အပိုင်း ၃၆
Viewers 8k

The Moon Is Coming To Me




Chapter- 36




ပန်းချီပြခန်းမှ သူတို့ပြန်လာသည့်အချိန်တွင် ညနေပင်စောင်းလုနေလေပြီ။ ချောင်ယီထန်က သူမ၏သူငယ်ချင်းများနှင့် ဈေးဝယ်ထွက်ရန်ရှိသည်ဟုဆိုကာ အရင်ထွက်သွားနှင့်သည်။ ထန်နန်မှာ အိပ်ပျော်နေဆဲဖြစ်သည်မို့ လင်ချင်းဟယ်က သူ့ကို ခရီးသည်ခုံတွင် ခါးပတ်နှင့်အကျအနပတ်ထားပေးလိုက်သည်။ ထောင်ရှီးကမူ စားလို့မကုန်သေးသည့် သကြားလုံးတစ်ထုပ်ကို ကိုင်လျက် လင်ချင်းဟယ်နှင့်အတူ ကားနောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။




ထန်နန်နိုးသွားမည်စိုးသဖြင့် မည်သူမှ စကားမပြောဖြစ်ကြချေ။ ကားထဲတွင် နှစ်ခြိုက်စွာအိပ်မောကျနေသည့် ကလေးငယ်၏ အသက်ရှူသံသဲ့သဲ့သာ ထွက်ပေါ်နေသည်။




တိတ်ဆိတ်နေသောလေထုက ထောင်ရှီးကို အနည်းငယ် ကသိကအောက်ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည့်အခါ သူ့ဘေးမှလူ၏ တည်ရှိမှုက ပို၍ပင် ထင်ရှားပေါ်လွင်လာပြီး မသိကျေးကျွန်ပြုထား၍ မရနိုင်တော့ပေ။




သူ၏ပထမဆုံး ပန်းချီကားက ရောင်းထွက်သွားပြီဆိုသည့်အကြောင်း၊ ပြပွဲတွင် စီနီယာအကြီးအကဲများ၊ သူငယ်ချင်းများစွာနှင့် သိကျွမ်းခဲ့ရကြောင်း၊ နောင်လည်း ပန်းချီဆက်ဆွဲဖို့ ရည်ရွယ်ထားကြောင်း၊ လက်ရာအမြောက်ဆုံးပန်းချီကားကို လင်ချင်းဟယ်အား ပေးရန်ရည်ရွယ်ထားကြောင်း စသည်ဖြင့် စိတ်ထဲရှိသမျှ လင်ချင်းဟယ်ကို အကုန်ပြောပြချင်သည်။




ထောင်ရှီးက ဘေးကို တိတ်တိတ်ကလေး ထပ်မံခိုးကြည့်လိုက်သောအခါ လင်ချင်းဟယ်က ဖုန်းငုံ့သုံးနေသည်ကို မြင်လိုက်ရ၏။




သူလည်း အကြည့်များကို ပြန်ရုတ်သိမ်းကာ ပြတင်းပေါက်ဘက်ကို လှည့်လိုက်ပြီး အပြင်ဘက်မှမြင်ကွင်းများဆီ အာရုံလွှဲလိုက်သည်။ သို့တိုင် သူ့လက်ထဲတွင် ကိုင်ထားသည့်ဖုန်းက ရုတ်တရက် တုန်ခါလာသာဖြင့် ထိတ်ခနဲပင် လန့်သွားရလေ၏။




ထောင်ရှီး ဖုန်းကိုအမြန်ငုံ့ကြည့်လိုက်သောအခါ လင်ချင်းဟယ်ထံမှ မက်ဆေ့ချ်ပို့လာခြင်းဖြစ်နေသည်။




Moon - ဘာပြောစရာရှိလို့လဲ…




ထောင်ရှီး၏နှလုံးသားက သိမ့်ခနဲ ခုန်လှုပ်သွားကာ ဘေးဘက်ကို လှည့်ကြည့်လိုက်သည်။ လင်ချင်းဟယ်ကမူ ဖုန်းစခရင်ကိုသာ ငုံ့ကြည့်နေပြီး သူ့ဘက်ကို လှည့်မလာပါချေ။




သူ ခေါင်းပြန်ငုံ့ကာ လောလောလတ်လတ် ပြောချင်နေသည့် စကားများကို စခရင်ပေါ်တွင် စာရိုက်ထည့်လိုက်သည်။ သို့သော် အဆုံးတွင် အကုန်လုံးကို ပြန်ဖျက်လိုက်လေ၏။




နောက်ဆုံးတွင်မူ အားလုံးထဲမှ သူအပြောချင်ဆုံးစကားတစ်ခွန်းကိုသာ ချရေးလိုက်သည်။




ထောင်ရှီး - လင်ချင်းဟယ်၊ ငါမင်းအတွက် ပန်းချီဆွဲပေးချင်တယ်။




ပန်းချီပြခန်းတွင် လင်ချင်းဟယ်က သူ၏ပထမဆုံးပန်းချီပြပွဲကို အရောက်လာခဲ့မည်ဟု ကတိပေးလိုက်ကတည်းက သူ့နှလုံးသားထဲတွင် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်သည်။




ထိုဆုံးဖြတ်ချက်လေးကို ပြောထွက်ရန် အချိန်အတော်ကြာ ချီတုံချတုံဖြစ်နေခဲ့သော်လည်း ယခုတွင်မှ ရုတ်တရက်ကြီး သတ္တိများပြည့်ဝလာခဲ့သည်။




သူ အသက်ကို ဖွဖွလေးသာရှူကာ ဖုန်းစခရင်ကို မြဲမြံစွာစိုက်ကြည့်နေမိသည်။ ခဏလေးတောင် အကြည့်မလွှဲရဲပါချေ။ သို့သော် သူ့နံဘေးမှလူ၏ လှုပ်ရှားမှုများကိုတော့ မျက်ဝန်းထောင့်ကနေ အလိုအလျောက် လိုက်ကြည့်နေမိပြီး ဖုန်းစခရင်ကို ဖိကိုင်ထားသည့် သူ့လက်ချောင်းလေးများကလည်း ပူနွေးသည်ထက်ပူနွေးလာခဲ့သည်။




Moon  - ဘယ်တော့ပေးမှာလဲ။




ဘာပန်းချီပေးမှာလဲ၊ ဘာကြောင့်ပေးမှာလဲဟူ၍ သူက မမေးခဲ့ပါချေ။ ဘယ်အချိန် သူ့ကို ပေးမှာလဲ ဟူ၍သာ မေးခဲ့လေသည်။




ထောင်ရှီး ပင့်သက်ပြင်းပြင်းရှိုက်လိုက်သည်။ လင်ချင်းဟယ်က သူ့စကားများနောက်ကွယ်ရှိ အဓိပ္ပာယ်ကိုခန့်မှန်းမိနေလောက်သည်။ ထိုအချက်က သူ့မျက်နှာတစ်ခုလုံးကို ပူတက်လာစေခဲ့သည်။




ထိုသို့စိတ်အခြေအနေ တက်လိုက်ကျလိုက်နှင့်ပင် သူ၏ခပ်နွေးနွေးလက်ချောင်းများဖြင့် စခရင်ပေါ်ရှိ မက်ဆေ့ချ်ဘောက်ထဲတွင် စာလုံးများကို ဖြည်းညင်းစွာ ရိုက်ထည့်လိုက်သည်။




ထောင်ရှီး - ငါဆွဲပြီးတဲ့အခါကျရင် မင်းကို ပေးမယ်။




Moon - ဟုတ်ပြီ။ ငါ မင်းကို စောင့်နေမယ်။




ငါမင်းကိုစောင့်နေမယ်။




ထောင်ရှီးမှာ ဖုန်းစခရင်ပေါ်မှ လက်ချောင်းလေးများကို အလိုလို ကွေးကောက်လိုက်မိသည်။ တဖြည်းဖြည်းမြန်ဆန်လာသော သူ့နှလုံးခုန်သံများကို သူပြန်ကြားနေရသည်။ နွေလယ်ခေါင်ခေါင် နေ့လယ်ခင်းတွင် ရေချိုးမိလိုက်သည်ပမာ၊ မိုးသည်းထန်စွာရွာချပြီးနောက် ပူနွေးသော အဖြူရောင်ရေနွေးငွေ့များက မြေပြင်အနှံ့ပြန့်ကျဲနေသည့်ပမာ သူ့ဦးနှောက်က ကြောင်အမ်းအမ်း၊ ဇဝေဇဝါဖြင့် မှိုင်းမိထားသလို ဖြစ်သွားလေသည်။




WeChat တွင် စကားပြောပြီးနောက် ကားတွင်း၌ တိတ်ဆိတ်မှုက ထပ်မံကြီးစိုးသွားပြန်သည်။ ကလေးငယ်၏အိပ်မက်ယောင်နေသံသာ ရံဖန်ရံခါ ထွက်ပေါ်နေ၏။ သို့သော် ထောင်ရှီးမှာ ယခင်ကထက်ပင် ပို၍ နေရထိုင်ရခက်လာခဲ့သည်။




ထိုအနေရခက်သော ခံစားချက်ကြီးက ကျောင်းပြန်ဖွင့်၍ ပုံမှန်အတန်းများတက်သည်အထိ ပျောက်မသွားခဲ့ပါချေ။




ထောင်ရှီးမှာ လင်ချင်းဟယ်ကို ပုံမှန်အတိုင်း မျက်နှာချင်းဆိုင်ရန် ကြိုးစားသော်လည်း သူ ဆုံးဖြတ်ချက်ချပြီးသည့်အချိန်မှစ၍ လေထဲတွင် လွင့်ပျံနေသည့် ဟိုက်ဒရိုဂျင်ပူဖောင်းတစ်ခုတွင် ချိတ်ဆွဲခံထားရသည့်ပမာ ခံစားနေရသည်။




လင်ချင်းဟယ်ထံမှ စကားလေးတစ်ခွန်းဖြစ်စေ၊ အကြည့်လေးတစ်ချက်ဖြစ်စေ၊ မျက်ခုံးလေးတစ်ချက်ပင့်လိုက်သည်ဖြစ်စေ သူ့ကို နှလုံးများတုန်ကာ ထိုင်မရထမရဖြစ်လာစေပြီး ချုပ်တည်းနိုင်စွမ်းမှာ ဂိတ်ဆုံးသို့ရောက်တော့မည်ဟု ခံစားနေရသည်။




အိပ်ဆောင်ပြန်ရောက်သည့်အခါမှသာ သူ့မှာ စိတ်အေးအေးဖြင့် ကတိကဝတ်ပြုထားသည့်ကိစ္စကို ဆက်လုပ်နိုင်သည်။




“ ဝေါင်း…ရှီးသာ့၊ မင်း ပန်းချီတွေအများကြီးဆွဲနေတာပဲ။ သူများကိုပေးဖို့လား…ပြိုင်ပွဲဝင်ဖို့အတွက်လား…”




ဖန်းယန့်မှာ စပ်စုချင်နေတာကြာပြီဖြစ်သည်။ ဟိုယခင်ကဆိုလျှင် ထောင်ရှီးက အိပ်ဆောင်ပြန်ရောက်သည်နှင့် အိမ်စာလုပ်လျှင်လုပ် မဟုတ်ရင် အကြားစွမ်းရည်လေ့ကျင်နေတတ်သည်။ သို့သော် ဤရက်ပိုင်းအတွင်း ထောင်ရှီးက ပန်းချီထောက်တိုင်ရှေ့တွင်သာ ထိုင်ပြီး ညစဉ်ညတိုင်း ပန်းချီဆွဲနေခဲ့သည်။ သူက ပန်းချီကားမြောက်မြားစွာကို ဆွဲနေခဲ့ပြီး တစ်ပုံနှင့်တစ်ပုံကလည်း ပုံစံမတူပေ။




သို့သော် တူညီသည့်အရာတစ်ခုမှာ ပန်းချီကားများအားလုံးသည် လမင်းပုံများ ဖြစ်နေခြင်းပင်။




လပြက္ခဒိန်ထဲရှိ လဆန်းတစ်ရက်နေ့၏ မှုန်ဝါးဝါးလ၊ တတိယနေ့နှင့်စတုတ္ထမြောက်နေ့၏ လခြမ်းကွေးကလေး၊  ၇ ရက် ၈ ရက်နေ့၏ လေးပုံတစ်ပုံပြည့်လာသည့်လ၊ ၁၅ ရက်နှင့် ၁၆ ရက်နေ့၏ ဝိုင်းစက်စက်လပြည့်၊ ထို့နောက် ၂၃ ရက်နေ့တွင် လေးပုံတစ်ပုံဆုတ်သွားသည့် လဆုတ်….စသဖြင့် လပြက္ခဒိန်ထဲရှိ ရက် ၃၀ လုံးတွင် လ၏ပုံသဏ္ဌာန်အဆင့်ဆင့်ပြောင်းလဲလာပုံကို ရေးဆွဲမည့်ပုံရှိသည်။




ထို့အပြင် ပုံအသီးသီးတွင် လမင်းကို မတူညီသည့်နောက်ခံနေရာအမျိုးမျိုး၌ ထည့်ဆွဲထားသည်။ ဥပမာ မက်မွန်ပွင့်များဖူးပွင့်နေပြီး စမ်းချောင်းလေး စီးဆင်းနေသည့် တိတ်ဆိတ်သောတောင်ကြားလေး၊ လှိုင်းလုံးများမြူးကြွနေသည့် စိမ်းပြာရောင်ပင်လယ်ပြင်၊ ကန့်လန့်ဖြတ်သွယ်တန်းနေသည့် တောင်စဉ်တောင်တန်းများ၊ မီးရှူးမီးပန်းများ လင်းလက်နေသည့် နီယွန်မီးရောင်အပြည့်နှင့် မြို့ကြီးပြကြီး….




ထောင်ရှီးကမူ ပန်းချီဆွဲခြင်း၌သာ အာရုံစိုက်ထားပြီး မေးလာသမျှကို ဝတ်ကျေတန်းကျေ ဆင်ခြေတစ်ချို့သာ ပေးလိုက်သည်။




သူ လင်ချင်းဟယ်ကို ပေးလိုသည့်ပန်းချီက ရိုးရိုးတန်းတန်းပန်းချီမျိုး မဟုတ်ရပါချေ။ သူက လဆန်းဖြစ်စေ၊ လဆုတ်ဖြစ်စေ၊ လပြည့်ဖြစ်စေ လကမ္ဘာကြီးတစ်ခုလုံးကို ပေးလိုခြင်းဖြစ်သည်။




သို့သော်လည်း ပန်းချီပုံသုံးဆယ် ဆွဲရမည်ဖြစ်သောကြောင့် ထောင်ရှီးမှာ နေ့စဉ်ရက်ဆက် အချိန်ပြည့် ပန်းချီဆွဲနေရသည်။ သို့သည့်တိုင် တစ်ပတ်ကျော်ခန့်ကြာသည်အထိ ထက်ဝက်တောင်ဆွဲ၍မပြီးသေးပါချေ။




ကံကောင်းထောက်မ၍ ချောင်ယီထန်က သူ့ကို ချိုးရှစ်ဆောင်မှ ပန်းချီကလပ်၏အခန်းသော့ကို အပ်ထားသောကြောင့် နေ့လယ်ထမင်းစားနားချိန်တိုင်း ပန်းချီအခန်းထဲသွား၍ ပုံဆက်ဆွဲနိုင်လေသည်။




တစ်ခုသောနေ့လယ်ခင်းတွင် သူ စတူဒီယိုမှ စာသင်ခန်းထဲသို့ ပြန်လာချိန်၌ လင်ချင်းဟယ်က အတန်းထဲရောက်နေပြီး ထိုင်ခုံတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ခြေလှမ်းများ ခေတ္တခဏရပ်သွားကာ သူ့ထိုင်ခုံကို တည်တည်တံ့တံ့နှင့် သွားထိုင်လိုက်သည်။ သို့သော် သူ ဘောပင်ကို ကောက်ကိုင်လိုက်ရုံရှိသေး လင်ချင်းဟယ်က မေးခွန်းထုတ်လာတော့သည်။




“ ဒီရက်ပိုင်း နေ့လယ်ခင်းဆို မင်း ဘယ်တွေသွားနေတာလဲ…”




လေသံမှာ လေးပင်ကာ အနည်းငယ်မျှ မကျေမနပ်ဖြစ်နေသည့်ပုံ။




ထောင်ရှီးမှာ ရင်ထဲတင်းကြပ်သွားပြီး မဟုတ်တာလုပ်ရင်း အမိခံလိုက်ရသလို မလုံမလဲဖြစ်သွားသည်။ သူ လင်ချင်းဟယ်ကို လှည့်ကြည့်ကာ စက္ကန့်အနည်းငယ်ကြာ တွေဝေနေပြီးနောက် အမှန်အတိုင်းသာ ပြောပြလိုက်သည်။




“ စတူဒီယိုထဲမှာ မင်းကိုပေးဖို့ ပန်းချီသွားဆွဲနေတာ…”




လင်ချင်းဟယ်က ထိုအဖြေကိုမမျှော်လင့်ထားဟန် အံ့အားသင့်သွားသည်။ သူက အမြန်အကြည့်လွှဲလိုက်ရင်း မျက်လွှာချကာ “အင်း”ဟု ခပ်တိုးတိုး တုံ့ပြန်သံပြုလိုက်သည်။




ထောင်ရှီးကလည်း မျက်လွှာချလိုက်ပြီး ဘယ်ဘက်လက်ကိုမြှောက်လျက် သူ့နာသံသီးလေးကို အသာပွတ်နေမိသည်။




ဤအနေရခက်ဖွယ် အခြေအနေကြီးက သူတို့နှစ်ဦးစလုံးကို ထိုင်မရထမရနှင့် ကမောက်ကမဖြစ်စေသည်။




ထောင်ရှီးက တိတ်ဆိတ်စွာ စာရေးနေစဉ် လင်ချင်းဟယ်၏စကားဆိုလာသံကို ကြားလိုက်ရပြန်သည်။




“ ငါ သန်ဖက်ခါကျရင် ပြိုင်ပွဲအတွက် လေ့ကျင့်ရေးဆင်းဖို့ ခရိုင်စီရင်စုကို သွားစရာရှိတယ်…”




ထောင်ရှီး ကြက်သေသေသွားသည်။ သူ လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်ပြီး စိတ်ပူစွာမေးလိုက်သည်။




“ ‌လေ့ကျင့်ရေးက ဘယ်လောက်ကြာမှာလဲ...”




လင်ချင်းဟယ်က ပြောသည်။ “နှစ်ပါတ်လောက်...”



‌ထောင်ရှီးမှာ သက်မောချသင့်သလား၊ မချသင့်သလားတောင် မသိတော့ချေ။ နှစ်ပတ်အတွင်းတွင် သူ့ပန်းချီများကို အပြီးသတ်နိုင်လောက်မည်။ သို့သော် သူ လင်ချင်းဟယ်ကို နှစ်ပတ်လုံး တွေ့ရတော့မည်မဟုတ်ချေ…




မသွားခင်ကတည်းက ဒီလူကို ကြိုပြီးလွမ်းနေရလေပြီ။




ထောင်ရှီးမှာ သူ့ကိုယ်သူ တော်တော်အသုံးမကျသည့်လူဟု ခံစားလိုက်ရသည်။ သူ လင်ချင်းဟယ်ကို ပြောလိုက်၏။




“ဒါဆို ငါမင်းပြန်လာမှာကို စောင့်နေမယ်လေ…”




လင်ချင်းဟယ်က သူ့ကို ကြည့်ရင်း ခဏကြာ တိတ်ဆိတ်သွားပြီးမှ လေသံတိုးတိုးဖြင့် ပြောလာသည်။




“ မင်း ဒီနှစ်ပတ်အတွင်းမှာ…”




ထောင်ရှီးက လက်နှစ်ချောင်းကို အမြန်ထောင်လျက် ခေါင်းလေးညိတ်ကာ ကတိကဝတ်ပြုလိုက်သည်။




“ငါသေချာပေါက် စာကြိုးစားလုပ်မှာပါ…”




ထိုစကားကိုကြားသော် လင်ချင်းဟယ်က အသံထွက်၍ ခပ်ဖွဖွရယ်သည်။




“ငါပြောချင်တာက ဒီနှစ်ပတ်အတွက် ကောမစ်ပုံတွေကို ဘယ်လိုလုပ်မလဲလို့…ရှောင်ထောင်ရုပ်ပြကလပ်ရဲ့ ဥက္ကဌကြီးခင်ဗျာ…”




ထောင်ရှီးမှာ ကြောင်အမ်းသွားရသည်။ လင်ချင်းဟယ်ထံမှ ထိုအမည်နာမကို ပထမဆုံးအကြိမ် ကြားလိုက်ရသည့်အတွက် သူ့မျက်နှာတစ်ခုလုံး ပူလောင်လာပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ပြောလိုက်သည်။




“ ဥ…ဥက္ကဌက မင်းအတွက် နှစ်ပတ်စာကောမစ်တွေကို မနက်ဖြန်ညကျ တစ်ခါတည်းဆွဲပေးလိုက်မယ်…”




လင်ချင်းဟယ်က တစ်ပုံတည်းဆိုလျှင်လည်း အဆင်ပြေကြောင်း၊ ပုံဆွဲပြီးလျှင်လည်း ဓာတ်ပုံရိုက်ပြီး သူ့ဖုန်းကို ပို့ပေးလိုက်လို့ရကြောင်း ပြန်ပြောရန် စီစဉ်ထားသော်လည်း သေချာပြန်စဉ်းစားကြည့်လိုက်ပြီးနောက်တွင် ဤသို့သာ ပြောလိုက်သည်။




“ဟုတ်ပြီ…”




ထို့နောက်တွင် အနေရခက်ဖွယ် တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုးလာပြီး နှစ်ဦးသားမှာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံမိလျှင် ချက်ချင်း ခေါင်းငုံ့အကြည့်လွှဲသွားကြပြီး လုပ်စရာရှိတာ ဆက်လုပ်နေကြသည်။


ထောင်ရှီးက သူ့အရှေ့မှ သင်္ချာပုစ္ဆာကို အာရုံမရစွာ စိုက်ကြည့်နေ၏။ နောက်နှစ်မိနစ်ခန့်ကြာသော် သူ လင်ချင်းဟယ်ဘက်သို့ ရုတ်တရက်လှည့်၍ အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။




“ မင်း ပြန်လာတဲ့နေ့ကျရင် ငါမင်းအတွက် ပန်းချီပုံတွေပေးမယ်…”




အင်မတန်စိတ်လှုပ်ရှားနေသောကြောင့် သူ စကားပြောအလွန်မြန်သွားသည်။ မြန်လွန်းသဖြင့် သူ့ဟာသူတောင် ကောင်းကောင်းမကြားလိုက်ရပေ။




သို့သော် လင်ချင်းဟယ်က ကြားလိုက်ပုံပေါ်ပြီး သူ ဆိုလိုချင်သည့်အဓိပ္ပာယ်ကိုလည်း နားလည်လိုက်ပုံရသည်။ နှစ်စက္ကန့်မျှအကြာတွင် သူက ပြန်ပြောလာခဲ့သည်။




“ ဟုတ်ပြီ။ ငါ မျှော်နေမယ်…”




လင်ချင်းဟယ်က သူ့အပေါ် အလွန်နူးညံ့နေခြင်းကြောင့်ဖြစ်မည်၊ ထောင်ရှီးမှာ ရှိရင်းစွဲထက် ပိုတိုး၍တောင်းဆိုချင်လာသည်။ သူ လင်ချင်းဟယ်ကို မျက်လုံးများ မှေးကျဉ်း၍ စိုက်ကြည့်ကာ ပြောလိုက်သည်။




“ အဲ့ဒါဆို မင်းငါ့ပန်းချီကားတွေကို မကြိုက်လို့မရဘူးနော်…”




သူက “မလုပ်လို့မရဘူး” သို့မဟုတ် “လုပ်ခွင့်မပြုဘူး” ဟူသည့် တဇွတ်ထိုးဆန်သောစကားမျိုးကို ဘယ်သောအခါမှ မပြောခဲ့ဖူးပေ။ သို့သော် ယခုမူ သူ လင်ချင်းဟယ်အပေါ်ကို အလွန်ဇွတ်တရွတ်ဆန်ချင်နေမိသည်။




သူက ပို၍ပင် တဇွတ်ထိုးဆန်စွာ ပြောချင်သည်။ မင်းငါ့ကိုလည်း မကြိုက်လို့မရဘူးနော် ဟူ၍။




လင်ချင်းဟယ်က သူ့မျက်လုံးများကို စိုက်ကြည့်၍ လေသံတိုးတိုးဖြင့် ပြန်ပြောလာသည်။




“ ငါသေချာပေါက်ကြိုက်မှာပါ…”




လေးနက်ကာ သန္နိဌာန်ချလိုက်သကဲ့သို့နှယ်။




ထောင်ရှီး အသက်အောင့်ထားလိုက်မိသည်။ သူ့ဦးနှောက်ထဲတွင် အလွန်တိုးညှင်းသော ပေါက်ကွဲသံလေးတစ်ခု ဖုန်းခနဲ ပေါက်ကွဲသွား၏။ ဝေးကွာသော ပင်လယ်ပြင်မှ အပြာရောင် မီးရှူးမီးပန်းများ ဖောက်ခွဲလိုက်သလိုပင် ဝေဝေဝါးဝါးနှင့် မပြတ်မသား။




သူ ပျာပျာသလဲ အကြည့်လွှဲလိုက်ပြီး သူ့အိမ်စာစာအုပ်ကို ပြန်ငုံ့ကြည့်ကာ အသံတိုးတိုးလေးနှင့် ဆိုလိုက်သည်။




“မှတ်ထားလိုက်ပြီ…”




ထောင်ရှီးက နောက်နှစ်ရက်လုံး အချိန်ပိုအလုပ်လုပ်ပြီးနောက် ရုပ်ပြကောမစ် တစ်ဆယ့်လေးပုံကို ဆွဲ၍ပြီးသွားသည်။ တစ်ပုံစီကို စာအိတ်ငယ်လေးတစ်အိတ်စီတွင် ထည့်၍ စာအိတ်ပေါ်တွင် နောက်နှစ်ပတ်အတွက် ရက်စွဲလေးများပါ ရေးပေးလိုက်သေးသည်။




နောက်တစ်နေ့ ညစာကျက်တန်းအပြီးတွင် ထောင်ရှီးက စာအိတ်ဆယ့်လေးအိတ်လုံးကို လင်ချင်းဟယ်၏လက်ထဲ ထည့်ပေးလိုက်ပြီး ထပ်တလဲလဲ မှာကြားနေသည်။




“သူ့ရက်နဲ့သူပဲ ဖွင့်ကြည့်ဖို့သတိရနော်…”




လူနာကို ဆေးညွှန်းပေးနေသည့် ဆရာဝန်လေးတစ်ယောက်ပမာပင်။


လင်ချင်းဟယ်က စာအိတ်များကို လွယ်အိတ်ထဲထည့်လိုက်ပြီး မတ်တပ်ထရပ်ကာ သူ့ကိုမေးသည်။




“တကယ်လို့ ငါ ကြိုဖွင့်လိုက်ရင်ရော…”




ထောင်ရှီးမှာ ကြောင်အမ်းအမ်းဖြစ်သွား၏။ သူ လင်ချင်းဟယ်၏ကျောင်းလွယ်အိတ်ကို လှမ်းဆွဲလိုက်ပြီး လင်ချင်းဟယ်အား မော့ကြည့်ကာ ပြောလိုက်သည်။




“ မရဘူးနော်…အဲ့လိုမျိုး မလုပ်ရဘူး…”




လင်ချင်းဟယ်က သူ့ကို ငုံ့ကြည့်လာပြီး နှုတ်ခမ်းစွန်းများ ခပ်ယောင်ယောင် ကော့တက်သွားသည်။




“ဟုတ်ပါပြီ။ ငါနားလည်ပြီ..”




လင်ချင်းဟယ်၏လေသံက ကလေးတစ်ယောက်ကို ချော့မော့၍ပြောနေသည်နှင့် ပိုတူသည်ဟု ခံစားလိုက်ရ၏။ ထောင်ရှီးက သူ့ကျောင်းလွယ်အိတ်ကို ပြန်လွှတ်ပေးလိုက်သည်။




တံခါးဘက်သို့ ဦးတည်ထွက်သွားသည့် လင်ချင်းဟယ်ကိုကြည့်ရင်း ဒီလူကို မနက်ဖြန်မှစ၍ နောက်နှစ်ပတ်ထိ တွေ့ခွင့်မရတော့မည်ကို သူ ရုတ်တရက် သတိရသွားသည်။




ဘယ်လိုလုပ်မလဲ…




ဒီလူကို အခုကတည်းက အရမ်း၊ အရမ်း၊ အရမ်းကို လွမ်းနေနှင့်ပြီ။




သူကိုယ်တိုင်ပင် မသိလိုက်ခင် ထောင်ရှီး အော်ခေါ်လိုက်မိသည်။




“ လင်ချင်းဟယ်…”




လင်ချင်းဟယ်က ချက်ချင်းပင် ရပ်လိုက်ကာ ခြေနှစ်လှမ်းအကွာမှသူ့ကို လှည့်ကြည့်လာသည်။




ထောင်ရှီးမှာ ခေါ်သာခေါ်လိုက်သော်လည်း ဘာပြောရမှန်း မသိချေ။ သူ့ခေါင်းတစ်ခုလုံး ထုံထိုင်းနေသည်။ သူ ဦးနှောက်ခြောက်အောင် စဉ်းစားလိုက်ပြီးကာမှ စကားတစ်ခွန်းသာ ထွက်လာခဲ့သည်။




“ မင်း...မင်းရဲ့ လေ့ကျင့်ရေးမှာ…အဆင်ပြေပါစေလို့ ငါမျှော်လင့်…”




“ငါမျှော်လင့်ပါတယ်” ဟူ၍ ပြောမပြီးခင် လင်ချင်းဟယ်က သူ့လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး နံဘေးသို့ ဆွဲခေါ်လိုက်သည်။




“ ငါ့ကို ကျောင်းဂိတ်ပေါက်ဝထိ လိုက်ပို့ပေးမလား…”




လင်ချင်းဟယ်က သူ့နားရွက်နားကပ်၍ တီးတိုးဆိုလာသည်။




နှစ်ဦးကြားအကွာအဝေးက အလွန်နီးကပ်နေသောကြောင့် အသက်ရှူသံ ခပ်နွေးနွေးက သူ့နားရွက်ကို ရိုက်ခတ်နေပြီး အသံတိုးတိုးလေးက ထောင်ရှီး၏နားစည်ထဲသို့ စီးဝင်သွားသည်။ ထောင်ရှီး၏မျက်နှာတစ်ခုလုံး နီရဲတောက်နေမည်မှာ သေချာသလောက်ရှိပြီး နှလုံးသားကလည်း အပြင်ကိုခုန်ထွက်လာတော့မတတ် ခုန်ပေါက်နေသည်။




“ ကောင်းပြီလေ…” စကားပြန်ဖြေနိုင်ဖို့တောင် သူ အချိန်အတော်ကြာ ယူလိုက်ရသည်။




နိုဝင်ဘာလရောက်တော့မည်ဖြစ်သောကြောင့် ညဘက်တွင် ရေထဲစိမ်နေရသည့်ပမာ အေးစိမ့်စိမ့်ရှိနေသည်။ ထောင်ရှီးက လင်ချင်းဟယ်နှင့် ဘေးချင်းယှဉ်လျက် အတူလျှောက်လာသည်။ နှစ်ဦးသားမှာ မြန်မြန်လည်း မလျှောက်ကြသလို၊ စကားလည်းမပြောဖြစ်ကြ။




ထောင်ရှီးက ညကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ကောင်းကင်က မကြည်လင်။ လလည်းမထွက်ပေ။ သူ တစ်ဖက်သို့လှည့်ကာ နံဘေးမှ အကြင်လူကို လှည့်ကြည့်လိုက်သည်။




ကိစ္စမရှိပါဘူး။ ငါ့ရဲ့လမင်းသော်တာက ဒီမှာလေ။




အမြဲတမ်းသာနေမယ့် လမင်းသော်တာလေး။




လင်ချင်းဟယ်ကလည်း မျက်နှာလှည့်ကာ သူ့ကို ပြန်ကြည့်လာလျှင် ထောင်ရှီးမှာ ကပျာကယာ မျက်လွှာချလိုက်ရသည်။




ကျောင်းဂိတ်တံခါးနှင့် နီးကပ်လာသည်နှင့်အမျှ ထောင်ရှီးမှာ ဆက်မသွားရဲတော့ချေ။ ကျောင်းဂိတ်တံခါး၏ အပြင်ဘက် မလှမ်းမကမ်းတွင် ရပ်စောင့်နေသော ချန်ထင်ကို သူမြင်နေရသည်။ မခွဲချင်သည်မှာမှန်သော်လည်း သူ့စိတ်ကိုထိန်း၍ လင်ချင်းဟယ်ကို အပြုံးလေးနှင့်ပြောလိုက်သည်။




“ လေ့ကျင့်ရေးအတွက် ကျားယို့နော်။ မင်းက ပြိုင်ပွဲမှာ သေချာပေါက် ရလဒ်ကောင်းရမှာပါ…”




လင်ချင်းဟယ်က သူ့ကိုငုံ့မိုးကြည့်ကာ မှာတမ်းခြွေလာသည်။




“ကျောင်းမှာ စာသေချာလုပ်၊ အစားလည်းကောင်းကောင်းစား၊ ညနက်တဲ့အထိမနေနဲ့…”




ထောင်ရှီးက အပြုံးမျက်ဝန်းလေးဖြင့် ခေါင်းညိတ်သည်။




“ ငါနားထောင်ပါ့မယ်...မင်းရောပဲနော်…”




လင်ချင်းဟယ်က သူ့ကို ခဏကြာ တိတ်ဆိတ်စွာ ကြည့်နေအပြီးတွင် ခပ်တိုးတိုးဆိုသည်။




“ဒါဆိုငါသွားတော့မယ်…”




ထောင်ရှီး၏မျက်နှာပေါ်မှ အပြုံးများက အနည်းငယ်ဖျော့တော့သွားသည်။ သူ ခဏကြာ အသံတိတ်နေပြီးနောက်မှ အပြုံးလေးကို ပြန်လည်ဆင်မြန်းလိုက်ရင်း ပြောလိုက်သည်။




“ နောက်နှစ်ပတ်နေရင် တွေ့မယ်နော်…”




လင်ချင်းဟယ်က “အင်း”ဟု တုံ့ပြန်သံပြုလိုက်သည်။ ထို့နောက် သူ အချိန်အတော်ကြာ ချုပ်တည်းနေခဲ့ပြီးမှ မထိန်းနိုင်သည့်အဆုံး လက်ကိုမြှောက်လိုက်ကာ ထောင်ရှီး၏ နူးနူးညံ့ညံ့ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။ ပြီးသော် ချာခနဲလှည့်ကာ မြန်ဆန်စွာ ထွက်ခွာသွားလေတော့သည်။




────────




- Note –




လင်စန်းပုတို့ကတော့ ထောင်ရှီးကို မေးခွန်းစာရွက်တွေအများကြီး အိမ်စာပေးခဲ့ပြီး မသွားခင်မှာ မှာခဲ့ဖို့ ပထမဆုံးသတိရတာက စာသေချာလုပ်ဖို့တဲ့ရှင် :))))