The Moon Is Coming To Me
Chapter – 34
ထောင်ရှီးမှာ သူ့ရမှတ်များကြောင့် ချင်းရွှေတစ်ခရိုင်လုံး ပွက်လောရိုက်နေသည်ကို မသိရှိခဲ့ပါချေ။
ချင်းရွှေ အ.ထ.က(၁)၏ ကျောင်းအုပ်ဆရာကြီးက ချီးကျူးဂုဏ်ပြုသည့် စာတမ်းကို ကျောင်းဂိတ်ပေါက်ဝတွင် ပူပူနွေးနွေး ချိတ်ဆွဲထားသည်။ တိုက်ရိုက်ထုတ်လွှင့်မှု သင်ကြားရေးစနစ်အပေါ် အမြင်မကောင်းခဲ့သူများပင် အတန်းများကို တက်တက်ကြွကြွနှင့် တက်လာကြပြီး ကျောင်းသားအားလုံးကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအတန်းများကို သဘောကျလာကြကာ ဝမ်းဟွာ အ.ထ.က(၁)ကျောင်း၏ သင်ကြားရေးစနစ်အတိုင်း အပတ်တကုတ် ကြိုးစားသင်ယူလျက်ရှိနေကြသည်။
ကျောင်းအုပ်ဆရာကြီးက ချင်းရွှေခရိုင်၏တောက်ပနေသော အနာဂတ်ပညာရေးကို မြင်ယောင်နေချိန်တွင် ထောင်ရှီးမှာတော့ မိမိ၏အနာဂတ်အချစ်ရေးကိစ္စကြောင့် ဗျာများနေရသည်။
ချောင်ယီထန်နှင့် လင်ချင်းဟယ်တို့က အသိမိတ်ဆွေများဖြစ်နေကြသည်ကို သိရှိပြီးနောက် ထောင်ရှီးမှာ ချောင်ယီထန်အား အချစ်ရေးကိစ္စများ သွားမတိုင်ပင်ရဲတော့ချေ။
သို့သော်လည်း ကိုယ်ကြိုက်နေသည့်လူက ကိုယ့်ကိုပြန်ကြိုက်ကောင်းကြိုက်နေသည်ဟု သံသယဝင်လာသည်နှင့်တစ်ပြိုင်နက် ဝန်ခံဖွင့်ပြောရန် အခွင့်ကောင်းရှာသင့်သည်ဟု ချောင်ယီထန်က တစ်ခါပြောဖူးတာကို သူ သွားသိရသည်။
အကျိုးဆက်အနေဖြင့် “သူလည်း ငါ့ကို ကြိုက်လောက်တယ်” နှင့် “သူ ငါ့ကို မကြိုက်လောက်ဘူး” ဟူသည့် ဒွိဟဖြစ်ဖွယ် အတွေးနှစ်ခုကြား သူ့ခမျာ တစ်နေ့တစ်နေ့ ခေါင်းတစ်ခုလုံး ချာချာလည်နေတော့သည်။
တစ်ဖက်သတ်အချစ်မှန်သမျှသည် ဤသို့သာဖြစ်၏။ တစ်ခါတစ်ရံ တောက်ပသည့်အခါရှိသလို၊ တစ်ခါတစ်ရံ မှောင်မိုက်သည့်အခါရှိသည်၊ တစ်ခါတစ်ရံ နေသာတတ်သလို၊ တစ်ခါတစ်ရံလည်း မိုးသည်းနေတတ်သည်။
ထောင်ရှီးက ချောင်ယီထန်ဆီကို မသွားတော့သော်လည်း ချောင်ယီထန်က သူ့အတန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာသည်။
အားလပ်ချိန်တစ်ခုတွင် ချောင်ယီထန်က အထက်တန်းဒုတိယနှစ် တန်းခွဲ(၁)၏ အနောက်တံခါးမှနေ၍ ထောင်ရှီးကို လှမ်းအော်ခေါ်လိုက်သည်။ နောက်ဆုံးခုံမှ လင်ချင်းဟယ်က သူမအား လှမ်းကြည့်လာသည်ကို တွေ့သောအခါ သူမက ထောင်ရှီးကို ခပ်လှမ်းလှမ်းသို့ ခေါ်ထုတ်သွားပြီး ပရဟိတအနုပညာပြပွဲအကြောင်း ပြောပြလိုက်သည်။
တနင်္ဂနွေနေ့တွင် ဝမ်းဟွာအနုပညာပြတိုက်၌ ပရဟိတပန်းချီပြပွဲတစ်ခု ကျင်းပရန်ရှိသည်။ ဝမ်းဟွာလက်ရေးလှ ပညာရှင်အဖွဲ့အစည်းနှင့် ပန်းချီအသင်း၏ဥက္ကဌဟောင်းဖြစ်သည့် ချောင်ဟယ့်နျန်အနေဖြင့် ဤပွဲကို ဖိတ်ကြားခံရမည်မှာ မလွဲဧကန်ပင်။ လူအိုကြီးက ပွဲစီစဉ်သူများ၏ကန့်ကွက်မှုကို လျစ်လျူရှု၍ သူ့မြေးမနှင့် တစ်ဦးတည်းသော တပည့်အတွက် နေရာနှစ်နေရာစာ မရမကတောင်းဆိုခဲ့သည်။ သို့တိုင် နေရာကလည်း သိပ်တော့ကောင်းလှသည်မဟုတ်ချေ။
“ တွေဝေမနေပါနဲ့။ အခုက ဝါရင့်ဆရာကြီးတစ်ယောက်က အဝေဖန်ခံပြီး ထောက်ခံချက်ယူပေးထားတာနော်။ စိတ်ပြေလက်ပျောက် သွားလိုက်ကြရအောင်ပါ။ နင် အရင်တစ်ခါဆွဲထားတဲ့ ဆီဆေးပန်းချီကားဆိုလည်း အဆင်ပြေတာပဲ။ ဒီပရဟိတပြပွဲရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီလောက်တယ်…”
စကားပြောနေရင်းဖြင့် ချောင်ယီထန်က ထောင်ရှီး၏လက်ကောက်ဝတ်မှ စိမ်းပြာရောင်ကျောက်လေးဆီသို့ အကြည့်ရောက်သွားကာ အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။
သူမအနေနှင့် ဤအသက်အရွယ်ရောက်သည်အထိ ကြီးသော၊ ငယ်သော ပန်းချီပြပွဲမျိုးစုံကို မရေမတွက်နိုင်အောင် တက်ရောက်ခဲ့ဖူးသောကြောင့် ထိုပြပွဲများနှင့်ကျင့်သားရနေပြီ ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ပရဟိတရန်ပုံငွေရှာသည့် ပြပွဲမှာတော့ အလွန်ရှားပါးသော အခွင့်အရေးကြီးတစ်ခုဖြစ်လေသည်။ တက်သစ်စပန်းချီဆရာများသည် သူတို့၏ပန်းချီကားများကိုပြသရန် အလုအယက်ကြိုးပမ်းကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်နာမည်ကို မတည်ဆောက်နိုင်သေးစေကာမူ အဆက်အသွယ်အခွင့်အလမ်းများတော့ ပိုမိုရရှိလာနိုင်သည်။
ထောင်ရှီးက အသေအချာတွေးကြည့်ပြီးနောက် သဘောတူလိုက်သည်။ သူက နာမည်ရဖို့နှင့် အချိတ်အဆက်ကောင်းရဖို့အတွက် သိပ်စိတ်မဝင်စားပေ။ သို့တိုင် ဤပြပွဲမှ ပန်းချီကားများအား ရောင်း၍ရရှိသည့် ရန်ပုံငွေများကို တောင်တန်းဒေသမှ စာသင်ကျောင်းများသို့ ပေးလှူရန်စီစဉ်ထားကြောင်း ကြားသိလိုက်ရသည့်အခါ အလွန်အဓိပ္ပါယ်ပြည့်ဝသည့်ဟု ခံစားလိုက်ရသည်။
ထောင်ရှီးက ပြပွဲတွင်ပါဝင်မည်ဟု အတည်ပြုပြီးနောက် စာသင်ခန်းထဲသို့ ပြန်လာ၍ လင်ချင်းဟယ်ကို အရင်ဆုံးလိုက်ရှာသည်။
သူ့ပန်းချီကားများကို လိုက်ကြည့်ပေးဖို့ လင်ချင်းဟယ်အား ပြပွဲသို့ ခေါ်သွားချင်သည်။
သို့သော် တကယ်တမ်း လင်ချင်းဟယ်ရှေ့သို့ ရောက်သွားချိန်၌ ထုံးစံအတိုင်း တွန့်ဆုတ်တွန့်ဆုတ်နှင့် ပျာယာခတ်လာေတာ့သည်။ သူ စားပွဲပေါ် မှောက်အိပ်လိုက်ပြီး လက်နှစ်ဖက်ကို မေးအောက်သို့လျှိုကာ လင်ချင်းဟယ်အား စိတ်အားထက်သန်စွာကြည့်ရင်း မေးလိုက်သည်။
“ မင်း တနင်္ဂနွေနေ့ နေ့လယ်ကျရင်အားလား…”
ချက်ချင်း အငြင်းခံရမည်စိုးသောကြောင့် ပြပွဲအကြောင်းတောင် ပါးစပ်မဟရဲပါချေ။
လင်ချင်းဟယ်က ပြောလာသည်။ “တနင်္ဂနွေနေ့မှာ ငါ လုပ်စရာတစ်ခုရှိတယ်”
တနင်္ဂနွေနေ့တွင် သူ့ဝမ်းကွဲအစ်မ လင်ကျီရွှမ်းက သူမ၏အမျိုးသားနှင့်အတူ အပန်းဖြေခရီးထွက်မည်ဖြစ်သောကြောင့် သားဖြစ်သူ ထန်နန်ကို လင်ချင်းဟယ်အား ကူထိန်းပေးဖို့ အကူအညီတောင်းထားသည်။ အရင်တစ်ခေါက်ကလည်း သဘောတူထားပြီးမှ ပယ်ဖျက်လိုက်သောကြောင့် ယခုအခါ ထပ်မံပယ်ဖျက်ရန်လည်း မကောင်းတတ်တော့ချေ။
လင်ချင်းဟယ်က ထောင်ရှီး၏ မျက်ဝန်းတောက်တောက်များကို ကြည့်ရင်း မေးလိုက်သည်။
“ဘာဖြစ်လို့ မေးတာလဲ…”
ထောင်ရှီးက ပျာပျာသလဲ ခေါင်းခါပြလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းမေးကြည့်တာ…” ထို့နောက် ခေါင်းပြန်ငုံ့သွားပြီး နောက်အတန်းချိန်အတွက် ဖတ်စာအုပ်ကို အံဆွဲထဲမှ ထုတ်လိုက်သည်။
လင်ချင်းဟယ်က လုပ်စရာရှိနေသည်ဆိုမှတော့ ထားလိုက်ပါတော့။ ဘာဖြစ်ဖြစ် သူ့ပန်းချီကားကလည်း အရမ်းကောင်းတာမျိုးမှမဟုတ်တာ။
သူ ဖတ်စာအုပ်ကို စာရေးခုံပေါ်တင်၍ ဖွင့်လိုက်ပြီး စိတ်မပါစွာ ငုံ့ကြည့်လိုက်သည်။
ဘာမှမဖြစ်ဟု သူ့ကိုယ်သူ ပြောနေသော်လည်း စိတ်ဓာတ်မကျဘဲတော့ မနေပါချေ။
တနင်္ဂနွေနေ့ ကလပ်အတန်းများပြီးသောအခါ ချောင်ယီထန်က ပြပွဲအတွက် ပြင်ဆင်ရမည်ဟုပြောပြီး ထောင်ရှီးကို သူမ၏အဖိုးအိမ်သို့ ခေါ်သွားလေသည်။
ထောင်ရှီးမှာ ချောင်ယီထန်က ပန်းချီကားအတွက် ပြင်ဆင်မည်အထင်နှင့် လိုက်လာခဲ့ခြင်းဖြစ်၏။ သို့သော် အစ်မတော်က မိတ်ကပ်ပြင်၊ အဝတ်အစားလဲနေသောကြောင့် သူ့မှာ ဧည့်ခန်းထဲတွင် ပျင်းပျင်းနှင့်ထိုင်စောင့်နေရပြီး ချောင်ဟယ့်နျန်၏ကြက်တူရွေးနှင့် ဆော့ကစားနေရသည်။
ကြက်တူရွေးက ချောင်ဟယ့်နျန်ထံမှ စကားသင်ထားခြင်းဖြစ်မည်။ “ကောင်မစုတ်လေး၊ ချစ်နေပြန်ပြီ၊ ချစ်နေပြန်ပြီ” ဟူသော စကားကိုသာ ထပ်တလဲလဲပြောနေသည်။
ထောင်ရှီးက သဘောတကျဖြင့် ကြက်တူရွေးကို အစာအနည်းငယ် ကျွေးလိုက်လျှင် ကြက်တူရွေးက ပိုလို့တောင် ပျော်ရွှင်စွာ အော်လာတော့သည်။
နာရီဝက်ခန့်ကြာသော် ချောင်ယီထန်က ဂါဝန်လေးနှင့် ဒေါက်မြင့်ဖိနပ်လေးစီး၍ လှေကားမှဆင်းလာသည်။ သူမက ကြက်တူရွေးကို သေနတ်သဏ္ဌာန်လက်ဟန်ပြကာ ဒိုင်းခနဲပစ်လိုက်ပြီးနောက် ထောင်ရှီး၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။
“ လာ၊ အစ်မ မင်းကို အပီရွှိုင်းပေးမယ်…”
ထောင်ရှီးမှာ လန့်ဖျပ်သွားပြီး မမှတ်မိလုနီးပါးရုပ်ပြောင်းသွားသည့် ချောင်ယီထန်၏မျက်နှာကို ကြည့်ကာ ခေါင်းကိုတသွင်သွင်ခါယမ်းလိုက်သည်။
“ ဟင့်အင်း မလုပ်နဲ့နော် ရွှယ်ကျဲ…ကျွန်တော့်ကို လွှတ်ပါ…”
“ မရဘူး၊ နင်က အလယ်တန်းကျောင်းသားရုပ်ပေါက်နေတယ်။ အရှိန်အဝါကိုမရှိဘူး။ စိတ်မပူနဲ့ မိတ်ကပ်မလိမ်းပေးဘူး။ အဝတ်အစားပဲ ဆင်ပေးမှာ…”
ချောင်ယီထန်က ထောင်ရှီးကို ဧည့်သည်ခန်းထဲ တွန်းထည့်လိုက်ပြီး အသစ်ကျပ်ချွတ် အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်တစ်စုံကို ပစ်ပေးလိုက်ကာ အခန်းတံခါးကိုပိတ်လိုက်သည်။
ယောက်ျားလေးများက အဝတ်အစားလဲရာတွင် မြန်ဆန်တတ်ကြ၏။ ချောင်ယီထန်ပင် သူမရည်းစားနှင့်ဖုန်းပြော၍မပြီးခင် ဧည့်သည်အခန်းတံခါးက ပွင့်လာခဲ့သည်။ သူမက ဖုန်းပြောမပျက် လှည့်ကြည့်လိုက်သည့်အခါ အံ့ဩမှင်သက်သွားရလေသည်။
ထောင်ရှီးက အင်္ကျီလက်ကို ကြယ်သီးတပ်ရင်း ယောင်လည်လည်ဖြစ်နေရှာသည်။ ဤနာမည်ကြီးတံဆိပ်နှင့်ဝတ်စုံက ရိုးရှင်းသော်လည်း ပုံပန်းတကျလေးရှိနေပြီး ပိန်ပိန်ပါးပါးကောင်လေး၏ ခြေတံရှည်တစ်စုံနှင့် ခါးသွယ်သွယ်ကို ထင်းနေစေသည်။ မပြောပြတတ်သည့် တော်ဝင်ဆန်ကာ ငယ်ရွယ်သည့် ခံစားချက်ကိုလည်း ရလိုက်သည်။
မသိလျှင် ဤဆယ်ကျော်သက်ကောင်လေးက ဂုဏ်သရေရှိ မိသားစုအသိုင်းအဝိုင်းမှ ဆင်းသက်လာသည်ဟူ၍ပင် အထင်မှားရလေမည်။
ဖုန်းတစ်ဖက်မှ ရည်းစားကောင်လေးက သူမကို အမြန်ထွက်လာခဲ့ရန် ဆူပူနေသဖြင့် ချောင်ယီထန်က စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။
“သိပ်အလျင်လိုမနေနဲ့။ ဒီမှာ ငါ့ရှေ့က ကောင်ချောလေးကို ချစ်ပစ်လိုက်မှာနော်…” ပြီးသော် ဖုန်းကို ဆတ်ခနဲ ချပစ်လိုက်လေသည်။
ထိုစကားကိုကြားသော် ထောင်ရှီးက ချောင်ယီထန်ကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။
ချောင်ယီထန်က အားရပါးရရယ်လျက် “ငါမလုပ်ရဲပါဘူးနော်” ဟူ၍ စိတ်ထဲတွင် တိုးတိုးတိတ်တိတ်ပြောလိုက်သည်။ သူမက ထောင်ရှီးကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း ခေါင်းတညိတ်ညိတ်နှင့် ဆိုလိုက်သည်။
“ဒီဝတ်စုံက တကယ်ကြည့်ကောင်းသားပဲ၊ ဘယ်သူဝတ်ဝတ် လိုက်တယ်ဆိုတာ ဟုတ်ပုံရတယ်…”
ထောင်ရှီးမှာ ကျောင်းယူနီဖောင်းကိုသာ ဝတ်နေကျဖြစ်သောကြောင့် အနည်းငယ် အနေရခက်နေသည်။
“ ရွှယ်ကျဲ၊ ဘာဖြစ်လို့ ရွှယ်ကျဲဆီမှာ ယောက်ျားလေးအဝတ်အစားတွေ ရှိနေတာလဲ…”
ပြီးတော့ သူနဲ့လည်းကွက်တိကျနေသေးတယ်။
ချောင်ယီထန်က ခပ်ပေါ့ပေါ့သာ ဆိုလာသည်။
“အစ်မမှာ မင်းလို ပိန်ပိန်ပါးပါးနဲ့ အရပ်ရှည်တဲ့ ဝမ်းကွဲမောင်လေးတစ်ယောက် ရှိတယ်လေ။ ဒီအင်္ကျီတွေက သူဝယ်ထားတာ။ ဒါပေမဲ့ သူက မဝတ်တော့ မင်းကိုပဲ ငှားပေးလိုက်တာ…”
ထောင်ရှီးက ခေါင်းညိတ်ကာ ကျေးဇူးတင်စကားဆိုရင်း ဤအဝတ်များကို စွန်းထင်းခြင်းမရှိအောင် သေချာဂရုစိုက်ဝတ်ရမည်ဟူ၍ တွေးလိုက်သည်။
နှစ်ယောက်သားမှာ သွားဖို့အဆင်သင့်ဖြစ်နေကြလေပြီ။ ချောင်ယီထန်က သူတို့နှစ်ယောက်၏အပြင်အဆင်ကို မှန်ထဲတွင် နောက်တစ်ခေါက် ထပ်စစ်ဆေးကြည့်လိုက်ပြီး ထောင်ရှီးနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ နှစ်ယောက်သား ပထမထပ်သို့ မရောက်ခင်စပ်ကြားတွင် တံခါးဘဲလ်တီးသံကို ကြားလိုက်ရသည်။
ချောင်ယီထန်မှာ ဒေါက်မြင့်ဖိနပ်စီးထား၍ လမ်းလျှောက်ရခက်နေသောကြောင့် ထောင်ရှီးကသာ တံခါးမြန်မြန်သွားဖွင့်ပေးလိုက်သည်။
တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် ကြည်လင်နေသော အပြင်ဘက်ကောင်းကင်ကြီးက မြင်ကွင်းထဲဝင်လာခဲ့သည်။ ထောင်ရှီးမှာ အလင်းစူးသွားသဖြင့် မျက်လုံးများကို မှေးကျဉ်းလိုက်ရသည်။
သူမြင်လိုက်ရသည်က နေ့အလင်းရောင်အောက်တွင် သူ့အား ငုံ့ကြည့်နေသော လင်ချင်းဟယ်ကိုပင်။
ထိုတစ်ဒင်္ဂတွင် ခံစားလိုက်ရသည့်ခံစားချက်မှာ ဖော်ပြ၍ပင် မရနိုင်ပေ။ ကမ္ဘာကြီးတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားပြီး သူ့အရှေ့မှလူတစ်ယောက်တည်းသာ ရှင်းလင်းကာ တောက်ပနေသည့်အလား။
တောက်ပလွန်းသဖြင့် အကြည့်များမလွှဲနိုင်အောင်အထိပင်။
သူ လင်ချင်းဟယ်ကို ကြည့်ရင်း သူ့မျက်နှာကို ဘယ်လိုထားရမည်မသိ၊ ဘာစကားဆိုရမည်ကိုလည်း မသိတော့ပေ။ ပျော်ရွှင်မှုများနှင့် နှလုံးခုန်သံများသာ သူ့မျက်လုံးထဲမှ လျှံကျလာတော့မည်။ နှုတ်ခမ်းစွန်းများသည်လည်း ဖုံးကွယ်၍မရနိုင်အောင် ကွေးတက်သွားကြလေ၏။
“ ချစ်နေပြန်ပြီ! ချစ်နေပြန်ပြီ! ချစ်နေပြန်ပြီ!…” ကြက်တူရွေးက ရုတ်တရက် အသံစူးစူးနှင့် ထအော်သည်။
ထောင်ရှီးမှာ ရုတ်ခြည်း သတိပြန်ကပ်သွားပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ရင်း လင်ချင်းဟယ်ကို လမ်းဖယ်ပေးလိုက်သည်။ သူက လက်ကို တင်းနေအောင်ဆုပ်လျက် အသံတိုးတိုးနှင့်မေးလိုက်သည်။
“ တနင်္ဂနွေနေ့မှာ မင်းမအားဘူးဆို၊ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ…”
လင်ချင်းဟယ်က အထဲသို့ လျှောက်ဝင်လာပြီး ထောင်ရှီးကို ခပ်တည်တည်နှင့် ငုံ့ကြည့်သည်။ သူ့မျက်လုံးများက ထောင်ရှီး၏ ပန်းရောင်သန်းနေသော ပါးပြင်နှစ်ဖက်မှ ခါးသွယ်သွယ်ဆီသို့ အကြည့်ရောက်သွားပြီးနောက် သွယ်လျသော ခြေတံရှည်နှစ်ဖက်ဆီသို့ ကျရောက်သွားသည်။ နောက်ဆုံးတွင် တဖျတ်ဖျတ်တောက်ပနေသော မျက်လုံးများထံ အကြည့်ပြန်ရောက်လာပြီး ခပ်တည်တည်ပင် ဆိုလာသည်။
“ ကိစ္စတစ်ခုရှိလို့ ဒီကိုလာဖို့ဖြစ်သွားတယ်…”
လင်ချင်းဟယ်၏အကြည့်များကြောင့် ထောင်ရှီးမှာ အနည်းငယ် မျက်နှာပူလာသည်။ သူက ဘာကိစ္စရှိလို့လဲဟု ဆက်မေးရန်ပြင်လိုက်စဉ် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က လက်နှစ်ဖက်ကိုဆန့်တန်းလျက် အိမ်ထဲသို့ ပြေးဝင်လာပြီး လင်ချင်းဟယ်၏ခြေထောက်နှင့် ဒုတ်ခနဲ ဝင်တိုက်မိသွားသည်ကို တွေ့လိုက်ရလေသည်။
“ အင့်…”
ထန်နန်က နာသွားသည့် သူ့နှာခေါင်းလေးကို လက်ဖြင့်ကာရင်း ဦးငယ်လေးကို စိတ်ဆိုးမာန်ဆိုးကြည့်လိုက်သည်။ ထို့နောက် မျက်လွှာလှပ်၍ မော့ကြည့်လိုက်ရာ ထောင်ရှီးကို မြင်သွားသည်။ သူ့မျက်လုံးလေးများ ဝင်းလက်သွားပြီး အံ့ဩတကြီးပြောလိုက်သည်။
“ ကိုကိုချောချော…”
ပြီးသည်နှင့် သူက ထောင်ရှီး၏ခြေထောက်ကို ပြေးဖက်လိုက်လေသည်။
ထောင်ရှီးမှာ အနည်းငယ် ဆွံ့အသွားပြီး သူ့ပေါင်ကိုဖက်ထားသည့် ကောင်ကလေးကို ငုံ့ကြည့်လိုက်သည်။ သူက ကလေးကို ပြန်မဖက်သလို၊ ဖယ်လည်း မဖယ်ထုတ်ခဲ့ပါချေ။
ဒေါက်မြင့်ဖိနပ်တကားကားနှင့် ချောင်ယီထန်က ဤမြင်ကွင်းကို မြင်သော် ရယ်မောလျက် ပြောလေသည်။
“ အမလေးနော်…ဦးလေးရော၊ တူရော တစ်ပုံစံတည်းပါလား…”
လင်ချင်းဟယ်က ချောင်ယီထန်ကို အကြည့်စူးစူးတစ်ချက် ပစ်လွှတ်လိုက်သည်။ ထို့နောက် ထန်နန်၏လက်မောင်းကို ဆွဲ၍ ထောင်ရှီး၏ခြေထောက်မှ ဆွဲခွာလိုက်ပြီး အဝေးတွင်ထားလိုက်ကာ ထောင်ရှီးကို လှမ်းပြောလိုက်သည်။
“ ဒါကငါ့တူ၊ သူက နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းတယ်။ စိတ်မရှိပါနဲ့…”
ထန်နန်မှာ ဒေါသချောင်းချောင်းထွက်သွားရကာ မျက်တောင်များပေကလပ် ပေကလပ်ဖြင့် ထောင်ရှီးကို ပြောလိုက်သည်။
“ ကိုကို၊ ဦးငယ်လေးရဲ့ စကားကိုမယုံပါနဲ့။ သားက စိတ်ရှုပ်စရာမကောင်းပါဘူး…”
ထောင်ရှီးမှာ တူဝရီးနှစ်ယောက်ကို ကြည့်ရင်း မနေနိုင်စွာ ပြုံးမိသွားသည်။
ချောင်ယီထန်က ပြုံးစစနှင့်ပြောလာသည်။
“နန်နန်၊ အဲ့ဒါ မင်းဦးငယ်လေးရဲ့ အတန်းဖော်လေ။ ကိုကိုလို့ ခေါ်လို့မရဘူး…”
ထန်နန်က သူ့မျက်နှာကို လိုက်လိုက်ညှစ်တတ်သည့် ဤအစ်မကြီးကို သဘောမကျပါချေ။ ထို့အပြင် အခေါ်အဝေါ်များကိုလည်း သူ နားမလည်ပေ။ သူ ထောင်ရှီးကိုဖက်၍ ကိုကိုဟုသာ အော်ခေါ်ချင်သည်။
သို့သော် ထောင်ရှီးကိုဖက်မည်ကြံတိုင်း ဦးငယ်လေးက သူ့ကို လက်တစ်ဖက်ဖြင့် ကောက်ကောက်မသွားသည်။
“ မင်းက ငါတို့နဲ့ ပန်းချီပြပွဲကို လိုက်မလို့လား…” ထောင်ရှီးက အပြုံးတစ်ပွင့်နှင့် လင်ချင်းဟယ်ကို မေးလိုက်သည်။ သူ့မျက်ဝန်းများကမူ ပျော်ရွှင်မှုများ မဖုံးဖိနိုင်စွာ ပြည့်လျှံလျက်။
သူ၏တစ်ဖက်သတ်အချစ်က ရက်အနည်းငယ်ကြာ မိုးသည်းထန်ပြီးနောက် ပြန်ကြည်လင်လာပြီး ကောင်းကင်ကြီးလည်း လင်းထိန်လာသည်။ လင်ချင်းဟယ်ကလည်း သူ့ကို သဘောကျနေသည်မှာ သေချာသလောက်ရှိသည်။
လင်ချင်းဟယ်က ထန်နန်ကို ကောက်ပွေ့လိုက်ပြန်ပြီး ခေါင်းညိတ်ကာပြောသည်။
“သူ့ကို ပြပွဲခေါ်သွားပြီး အနုပညာပိုးတွေ မွေးမြူပေးမလို့လေ…”
လက်တစ်ဖက်ဖြင့် ပွေ့ချီခံထားရသည့် ထန်နန်မှာ အဆုံးတွင် အိပ်မက်ထဲမှ နိုးထလာတော့သည်။
“ ဦးငယ်လေး သားကို ညာပြန်ပြီ။ ဗွီဒီယိုဂိမ်း သွားကစားမှာမဟုတ်ဘူးလား…”
ချောင်ယီထန်က ထန်နန်၏ပါးလေးကို ညှစ်လျက် အသည်းယားစွာ ပြောလိုက်သည်။
“နန်နန်၊ သားက ငယ်ပါသေးတယ်…”
ထန်နန်က မကျေမနပ်ဖြင့် အိမ်ထဲမှပြေးထွက်သွားပြီး ဥယျာဉ်ထဲသွားထိုင်ကာ စိတ်ကောက်နေတော့သည်။
ချောင်ယီထန်က သွားကြမယ်ဟု ပြောမည်ပြုစဉ် ရေမွှေးဆွတ်ဖို့မေ့နေသည်ကို သတိရသွားပြီး သူတို့ကို ခဏစောင့်ရန်မှာကြားလျက် အပေါ်ထပ်သို့ တက်သွားပြန်သည်။
ဧည့်ခန်းထဲတွင် ထောင်ရှီးနှင့် လင်ချင်းဟယ်သာ ကျန်ရစ်ခဲ့ပြီး ကြက်တူရွေးကလည်း အာညောင်းပြီး ပါးစပ်ပိတ်သွားလေပြီ။
လေထုအခြေအနေက ရုတ်ခြည်းတိတ်ဆိတ်သွားကာ သိပ်သည်းနေသော ရေကန်တစ်ကန်ကဲ့သို့ပင် ငြိမ်သက်လို့နေသည်။
ထောင်ရှီး၏ ယခင်က စိတ်တည်ငြိမ်မှုများမှာလည်း အဝေးသို့ပြေးထွက်သွားလေပြီ။ အစက သူ လင်ချင်းဟယ်ကို ခိုးခိုးကြည့်နေသော်လည်း ယခုမူ အမြန်အကြည့်ပြန်လွှဲလိုက်သည်။ သို့သည့်တိုင် သူ့အကြည့်ကို ဘယ်နားထားလို့ထားရမည်မှန်းမသိတော့သဖြင့် ခေါင်းသာငုံ့ချလိုက်ပြီး ယခုထိ ကြယ်သီးမတွယ်ရသေးသည့် သူ့အင်္ကျီလက်ကို လျှောက်ဆော့နေသည်။
“ ဒီကိုလာခဲ့…” လင်ချင်းဟယ်က ရုတ်တရက် သူ့ကို ပြောလာသည်။
ထောင်ရှီးမှာ ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေသောကြောင့်ဖြစ်မည်။ လင်ချင်းဟယ်၏အသံက ယခင်ကထက် ပိုညင်သာနေသည်ဟု ခံစားနေရပြီး သူ့ရင်ကို ယားကျိကျိ ဖြစ်လာစေသည်။
သူ ခေါင်းငုံ့လျက် လင်ချင်းဟယ်အနားသို့ သွားလိုက်သည်။
လင်ချင်းဟယ်က လက်ဆန့်၍ သူ့လက်ကောက်ဝတ်ကို ကိုင်လိုက်ပြီး အရောင်တလက်လက်နှင့် လက်ကြယ်သီးများကို စိတ်ရှည်လက်ရှည် တပ်ပေးလာသည်။ လက်ချောင်းများ၏လှုပ်ရှားရာအတိုင်း လက်ကြယ်သီးများက တစ်လုံးပြီးတစ်လုံး တပ်ပြီးသွားသည်။
ထောင်ရှီးမှာ အသက်ကို ငွေ့ငွေ့သာရှူရဲသည်။ ကြယ်သီးများနှင့် လင်ချင်းဟယ်၏ လက်ချောင်းရှည်ရှည်များကို ကြည့်ရင်း သူ့နားရွက်များက အကြောင်းအရင်းမရှိ ပူလောင်လာသည်။
ကြယ်သီးများအကုန် တပ်ပြီးသွားသောအခါမှ ထောင်ရှီးမှာ စိတ်သက်သာရာရသွားပြီး နှလုံးအိမ်ကလည်း အနည်းငယ် ပြန်လည်တည်ငြိမ်လာခဲ့သည်။ သူ ခေါင်းမော့ကြည့်ကာ လင်ချင်းဟယ်အား ညင်သာစွာ ပြောလိုက်သည်။
“ကျေးဇူးပါ…”
လင်ချင်းဟယ်ကလည်း သူ့ကို ပြန်ကြည့်လာသည်။ ထို့နောက် သူ့မျက်လုံးများက ထောင်ရှီး၏လည်ပင်းသို့ အကြည့်ရောက်သွားပြန်ပြီး အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။
“ ဟိုဘက်လှည့်လိုက်…”
ထောင်ရှီး၏ကိုယ်လေးက တောင့်ခနဲဖြစ်သွားသည်။ သို့သော်လည်း နာခံစွာ တစ်ဖက်သို့လှည့်ပေးလိုက်သည်။
ခဏကြာသော် လက်တစ်ဖက်က သူ့အင်္ကျီကော်လေးကို ညီအောင်ဖြန့်ပေးလာသဖြင့် သူ့လည်ပင်းနှင့် အင်္ကျီကော်လံကို ပိုပေါ်အောင် ခေါင်းကို အသာငုံ့ပေးလိုက်သည်။
အခန်းဟောင်းလေးက အလွန်ပင် တိတ်ဆိတ်နေသောကြောင့် ကော်လံနှင့် လက်ချောင်းတို့၏ ပွတ်တိုက်သံခပ်တိုးတိုးကိုပင် ကြားနေရသည်။ ထိုစဉ်က လက်ချောင်းလေးက သူ၏အလွန်အထိမခံသည့် ဂုတ်သားလေးကို ဆတ်ခနဲ တို့ထိလိုက်လေသည်။
ထောင်ရှီးမှာ တုန်ခနဲဖြစ်သွားရသည်။ သူ့နောက်ကျောကို မမြင်ရသော်လည်း အကြည့်တစ်စုံက သူ့လည်ဂုတ်သားကို စူးစိုက်ကြည့်နေကြောင်း အလိုလို ခံစားနေရသည်။ ဤခံစားချက်က သူ့ပါးနှစ်ဖက်ကို ပူလောင်လာစေသည်။
လက်ကောက်ဝတ်မှ သွေးကြောများက တဒိတ်ဒိတ် ခုန်နေသည်။ ရင်ဘတ်ထဲမှ နှလုံးသားကလည်း ခုန်ပေါက်နေပြီး လည်ပင်းထဲမှ သွေးလွှတ်ကြောများကလည်း ခုန်လှုပ်နေသည်။ တစ်ကမ္ဘာလုံး မရပ်မနား ဗြောင်းဆန်အောင် ခုန်လှုပ်နေသည့်အလားပါပင်။
အချိန်က မည်မျှကြာသွားသည်ကိုပင် သတိမထားမိလိုက်တော့။ ကောလံပြင်ပေးခြင်းအမှု ပြီးစီးသွားသောအခါ ထောင်ရှီးက ရှေ့ပြန်လှည့်လာပြီး လင်ချင်းဟယ်ကို “ကျေးဇူးပါ” ဟု နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။ သို့သော် အသံက ယခင်ကထက် ပို၍တိုးသိမ်သွားလေသည်။
သူ၏ ဘယ်နားထားလို့ထားရမည်မသိသည့် တောင်စဉ်ရေမရအကြည့်များကို ဧည့်ခန်းထောင့်သို့ ပို့လိုက်ရာ ကြက်တူရွေးနှင့် အကြည့်ချင်းဆုံသွားသည်။
ကြက်တူရွေးက ခေါင်းစောင်းလျက် သူ့ကို ပြန်ကြည့်လာသောအခါ သူ့မှာ ပို၍ပင် မလုံမလဲဖြစ်လာရသည်။
ချောင်ယီထန်က အလှပြင်ပစ္စည်းများနှင့် ရေမွှေးကို သေချာထုပ်ပိုး၍ အောက်ထပ်သို့ပြန်ဆင်းလာချိန်၌ ဧည့်ခန်းတွင်းရှိ လေထုက အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ခါတိုင်းနေ့များထက် ပိုကြည့်ကောင်းနေသည့် ထောင်ရှီးက မျက်လုံးလေးများစိုလဲ့၍ ပါးလေးနှစ်ဖက်က နီရဲနေသည်။
သူမ သင်္ကာမကင်းစွာ ဘေးနားက လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်လျှင် သူငယ်ချင်းဟောင်းကြီးက ခပ်တည်တည်ပင် မူမပြတ်ထိုင်နေလေသည်။
ချောင်ယီထန်က အခန်းထောင့်ရှိ ကြက်တူရွေးကို အကြည့်ပို့လိုက်ပြီး လောလောလတ်လတ်လေး ဘာတွေဖြစ်ပျက်သွားသလဲကို မေးမြန်းဟန်ဖြင့် ကြည့်လိုက်သည်။
သို့သော် ကြက်တူရွေးက သူမအတွေးကို နားမလည်သဖြင့် သူမကို အသံကုန်အော်လျက်သာ ဆူငေါက်လာသည်။
“ချစ်နေပြန်ပြီ၊ ချစ်နေပြန်ပြီ၊ ချစ်နေပြန်ပြီ…”
ချောင်ယီထန်က လက်ကိုသေနတ်ပုံစံလုပ်၍ ကြက်တူရွေးအား ပစ်လိုက်သည်။ ပြီးနောက် ထိုနှစ်ယောက်ကို လှမ်းပြောလိုက်သည်။
“နောက်ကျတော့မယ်။ ထန်နန်ကို ခေါ်ပြီး သွားရအောင်…”
တခြားလူရောက်လာသည်နှင့် ထောင်ရှီးက ချက်ချင်း ပုံမှန်အတိုင်း တည်တည်တံ့တံ့ပြန်ဖြစ်သွားသည်။ သုံးယောက်သား အိမ်အပြင်သို့ ထွက်လာခဲ့သည်။ လင်ချင်းဟယ်က ဥယျာဉ်ထဲ ဝင်သွားပြီး ငုတ်တုပ်ထိုင်လျက် တုတ်တစ်ချောင်းနှင့် ရွှံ့များဆော့နေသည့် ထန်နန်ကို ဆိုးခနဲ၊ ဆတ်ခနဲ ကောက်ပွေ့လိုက်သည်။ ထန်နန်က ကြက်ကလေးတစ်ကောင်လို ယက်ကန်ယက်ကန်နှင့် “ကိုကို ကယ်ပါဦး” ဟု ထောင်ရှီးကို လှမ်းအော်သည်။
ထောင်ရှီးမှာ ရယ်သာရယ်မိပြီး လင်ချင်းဟယ်ကို လှမ်းပြောလိုက်သည်။
“လင်ချင်းဟယ်၊ ကလေးကို နည်းနည်းတော့ ညင်သာပါဦးကွာ…”
ချောင်ယီထန်က ခပ်ရွဲ့ရွဲ့ ဝင်ပြောသည်။ “သူက ဘယ်သူ့အပေါ် ညင်သာတတ်လို့လဲ…”
လင်ချင်းဟယ်က ထန်နန်၏လက်ကို လွှတ်ပေးလိုက်ပြီး ထောင်ရှီးကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။
ထောင်ရှီးမှာ ထပ်မံ၍ မလုံမလဲ ဖြစ်သွားရပြန်လေသည်။
_______________