The Moon Is Coming To Me
Chapter-38
“ ကျောင်းသားလေး၊ ဒီမှာဘာလုပ်နေတာလဲ...”
ထောင်ရှီးက ခေါင်းမော့ကြည့်လိုက်သောအခါ လုံခြုံရေးယူနီဖောင်းနှင့် အသက်လေးဆယ်အရွယ် ဦးလေးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ ကြမ်းပြင်ပေါ်မှ ဖြည်းညင်းစွာထရပ်လိုက်သည်။ သို့သော် ခြေထောက်များက ထုံကျဉ်နေသောကြောင့် ထထချင်း လဲကျမလိုပင် ဖြစ်သွားရသည်။
လုံခြုံရေးအစောင့်မှာ အပြင်ဘက်ပြတင်းပေါက်မှ ညနေဆည်းဆာနေရောင်ဖြင့် မြင်လိုက်ရသော ထောင်ရှီး၏မျက်နှာအမူအရာကြောင့် ထိတ်လန့်သွားသည်။ ဤကျောင်းသားလေးက မည်သို့သောဝမ်းနည်းပူဆွေးစရာကိစ္စမျိုးကို ကြုံလာရ၍ လူသူကင်းမဲ့နေသည့် ဖျော်ဖြေရေးခန်းမအထိလာကာ ဝမ်းနည်းမှုများကို လာရောက်ဖြေဖျောက်သည်မသိပေ။ သို့နှင့် သူက ဂရုဏာသက်စွာ မေးလိုက်သည်။
“ မင်းက တီးဝိုင်းက အဖွဲ့သားလား။ မင်းမှာ သော့မပါလာခဲ့ဘူးလား…”
ထောင်ရှီးက ခဏကြာတိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“ ရတယ်၊ ရတယ်။ ဒါဆို ငါမင်းကို တံခါးဖွင့်ပေးမယ်…”
လုံခြုံရေးအစောင့်က ပြောရင်းဆိုရင်း ဖျော်ဖြေရေးခန်းမ၏ဝင်ပေါက်တံခါးရှေ့သို့ သော့တစ်တွဲနှင့်အတူ လျှောက်သွားသည်။ သို့သော် ထောင်ရှီးက အမှိုက်ပုံးဘေးတွင် ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ အံ့ဩတကြီးနှင့် ဆော်ဩလိုက်သည်။
“ဘာဖြစ်လို့ မဝင်လာသေးတာလဲ…”
ထောင်ရှီးက ဖျော်ဖြေရေးခန်းမ၏ ဝင်ပေါက်တံခါးရှေ့သို့ လေးပင်နေသောခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။ သူက လက်ချောင်းများကိုလည်း တင်းနေအောင် ဆုပ်ထားလိုက်၏။ ရင်းနှီးနေသည့်တံခါးချပ်က သူ့မျက်စိရှေ့တွင် ပွင့်သွားခဲ့သည်။ လူသူကင်းမဲ့နေသည့် ဖျော်ဖြေရေးခန်းမကျယ်ကြီးထဲတွင် နီရွှေရောင်ဆည်းဆာရောင်ခြည်က မျက်နှာကျက်မှကြမ်းပြင်ထိ မြင့်မားသော ပြတင်းပေါက်ရှည်များမှတစ်ဆင့် ခန်းမအလယ်ရှိ အနက်ရောင်စန္ဒရားပေါ်သို့ တိတ်ဆိတ်စွာ ဖြာကျနေသည်။
“ အထဲမှာ အကြာကြီး စန္ဒရားတီးကျင့်မနေနဲ့နော်။ မင်းပြန်ရင် တံခါးပိတ်ခဲ့ဖို့လည်း မမေ့နဲ့ဦး…”
လုံခြုံရေးအစောင့်က ထောင်ရှီးကို သတိပေးလိုက်သည်။ အစောင့်ဦးလေးကြီးမှာ လည်ပြန်လှည့်ကြည့်လိုက်သည့်အခါ ကျောင်းသားလေး၏မျက်နှာက တံခါးမဖွင့်ခင်ကထက်ပင် ပို၍ညှိုးနွမ်းသွားကြောင်း မြင်လိုက်ရလေသည်။
သူ စကားအနည်းငယ် မှာကြားပြီးနောက် ဘာမှဆက်မပြောရက်တော့ချေ။
ထောင်ရှီးက လုံခြုံရေးအစောင့်ကို ကျေးဇူးတင်စကားဆိုလိုက်ပြီး တံခါးနားတွင် ခဏကြာမလှုပ်မယှက်ရပ်နေပြီးနောက်မှ လေးပင်နေသော ခြေလှမ်းများကို စန္ဒရားဆီသို့ ဦးတည်လိုက်သည်။
သူ စန္ဒရားခုံတွင်ထိုင်လိုက်၍ အဖုံးကိုဖွင့်လိုက်သည့်အခါ အဖြူနှင့်အနက်ရောင်ရောစပ်ထားသည့် စန္ဒရားခလုတ်များက တီးခတ်ပေးမည့်လူအား စောင့်မျှော်နေသည့်ပမာ နေရောင်ဖျော့ဖျော့အောက်တွင် ရုပ်လုံးပေါ်လာခဲ့သည်။
ထောင်ရှီးက တစ်ခုသောညနေခင်းကို ပြန်လည်အမှတ်ရသွားခဲ့သည်။ ထိုစဉ်ကလည်း ယခုကဲ့သို့ ညနေဆည်းဆာချိန်ပင်ဖြစ်ကာ လင်ချင်းဟယ်က သူ့လက်ကိုဆွဲ၍ ဤနေရာသို့ခေါ်လာခဲ့ပြီး ဖျော်ဖြေရေးခန်းမကို ကျောပေးလျက် ဤသို့ မေးခဲ့သည်။
“ ဒီနေရာမှာဆိုရင်ရော မင်းမျက်ရည်တွေကို ထိန်းထားချင်သေးလား…”
ပြီးသော် “မယ်ရီခရစ္စမတ် မစ္စတာလောရန့်” ဟူသော သီချင်းကို သူတစ်ယောက်တည်းအတွက် တီးခတ်ပေးခဲ့သည်။
ထောင်ရှီးက စန္ဒရားခလုတ်များကို ငေးစိုက်ကြည့်ရင်း စန္ဒရားတီးနေခဲ့သည့် အကြင်လူ၏လက်ဟန်အမူအရာများကို ပြန်လည်ပုံဖော်လိုက်သည်။
သူက စန္ဒရားတီးလိုသည့်နှယ် လက်ချောင်းများကို ခလုတ်ခုံပေါ် ဖြန့်ကျက်လိုက်သည်။ သို့ရာတွင် ဘယ်လိုတီးရမည်မှန်း သူမသိပေ။ ထို့ကြောင့် သူ့လက်တစ်ဖက်ကို စန္ဒရားခလုတ်များပေါ် တင်ထားလျက်သားအနေအထားနှင့်သာ ရှိနေသည်။
အဆုံးတွင် အလျဉ်းသင့်သည့် ခလုတ်အဖြူရောင်တစ်ခုကို နှိပ်လိုက်သည်။ ထိုအခါ ဂီတနုတ်သံရှည်တစ်ခုက လူသူမရှိသော ဖျော်ဖြေရေခန်းမထဲတွင် ရုတ်ခြည်းဆန်စွာ ထွက်ပေါ်လို့လာသည်။
သူ လွန်ခဲ့ပြီးသောအချိန်က မြင်ကွင်းတစ်ခုကို ပြန်သတိရသွားမိသည်။ ထိုစဉ်က သူသည် တံခါးအပြင်တွင်ပုန်းနေခဲ့ပြီး လင်ချင်းဟယ်က စန္ဒရားရှေ့တွင် ထိုင်လျက် စန္ဒရားတီးနေခဲ့သည်။ မလှမ်းမကမ်းတွင်မူ ယန်သောလဲ့က တယောတီးနေခဲ့ပြီး ကျန်အဖွဲ့သားများကလည်း သက်ဆိုင်ရာ တူရိယာများကို တီးမှုတ်နေခဲ့ကြသည်။ ဖျော်ဖြေရေးခန်းမတွင် ဖျော်ဖြေတင်ဆက်ဖို့ မွေးဖွားလာခဲ့ကြသည့်လူများပမာပင် သူတို့၏ပုံစံက လွန်စွာစိတ်အေးလက်အေးဖြစ်နေခဲ့ကြသည်။
ထိုစဉ်အချိန်က သူသည် မက်မောဖွယ်ကောင်းသော အခြားကမ္ဘာတစ်ခုကို မြေအောက်ကမ္ဘာမှ ချောင်းကြည့်နေသကဲ့သို့ ထိုလူများကို မနာလိုမှု၊ အားကျမှုအပြည့်ဖြင့် ပုန်းလျှိုးကွယ်လျှိုးရပ်ကြည့်နေခဲ့သည်။
ထောင်ရှီး ပင့်သက်ပြင်းပြင်းရှိုက်လိုက်ကာ စန္ဒရားကိုပြန်ပိတ်ရန် စန္ဒရားအဖုံးပေါ် လက်တင်လိုက်သည်။
နောက်ဆုံးတွင် လွဲချော်ဆုံးရှုံးခဲ့ရသည့်အရာများနှင့် ပတ်သက်၍ အမှန်တရားတစ်ခုကို သူနားလည်သွားခဲ့သည်။ အကယ်၍ သူ့အနေနှင့် ဆုံးရှုံးခဲ့ရသည့်အရာများကို ပြန်ရရှိခဲ့လျှင်တောင် အရာအားလုံးက ရှိသင့်ရှိထိုက်သည့် နေရာတွင် နေရာတကျ ပြန်လည်တည်ရှိနိုင်တော့မည် မဟုတ်ချေ။
အကယ်၍ သူ့ကို မိဘဆွေမျိုးများက အသိအမှတ်ပြုကြလျှင်တောင် တူရိယာများ တီးခတ်သင်ယူနိုင်မည့် ငယ်ဘဝကို ပြန်သွားနိုင်တော့မည်မဟုတ်သလို၊ မိဘဆွေမျိုးများ၏ ချစ်ခြင်းမေတ္တာကိုလည်း ပြန်ရနိုင်တော့မည်မဟုတ်ပေ။ သည့်အပြင် လင်ချင်းဟယ်နှင့် အတူတကွကြီးပြင်းခဲ့ရမည့် ငယ်စဉ်အချိန်များကိုလည်း ပြန်လည်ရရှိနိုင်တော့မည်မဟုတ်ပါချေ။
ထောင်ရှီးက ထွက်ခွာရန် မတ်တပ်ထရပ်မည်ပြုစဉ် သူ့အနောက်မှ ဝင်ပေါက်တံခါးကြီး၏ ရုတ်တရက် ပွင့်သွားသံကို ကြားလိုက်ရသည်။
သူ လက်ချောင်းများကို ချက်ချင်းပြန်ရုတ်လိုက်ပြီး ဒူးခေါင်းပေါ်ပြောင်းတင်လိုက်ကာ လက်သီးကို တင်းကြပ်နေအောင် ဆုပ်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက တောင့်ခနဲဖြစ်သွားပြီး နှလုံးသားကမူ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်သွားသည်။ သို့တိုင် နောက်သို့လှည့်မကြည့်ဖြစ်ပါချေ။ တဖြည်းဖြည်းနီးကပ်လာသည့် ရင်းနှီးနေသော ခြေလှမ်းသံများကို သူကြားနေရသည်။
မကြာလိုက် ထိုလူက စန္ဒရားဆီသို့ လျှောက်လာပြီး သူ့ဘေး၌ ဝင်ထိုင်လိုက်လေသည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက်တွင် သူ့ဘေးတွင် ထိုင်နေသည့်လူက လက်ချောင်းသွယ်သွယ်များကို စန္ဒရားခလုတ်ခုံပေါ် ဖြန့်ကျက်လိုက်ပြီး ရင်းနှီးနေသည့် တေးဂီတသံစဉ်တစ်ချို့ကို တီးခတ်လိုက်သည်။
ယခင်က သူ့ကိုတီးပြခဲ့ဖူးသည့် သီချင်းသံစဉ်ကို တီးခတ်လိုက်ခြင်းပင်။ ထောင်ရှီးက နှုတ်ခမ်းကိုဖိပိတ်လိုက်ပြီး ဘေးကို ယခုထိလှည့်မကြည့်ပါချေ။
လင်ချင်းဟယ်က သူ့ကို လေသံအေးအေးဖြင့် မေးလာသည်။
“ စန္ဒရားတီးချင်လား…”
ထောင်ရှီးမှာ ဟားခနဲ ရယ်လိုက်မိပြီး လင်ချင်းဟယ်ကို ရုတ်ခြည်းလှည့်ကြည့်လိုက်ကာ ဒေါသတကြီးပြောလိုက်သည်။
“ ငါက မင်းတို့လို အကောင်းဆုံးကျောင်း၊ အကောင်းဆုံးပညာသင်စနစ်မှာ အရာအားလုံးကို သင်ကြားခွင့်ရတဲ့ဘဝမျိုးနဲ့ ကြီးပြင်းလာရတဲ့လူမဟုတ်ဘူးလေ။ ငါက ဘယ်လိုလုပ် စန္ဒရားတီးတတ်မှာလဲ…”
သူ့လေသံက အလွန်မာထန်နေပြီး မျက်လုံးများတွင်လည်း ထေ့ငေါ့ခြင်းများ၊ ဒေါသများဖြင့် ပြည့်နှက်နေသည်။ သို့တိုင် သူ့ပါးပြင်ပေါ်တွင် မျက်ရည်များကြွင်းကျန်နေဆဲဖြစ်သည်ကိုတော့ သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပါချေ။ နီရဲစိုစွတ်နေသော မျက်ဝန်းများပေါ်ရှိ မျက်တောင်များက စေးကပ်နေပြီး မြင်သူတိုင်းကို စိတ်ထိခိုက်လာစေသည်။
လင်ချင်းဟယ်က ထောင်ရှီးကို ကြည့်ရင်း မျက်လုံးများက တစ်မုဟုတ်ချင်း နက်မှောင်သွားသည်။ ဤလူက ဝမ်းဟွာ အ.ထ.က(၁)ကျောင်းသို့ စရောက်ကတည်းက ယခုကဲ့သို့ ဒေါသဆူးချွန်များဖြင့် ပြည့်နှက်နေသည့်လူတစ်ယောက်ဖြစ်ခဲ့ကြောင်း သူ ရုတ်တရက် အမှတ်ရသွားခဲ့သည်။ ဘယ်အချိန်ကတည်းက ဒီလူက သူ့အရှေ့မှာဆို လိမ္မာကျိုးနွံနေခဲ့တာလဲ…
“ မင်းတီးချင်သလိုတီးလေ။ ငါ မင်းနဲ့အတူ လိုက်တီးပေးမယ်…”
လင်ချင်းဟယ်၏အသံက အေးဆေးနေကာ ဘဝင်မကျသည့်အရိပ်အယောင် တစ်စွန်းတစ်စပင် မတွေ့ရပါချေ။
ထောင်ရှီးမှာ ကြက်သေသေသွားရသည်။ ထွက်နေသည့် ဒေါသတစ်ဝက်လောက်ကို ရေအေးအေးဖြင့် ငြိမ်းသက်လိုက်သလိုပင် ခံစားလိုက်ရ၏။ သူ နှုတ်ခမ်းများတင်းစေ့၍ စန္ဒရားခုံပေါ်လက်တင်လိုက်ကာ အစီအစဉ်မကျစွာ တီးခတ်လိုက်သော် နားဝင်ဆိုးလှသည့် စန္ဒရားသံများက စူးခနဲထွက်ပေါ်လာသည်။
လင်ချင်းဟယ်က လက်ချောင်းများကို တစ်ဖက်စန္ဒရားခုံပေါ်သို့ ဖြန့်ကျက်လိုက်ပြီး သံစဉ်များကို လိုက်ညှိကာ တီးခတ်ပေးနေသည်။ အစီအစဉ်မကျသည့် စန္ဒရားသံများက သာယာနာပျော်ဖွယ်သံစဉ်များအဖြစ်သို့ အံ့အားသင့်ဖွယ် ပြောင်းလဲသွားသည်။
ယင်းက စန္ဒရားလုံးဝမတီးတတ်သူနှင့် စန္ဒရားကိုအလွန်ကျွမ်းကျင်စွာ တီးနိုင်သူ နှစ်ဦးတို့၏ လက်လေးဖက်ဖြင့် အတူတကွတီးခတ်နေကြခြင်း ဖြစ်ပါ၏။
အသက်ရှူသံများပြင်းလာသည်နှင့်အမျှ ထောင်ရှီးက သူ့လက်ဆယ်ချောင်းကို တမင်တကာ ပို၍ပင်မြန်မြန်ဆန်ဆန်နှင့် ပရမ်းပတာနိုင်စွာ တီးခတ်လိုက်သည်။ သို့သော် လင်ချင်းဟယ်က သူဘယ်လိုတီးတီးမမှုသည့်အလား သူ့နောက်မှ အတတ်နိုင်ဆုံး လိုက်ညှိကာတီးခတ်ပေးနေသည်။ ဤသို့ဖြင့် လင်ချင်းဟယ်၏လက်အောက်တွင် သာယာနာပျော်ဖွယ်အကောင်းဆုံး သံစဉ်များအဖြစ်ပြောင်းလဲသွားလေသည်။
သို့သော်လည်း ထောင်ရှီးက လက်ဆယ်ချောင်းလုံးကို စန္ဒရားခလုတ်ခုံပေါ် အားဖြင့်ဖိချပစ်လိုက်ပြီး လက်ကိုပြန်မဖယ်တော့။ ထိုအခါ အလွန်နားဝင်ဆိုးပြီး နားစူးဖွယ် ဒင်ခနဲဟူသော အသံကြီးထွက်လာလေသည်။ သူက ခေါင်းစောင်းကာ မေးဖျားကိုအနည်းငယ်မော့လျက် လင်ချင်းဟယ်ကို ခပ်စူးစူး လှည့်ကြည့်လိုက်သည်။ စိန်ခေါ်ကာ မိုက်ကြည့်ကြည့်သည့် အကြည့်မျိုးပင်။
လင်ချင်းဟယ်က ဒေါသထွက်ခြင်း အလျဉ်းမရှိဘဲ သူ့ကို ပြန်ကြည့်လာသည်။ မျက်ဝန်းထဲတွင်တော့ ကူကယ်ရာမဲ့နေဟန်များအပြည့်နှင့်။ သူက သက်ပြင်းဖွဖွချသည်။
“ မင်း ဒီလိုဆက်လုပ်နေမယ်ဆိုရင်တော့ ငါလိုက်မတီးပေးတတ်တော့ဘူး…”
ထောင်ရှီးမှာ မနေနိုင်စွာ လှစ်ခနဲပြုံးလိုက်မိသည်။ သို့သော် အပြုံးကို ချက်ချင်း ပြန်ချုပ်တည်းလိုက်ပြီး ဒေါသထွက်နေသည့် မျက်နှာပေးကို ပြန်လည်တပ်ဆင်ထားလိုက်သည်။ သူက ခေါင်းငုံ့ချလိုက်ပြီး ဘာစကားမှပြန်မပြောချေ။
လင်ချင်းဟယ်က နားလည်စွာဖြင့် အသံတိတ်လျက် နေနေပေးသည်။ တဖြည်းဖြည်း ပိုပိုအရောင်ရင့်လာသည့် ဆည်းဆာနေရောင်ခြည်က ကြမ်းပြင်မှမျက်နှာကြက်ထိအောင် မြင့်မားသော ပြတင်းပေါက်ရှည်များမှတစ်ဆင့် ဘေးချင်းကပ်လျက် ထိုင်နေသော လူနှစ်ယောက်ပေါ်သို့ တိတ်ဆိတ်စွာ ဖြာကျလျက်ရှိနေသည်။
ရုတ်တရက် လင်ချင်းဟယ်က အသံတိုးတိုးဖြင့် အမေးစကားဆိုလာခဲ့သည်ကို ထောင်ရှီးကြားလိုက်ရသည်။
“မင်းမှာ ငါ့ကို မေးချင်တာ ဒါမှမဟုတ် ပြောချင်တာ တစ်ခုခုမရှိဘူးလား…”
လေသံမှာ အလွန်တရာ နူးညံ့ညင်သာနေပြီး သူ့အား စကားလေးတစ်ခွန်းလောက်ပြောရန် ချော့မော့နေသကဲ့သို့ပင်။
ထောင်ရှီးက ပုဇွန်ဆီရောင်သန်းနေသည့် သူ့ရှေ့က စန္ဒရားခလုတ်များကို ငုံ့ကြည့်လျက် စိတ်ဆိုးနေဆဲအသံဖြင့် ပြောလိုက်သည်။
“ ရှိတယ်။ ငါမင်းကို ပြောမယ်။ ငါအခု လင်ချင်းဟယ်ကို အရမ်းအရမ်းမုန်းတယ်…”
လေသံမှာ အနည်းငယ် ကလေးဆန်နေ၏။ ထိုစကားကိုကြားလျှင် လင်ချင်းဟယ်က သူ့ကိုစိတ်ဆိုးသွားလောက်မည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်လူကမူ တည်ငြိမ်စွာ ပြန်ဖြေလာခဲ့သည်။
“ ဒါဆို ငါလည်း သူ့ကိုမုန်းတယ်…”
ထောင်ရှီး ဆွံ့အသွားပြီး အလိုလိုပြန်မေးလိုက်မိသည်။
“ဘာဖြစ်လို့လဲ…”
တခြားတစ်ယောက်က မုန်းသည်ဟုဆိုတိုင်း ကိုယ့်ကိုယ်ကိုယ် မုန်းသည်ဟု လိုက်ပြောတတ်သည့်လူမျိုး အဘယ်မှာရှိလို့နည်း။ လင်ချင်းဟယ်လို အဖက်ဖက်က ပြည့်စုံနေသည့်လူဆိုရင် ပိုတောင်ဝေးသေးသည်။
“ဘာဖြစ်လို့လဲဆိုတော့ သူက မင်းကို ဝမ်းနည်းအောင် လုပ်တယ်လေ…”
လင်ချင်းဟယ်က သူ့ကို ငုံ့မိုးကြည့်ကာ တိုးလျသောအသံဖြင့် ပြောလိုက်သည်။
ထောင်ရှီး၏မျက်တောင်များ အပြင်းအထန်တုန်ယင်လာပြီး ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကြည်းခြင်း စသည့် ခံစားချက်များအားလုံးက အရှိန်အဟုန်ပြင်းစွာ ထိုးထွက်လာခဲ့သည်။ နာကျင်လှပါသော်လည်း ဖြေဖျောက်စရာ နည်းလမ်းလည်းမရှိပါချေ။
သူ စန္ဒရားထိုင်ခုံပေါ်မှ ဗြုန်းခနဲ ထရပ်လိုက်သည်။ သူ့နှလုံးသားကို ဆော့ကစားနေတာ တော်လောက်ပြီ။ နှလုံးသားထဲတွင် အချိန်အကြာကြီး စုပြုံနေသော ခံစားချက်များအားလုံးကို ပေါက်ကွဲပစ်လိုက်ချင်သည်။ သူ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်၍ လင်ချင်းဟယ်ကို အော်ပြောလိုက်သည်။
“ လင်ချင်းဟယ်၊ မင်းငါ့ကို ငနုံငအတစ်ယောက်လို လာဆက်ဆံနေတာပဲ။ မင်း တမင်လုပ်နေခဲ့တာ။ နေ့တိုင်း ငါ့ကို မင်းဘေးမှာ တမင်နေခိုင်းတယ်။ သူငယ်ချင်းများများထားဖို့ ပြောတယ်။ ဒါပေမယ့် ငါတခြားသူတွေနဲ့ ရင်းရင်းနှီးနှီးနေပြန်ရင်လည်း ငါ့ရှေ့အမြဲပေါ်လာပြီး ငါ့ကို တမင်လျစ်လျူရှုသွားတယ်။ နောက်ကွယ်မှာ မင်းက ယန်သောလဲ့နဲ့အတူ တက္ကသိုလ်တွေလျှောက်ထားပြီး ငါနဲ့အတူ တက္ကသိုလ်တက်မယ်လို့ မင်းညာတယ်။ လူတိုင်းက မင်းကို တော်တယ်၊ ကြည့်ကောင်းတယ်၊ အဆင့်တွေကောင်းတယ်၊ အဖက်ဖက်က ပြည့်စုံတယ်လို့ ပြောနေကြပေမယ့်…ငါပဲသိတယ် မင်းက လုံးဝမကောင်းတဲ့လူဆိုတာ…”
သူ အားရအောင် အော်ပြီးသည့်နောက် ပင့်သက်ပြင်းပြင်းရှိုက်လိုက်သည်။ သို့တိုင် နှလုံးသားကမူ ဟာလာဟင်းလင်းဖြစ်လျက် ကျန်ခဲ့လေ၏။ သူက အခြားတစ်ယောက်ကို ပြစ်တင်မောင်းမဲနေခြင်းမှန်သော်လည်း အဆုံး၌ နာကျင်နေရသူက သူသာလျှင်ဖြစ်နေခဲ့သည်။
ထောင်ရှီးက စန္ဒရားအဖုံးကိုပိတ်၍ ထရပ်လိုက်သော လင်ချင်းဟယ်ကို မျက်လုံးနီနီများဖြင့် စိုက်ကြည့်လိုက်သည်။ မတိုင်ခင်က သူ့အား စိတ်ရှည်စွာ ချော့မော့ပြီး စန္ဒရားလိုက်တီးပေးခဲ့သူက ယခုတွင် ပုံရိပ်ယောင်တစ်ခုအလားပင်။ ကြက်သွေးနီရောင် ညနေဆည်းဆာအောက်တွင် လင်ချင်းဟယ်၏မျက်လုံးများက ခံစားချက်များကို ဖိနှိပ်ထားရဟန်ဖြင့် နက်မှောင်နေခဲ့ပြီး လေးပင်နေသော အသံဖြင့် သူ့အားပြောသည်။
“ ဟုတ်တယ်။ ငါက လုံးဝမကောင်းဘူး…”
ထောင်ရှီးမှာ မတုံ့ပြန်နိုင်လိုက်ခင် သူ့ခန္ဓာကိုယ်က ဆွဲယူခြင်းခံလိုက်ရ၏။ သူ့မျက်လုံးများ မှောင်မိုက်သွားပြီးနောက် လက်တစ်ဖက်က သူ့လည်ဂုတ်ကို မြဲမြံစွာ အုပ်ကိုင်လိုက်သည်။ ထိုလက်ကပင် သူ့လည်ပင်းကို မော့စေကာ ခေါင်းကိုစောင်းစေလိုက်သည်။ ထို့နောက် နူးညံ့ပျော့အိသောအလွှာတစ်ခုက သူ့နှုတ်ခမ်းကို သိမ်းပိုက်သွားလေသည်။
သူ့ဦးနှောက်တစ်ခုလုံး ရုတ်ခြည်းဗလာဖြစ်သွားပြီး သူ့မျက်လုံးများကို အလိုလိုမှိတ်လိုက်မိကာ အသက်ကိုအောင့်ထားလိုက်သည်။ အရာအားလုံးကိုလည်း မေ့သွားပြီး သူ့နှုတ်ခမ်းများကို ထိုလူအား လောဘတကြီး နမ်းရှုံ့စုပ်ယူခွင့်ပြုလိုက်သည်။ အသားမာအနည်းငယ်တက်နေသော လက်ချောင်းများက သူ့လည်ဂုတ်သားကို အားသွန်ခွန်စိုက် ပွတ်သပ်ကာ ဆုပ်နယ်နေသောကြောင့် အနည်းငယ်ပင် စပ်ဖျဉ်းဖျဉ်းဖြစ်လာရသည်။
ထောင်ရှီး၏မျက်တောင်များ တသိမ့်သိမ့်တုန်ယင်နေပြီး နှလုံးအိမ်က ကျယ်လောင်စွာ သဲကြီးမဲကြီး ခုန်လှုပ်နေကာ ရင်ဘတ်မှာလည်း မရပ်မနား နိမ့်ချည်မြင့်ချည်ဖြစ်နေတော့သည်။ သူ ယခင်က တစ်ခါမှ မနမ်းခဲ့ဖူးသဖြင့် နှုတ်ခမ်းကို ဖွင့်ပေးရကောင်းမှန်းမသိခဲ့ပေ။ သူ့မျက်နှာက ထိတ်လန့်တုန်လှုပ်မှုကြောင့် ပူထူလို့နေပြီး ခြေထောက်များလည်း ပျော့ခွေလာကာ လင်ချင်းဟယ်အပေါ်သို့ ယိုင်ကျသွားသည်။
အဆိုပါအပြုအမူက တစ်ဖက်လူအား စိတ်ကျေနပ်သွားစေပုံရသည်။ လင်ချင်းဟယ်က သူ့ခါးလေးကို လက်မောင်းများထဲ ဆွဲသွင်းလိုက်သည်။ အနမ်းများက တဖြည်းဖြည်း ပျော့ပျောင်းလာကာ နောက်ဆုံးအကြိမ်အဖြစ် ထောင်ရှီး၏နှုတ်ခမ်းထောင့်လေးကို ညင်သာစွာ အနမ်းပေးလိုက်သည်။ ထို့နောက် လေးပင်နေသော အသံဖြင့် သူ့ကို ပြောသည်။
“ ကြည့်၊ ငါမင်းကို ခွင့်မတောင်းဘဲ နမ်းလိုက်ပြီ။ ဒါလုံးဝမကောင်းဘူးမလား…”
လင်ချင်းဟယ်က သူ့ကိုပြန်လွှတ်ပေးလိုက်သည်။ ထောင်ရှီးမှာ ငေးငေးငိုင်ငိုင်ဖြင့် မျက်လုံးများကို ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးများက စိုစွတ်နေပြီး အသက်ရှူသံများလည်း ပြတ်တောင်းပြတ်တောင်း ဖြစ်နေဆဲပင်။ မပီမပြင် ဝိုးတိုးဝါးတားဖြစ်နေသော သူ့အရှေ့မှ လူကိုကြည့်ရင်း အိပ်မက်ယောင်သလို ရေရွတ်လိုက်သည်။
“ မင်း..မင်း ဘာကို ဆိုလိုတာလဲ…”
သူက နှုတ်ခမ်းစိုစိုများကို မသိလိုက်ဘာသာ တင်းစေ့လိုက်မိသည်။ သူ့ခေါင်းထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲနေသလိုသာ ခံစားနေရ၏။ သူ့မှာ အမှန်တကယ်ကို မယုံကြည်နိုင်သေး။
လင်ချင်းဟယ်က မျက်လွှာချကာ သူလောလောလတ်လတ်နမ်းရှိုက်ထားသည့် နီစွေးစွေးနှုတ်ခမ်းနှစ်လွှာကို အကြည့်ပို့လိုက်သည်။ ထို့နောက် လက်ချောင်းများဖြင့် ထောင်ရှီး၏နှုတ်ခမ်းထောင့်လေးများကို နူးနူးညံ့ညံ့ပွတ်သပ်လျက် ဖြည်းညင်းစွာ ပြောလာခဲ့သည်။
“ ငါဆိုလိုတာက ငါ မင်းကို သဘောကျတယ်။ မင်းအပေါ် ကောင်းပေးချင်တယ်။ မင်းနဲ့အတူ ဘဝကို ဖြတ်သန်းချင်တယ်။ တက္ကသိုလ်ပဲမဟုတ်ဘူး၊ အခုကစပြီး နောင်အနာဂတ် အချိန်တွေအကြာကြီးထိ…မင်း ငါ့ဘေးမှာပဲ နေရမယ်။ မင်းကို ငါ့ဘေးနားကနေ ဘယ်ကိုမှ ထွက်သွားခွင့်မပြုနိုင်ဘူး…”
ထောင်ရှီးမှာ ကြားတစ်ချက်မကြားတစ်ချက်။ သူ ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည်မှာ မှန်သော်လည်း တစ်ချိန်တည်းမှာပင် သေချာရေရာစွာ မကြားလိုက်ရချေ။ တဖြည်းဖြည်း မြန်သည်ထက်မြန်လာသည့် နှလုံးခုန်သံများသာ သူ့နားထဲ ကြီးစိုးနေသည်။ သူ မျက်လုံးများဖွင့်ကာ လင်ချင်းဟယ်ကို မော့ကြည့်လိုက်သည်။ အဆုံး၌ ဤလူကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွားသော်လည်း သူကိုယ်တိုင်ကမူ ဆည်းဆာအိပ်မက်ထဲမှ ရုန်းမထွက်နိုင်သေးချေ။
ဤအိပ်မက်လေးထဲမှ နိုးထလာရမည်ကို သူ ကြောက်လှသည်။ ထိုစဉ် လင်ချင်းဟယ်ထံမှ လေးနက်ပြတ်သားသော အသံဖြင့် စကားဆိုလာသံကို သူကြားလိုက်ရသည်။
“ ထောင်ရှီး၊ မင်း အရင်က ဘာတွေကြုံတွေ့ခဲ့ရလဲ၊ ဘာတွေဆုံးရှုံးခဲ့ရလဲ ငါမသိဘူး။ ဒါပေမယ့် အခုကစပြီး ဒီကမ္ဘာမှာ မင်းကို တန်ဖိုးအထားဆုံးလူက ငါဖြစ်ပေးမယ်။ မင်းလိုချင်တာမှန်သမျှ ငါဖြည့်ဆည်းပေးမယ်။ ပြီးတော့ မင်း လိမ္မာချင်ယောင်ဆောင်စရာ မလိုပါဘူး။ ငါ့ရှေ့မှာ မင်း ဆိုးလို့ရတယ်၊ ကလန်ကဆန်လုပ်လည်း ရတယ်။ မင်း ဆိုးတာလေးကိုလည်း ငါသဘောကျနေဦးမှာပဲ…”
ထောင်ရှီး၏အမြင်အာရုံများက တစ်မုဟုတ်ချင်းဆိုသလို ဝေဝါးလာပြန်သည်။ မျက်လုံးများလည်း နာကျင်လာကာ ငိုချမိတော့မည်။ သူ့နှလုံးသားကို နွေးထွေးသောလက်တစ်စုံဖြင့် တင်းတင်းကြပ်ကြပ် ထွေးပိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
သူရှင်သန်လာခဲ့သည့် ဆယ့်ခြောက်နှစ်တာကာလပတ်လုံး ဘယ်သောအခါမှ ဦးစားပေးအလိုလိုက်ခြင်းကို မခံခဲ့ရဖူးပေ။
သို့သော် ဆယ့်ခြောက်နှစ်အရွယ် လင်ချင်းဟယ်က ဤကမ္ဘာပေါ်တွင် သူ့ကို တန်ဖိုးအထားဆုံးလူဖြစ်ပေးမည်ဟု ပြောလာခဲ့သည်။
ထောင်ရှီးမှာ နှာခေါင်းထဲမှ စူးခနဲနာကျင်လာမှုကို အတတ်နိုင်ဆုံး ချုပ်တည်းလျက် မျက်ရည်မကျအောင် ထိန်းထားလိုက်သည်။ ထိုစဉ် လင်ချင်းဟယ်၏နူးညံ့သောလေသံဖြင့် မေးလာသံကို သူကြားလိုက်ရသည်။
“ အခုရော လင်ချင်းဟယ်ကို မုန်းသေးလား…”
သူ မျက်တောင်တဖျတ်ဖျတ်ခတ်၍ မျက်ရည်များကို သိမ်းလိုက်နိုင်သော်လည်း သူ့နှလုံးသားထဲမှ တောင်တန်းများပဲ့တင်သံ၊ ပင်လယ်ရေများဟိန်းသံကဲ့သို့ ကျယ်လောင်နေသော စကားသံများကိုတော့ ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ချေ။ ပြန်လည်ကြည်လင်လာသော မျက်လုံးများဖြင့် သူ လင်ချင်းဟယ်ကို မော့ကြည့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် စကားတစ်လုံးချင်းစီကို လေးနက်စွာ၊ စိတ်ရင်းမှန်စွာဖြင့် ပြောလိုက်သည်။
“ ငါ လင်ချင်းဟယ်ကို ကြိုက်တယ်။ လင်ချင်းဟယ် တစ်ယောက်တည်းကိုပဲ ကြိုက်တယ်။ လင်ချင်းဟယ်ကို အကြိုက်ဆုံးပဲ။ လင်ချင်းဟယ်ကို ငါ့ကိုယ်ငါထက် ပိုကြိုက်တယ်။ ငါက လင်ချင်းဟယ်ကို ကိုးကွယ်ခစားတဲ့သူပဲ…”
ဖတ်ကြည့်လျှင်တောင် မျက်နှာနီလာရသည့် အချစ်စာစောင်ထဲမှ စာကြောင်းများကို သူ တုံ့ဆိုင်းခြင်းမရှိ ထပ်ကာတလဲလဲ ပြောထွက်သွားလေပြီ။ “လင်ချင်းဟယ်” ဟူသော စာလုံးသုံးလုံးကို ဤကမ္ဘာတွင် အထွဋ်အမြတ်ဆုံးနေရာ၌ ကမ္ဗည်းရေးထိုးထားလိုသည့်အလားပင်။
ထောင်ရှီး၏ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်လို့နေဆဲ။ ပြတင်းပေါက်အပြင်ဘက်မှ ဝင်လုဆဲဆဲ နေဝန်းနီပမာ ပူနွေးပြင်းရှနေသည့် လင်ချင်းဟယ်၏ မျက်ဝန်းများကို သူ စိုက်ကြည့်လိုက်သည်။ သူရိန်နေမင်းက ခရမ်းရောင် တိမ်စိုင်တိမ်လိပ်များနှင့် မြူနှင်းငွေ့များကြားမှ ရုပ်လုံးပေါ်လာကာ မီးဘောလုံးကြီးတစ်ခုကဲ့သို့နှယ် မိုးကုပ်စက်ဝိုင်းထက်ဝယ် လျင်မြန်စွာ ရွေ့လျားနေသည်မှာ နောက်ဆုံးအချိန်ထိ လောင်ကျွမ်းသွားတော့မည့်ဟန် ရှိနေသည်။
ပုဇွန်ဆီရောင်တိမ်စိုင်တိမ်လိပ်များက ကောင်းကင်ယံရှိ မီးခိုးရောင်မြူခိုးငွေ့များကို ဝါးမြိုသွားပြီး ပြတင်းပေါက်ရှည်များမှတစ်ဆင့် လူသူကင်းနေသော ခန်းမတွင်းသို့ တိုးဝင်လာကာ လင်ချင်းဟယ်၏ အမြဲတစေတည်ငြိမ်နေသော မျက်ဝန်းများကို အလင်းပြန်နေခဲ့သည်။ အရှေ့က မျက်ဝန်းစိုစိုနှင့် ကောင်လေးကို လင်ချင်းဟယ် တိတ်ဆိတ်စွာကြည့်နေမိသည်။ ခဏကြာသော် သူက ခံစားချက်များကို ဖိနှိပ်လိုဟန်ဖြင့် ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူ၏လည်ဂုတ်လေးကို ဆုပ်ကိုင်လိုက်ကာ ခေါင်းငုံ့ချလျက် အနမ်းပေးလိုက်ပြန်သည်။
သို့သည့်တိုင် ဤတစ်ကြိမ်တွင်မူ ရမ္မက်များ၊ ချစ်ခြင်းမေတ္တာများဖြင့် လောင်စာဖြည့်ခံလိုက်ရသောကြောင့် အနမ်းများက ပို၍ပင် အလောတကြီးနိုင်လာကာ ပြင်းရှကြမ်းတမ်းလာလေသည်။
────────