အပိုင်း ၃၉
Viewers 8k

The Moon Is Coming To Me


Chapter-39


“ မင်း နှုတ်ခမ်းကိုဟလိုက်...”


မျက်လုံးမှိတ်ထားသည့် ထောင်ရှီးက လင်ချင်းဟယ်၏တီးတိုးစကားသံကို ကြားလိုက်ရသည်။ သူ နာခံစွာပင် နှုတ်ခမ်းကိုဖွင့်ပေးလိုက်ပြီး လင်ချင်းဟယ်၏လျှာကို ဝင်ခွင့်ပေးလိုက်သည်။ လူသူကင်းမဲ့နေသော ခန်းမထဲတွင် အသက်ရှူရှိုက်သံများ၊ နှုတ်ခမ်းနှင့်လျှာအချင်းချင်း ရစ်ပတ်သံများသာ ပဲ့တင်ထပ်နေသည်။


လင်ချင်းဟယ်က သူ့ခါးကိုဖိကိုင်လိုက်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ အနမ်းများက ပိုပို၍ အငမ်းမရဖြစ်လာကာ ထောင်ရှီးမှာ တဖြည်းဖြည်းနှင့် အသက်ရှူမဝချင်တော့။ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း ပျော့ခွေလာသဖြင့် လဲကျမသွားစေရန်အလို့ငှာ လင်ချင်းဟယ်ပေါ်သို့ မှီချလိုက်ရသည်။ သူ့မျက်နှာကမူ သွေးများစီးကျတော့မတတ် နီရဲတောက်နေ၏။


ဘယ်လောက်ကြာအောင် နမ်းရှိုက်နေမိခဲ့သည်လဲကို သူကိုယ်တိုင်တောင် မသိတော့။ အဆုံး၌ လင်ချင်းဟယ်က သူခံနိုင်ရည်မရှိတော့သည်ကို သတိပြုမိသွားဟန်ဖြင့် သူ့ကို လွှတ်ပေးလိုက်သည်။ ထောင်ရှီး၏ခန္ဓာကိုယ်က ရုတ်တရက် ပေါ့ပါးသွားသည်။ လင်ချင်းဟယ်က သူ့အား ခါးမှကောက်ချီပြီး စန္ဒရားအဖုံးပေါ်သို့ တင်လိုက်ခြင်းပင်။


လင်ချင်းဟယ်၏လက်တစ်ဖက်က သူ့ခါးကိုဆုပ်ကိုင်ထားကာ ကျန်တစ်ဖက်ကမူ စန္ဒရားပေါ် ထောက်ထားပြီး နေရာကျဉ်းကျဉ်းလေးထဲတွင် သူ့အား ချုပ်ထားလိုက်သည်။ ထောင်ရှီး၏ ခပ်ဟဟဖြစ်နေသော နှုတ်ခမ်းရဲရဲများနှင့် မျက်ဝန်းစိုစိုများကို ကြည့်ရင်း သူ့နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ပွင့် ဖြစ်ထွန်းလာခဲ့သည်။


လင်ချင်းဟယ် သူ့အား ပြုံးပြသည်ကို မြင်ရခဲလှသဖြင့် ထောင်ရှီးမှာ ပင့်သက်ရှိုက်အသက်ရှူရင်း တစ်ဖက်လူကို မိန်းမောစွာ ငေးစိုက်ကြည့်နေမိသည်။


ထိုတစ်ဒင်္ဂတွင် ဤလူအတွက် ဘာမဆိုပေးဆပ်နိုင်သည်ဟူသော အတွေးများဝင်ရောက်လာခဲ့သည်။


ထောင်ရှီးက အသက်ရှူသံများ တည်ငြိမ်သွားသည်အထိ မစောင့်နိုင်တော့ဘဲ လက်ကိုဆန့်ထုတ်လိုက်ကာ လင်ချင်းဟယ်၏လည်တိုင်ကို တင်းကြပ်စွာ ဖက်တွယ်လိုက်သည်။ ထို့နောက် ခေါင်းငုံ့၍ မွတ်သပ်သောအနမ်းတစ်ခုကို အစပျိုးလိုက်ပြီး လင်ချင်းဟယ်၏နှုတ်ခမ်းများကို ကိုးရို့ကားယားနိုင်စွာ တို့ထိတို့ထိနှင့် နမ်းလိုက်သည်။ လင်ချင်းဟယ်က တစ်စက္ကန့်မျှ ကြက်သေသေသွားပြီးနောက် လျင်မြန်စွာပဲ အနမ်းများကို ပြန်လည်တုံ့ပြန်လာသည်။ သူ့လက်များကမူ ထောင်ရှီး၏ခါးကို ဆုတ်ခြေပစ်လိုက်တော့မည့်အလား တင်းကြပ်စွာ ဆုပ်ညှစ်နေသည်။


ထောင်ရှီးက အနမ်းကိုအစပျိုးခဲ့သူဖြစ်သော်လည်း ယခုမူ ပြုသမျှနုသူဖြစ်သွားရသည်။ မိန်းမောနက်ရှိုင်းသော အနမ်းများကြောင့် လင်ချင်းဟယ်၏လက်ထဲတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေ့သွားရပြန်သည်။ သူ့လျှာဖျားလေးကို မရပ်မနား စုပ်ယူခံနေရသဖြင့် အသက်ရှူချိန်ပင် မရတော့ပေ။ သူ့လက်ချောင်းများလည်း တသိမ့်သိမ့်တုန်ယင်လို့လာပြီး ခံနိုင်ရည်မရှိစွာ ညည်းညူလိုက်သည်။ သူ့ဦးခေါင်းခွံတစ်ခုလုံး ထုံထိုင်းလာရကာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် နှလုံးခုန်သံများပင် ရပ်တန့်တော့မတတ် ဖြစ်လာသည်။


သူ သတိလစ်မေ့မြောခါနီးနီးတွင် လင်ချင်းဟယ်က သူ့ကို လွှတ်ပေးလိုက်သည်။ ထို့နောက် သူ့အား တင်းကြပ်စွာ ဖက်ထား၍ သူ့နားရွက်နားတွင် မောဟိုက်စွာ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်နေသည်။


ထောင်ရှီး၏မျက်နှာတစ်ခုလုံး ပူထူကာ ခပ်အမ်းအမ်းဖြစ်နေပြီး မျက်လုံးများလည်း ကြောင်စီစီဖြစ်နေသည်။ ဘာကြောင့်ရယ်မသိ လင်ချင်းဟယ်၏ ပင့်သက်ရှိုက်အသက်ရှူသံကို နားထောင်နေရခြင်းက သူ့တစ်ကိုယ်လုံးကို ပူအိုက်လာစေသည်။


သူ့ကိုယ်သူ အသုံးမကျသူဟု ခံစားလိုက်ရပြီး အချိန်လွန်ကာမှ တဖြည်းဖြည်း ရှက်စိတ်များဝင်လာခဲ့သည်။ လက်နှစ်ဖက်ကို လင်ချင်းဟယ်၏လည်တိုင်တွင် ဖက်တွယ်ထားလျက်သားအနေအထားဖြင့် သူ့ခေါင်းလေးကို လင်ချင်းဟယ်၏လည်ပင်းကြားထဲ တိုးဝှေ့လိုက်ပြီး ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ ပွတ်သပ်ကာ အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။


“ မင်း ငါ့ကို မလိမ်ပါဘူးနော်…” အသံမှာ မရည်ရွယ်ထားဘဲ ကလေးငယ်တစ်ယောက် ချွဲသည့်အသံမျိုးဖြစ်သွားသည်။


လင်ချင်းဟယ်က သူ့ခါးကိုဖက်ထားရင်း မပီမသပြန်ဖြေသည်။


“ ငါပြောခဲ့တယ်မလား။ ငါ မင်းကို မလိမ်ဘူးလို့…”


ထောင်ရှီးက မပွင့်တပွင့်ရယ်လိုက်သည်။ သို့သော် ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားပြီး ရှက်နေသည့်စိတ်ကိုပင် မေ့သွားကာ စန္ဒရားပေါ်မှ အလျင်အမြန်ခုန်ဆင်းလိုက်ပြီး မေးလိုက်သည်။


“ ငါ့ကို မလိမ်ဘူးဆိုရင် မင်းအမေက ဘာဖြစ်လို့ မင်းက အမေရိကားမှာ တက္ကသိုလ်သွားတက်မယ်လို့ ပြောရတာလဲ…”


ယန်သောလဲ့နဲ့တောင်လေ။


လင်ချင်းဟယ်က မှိုင်းညှို့နေဆဲမျက်ဝန်းများဖြင့် သူ့ကို ကြည့်လာ၏။


“ မင်းကို သေချာရှင်းလင်းအောင် မပြောပြခဲ့မိတာ ငါ့အမှားပါ။ ဒီတစ်လောအတွင်းမှာ ငါ အမေရိကားက တက္ကသိုလ်တစ်ချို့ကို စုံစမ်းကြည့်ခဲ့တယ်။ မင်းနဲ့ သင့်တော်လောက်မယ့် သင်ကြားရေးတက္ကသိုလ်တွေရော၊ အနုပညာတက္ကသိုလ်တွေရောပေါ့။ တကယ်လို့ ရွေးပြီးသွားတော့မှ ငါမင်းနဲ့အတူ လျှောက်လွှာတင်ဖို့ စီစဉ်ထားတာ…”


လေ့ကျင့်ရေးဆင်းနေသည့် ဤနှစ်ပတ်အတွင်းတွင် သူ စူးယွင်ကို အကူအညီတောင်းထားခဲ့ရာ မနေ့ကမှ ကျောင်းနှင့်ပတ်သက်သည့်အချက်အလက်များကို သတင်းအပြည့်အစုံ ရရှိလာခဲ့သည်။


ထောင်ရှီးက ကြက်သေသေသွားသည်။ သူ ခဏလေးပင် အကြည့်မလွှဲဘဲ လင်ချင်းဟယ်ကိုစိုက်ကြည့်ရင်း ယောင်နနနှင့်ပြန်ပြောလိုက်သည်။


“ ဒါ..ဒါပေမယ့် အမေရိကားမှာ ကျောင်းတက်ဖို့က ငါ့မှာ ပိုက်ဆံမရှိမှမရှိတာ…”


သူ ပြည်တွင်းတက္ကသိုလ်တွင် ကျောင်းတက်နိုင်ဖို့ကိုတောင် ကြင်နာစိတ်ရှိသည့် စပွန်ဆာအဖိုးအိုက ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ငွေမြောက်မြားစွာ ကုန်ကျမည့်အရေးကို သိနေသဖြင့် ပြည်ပတွင် ကျောင်းသွားတက်ဖို့ကိစ္စကို တွေးတောင်မတွေးရဲပါချေ။


လင်ချင်းဟယ်က နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ထောင်ရှီး၏လက်ကိုဆုပ်ကိုင်လျက် ပြောလာသည်။


“ ဘာမှမဖြစ်ပါဘူး။ ကျောင်းတွေအားလုံးကို စကော်လားရှစ်လျှောက်ပြီး တက်လို့ရနေတာပဲလေ…”


ထောင်ရှီး၏မျက်ဝန်းများ ဝင်းလက်သွားသည်။ ခဏကြာသော် မှောင်မည်းသွားပြန်ပြီး တွန့်ဆုတ်စွာ ဆိုလိုက်သည်။ 

 

“ တကယ်လို့ ငါ စကော်လားရှစ်မလျှောက်နိုင်ရင်ရော…”


သူ့တွင် ပြည်ပ၌ပညာသင်ကြားနိုင်သည်အထိ အခွင့်အရေးရှိနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပါချေ။ သို့သော် ဆီဆေးပန်းချီကို ပြည်ပ၌ သွားရောက်သင်ကြားခြင်းက ပိုမိုကောင်းမွန်ကြောင်းကိုတော့ သူသိသည်။


လင်ချင်းဟယ်က သေချာပြတ်သားစွာ ပြောလာသည်။


“ မင်းသေချာပေါက် လျှောက်နိုင်မှာပါ…”


အကယ်၍ စကော်လားရှစ် မလျှောက်နိုင်ခဲ့လျှင်တောင် ထောင်ရှီးကို သူ့နောက်လိုက်၍ ပညာသင်စေဦးမည်ဖြစ်ကြောင်းကိုတော့ သူ မပြောဖြစ်ခဲ့ပါချေ။


ထောင်ရှီးမှာ ပြည်ပတွင် ကျောင်းတတ်ရသည့်အကြောင်းကို သေချာနားမလည်သော်လည်း မရိုးရှင်းမှန်းတော့သိသည်။ လင်ချင်းဟယ်က သူ့ကို နှစ်သိမ့်နေခြင်းသာဖြစ်မည်။


သို့သည့်တိုင် အခွင့်အရေးရှိနေသရွေ့ သူ ကြိုးစားပြီးဖမ်းဆုပ်လိုသည်။


ထောင်ရှီးက စိတ်ပိုင်းဖြတ်လိုက်ပြီး လင်ချင်းဟယ်ကို အကြည့်ပြန်ပို့ကာ တွေးတွေးဆဆနှင့် မေးလိုက်သည်။ 

 

“ ငါတို့နှစ်ယောက်တည်းလား…”


ယန်သောလဲ့ကို မခေါ်ပါနဲ့ ဟူ၍ သူ တောက်လျှောက်မျှော်လင့်နေမိသည်။


လင်ချင်းဟယ်က သူ့အတွေးများကို ဖတ်တတ်နေသည့်အလား မျက်ဝန်းတွင် အပြုံးရိပ်များ သန်းလာပြီး သူ့ကို မေးလေသည်။


“ မင်းက ဘယ်သူ့ကို ထပ်ခေါ်ချင်သေးလို့လဲ…”


ထောင်ရှီးက မျက်နှာနီသွားကာ ခေါင်းကို ကပျာကယာ ခါယမ်းလိုက်ရင်း ထပ်တလဲလဲပြောလိုက်သည်။


“ မခေါ်ဘူး၊ မခေါ်ပါဘူး။ ငါတို့နှစ်ယောက်တည်းပဲ…”


စိတ်ထဲ မကျေမလည်ဖြစ်နေသည့် အရာအားလုံးလည်း ပျောက်ကွယ်သွားရလေပြီ။


ရေပူစမ်းထဲတွင် ရေစိမ်နေရသည့်အလား သူ့တစ်ကိုယ်လုံး နွေးထွေးကာ သက်သောင့်သက်သာရှိလို့နေသည်။


ပြတင်းပေါက်အပြင်မှ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းထဲသို့ စုံးစုံးမြှုပ်မြှုပ်တိုးဝင်သွားခဲ့ပြီဖြစ်ပြီး ခရမ်းရင့်ရောင် တိမ်စိုင်တိမ်လိပ်တစ်ချို့သာ ကျန်ရစ်ခဲ့သည်။ ဖျော်ဖြေရေးခန်းမထဲမှ အလင်းရောင်များလည်း လုံးဝဥဿုံ မှိန်ဖျော့သွားခဲ့လေပြီ။ သို့တိုင် ထောင်ရှီးကမူ မှောင်မိုက်သည်ဟု စိုးစဉ်းမျှမခံစားရပါချေ။


သူ၏လမင်းသော်တာလေးရှိနေသည့်အတွက် တစ်လောကလုံး ထွန်းလင်းတောက်ပနေသလိုသာ ခံစားနေရသည်။


ထိုခံစားချက်က နွေဦးည၏မိုးပြေးများ ရွာသွန်းမှုအပြီး ကံကြမ္မာ၏လှည်းဘီးရာထင်ကျန်ခဲ့သည့် ချိုင့်ခွက်များအပေါ်တွင် သန်မာထွားကြိုင်းသည့် မြက်ပင်များ အစားထိုးပေါက်ရောက်လာသကဲ့သို့ပင်။


ဖျော်ဖြေရေးခန်းမက ထပ်မံတိတ်ဆိတ်သွားပြန်သည်။ သို့သော် နှလုံးခုန်သံများသာ အသံရှိခဲ့ပါလျှင်မူ ခန်းမတွင်း၌ ဆူညံနေပေရော့မည်။


ထောင်ရှီးက ခရမ်းရင့်ရောင်အလင်းရောင်ကြားမှ လင်ချင်းဟယ်ကို စိုက်ကြည့်လိုက်သည်။ ထိုအခါ တစ်ဖက်လူကလည်း နွေးထွေးသောအကြည့်များဖြင့် သူ့အား ပြန်ကြည့်လာခဲ့သည်။


သူ့နှလုံးသားလေးက နူးညံ့သွားပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလျက် လင်ချင်းဟယ်အား တီးတိုးပြောလိုက်သည်။


“ လင်ချင်းဟယ်၊ ငါမင်းကို အရမ်းသဘောကျတာပဲ…”


လင်ချင်းဟယ်က ခေါင်းငုံ့လိုက်ပြီး သူ့နှုတ်ခမ်းကို ညင်သာသိမ်မွေ့စွာ နမ်းရှိုက်ရင်း ပြောလေသည်။


“ ငါရောပဲ…”


ထောင်ရှီး၏ နှုတ်ခမ်းစွန်းလေးများ ကွေးတက်သွားပြီး ခြေဖျားထောက်လျက် လင်ချင်းဟယ်၏နှုတ်ခမ်းကို အနမ်းဖွဖွခြွေလိုက်သည်။


လူတစ်ယောက်ကို သဘောကျမိလျှင် အမြဲလိုလို ထိတွေ့ချင်နေသည်မှာ သဘာဝပင်ဖြစ်လိမ့်မည်။


နှစ်ဦးသား ဖျော်ဖြေရေးခန်းမထဲတွင် ခဏကြာ အချိန်ဖြုန်းနေပြီးနောက် ညစာကျက်တန်းသို့ သွားကြရန် ထောင်ရှီးက တိုက်တွန်းလိုက်သဖြင့် ခန်းမထဲမှ အတူတကွထွက်လာခဲ့ကြသည်။


ခန်းမတံခါးကို မပိတ်ခင်တွင် ထောင်ရှီးက မီးရောင်မှိန်ဖျော့ဖျော့အောက်မှ စန္ဒရားကိုလှမ်းကြည့်လိုက်ပြီး လင်ချင်းဟယ်ကို ရုတ်တရက် ပြောလိုက်သည်။


“ နောက်တစ်ခါကျရင် ငါ့ကို စန္ဒရားတီးသင်ပေးလို့ရမလား…။ မင်းငါ့ကို တီးပြတဲ့ သီချင်းတစ်ပုဒ်ကိုပါပဲ…”


လင်ချင်းဟယ်က ခေါင်းညိတ်ကာပြောသည်။  “ကောင်းပြီ…”


ထို့နောက်တွင် ထောင်ရှီးက တံခါးကိုပိတ်လိုက်သည်။ သူ့လက်ကို တံခါးလက်ကိုင်ဘုမှ ပြန်ဖယ်လိုက်ပြီးသည့်တစ်ခဏ နွေးထွေးသော လက်ဖဝါးပြင်ကျယ်ကြီးက သူ့လက်ကို ဆုပ်ထွေးလိုက်လေသည်။ လင်ချင်းဟယ်က သူ့ကို တစ်နေရာသို့ ဆွဲခေါ်သွားသည်။ သို့သော် ဦးတည်ရာက လှေကားဘက်သို့ မဟုတ်ခဲ့ပါချေ။


ထောင်ရှီးကို ထောင့်နားရှိ အမှိုက်ပုံးဘေးသို့ ဆွဲခေါ်သွားခြင်းဖြစ်သည်။ တစ်စစီဆုတ်ဖြဲခံထားရသည့် စာရွက်များကို ငုတ်တုတ်ထိုင်၍ အမှိုက်ပုံးထဲမှ တစ်ခုချင်းပြန်ကောက်ယူနေသော လင်ချင်းဟယ်ကို သူ အကြောင်သား ရပ်ကြည့်နေမိသည်။


သူ့ရင်ဘတ်များ အောင့်တက်လာခဲ့သည်။


လင်ချင်းဟယ်က အင်မတန်အသန့်ကြိုက်တတ်သည့်လူပင်။


ထောင်ရှီးက ခါးကိုင်းကာ လင်ချင်းဟယ်၏လက်မောင်းကို ဆွဲထူရင်း ဖျောင်းဖျသည်။


“ မကောက်နဲ့တော့၊ အရမ်းညစ်ပတ်တယ်။ ငါမင်းအတွက် အသစ်တစ်ခုထပ်ရေးပေးမယ်…”


လင်ချင်းဟယ်က ထိုစာရွက်အပိုင်းအစများကို ကောက်မြဲကောက်နေပြီး စွန့်ပစ်ခံထားရသည့် စာအိတ်လေးထဲသို့ ဂရုတစိုက်ထည့်ရင်း တိုးသိမ်စွာပြောလာသည်။


“ ဒါက မင်းငါ့ကို ပထမဆုံးပေးဖူးတဲ့ ရည်းစားစာလေ။ အရင်က မင်းငါ့ကိုပေးခဲ့ဖူးတဲ့ စာတွေလိုပဲ…ငါအားလုံးကို တန်ဖိုးထားတယ်…”


ထိုအခိုက်တွင် ထောင်ရှီး၏ဦးနှောက်က ရုတ်ခြည်းဗလာဖြစ်သွားပြီး စက္ကူများဆက်ကောက်နေသည့် လင်ချင်းဟယ်ကို သူမယုံနိုင်စွာ ကြည့်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး ပူထူသွားရကာ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလိုက်သည်။


“ ဘာ..ဘာစာလဲ…”


လင်ချင်းဟယ်က ပဟေဠိဖြစ်ဖွယ် မျက်လုံးများဖြင့် သူ့ကို လှည့်ကြည့်လာကာ ပြောသည်။


“ စုစုပေါင်း ၆၈ စောင်၊ ရှောင်ထောင်လို့ လက်မှတ်ထိုးထားပြီး စာစောင်တိုင်းရဲ့အဆုံးမှာ မက်မွန်ပွင့်လေးတစ်ပွင့်ဆွဲထားတယ်…”


သူက နှစ်စက္ကန့်မျှ စကားရပ်လိုက်သည်။ ရှက်ရွံ့နေသည့် ထောင်ရှီးကို ကြည့်ရင်း သူက ခပ်ဖွဖွရယ်လျက် တစ်လုံးချင်း ဆက်ပြောလေသည်။


“ လေးစားရတဲ့ လင်ချင်းဟယ်၊ မင်္ဂလာပါ။ နင့်ကို နှောင့်ယှက်ရလို့ ငါတကယ် စိတ်မကောင်းပါဘူး။ ငါက ချင်းရွှေ အ.ထ.က(၁)ကျောင်းကပါ။ ငါ နင့်ကို အင်္ဂလိပ်စာတိုက်ရိုက်လွှင့်အတန်းမှာ မြင်ခဲ့တာပါ။ အဲ့တုန်းက နင်ပြောတဲ့စကားလေးကို…”


[ T/N - ထောင်ရှီးက မိန်းကလေးလေသံနဲ့ စာတွေရေးပြီး လင်ချင်းဟယ်ကို ပို့ခဲ့တာပါ။ အဲ့ဒါကြောင့် နင်နဲ့ငါ ဆိုပြီးပဲသုံးလိုက်ပါတယ်နော် ^^]


ထောင်ရှီးမှာ ရှက်လွန်း၍ မျက်နှာကိုလက်ဖြင့် အုပ်ချလိုက်ပြီး ကျယ်လောင်စွာ ဖြတ်ပြောလိုက်သည်။


“ ကောက်စရာရှိတာပဲ မြန်မြန်ကောက်စမ်းပါ…”


အဆုံးတွင် ထောင်ရှီးနှင့် လင်ချင်းဟယ်တို့နှစ်ယောက် အချစ်စာစောင်စက္ကူအပိုင်းအစများအားလုံးကို အတူကောက်လိုက်ကြပြီး စာအိတ်ထဲသို့ ထည့်လိုက်ကြသည်။ နှစ်ဦးသားက လက်ဆေးပြီးနောက် တစ်ဆောင်လုံးလင်းထိန်နေသည့် စာသင်ဆောင်ဘက်သို့ အတူတကွ ပြန်လာခဲ့ကြသည်။


“ မင်း…ဘယ်လိုလုပ် ငါရေးတာမှန်း သိသွားတာလဲ…”


လမ်းတွင် ထောင်ရှီးက သိချင်စိတ်ကိုမထိန်းနိုင်တော့သဖြင့် မေးလိုက်သည်။


“ လူတစ်ယောက်ရဲ့ လက်ရေးလက်သားကို ဘယ်လောက်ပဲ ဖျက်ပြီးရေးထားရေးထား မှတ်မိနိုင်တယ်။ တစ်သက်လုံး အကျင့်ပါလာတဲ့ တစ်ချို့စာလုံးတွေကို ပြောင်းလဲပစ်လိုက်ဖို့ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ မင်းရဲ့စာစီစာကုံးက အမှတ်ပြည့်ရပြီး တစ်ကျောင်းလုံးကို မိတ္တူပွား ဖြန့်ဝေခဲ့ဖူးတယ်ဆိုတာကို မမေ့လိုက်နဲ့…”


စင်စစ်တွင်မူ ဤအခြင်းအရာတစ်ခုတည်းကြောင့် မဟုတ်ရပါချေ။ သူက ဤသို့သောကိစ္စများတွင် စိတ်ဝင်စားတတ်သူဖြစ်ပြီး စုံစမ်းဖော်ထုတ်ရသည်ကို သဘောကျနှစ်သက်သူတစ်ယောက် ဖြစ်နေခြင်းကြောင့်သာဖြစ်၏။ အမှတ်ပြည့်စာစီစာကုံးနှင့် ပေးစာစောင်များသည် လူတစ်ဦးတည်းထံမှ ဖြစ်နိုင်သည်ဟု ခန့်မှန်းမိသွားချိန်၌ သူ ထောင်ရှီး၏ကျောင်းသားမှတ်တမ်းဖိုင်ကို စုံစမ်းစစ်ဆေးကြည့်ခဲ့ရာ ထောင်ရှီးက အဆင့်များကောင်းကြောင်းကိုလည်း အလိုအလျောက် သိရှိသွားခဲ့သည်။


ထောင်ရှီးမှာ ရှေ့ကစကားများကို တစ်နေရာရာတွင် ကြားဖူးနေသည်ဟု ခံစားလိုက်ရ၏။ သူ့ခမျာ အမှတ်ပြည့်စာစီစာကုံးကြောင့် သူ့ကိုယ်သူ ဖော်ထုတ်ခံလိုက်ရမည်ဟု ထင်တောင်မထင်ထားခဲ့ပါချေ။


သို့သည့်တိုင် လင်ချင်းဟယ်၏ ဖော်ထုတ်နိုင်စွမ်းကလည်း ကြောက်ခမန်းလိလိပင်။


“ မင်း စုံထောက်ဝတ္ထုတွေ အများကြီးဖတ်ထားတာလား…။ ဘာဖြစ်လို့ စုံထောက်မလုပ်တာလဲ…”  ထောင်ရှီးမှာ ရှက်ရွံ့နေဆဲဖြစ်သည်မို့ အနည်းငယ် အရှက်ပြေလိုပြေငြား လင်ချင်းဟယ်ကို စနောက်လိုက်သည်။


“ ငါ အဲ့လောက်မဖတ်ပါဘူး။ မင်းကသာ တုံးလွန်းနေတာ…” လင်ချင်းဟယ်က အမှုမဲ့အမှတ်မဲ့ ပြန်ပြောလိုက်သည်။


ထောင်ရှီး တောင့်ခဲသွားသည်။ လင်ချင်းဟယ်က သူ့အား လာလှောင်ပြောင်နေသည်ဟု ခံစားလိုက်သဖြင့် ထိုလူ့ကို စူးစူးရဲရဲ လှည့်ကြည့်လိုက်ပြီး လက်သီးလေးဆုပ်လျက် ပြန်ရန်တွေ့လိုက်သည်။


“ ငါက အရမ်းဉာဏ်ကောင်းပါတယ်နော်။ ငါသာ တုံးရင် ဒီနေရာကို ရောက်လာမှာတောင် မဟုတ်ဘူး…”


ထိုစကားကိုကြားလျှင် လင်ချင်းဟယ်မှာ ချက်ချင်းဆိုသလို မျက်နှာတည်သွားရသည်။ သူ ခြေလှမ်းရပ်လိုက်ကာ ထောင်ရှီးကို ဗလာသက်သက်မျက်နှာနှင့် ငုံ့မိုးကြည့်လိုက်သည်။


ထိုစဉ်က သူသည် ရေတွင်းနက်ထဲသို့ သေးမျှင်လှသောကြိုးလေးတစ်ချောင်းသာ ချပေးခဲ့ခြင်းဖြစ်၏။ အကယ်၍ ထောင်ရှီးသာ စာမေးပွဲတွင် ပထမရအောင် မဖြေနိုင်ခဲ့ပါလျှင် ဤနေရာသို့ ရောက်လာနိုင်တော့မည် မဟုတ်ချေ။


ယခုမှ သူအလွန်ကြောက်လာခဲ့သည်။ အကယ်၍ ထောင်ရှီးသာ ထိုအချိန်က စာမေးပွဲကောင်းကောင်းမဖြေနိုင်ခဲ့ဘဲ ပထမ မရခဲ့လျှင် မည်သို့ဖြစ်သွားမည်နည်း။


သူ ဤကဲ့သို့ စကားကို လက်လွှတ်စပယ် မပြောလိုက်သင့်ပေ။


လင်ချင်းဟယ်က လက်မြှောက်၍ ထောင်ရှီး၏ဂုတ်သားလေးကို အသာညှစ်လိုက်သည်။ တစ်ဖက်လူက တုန်ခနဲဖြစ်သွားသည်ကို မြင်လျှင် သူ့နှုတ်ခမ်းများ ပြုံးယောင်သန်းသွားကာ အသံတိုးတိုးနှင့် ပြောလိုက်၏။


“ ဟုတ်တယ်။ ကံကောင်းစွာနဲ့ မင်းက ဉာဏ်ကောင်းနေလို့ပေါ့။ ကျေးဇူးတင်ပါတယ်…”


ထောင်ရှီးက သူ့လည်ပင်းလေးကို လက်နှင့်အုပ်ကိုင်လိုက်သည်။ လင်ချင်းဟယ်က ဆိုင်းမဆင့်၊ ဗုံမဆင့် ကျေးဇူးတင်စကားဆိုလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ မေးဖျားလေးကို အနည်းငယ်မော့ကာ‌ ပြောလိုက်သည်။


“ ရပါတယ်။ ငါက မွေးကတည်းက ဉာဏ်ကောင်းတယ်လေ။ မင်းသိလား ငါ့ရဲ့ပစ်မှတ်က ဟွမ်းချင်ဆိုတာ…”


စကားဆုံးဆုံးချင်း လင်ချင်းဟယ်၏မျက်နှာက ရုတ်ခြည်းပင် သုန်မှုန်သွားပြီး ထောင်ရှီးကို ကြောက်မက်ဖွယ် စူးစူးရဲရဲကြီး စိုက်ကြည့်လာလေသည်။


ထောင်ရှီးမှာ တုန်ယင်သွားရပြန်သည်။ ဟွမ်းချင်၏အကြောင်းကိုပြောလိုက်တိုင်း လင်ချင်းဟယ်က မျက်နှာပျက်ပျက်သွားတတ်သည်ကို သူသတိထားမိသည်။ သို့နှင့် သူပြုံးကာ ပြောလိုက်သည်။


“ ငါက ဒုတိယနေရာကို လိုချင်တာလေ။ မင်းက ပထမ၊ ငါက ဒုတိယ။ ကြည့်လို့ကောင်းတယ်ဟုတ်။ ငါ ပထမနေရာရဖို့တော့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား။ ငါ့အတွက် အရမ်းခက်မယ့်ကိစ္စကြီးကို…”


ထိုအခါမှ လင်ချင်းဟယ်၏တွန့်ချိုးနေသည့်မျက်ခုံးများက ပြန်လည်ပြေလျော့သွားသည်။ စာသင်ဆောင်သို့ ဆက်လျှောက်လာကြရင်း သူက ဖြည်းညင်းစွာ ပြောလာ၏။


“ ဒါဖြင့် မင်းပိုကြိုစားရတော့မှာပေါ့…”


ထောင်ရှီးက လင်ချင်းဟယ်၏အင်္ကျီလက်လေးကို လှမ်းဆွဲကာ လှုပ်ယမ်းလိုက်ရင်း ခပ်ချွဲချွဲ ပြောလိုက်သည်။


“ ဒါဆို မင်းက ချစ်သူကောင်လေးအနေနဲ့ ငါ့ကို ဆက်ပြီးကူညီပေးမယ်မလား…”


ထောင်ရှီးမှာ “ချစ်သူကောင်လေး” ဟု သုံးနှုန်းပြောလိုက်ပြီးမှ ရှက်ရွံ့လို့သွားရသည်။ သူ လက်ကိုအလျင်အမြန် ပြန်ရုတ်လိုက်ကာ ချောင်းဟန့်လိုက်ပြီး ခေါင်းကိုမြှုပ်နေအောင် ငုံ့ထားမိတော့၏။


လင်ချင်းဟယ်ကလည်း ချောင်းဖွဖွဟန့်လိုက်ပြီး ပြောသည်။


“ သေချာပေါက်ပေါ့…”


နှစ်ဦးသားက ဖြည်းဖြည်းချင်းသာ လမ်းလျှောက်လာခဲ့ကြသည်။ ကံကောင်းထောက်မ၍ လမ်းတစ်လျှောက်တွင် ဆရာတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။ ရင်းနှီးနေသည့် ကိုးပေါင်နှင့်ဆယ်ပြားကို အင်္ဂလိပ်အကြားစွမ်းရည်လေ့ကျင့်နေသည့် အသံများသာ စာသင်ဆောင်ထဲမှ ရံဖန်ရံခါထွက်ပေါ်နေသည်။


ထောင်ရှီးမှာ ကျောင်းက ကျဉ်းလွန်းနေသည်ကို မုန်းတီးမိသည်။ သူ ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားပြီး လင်ချင်းဟယ်ကို မေးလိုက်သည်။


“မင်း ဘာဖြစ်လို့ စောပြီးပြန်လာတာလဲ။ မနက်ဖြန်မှဆို…”


လင်ချင်းဟယ် တစ်ချက်စဉ်းစားလိုက်ပြီးမှ ပြောလာသည်။


“ လေ့ကျင့်ရေးက စောပြီးသွားလို့…”


ထောင်ရှီးမှာ တကယ့်အဖြစ်မှန်ကို ရုတ်ခြည်း နားလည်သဘောပေါက်သွားရလေသည်။ စက္ကန့်အနည်းငယ်ကြာသည်အထိ သူ့မှာ စကားပြန်မပြောနိုင်ခဲ့ပေ။


“ ငါ မင်းကိုပေးထားတဲ့ ကောမစ်တွေကို တစ်နေ့တစ်ပိုင်း ဖတ်ဖြစ်တယ်မလား…”


လင်ချင်းဟယ်က “အင်း”ဟု အသံပြုသည်။


“ ဒါဆိုမနက်ဖြန်အတွက် ကောမစ်ကို ဒီနေ့အိမ်ပြန်ရင် ဖွင့်ဖတ်လို့ရပြီ…”


ထောင်ရှီးက ပြောလိုက်ရင်း သူ၏လျှို့ဝှက်အကြံအစည်လေးကို စိတ်ထဲမှ တိတ်တိတ်ကလေး လက်ခုပ်ဩဘာတီးပေးလိုက်သည်။


“ဟုတ်ပြီ..” လင်ချင်းဟယ်က ခေါင်းညိတ်လိုက်သည်။


သို့သော် အမှန်တကယ်တွင်မူ သူ မအောင့်အည်းနိုင်တော့သဖြင့် ဖွင့်ဖတ်ခဲ့ပြီးဖြစ်လေသည်။


မနက်ဖြန်အတွက် ရုပ်ပြကောမစ်လေးထဲတွင် အဓိကဇာတ်ဆောင်က လမင်းနှင့် ဥက္ကာခဲငယ်လေးအဖြစ် ပြန်ပြောင်းသွားခဲ့ပြီဖြစ်သည်။


လမင်း -  မင်းက ဘာလို့ အာကာသထဲမှာ လျှောက်သွားနေတာလဲ။


ဥက္ကာခဲငယ်လေး - ဘာလို့လဲဆိုတော့ ငါပတ်လမ်းပျောက်သွားလို့။


လမင်း - အာကာသထဲမှာ ဂြိုဟ်တွေအများကြီးရှိရက်နဲ့ ဘာဖြစ်လို့ ဒီနေရာကိုပဲ တစ်ချိန်လုံး လာနေတာလဲ။


ဥက္ကာခဲငယ်လေး - ဘာဖြစ်လို့လဲဆိုတော့ ဂြိုဟ်တွေထောင်နဲ့ချီပြီး ရှိနေရင်တောင် ငါက ဒီလမင်းသော်တာလေးကိုပဲ သဘောကျလို့ပေါ့။


────────


စာရေးသူတွင် ပြောစရာစကားရှိ၏။


Background Music – Thousands of Songs from Priscilla Chan