အပိုင်း ၃၃
Viewers 8k

Chapter-33.1


 


Part-33


 


နှစ်ဝက်စာမေးပွဲက နှစ်ရက်တာကြာမြင့်မည်ဖြစ်သည်။ ပထမရက် နေ့လယ်ပိုင်းတွင် ထောင်ရှီးက သင်္ချာစာမေးပွဲဖြေပြီး၍ အတန်းထဲသို့ ဝင်လာချိန်၌ ကျောင်းသားတစ်စုနှင့်အတူ အဖြေတိုက်နေသော ပိချန်ဖေးကို တွေ့လိုက်ရလေသည်။ ထိုက သူ့အဖြေအား တစ်ကမ္ဘာလုံးကို ကြေညာချင်နေသည့်အလားပါပင်။ 


 


“ နောက်ဆုံး Multiple-choice မေးခွန်းကို ငါ C ရွေးခဲ့တယ်။ မင်းတို့ရော ဘာရွေးခဲ့ကြလဲ…”


 


“သေချာပေါက် B ပေါ့။ အတန်းခေါင်းဆောင်လည်း B ပဲရွေးတာ...”


 


“ သေပြီ။ ငါတော့သွားပြီထင်တယ်...”


 



 


ထောင်ရှီးက သူ့နားရွက်ကိုအုပ်၍ ထိုင်ခုံတွင် ပြန်သွားထိုင်လိုက်သည်။


 


စာမေးပွဲပြီးချိန်၌ အဖြေတိုက်ရမည်ကို သူ အမုန်းဆုံးဖြစ်သည်။ စာမေးပွဲက သွန်ချလိုက်သောရေကဲ့သို့ ဖြေပြီးသွားပြီဖြစ်ရာ အဖြေတိုက်ခြင်းက စိတ်ပူပန်မှုကိုသာ တိုးစေလိမ့်မည်။


 


ထောင်ရှီးက အသံများမကြားရအောင် စာရေးခုံပေါ်တွင် မှောက်အိပ်လိုက်သည်။ သို့သော် အကျိုးမထူးလှသောကြောင့် မနက်ဖြန်ဖြေရမည့်ဘာသာကိုသာ အသံတိတ်ပြန်လေ့ကျင့်နေပြီး “အရူးတွေ ဘုရားစာရွတ်နေတာ၊ နားမထောင်နဲ့၊ နားမထောင်နဲ့” ဟု မိမိကိုယ်မိမိ သတိပေးလိုက်သည်။ ထိုစဉ် လက်လေးနှစ်ချောင်းက သူ့စားပွဲခုံကို နှစ်ကြိမ်ခန့်လာခေါက်သည်။ 


 


သူမော့ကြည့်လိုက်သည့်အခါ ခုံဘေးတွင် ရပ်လျက် မျက်ခုံးများတွန့်ချိုးကာ သူ့အား ငုံ့ကြည့်နေသော လင်ချင်းဟယ်ကို တွေ့လိုက်ရသည်။ ထိုသူက ခပ်တိုးတိုးမေးလာ၏။


 


“ တစ်ခုခုမှားဖြေခဲ့မိလို့လား...”


 


ထိုအကြည့်နှင့် အသံတွင် စိုးရိမ်မှုများပါဝင်နေသည်။


 


ထောင်ရှီး၏မျက်ဝန်းများ လင်းလက်သွားပြီး အမြန်ထရပ်လိုက်ကာ လင်ချင်းဟယ်ကို တိုးတိုးလေးပြောလိုက်သည်။ 


 


“ငါကောင်းကောင်းဖြေနိုင်ခဲ့တယ်…”


 


ယနေ့ဖြေရသည့် သင်္ချာနှင့် ဘာသာစကား စာမေးပွဲနှစ်ခုစလုံးတွင် သူ ကောင်းကောင်းဖြေနိုင်ခဲ့သည်ဟု ခံစားရသည်။ 


 


“ ဒါပေမဲ့ သူတို့အဖြေတိုက်နေတာတွေကို ငါနားထောင်မိရင် မှားများမှားလားဆိုပြီး ထင်ယောင်ထင်မှားတွေဖြစ်ကုန်မှာစိုးလို့…”


 


ထောင်ရှီးက မလှမ်းမကမ်းမှ ပိချန်ဖေးကို မေးငေါ့ပြရင်း လင်ချင်းဟယ်ကို တိုင်တောလိုက်သည်။ ထို့နောက် သူ့နားရွက်များကို ပြန်အုပ်ထားလိုက်သည်။ 


 


လင်ချင်းဟယ်၏တွန့်ချိုးနေသော မျက်ခုံးများက အနည်းငယ်ပြေလျော့သွား၏။ သူက နားရွက်နှစ်ဖက်ကို အုပ်ထားသည့် ထောင်ရှီးကို ကြည့်ရင်း နှုတ်ခမ်းစွန်းများ အလိုလို ကွေးတက်လာသည်။


 


“ လက်တွေကို ဖယ်လိုက်…”


 


ထောင်ရှီးက လင်ချင်းဟယ်ကို ကြောင်တောင်တောင် ကြည့်လိုက်ပြီး နားရွက်အုပ်ထားသည့် သူ့လက်များကို နာခံစွာဖယ်လိုက်သည်။


 


ပြီးသော် လင်ချင်းဟယ်က သူ့အနားသို့ ခြေတစ်လှမ်းတိုးကပ်လာသည်။ နှစ်​ယောက်ကြားရှိအကွာအဝေးက အလွန်နီးကပ်သွားသဖြင့် သူ အသက်ရှူပင် အောင့်ထားလိုက်မိသည်။ နီးကပ်လာသည့် လင်ချင်းဟယ်၏မျက်နှာကိုကြည့်ရင်း သူ့မျက်တောင်များ မသိမသာ တုန်ယင်လာသည်။ 


 


လင်ချင်းဟယ်က ခေါင်းအသာငုံ့ရင်း အဖြူရောင် ကြိုးမဲ့နားကြပ်လေးတစ်စုံကို ထောင်ရှီးနားတွင် တပ်ဆင်ပေးလိုက်သည်။ သူ၏အေးစက်စက်လက်ဖျားများက နားသံသီးလေးကို မတော်တဆထိမိသွားလေသည်။


 


မကြာလိုက် စည်းချက်မှန်မှန် သီချင်းသံက နားစည်ကို စတင်ရိုက်ခတ်လာသည်။ 


 


ထောင်ရှီးမှာ ကြက်သေသေနေမိ၏။ ထိုစဉ် သူ့နားသံသီးလေးအား အသာညှစ်လိုက်သည့် အထိအတွေ့ကို ခံစားလိုက်ရပြီး ထိတ်လန့်သွားသည့် ယုန်တစ်ကောင်လို တုန်ခနဲဖြစ်သွားသည်။ သူ လင်ချင်းဟယ်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်ကာ ဘာစကားမှတောင် မပြောနိုင်တော့ချေ။ 


 


လင်ချင်းဟယ်က သူ့လက်ကိုပြန်ရုတ်လိုက်ပြီး လက်မနှင့်လက်ညှိုးကို ပွတ်ရင်း ထောင်ရှီးကို ခပ်တည်တည်မေးသည်။ 


 


“ အခုရော ကြားရသေးလား...”


 


ထောင်ရှီးက စိတ်နှင့်လူနှင့်မကပ်စွာ ခေါင်းခါပြလိုက်သည်။


 


ပိချန်ဖေးတို့တစ်သိုက်၏ အဖြေတိုက်နေသံများကိုရော၊  နားကြပ်မှသီချင်းသံကိုရော သူ မကြားနိုင်တော့ချေ။ သူ့နားထဲတွင် တဖြည်းဖြည်းကျယ်လောင်လာသော နှလုံးခုန်သံများဖြင့်သာ ပြည့်နှက်နေသည်။ 


 


ယခုနေ ကာထားပစ်လိုက်ချင်သည်က သူ့နားရွက်နှစ်ဖက်မဟုတ်ဘဲ ပူလောင်နေသော သူ့မျက်နှာကိုသာ ဖြစ်တော့၏။ 


 


ထောင်ရှီးက အယောင်ယောင်အမှားမှားဖြင့် မျက်လွှာချလိုက်ပြီး “ကျေးဇူးပါ”ဟု ပြောလိုက်သည်။ ထို့နောက်‌ ခုံတွင် ပြန်ထိုင်လိုက်ပြီး စားပွဲပေါ်လှဲကာ ခေါင်းကိုမြှုပ်နေအောင် ငုံ့ချ၍ မှတ်စုများကို ဆက်ဖတ်နေလိုက်သည်။ 


 


လင်ချင်းဟယ်က ထောင်ရှီး၏နားရွက်ရဲရဲလေးများကို တစ်ချက်ကြည့်လိုက်ပြီး သူ့ခုံသူ ပြန်သွားထိုင်သည်။ သူ တိတ်တဆိတ်ပြုံးလိုက်ပြီး ဖုန်းထုတ်၍ ပိုမိုမြူးကြွသော သီချင်းကိုပြောင်းလိုက်ကာ အသံကိုလည်း အနည်းငယ် ထပ်ချဲ့လိုက်သည်။ 


 


ထိုအခါ မျှော်လင့်ထားသည့်တိုင်း ဘေးခုံတွင်ထိုင်နေသော တစ်ယောက်မှာ တုန်ခနဲဖြစ်သွားလေသည်။ 


 


နှစ်ရက်တာစာမေးပွဲက မကြာမီပင် ပြီးဆုံးသွားခဲ့သည်။ ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၏ အဖြေလွှာများကို အမှတ်စစ်ချိန်က ပုံမှန်အားဖြင့် သိပ်ကြာလေ့မရှိပေ။ စာမေးပွဲဖြေပြီး သုံးရက်မြောက်နေ့တွင် ရလဒ်များထွက်ရှိမည်ဖြစ်ပြီး ရမှတ်အပြည့်အစုံကိုမူ စာသင်ဆောင်၏ပထမထပ်စင်္ကြံတွင် မနက်စောစောအချိန်၌ ကပ်ထားမည်ဖြစ်လေသည်။ 


 


အဆင့်နှင့်ရမှတ်များကို အတန်းပိုင်ဆရာထံ ကြိုတင်လာမေးနေကြသော ကျောင်းသားမိဘများလည်း ရှိသည်။ 


 


ရလဒ်များ မကြေညာခင်ညတွင် ကျိုးချန်တစ်ယောက် ညဆယ်နာရီထိုးသည်အထိ ရုံးခန်းထဲတွင် အချိန်ပိုဆင်းနေရလေသည်။ သူ့မှာ တန်းခွဲ(၁)မှ ကျောင်းသားမိဘများထံမှ ဖုန်းကောလ်နှစ်ဆယ်လောက် ဖြေကြားခဲ့ရပြီးလေပြီ။ ထို့အထဲတွင် ယခင်က သူ့ထံ တစ်ခါမှ ဖုန်းဆက်မမေးခဲ့ဖူးသော လင်ချင်းဟယ်လည်းပါဝင်သည်။


 


ထိုညက အဆောင်ထဲတွင် ရွှီကျီးချီက သူ့အ​မေနှင့်ဖုန်းပြော​နေသည်။ ထောင်ရှီးက မေးခွန်းများဖြေဆိုရင်း အလုပ်များနေ၏။ သူ မျက်လွှာလှပ်ကာ ရွှီကျီးချီကို အမှတ်တမဲ့ မော့ကြည့်လိုက်ချိန်၌ တစ်ဖက်လူ၏မျက်နှာမှာ ထိတ်လန့်အံ့ဩခြင်းမှသည် ခံပြင်းဒေါသထွက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ မျက်နှာထားအပြောင်းအလဲမြန်ပုံမှာ ပေကျင်းအော်ပရာပြဇာတ်အလားပင်။ 


 


“ ဘယ်လို...မဖြစ်နိုင်တာ…” ရွှီကျီးချီ၏မျက်နှာက စိမ်းဖန့်သွားပြီး အဆောင်အပြင်သို့ ပြေးထွက်သွားသည်။ 


 


ဖန်းယန့်က နှာခေါင်းရှုံ့လိုက်ရင်း ဖုန်းကိုထုတ်ကာ “ဇီးပန်းလေးတစ်ခက်” ဟူသော သီချင်းကို ပီတိတဖွားဖွားဖြင့် ဖွင့်လိုက်သည်။ 


 


ထောင်ရှီး၏လက်ရှိအခြေအနေမှာလည်း သိပ်တော့ကောင်းမနေချေ။ သူက မျက်နှာတည်တည်နှင့် လက်ထဲက ဘောပင်ကိုလှည့်နေသည်။ ဘောပင်လည်သည့်အရှိန်က မြန်သည်ထက်မြန်လာပြီး အဆုံး၌ ပြုတ်ကျသွားလေသည်။


 


သူ စိတ်အပူလွန်ပြီး သေတော့မည်။ 


 


ချင်းရွှေခရိုင်တုန်းက နှစ်ဆုံးစာမေးပွဲရလဒ်ကို စောင့်ရစဉ်ကထက်ပင် ပို၍စိတ်လှုပ်ရှားနေသည်။ 


 


ထိုညက သူ အိမ်မက်တစ်ခုမက်ခဲ့သည်။ အိမ်မက်ထဲတွင် သူက ထိပ်ဆုံးအယောက်ငါးဆယ်ထဲမဝင်ခဲ့သဖြင့် ရွှီကျီးချီနှင့်အတူ တန်းခွဲ(၂)သို့ ပြောင်းလိုက်ရပြီး လင်ချင်းဟယ်နှင့်ယန်သောလဲ့တို့က ရယ်မောစကားပြောကာ တန်းခွဲ(၁)ထဲသို့ ဝင်သွားကြသည်။ 


 


အိပ်မက်ထဲတွင် သူ လင်ချင်းဟယ်ကို အော်ခေါ်လိုက်သည့်အခါ ထိုသူက လှည့်ကြည့်လာပြီး “မင်းက ငါ့ထိုင်ခုံဖော်ဖြစ်ဖို့ မတန်ဘူး” ဟု စိမ်းစိမ်းကားကားပြောလာခဲ့သည်။ 


 


ထောင်ရှီးတစ်ယောက် ချွေးစေးများရွှဲနစ်ကာ အိပ်ယာမှ နိုးလာခဲ့သည်။ သူ မျက်နှာသစ်ပြီးသည်နှင့် မနက်စာပင်မစားနိုင်တော့ဘဲ အမှတ်စာရင်းကြည့်ရန် စာသင်ဆောင်၏ ပထမထပ်စင်္ကြံဆီသို့ သုတ်ခြေတင်ပြေးရသည်။ အမှတ်စာရင်းရှေ့တွင် ကျောင်းသားများပြုံတိုးလို့ ရောက်နေကြပြီး အချို့က ပျော်ရွှင်စွာ အော်ဟစ်ကြွေးကြော်နေကြသည်။ 


 


ထောင်ရှီးမှာ ထိုလူအုပ်ထဲသို့ ခက်ခက်ခဲခဲတိုးယူလိုက်ရသည်။ သူပထမဆုံးမြင်လိုက်ရသည်မှာ အမှတ်စာရင်း၏ထိပ်ဆုံးတွင် နေရာယူလျက်ရှိနေသည့် လင်ချင်းဟယ်၏အမည်ဖြစ်ပြီး ဒုတိယရသူ ဟွမ်းချင်ထက်ပင် ၂၇ မှတ်ပိုများနေသည်။ 


 


တစ်စုံတစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။ 


 


“လင်ချင်းဟယ်က တကယ်ပုံမှန်မဟုတ်ဘူးပဲ။ အရင်တစ်ခေါက်က ဒုတိယရတဲ့သူထက် အမှတ်၂၀ ပိုများတာတောင် ကြောက်စရာကောင်းလှပြီ။ အခုကျတော့ အရင်ကထက်တောင် အမှတ်ပိုများသွားတယ်…”


 


နောက်တစ်ယောက်ကလည်း စုတ်သတ်လျက်ပြောသည်။  


 


“ ဒုတိယတစ်ယောက်ကို လုံးဝမျက်နှာသာမပေးတာနော်။ အငြိုးတွေများ ရှိနေသလားအောက်မေ့ရတယ်…”


 


လင်ချင်းဟယ် ပထမရမှန်းအတည်ပြုပြီးကာမှ ထောင်ရှီးက ကိုယ့်နာမည်ကိုလိုက်ရှာသည်။ လင်ချင်းဟယ်၏အမည်အောက်မှ ဖြည်းဖြည်းချင်းစဖတ်လာရင်း သူ့မှာ စိတ်ပူလွန်း၍ အသက်ရှူသံပင်မမှန်ချင်။


 


နံပါတ် ၄၂ ၊ ထောင်ရှီး။


 


အဆင့်ကိုမြင်မြင်ချင်း ထောင်ရှီးမှာ အသက်ပင်အောင့်ထားမိလိုက်သည်။ ထို့နောက်မှ သက်ပြင်းမောကြီးချလိုက်နိုင်ပြီး နှလုံးအိမ်ကလည်း တဒုန်းဒုန်းဖြင့် ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။ 


 


သူ လင်ချင်းဟယ်နှင့် ထိုင်ခုံဖော်ဆက်လုပ်လို့ရပြီ။


 


ထောင်ရှီးက အပြည့်အဝစိတ်သာသက်ရာရသွားပြီး အောက်ကိုဆက်၍ကြည့်လိုက်သော် နံပါတ် ၅၀ တွင် ပိချိန်ဖေးအား တွေ့လိုက်ရသည်။ ဒီတစ်ခါလည်း သူ ကံကောင်းပြီး ကပ်ဝင်သွားပြန်လေပြီ။


 


ယန်သောလဲ့ ၊ နံပါတ် ၅၁။


 


ထောင်ရှီးက အမှတ်စာရင်းရှေ့မှ အမူအရာမဲ့စွာ ပြန်ထွက်ခွာလာခဲ့သည်။ သို့သော် လှေကားပေါ်တက်လာချိန်၌ ချုပ်တည်းမထားနိုင်တော့ဘဲ ပျော်ရွှင်မြူးတူးစွာ ထရယ်လိုက်လေသည်။ 


 


မနက်ခင်းတွင် လင်ချင်းဟယ် အတန်းထဲဝင်လာချိန်၌ ထောင်ရှီး၏မျက်လုံးများက မီးသီးနှစ်လုံးပမာ တောက်ပလျက် သူ့အားကြည့်နေသည်ကို သတိထားမိလိုက်သည်။ သူ့အနောက်တွင်လည်း အမြှီးလေးတစ်ချောင်း လှုပ်ယမ်းနေသည့်အတိုင်းပင်။ လင်ချင်းဟယ်၏ခြေလှမ်းများ ခဏရပ်သွားပြီး အရှိန်လျှော့လျက် အတန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာလိုက်သည်။ 


 


ထောင်ရှီးက လင်ချင်းဟယ်အတွက် ထိုင်ခုံကိုကူဆွဲပေးကာ ထိုင်စေသည်။ ခုံပေါ် ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် လင်ချင်းဟယ်၏ လက်မောင်းကိုဆွဲကာ စိတ်လှုပ်ရှားစွာ လှုပ်ယမ်းလိုက်သည်။ 


 


“လင်ချင်းဟယ်၊ ငါ အခု တန်းခွဲ(၁)မှာ ဆက်နေလို့ရပြီ…”


 


ပြောပြီးကာမှ သူ အလွန်စိတ်လှုပ်ရှားလွန်းနေသည်ကို သတိပြုမိသွားပြီး လက်ကို ရှက်ရွံ့စွာ ပြန်လွှတ်ချလိုက်ကာ နောက်ကိုလည်း အနည်းငယ်ပြန်ဆုတ်လိုက်သည်။ 


 


လင်ချင်းဟယ်က ပြန်ရုတ်သွားသည့် ထောင်ရှီး၏လက်လေးကို တစ်ချက်ကြည့်ရင်း မပြောင်းမလဲသော အမူအရာဖြင့် မေးလိုက်သည်။ 


 


“ အဆင့်ဘယ်လောက်လဲ...”


 


လင်ချင်းဟယ်က ကြော်ငြာသင်ပုန်းကို သွားမကြည့်ရသေး၍ဖြစ်မည်ဟု ထောင်ရှီး တွက်ဆလိုက်သည်။ သို့နှင့် သူ့နှုတ်ခမ်းများစုလျက် ပြောလိုက်သည်။ 


 


“ ၄၂ ။ ငါ မှန်းထားတာထက် အဆင့်ပိုကောင်းတယ်...”


 


လင်ချင်းဟယ်က ခေါင်းညိတ်ရင်း တည်ငြိမ်စွာပြောလာပြန်သည်။


 


“ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ဂုဏ်ယူပါတယ်…”  


 


ပြောပြီးသော် သူက လွယ်အိတ်ထဲမှ စာရွက်တစ်ထပ်ကို ထုတ်ပြီး စာရေးခုံပေါ်တင်လိုက်သည်။ 


 


ထောင်ရှီးမှာ လင်ချင်းဟယ်ကိုကြည့်ရင်း မျက်လုံးများက မှိန်ဖျော့သွားသည်။ သူ့ရလဒ်အပေါ် လင်ချင်းဟယ်၏တုံ့ပြန်မှုက အလွန်တုံးတိတိနိုင်လွန်းသည်ဟု ခံစားမိသဖြင့် အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။ 


 


သူက လင်ချင်းဟယ်နှင့်ထိုင်ခုံဖော်ဆက်ဖြစ်ရန် အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း လင်ချင်းဟယ်ကမူ သူနှင့်အတူထိုင်ရမည်ကို ပျော်နေပုံမရပါချေ။


 


ပြီးတော့ ယန်သောလဲ့ တန်းခွဲ(၁)ကနေ ကျသွားလို့ လင်ချင်းဟယ်က စိတ်မကောင်းဖြစ်နေများလား…။


 


အမှန်တကယ်တွင် သူတို့နှစ်ယောက်က နှစ်ပေါင်းများစွာ ညီအစ်ကိုအရင်းအချာများပမာ ခင်လာခဲ့ကြသူများဖြစ်သည်။


 


သူနှင့်လင်ချင်းဟယ်ဆိုသည်မှာ အချင်းချင်းသိကြတာ နှစ်လကျော်သာ ကြာမြင့်သေးသည်။

Chapter-33.2


သူ့အတွေးများကို မည်သို့ပင် ထိန်းချုပ်ပါစေ ထိုကိစ္စသို့သာ ရောက်ရောက်သွားနေသည်ကို ထိန်းမရချေ။ ယန်သောလဲ့ဟူသော နာမည်ကြားရုံဖြင့် ခဲမှန်ဖူးသော စာသူငယ်တစ်ကောင်လို ဖြစ်သွားပြီး ပျော်ရွှင်စိတ်လှုပ်ရှားနေသည့် စိတ်ကလေးဟာလည်း ရုတ်ခြည်းဆိုသလို ရေကန်အောက်ခြေသို့ စုံးစုံးမြှုပ် နစ်မြှုပ်သွားရသည်။


 


သူ မျက်တောင်များ ငိုက်စိုက်ကျသွားကာ ခဏကြာ တိတ်ဆိတ်သွားသည်။ သို့သော်လည်း စိတ်ထဲ မတင်မကျဖြစ်နေသဖြင့် လင်ချင်းဟယ်အား မဝံ့မရဲမေးလိုက်သည်။ 


 


“ ယန်သောလဲ့က အဆင့် ၅၁ ရတယ်လို့ ငါတွေ့ခဲ့တယ်။ မင်း စိတ်ဆိုးနေမှာပေါ့…တကယ်လို့ ငါ့ကြောင့်သာ မဟုတ်ရင် သူ သေချာပေါက် အဆင့် ၅၀ ထဲ ဝင်မှာပဲကို…”


 


“ ငါကဘာလို့စိတ်ဆိုးရမှာလဲ...” 


 


လင်ချင်းဟယ်က ကောက်ခါငင်ခါ ပြန်မေးလိုက်သည်။ သူက မျက်လွှာချနေသည့် ထောင်ရှီးကိုကြည့်ပြီး ကျောင်းလွယ်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ရင်း ဆက်ပြောလာသည်။


 


“ မင်းက အဆင့်ဝင်တယ်၊ သူက မဝင်ဘူး။ အဲ့ဒါ မင်းက သူ့ထက်ပိုကြိုးစားလို့ပဲလေ မဟုတ်ဘူးလား…”


 


‌ထောင်ရှီးက အံ့အားသင့်သွားပြီး မျက်လွှာပင့်ကြည့်လိုက်သောအခါ လေသံအေးအေးနှင့် ဆက်ပြောလာသော လင်ချင်းဟယ်၏အသံကို ကြားလိုက်ရသည်။ 


 


“ ပြီးတော့ မင်းကိုယ်မင်း တခြားလူတွေနဲ့ နှိုင်းယှဉ်စရာမလိုပါဘူး။ မင်း တန်းခွဲ(၁) မှာဝင်ပြီး ငါ့ဘေးမှာဆက်ထိုင်ရမှာကို သိရတော့ ငါ အရမ်းဝမ်းသာတယ်…”


 


ငါအရမ်းဝမ်းသာတယ်။


 


ထောင်ရှီးမှာ အသက်ငွေ့ငွေ့သာ ရှူနိုင်တော့၏။ လင်ချင်းဟယ်ကို ကြည့်ရင်း သူ့လည်ချောင်းအား စိုစွတ်သော ဝါဂွမ်းလုံးကြီးဖြင့် ဆို့ထားသလိုပင် ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းစွန်းလေးများ တဖြည်းဖြည်း ကွေးညွှတ်လာခဲ့သည်။ သို့သော် မျက်လုံးများကမူ စပ်ဖျဉ်းဖျဉ်းဖြစ်လာလေ၏။


 


လင်ချင်းဟယ်က အမြဲတမ်း ဒီလိုလူမျိုးပင်။ သူ့ကို တစ်ချိန်တည်းတွင် ငိုစေ၊ ရယ်စေ စေစားနိုင်စွမ်းရှိသည်။  


 


သူ့နှလုံးအိမ်က ဘယ်ညာ၊ အပေါ်အောက် ရွေ့လျားခုန်ပေါက်နေပြီး နောက်ဆုံးတွင် ရေနွေးနွေးထဲသို့ ပြုတ်ကျသွားကာ စပ်ဖျဉ်းဖျဉ်းနှင့် ဖောရောင်လာခဲ့သည်။


 


ထောင်ရှီးက နှုတ်ခမ်းအတွင်းသားကို ကိုက်လျက် ပြောစရာစကားမဲ့နေသည်။ ထိုစဉ် လင်ချင်းဟယ်က ကျောပိုးအိတ်ထဲမှ လေးထောင့်ပုံ ကတ္တီပါသေတ္တာလေးတစ်ခုကို ထုတ်လာပြီး သူ့လက်ထဲသို့ ထည့်ပေးလာသည်။ 


 


“ ဒါကနှစ်ဝက်စာမေးပွဲအတွက် ငါမင်းကို ကတိပေးထားတဲ့ဆု…”


 


ထောင်ရှီး အံ့အားသင့်သွားသည်။ လက်ထဲက သေတ္တာလှလှလေးကို သူ ငုံ့ကြည့်လိုက်ပြီး ကတ္တီပါသားလေးကို လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။ သူ့နှလုံးသားလေးကို အမွှေးနုနုဖြင့် ကလိထိုးနေသလိုပင် ခံစားလိုက်ရပြီး တိုးတိုးလေး ပြောလိုက်သည်။


 


“ ဒါပေမဲ့ ငါ တောင်းပြီးသား.…”


 


အပွေ့အဖက်တစ်ခုကို ငါ ကြိုတောင်းခဲ့ပြီးသားလေ။ 


 


“အဲ့ဒါကို ထည့်မတွက်ဘူး…” လင်ချင်းဟယ်က ပြတ်သားစွာ ဆိုလိုက်ပြီးနောက် လေသံကိုလျှော့၍ ဆက်ပြောလာ၏။


 


“ ဖွင့်ပြီး ကြည့်ကြည့်လေ…သဘောကျရဲ့လားဆိုတာ…”


 


ထောင်ရှီးက စကားနားထောင်ပြီး သေတ္တာလေးကို ဖွင့်လိုက်သည်။ သေတ္တာထဲတွင် သကြားလုံးအရွယ် စိမ်းပြာရောင်ကျောက်လေးနှင့် လက်ပတ်ကြိုးအနီရောင်လေးတစ်ခုရှိနေသည်။


 


စိမ်းပြာရောင်ကျောက်လေးကို ဂြိုဟ်ငယ်သဏ္ဌာန် ထွင်းထုထားလေရာ အာကာသဟင်းလင်းပြင်ထဲတွင် ဂြိုဟ်ငယ်လေးက အပြာနှင့်အစိမ်းရောင်အလင်းတန်းများဖြင့် ထွန်းလင်းတောက်ပနေသည့်အလား ထင်မှတ်ရစေသည်။ 


 


ထောင်ရှီးက ကျောက်မျက်ရတနာအကြောင်း သိပ်နားမလည်သော်လည်း ဤစိမ်းပြာရောင်ကျောက်လေးက အလွန်စျေးကြီးမည့်ပုံပေါ်မှန်းတော့ သိသည်။ သူ ကျောက်လေးကို အချိန်အကြာကြီး စိုက်ကြည့်နေမိပြီး ရင်ဘတ်ထဲမှ မြည်ဟီးလာသော နှလုံးခုန်သံများကို ကြားလိုက်ရသည်။ ထို့နောက် စပ်ဖျဉ်းဖျဉ်းခံစားချက်တစ်ခုက သူ့နှာခေါင်းထဲမှ လှိုက်တက်လာသည်။ 


 


“ မကြိုက်လို့လား…” လင်ချင်းဟယ်က သူ့အား ညင်သာစွာ မေးသည်။ 


 


ထောင်ရှီးက ချက်ချင်းခေါင်းခါပြလိုက်သည်။ သူ လက်ပတ်လေးကို ထုတ်၍ ညာဘက်လက်တွင် စမ်းပတ်ကြည့်လိုက်သည်။ သို့သော် သူက ဘယ်သန်မဟုတ်သည့်အတွက် အချိန်အတော်ကြာသည်အထိ ပတ်မရပါချေ။ 


 


လင်ချင်းဟယ်က လက်ဆန့်လိုက်ပြီး လက်ပတ်ကို ထောင်ရှီး၏ ညာလက်ကောက်ဝတ်ပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ပတ်ပေးလိုက်သည်။ အနီရောင်ကြိုးလေးက ဖြူဖြူသွယ်သွယ်လက်ပေါ်တွင် ပို၍ထင်းလင်းသွားပြီး စိမ်းပြာရောင်ကျောက်လေးကမူ လက်ကောက်ဝတ်ကို ပတ်လမ်းအတိုင်းလှည့်ပတ်နေသော ကြယ်လေးတစ်စင်းနှင့် တူနေသည်။ 


 


ထောင်ရှီးက လက်ကောက်ဝတ်ပေါ်ရှိ လက်ပတ်ကို သဘောတကျကြည့်နေသည်။ ထို့နောက် အကြိမ်အနည်းငယ်ခန့် မျက်တောင်များ ပုတ်ခတ်လိုက်ကာ လင်ချင်းဟယ်ကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ 


 


“ ကျေးဇူးတင်ပါတယ်။ ငါအရမ်းကြိုက်တယ်…”


 


မင်းဆီက ဖြစ်နေသရွေ့ ဘာမဆို ငါကြိုက်တယ်။ ဘယ်အရာကိုမှလည်း လက်မလွှတ်လိုက်နိုင်ဘူး။ 


 


 


လင်ချင်းဟယ်ကလည်း ထောင်ရှီး၏လက်ကောက်ဝတ်ပေါ်မှ လက်ပတ်လေးကို ငေးကြည့်နေသည်။ ထောင်ရှီးက ယန်သောလဲ့၏ညာလက်မှ အနီရောင်အဆောင်ကြိုးလေးကို ခဏခဏကြည့်နေတတ်ကြောင်း သူ သတိထားမိခဲ့သည်။ ထောင်ရှီးက အနီရောင်ကြိုးနှင့် လက်ပတ်ကို သဘောကျတာဖြစ်လောက်မည်ဟု တွက်ဆလိုက်ပြီး စိမ်းပြာရောင်ကျောက်လေးကို စည်းနှောင်ရန် အနီရောင်ကြိုးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 


 


ကြယ်များကဲ့သို့ တောက်ပနေပြန်သော ထောင်ရှီး၏မျက်ဝန်းများကို ကြည့်ကာ သူ ခပ်တိုးတိုးပြောလိုက်သည်။ 


 


“စိမ်းပြာရောင်ကျောက်က အေးချမ်းခြင်းနဲ့ ကံကောင်းခြင်းအတွက် သင်္ကေတလက္ခဏာတဲ့။ နောက်နှစ်ဆုံးစာမေးပွဲမှာရော ကောင်းကောင်းဖြေမယ်မလား…”


 


စိမ်းပြာရောင်ကျောက်က ဒီဇင်ဘာလအတွက် မွေးနေ့ကျောက်တုံး သင်္ကေတလည်း ဖြစ်ကြောင်းကိုတော့ သူ မပြောဖြစ်ခဲ့ချေ။  စာမေးပွဲတွင် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ဖို့ တစ်ခုတည်းမဟုတ်ဘဲ ဒီဇင်ဘာလတွင်မွေးသည့် ဤလူသားလေးအတွက် ဘဝတစ်လျှောက်လုံး ကံကောင်းခြင်းများနှင့်အတူ အပူပင်ကင်းမဲ့စွာ အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် သူ လိုလားပေသည်။ 


 


ထောင်ရှီးက မဆိုင်းမတွခေါင်းညိတ်လိုက်ပြီး ယုံကြည်ချက်အပြည့်နှင့် မေးဖျားလေးကို မော့လိုက်သည်။ 


 


“အဲ့အတွက် စိတ်မပူနဲ့။ အခုငါ့မှာ ကံကောင်းစေတဲ့ လက်ပတ်လေးရှိနေပြီလေ။ ဘယ်စာမေးပွဲမဆို ငါကောင်းကောင်းဖြေနိုင်တော့မှာ…”


 


အမှန်စင်စစ်တွင် လင်ချင်းဟယ်နှင့်ဆုံတွေ့ရသည်ကပင် သူ့ဘဝအတွက် အကြီးမားဆုံးကံကောင်းမှုအဖြစ် မှတ်ယူထားခဲ့ပြီးဖြစ်၏။


 


သူ ထပ်ပြီး ကံကောင်းမှုများကို မတောင်းဆိုဝံ့တော့ချေ။


 


လွန်ခဲ့သည့် ဆယ့်ခြောက်နှစ်တာကာလ၊ သူ့အမေ မက်မွန်ပွင့်စမ်းချောင်းတွင် ကိုယ်ဝန်ဆောင်ခဲ့စဉ်က အနာရောဂါနှင့် ဘေးဥပါဒ်အန္တရာယ်များ ကင်းရှင်းပြီး ပျော်ရွှင်ချမ်းသာစေဖို့ သူ့အတွက် အနီရောင်အဆောင်ကြိုးလေးများ ပြုလုပ်ပေးခဲ့ဖူးသည်။ 


 


သို့သော် သူက ထိုလက်ပတ်လေးများကို ဝတ်ဆင်ရန်အခွင့်မသာခဲ့ပေ။


 


ယခုမူ သူသဘောကျရသည့်လူက သူ့အတွက် အေးချမ်းကာ ကံကောင်းစေရန် ရည်ရွယ်၍ စိမ်းပြာရောင်ကျောက်မျက်နှင့် အနီရောင်လက်ပတ်လေးကို လက်ဆောင်ပေးလာခဲ့သည်။ 


 


ထောင်ရှီးက လင်ချင်းဟယ်ကို အလွန်နီးကပ်သောနေရာမှ မော့ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာကြာအောင် ဤလူကို တသသလွမ်းဆွတ်နေခဲ့ရသည့်ပမာ တစိမ့်စိမ့်ငေးကြည့်နေခဲ့မိသည်ပင်။


 


ဤကမ္ဘာတွင် သူ့မွေးမိခင်ရင်းပြီးလျှင် သူ့အပေါ် ကောင်းချီးဗျာဒိတ်ပေးမည့်သူ ရှိသေးသည်ပဲဟူသော အတွေးလေးတစ်ခုလည်း ဝင်လာခဲ့သည်။


 


သူ ဤလူကို အလွန်အလွန့်သဘောကျသည်။ 


 


ဤလူကလည်း သူ့ကို သဘောကျကောင်းကျနေလိမ့်မည်။ 


 


ထောင်ရှီး၏လက်ချောင်းများက ညာလက်ကောက်ဝတ်ပေါ်မှ စိမ်းပြာရောင်ကျောက်လေးကို ညင်သာစွာ ဆော့ကစားနေရင်း ပင့်သက်ပြင်းပြင်းရှိုက်ကာ လင်ချင်းဟယ်ကို ရုတ်တရက် မေးလိုက်သည်။ 


 


“နောက်ကျရင် ငါမင်းနဲ့ ကောလိပ်ဝင်ခွင့်ကို အတူတူဖြေလို့ရမလား…”


 


သူ စိတ်လှုပ်ရှားစွာဖြင့် အောက်နှုတ်ခမ်းကို ကိုက်ရင်း ဆက်ပြောလိုက်သည်။ 


 


“ငါပြောချင်တာက…ငါ မင်းနဲ့ တက္ကသိုလ်အတူတူတက်ချင်တယ်။ မင်း ဘယ်တက္ကသိုလ်ကိုပဲလျှောက်လျှောက်၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ငါဂရုမစိုက်ဘူး။ ငါ မဖြစ်ဖြစ်အောင်ကြိုးစားမယ်...”


 


ငါ မင်းကြောင့် ဝမ်းဟွာ အ.ထ.က(၁)ကို ဝင်ခွင့်ရအောင် ကြိုးစားခဲ့တယ်။ မင်းကြောင့် တန်းခွဲ(၁)မှာ နေခွင့်ရအောင် ကြိုးစားခဲ့တယ်။ မင်းနဲ့ တက္ကသိုလ်အတူတူတက်နိုင်အောင် ငါသေချာပေါက် ကြိုးစားနိုင်တယ်။


 


သူ မပြောဖြစ်ခဲ့သည်က “တက္ကသိုလ်တင်မကဘူး မင်းဘဝထဲကို ဝင်လာနိုင်ဖို့ကိုရော၊ မင်းလက်ကိုဆုပ်ကိုင်ပြီး မင်းနဲ့အတူ ဘဝတစ်လျှောက်လုံး ဖြတ်သန်းဖို့ကိုရော ကြိုးစားဖို့ ဆန္ဒရှိတယ်”ဆိုသည့်အကြောင်းကိုပင်။ 


 


စိတ်လှုပ်ရှားလွန်း၍ တသိမ့်သိမ့်တုန်ယင်နေရှာသော ထောင်ရှီး၏မျက်တောင်များကို ကြည့်ရင်း လင်ချင်းဟယ် လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ သူက ခဏကြာ တိတ်ဆိတ်နေပြီးသကာလ အလွန်ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို အချိန်တိုတိုအတွင်း ချလိုက်သည့်ပမာ တိုးညှင်းစွာ ပြောလာခဲ့သည်။ 


 


“ ကောင်းပြီ…”


 


ထောင်ရှီး၏မျက်နှာက အပြုံးပန်းများ ချက်ချင်း ပွင့်လန်းသွားပြီး မျက်ဝန်းများက ညနက်ကြယ်ပွင့်များကဲ့သို့ တောက်ပသွားကာ မျက်လုံးစွန်းများနှင့် မျက်တောင်များကလည်း အပြုံးလေးအဖြစ် ပီပီပြင်ပြင် ကွေးညွှတ်လို့သွားသည်။ 


 


လင်ချင်းဟယ်က ထိုအပြုံးမျက်ဝန်းများကို ခဏကြာကြည့်ပြီးနောက် မျက်နှာလွှဲကာ အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက ခေါင်းငုံ့လျက် ဘောပင်တစ်ချောင်းထုတ်လိုက်ပြီး လှည့်ကာဆော့ကစားရင်း အေးစက်နေသော ဘောပင်ကို လက်ချောင်းများဖြင့် ပွတ်နေသည်။


 


သို့တိုင် ထောင်ရှီးက သူ့ကို အလွှတ်မပေးဘဲ အနားသို့ပိုတိုးကပ်လိုက်သည်။ အလွန်နီးကပ်လွန်းသဖြင့် သူ့ကိုယ်ပေါ်မှ ရေချိုးဆပ်ပြာနံ့သင်းသင်းကိုပင် ရနေသည်။ သူ ခေါင်းလှည့်လျက် လင်ချင်းဟယ်အား မေးလိုက်သည်။


 


“ ဆိုတော့ မင်းက ချင်းဟွာတက္ကသိုလ်ကို ပိုသဘောကျလား၊ ပေကျင်းတက္ကသိုလ်ကို ပိုသဘောကျလား။ အချိန်ကျလာရင် ကျောင်းနှစ်ကျောင်းတော့ မင်းကိုလုကြတော့မှာပဲ။ ငါသာဆိုရင် ဆုကြေးပိုပေးတဲ့ကျောင်းကို သွားမှာ…”


 


လင်ချင်းဟယ်က သူ့လက်ထဲမှ ဘောပင်ကိုကြည့်ရင်း ပြောသည်။ 


 


“ ငါ အဲ့အကြောင်းကို မစဉ်းစားရသေးဘူး…”


 


ထောင်ရှီးက “ဪ” ဟုသာ ရေရွတ်လိုက်ပြီး လင်ချင်းဟယ်၏လက်မောင်းကို ဆတ်ခနဲ ဆုပ်ကိုင်လိုက်ပြန်ကာ စိုးရိမ်တကြီးပြောလိုက်သည်။ 


 


“ ဒါဆို မင်း ဆုံးဖြတ်ပြီးတာနဲ့ ငါ့ကို ကြိုပြောရမယ်နော်….”


 


လင်ချင်းဟယ်က သူ့ကိုကိုင်ထားသည့် ထောင်ရှီး၏လက်ကို ငုံ့ကြည့်လိုက်သည်။ ထိုလက်ကလေးတွင် သူပေးထားသည့် လက်ပတ်လေးကို ဝတ်ထားသည်။ သူ အကြည့်များပြန်ရုတ်သိမ်းကာ ပြုံးလိုက်သည်။ 


 


“ အင်း၊ ဒါပေမဲ့ အဆင့်တွေ တက်လာအောင် မင်း ဆက်ကြိုးစားဖို့တော့လိုတယ်။ ဒါမှ ရွေးချယ်စရာများမှာ…”


 


ထောင်ရှီးက ကြောင်အသွားကာ ချက်ချင်း ခေါင်းပြန်ညိတ်ပြလိုက်သည်။ 


 


“မစိုးရိမ်ပါနဲ့။ ငါ နောက်တစ်ခေါက်ကျ ဒီထက်ပိုကောင်းအောင် ကြိုးစားမှာပါ…”


 


ထိုအခါ လင်ချင်းဟယ်က ခုဏက သူ့ကျောင်းလွယ်အိတ်ထဲမှ ထုတ်ထားသည့် စာရွက်တစ်ထပ်ကို ထောင်ရှီး၏စာရေးခုံပေါ်သို့ တင်လိုက်ရင်း ပြောလိုက်လေသည်။ 


 


“ ဒါက နှစ်ဝက်စာမေးပွဲအတွက် နောက်ထပ်ဆုတစ်ခု။ မင်း ဖြေပြီးတဲ့အခါ ငါ့ကို ပြန်ပေး…”


 


ထောင်ရှီး ဆွံ့အသွားသည်။


 


နှစ်ဝက်စာမေးပွဲအတွက် သူ့ကို ဆုသုံးခုလုံး တစ်ပြိုင်တည်း ပေးမယ်လို့များ လင်ချင်းဟယ်က ကြိုစီစဉ်ထားခဲ့တာလား…


 


သူ ပင့်သက်ရှိုက်လိုက်ကာ လက်သီးကိုဆုပ်ရင်း ပြောလိုက်သည်။


 


“ ဟုတ်ပြီလေ။ ကိစ္စမရှိပါဘူး။ မေးခွန်းလွှာလေးပဲမလား…။ ပြီးအောင်ဖြေလိုက်ရုံပေါ့….”


 


ပြီးသော် ထောင်ရှီးက ဘာစကားမှ ထပ်မဆိုတော့ဘဲ ဘောပင်တစ်ချောင်းနှင့် မေးခွန်းလွှာများ ကုန်းရုန်းဖြေတော့သည်။ 


 


လင်ချင်းဟယ်နှင့် တက္ကသိုလ်အတူတက်နိုင်တော့မည်ဟူသောအတွေးက သူ့နှလုံးသားလေးကို‌ လေပေါ်ဝဲပျံသွားစေသည်။ နူးညံ့သော ဆပ်ပြာပူဖောင်းများထဲတွင် နစ်မြှုပ်နေရသလိုပင် သူ့မှာ ပျော်လွန်း၍ ပူဖောင်းများကိုပင် မှုတ်ပစ်ချင်လာသည်။


 


ထောင်ရှီးက ခေါင်းငုံ့ပြီး မေးခွန်းများဖြေလိုက်၊ ညာဘက် လက်ကောက်ဝတ်ပေါ်က စိမ်းပြာရောင်ကျောက်လေးကို စက္ကန့်အနည်းငယ်ကြာကြည့်လိုက်၊ မေးခွန်းများပြန်ဖြေလိုက်နှင့် လုပ်နေသည်။ 


 


ထို့သို့ ထပ်တလဲလဲကြည့်ကာ အာရုံပျံ့နေစဉ် ရုတ်တရက် သူ့စိတ်ထဲတွင် ပျော်ရွှင်မှုလှိုင်းလုံးကြီးတစ်ခု ပွင့်လန်းလာခဲ့သည်။ 


 


သူ ရုတ်ချည်း ခေါင်းစောင်းလိုက်ကာ စာဖတ်နေသော လင်ချင်းဟယ်ကို ကြည့်လိုက်ပြီး မျက်လုံးများမှေးကျဉ်းလျက် မေးလိုက်သည်။ 


 


“ တကယ်ဆို ငါ အဆင့်ဘယ်လောက်ရမှန်းမသိဘဲနဲ့ ငါ့အတွက် လက်ဆောင်ပြင်လာခဲ့တာလား…”


 


စာအုပ်လှန်နေသော လင်ချင်းဟယ်၏လက်များက တုံ့ခနဲရပ်သွားပြီး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖြေလာခဲ့သည်။


 


“ မင်း တန်းခွဲ(၁)ကို မဝင်ရင်တောင်မှ ငါ မင်းကို ပေးဖို့ရည်ရွယ်ထားတာ...”


 


ထောင်ရှီး အံ့အားသင့်မှင်သက်သွားသည်။ ထို့နောက်တွင် သူ့နာရွက်ဖျားလေးများ အထိန်းအကွပ်မဲ့စွာ နီရဲလာတော့၏။ 


 


သူက “ဪ” ရေရွတ်လိုက်ပြီး ချက်ချင်း ခေါင်းပြန်ငုံ့သွားကာ စာကုန်းရေးနေသည်။ ခဏကြာသော် စိမ်းပြာရောင်ကျောက်လေးကို ထပ်ကြည့်နေပြန်သည်။ 


 


သို့သည့်တိုင် သူ့နှလုံးခုန်သံများကမူ စည်းချက်မမှန်ချင်တော့ပေ။


 


 ___________________