။ လင်ချင်းဟယ်က သူ့ကို လက်မောင်းမှကိုင်ကာ ဝင်ပေါက်တံခါးသို့ ခပ်သွက်သွက် ဆွဲခေါ်သွားသည်။ 


 


လင်ချင်းဟယ်က ဤနေရာမှ အမြန်ထွက်ခွာပြီး အိမ်ပြန်ရန်အလျင်လိုနေခြင်းဖြစ်မည်ဟု ထောင်ရှီး ထင်လိုက်ကာ လင်ချင်းဟယ်၏အနောက်မှ တိတ်ဆိတ်စွာ အမှီလိုက်လာခဲ့သည်။


 


လရောင်က မှုန်ရီမှိုင်းနေသော်ငြား လင်ချင်းဟယ်က သူတို့လာခဲ့စဉ်က ကားပါးကင်သို့ သွားနေခြင်းမဟုတ်ကြောင်း ထောင်ရှီး သတိပြုမိလိုက်သည်။ သူက မလှမ်းမကမ်းရှိ ဓာတ်မီးတိုင်အောက်သို့ ဆွဲခေါ်လာခဲ့ခြင်းပင်။ ဓာတ်မီးတိုင်မှ အဝါတောက်တောက် မီးရောင်သည် နှင်းခါးရောင်ဖန်မီးသီးကိုဖြတ်လျက် တောက်ပစွာ ဖြာကျနေသည်။  


 


ထောင်ရှီးမှာ သူ့ကို မျက်လုံးချင်းဆုံ၍ အလေးအနက်ကြီး ငုံ့မိုးကြည့်နေသော လင်ချင်းဟယ်ကို ဝေခွဲမရဟန်ဖြင့် ကြည့်လိုက်သည်။ 


 


အကြင်လူက သူ့စိတ်အခြေအနေကို မျက်လုံးများမှတစ်ဆင့် မြင်အောင် ကြည့်လိုနေသည့်အလား။


 


ထောင်ရှီး၏နှလုံးသားက တင်းကြပ်သွားသည်။ သူ နာခံစွာ မေးကိုမော့လိုက်ပြီး နှုတ်ခမ်းစွန်းများကို‌ ကွေးညွှတ်ကာ တစ်ဖက်လူနှင့်အကြည့်ချင်းဆုံလိုက်သည်။ အဝါတောက်တောက်မီးအလင်းရောင်ကြောင့် သူ့မျက်တောင်ရှည်များ၏အရိပ်က မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။


 


သူက ပုံမှန်အတိုင်းပင် လင်ချင်းဟယ်ကို ​မေးလိုက်သည်။ 


 


“ဘာဖြစ်လို့လဲ...”


 


လင်ချင်းဟယ်က သူ့မျက်လုံးများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေဆဲ။ နှစ်ဦးသားကြား အကွာအဝေးမှာ အလွန်နီးကပ်နေသောကြောင့် ထောင်ရှီးမှာ အသက်မျှင်းမျှင်းသာ ရှူရဲပြီး သူ့မျက်နှာပေါ်မှအပြုံးကိုလည်း ဆက်လက်ထိန်းထားရန် ခက်ခဲလာသည်။


 


ထောင်ရှီးက မျက်တောင်များကို ပုတ်ခတ်လိုက်သည်။ ထို့နောက် လက်ကိုဆန့်၍ သူ့မျက်နှာကိုစမ်းကြည့်ကာ စနောက်လိုက်သည်။ 


 


“ငါ့မျက်နှာပေါ်မှာ တစ်ခုခုပေနေလို့လား...”


 


လင်ချင်းဟယ်က အသံတိုးဖွဖွနှင့် မေးလာသည်။ 


 


“ ယန်သောလဲ့ကိုတွေ့ရင် ဘာဖြစ်လို့ဝမ်းနည်းသွားတာလဲ...”


 


သူ့အသံက လရောင်ထက်ပင် ပို၍နူးညံ့ပျော့ပျောင်းနေပြီး အရှေ့မှလူကို တစ်ခုခုထုတ်ပြောလာရန် ချော့မြှူနေသကဲ့သို့ပင်။ ‌


 


ထောင်ရှီး၏ ရုတ်ခြည်းဆန်စွာ စိတ်အခြေအနေ ဆိုးရွားသွားမှုများက ယန်သောလဲ့နှင့် ပတ်သက်နေကြောင်းကို သူ သတိထားမိခဲ့သည်။ 


 


မျက်နှာကို ကိုင်နေသည့် ထောင်ရှီး၏လက်များက တုံ့ခနဲရပ်တန့်သွားသည်။ သူ့မျက်တောင်များက အပြင်းအထန် တဖျပ်ဖျပ်တုန်ရီလာကာ ရင်ဘတ်တစ်ခုလုံးလည်း တင်းကြပ်ပြီး နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။ 


 


ထိုအချိန်တွင် သူ ကတိပေးထားသည့်အတိုင်း သန်မာပြီး စိတ်နှလုံးကောင်းရှိသည့်လူ မဖြစ်နိုင်သေးဟု ရုတ်တရက် ခံစားလိုက်ရ၏။ သူ ဘာကိုမှဂရုမစိုက်ဘဲ လင်ချင်းဟယ်ကို အရာအားလုံးပြောပြကာ သူ့ကိုဖက်ပြီး ပုခုံးထက်မျက်နှာအပ်ရင်း ငိုကြွေးပစ်လိုက်ချင်သည်။


 


သို့သော်လည်း ထောင်ရှီးက ခဏကြာတိတ်ဆိတ်နေအပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ 


 


“ ငါ ငါ့ညီမလေးကိုသတိရမိသွားလို့ပါ။ သူ့နာမည်ကလည်း လဲ့လဲ့ပဲလေ။ သူလည်းနေမကောင်းဖြစ်နေတာ။ ငါ ညီမလေးကို အရမ်းလွမ်းသွားလို့…”


 


သူက လင်ချင်းဟယ်ကို ပြုံးကြည့်ရင်း တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ 


 


“ကံကောင်းလို့၊ ကျောင်းကငါ့အတွက် ပိုက်ဆံအများကြီးပေးတယ်လေ။ အဲ့ဒီတော့ သူ့အတွက် ဆေးစရိတ်ထောက်ပံ့နိုင်တာပေါ့...”


 


ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း သူ့မျက်တောင်များက တသိမ့်သိမ့်တုန်ယင်နေသည်ကို ကိုယ်တိုင်ပင် သတိပြုမိပုံမပေါ်ပါချေ။


 


လင်ချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ ထောင်ရှီးလိမ်ပြောနေမှန်း သူ သိသည်။ သူ့အရှေ့တွင် ပြုံးနေသူကိုကြည့်ရင်း သူ့နှလုံးသားကို မမြင်နိုင်သော အပ်တစ်ချောင်းဖြင့် ထိုးဆွနေသည့်အလား ခံစားလိုက်ရသည်။


 


ဤကဲ့သို့ နာကျင်မှုမျိုးကို သူ ယခင်ကမခံစားဖူးသော်လည်း ဤအရာက စိတ်ထိခိုက်ဝမ်းနည်းမှုဖြစ်ကြောင်းကို သူသိသည်။ 


 


ဤဟန်ဆောင်အပြုံးလေးကြောင့် ဖြစ်ပေါ်လာခြင်းပင်။ 


 


ထိုစဉ်အချိန်က ဤအပြုံး၏နောက်ကွယ်တွင် နာကျင်မှုနှင့်ခံပြင်းမှုများ မည်မျှပင် ပုန်းကွယ်နေသလဲကို သူ မသိခဲ့။ ထို့အတူ သိသွားသည့်တစ်နေ့တွင်လည်း သူ့နှလုံးသားက မည်မျှပင် နာကျင်ရလိမ့်မည်လဲကို သူ မသိခဲ့ပါပေ။

The Moon Is Coming To Me 


Chapter-31.2


ထောင်ရှီးက လင်ချင်းဟယ်၏အကြည့်ကို ကြာကြာရင်မဆိုင်နိုင်တော့ချေ။ သူ မျက်နှာလွှဲလိုက်ပြီး အရေးတကြီးကိစ္စရှိသည့်ပမာ လောဆော်လိုက်သည်။


“ မင်း အိမ်ပြန်ဖို့အလျင်လိုနေတာ မဟုတ်လား။ အချိန်လည်း တော်တော်လင့်နေပြီ။ ငါလည်း အိမ်စာတွေရေးစရာ ရှိသေးတယ်...”


သူက လင်ချင်းဟယ်နှင့် အတူတူထပ်နေချင်သေးသော်လည်း ယခုမူ ဆက်နေနိုင်စွမ်းမရှိတော့။


“ ပြန်ရောက်ရင် ငါ့ဆီကကူးလိုက်...”  လင်ချင်းဟယ်က ပြောရင်းဆိုရင်းနှင့် ထောင်ရှီး၏လက်ကောက်ဝတ်ကိုဆွဲကာ ခန်းမထဲသို့​ ဦးဆောင်၍ခေါ်သွားပြန်သည်။


လင်ချင်းဟယ်က ဘာလုပ်ချင်နေပြန်မှန်းမသိသဖြင့် ထောင်ရှီးမှာ ရုန်းကန်ခြင်းမပြုဘဲ နာခံစွာသာ ခန်းမထဲသို့ လိုက်လာခဲ့သည်။


လင်ချင်းဟယ်က သူ့ကို အရုပ်ကောက်စက်ရှေ့သို့ ခေါ်လာသည့်အခါ ထောင်ရှီးမှာ အံ့အားသင့်မှုကို ထိန်းချုပ်မထားနိုင်တော့ပေ။ သူ မျက်လုံးအပြူးသားနှင့် လင်ချင်းဟယ်ကိုကြည့်လိုက်ပြီး ဘာပြောလို့ပြောရမည်မသိ ဆွံ့အသွားသည်။


လင်ချင်းဟယ်က အပြာနှင့်ပန်းရောင် အရုပ်ကောက်စက်များဘက်သို့ ဆွဲခေါ်လာရခြင်းကို အနည်းငယ် ရှက်နေပုံပေါ်ပြီး တုံးတိတိ စကားတစ်ခွန်းသာပြောလာသည်။


“ ငါ့ကိုဒီမှာစောင့်နေ...”  ပြောပြီးသည်နှင့် သူက ဂိမ်းဆော့ဖို့အတွက် ဒင်္ဂါးများလဲလှယ်ရန် မျက်နှာချင်းဆိုင်က ကောင်တာသို့ ထွက်သွားသည်။


ထောင်ရှီးမှာ လင်ချင်းဟယ်၏နောက်ကျောကို မလှုပ်မယှက်ငေးကြည့်ရင်း လက်ကိုတင်းတင်းဆုပ်ထားမိသည်။


ခဏအကြာ၌ လက်ထဲတွင်ဂိမ်းဒင်္ဂါးတစ်ပုံနှင့်အတူ လင်ချင်းဟယ်က ပြန်ရောက်လာသည်။ အရှေ့ကောင်တာမှ အရောင်းဝန်ထမ်းက သူ့ကိုစနောက်လိုက်သောကြောင့်ဖြစ်မည် သူ့မှာ မျက်နှာသေကြီးနှင့်ဖြစ်နေသော်ငြား အလွန်အမင်း နေရခက်နေပုံပေါ်သည်။


ထောင်ရှီးက လင်ချင်းဟယ်လက်ထဲမှ ငွေရောင်ဒင်္ဂါးစေ့များကို အကြည့်ပို့လိုက်သည်။ ငွေဒင်္ဂါးများမှာ လင်းထိန်နေသော မီးရောင်ေအာက်တွင် ကြယ်ပွင့်များကဲ့သို့ တလက်လက်တောက်ပနေ၏။ သူ လင်ချင်းဟယ်ကို မေးလိုက်သည်။


“ ဘာလို့ရုတ်တရက်ကြီး ဒါကိုဆော့ချင်သွားတာလဲ...။ ဒါက ကလေးတွေပဲဆော့တာလေ...”


အရုပ်ကောက်စက်နှင့် လင်ချင်းဟယ်က ဘယ်လိုမှ အပ်စပ်မနေပါချေ။ လင်ချင်းဟယ်မှာ ကြက်သေသေသွားပြီး အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ တိုးတိုးလေးပြောလာသည်။


“မင်းက ဦးလေးယန်ကိုင်ထားတဲ့ အရုပ်ကို တစ်ချိန်လုံးကြည့်နေတော့ ငါက မင်းလိုချင်နေမယ်ထင်လို့…”


ထောင်ရှီးမှာလည်း ငွေဒင်္ဂါးများနှင့် အလွန်အမင်း အနေရခက်နေဟန် လင်ချင်းဟယ်၏မျက်နှာကို တစ်လှည့်စီကြည့်ရင်း ဘာပြန်ပြောလို့ ပြောရမှန်းမသိဖြစ်သွားသည်။


အနီးအနားတွင် အရုပ်ကောက်နေကြသော စုံတွဲများ၊ ကလေးများနှင့် မိဘများလည်းရှိနေပြီး လင်ချင်းဟယ်ကို မသိမသာကြည့်နေကြကာ ဒီလိုအရပ်ရှည်ရှည်၊ လူချောလေးလည်း အရုပ်လာကောက်နေပါလား ဟူ၍ တီးတိုးပြောကာ ရယ်မောနေကြသည်။


ထောင်ရှီးက စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွား​ပြီးနောက် နှုတ်ခမ်းစွန်းလေးများ ကော့တက်လာကာ အလွန်အမင်း ပျော်ရွှင်သွားသည့်ပမာ အပြုံးလေးတစ်ခုပွင့်လန်းလာခဲ့သည်။


တကယ်ဆို သူက ဒီလိုအရုပ်တွေကို ဘာကြိုက်စရာရှိလဲ။


သို့သော် သူ အလွန်ပျော်ရွှင်နေသည်။ သူက လင်ချင်းဟယ် လက်ဖဝါးထဲမှ ငွေဒင်္ဂါးပြားတစ်ခုကို လှမ်းယူလိုက်သည်။ လရောင်အောက်တွင် ဒင်္ဂါးပြားလေးက ဗြိတိန်နိုင်ငံထုတ် ၆ပဲနိအကြွေစေ့လေးပမာ ထောင်ရှီး၏မျက်ဝန်းများနှင့်အပြိုင် တလက်လက်တောက်ပနေသည်။ သူက ပြုံးကာလင်ချင်းဟယ်အား ပြောလိုက်သည်။


“ မဟုတ်တာ၊ ငါအရမ်းကြိုက်တယ်။ ဒါပေမဲ့ ငါတစ်ခါမှ မဆော့ဘူးတော့ ဘယ်လိုဆော့ရမယ်မှန်းမသိဘူး။ ငါ့ကို သင်ပေးလို့ရမလား…”


လင်ချင်းဟယ်က ထောင်ရှီး၏အပြုံးကိုကြည့်ရင်း အေးစက်နေသော သူ့မျက်နှာထားကလည်း အနည်းငယ် နူးညံ့ပျော့ပျောင်းသွားသည်။ သူက ဒင်္ဂါးပြားများကို ဘေးရှိစားပွဲခုံလေးပေါ် ပုံလိုက်ကာ ဒင်္ဂါးတစ်ပြားကို အရုပ်ကောက်စက်ထဲသို့ ထည့်လိုက်ပြီး ထောင်ရှီးအား အရုပ်ကောက်နည်းပြပေးသည်။


အရုပ်ကောက်စက်က ကလေးများနှင့် မိန်းကလေးများအတွက် ရည်ရွယ်၍ လုပ်ထားခြင်းဖြစ်သဖြင့် ခလုတ်က အလွန်နိမ့်နေရာ လင်ချင်းဟယ်မှာ ဒူးကွေးထိုင်ချလိုက်ရသည်။ သို့နှင့် ထောင်ရှီးလည်း လင်ချင်းဟယ်၏ဘေးတွင် ဒူးကွေးထိုင်လိုက်သည်။ သူက လင်ချင်းဟယ်၏မျက်နှာလေးကိုတစ်လှည့် မှန်ဗီရိုတွင်းရှိအရုပ်များကို တစ်လှည့်ကြည့်ရင်း နှုတ်ခမ်းစွန်းလေးများ အလိုလိုကွေးတက်လာခဲ့သည်။


အရုပ်ကိုကြည့်နေသည်ဟုပင် မထင်တော့ဘဲ သူအကြိုက်ဆုံး အနံ့ချိုချိုမွှေးမွှေးနှင့် သကြားလုံးလေးကို တစိမ့်စိမ့်ကြည့်နေသလိုပင် ခံစားလိုက်ရလေသည်။


လင်ချင်းဟယ်က အရုပ်ကောက်စက်၏ ထိန်းချုပ်သည့်လက်တံကို ကိုင်လိုက်ရင်း သူ့ကိုမေးသည်။


“မင်းဘယ်အရုပ်ကိုလိုချင်လဲ...”


‌ထောင်ရှီးက အသံတိုးတိုးနှင့် ပြန်မေးလိုက်သည်။


“ဘယ်ဟာပဲဖြစ်ဖြစ်ရလား...”


လင်ချင်းဟယ်က ခေါင်းညိတ်သည်။


ထောင်ရှီးက ကောက်ရလွယ်လောက်မည့် ထိပ်ဆုံးတွင်ရှိနေသော ပီကာချူးအရုပ်လေးကို လက်ညှိုးထိုးပြလိုက်သည်။


“ အဲ့ဒါလေး…”


လင်ချင်းဟယ်က တစ်ကြိမ်တည်းနှင့် အောင်မြင်အောင် အရုပ်ကုတ်သည့်လက်တံကို သေချာအာရုံစိုက်ကာ ချိန်ညှိကိုင်တွယ်လိုက်သည်။


သို့သော် သူက ကစားကွင်းမရောက်တာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် အရုပ်ကောက်စက်နှင့်လည်း မဆော့ဖြစ်တော့ပေ။ ပထမဆုံးပီကာချူးအရုပ်လေးက ကောက်လို့ ရခါနီးဆဲဆဲတွင် ပြန်ပြုတ်ကျသွားလေသည်။


လင်ချင်းဟယ်က မျက်မှောင်ကြုတ်ကာ လက်ချောင်းများ တွန့်သွားသည်။ အနည်းငယ် ရှက်ရွံ့သွားပုံပင်။


ဤကမ္ဘာတွင် သူကောင်းကောင်းမလုပ်နိုင်သည့်အရာဟူ၍ အနည်းငယ်သာရှိသည်။


ကံမကောင်းစွာ အရုပ်ကောက်ခြင်းကလည်း ထိုအထဲတွင်ပါဝင်နေသည်။


ထောင်ရှီးမှာ ရယ်ချင်စိတ်ကို မနည်းအောင့်အည်းထားရသည်။ သူသည်လည်း ဆယ့်ခြောက်၊ ဆယ့်ခုနှစ်အရွယ် ဖြစ်သောကြောင့် ယှဉ်ပြိုင်လိုစိတ်နှင့် ကြိုးစားလိုစိတ်များက ထက်သန်တက်ကြွနေသူဖြစ်ပေ၏။ 


“ငါလုပ်ကြည့်မယ်…”


လင်ချင်းဟယ်က ဘေးကပ်ပေးလိုက်သည်။


ထောင်ရှီးက ငွေဒင်္ဂါးပြားကို စက်ထဲထည့်လိုက်ပြီး လင်ချင်းဟယ်ကို နမူနာယူ၍ အရုပ်ကုတ်သည့်လက်တံကို ဘယ်၊ ညာ၊ အပေါ်၊ အောက် သေချာဂရုတစိုက် ချိန်ညှိလိုက်သည်။ အချိန်အတော်ကြာကာမှ လက်တံလေးက အောက်ကိုဆင်းသွားပြီး ပီကာချူးအရုပ်ကို အမိအရဖမ်းမိလိုက်သည်။


ပီကာချူးအရုပ်လေးက ဖြည်းဖြည်းချင်း အပေါ်ကိုမြှောက်တက်လာသည်။ နှစ်​​ယောက်သားမှာ အသက်ပင်အောင့်လျက် လက်တံလေးရွေ့လျားရာအတိုင်း လိုက်ကြည့်နေမိကြသည်။ လက်တံလေးက အဆုံးတွင် ထွက်ပေါက်နားသို့ တဖြည်းဖြည်းရောက်လာသည်။


ထောင်ရှီးက ဒီတစ်ခေါက်တော့ ဘာပြဿနာမှမဖြစ်လောက်ဟု ထင်လိုက်သော်လည်း ထွက်ပေါက်နားသို့ရောက်ခါနီးမှ ပီကာချူးအရုပ်က ထပ်မံပြုတ်ကျသွားပြန်လေသည်။


“…..…”


“…..…”


နှစ်ဦးသား စက္ကန်အနည်းငယ်ကြာ ဆွံ့အသွားကြသည်။


ထောင်ရှီး:  “ဒီအရုပ်ကုတ်တဲ့လက်တံက ပြဿနာရှိနေတာထင်တယ်…”


လင်ချင်းဟယ်: “ဖြစ်နိုင်တယ်…”


သူတို့နှစ်ဦး အရုပ်ကောက်စက်ရှေ့တွင် ငုတ်တုပ်ထိုင်လျက် ဂိမ်းဒင်္ဂါးပြားများကို အကုန်ကုန်အောင် ဆော့ပြီးသောအခါမှ  ပန်းရောင်ဝက်ဝံရုပ်တစ်ရုပ်နှင့် အဖြူရောင်ဝက်ဝံရုပ်တစ်ရုပ်ကို ရလိုက်လေေတာ့သည်။


ထောင်ရှီးမှာ လင်ချင်းဟယ်က ပန်းရောင်မကြိုက်လောက်ဟုတွက်ဆ၍ သူ့ကို အဖြူရောင်ဝက်ဝံရုပ်သာ လှမ်းပေးလိုက်သည်။


“ မင်းက ဒါယူလိုက်၊ ပန်းရောင်က ငါယူလိုက်မယ်။ သဘောတူလား…”


လင်ချင်းဟယ်က ဝက်ဝံဖြူလေးကိုလှမ်းယူလိုက်ပြီး ခေါင်းညိတ်ပြသည်။


“မတူစရာမရှိပါဘူး…”


ဤသို့ဖြင့် နှစ်ယောက်သား၏ ခွဲဝေခြင်းအမှုပြီးစီးသွားသည်။ ခန်းမထဲတွင် လူသိပ်မရှိတော့ကြောင်း မြင်လိုက်ရမှ နာရီကိုကြည့်လိုက်မိရာ ဆယ်နာရီပင် ခွဲနေပြီမှန်း သိလိုက်ရတော့သည်။


ထောင်ရှီးက ပန်းရောင်ဝက်ဝံလေး၏နားရွက်ကို ညှစ်ဆော့ရင်း ရုတ်တရက် အိမ်စာမပြီးသေးကြောင်း သတိရသွားသဖြင့် လင်ချင်းဟယ်ကို စိတ်ပူစွာမေးလိုက်သည်။


“ မင်း ငါ့ကို အိမ်စာတွေ ပေးကူးမှာလို့ပြောထားတယ်မလား.။ ငါ့ကိုမလိမ်ပါဘူးနော်...”


အဖြူရောင် ဝက်ဝံရုပ်လေးကိုင်ထားသည့် လင်ချင်းဟယ်က သူ့ကိုလှည့်ကြည့်ကာ ပြန်ဖြေလာသည်။


“ငါမင်းကိုမလိမ်ပါဘူး...”


လင်ချင်းဟယ်၏ သူ့ကိုကြည့်သည့်အကြည့်နှင့် အသံမှာ အလွန်လေးနက်နေသည်ဟု ထောင်ရှီး ခံစားရသည်။


သန္နိဌာန်ချကာ ကတိပေးနေသလိုပင် လေးနက်လွန်းသည်။


သူ တစ်ညလုံး မသိချင်ယောင်ဆောင်ထားခဲ့သည့် သူ့ရင်ဘတ်ထဲမှ ကသောင်းကနင်း ခုန်ပေါက်နေသံများကို အဆုံး၌ လျစ်လျူရှုထား၍ မရနိုင်တော့။


ထောင်ရှီးမှာ တစ်လျှောက်လုံးမေးချင်နေခဲ့သည့်မေးခွန်းကို ဘာမှမစဉ်းစားဘဲ လင်ချင်းဟယ်အား ထုတ်မေးလိုက်ချင်သည်။ သို့သော် စကားလုံးများက သူ့လျှာဖျားတွင်သာဝေ့လည်နေပြီး အပြင်သို့ ထွက်မလာနိုင်ခဲ့ပါချေ။


သူ အချိန်ကောင်းကိုစောင့်ပြီး ပြည့်စုံသည့် ကြိုတင်ပြင်ဆင်မှုများ အရင်လုပ်ထားရမည်ထင်၏။


၎င်းက သူ့အကြံပင်။


ထောင်ရှီးက သူ့နှလုံးခုန်သံများကို တည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီး ပြုံးကာ ဆိုလိုက်သည်။


“ ​မြန်မြန်ပြန်ပြီး အိမ်စာကူးရအောင်...”


သို့သော် လင်ချင်းဟယ်က သူ့ကို မေးလာသည်။


“ ဒါဆိုရင် အခုရော မင်းပျော်သွားပြီလား...”


ထောင်ရှီး၏လက်များက ဝက်ဝံရုပ်၏နားရွက်ကို အမှတ်တမဲ့ညှစ်လိုက်မိသည်။

ဒုတ်….


သူ့နှလုံးခုန်သံကို သူ ကြားလိုက်ရပြန်လေပြီ။


______________________