အပိုင်း ၃၂
Viewers 8k

The Moon Is Coming To Me




Chapter-32




“ငါအရမ်းပျော်တယ်...” ထောင်ရှီးက လင်ချင်းဟယ်ကို အပြုံးနှင့် ပြန်ဖြေလိုက်သည်။




အရမ်း အရမ်းကိုပျော်တာ။




သို့သော် သူက အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်နေသည့်အတွက် အပျော်လွန်ခြင်း၏အကျိုးဆက်အနေနှင့် ထိုနေ့ည ကျောင်းပြန်ရောက်သောအခါ ညနှစ်နာရီခွဲအထိ အိမ်စာလုပ်လိုက်ရသည်။




ကံကောင်း၍ လင်ချင်းဟယ်က လုပ်ပြီးသားအိမ်စာများကို ဓာတ်ပုံရိုက်ပို့ပေး၍သာ တော်တော့သည်။ မဟုတ်ပါက နောက်နေ့မနက်အထိပင် ပြီးနိုင်မည်မဟုတ်ပေ။




ည 2:35 ၌ ထောင်ရှီးတစ်ယောက် လင်ချင်းဟယ် ဓာတ်ပုံရိုက်ကာ ပို့ပေးသည့် အဖြေစာရွက်များကို ကူးပြီးသွားသည်။ သူ သမ်းဝေလိုက်ရင်း “Moon” ဟု မှတ်ထားသည့် WeChat မက်ဆေ့ဘောက်သို့ “ကောင်းသောညပါ” ဟု ရေးပို့လိုက်သည်။




ခဏကြာသော် အိပ်ငိုက်လာသဖြင့် ဖုန်းကိုပါဝါပိတ်ကာ အရုပ်ကောက်စက်မှ ကောက်လာသည့် ပန်းရောင်ဝက်ဝံရုပ်ကို ခေါင်းရင်းတွင် ထားလိုက်သည်။ မကြာလိုက် နူးညံ့သောလရောင်က သူ့အိပ်မက်ထဲကို တိုးဝင်လာပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။




နောက်နေ့မနက်နိုး၍ ဖုန်းကိုဖွင့်ကြည့်လိုက်သောအခါ 2:37 တွင် လင်ချင်းဟယ်က “ကောင်းသောညပါ”ဟု စာပြန်ပို့ထားသည်ကို တွေ့လိုက်ရလေ၏။




လင်ချင်းဟယ်က အိမ်စာလုပ်ပြီးသည်နှင့် ချက်ချင်း အိပ်ယာတန်းဝင်လိမ့်မည်ဟုသာ သူ ထင်ခဲ့ခြင်းပင်။ ဤမျှ နောက်ကျသည်အထိ နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။




ထောင်ရှီးက သူ့ဆံပင်များကို လက်ဖြင့်ထိုးဖွလိုက်သည်။ မနေ့ညက ခပ်မြန်မြန် အိပ်ပျော်သွားခဲ့သည်ကိုပင် နောင်တရမိလာသည်။




သူ ခဏမျှ တွေဝေနေအပြီး နေ့သစ်၏ မနက်ခင်း အလင်းရောင်ဖျော့ဖျော့ကိုခံယူရင်း  “ မင်္ဂလာနံနက်ခင်းပါ” ဟု စာပြန်ပို့လိုက်သည်။




ယခုတစ်ခေါက်တွင်တော့ လင်ချင်းဟယ်ထံမှ ပြန်စာရောက်မလာတော့ချေ။




မနေ့ညက လရောင်အောက်တွင် ဖြစ်ပျက်သွားခဲ့သည့် ဒွိဟဖြစ်ဖွယ်အတွေးများကို သူ့နှလုံးသားအောက်ခြေ၌ တိတ်တိတ်ကလေး ဖိနှိပ်ထားလိုက်တော့မည်။ နှစ်ဝက်စာမေးပွဲက မကြာခင်ဖြေရတော့မည်ဖြစ်သဖြင့် ထိုအရာများကို တွေးပြီး အချိန်ဖြုန်းနေ၍ မဖြစ်ပေ။




မဟုတ်လျှင် လင်ချင်းဟယ်က သူ့ကို သတ်လိမ့်မည်။




“ ငါ ဒါတွေအကုန်ပြီးနိုင်မယ်လို့များ မင်းထင်နေတာလား...”




ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မရောက်ခင် ထောင်ရှီးက မျက်စိရှေ့မှ မေးခွန်းစာရွက်ပုံကြီးကို ရေတွက်ရင်း ပြောလိုက်ခြင်းဖြစ်၏။ မေးခွန်းစာရွက်က အရွက်နှစ်ဆယ်ကျော်ကြီးတောင်လေ!




သူ စာရေးခုံပေါ် လှဲအိပ်လိုက်ပြီး လက်မောင်းကိုခေါင်းခုကာ မျက်တောင်များပင့်၍ လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ သူ၏သနားစဖွယ်အမူအရာလေးကြောင့် လင်ချင်းဟယ်များ အလျှော့ပေးလေမလားဟု ရည်ရွယ်၍…




“ ငါ တစ်နေ့တစ်နေ့ အိမ်စာတွေတောင် မပြီးဘူး။ ပြီးတော့ ညတစ်နာရီ၊ နှစ်နာရီထိလည်း စာမလုပ်နိုင်ဘူး။ အဲ့ဒါကြောင့် ငါ ဒီမေးခွန်းအစုံတွေကိုပါဖြေဖို့ အချိန်မရှိဘူးရယ်…”




လင်ချင်းဟယ်က အကြင်နာတရားမဲ့စွာ ပြောလိုက်သည်။




“အိမ်စာကမလုပ်လည်းရတယ်။ ဒီမေးခွန်းတွေကိုတော့ ​ဖြေမှဖြစ်မယ်....”




ဘာသာရပ်ဆရာမများသာ ဤစကားကိုကြားလျှင် ဘယ်လိုတောင် ခံစားသွားကြရှာမည်မသိပေ။




သို့သော် ထောင်ရှီးက ထပ်မံအရဲစွန့်၍ မေးလိုက်သည်။




“ဒါဆို အိမ်စာတွေကို ဘယ်လိုလုပ်ရမှာလဲ...”




“ငါ့ဟာကိုဆက်ကူးလေ...”




“ ဒါဆိုဟုတ်ပြီလေ...”




ထောင်ရှီးက အိမ်စာများကို ဘေးပစ်လိုက်ပြီး လင်ချင်းဟယ်ပေးလာသည့် မေးခွန်းလွှာများကို စတင်ဖြေဆိုကြည့်လိုက်သည်။




မေးခွန်းများဖြေနေရင်း တဖြည်းဖြည်း သတိထားမိလာသည်မှာ ဤမေးခွန်းများသည် သူအားနည်းနေသည့်ပုစ္ဆာများနှင့် မှားနေကျအမှားများအတွက် ရည်ရွယ်၍ တမင်ပြုစုပေးထားသည်နှင့် ပိုတူနေသည်ကိုပင်။ သူ ဘောပင်ကိုင်လျက် နံဘေးမှ လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။




ယခင်ကဆိုလျှင် သူ လင်ချင်းဟယ်ကို မျက်လုံးထောင့်ကနေသာ ခိုးကြည့်ရဲခဲ့သည်။




ယခုမူ တည့်တည့်ကြည့်ရဲသည်အထိ သတ္တိရှိလာခဲ့ပြီဖြစ်သည်။




လင်ချင်းဟယ်ကလည်း ဘောပင်ဖြင့် တစ်ခုခုရေးနေသည်။ သူ့အကြည့်များကို သတိထားမိသွားသည်ထင်၏၊ ဘေးဘက်သို့ မျက်နှာလှည့်လာကာ သူ့ကို မေးသည်။




“မဖြေတတ်တာရှိလို့လား…‌”




ထောင်ရှီးက ခေါင်းခါပြလိုက်ပြီး မေးခွန်းလွှာထဲ၌သာ အာရုံပြန်စိုက်ထားလိုက်သည်။




နှစ်ဝက်စာမေးပွဲမဖြေခင် နှစ်ပါတ်လုံးတွင် ထောင်ရှီးခမျာ အသက်တောင်ဖြောင့်ဖြောင့်ရှူချိန်မရဘဲ မေးခွန်းလွှာများကြား၌ ခေါင်းပင်မဖော်နိုင်အောင်ရှိနေသည်။ သူ ဖြေပြီးသည့်မေးခွန်းများကိုလည်း လင်ချင်းဟယ်က ထပ်ကာထပ်ကာ ပြန်လှန်လေ့ကျင့်ခန်းလုပ်ခိုင်းသည်။ ယနေ့ သူ့ခုံပေါ်တွင် ဖြေနေသည့်မေးခွန်းလွှာကို နောက်တစ်နေ့တွင် လင်ချင်းဟယ်၏ မှင်နီဖြင့် အမှတ်စစ်ပြီးသားစာရွက်အဖြစ် တွေ့ရမည်ဖြစ်၏။




လင်ချင်းဟယ်က ကောမစ်ဇာတ်လမ်းများကိုလည်း လုံးဝဆွဲခွင့်မပြုတော့ပေ။




“ အခု ပထမဦးစားပေးရာမှက နှစ်ဝက်စာမေးပွဲပဲ…”




လင်ချင်းဟယ်၏လေသံမှာ ဆရာတစ်ယောက်ပမာ လုံးဝအထွန့်တက်ခွင့် မရှိဟုပြောနေသယောင်။




တပည့်လိမ္မာလေး ထောင်ရှီးကလည်း လိုက်နာရတော့သည်။




စာမေးပွဲကြီးနီးလာပြီဖြစ်သောကြောင့် တစ်ကျောင်းလုံး ဖိအားများနေကြရာ ထိပ်ဆုံးတန်းမှ ကျောင်းသားများဆိုလျှင် ဆိုဖွယ်ရာပင် မရှိချေ။ အကြောင်းမှာ ဤစာမေးပွဲမှ ရလဒ်များကိုမူတည်၍ နောက်နှစ်လအတွက် မိမိတက်ရောက်ရမည့်အခန်းကို တန်းခွဲဆုံးဖြတ်မည် ဖြစ်သောကြောင့်ပင်။




ထောင်ရှီးက နှစ်ပါတ်လုံး အလွန်စိုးရိမ်နေခဲ့သော်လည်း စာမေးပွဲဖြေရန် နှစ်ရက်အလိုတွင်မူ တည်ငြိမ်နေခဲ့သည်။




သူက စိတ်ပိုင်းဆိုင်ရာတွင် အလွန်တည်ငြိမ်တတ်သူဖြစ်ပြီး စာမေးပွဲတစ်ခုဖြေပြီးတိုင်း ယခင်ကထက်လည်း ပိုမိုတိုးတက်လာတတ်သည်။ မဟုတ်လျှင် အဘယ်မှာ ချင်းရွှေခရိုင်တွင် ပထမရပြီး ဝမ်းဟွာ အ.ထ.က(၁) သို့ ရောက်လာနိုင်ပါ့မည်နည်း။




လင်ချင်းဟယ်ကိုတော့ သွားယှဉ်လို့မရ၊ သူက ပုံမှန်မဟုတ်သည့် ရွှယ်ပါ့တစ်ယောက် ဖြစ်သဖြင့် “စိုးရိမ်သည်” ဟူသော စာလုံးကို ဘယ်လိုရေးရမှန်းတောင် သိမည့်သူမဟုတ်ချေ။




သို့သော် ပိချန်ဖေးလို လူစားမျိုးကမူ စာမေးပွဲနီးသည်နှင့် ဘာသာရေးကိုင်းရှိုင်းသူပမာ အသွင်ပြောင်းသွားပြီး ဗုဒ္ဓ၏ခြေတော်ရင်းတွင် ဖင်ဘူးတောင်းထောင်ကာ ရှိရှိသမျှ အရပ်မျက်နှာတိုင်းက ဘုရားသခင်များကို တိုင်တည်ဆုတောင်းနေလေသည်။




“ ရှီးကော ၊ မနက်ဖြန်မနက်ကျရင် ဂျုံမုန့်ချောင်းတစ်ချောင်းနဲ့ ကြက်ဥနှစ်လုံးစားဖို့မမေ့နဲ့နော်။ အဲ့ဒါမှ စာမေးပွဲခန်းထဲမှာ အမှတ် ၁၀၀ ရမှာတဲ့...”




ပိချန်ဖေးက နောက်တန်းသို့ လှည့်လာကာ သူ့ကို ဝါဒဖြန့်သည်။




ထောင်ရှီးက မေးခွန်းလွှာများကိုသာ ဆက်လုပ်နေပြီး ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည်။




“ တရုတ်ဘာသာစကား၊ သင်္ချာနဲ့ နိုင်ငံခြားဘာသာစကားအတွက် အမှတ်ပြည့်က ၁၅၀။ မင်းက အမှတ် ၁၀၀ ပဲလိုချင်တယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ်ပဲ စမ်းဖြေကြည့်လိုက်တော့နော်၊ ကျေးဇူး…”




“ဟုတ်သားပဲ...”




ပိချန်ဖေးက ခဏတွေဝေသွားပြီး စိတ်လှုပ်ရှားစွာ ပြောလာပြန်သည်။




“ ဒါဖြင့် Koi ရွှေငါးဆိုရင်ရော။ အဲ့ဒါ ဝိညာဉ်စွမ်းအား တကယ်ပြည့်တာနော်။ ငါ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလဲနေပေးတာ နှစ်ပတ်ဆက်တိုက်ရှိပြီ။ ညကျရင် ငါ့ရဲ့ Koi လေးကို Moments မှာ တင်ပေးမယ်။ လိုက်ခ်ပေးဖို့ မမေ့နဲ့နော်….”




[Koi = ရွှေငါးတစ်မျိုး ]




ပိချန်ဖေးက ကြီးကြီးမားမား တိုးတက်ချင်စိတ်ရှိသူ မဟုတ်ပေ။ တန်းခွဲ (၁)၏ ဘိတ်ချေးဖြစ်ရသည်ကိုပင် ဂုဏ်ယူနေတတ်သူဖြစ်သည်။​




ထောင်ရှီးက ထိုသို့ ဟိုဆုတောင်း၊ ဒီဆုတောင်းနှင့် အယူသီးခြင်း လုံးဝမရှိသူဖြစ်သော်လည်း ပိချန်ဖေး စိတ်ကျေနပ်အောင် သဘောတူပေးလိုက်သည်။ အမှန်မှာ သူ စာပြန်နွှေးနေသည်ကို အနှောင့်အယှက်ဖြစ်မည်စိုး၍ ပါးစပ်ပိတ်အောင် တမင်လိုက်လျောပေးလိုက်ခြင်းသာ ဖြစ်သည်။




ပိချန်ဖေးက စာမေးပွဲအတွက် ယတြာချေသည့်နည်းလမ်းအထွေထွေကို ထောင်ရှီးအား ဆက်လက်ဝေမျှပေးမည်ပြုစဉ် ဘေးခုံတွင် စာရေးနေသည့် လင်ချင်းဟယ်က ခေါင်းထောင်လာပြီး သူ့ကို စူးစိုက်ကြည့်သည်။ ပိချန်ဖေးမှာ ရင်ထဲ အေးစိမ့်သွားပြီး ရှေ့တန်းသို့ ကမန်းကတန်း ပြန်လှည့်သွားသည်။




ပိချန်ဖေးက သူ့ခုံပေါ်တွင် တောင်လိုပုံနေသည့် သင်ထောက်ကူပစ္စည်းကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ပစ္စည်းပုံထဲမှ တစ်ခုခုကို ဆယ်ယူလိုက်သည့်ဟန် သူ့လက်နှစ်ဖက်ကို လက်ခုပ်ပုံသဏ္ဌာန်လုပ်၍ သူ့ခေါင်းပေါ်ကို ပုတ်လိုက်သည်။ *




[ * စာတွေဝင်ဝင်၊ စာတွေဝင်ဆိုပြီး လုပ်တာ XD]




သူ့ထိုင်ခုံဖော် ဟူထုံမှာ မျက်ဖြူသာ လှန်မိတော့သည်။




စာမေးပွဲမဖြေခင်ညတွင် ကိုယ်ပိုင်စာကြည့်ချိန်ကို ကြီးကြပ်ပေးသည့်ဆရာက ကျောင်းသားများကို စိတ်ကြိုက်စာပြန်နွှေးစေပြီး လေ့ကျင့်ခန်းအသစ် ပေးမည်မဟုတ်ပေ။




ညနေခင်းတွင် ထောင်ရှီးက ညစာကို မြန်နိုင်သမျှမြန်မြန်စားလိုက်ပြီး စာပြန်နွှေးရန် စာသင်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ အတန်းထဲရောက်သော် လင်ချင်းဟယ်က သူ့နေရာသူထိုင်နေပြီး ဘောပင်တစ်ချောင်းနှင့် စာအုပ်တစ်အုပ်ထဲတွင် တစ်ခုခုချရေးနေသည်ကို တွေ့လိုက်ရသည်။




လင်ချင်းဟယ်က ဤရက်ပိုင်းအတွင်း တစ်ခုခုရေးနေမှန်း ထောင်ရှီး သတိထားမိနေသည်။ သူ အလွန်သိချင်နေသော်လည်း မေးတော့မမေးဖြစ်ချေ။




သူ ခြေခပ်ဖွဖွလှမ်း၍ သူ့နေရာသူ ထိုင်လိုက်ရင်း ဖြေထားသည့်မေးခွန်းလွှာထဲမှ မှားနေသည့်ပုစ္ဆာများကို ပြန်လေ့လာကြည့်နေသည်။ ယခုအချိန်မှ မေးခွန်းအသစ်ထပ်ဖြေဖို့လည်း မဖြစ်တော့ချေ။




သူ ဂရုတစိုက် ပြန်လှန်လေ့ကျင့်ခန်းလုပ်နေစဉ် ရုတ်တရက် လက်တစ်ဖက်က သူ့ရှေ့ပေါ်လာပြီး မှတ်စုစာအုပ်တစ်အုပ်ကို သူ့စားပွဲပေါ်သို့ လာတင်လိုက်သည်။




အဆိုပါစာအုပ်ကလေးမှာ လင်ချင်းဟယ်တစ်ယောက် ဒီရက်ပိုင်းအတွင်း အမြဲလိုလိုရေးနေသည့် အနက်ရောင်မှတ်စုစာအုပ်လေးဖြစ်၏။




“ညကျရင် ဒီခေါင်းစဉ်တွေကို သေချာပြန်လေ့လာကြည့်...”




လင်ချင်းဟယ်က သူ့လက်ကိုပြန်ရုတ်လိုက်ပြီး ဘောပင်အဖုံးကိုပိတ်ရင်း ပြောသည်။ လေသံမှာမူ ပုံမှန်အတိုင်း အေးတိအေးစက်ပင်။




ထောင်ရှီးက မျက်စိရှေ့မှ မှတ်စုစာအုပ်လေးကို အကြောင်သား ကြည့်လိုက်မိသည်။  သူ လက်ဆန့်၍ စာမျက်နှာတစ်ရွက်ပြီး တစ်ရွက်လှန်လိုက်သည်။ စာအုပ်ထဲတွင် ဘာသာရပ်တစ်ခုချင်းစီ၏ အဓိကအချက်များကို အကျဉ်းချုပ်ရေးထားခြင်းဖြစ်၏။ စာမေးပွဲတွင် ပါလာနိုင်သည့် မေးခွန်းအမျိုးအစားများ၊ လမ်းညွှန်ချက်များကို အသေးစိတ်ရေးပြထားပြီး သူမှားဖြေတတ်သည့် မေးခွန်းများကိုလည်း မှတ်စုထုတ်ပေးထားသည်။




၎င်းက သူ့အတွက် သီးသန့်လုပ်ပေးထားသည့် သင်ထောက်ကူမှတ်စု စာအုပ်လေးပင်။




စာအုပ်ပေါ်ရှိမှင်ရာများက ဆောင်းဦးမိုးရေတို့ စီးဆင်းသွားသလို လတ်ဆတ်နေသည်။




ကျောင်းစဖွင့်ပြီးဒုတိယမြောက်နေ့ကို သူ ရုတ်တရက် သတိရသွားသည်။




ထိုအချိန်က လင်ချင်းဟယ်ကို သနားစဖွယ်အမူအရာနှင့် သူတောင်းဆိုခဲ့ဖူးသည်။




“မင်းရဲ့မှတ်စုစာအုပ်ကို ငါကူးချင်လို့ ခဏလောက်ငှားလို့ရမလားဟင်…”




“မရဘူး...”




ပြီးသော် လင်ချင်းဟယ်က ထိုမှတ်စုစာအုပ်ကို သူပိုင်ဆိုင်သမျှ အရာအားလုံးကို လုယူသွားခဲ့သည့် ယန်သောလဲ့ထံ ပေးပစ်ခဲ့သည်။




သူ ခံစားချက်များ ထိန်းမရဖြစ်ကာ ရင်ထဲတဆစ်ဆစ်နာကျင်ခဲ့ရသည်။




ထိုခံစားချက်မှာ မှားယွင်းစွာရောစပ်မိသော ဝိုင်ခါးခါးတစ်ခွက်ကဲ့သို့ပင် အဆုံးသတ်၌ မနာလိုမှုနှင့် ချဉ်စူးစူးအရသာတစ်ချို့သာ ရင်ထဲ စွဲထင်ကျန်ရစ်ခဲ့သည်။




ယခုမူ လင်ချင်းဟယ်က သူ့ကို မှတ်စုစာအုပ်လုပ်ပေးလာသည့်အတွက် တစ်ချိန်တစ်ခါက ဝိုင်ခါးခါးထဲ နစ်မြှုပ်ဖူးခဲ့သော သူ့နှလုံးသားကို သကာရည်လောင်းချလိုက်သလိုပင် ခံစားနေရသည်။




သို့သည့်တိုင် ချဉ်စူးစူးအရသာက သူ့နှလုံးသားထဲ၊ နှာခေါင်းထဲ၊ မျက်လုံးထဲ၊ သူ့ရင်ဘတ်တစ်ခုလုံးထဲတွင် စွဲထင်ကျန်ရစ်နေဆဲဖြစ်သည်။




ထိုစဉ်က ဖွင့်ထုတ်စရာနေရာမရှိခဲ့သည့် နာကြည်းချက်များက နှစ်လကျော်ဟူသော အချိန်အတွင်းတွင် နှလုံးသား၏အောက်ခြေမှ ရုတ်တရက်ဆန်စွာ ပွင့်အံထွက်လာခဲ့သည်။




ထောင်ရှီးက ဝဲတက်လာသော မျက်ရည်စများကို မျက်တောင်တဖျတ်ဖျတ်ခတ်၍ ပြန်သိမ်းလိုက်ပြီး လင်ချင်းဟယ်ကို ကျေးဇူးတင်ကြောင်း ပြောရန်ပြင်လိုက်သည်။ ထိုစဉ် နံဘေးမှ လင်ချင်းဟယ်က မထင်မှတ်ထားစွာ မေးလာခဲ့သည်။




“ တန်းခွဲ(၁)မှာ နေပေးနိုင်မလား…”




သူ့အသံမှာ တစ်ဖက်လူကို ခြောက်လန့်မိ သွားမည်ကို စိုးရိမ်သည့်အလား နူးညံ့ညင်သာစွာ သတိထားပြီး ပြောနေသည်။




ထောင်ရှီးမှာ ခံနိုင်ရည်ကုန်ဆုံးလုနီးပါး။ ဝဲတက်လာသည့် သူ့မျက်ရည်များကို အင်အားကုန်သုံး၍ ပြန်ချုပ်တည်းလိုက်ပြီး မေးဖျားကိုအနည်းငယ်မော့ကာ လင်ချင်းဟယ်အား ယုံကြည်မှုရှိရှိ ပြုံးပြလိုက်သည်။




“သေချာတာပေါ့...”




သူ့လေသံမှာ ဆယ့်ခြောက်၊ ဆယ့်ခုနစ်အရွယ် ကောင်လေးတစ်ယောက်၏ ဗီဇအတိုင်း ဝင့်ကြွားခြင်းနှင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်းတို့ ပါဝင်နေသည်။




စိတ်သက်သာရာရသွားသည့်ပမာ လင်ချင်းဟယ်၏ မျက်ခုံးများက အနည်းငယ် ပြေလျော့သွားသည်။ သူက ထိုင်ခုံမှ ထရပ်ကာ ပြောသည်။




“ ငါညစာသွားစားလိုက်ဦးမယ်…”




ပြီးသော် စာသင်ခန်းထဲမှ ထွက်ခွာသွားလေသည်။




ထောင်ရှီးက လင်ချင်းဟယ်၏နောက်ကျောလေး ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေပြီးနောက် ခေါင်းပြန်ငုံ့ကာ မှတ်စုစာအုပ်ပေါ်က လင်ချင်းဟယ်၏ ခပ်သော့သော့လက်ရေးများကို အကြည့်ပြန်ပို့လိုက်သည်။




......




ညနေပိုင်း စာကျက်တန်း၏ နောက်ဆုံးအချိန်တွင် စာသင်ခန်းကို စာမေးပွဲခန်းအဖြစ် ရွေ့ပြောင်းပြင်ဆင်ကြရသည်။ ဘေးချင်းကပ်နေသည့် ထိုင်ခုံများအားလုံးကို ခွာလိုက်ပြီး စာအုပ်များနှင့် ပစ္စည်းကိရိယာများအားလုံးကိုလည်း စာသင်ခန်း၏နောက်ဆုံးတွင် ထားလိုက်ကြရသည်။




အတန်းခဏနားချိန်၌ ပိချန်ဖေးက အတန်းထဲတွင် လင်ချင်းဟယ်မရှိသည်ကို အခွင့်ကောင်းယူ၍ လင်ချင်းဟယ်၏စာရေးခုံကို လက်သည်းများနှင့်ကုတ်ခြစ်လိုက်၊ ထိကိုင်လိုက်လုပ်နေသည်။ သူက တစ်ကြိမ်နှင့်မလုံလောက်ဟု ခံစားမိကာ နောက်တစ်ကြိမ်ပင် ထပ်လုပ်လိုက်သေးသည်။




မှတ်စုစာအုပ် ဖတ်နေသောထောင်ရှီးမှာ ပိချန်ဖေး၏ ခိုးကြောင်ခိုးဝှက်အပြုအမူကို သတိပြုမိသွားပြီး လှမ်းပြောလိုက်သည်။




“မင်းက တကယ်ကြီး သတ္တိတွေရှိပြီး အကြောက်အလန့်ကင်းလာတာပဲ။ သူများခုံကို ဘာတွေလျှောက်လုပ်နေတာလဲ…”




ပိချန်ဖေးက အနောက်တံခါးကို ဖျတ်ခနဲ လှည့်ကြည့်လိုက်ရင်း ပါးစပ်ကိုအုပ်ကာ ခပ်တိုးတိုးပြောလာသည်။




“နတ်ဘုရားလင်ရဲ့စားပွဲခုံက ဉာဏ်အလင်းပွင့်ရင်ပွင့်နေမှာကွ။ အဲ့ဒါကြောင့် ကောင်းချီးတွေယူနေတာလေ...”




စာမေးပွဲနံပါတ်များလိုက်ဝေနေသည့် လီရှောင်ယွမ်ကလည်း မယောင်မလည်နှင့်ရောက်လာပြီး လင်ချင်းဟယ်၏စားပွဲခုံကို အကြိမ်အနည်းငယ်မျှ လာထိသွားသည်။ အခြားကျောင်းသားများက နောက်ကျမခံ တစ်ယောက်ပြီးတစ်ယောက် ခုံကို လက်ဖြင့် ထိထိသွားကြသည်။




“….…”




ထောင်ရှီးမှာ ပြောစရာစကားမဲ့သွားတော့သည်။




ဝမ်းဟွာ အ.ထ.က (၁)ကျောင်းရဲ့ ထိပ်ဆုံးအတန်းက ဘယ်နှယ့် မူလတန်းကျောင်းသားတွေလို အယူသီးနေကြတာတုန်း…




ကောင်းချီးလာယူသူများ ထွက်သွားကြသည့်အခါ မှတ်စုစာအုပ်ကြည့်နေသည့် ထောင်ရှီးက အတွေးများနှင့် တွေဝေသွားသည်။ ခဏကြာသော် သူက လက်ကိုဆန့်ထုတ်လိုက်ပြီး လင်ချင်းဟယ်၏စားပွဲကို လှမ်းကိုင်လိုက်သည်။




ယုံတာမယုံတာ အပထား၊ ဒီတိုင်း ကိုင်ချင်လို့ကိုင်တာကွာ။




ထိုင်ခုံများက တစ်ခုံနှင့်တစ်ခုံ မီတာဝက်လောက်ခွာထားသောကြောင့် တော်တော်နှင့်ထိ၍မရချေ။ ထောင်ရှီးမှာ ထိုင်ခုံပေါ်မှထရန်လည်း ပျင်းနေသဖြင့် ကုလားထိုင်၏ခြေထောက်တစ်ဖက်ကိုစောင်း၍ ခါးကို ညာဘက်သို့အားပြုလိုက်ပြီး လက်ကိုဆန့်ကာ လင်ချင်းဟယ်၏စားပွဲစွန်းလေးကို ထိလိုက်သည်။




အကျိုးဆက်အနေဖြင့် အနောက်တံခါးမှ ဝင်လာသော လင်ချင်းဟယ်နှင့်ပက်ပင်းတိုးလေသည်။




“…….”




ထောင်ရှီး၏လက်များက စားပွဲစွန်းကိုထိထားဆဲဖြစ်ပြီး သူ့ခါးသည်လည်း တစောင်းအနေအထားနှင့်ရှိနေဆဲပင်။ သူ့မျက်နှာတစ်ခုလုံး ဖြန်းခနဲ နီရဲသွားပြီး လက်ကိုကမန်းကတန်း ပြန်ရုတ်လိုက်ကာ တည့်တည့်ပြန်ထိုင်လိုက်သည်။ အလွန် အလန့်တ​ကြားဖြစ်သွားသောကြောင့် သူ့ခမျာ ထိုင်ခုံပေါ်မှပြုတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။




လင်ချင်းဟယ် သူ့အနားသို့ ချက်ချင်းရောက်လာပြီး ခုံတွင် သွားမထိုင်သေးဘဲ သူ့ကို ငုံ့ကြည့်လာသည်။ ထိုအကြည့်များ၏အဓိပ္ပာယ်ကို အထင်းသားပင် မြင်နေရ၏။




အကျိုးနည်း ဘာတွေဖြစ်နေတာလဲ ဟူ၍ပင်။




သူ အမှန်အတိုင်းဝန်ခံလိုက်မည်ကို ပိချန်ဖေးမှာ အလွန့်အလွန် စိုးရိမ်နေသည်။ လင်ချင်းဟယ်က သူ့ပစ္စည်းများကို တခြားလူထိကိုင်တာ မကြိုက်မှန်း သိထားသဖြင့် ထောင်ရှီးကို မပြောလိုက်ရန် မျက်နှာရိပ်မျက်နှာကဲပြနေသည်။




ထောင်ရှီးကမူ ဂရုမစိုက်ဘဲ အမှန်အတိုင်းသာ ဝန်ခံလိုက်ပြီး လင်ချင်းဟယ်ကို ရှက်ဝဲဝဲ ပြုံးပြလိုက်သည်။




“မင်းရဲ့ စားပွဲကိုထိရင်ကံကောင်းတယ်ဆိုလို့….”




လင်ချင်းဟယ်က ဘာမှပြန်မပြောဘဲ တည်ငြိမ်စွာသာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး စာဖတ်နေသည်။




ထောင်ရှီး စိတ်သက်သာရာရစွာ သက်ပြင်းအသာချလိုက်သည်။




သတိလေးထားစမ်းပါ။ အယူသီးတာမကောင်းဘူး။




ညစာကျက်ချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးသွားသည်။ စာကျက်တန်း၏ ဒုတိယအချိန်သို့ရောက်သောအခါ အခန်းတွင်း လေထုအခြေအနေမှာ တဖြည်းဖြည်း ဂနာမငြိမ်ဖြစ်လာခဲ့သည်။ အချို့ကျောင်းသားများက ကိုယ့်ကိုယ်ကိုယ် အရှုံးပေးသွားကြပြီး အချို့က ဖြစ်ချင်ရာဖြစ်ဟူ၍ မျက်ကန်းတစ္ဆေယုံကြည်လိုက်ကြကာ အချို့ကမူ လျှပ်စစ်သံလိုက်စွမ်းအားလို အရှိန်ဖြင့် စာရွက်ကို တဖျပ်ဖျပ်လှန်၍ စာဖတ်နေကြသည်။ စာအုပ်လှန်နေသည့်အလျင်မှာ ပန်ကာအရှိန်ထက်ပင် ပိုမြန်နေသေးသည်။




ထောင်ရှီးမှာတော့ ခွေးအိုတစ်ကောင်လို တည်ငြိမ်မြဲတည်ငြိမ်နေဆဲပင်။ လင်ချင်းဟယ် ပေးထားသော မှတ်စုများကို နှစ်ကြိမ်ခန့်ပြန်လည် လေ့ကျင့်အပြီးတွင် အတန်းဆင်းချိန်နှင့် အံတိုက်ဖြစ်သွားသည်။




အတန်းဆင်းခေါင်းလောင်းတီးသည်နှင့်တစ်ပြိုင်နက် အိမ်ပြန်ရန်ဆိုင်းပြင်နေကြသော ကျောင်းသားများက လွယ်အိတ်ကိုယ်စီလွယ်လျက် စာသင်ခန်းထဲမှ ဝရုန်းသုန်းကား ထွက်သွားကြသည်။ ပိချန်ဖေးကတော့ အမြဲလိုလို ထိပ်ဆုံးကပင်။




ထောင်ရှီးက မှတ်စုစာအုပ်ကို ကျောင်းလွယ်အိတ်ထဲ သေချာထည့်လိုက်ပြီး အ​​ဆောင်ရောက်မှ ပြန်လေ့ကျင့်ရမည်ဟု တေးမှတ်လိုက်သည်။ သူ လွယ်အိတ်ကို အမြန်ကောက်လွယ်လိုက်ကာ ထွက်သွားရန်ပြင်နေသည့် လင်ချင်းဟယ်ကို ကမန်းကတန်း လှမ်းတားလိုက်သည်။




“ခဏလေး...”




လင်ချင်းဟယ်က ခြေလှမ်းရပ်သွားပြီး သူ့ကိုလှည့်ကြည့်ကာ မေးသည်။




“ဘာဖြစ်လို့လဲ...”




ထောင်ရှီးက လင်ချင်းဟယ်ကို မျက်ဝန်းများကွေးညွှတ်အောင် ပြုံးပြလိုက်ပြီး လေးနက်တည်ငြိမ်သော အမူအရာဖြင့် နူးညံ့စွာပြောလိုက်သည်။




“ လင်ချင်းဟယ်၊ စာမေးပွဲအတွက် ကျားယို့…”




လင်ချင်းဟယ်က ဆီတွေပိုနေပြီးသားမို့ ဆီထပ်ဖြည့်စရာတောင် မလိုဘူးဆိုပေမယ့်လဲ…*




[ *ကျားယို့ (Jiayou) က တကယ်တော့ “ကြိုးစားထား” ဆိုတာအပြင် “ဆီဖြည့်တယ်” ဆိုတဲ့ အဓိပ္ပာယ်ပါ ထပ်ရှိသေးတယ်။ ဒီစာကြောင်းမှာ ဆိုလိုတာက လင်ချင်းဟယ်က တော်ပြီးသားမို့ အားပေးစကားတောင် ပြောစရာတောင် မလိုပါဘူးတဲ့ ]




လင်ချင်းဟယ်က သူ့ကို ငုံ့ကြည့်ရင်း နှုတ်ခမ်းများက ပြုံးယောင်သန်းသွားသည်။ သူက လက်ကိုမြှောက်၍ ထောင်ရှီး၏ဆံစလေးများကို ပွတ်သပ်ပေးလိုက်ပြီး ပြောသည်။




“ စာမေးပွဲမှာ ကံကောင်းပါစေ…”




ထို့နောက် စာသင်ခန်းထဲမှ ထွက်ခွာသွားတော့သည်။




ထောင်ရှီးမှာ အကြောင်သားလေး ရပ်ကျန်နေခဲ့ရင်း နားရွက်များက ထိန်းမရအောင် ရဲတက်လာခဲ့သည်။




သူ့နှလုံးသားက တစ်ခုခုလွှဲချော်နေတာပဲ ဖြစ်ရမည်။




သူ၏စိတ်ပိုင်းဆိုင်ရာက တည်ငြိမ်တော့ပုံမရချေ။




ထောင်ရှီးက မိန်းမောတွေဝေစွာ အဆောင်သို့ ပြန်ရောက်လာပြီး မှတ်စုစာအုပ်ကို ကြိုးစားပြီးဖတ်လိုက်သော်ငြား အချိန်အတော်ကြာသည့်တိုင် စာထဲအာရုံစိုက်လို့ မရသေးချေ။ ထို့ကြောင့် သူ လက်လျှော့လိုက်ပြီး ဖုန်းထုတ်ကာ WeChat Moments များကို လျှောက်ကြည့်နေလိုက်သည်။




သူ ပိချန်ဖေး၏ရွှေငါးပုံကိုလည်း လိုက်ခ်လုပ်ပေးရဦးမည်ပင်။ သို့တိုင် ဖုန်းပွတ်ရင်းနှင့် လင်ချင်းဟယ်တင်ထားသည့် ပို့စ်တစ်ခုကို အမှတ်တမဲ့ မြင်လိုက်ရသည်။




ပို့စ်က ဓာတ်ပုံတစ်ပုံသာဖြစ်သည်။ ဓာတ်ပုံက ‌ရွှေရောင်အလင်းတန်းများဖြာကျနေသော ရေကန်တစ်ကန်ဖြစ်ပြီး ရေကန်ထဲတွင် ဒါဇင်နှင့်ချီသော အနီရောင် Koi ရွှေငါးလေးများက နေရောင်အောက်တွင် လူးလာခေါက်ပြန် ကူးခတ်နေကြသည်။




နတ်ဘုံနတ်နန်းတစ်ခုအလားပင်။




ယတြာတစ်ခုနှင့်လည်း အတော်လေးတူသည်။




ထောင်ရှီးမှာ မထိန်းနိုင်စွာ ရယ်ချလိုက်မိသည်။ လင်ချင်းဟယ်ကလည်း အယူသီးသူ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ ပုံကို လိုက်ခ်ပေးလိုက်ပြီး ပိချန်ဖေးတင်ထားသည့် Koi ရွှေငါးပုံကိုလည်း မမေ့မလျော့ လိုက်ခ်လုပ်ပေးလိုက်သည်။




ထိုအချိန်တွင် လင်မိသားစုဗီလာ၌ စာကျက်လိုက်၊ ဗုဒ္ဓဘုရား၏ခြေရင်းတွင် ဝတ်ပြုလိုက်လုပ်နေသော ယန်သောလဲ့အတွက် လော်ကျန်းယင်းက သစ်သီးပန်းကန်တစ်ချပ်ကို ပို့ပေးနေသည်။ ပြီးသော် သူမက နောက်ထပ် သစ်သီးပန်းကန်တစ်ချပ်ကို ကိုင်၍ စန္ဒရားအခန်းသို့ ထွက်လာခဲ့သည်။




ပုံမှန်အားဖြင့် လင်ချင်းဟယ်က စာမေးပွဲနီးလျှင် စန္ဒရားခန်းထဲ၌ စာလုပ်လေ့ရှိသည်။ သို့သော် ယနေ့တွင်တော့ ထူးဆန်းစွာ စန္ဒရားတီးလေ့ကျင့်နေသည်။




သူမက သစ်သီးပန်းကန်ကိုင်ကာ ဝင်လာချိန်၌ လင်ချင်းဟယ်က စန္ဒရားရှေ့တွင် ထိုင်လျက်သားဖြင့် “ မယ်ရီခရစ္စမတ် မစ္စတာလောရန့်”၏ သီချင်းသံစဉ်တစ်ချို့ကို တီးခတ်နေသည်။




“ ရုတ်တရက်ကြီး ဘာဖြစ်လို့ စန္ဒရားတီးချင်သွားတာလဲ…မနက်ဖြန် နှစ်ဝက်စာမေးပွဲရှိတယ်မဟုတ်ဘူးလား…” လော်ကျန်းယင်းက နားလည်ရခက်စွာ မေးလိုက်သည်။




လင်ချင်းဟယ်က သူ့လက်ချောင်းများကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်သည်။ ခဏကြာ တိတ်ဆိတ်နေပြီးမှ သူက စကားဆိုလာသည်။




“ ဒီတိုင်း နည်းနည်း စိတ်ပူနေလို့…”




လော်ကျန်းယင်းက သားဖြစ်သူအား အထူးအဆန်းကြည့်လိုက်သည်။ စာမေးပွဲမဖြေခင်ညတွင် သူမသား စိုးရိမ်ပူပန်နေသည်ပုံကို တစ်ခါမှမတွေ့ခဲ့ဖူးပေ။ လင်ချင်းဟယ်က အခက်ခဲဆုံးစာမေးပွဲများကိုတောင် အေးအေးဆေးဆေး ဖြတ်ကျော်နိုင်ခဲ့သူဖြစ်သည်။




ခုကျ ဘယ်လိုဖြစ်တာလဲ...




“မင်းက ဘာလို့စိတ်ပူနေတာလဲ…။ လဲ့လဲ့ကသာ စိတ်ပူရမှာမဟုတ်လား...။ သူဆို နေမကောင်းလို့ ခွင့်ရက်တွေအများကြီးယူထားတာ...”




လော်ကျန်းယင်းက မနေနိုင်စွာ မေးလိုက်၏။




လင်ချင်းဟယ်က ထိုမေးခွန်းကို ပြန်မဖြေတော့ဘဲ မရေမရာသာ ပြောလိုက်သည်။




“ဘာမှမဟုတ်ပါဘူး…”




လော်ကျန်းယင်းလည်း ထပ်မမေးတော့ဘဲ သစ်သီးပန်းကန်ကို စားပွဲပေါ်ချပေးလိုက်ရင်း ပြောလိုက်သည်။




“ စောစောအနားယူဦး…”




လင်ချင်းဟယ်က သူ့လက်ချောင်းများကို စန္နယားခလုတ်များပေါ် ပြန်တင်လိုက်ပြီး စန္ဒရားပြန်တီးခတ်နေသည်။




__________




Translator Note




[ ပိချန်ဖေးက သူ့ခုံပေါ်တွင် တောင်လိုပုံနေသည့် သင်ထောက်ကူပစ္စည်းကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ပစ္စည်းပုံထဲမှ တစ်ခုခုကို ဆယ်ယူလိုက်သည့်ဟန် သူ့လက်နှစ်ဖက်ကို လက်ခုပ်ပုံသဏ္ဌာန်လုပ်၍ သူ့ခေါင်းပေါ်ကို ပုတ်လိုက်သည်။ ]




အပေါ်က စာထဲကလို ပိချန်ဖေးလုပ်တဲ့ ပုံစံက ပုံထဲကလိုမျိုးပါရှင့်။