အပိုင်း ၃၇
Viewers 9k

The Moon Is Coming To Me


Chapter-37


တစ်ပါးသူများ၏အမြင်တွင် ရက်သတ္တပတ် နှစ်ပတ်လုံး၌ ထောင်ရှီးက ပုံမှန်ကဲ့သို့ အတန်းတက်၊ စာလုပ်ပြီး ညအချိန် အိပ်ဆောင်သို့ပြန်ရောက်လျှင် ပန်းချီဆွဲကာ တစ်နေ့တာကို ယခင်အတိုင်း မထူးမခြားနားဖြတ်သန်းနေသည်ဟု ထင်ကြလိမ့်မည်။


သို့သော် သူ့နံဘေးရှိ ထိုင်ခုံအလွတ်ကို တွေတွေကြီး စိုက်ကြည့်နေတတ်ကြောင်းကိုတော့ သူတစ်ယောက်တည်းသာလျှင် သိသည်။ သူ မတွက်တတ်သည့်ပုစ္ဆာများရှိလာလျှင် ဘေးခုံကို အမှုမဲ့အမှတ်မဲ့ လှမ်းမေးလိုက်မိသည့်အခါ သူ့ဘေးတွင် ဘယ်သူ့မှရှိမနေကြောင်းကို သတိရလိုက်သည်။


ဤကဲ့သို့ ရုတ်တရက် ပျောက်ဆုံးသွားသည့်ခံစားချက်က အလွန်နက်ရှိုင်းသော ရေတွင်းနက်ကြီးထဲသို့ ကျောက်စရစ်ခဲတစ်လုံး ပစ်ချလိုက်သည့်အလား လွမ်းဆွတ်ခြင်းဟူသော ပဲ့တင်ထပ်သံတစ်ချို့မှလွဲ၍ ဘာဆိုဘာမှ မမြင်နိုင်မကြားနိုင်တော့ချေ။


တစ်ခါတစ်ရံတွင် ဖြစ်နိုင်ခြေမရှိသော ကြောက်စရာအတွေးများပင် ဝင်လာတတ်သည်။ လင်ချင်းဟယ်ကို ဘယ်တုန်းကမှ မသိခဲ့ဖူးသလိုလို၊ လင်ချင်းဟယ်၏ဘဝထဲသို့ ဘယ်တုန်းကမှ မဝင်ရောက်ခဲ့ဖူးသလိုလို…။


သို့သော်လည်း စက္ကန့်ပိုင်းအကြာတွင် သူ့လက်ကောက်ဝတ်ပေါ်မှ စိမ်းပြာရောင်ကျောက်နှင့် အနီရောင်လက်ပတ်လေးက သူဟာ လင်ချင်းဟယ်၏ဘဝထဲတွင် ရှိနေဆဲဖြစ်ကြောင်း ပြန်လည်သတိပေးလာသည်။


ထောင်ရှီးမှာ သူ့ကိုယ်သူ ဤမျှလောက် အစိုးရိမ်လွန်ကဲတတ်သူဟု မထင်ထားခဲ့ပေ။


သူ့တွင် လက်ကိုင်ဖုန်းလေးရှိနေ၍သာ တော်သေးသည်။ ညရောက်လျှင် သူက လင်ချင်းဟယ်ကို မေးခွန်းများ၊ ပုစ္ဆာဖြေရှင်းနည်းများမေးသည်။ များသောအားဖြင့် လင်ချင်းဟယ်က ချက်ချင်း စာပြန်လေ့ရှိသည့်အတွက် သူ၏အစိုးရိမ်လွန်ကဲမှုများလည်း လွန်စွာလျော့ပါးသွားရသည်။


ထို့အပြင် သူ့ကို ပိုစိတ်သက်သာစေသည့်အရာမှာ လင်ချင်းဟယ်က နေ့တိုင်း Moments တွင် ပုံတစ်ချို့တင်ပေးသည်။ ညနေဆည်းဆာပုံ၊ ငှက်ကလေးများ သစ်ကိုင်းတွင်နားနေပုံ၊ အလင်းပြန်နေသည့် အစိမ်းရင့်ရောင်ကျောက်သင်ပုန်းပုံ…စသဖြင့် သူ၏နေ့စဉ်ဘဝကို ဖန်သားပြင်မှတစ်ဆင့် မြင်တွေ့နိုင်သေးသည်။


ထောင်ရှီးက ပုံတစ်ပုံချင်းစီကို လိုက်ခ်လုပ်ပေးလိုက်သည်။ သို့တိုင် တခြားအတန်းဖော်များက လင်ချင်းဟယ်၏ပို့စ်များကို အဘယ်ကြောင့် လိုက်ခ်မလုပ်ကြသလဲကို သူ စဉ်းစားမရပါချေ။


လင်ချင်းဟယ်၏ WeChat အကောင့်ကို မည်သူမှ အပ်ခွင့်မရခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအတွေးလေးနှင့်တင် သူ့မှာ မပျော်ဘဲမနေနိုင်။


ဒုတိယမြောက်အပတ်၊ တစ်ရက်တွင် ကျိုးချန်က သောကြာနေ့ နေ့လယ်ပိုင်း၌ မိဘဆရာတွေ့ဆုံဆွေးနွေးပွဲရှိကြောင်း ကြေညာခဲ့သည်။ ထိုနေ့တွင် ကျောင်းသားမိဘများအားလုံး လာရောက်ရမည်ဖြစ်သည်။


တစ်တန်းလုံး ဝမ်းနည်းပက်လက်ဖြစ်ကုန်ကြသော်လည်း ထောင်ရှီးမှာမူ တုံ့ပြန်ခြင်းတစ်စုံတစ်ရာမပြုပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် လာရောက်ပေးမည့် မိဘအုပ်ထိန်းသူမရှိသောကြောင့် ဖြစ်သည်။


သူက လမင်းပုံသုံးဆယ်ကို ဆွဲပြီးသွားပြီဖြစ်ကာ ပန်းချီကားများကို တစ်စုတစ်ဝေးတည်း ချုပ်ရန်အတွက် ပိုက်ဆံအမြောက်အမြားပင် အသုံးပြုခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့်နှစ်ရက်ကတည်းက သူ ပြင်ဆင်ထားသည့် အရေးကြီးဆုံး အရာလည်းရှိသေးသည်။


အချစ်စာစောင်ပင်။


ထောင်ရှီးက စာစီစာကုံးရေးရာတွင် ကျွမ်းကျင်သော်လည်း ရည်းစားစာရေးရာတွင်မူ အလွန်ညံ့လှသည်။ သူစာစောင်အများအပြားကို ရေးရေးပြီး အကုန်ပြန်ဖြဲပစ်လိုက်သည်။ နောက်တွင်မူ စာကြည့်တိုက်သို့သွား၍ စူးစမ်းရှာဖွေကြည့်လိုက်ရာ “အချစ်ဝတ္ထုပေါင်းချုပ်”ဟူသော စာအုပ်ဟောင်းတစ်အုပ်ကို ရှာတွေ့သဖြင့် ငှားခဲ့လိုက်သည်။


သူက စောင်ကိုခေါင်းမြီးခြုံပြီး ဓာတ်မီးထွန်း၍ ဝတ္ထုစာအုပ်ဖတ်သည်။ ဖတ်လေလေ၊ မျက်နှာပိုပူလာရလေလေပင်။ ဝတ္ထုက အလွန့်အလွန်ကို ချွဲချွဲပစ်ပစ်နိုင်လှပေသည်။ သို့သော်လည်း ထို့အထဲမှ စာကြောင်းတစ်ချို့ကို ရွေးနုတ်လိုက်ပြီး ရည်းစားစာထဲတွင် ထည့်ရေးလိုက်သည်ချည်းသာ။


သောကြာနေ့ နေ့လယ်ခင်းတွင် မိဘဆရာတွေ့ဆုံပွဲရှိသောကြောင့် စာသင်ခန်းကို ပြောင်ရှင်းသပ်ရပ်နေအောင် သန့်ရှင်းရေးလုပ်ထားကြသည်။ ထောင်ရှီးက လင်ချင်းဟယ်၏စားပွဲနှင့် ထိုင်ခုံကို အထူးတလည် ပွတ်တိုက်သန့်ရှင်းပေးလိုက်သည်။ ထိုအခါမှသာ သူ့မိဘများရောက်လာသည့်အခါ အေးအေးသက်သာ ထိုင်နိုင်ကြလေမည်။


မကြာလိုက် တန်းခွဲ(၁)မှ ကျောင်းသားမိဘများ တဖွဲဖွဲရောက်လာကြပြီး စာသင်ခန်းနှင့် စင်္ကြံတို့တွင် သူတို့၏သားသမီးများနှင့်အတူ စကားစမြည်ပြောနေကြသည်။ အချို့မိခင်များက သူတို့ကလေးအတွက် သွားရည်စာများသယ်လာခဲ့ကြပြီး ဖခင်များကမူ ဆုံးမဩဝါဒစကားခြွေနေကြသည်။


ထောင်ရှီးတစ်ယောက်သာ ပစ္စည်းများသိမ်းဆည်း၍ အတန်းထဲကထွက်ပြီး အချစ်စာစောင်ရေးရန် သင့်တော်မည့်နေရာကို ရှာရန်ပြင်သည်။ ထိုစဉ် လက်ဆွဲအိတ်တစ်လုံးကိုင်လျက် အနောက်တံခါးမှ ဝင်လာခဲ့သော လော်ကျန်းယင်းကို တွေ့လိုက်ရလေသည်။


ထိုတစ်ဒင်္ဂတွင် သူ ပျာယာခတ်ကာ မလုံမလဲဖြစ်သွားရသည်။ ‘ဒါကလင်ချင်းဟယ်ရဲ့အမေ၊ သူက သူမသားကို ဖွင့်ပြောဖို့လုပ်နေတာ’ ဟူ၍ အပြစ်ရှိစိတ်တို့ဝင်လာသည်။


ထောင်ရှီးက လော်ကျန်းယင်းကို ယဉ်ကျေးစွာ လှမ်းနှုတ်ဆက်လိုက်သည်။


“ မင်္ဂလာပါ၊ အန်တီ…”


သူ့ဟန်ပန်က အလွန်ယဉ်ကျေးလွန်းသဖြင့် ခါးကိုင်းကာ အရိုအသေပြုတော့မတတ်ပင်။


လော်ကျန်းယင်းမှာ အံ့ဩသွားသည်။ ဤစိတ်လှုပ်တရှားဖြစ်နေသော ကောင်လေးက အရင်တစ်ခေါက် ဆေးရုံကိုရောက်လာခဲ့သော လင်ချင်းဟယ်၏ထိုင်ခုံဖော်လေးဖြစ်နေကြောင်း သူမ မှတ်မိသွားသည်။ ကောင်လေး၏နာမည်က ထောင်ရှီးဖြစ်ပုံပင်။ သူမက ပျူငှာစွာ ပြန်ပြုံးပြလိုက်ကာ မင်္ဂလာပါဟု နှုတ်ဆက်လိုက်သည်။


ထောင်ရှီးက လော်ကျန်းယင်းထိုင်ရန်အတွက် သူသေချာသန့်ရှင်းရေးလုပ်ထားသည့် လင်ချင်းဟယ်၏ထိုင်ခုံကို ကူထုတ်ပေးလိုက်သည်။ လော်ကျန်းယင်း၏ရှေ့တွင် မျက်နှာကောင်းရရန် အစွမ်းကုန်ကြိုးစားနေခြင်းပင်။


လော်ကျန်းယင်းက ကျေးဇူးတင်စကားပြောကာ ထိုင်ခုံတွင် ထိုင်လိုက်ပြီး ထောင်ရှီးကို‌ ဝတ်ကျေတမ်းကျေ စကားအနည်းငယ်ပြောပြီးနောက် အသံတိတ်သွားသည်။


ခဏကြာသော် ပိချန်ဖေး၏အဖေ၊ ဟာ့နန်ဆေးရုံမှ ဦးနှောက်နှင့် အာရုံကြောဌာန၏ ညွှန်ကြားရေးမှူး ပိချန်းရောက်လာခဲ့သည်။ သူနှင့်လော်ကျန်းယင်းက ကလေးများအလယ်တန်းနှစ်ကတည်းက မိဘဆရာတွေ့ဆုံပွဲများတွင် မကြာခဏဆုံလေ့ရှိကြသဖြင့် အချင်းချင်း ရင်းနှီးနေကြကာ စကားစမြည်ပြောနေကြတော့သည်။


ထောင်ရှီးလည်း အလိုက်သိစွာ အတန်းထဲမှ ထွက်လာခဲ့သည်။ သူ အတန်းပြင်သို့ရောက်ရောက်ချင်းတွင် တန်းခွဲ(၂)သို့ သွားနေကြသော ယန်ကျန်းမင်နှင့် ယန်သောလဲ့ကို တွေ့လိုက်ရသည်။ သားအဖနှစ်ယောက်က ကတောက်ကဆဖြစ်လာကြဟန်တူသည်။ ယန်သောလဲ့က စိတ်ဆိုးမာန်ဆိုးဖြင့် လေပူများ မှုတ်ထုတ်နေသည်။ ယန်ကျန်းမင်ကမူ ကူရာမဲ့သော အပြုံးဖြင့် ယန်သောလဲ့၏သောက်လက်စ ဒိန်ချဉ်ဘူးကို လက်ထဲတွင် ကိုင်ထားသည်။


ထောင်ရှီးက မျက်လွှာချလိုက်ပြီး ဆန့်ကျင်ဘက်အရပ်သို့ ချက်ချင်းလှည့်ထွက်လာခဲ့လိုက်သည်။ အတန်ကြာဟိုဟိုသည်သည် လျှောက်သွားပြီးနောက်တွင် ဘယ်သူမှမရှိသည့်နေရာတစ်ခုကို ရှာတွေ့သွားပြီး လက်စမသတ်ရသေးသည် အချစ်စာစောင်ကို ဆက်ရေးရန်ပြင်လိုက်သည်။


သူက စာလုံးများ မလှမပနှင့် မသပ်ရပ်မည်ကို စိုးရိမ်၍ တစ်လုံးချင်းစီကို ဖြည်းညင်းစွာရေးသည်။ ထို့ကြောင့် စာမျက်နှာတစ်ရွက်ကို မိနစ်လေးဆယ်တောင်ကြာသွားခဲ့သည်။ ရေးပြီးသွားသောအခါ စာအိတ်ထဲကို ဂရုတစိုက်ထည့်လိုက်သည်။


မိဘဆရာတွေ့ဆုံပွဲက အချိန်ကြာဦးမည်ဖြစ်သဖြင့် ထောင်ရှီးမှာ အချစ်စာတစ်စောင်နှင့်အတူ ကစားကွင်းတစ်ဝိုက်ကို ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ မနက်ဖြန် လင်ချင်းဟယ် ပြန်လာလျှင် ပန်းချီကားများနှင့် အချစ်စာစောင်ကို ဘယ်လိုပြောပြီးပေးရမည်မသိပေ။


သူ အတွေးများလာလေလေ၊ စိုးရိမ်ပူပန်လာရလေလေဖြစ်ပြီး သူ့အစာအိမ်ကလည်း စပြီးအောင့်လာခဲ့သည်။


သို့သော်လည်း ထိုစိုးရိမ်မှုများက လင်ချင်းဟယ် မနက်ဖြန်ပြန်လာတော့မည်ဖြစ်၍ ပျော်နေသောအပျော်နှင့် မယှဉ်နိုင်ပါချေ။


သူ ပျော်ရွှင်လွန်း၍ နှုတ်ခမ်းစွန်းလေးများ ကွေးတက်နေသည်မှာ ပြန်ပင်မကျတော့ပေ။


တွေ့ဆုံပွဲပြီးလောက်မည့်အချိန်တွင် ထောင်ရှီးက စာသင်ခန်းထဲသို့ ပြန်လာခဲ့သည်။ သူ တန်းခွဲ(၂)ကို တမင်တကာ ကွေ့ဝိုက်ပြီး အခြားလှေကားမှတက်လာခဲ့ရာ ဘတ်စကတ်ဘောကစားပြီး၍ ပြန်လာသော ပိချန်ဖေးနှင့် ဆုံလေသည်။


သူတို့နှစ်ဦးသား တန်းခွဲ(၁)ကို အတူပြန်လာခဲ့ကြသည်။ ထိုအချိန်တွင် မိဘဆရာတွေ့ဆုံဆွေးနွေးပွဲက ပြီးစီးသွားပြီဖြစ်ပြီး အချို့မိဘများက ကော်ရစ်တာတွင်ရပ်လျက် စကားစမြည်ပြောနေကြသည်။ ပိချန်ဖေးက သူ့အဖေနှင့် လင်ချင်းဟယ်၏အမေက စကားပြောနေကြသည်ကို မြင်သွားသည်။


“ အဖေ၊ အန်တီလော်…”


ပိချန်ဖေးက နှစ်ယောက်လုံးကို နှုတ်ဆက်လိုက်သည်။


“ အန်တီလော်ကို ဘာတွေပြောနေတာလဲ…ကျွန်တော့်မကောင်းကြောင်းတွေ ပြောပြန်နေပြီမလား…”


ထောင်ရှီးကလည်း သူတို့နှစ်ဦးကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သူများသားအဖနှစ်ယောက်၏ အရေးကိစ္စကို ဝင်မနှောင့်ယှက်လိုသောကြောင့် သူ ထွက်သွားဖို့သာ ပြင်လိုက်သည်။ သို့သော်လည်း သူ လှည့်ထွက်မည်ပြင်နေစဉ်တွင် ပိချန်ဖေး အဖေ၏ စကားဆိုသံကို ကြားလိုက်ရသည်။


“ ဘာပြောရမှာလဲ…မင်းအတွက် အမေရိကားတက္ကသိုလ်မှာ ကျောင်းတက်ဖို့ လျှောက်လွှာတင်ရမယ့်အကြောင်းကို ပြောနေတာပေါ့။ ချင်းဟယ်ကို ကြည့်စမ်း…သူဆို အရင်ကတည်းက TOEFL ဖြေပြီးပြီ၊ ရလဒ်ကလည်း အမြင့်ကြီးပဲ။ ဒီနှစ်အကုန်လောက်မှာတင် ထိပ်တန်းတက္ကသိုလ်ဆယ်ခုလောက်ကို အင်တာဗျူးသွားဖြေတော့မှာ။ မင်းကရော ဘယ်အချိန်မှ TOEFL ဖြေဖို့ စိတ်ကူးထားတာလဲ…”


ထောင်ရှီး အသက်ရှူရကြပ်လာသည်။ သူရုတ်ခြည်းဆိုသလို လက်ထဲမှ အချစ်စာစောင်လေးကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်သည်။


“ သူက နတ်ဘုရားလေးဗျာ။ နတ်ဘုရားနဲ့တော့ ကျွန်တော့်ကို မယှဉ်ပါနဲ့ အဖေကလဲ…”


ပိချန်ဖေးက သူ့အဖေလက်ထဲမှ တစ်ရှူးကိုဆွဲယူလိုက်ပြီး သူ့မျက်နှာကိုချွေးသုတ်ရင်း စိတ်ပျက်လက်ပျက်ပြောလိုက်သည်။


လော်ကျန်းယင်းက အပြုံးဖြင့် ဝင်ပြောသည်။


“အလျင်လိုစရာမလိုပါဘူး။ ပြင်ဆင်ဖို့ တစ်နှစ်တောင်အချိန်ရသေးတာပဲ။ ချင်းဟယ်တောင် မနှစ်ကမှ စပြီးပြင်ဆင်တာ…”


“ အန်တီ…လင်ချင်းဟယ်က အမေရိကားမှာ တက္ကသိုလ်သွားတက်မှာလား…”


လော်ကျန်းယင်းမှာ သူမစကားဆုံးချင်းချင်းတွင် တိတ်ဆိတ်နေသည့် ထောင်ရှီးထံမှ အသံထွက်လာသည်ကို ကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်ရာ အနည်းငယ် တုန်လှုပ်သွားသည်။ ထိုကောင်လေးက ဖန်းဆွေ့နှင့်တူသော မျက်ဝန်းနီးနီများဖြင့် သူမကို မော့ကြည့်နေပြီး မျက်နှာကမူ ငိုချတော့မည့်အလား ပျက်ယွင်းနေ၏။

လော်ကျန်းယင်းမှာ ရင်ထဲတွင် တုန်လှုပ်သွားမှုကို ပြန်ချုပ်ထိန်းလိုက်ပြီးနောက် ပြောလိုက်သည်။


“ဟုတ်တယ်။ ဒီကိစ္စကို ချင်းဟယ်က အရင်ကတည်းကပြင်ဆင်ထားခဲ့တာလေ။ အလားအလာကောင်းတဲ့ တက္ကသိုလ်တစ်ချို့ကိုတောင် ရွေးထားနှင့်ပြီးပြီ…”


ထောင်ရှီးမှာ မယုံကြည်ချင်။ သူ စာအိတ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ သူ့လည်ချောင်းက အပြင်းအထန် တုန်လှုပ်လာသည့်အတွက် ပါးစပ်ဖွင့်ရန်ပင် အချိန်အတော်ကြာ အားယူလိုက်ရပြီး အက်ကွဲနေသောအသံဖြင့် လော်ကျန်းယင်းကို မေးလိုက်သည်။


“ လင်ချင်းဟယ်က အမေရိကားကို ယန်သောလဲ့နဲ့အတူတူ ကျောင်းသွားတက်မှာလားဟင်…”


ပိချန်းမှာ ဤကောင်လေးက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်ငြား ဘာမှတော့ဝင်မပြောဖြစ်ပေ။ ပိချန်ဖေးကမူ ထောင်ရှီးကို စိုးရိမ်တကြီး ကြည့်နေသည်။


ထောင်ရှီးက အံကြိတ်ထားကာ သေမိန့်ချခံရတော့မည့်လူတစ်ယောက်က နောက်ဆုံးစီရင်ချက်ကို စောင့်ဆိုင်းနေသည့်အလား ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များဖြင့် လော်ကျန်းယင်းကို စိုက်ကြည့်နေသည်။


အဆုံးတွင် လော်ကျန်းယင်းက တွန့်ဆုတ်စွာဖြင့် အတည်ပြုပြောဆိုလာခဲ့လေသည်။


“ ဟုတ်တယ်။ သူနဲ့ လဲ့လဲ့က အထက်တန်းအောင်ပြီးတာနဲ့ အမေရိကားကို ကျောင်းအတူသွားတက်ကြမှာ။ ဒါကအန်တီတို့ မိသားစုနှစ်ခုလုံး အရင်ကတည်းက တိုင်ပင်ထားကြပြီးသားကိစ္စလေ…”


မိသားစုနှစ်ခုလုံး တိုင်ပင်ထားကြပြီးသားကိစ္စ။


ဒါဆိုကျွန်တော်ကရော…


ထောင်ရှီး နှုတ်ခမ်းအတွင်းသားများကို ခပ်နာနာဖိကိုက်ပစ်လိုက်သည်။ စူးခနဲ နာကျင်မှုနှင့်အတူ သွေးအရသာက ခံတွင်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။


သူ နှုတ်ခမ်းစွန်းများ ကွေးညွှတ်ကာ ပြုံးလိုက်ပြီး လော်ကျန်းယင်း၏ရှေ့တွင် ဟန်မပျက်အောင် အတတ်နိုင်ဆုံး ကြိုးစားလျက် ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ်၊ အန်တီ…ကျွန်တော်သိပါပြီ…”


ထို့နောက် ချာခနဲ လှည့်ထွက်လာကာ ပြေးလုမတတ် ခြေလှမ်းကျဲများဖြင့် မြန်နိုင်သမျှမြန်မြန် ထွက်ပြေးလာခဲ့သည်။


ဘယ်သွားရမည်လဲ သူ မသိပေ။ ကျောင်းဝင်းကြီးက ကျယ်လွန်းသော်လည်း ဝမ်းနည်းမှုနှင့် ဒေါသကို ဖြေဖျောက်နိုင်ရန်အတွက် နေရာတစ်နေရာစာလေးတောင် မရှိပါချေ။


ဒေါသများကို သူ မထိန်းချုပ်နိုင်တော့။ သူ အလွန်ဒေါသထွက်ရသည်။ ဒေါသထွက်လွန်း၍ သူ့အမြင်အာရုံများ ဝေဝါးလာရသည့်အထိပင်။


လင်ချင်းဟယ်က သူ့ကို လိမ်ခဲ့သည့်အတွက် ဒေါသထွက်သည်။


သူက ဘယ်လိုလုပ်ပြီး ယန်သောလဲ့နဲ့အတူ အမေရိကားကို ကျောင်းသွားတက်နိုင်ရတာလဲ။


တစ်လျှောက်လုံး အသည်းအသန်ကြိုးစားနေခဲ့ရသည့် သူကရော…


ရယ်စရာကောင်းမနေဘူးလား။


ထောင်ရှီးက ထွက်ပြေးလာရင်းဖြင့် ချိုးရှစ်ဆောင်၏အပေါ်ဆုံးထပ် ဖျော်ဖြေရေးခန်းမ တံခါးရှေ့သို့ ရောက်မှန်းမသိရောက်လာခဲ့သည်။ လင်ချင်းဟယ်က ဤနေရာတွင် သူ့တစ်ယောက်တည်းအတွက် စန္ဒရားတီးပြခဲ့ဖူးသည်။


သူက ဖျော်ဖြေရေးတံခါးပေါက်ကို အကြည့်ပင်မရောက်ဘဲ ထောင့်နားရှိ အမှိုက်ပုံးဆီသို့ အပြေးသွားလိုက်သည်။


ထို့နောက် သူ အခေါက်ခေါက်အခါခါ‌ ရေးခဲ့သည့် စာအိတ်ထဲမှ အချစ်စာစောင်ကို တစ်စစီဆုတ်ဖြဲပစ်လိုက်ပြီး အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။

သို့သော်လည်း ဆုတ်ဖြဲပြီးသည့်တိုင်အောင် စိတ်အခြေအနေက ပိုကောင်းမလာခဲ့ပေ။ တစ်စစီဆုတ်ဖြဲခံလိုက်ရသည်မှာ သူ့နှလုံးသားဖြစ်နေသည့်အလား စာရွက်အပိုင်းအစများကို ငူငူကြီးရပ်ကြည့်နေမိသည်။


ထောင်ရှီး ငုတ်တုတ်ထိုင်ချလိုက်ပြီး ခြေထောက်နှစ်ဖက်ကိုပိုက်၍ ဒူးပေါ်မျက်နှာအပ်ထားလိုက်သည်။


လင်ချင်းဟယ်က သူ့ကိုလိမ်ရသည်ကလည်း အကြောင်းအရင်းရှိလောက်မှာပါဟူ၍ ဖြည့်မတွေးဘဲမနေနိုင်ခဲ့ချေ။


လင်ချင်းဟယ်က သူ့ကို ကောင်းစေချင်သည့်စေတနာနှင့် မုသားဆိုခဲ့ခြင်းဖြစ်မည်။


လင်ချင်းဟယ်က သူ့ကို တရုတ်ပြည်တွင် အကောင်းဆုံးတက္ကသိုလ်ကို ဝင်ခွင့်ရပြီး ကောင်းမွန်သည့်ဘဝလေးကို ရစေချင်၍ဖြစ်မည်။


သို့တိုင် လင်ချင်းဟယ်က သူ့ကို ဘဝထဲ ဝင်လာခွင့်ပေးရန် စိတ်ကူးမရှိခဲ့ခြင်းဖြစ်မည်။


ဒါပေမဲ့….


ငါကမှ မင်းဘဝထဲမှာ ရှိနေသင့်တဲ့လူလေ။


မင်းနဲ့အတူ ကြီးပြင်းလာခဲ့တဲ့သူက ငါဖြစ်ခဲ့သင့်တာ။


ငါ့မှာ ဘာပိုင်ဆိုင်မှုမှ မရှိဘူး။ အမေမရှိဘူး၊ အဖေမရှိဘူး၊ ဆွေမျိုးသားချင်းတွေဆီက ချစ်ခြင်းမေတ္တာတွေလည်း ဘာမှမရဘူး။


ယန်သောလဲ့က ငါ့ဆီက အရာအားလုံးကို ခိုးယူသွားခဲ့တာ။


ငါ ဒီလောက်ကြိုးစားနေပါလျက်နဲ့ ဘာဖြစ်လို့ မင်းနဲ့အတူ တက္ကသိုလ်ဖို့ မဖြစ်နိုင်ရတာလဲ။


ပိချန်ဖေးက ဘာဖြစ်သွားတာလဲဟု ထောင်ရှီး နောက်ကိုလိုက်မေးမည်ပြုစဉ် သူ့အဖေက လှမ်းဆွဲထားလိုက်သည်။


“ ရုံးခန်းထဲမှာ စကားပြောကြဖို့ ငါ ကျိုးလောင်ရှီးကို ခွင့်တောင်းထားတယ်။ ထွက်မသွားနဲ့ဦး…”


“ အဖေ၊ ဘာဖြစ်လို့ အတန်းပိုင်ဆရာကို သွားရှာပြန်တာလဲဗျာ…”


ပိချန်ဖေးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ချလျက် သူ့အဖေနောက်မှ လိုက်လာခဲ့သည်။ လမ်းခုလတ်တွင် ခဏကြာ အတွေးများနေပြီးနောက် သူ့မိုဘိုင်းဖုန်းကိုထုတ်ကာ လင်ချင်းဟယ်၏ WeChat ကို မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။


သားအဖနှစ်ယောက်ထွက်ခွာသွားသည်အထိ လော်ကျန်းယင်းမှာ စိတ်နှင့်လူနှင့်ပြန်မကပ်နိုင်သေးပေ။ ထောင်ရှီး၏မျက်ဝန်းများကို သူမ၏အတွေးထဲ ထပ်ခါထပ်ခါ မြင်ယောင်နေမိသည်။ လွန်ခဲ့ပြီးသောအချိန်များက ဖန်းဆွေ့သည်လည်း ထိုကဲ့သို့ မျက်ဝန်းနီနီများဖြင့် သူမကို မေးခွန်းတစ်ခုမေးခဲ့ဖူးသည်။


လော်ကျန်းယင်းက လက်ကိုမြှောက်၍ မျက်ခုံးနှစ်ဖက်ကို နှိပ်နယ်လိုက်သည်။ သူမ ယန်သောလဲ့ကို သွားတွေ့ရန် တန်းခွဲ(၂)သို့ သွားမည်ပြုစဉ် ရုတ်တရက် အလောတကြီး ရောက်ချလာသော လင်ချင်းဟယ်ကို တွေ့လိုက်ရလေသည်။


“ ချင်းဟယ်? ဘာလို့ အစောကြီးပြန်လာတာလဲ…”


လော်ကျန်းယင်းက သူမသားကို အံ့ဩတကြီး ကြည့်လိုက်သည်။ သူက ကျောင်းယူနီဖောင်းလဲရန်ပင် အချိန်မရခဲ့ပုံထောက်လျှင် ယခုလေးတင်မှ ကျောင်းသို့ရောက်လာခဲ့ခြင်းဖြစ်မည်။


“ အမေ ထောင်ရှီးကို ဘာပြောလိုက်သေးလဲ…”


လင်ချင်းဟယ်က မျက်ခုံးများကိုအစွမ်းကုန် တွန့်ချိုးလျက် လော်ကျန်းယင်းကို အက်ရှရှအသံဖြင့် မေးလိုက်သည်။


လော်ကျန်းယင်း ကြက်သေသေသွားသည်။ လင်ချင်းဟယ်က အလွန်ခက်ထန်နေသည်ဟု သူမ ခံစားရလေ၏။ သူမ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


“ ငါက မင်း အမေရိကားမှာ ကျောင်းသွားတက်ဖို့ လျှောက်လွှာတင်ထားတဲ့အကြောင်း ဒေါက်တာပိနဲ့ ပြောနေတုန်း ထောင်ရှီးက ရောက်လာတယ်လေ။ ပြီးတော့ ငါ့ကို ဆိုင်းမဆင့်၊ ဗုံမဆင့်ထမေးတယ်၊ မင်းက လဲ့လဲ့နဲ့အတူ အမေရိကားမှာ ကျောင်းသွားတက်ဖို့စီစဉ်ထားတာလားတဲ့…ငါလည်း ဟုတ်တယ်လို့ဖြေလိုက်တယ်။ အဲ့ဒါနဲ့ သူ့ပုံစံက…”


သူမက စကားဆက်ပြောမည်ပြုစဉ် လင်ချင်းဟယ်၏မျက်နှာအမူအရာက တစ်မုဟုတ်ချင်း ပြောင်းလဲသွားကြောင်း သတိထားမိလိုက်သည်။ လင်ချင်းဟယ်၏ ထိုကဲ့သို့သော မျက်နှာထားကို သူမတစ်ခါမှ မမြင်ခဲ့ဖူးပါချေ။ သူတန်ဖိုးအထားရဆုံးအရာတစ်ခုက တစ်စုံတစ်ယောက်ကြောင့် ထိခိုက်နာကျင်သွားရသည့်ပမာ၊ သူမက ထိခိုက်နာကျင်အောင် လုပ်လိုက်သည့် တရားခံဖြစ်နေသည့် ပမာပင်။


လင်ချင်းဟယ်က ပြန်ထွက်သွားရန်ပြင်နေသည်ကိုတွေ့သော် လော်ကျန်းယင်းက သူ့ကို ဖမ်းဆွဲထားလိုက်သည်။


“ ဘာတွေဖြစ်နေတာလဲ…လေ့ကျင့်ရေးမှာ တစ်ခုခုဖြစ်ခဲ့လို့ အစောကြီးပြန်လာခဲ့တာလား…”


လင်ချင်းဟယ်က အရိပ်အကဲမသိသည့် သူ့အမေကို လှည့်ကြည့်လိုက်သည်။ သူ့နှလုံးသားထဲမှ နာကျင်မှုများ လျော့လိုလျော့ငြား လက်ဖဝါးကို လက်သည်းများဖြင့် တင်းနေအောင် ဆုပ်ညှစ်ထားမိသည်။


သူ ဘာကြောင့် စောပြန်လာခဲ့တာလဲ။


ဘာကြောင့်လဲဆိုတော့ ယနေ့ မိဘဆရာတွေ့ဆုံပွဲရှိမှန်း သူ သိနေခဲ့ခြင်းကြောင့်သာ။ ကျောင်းသားတိုင်း၏မိဘများက လာရောက်ကြလိမ့်မည်။ သို့သော် တစ်စုံတစ်ယောက်ကတော့ လာရောက်သူရှိလိမ့်မည် မဟုတ်ပေ။

ထိုတစ်ယောက်က ဝမ်းနည်းနေလိမ့်မည်။


နာကျင်နေလိမ့်မည်။


ယခုတော့ သူက ပိုဝမ်းနည်းအောင် လုပ်မိသွားခဲ့ပြီ။


အဆုံးတွင် လင်ချင်းဟယ်က လော်ကျန်းယင်း၏မေးခွန်းကို ပြန်မဖြေဘဲ ခပ်သွက်သွက် လှည့်ထွက်သွားခဲ့လေသည်။


────────