အပိုင်း ၃၅
Viewers 8k

The Moon Is Coming To Me


Chapter -35.1


သူတို့လေးဦးသား လင်မိသားစုပိုင်ကားကိုစီး၍ ပြတိုက်သို့ရောက်သွားချိန်၌ ပြပွဲစနေသည်မှာ တစ်နာရီလောက်တောင် ရှိနေပြီဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားပင် ပြီးဆုံးသွားလေပြီ။


ကျယ်ဝန်းသော ပြပွဲခန်းမထဲတွင် ငြိမ့်ငြိမ့်ညောင်းညောင်းတေးဂီတသံများကြားဝယ် သပ်ရပ်တောက်ပြောင်စွာ ဝတ်ဆင်ထားကြသော ဂုဏ်သရေရှိ အမျိုးသားအမျိုးသမီးများသည် လှုပ်ရှားသွားလာနေကြပြီး ပန်းချီကားများကို ရှုစားနေကြကာ လေသံညင်ညင်သာသာဖြင့် စကားစမြည်ပြောနေကြသည်။


ထောင်ရှီးအနေနှင့် ဤနေရာမျိုးကို တစ်ခါမှမရောက်ဖူးသော်လည်း စိမ်းသက်နေသည်ဟုမခံစားရဘဲ သူရှိနေသင့်သည့်နေရာတစ်ခုလို ခံစားရသည်။


ချောင်ယီထန်က ရောက်သည်နှင့် ပြတိုက်တွင် အကြာကြီးစောင့်နေခဲ့သော သူမ၏ တက္ကသိုလ်ကျောင်းသား ချစ်သူကောင်လေးထံ အပြေးသွားတွေ့ပြီး သူမကောင်လေးနှင့်အတူ ထွက်သွားသည်။ ထောင်ရှီးက လင်ချင်းဟယ်၊ ထန်နန်တို့နှင့်အတူ သူ့ပန်းချီကားကို နေရာချထားသည့် ယာယီစင်လေးကို လိုက်လံရှာဖွေလိုက်ရာ ပြပွဲခန်းမ၏အစွန်ဆုံးထောင့်လေး၌ တွေ့လိုက်ရသည်။


“ ဒါကငါ့ရဲ့ပန်းချီကား…” ထောင်ရှီးက နံရံပေါ်တွင်ချိတ်ဆွဲထားသည့် ပန်းချီကားကို လက်ညှိုးထိုးပြရင်း လင်ချင်းဟယ်အား ပြောလိုက်သည်။


ပန်းချီပတ္တူစပေါ်တွင် အနီရောင် ကတ္တီပါအင်္ကျီလေးဝတ်ထားပြီး မက်မွန်ပွင့်သဏ္ဌာန် မျက်လုံးဝိုင်းဝိုင်းများနှင့် ဆံပင်ကောက်ကောက် ကလေးမလေးတစ်ယောက်၏ ပုံတူပန်းချီလေး ရှိနေသည်။ ကလေးမလေးက နွေဦးရာသီချိန် ရွှေရောင်သန်းနေသော မုန်ညှင်းခင်းထဲတွင် ပြေးလွှားဆော့ကစားနေကာ ပန်းရောင်လိပ်ပြာငယ်လေးကို ပြုံးပျော်စွာ လိုက်ဖမ်းနေသည်။


မိန်းကလေးငယ်၏ ပါးဖောင်းဖောင်းလေးပေါ်တွင် လိပ်ပြာသဏ္ဌာန် အနီရောင်အစက်အပြောက်များက နှာရိုးမှ ဘယ်ဘက်မျက်နှာထိ ပြန့်ကားလျက် တည်ရှိနေသည်။ သို့သော် ဤပန်းချီကားကိုမြင်သူတိုင်း ကလေးမလေးက ရုပ်ဆိုးသည်ဟု မည်သူမျှတွေးကြလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏မျက်နှာပေါ်မှ အပြုံးက မတ်လ၏ နွေဦးရောင်ခြည်များထက်ပင် ပိုမိုအသက်ဝင်ကာ တောက်ပနေသောကြောင့်ဖြစ်လေသည်။


ထန်နန်က ပန်းချီကားကို မော့ကြည့်ပြီး စပ်စပ်စုစုနှင့်မေးလိုက်သည်။


“ ကိုကို၊ အဲ့ဒါဘယ်သူလဲ…”


ထောင်ရှီးက ပန်းချီကားထဲမှ မိန်းကလေးငယ်ကို လွမ်းဆွတ်သောမျက်ဝန်းများဖြင့် စူးစိုက်စွာကြည့်လိုက်ပြီးနောက် နူးညံ့စွာပြောလိုက်သည်။


“အဲ့ဒါ ကိုကို့ရဲ့ညီမလေးလေ…”


သူက လင်ချင်းဟယ်ဘက်လှည့်လိုက်ပြီး အပြုံးတစ်ပွင့်နှင့်မေးလိုက်သည်။


“ငါ့ညီမလေးက ချစ်စရာမကောင်းဘူးလား…”


လင်ချင်းဟယ်က “အင်း”ဟု အသံပြုရင်း ခပ်တိုးတိုးပြောလိုက်သည်။


“မင်းလိုပဲ…”


ထောင်ရှီး အံ့ဩသွားပြီး အောက်နှုတ်ခမ်းကို အရှက်ပြေဖိကိုက်လိုက်မိသည်။


လင်ချင်းဟယ်က ပန်းချီကားကိုကြည့်ရင်း ထောင်ရှီးက အဘယ်ကြောင့် ပိုက်ဆံအသည်းအသန်ရှာချင်နေရသလဲကို နားလည်သွားခဲ့သည်။ ငွေကြေးမလောက်ငှသည့် တောင်ပေါ်ဒေသ ကျေးရွာငယ်လေးမှ မိသားစုတစ်စုအတွက် အရေပြားလေးဖက်နာရောဂါကို ကုသရန်မှာ မလွယ်ကူမှန်း သူ ကောင်းကောင်းသိသည်။


ပန်းချီကားကို ငေးနေသောကောင်လေးကို သူ လှည့်ကြည့်လိုက်သည်။


ဤကောင်လေးဟာ သူ ထင်ထားသည်ထက် ပို၍ ပင်ပင်ပန်းပန်း အလုပ်ကြိုးစားခဲ့ရလိမ့်မည်ဟူသော အတွေးများဝင်ရောက်လာခဲ့သည်။


ထောင်ရှီးက လင်ချင်းဟယ်၏အကြည့်များကို သတိထားမိသွားပြီး နောက်လှည့်ကြည့်လိုက်ရာ အနည်းငယ်ပင် အံအားသင့်သွားရသည်။


သူ လင်ချင်းဟယ်၏စကားဆိုလာသံကို ကြားလိုက်ရလေ၏။


“ ထောင်ရှီး၊ နောင်အနာဂတ်မှာ မင်းရဲ့ကိုယ်ပိုင်ပန်းချီပြပွဲတွေ ရှိလာလိမ့်မယ်။ ပြီးတော့ လူတွေအများကြီးကလည်း မင်းရဲ့ပန်းချီကားတွေကို လာကြည့်ကြလိမ့်မယ်…”


အသံနေအသံထားက တည်ကြည်လေးနက်နေကာ သန္နိဌာန်ချလိုက်သည့်ပမာပင်။


ထောင်ရှီး အံ့အားသင့်သွားပြီး မျက်ဝန်းများကွေးညွှတ်လျက် ပြောလိုက်သည်။


“ တကယ်လို့ ငါ့မှာ ကိုယ်ပိုင်ပန်းချီပြပွဲလေးရှိလာခဲ့ရင် မင်းရော လာကြည့်မှာလား…”


လင်ချင်းဟယ်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။


“အင်း…”


ထောင်ရှီး၏မျက်တောင်များ တုန်ယင်သွားသည်။ သူ လင်ချင်းဟယ်၏ ဘေးတိုက်မျက်နှာချောချောကို ကြည့်ရင်း မျက်တောင်များ တဖျတ်ဖျတ်ခပ်ကာ အပြုံးတစ်ပွင့်နှင့် ဆိုလိုက်သည်။


“ကောင်းပြီ။ ငါ့မှာ ကိုယ်ပိုင်ပန်းချီပြပွဲ ရှိလာတဲ့အခါကျရင် မင်းကို အရင်ဆုံးပြောမယ်။ မင်းသေချာပေါက်လာရမှာနော်…”


နံဘေးရှိ ကလေးလေးထန်နန်မှာ ဘုမသိ၊ ဘမသိနှင့်ထအော်သည်။


“သားလည်းလာမယ်၊ သားလည်း လာချင်တယ်…”


လင်ချင်းဟယ်က ထန်နန်၏ခေါင်းထိပ်လေးကို ပုတ်လိုက်ပြီး အညှာအတာမဲ့စွာ ဆိုလိုက်သည်။


“ မင်းမပါဘူး…”


သူတို့နှစ်ယောက်လည်း အခြားပန်းချီကားများကိုဆက်ကြည့်ရန် ထန်နန်အားခေါ်၍ ပြပွဲခန်းမအနှံ့ လျှောက်လာကြသည်။ လမ်းတွင် ချောင်ဟယ့်နျန်နှင့် လက်ရေးလှပညာရှင်များ၊ ပန်းချီအဖွဲ့အစည်းများမှ စီနီယာအချို့နှင့်ဆုံလေသည်။ လူအိုကြီးက သူ၏တစ်ဦးတည်းသော တပည့်လေးကို လူအများနှင့်မိတ်ဆက်ပေးလိုသောကြောင့် ထောင်ရှီးကို ဆွဲထားလိုက်ပြီး ပြန်လွှတ်မပေးတော့ချေ။


ကနဦးက လင်ချင်းဟယ်သည်လည်း နံဘေးတွင်ရှိခဲ့နေသည့်တိုင် ထန်နန်က ရုတ်တရက် ဗိုက်အောင့်သည်ဟုဆိုကာ ဂျီကျလာသည်။ ထောင်ရှီးလည်း ပြဿနာမတက်ခင် ကလေးကို သန့်စင်ခန်းထဲ မြန်မြန်ခေါ်သွားဖို့ လင်ချင်းဟယ်ကို တိုက်တွန်းလိုက်သည်။


လင်ချင်းဟယ်၏ မျက်နှာကြီးမည်းမှောင်သွားကာ ရှုသိုးသိုးဖြင့် ထန်နန်ကို ခေါ်၍ သန့်စင်ခန်းဘက် ထွက်သွားတော့သည်။


ချောင်ဟယ့်နျန်က စာပေနှင့်အနုပညာအသင်းအဖွဲ့မှ စီနီယာအကြီးအကဲများနှင့် ထောင်ရှီးကို မိတ်ဆက်ပေးသည်။ ထောင်ရှီးမှာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း အတတ်နိုင်ဆုံး ယဉ်ကျေးပျူငှာစွာ ဆက်ဆံလိုက်ပါ၏။ စီနီယာအကြီးအကဲများသည် ချောင်ဟယ့်နျန်က နှစ်ပေါင်းများစွာအကြာမှ တပည့်ထပ်လက်ခံလိုက်ကြောင်း သတင်းကြားသောအခါ ထောင်ရှီး၏အကြောင်းကို အလွန်စိတ်ဝင်တစားနှင့် သိချင်နေကြသည်။


ထိုလူများထဲတွင် ပန်းချီနှင့်လက်ရေးလှပညာရှင်အသင်း၏ လက်ရှိဥက္ကဌဖြစ်သော နာမည်ကြီးလက်ရေးလှပညာရှင် ကွမ်းရှူးဝမ်လည်း ပါဝင်သည်။ သူက ချောင်ဟယ့်နျန်ကို အရွှန်းဖောက်သည်။


“လောင်ချောင်၊ ခင်ဗျား တပည့်လေးက ကျုပ်သမီးနဲ့ ခပ်ဆင်ဆင်ပဲဗျ…”


ကွမ်းရှူးဝမ်က လူငယ်ဘဝတွင် ခြေရှုပ်ခဲ့သောကြောင့် တရားမဝင်သမီးတစ်ယောက်ရခဲ့ပြီး အဆိုပါသမီးဖြစ်သူက ချောင်ဟယ့်နျန်ထံမှ ပန်းချီပညာသင်ယူရန် ကြိုးစားခဲ့ဖူးသော်လည်း ချောင်ဟယ့်နျန်က ငြင်းဆိုခဲ့လေသည်။


“ဟုတ်လို့လား။ ကျုပ်အထင် သူက ကျုပ် တပည့်မဟောင်းလေးနဲ့ တူတာပါ…”


ထိုစကားကိုကြားလျှင် ကွမ်းရှူးဝမ်မှာ ကိစ္စတစ်ခုတွေးမိသွားသည့်ပမာ မျက်နှာက အီလည်လည်ဖြစ်သွားသည်။


ထောင်ရှီးက သူတို့နှစ်ယောက်ကြားရှိ အတွင်းကြိတ်အားပြိုင်နေမှုကို သတိမထားမိပေ။ စီနီယာအကြီးအကဲအချို့ကို နှုတ်ဆက်ပြီးနောက်တွင် သူက လင်ချင်းဟယ်ကို ရှာရန်ထွက်လာခဲ့သည်။ သို့သော် လမ်းတစ်ဝက်အရောက်၌ ပြပွဲခန်းမ၏ “ရောင်းရန်မဟုတ်” ဟူသောနေရာတွင် ချိတ်ဆွဲထားသည့် ပန်းချီကားတစ်ချပ်က သူ့အာရုံများကို ဖမ်းစားသွားခဲ့သည်။


ပန်းချီကားထဲတွင် ကောက်ရိုးဦးထုပ်နှင့် ကောက်စိုက်သမငယ်တစ်ဦးသည် အနက်ရောင်ရာဘာဖိနပ်ကိုစီး၍ တောင်ကြားထဲရှိ ရေများဖွေးနေသော လယ်ကွင်းပြင်စိမ်းစိမ်းထဲတွင် စပါးပျိုးပင်များ စိုက်ပျိုးနေသည်။ ကျန်အမျိုးသမီးငယ်တစ်ဦးကမူ အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားလျက် လယ်ကွင်းအစွန်ရှိ ပန်းချီကားဒေါက်တိုင်ရှေ့တွင် ထိုင်နေသည်။ အဖြူရောင်ငဟစ်ငှက်တစ်အုပ်က လယ်ကွင်းထဲမှ ဖြတ်ပျံသွားကာ မြူဆိုင်းနေသော တောင်တန်းများထဲသို့ တိုးဝင်သွားကြသည်။ ၎င်းတို့ ဖြတ်ပျံသွားချိန်တွင် လယ်ကွင်းထဲရှိ ရေမျက်နှာပြင်က အနည်းငယ် လှိုင်းကယက်ထသွားလေသည်။


ပန်းချီကားတစ်ခုလုံးသည် အေးချမ်းသော တောင်ပေါ်ရွာလေးကို ဖော်ကျူးပြသနေသည်။ ပန်းချီကားထဲရှိ အမျိုးသမီးနှစ်ဦးက ကိုယ်စီအလုပ်များနေကြသော်လည်း သူတို့၏မျက်နှာပေါ်တွင် တည်ငြိမ်အေးချမ်းမှုတစ်စွန်းတစ်စက ထင်ဟပ်နေသည်။ လူနှစ်ဦး၏ဝတ်စားဆင်ယင်ပုံမှာ ကွဲပြားနေသော်လည်း ကြည့်ရှုသူများကို ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများအဖြစ် ခံစားရစေသည်။


ထောင်ရှီး အသက်အောင့်ကာ အနက်ရောင် ပန်းချီဘောင်ထောင့်ရှိ နာမည်ကို ကြည့်လိုက်သည်။


ဖန်းဆွေ့။


သူ လက်သီးကိုတင်းနေအောင် ဆုပ်မိသွားသည်။ သူ့မျက်လုံးများ မထိန်းနိုင်စွာ ရဲတက်လာခဲ့သည်။ သူထင်သည့်အတိုင်းပင်။


သူ့အမေအနေနှင့် တောင်တန်းဒေသတွင် သူ့ကိုကိုယ်ဝန်ဆောင်ခဲ့သော ထိုနှစ်များက ငြိမ်းချမ်းကာ လှပခဲ့ပုံပေါ်သည်။


သူ၏အမေက နောက်ဆုံးထွက်သက်တွင် အတူရှိခဲ့သော ကောဖျင်ကိုလည်း စိတ်ရင်းဖြင့် ပန်းချီထဲထည့်ဆွဲပေးခဲ့သည်။


ဒါပေမဲ့၊ ဒါပေမဲ့…


“ ထောင်ရှီး…”


ရင်းနှီးသလို၊ စိမ်းသက်သလိုအသံကို ထောင်ရှီး ရုတ်တရက်ကြားလိုက်ရသည်။ သူ အသံလားရာသို့ လှည့်ကြည့်လိုက်သော် သူရှိရာသို့ အပြုံးတစ်ပွင့်နှင့်အတူ လျှောက်လာသော ယန်ကျန်းမင်းကို တွေ့လိုက်ရသည်။ ဘေးတွင်မူ ငယ်ရွယ်လှပသော အမျိုးသမီးတစ်ယောက်က ယန်ကျန်းမင်၏လက်ကို တွဲချိတ်ထားသည်။


ထိုအခိုက်အတန့်တွင် ခံစားလိုက်ရသည့် ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းတောင် မသိတော့ချေ။ သူ့အနေနှင့် လှိုက်တက်လာသည့် ခံစားချက်များကို ပြန်ချုပ်ထိန်းလိုက်ရုံသာရှိပြီး နှုတ်ခမ်းစွန်းများကို အားတင်း၍ ကွေးညွှတ်လိုက်ကာ ယန်ကျန်းမင်ကို နှုတ်ဆက်လိုက်သည်။


“ ဦးလေးယန်…”


ထို့နောက် ယန့်ကျန်းမင်၏ဘေးမှ အမျိုးသမီးထံ အကြည့်ရောက်သွားသောအခါ သူ့ရင်ထဲတွင် ထူးဆန်းသောခံစားတစ်မျိုးဖြစ်ပေါ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးသည် သူနှင့်ရုပ်ချင်းအနည်းငယ်ဆင်နေသည်။ အထူးသဖြင့် မျက်လုံးများပင်။


ထိုအမျိုးသမီးကလည်း သူ့ကိုကြည့်ပြီး အံ့ဩသွားပုံပေါ်သည်။ သို့သော် ခဏအကြာတွင် မေးကိုမော့လျက် ခပ်ပါးပါးပြုံးပြလာသည်။


ယန်ကျန်းမင်က ပျူငှာစွာမေးလာ၏။


“ပြပွဲကို တစ်ယောက်တည်းလာတာလား…”


ထောင်ရှီးက ခေါင်းခါလိုက်သည်။


“ ကျွန်တော် အတန်းဖော်နဲ့အတူလာတာပါ…”


ဘယ်အတန်းဖော်လဲဟု သူ မပြောဖြစ်ခဲ့ပေ။


ယန်ကျန်းမင်ကာ ပြုံးကာထပ်ပြောလာသည်။


“ဦး မင်းရဲ့ပန်းချီကားကို စင်မှာတွေ့ခဲ့တယ်။ ကြည့်လို့အတော်လေးလှတာနဲ့ ဝယ်မယ်လုပ်တော့ ဝန်ထမ်းကပြောတယ်...ရောင်းထွက်သွားပြီတဲ့…”


ထောင်ရှီးမှာ ကြက်သေသေသွားပြီး အံ့အားသင့်သွားမှုကို မထိန်းချုပ်နိုင်လိုက်ပေ။


“ရောင်းထွက်သွားပြီလား…”


ယန်ကျန်းမင်မှာ ထောင်ရှီးက ဤအကြောင်းကိုမသိသေးဟု မမျှော်လင့်ထားသောကြောင့် ဆက်ပြောလိုက်သည်။


“ဟုတ်တယ်။ ပန်းချီကားက ပြပွဲမစခင်ကတည်းက ရောင်းထွက်ထားပြီးသားတဲ့။ ဝယ်သူနာမည်က စူးယွင်လို့ပြောတယ်။ မင်းသူ့ကို သိလား…”


ထောင်ရှီးမှာ ကြောင်အအနှင့် ခေါင်းခါပြလိုက်သည်။


“ကျွန်တော်မသိဘူး…”


သို့သော် ယန်ကျန်းမင်က စူးယွင်ကို ရွေ့ကျဲလုပ်ငန်းစုဥက္ကဌ၏ အတွင်းရေးမှူးမှန်းသိသည်။ သူ အနည်းငယ်အံ့သြသွားရသော်ငြား ဘာမှဆက်မပြောတော့ချေ။ ထို့အစား ထောင်ရှီးကို သူ့နံဘေးမှ အမျိုးသမီးတွဲဖက်နှင့် မိတ်ဆက်ပေးလာသည်။


“ ဒါက ချင်းဟွာပန်းချီအဖွဲ့အစည်းရဲ့ ဒုဥက္ကဌ လေ။ ကွမ်းဖန်ယွင့် ၊ မင်းတို့အချင်းချင်း ရင်းရင်းနှီးနှီးနေကြပေါ့…”


ကွမ်းဖန်ယွင့်က မိတ်ဆက်ပေးသည့်ပုံစံကို သိပ်ဘဝင်ကျပုံမရ။ သူမက နံဘေးမှလူကို စိတ်ဆိုးမာန်ဆိုးကြည့်လိုက်ပြီးနောက် ထောင်ရှီးကို ပြုံးပြကာ လုပ်ငန်းလိပ်စာကတ်ပေးလိုက်သည်။


“ မင်္ဂလာပါ။ တို့နာမည်က ကွမ်းဖန်ယွင့်ပါ။ မင်းရဲ့ပန်းချီကားက အရမ်းလှတာပဲ။ ဆန္ဒရှိရင် တို့ရဲ့ချင်းဟွာပန်းချီအဖွဲ့အစည်းကိုလာနိုင်ပါတယ်။ မင်းနဲ့ဝါသနာတူ၊ အရွယ်တူတဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်…”


ကွမ်းဖန်ယွင့်ဟုခေါ်သည့် အမျိုးသမီးသည် ယန်ကျန်းမင်၏ချစ်သူဖြစ်ရမည်ဟု ထောင်ရှီး ခန့်မှန်းမိသည်။ အမှန်တွင် သူမက သူနှင့်ရုပ်ချင်းဆင်နေခြင်းမဟုတ်ဘဲ ဖန်းဆွေ့နှင့်ရုပ်ချင်းဆင်နေခြင်းသာ ဖြစ်လေသည်။


သို့သော် ဖန်းဆွေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ကွယ်လွန်သွားသည့် လူတစ်ယောက်အတွက် ထိုသို့အစားထိုးလိုက်ခြင်းက ဘာအကျိုးရှိမည်နည်း။


သူက ကွမ်းဖန်ယွင့်၏လက်ထဲမှ လုပ်ငန်းလိပ်စာကတ်ပြားကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။


အကျွမ်းတဝင်မရှိသည့်လူများအနေနှင့် ခဏလောက် နှုတ်ဆက်ကြပြီးနောက်တွင် ကိုယ်လမ်းကိုယ်ထွက်ခွာသွားကြမည်ဖြစ်သော်လည်း ထောင်ရှီးက ပန်းချီကားကို အလွန်စူးစိုက်စွာ ကြည့်နေခြင်းကြောင့်လား၊ သွေးသားဆက်နွယ်မှုကြောင့်လား မသိပေ။ ယန်ကျန်းမင်က ထောင်ရှီးကို မနေနိုင်စွာ မေးလိုက်သည်။


“ မင်းရော ဒီပန်းချီကားကို ကြိုက်တာလား...”


ထောင်ရှီးမှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားမိပြီးနောက် ပြောလိုက်သည်။


“ ပန်းချီကားထဲက နေရာလေးက အရမ်းလှလို့…”


ထိုနေရာက သူ မွေးဖွားခဲ့ပြီး ကြီးပြင်းခဲ့သည့်နေရာဖြစ်သည်။ သို့သော် ထိုလှပသောနေရာတွင် သူ ဆယ့်ခြောက်နှစ်ကြာ ပိတ်မိနေခဲ့ရသည်။


ယန်ကျန်းမင်က ပန်းချီကားကိုကြည့်ရင်း အမှတ်တရတစ်ချို့ကို ပြန်သတိရသွား၍ထင်၏၊ သူ့မျက်နှာထက်မှ ဖော်ရွေနူးညံ့သော အပြုံးက အနည်းငယ် ပျက်ပြယ်သွားကာ ဖြည်းညင်းစွာ စကားဆိုလာခဲ့သည်။


“ ဒါက ဦး ဇနီးဟောင်းရဲ့ပန်းချီကားလေ။ သူက ဒီနေရာကို သိပ်ကြိုက်တာ၊ သူ့ဘဝရဲ့နောက်ဆုံးနေ့တွေကိုလည်း အဲ့ဒီမှာပဲ ဖြတ်သန်းသွားခဲ့တာ…”


ကွမ်းဖန်ယွင့်မှာ ပြောချင်သည့်စကားကို ချုပ်တည်းထားရဟန်ဖြင့် ယန်ကျန်းမင်ကို မျက်နှာအပျက်ပျက်၊ အယွင်းယွင်းနှင့် လှည့်ကြည့်လိုက်သည်။


ထိုတစ်ဒင်္ဂတွင် ထောင်ရှီး၏ခေါင်းထဲ၌ ယန်ကျန်းမင်ကို မေးချင်သည့်မေးခွန်းများ ထောင်သောင်းမကပေါ်လာခဲ့သည်။ သို့ရာတွင် အဆုံး၌မူ သူ့ဖခင်ရင်းဖြစ်သူကို မေးခွန်းတစ်ခုတည်းသာ မေးဖြစ်ခဲ့သည်။


“ အဲ့ဒီနေရာကို ထပ်မသွားဖြစ်ခဲ့ဘူးလား…”


အဲ့ဒီမှာ ခင်ဗျားရဲ့ကလေးရှိတယ်လေ။


ယန်ကျန်းမင်က ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ကူရာမဲ့စွာ ပြုံးလိုက်သည်။


“ ငါ တကယ်သွားချင်ပါတယ်။ ဒါပေမဲ့ မသွားရဲဘူး။ တစ်ခါက ရွာအဝင်ကို ရောက်ခဲ့သေးတယ်။ အဲ့တုန်းက ငါ့ဇနီးကိုယ်ဝန်ဆောင်တုန်းက နေခဲ့တဲ့အိမ်ကို သွားဖို့စီစဉ်ထားတာပေမယ့် လှည့်ပြန်ရုံပဲတတ်နိုင်ခဲ့တယ်။ တစ်ခါတလေကျရင် လူတွေက သတ္တိကြောင်ကြတယ်လေ၊ ဘယ်လိုမှမတတ်နိုင်ဘူး…”


ထောင်ရှီး၏ အသက်ရှူသံများ ရပ်တန့်သွားသည်။ သူ ဘာကြောင့် ဒီလိုမေးခွန်းမျိုးမေးလိုက်မိတာလဲ။


ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရာကျပြီး အဓိပ္ပာယ်မဲ့လွန်းသည်။


သူ ရုတ်တရက် ဤနေရာမှ ထွက်ပြေးချင်လာသည်။ ဤပန်းချီကားကိုလည်း သူ မမြင်ချင်တော့။ ဤပန်းချီကားသည် သူ့အမေဟာ တစ်ချိန်က ကောဖျင်ကို တန်ဖိုးချစ်ခင်ထားခဲ့သည်ဟူသော သက်သေဖြစ်သည်။ ထို့အပြင် ချစ်သူတစ်ယောက်နှင့်တွဲလျှောက်လာသော သူ့အဖေဖြစ်သူကိုလည်း မမြင်ချင်တော့ပေ။


သူ့ခြေထောက်များက ထွက်ပြေးရန် ပြင်လုဆဲဆဲတွင် တစ်စုံတစ်ယောက်က သူ့ပုခုံးကို လာပုတ်သည်။


“ဘာဖြစ်လို့ ငါ့ကို လာမရှာတာလဲ…”


ထောင်ရှီး လှည့်ကြည့်လိုက်သော် လင်ချင်းဟယ်က မျက်မှောင်ခပ်ယောင်ယောင်ကြုတ်ကာ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

The Moon Is Coming To Me 


Chapter-35.2


ထောင်ရှီးမှာ ပင်လယ်ထဲ၌ အချိန်အတော်ကြာ ဦးတည်ရာမဲ့မျောနေပြီးနောက် အဆုံးတွင် ကမ်းခြေကိုတွေ့လိုက်ရသည့်ပမာ လင်ချင်းဟယ်ကို စူးစိုက်စွာ ကြည့်လိုက်မိသည်။ သူ့အပြုံးများတောက်ပလာကာ ပြောလိုက်လေ၏။


“ဖြတ်သွားရင်းနဲ့ အရမ်းလှတဲ့ ဒီပန်းချီကားလေးကိုတွေ့လို့ ခဏလောက်ရပ်ပြီးကြည့်နေတာပါ…”


လင်ချင်းဟယ်က ထောင်ရှီးကို အပြစ်တင်နေခြင်းမဟုတ်ပေ။ သူက ယန်ကျန်းမင်းကို လှည့်ကြည့်ကာ “ဦးလေးယန်” ဟု သာမန်ကာလျှံကာ နှုတ်ဆက်လိုက်သည်။


ယန်ကျန်းမင်က သူ့ရှေ့ရှိ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်ကို ကြည့်ရင်း စူးယွင်ပန်းချီကားဝယ်ရသည့်အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားကာ အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။


“ချင်းဟယ်၊ မင်းက ဒီလိုပြပွဲတွေကို စိတ်မဝင်စားတတ်ဘူးလို့ ငါထင်ထားတာ…”


လော်ကျန်းယင်းက ဖန်းဆွေ့အတွက် ပြပွဲများကျင်းပပေးသောအခါ ယန်ကျန်းမင်နှင့် ယန်သောလဲ့တို့က ပွဲတက်ရောက်ကြသော်လည်း လင်ချင်းဟယ်ကိုမူ တစ်ခါမှ မမြင်ခဲ့ဖူးပါချေ။


လင်ချင်းဟယ်က ထောင်ရှီး၏အရှေ့မှ ပိတ်ရပ်လိုက်ပြီး ယန်ကျန်းမင်ကို အေးစက်စွာ ပြောလိုက်သည်။


“အရင်က စိတ်မဝင်စားဘူးဆိုတာနဲ့ အခုစိတ်မဝင်စားတော့တာမှ မဟုတ်တာ…”


ယန်ကျန်းမင်က ပြုံးသည်။ သူ့ကို မကြည်ဖြူကြောင်းနားလည်ဟန်ဖြင့် ဘာစကားမှထပ်မဆိုတော့ဘဲ သူ့အမျိုးသမီးတွဲဖက်နှင့်အတူ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။


လင်ချင်းဟယ်က ထောင်ရှီး၏မျက်ဝန်းများကို လှည့်ကြည့်လိုက်ပြီး ခဏကြာသော် လေသံကိုလျှော့လျက်မေးလာသည်။


“မင်း နားချင်ပြီလား…”


ထောင်ရှီးက သူ့ကိုကြည့်လျက် နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။


ထောင်ရှီးက ယခုကဲ့သို့ သူ့ကို အားကိုးသလိုကြည့်လာတိုင်း လင်ချင်းဟယ်မှာ သူ့ဆံပင်လေးကို ပွတ်သပ်ပေးချင်စိတ်များဖြစ်လာမိသည်။ သို့သော်လည်း သူ စိတ်ကိုပြန်ထိန်းလိုက်ပါ၏။ သူ ထောင်ရှီးကို ပြပွဲခန်းမ၏ထောင့်ရှိ ကော်ဖီသောက်အနားယူနိုင်သည့် နေရာသို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် ချောင်ယီထန်က ထိုင်ကာဖုန်းသုံးနေလျက်ရှိနေပြီး သူမ၏ပေါင်ပေါ်တွင်မူ ထန်နန်က ဝမ်းသွားလိုက်ရ၍ ပင်ပန်းပြီး အိပ်ပျော်နေသည်။


“ နင်တို့ကြည့်လို့ပြီးကြပြီလား…။ ငါ့ကောင်လေးကို သူ့နည်းပြဆရာက လှမ်းခေါ်လို့ ငါ့ကိုထားပြီး ပြန်သွားပြီ…” ချောင်ယီထန်က နှုတ်ခမ်းလေးစူလျက် မပျော်မရွှင်ပြောသည်။


ထောင်ရှီးက ကော်ဖီစားပွဲတွင် ဝင်ထိုင်လိုက်သောအခါ လင်ချင်းဟယ်က သူ့အတွက် ကော်ဖီတစ်ခွက်ငှဲ့ပြီး ရှေ့တွင် ချလာပေးသည်။


“သကြားထည့်ဦးမလား…”


သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။


“အင်း၊ သကြားများများ…”


သူ ယခုလောလောဆယ် အလွန်ချိုသည့်အရာများကို စားဖို့လိုအပ်နေသည်။


လင်ချင်းဟယ်ကမူ ကော်ဖီစားပွဲမှ သကြားလုံးများအားလုံးကို ယူပြီး ထောင်ရှီး၏ရှေ့သို့ ချပေးလိုက်ရင်း မေးလာပြန်သည်။


“ဒီလောက်ဆို ရပြီလား…”


ထောင်ရှီးမှာ လှပပထုပ်ပိုးထားသော သကြားလုံးများကို ကြည့်ရင်း ဆေးရုံက ညတစ်ညကို ရုတ်တရက် သတိရသွားမိသည်။ ထိုစဉ်ကလည်း လင်ချင်းဟယ်က အပြုံးမျက်နှာဖြင့် သကြားလုံးလေးတစ်လုံးကို သူ့လက်ထဲထည့်ပေးရင်း ဤသို့ဆိုခဲ့သည်။


“ ဒီသကြားလုံးလေးကို စားရင် ကလေးတွေကို ပျော်ရွှင်လာစေတယ်…”


သူ လင်ချင်းဟယ်ကို မော့ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။


“ အင်း… ဒီလောက်ဆိုရပြီ…”


ဒီလူကတော့လေ သူဝမ်းနည်းတိုင်း အမြဲလိုလို သတိပြုမိနေတော့တာပဲ။


ထောင်ရှီးက သကြားလုံးတစ်လုံးကို စက္ကူခွာကာ ပါးစပ်ထဲထည့်လိုက်သည်။ ချိုမြမြအရသာက သူ့လျှာဖျားမှနေ သူ့ရင်ဘတ်ထဲထိ ဖြည်းဖြည်းချင်းပျံ့နှံ့သွားပြီးနောက် ခါးသက်မှုများ စိုးစဉ်းမျှ မကျန်ခဲ့တော့ပါချေ။


သုံးယောက်သားမှာ ထိုင်လျက် စကားပြောနေကြသည်။ အထူးသဖြင့် ချောင်ယီထန်က သူ့ကောင်လေးမှာ တစ်စက်မှအားကိုး၍မရကြောင်း မြည်တွန်တောက်တီးနေခြင်းပင်။ ရံဖန်ရံခါ ထောင်ရှီးက ဝင်ဝင်ပြောပေးသည်။ သို့သော် လင်ချင်းဟယ်ကမူ ဘာမှဝင်မပြောဘဲ သကြားလုံးစက္ကူအခွံကိုသာ ခေါင်းငုံ့ပြီးဆော့ကစားနေသည်။


ခဏကြာသော် ဝန်ထမ်းတစ်ယောက်က ထောင်ရှီးထံ ရောက်လာကာ ပြောသည်။


“မင်္ဂလာပါ။ မစ္စတာချောင်က မင်းကို အခေါ်လွှတ်လိုက်ပါတယ်…”


ထောင်ရှီးမှာ အံ့ဩသွားပြီး ပြပွဲခန်းမတစ်ဖက်ခြမ်းရှိ ချောင်ဟယ့်နျန်ကို လှမ်းကြည့်လိုက်သည်။ ချောင်ဟယ့်နျန်၏ဘေးတွင် သက်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးတစ်ချို့ ရပ်နေကြသည်။ သူ့ကိုတွေ့ချင်၍ စောင့်နေကြခြင်းဖြစ်မည်။


ချောင်ယီထန်က ဝင်ပြောလာသည်။


“နင့်ရဲ့ ပန်းချီလက်ရာကို တစ်ယောက်ယောက်က စိတ်ဝင်စားသွားလို့ ဖြစ်မယ်။ အရမ်းစိတ်မပူပါနဲ့၊ ဒီတိုင်းစကားလေးပြောရုံပဲ။ သွားလိုက်၊ သွားလိုက်…”


ထောင်ရှီးက လင်ချင်းဟယ်ကို အလိုအလျောက်ကြည့်လိုက်မိရာ လင်ချင်းဟယ်က သူ့ကို ခေါင်းညိတ်ပြပြီး ပြောသည်။


“ငါ မင်းကို ဒီမှာ စောင့်နေမယ်…”


ထိုအခါမှ သူက မတ်တပ်ထရပ်ကာ ထွက်သွားတော့သည်။


ချောင်ယီထန်က ထောင်ရှီး၏နောက်ကျောကို လိုက်ကြည့်ရင်း လင်ချင်းဟယ်ကို ပြုံးစစနှင့် စနောက်လိုက်သည်။


“သူ့ကို တစ်ယောက်တည်း လွှတ်လိုက်တာ စိတ်မပူဘူးလား…။ နင် လိုက်မသွားဘူးပေါ့…”


လင်ချင်းဟယ်က ကော်ဖီတစ်ငုံမော့သောက်လိုက်ရင်း လေသံပြတ်ပြတ်ဖြင့် ပြန်ဖြေသည်။


“သူ နောက်လည်း လူတွေနဲ့ တစ်ယောက်တည်းစကားပြောရမယ်၊ ကိစ္စတွေကို တစ်ယောက်တည်းဖြေရှင်းရမှာပဲ။ သူ ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုတာ ငါယုံတယ်…”


ချောင်ယီထန်က စုတ်သတ်သည်။


“နင့်လေသံကိုလည်း ကြည့်ဦး။ ဖအေကြီးကျနေတာပဲနော်…”


လင်ချင်းဟယ်က သူမကို အေးစက်စက်အကြည့်တစ်ချက် ပေးလိုက်သည်။


ချောင်ယီထန်က တုန်လှုပ်မသွားပေ။ ဤငယ်သူငယ်ချင်းလေးက သူမထက်တစ်နှစ်ငယ်သော်လည်း သူမထက် အများကြီး ပိုအသက်ကြီးသည်ဟု ထင်ရသည်။ ဒီလောက်သိုဝှက်တတ်တဲ့လူက ဘယ်အချိန်မှ သူလိုချင်တာရလောက်မလဲ။


ချောင်ယီထန်မှာ သူမတို့ငယ်စဉ်ကအချိန်ကို ရုတ်တရက် သတိရသွားမိသည်။ နှစ်ဖက်မိသားစုက ရင်းနှီးသောကြောင့် သူမနှင့် လင်ချင်းဟယ်တို့သည် တစ်ယောက်အိမ်တစ်ယောက် သွားရောက်ဆော့ကစားလေ့ရှိခဲ့သည်။ သူမ ခုနစ်နှစ်အရွယ်က လူအလွန်ယဉ်သည့် ကြောင်ဖြူလေးတစ်ကောင်မွေးခဲ့ဖူးသည်။ လင်ချင်းဟယ်က သူမအိမ်ကို လာလည်သောအခါ ကြောင်လေးက လင်ချင်းဟယ်၏ခြေထောက်ကို ကပ်တွယ်ကာ ပွတ်သီးပွတ်သပ်လုပ်ခဲ့သည်။ သို့သော် ကြောင်လေးက မည်မျှပင် ချစ်စရာကောင်းနေပါစေ လင်ချင်းဟယ်က သွေးအေးအေးနှင့် ကြောင်ကိုဂုတ်ကနေ ဆွဲမကာ လွှင့်ပစ်ခဲ့လေသည်။


သို့သော်ငြား ထိုနေ့မှစ၍ လင်ချင်းဟယ်က သူမအိမ်ကို အလာစိပ်လာခဲ့သည်။ ကြောင်လေးကလည်း လင်ချင်းဟယ် အိမ်လာချိန်တိုင်း တမြောင်မြောင်အော်ကာ ပွတ်သီးပွတ်သပ်လုပ်လေသည်။ လင်ချင်းဟယ်က ပစ်ပစ်ခါခါကြီးမရှိတော့သော်ငြား ရင်းနှီးသည်လည်း မဟုတ်ခဲ့။ သူက ကြောင်ကို ဘယ်တော့မှ မကိုင်ခဲ့ချေ။


ချောင်ယီထန်မှာ အိမ်ကအစာကိုစားပြီး အပြင်လူကို ပိုကပ်နေသည့် သူမ၏ကြောင်ကို အမြင်ကတ်မိသည်။ သို့သော်လည်း အချစ်တော့မပြတ်ခဲ့။ တစ်နေ့တွင် လင်ချင်းဟယ်က လှေကားထောင့်၌ ငုတ်တုတ်လေးထိုင်ကာ သူ့အိမ်မှ အိတ်ကပ်ထဲထည့်ယူလာသည့် ငါးခြောက်များကို ကြောင်အား ကျွေးနေသည်ကို သူမ အမှတ်မထင်တွေ့လိုက်ရသည်။ သူက ကြောင်၏အမွှေးလေးများကိုပင် တယုတယပွတ်သပ်နေခဲ့သဖြင့် ဤကြောင်ကို အလွန်သဘောကျနေခဲ့ကြောင်း သေချာသွားခဲ့သည်။ သူမမှာ အဆုံးတွင်မှ ကြောင်လေးက လင်ချင်းဟယ်ကို အဘယ်ကြောင့် ပိုကပ်ရသလဲကို နားလည်သွားခဲ့သည်။ ဤမောင်ငယ်လေးမှာ ကြိုက်လျှင်ကြိုက်ကြောင်း ဝန်မခံတတ်ဘဲ အလွန်သိုဝှက်တတ်သူဖြစ်လေသည်။


များမကြာမီ ကြောင်လေးမှာ အဖျားမိပြီး ဆုံးသွားခဲ့သည်။ ချောင်ယီထန်မှာ တက်မတတ်ချက်မတတ် ငိုကြွေးခဲ့ရပြီး ကြောင်လေးကိုလည်း ခြံဝန်းအတွင်း၌သာ မြှုပ်နှံပေးခဲ့သည်။ လင်ချင်းဟယ်က ထိုကိစ္စကို ကြားကြားချင်း အိမ်ကို အပြေးရောက်လာခဲ့သည်။ သူက ကြောင်လေး၏မြေပုံဘေးတွင် ခုံပုလေးတစ်လုံးချကာ ထိုင်သည်။ ထို့နောက် မြေပုံလေးပေါ်ကို ငါးခြောက်လေးများ ချပေးသည်။ သူက ငိုလည်းမငို၊ စကားတစ်ခွန်းမှ မပြောဘဲ ထိုမြေပုံဘေးတွင်သာ တစ်နေ့လယ်ခင်းလုံး ထိုင်နေခဲ့သည်။


ထိုအချိန်မှစ၍ လင်ချင်းဟယ်က သူမတို့အိမ်ကို အလာကျဲသွားတော့သည်။


ချောင်ယီထန်မှာ ထိုရယ်ချင်စဖွယ် ကလေးဘဝဇာတ်လမ်းလေးကို ပြန်တွေးရင်း ပြုံးလိုက်မိသည်။ ထို့နောက် အစ်မကြီးတစ်ယောက်လေသံဖြင့် လင်ချင်းဟယ်ကို အလွန်လေးနက်စွာ ပြောလိုက်သည်။


“ နင် သူ့အတွက် လုပ်ပေးတာများနေပြီလေ။ သူ့ကို ငါတို့ကျောင်းမှာ ပညာသင်ခွင့်ရအောင် လုပ်ပေးတယ်။ သူ ပန်းချီကလပ်ကို ဝင်တော့လည်း ငါ့ကို ဂရုစိုက်ပေးဖို့ အကူအညီတောင်းတယ်။ သူ့ကို ငါ့အဖိုးနဲ့ မိတ်ဆက်ပေးခိုင်းတယ်။ ဒီပြပွဲအတွက် အဝတ်အစားတွေတောင် ဝယ်ပေးသေးတယ်။ ပြီးတော့လည်း သူများဝယ်သွားမှာစိုးလို့ဆိုပြီး သူ့ပန်းချီကားကို မနက်အစောကြီးကတည်းက အရင်ဆုံးဝယ်ခဲ့တယ်။ အရမ်းများနေပြီလေ။ နင် ဘာကြောင့် သူ့ကို မပြောပြတာလဲ…”


သူမ မသိ၊ မမြင်ရသည့်နေရာတွင်လည်း လင်ချင်းဟယ်က ထိုကောင်လေးအတွက် နောက်ကွယ်ကနေ ဖြည့်ဆည်းပေးနေသည့်အရာများ ထပ်ရှိနေလိမ့်ဦးမည်။


လင်ချင်းဟယ်က မလှမ်းမကမ်းတွင် ရယ်မောလျက် စကားပြောနေသော ကောင်လေးကို ကြည့်ရင်း ခဏကြာ တိတ်ဆိတ်နေပြီးသကာလ တည်ငြိမ်စွာ ပြောလာခဲ့သည်။


“ သူ့ကို ဂုဏ်ယူရတဲ့ လူတော်တစ်ယောက်ဖြစ်ဖို့ပဲ ငါ မျှော်လင့်တာ။ ငါ့အပေါ် ကျေးဇူးကြွေးတွေ၊ ပြန်ပေးဆပ်ရမယ်ဆိုတဲ့ စိတ်တွေကြောင့်မဟုတ်ဘဲ ဒီတိုင်းစိတ်သန့်သန့်နဲ့ပဲ ငါ့ကို ကြည့်စေချင်တယ်…”


ထိုစကားကိုကြားလျှင် ချောင်ယီထန်မှာ အံ့ဩတုန်လှုပ်သွားပြီး အသံများပင် တိတ်ဆိတ်လို့သွားသည်။ သူမအနေနှင့် ယခုလို ပြန်မစနောက်နိုင်သည့်အချိန်မှာ အလွန်ရှားလှသည်။


သူမ တွဲခဲ့ဖူးသည် ရည်းစားဆယ်ယောက်လုံးက လင်ချင်းဟယ်နှင့်ယှဉ်ကြည့်လျှင် ဖွဲနှင့်ဆန်ကွဲသာသာလောက်သာရှိသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။


အချစ်စစ်တို့မည်သည် ဤကဲ့သို့ တိတ်ဆိတ်သောနည်းလမ်းဖြင့် ချစ်ရသူလိုအပ်သမျှကို ဖြည့်ဆည်းပေး၊ ကြင်နာပေးတတ်ခြင်းဖြစ်ပြီး ဤသို့ဖြည့်ဆည်းပေးတတ်သည်ကို အကြောင်းပြ၍ ချစ်ရသူထံမှ ပြန်လည်ရယူလိုခြင်း၊ ချုပ်ချယ်ခြင်းမျိုးမရှိသည်ကသာ အချစ်စစ်တို့၏သင်္ကေတဖြစ်လိမ့်မည်ထင်ပါ၏။


ချောင်ယီထန်က မလှမ်းမကမ်းမှ ထောင်ရှီးကို လှမ်းကြည့်လိုက်သည်။ ဈေးကြီးကြီးအဝတ်အစားများ ဝတ်ထားသော ထိုကောင်လေးမှာ အကြီးအကဲများနှင့် တည်တည်ငြိမ်ငြိမ်ပင် စကားပြောနေသည်။ သူ့ကို ပထမဆုံးစတွေ့စဉ်ကလို ဝမ်းနည်းညှိုးငယ်ရိပ်များ မရှိတော့ပါချေ။ သူ့ကို တောင်ပေါ်ရွာလေးတစ်ရွာတွင် ကြီးပြင်းခဲ့သူဟူ၍ပင် ပြောရန်ခဲယဉ်းလှသည်။


အထက်တန်းလွှာမိသားစုတွင် ကြီးပြင်းလာခဲ့သည့် သခင်လေးတစ်ယောက်ပမာ လင်ချင်းဟယ် မျှော်လင့်ထားသည့်အတိုင်း ဂုဏ်သိက္ခာရှိသည့် လူတော်လူချွန်တစ်ယောက် ဖြစ်လာခဲ့သည့်အလားပင်။


သို့သော် ထိုသို့သော ယုံကြည်မှုအပြည့်နှင့် ဂုဏ်သိက္ခာရှိဖို့ဟူသည် အမြဲတမ်း ဘေးကနေ ပံ့ပိုးပေးနေမှ ဖြစ်မည်မဟုတ်ပါလား။ ရွှံ့နွံ့ထဲတွင် ပန်းပင်စိုက်ဖို့ဟူသည် အလွန်ခဲယဉ်းလှပေသည်။


ချောင်ယီထန် တစ်ဖက်သို့ကြည့်လိုက်သောအခါ ခုဏက စကားပြောနေကြသည့် ချောင်ဟယ့်နျန်နှင့် သက်လတ်ပိုင်းအရွယ်လူကြီးတို့ ထွက်ခွာသွားကြသည်ကို မြင်လိုက်ရသည်။ ခဏကြာသော် ခပ်ငယ်ငယ် မိန်းမလှလေးတစ်ဦးက ရောက်လာကာ ထောင်ရှီးကို စကားပြောဖို့ ကြိုးစားနေသည်။


ချောင်ယီထန် ရင်ထဲလှုပ်ရှားသွားပြီး နံဘေးမှ လင်ချင်းဟယ်ကို ကြည့်လိုက်သော် လင်ချင်းဟယ်ကလည်း ထိုနေရာသို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


သူမ စိတ်ထဲမှ အချိန်စက္ကန့်များကို ရေတွက်လိုက်မိသည်။ ထင်ထားသည့်အတိုင်းပင် ထိုနှစ်ယောက်စကားပြောနေသည်မှာ တစ်မိနစ်တောင်မပြည့်သေးခင် လင်ချင်းဟယ်က ထရပ်လိုက်သည်။


ချောင်ယီထန်က ခပ်ဟဟရယ်လျက် ပြောလိုက်သည်။


“ဘာလဲ။ ဒါလေးတောင် သည်းမခံနိုင်တော့ဘူးလား…။ သူကောင်းကောင်းကိုင်တွယ်ဖြေရှင်းတတ်မှာပါလို့ နင်ပဲ ပြောခဲ့တာမဟုတ်ဘူးလား…”


လင်ချင်းဟယ်က ချောင်ယီထန်ကို လျစ်လျူရှုလိုက်ပြီး ထထွက်သွားသည်။

သူပြောခဲ့တဲ့စကားကို ဘာစွဲလမ်းနေစရာလိုလဲ။


ထောင်ရှီးက တခြားလူနှင့် လိုတာထက် စကားပိုပြောခြင်း၊ တခြားလူအတွက် ပန်းချီဆွဲပေးခြင်း၊ တခြားလူကို ပြုံးပြခြင်းမျိုးကို သူ လုံးဝသည်းမခံနိုင်ပါချေ။


ထောင်ရှီးက သူ့တစ်ယောက်တည်းကိုသာ အမြဲတမ်းကြည့်ရမည်။


ဤပြပွဲကို ခေါ်လာသူမှာ သူကိုယ်တိုင်ဖြစ်သော်လည်း သူ့အတွေးများက မှောင်မိုက်လာသည်။ ထောင်ရှီးကို သူတစ်ယောက်တည်းသာ မြင်နိုင်မည့်နေရာတွင် ဝှက်ထားချင်မိသည်။


သို့သော် သူ မလုပ်ရက်ပါချေ။


ထောင်ရှီးကို သူ့တစ်ယောက်တည်းကိုသာ တွယ်ကပ်တတ်သည့် ပျော့ညံ့သောလူတစ်ယောက် မဖြစ်စေချင်ပါချေ။


ထောင်ရှီးကို ကြယ်တစ်ပွင့်လို၊ လမင်းတစ်စင်းလို တောက်ပပြီး ကောင်းမွန်သောဘဝလေး ပိုင်ဆိုင်စေဖို့သာ သူလိုလားသည်။


ပြီးတော့ သူ…


“ ပြန်တော့မလို့လား…”


လင်ချင်းဟယ် ရောက်လာသောကြောင့် ထောင်ရှီးက အံ့အားသင့်သွားသည်။


ထောင်ရှီးနှင့် စကားပြောနေသူ၊ ပန်းချီမေဂျာပထမနှစ်မှ တင်းယာ့နန်မှာ ရောက်လာသည့် အရပ်ရှည်ရှည်၊ ရုပ်ချောချောနှင့် ကောင်လေးကို မြင်လျှင် သူမ၏မျက်နှာက ရှက်သွေးရဲသွားသည်။ ဤကောင်ချောလေးနှင့် သူမကို မိတ်ဆက်ပေးရန်မျှော်လင့်၍ ထောင်ရှီးကို အားကိုးတကြီးကြည့်လိုက်သည်။


သို့သော် ထိုလူရောက်လာသည့်အချိန်မှစ၍ ထောင်ရှီး၏ အာရုံများအားလုံးက ထိုလူ့အပေါ်တွင်သာ စုပြုံကျရောက်သွားပြီး သူမကို ဖုတ်လေသည့်ငါးပိရှိသည်ဟူ၍ပင် မထင်တော့ချေ။


လင်ချင်းဟယ်က ထိုမိန်းကလေးကို ကြည့်ပင်မကြည့်ဘဲ ထောင်ရှီးကို ပြောလိုက်သည်။


“နောက်ကျနေပြီ။ ပြန်ရအောင်…”


ထောင်ရှီးက ခေါင်းညိတ်ပြကာ တင်းယာ့နန်ကို တောင်းပန်စကားဆိုလိုက်သည်။


“ စိတ်မရှိပါနဲ့။ ကျွန်တော် အိမ်စာလုပ်စရာလေးရှိသေးလို့ ပြန်မှဖြစ်မယ်။ မင်းပြောတဲ့ ချင်းဟွာပန်းချီအသင်းကို ဝင်ဖို့ကိစ္စက ကျွန်တော်စဉ်းစားကြည့်လိုက်ပါဦးမယ်။ ကျေးဇူးပါနော်…”


တင်းယာ့နန်မှာ စိတ်ထဲတွင် ထူးဆန်းသလိုခံစားလိုက်ရသည်။ သူမရှေ့က ကောင်လေးနှစ်ယောက်မှာ တစ်ကမ္ဘာလုံးတွင် သူတို့နှစ်ယောက်တည်းရှိနေသည့်အလား။ သူမက ဤနေရာတွင် ရပ်နေဆဲဖြစ်သော်လည်း လူပိုတစ်ယောက်ပမာ ခံစားလိုက်ရသည်။


သူမက ပြုံးကာ ပြောလိုက်သည်။


“ရပါတယ်။ နင် ငါတို့ အဖွဲ့အစည်းထဲကို ဝင်လာမှာစောင့်နေမယ်နော်…”


လင်ချင်းဟယ်က အရင်ဦးဆုံး လှည့်ထွက်သွားသည်။ ထောင်ရှီးက တင်းယာ့နန်ကို နှုတ်ဆက်ပြီးနောက် သူ့နောက်မှ လိုက်လာသည်။


သူ ခြေလှမ်းရပ်ကာ ထောင်ရှီး သူ့ကိုမှီလာချိန်အထိ စောင့်လိုက်သည်။ ထို့နောက်မှ ဆက်သွားသည်။


ပြီးတော့ သူ…


ဒီဘဝသံသရာခရီးမှာ သူ့အတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်လိုသည်။


_______________________