အပိုင်း ၄၀
Viewers 8k

The Moon Is Coming To Me


Chapter-40.1


‌ထောင်ရှီးနှင့် လင်ချင်းဟယ်မှာ ပြန်လာရာလမ်းတွင် ကြန့်ကြာနေခဲ့ကြသဖြင့် ညစာကျက်တန်း ပထမခေါင်းလောင်းမြည်ချိန်မှ စာသင်ခန်းထဲသို့ ရောက်လာခဲ့ကြသည်။


နှစ်ဦးသားမှာ မူမပျက် ကိုယ့်ခုံကိုယ် ဝင်ထိုင်လိုက်ကြပါသော်လည်း မမျှော်လင်ထားစွာ ပိချန်ဖေးထံမှ မေးခွန်းထုတ်ခံလိုက်ရပြီး ဖော်ထုတ်ခံရလုနီးပါးဖြစ်သွားခဲ့သည်။


ပိချန်ဖေးက ထောင်ရှီး၏မျက်နှာကို ပထမဦးဆုံး အနီးကပ်စိုက်ကြည့်လိုက်သည့်အခါ တစ်ဖက်လူမှာ မိဘဆရာတွေ့ဆုံပွဲတုန်းကကဲ့သို့ ဒေါသထွက်မနေတော့သလို၊ ဝမ်းလည်းမနည်းတော့ချေ။ ထို့အစား အနည်းငယ်ပင် ပျော်ပုံပေါက်နေသည်။


သူ တစ်ဖက်က လင်ချင်းဟယ်ကိုလည်း မသိမသာ အကဲခတ်ကြည့်လိုက်ရာ နတ်ဘုရားလင်က အေးစက်နေဆဲဖြစ်သော်ငြား ဘာကြောင့်ရယ်မသိ တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။


ထောင်ရှီးက လော်ကျန်းယင်းကို မေးခွန်းနှစ်ခုမေးပြီး ထွက်သွားချိန်၌ ပိချန်ဖေးမှာ ထောင်ရှီးနှင့် လင်ချင်းဟယ်က အချင်းချင်း ကတောက်ကဆဖြစ်ထားကြတာဖြစ်မည်ဟု တွက်ဆလိုက်ကာ လင်ချင်းဟယ်ကို WeChat တွင် ချက်ချင်းစာပို့ခဲ့သည်။


“ မင်းတို့နှစ်ယောက်က ကတောက်ကဆဖြစ်ပြီး ပြန်ပြေလည်သွားကြပြီပေါ့…” ပိချန်ဖေးက ပါးစပ်ကိုလက်ဖြင့်အုပ်၍ ထောင်ရှီးအား ခပ်တိုးတိုးမေးလိုက်သည်။


ထောင်ရှီးမှာ ပိချန်ဖေး၏ဦးနှောက်က ရွှေချထားသင့်သည်ဟု တွေးမိလျက် ရယ်မော၍ အရွှန်းဖောက်လိုက်သည်။


“ ဟုတ်တယ်။ ငါတို့ ရန်ဖြစ်လာကြတာ၊ နှစ်ယောက်လုံး နိုင်လည်းမနိုင်၊ ရှုံးလည်းမရှုံးလို့ အခုပြန်တည့်သွားကြပြီ…”


လင်ချင်းဟယ်က ခေါင်းစောင်းကာ နားလည်ရခက်သောအကြည့်ဖြင့် ထောင်ရှီးကို ကြည့်လိုက်သည်။


ထောင်ရှီးမှာ လင်ချင်းဟယ်က သူ့နှုတ်ခမ်းများကို ငေးနေသည်ဟု ခံစားလာရသောကြောင့် နှုတ်ခမ်းများကို အလိုလိုတင်းစေ့ပစ်လိုက်သည်။ ယခုလေးတင် ခန်းမထဲတွင် နမ်းရှိုက်ခဲ့သည့်အနမ်းများကို ပြန်သတိရမိသောအခါ သူ့ပါးပြင်နှင့် နှုတ်ခမ်းတို့ ပူခနဲဖြစ်သွားရသည်။


သူ ဘာကြောင့်များ အကြိမ်ပေါင်းမနည်း နမ်းမိခဲ့သည်လဲဟူ၍ နောက်မှနောင်တရမိသည်။


ယင်းက လင်ချင်းဟယ်၏အမှားပင်။


ပိချန်ဖေးက ထောင်ရှီး၏စကားကို မယုံ၊ နှစ်ယောက်သားက ရန်ဖြစ်ထားကြသည်ဟုသာ ဆိုသည် ရန်ဖြစ်ထားသည့် အရိပ်အယောင်လည်း မတွေ့ရချေ။ သို့သော် ထောင်ရှီး၏နှုတ်ခမ်းများက အနည်းငယ်ဖူးယောင်နေသည်ကို သူ အမှတ်တမဲ့ သတိထားမိလိုက်သဖြင့် ရွှတ်နောက်နောက်ပြောလိုက်သည်။


“ နှုတ်ခမ်းနဲ့ ရန်ဖြစ်လာတာများလား…”


“…….လစ်စမ်း.”


ထောင်ရှီးက ပိချန်ဖေး၏ကျောကို ဖြန်းခနဲ ရိုက်ချပစ်လိုက်သည်။


တစ်ဆက်တည်းပင် လင်ချင်းဟယ်ထံမှ အလွန်တိုးညှင်းသော ရယ်သံတစ်သံထွက်လာခဲ့သည်။ သူ ဆတ်ခနဲ ခေါင်းလှည့်ကာ လက်သည်တရားခံကို စူးရဲစွာ ကြည့်လိုက်သည်။


ပိချန်ဖေးက နောက်လှည့်ပြီး စကားလာမပြောတော့ဘဲ ခေါင်းငုံ့၍သာ ထောင်ရှီး၏ WeChat ကို မက်ဆေ့ချ်ပို့လိုက်သည်။


“ မင်းအဆင်ပြေလို့ တော်သေးတာပေါ့။ ငါ ခုနတုန်းက နတ်ဘုရားလင်ကို WeChat ကနေ မက်ဆေ့ချ်ပို့လိုက်သေးတယ်။ သူ ပြန်ရောက်ရောက်ချင်း မင်းကို သွားတွေ့တာပဲ။ နတ်ဘုရားလင်က မင်းကို အတော်ဂရုစိုက်ပုံရတယ်…”


ထောင်ရှီးက ပိချန်ဖေးပို့လာသည့် မက်ဆေ့ချ်ကို ကြည့်ပြီး ခေါင်းထဲ၌ အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။ သူ သတိမထားမိခဲ့သည့် ကိစ္စတစ်ခုကို ယခုမှ သတိပြုမိလိုက်ခြင်းပင်။


သူ စခရင်ပေါ်တွင် အလျင်အမြန် စာရိုက်လိုက်သည်။


“ မင်းမှာ လင်ချင်းဟယ်ရဲ့ WeChat ရှိတယ်လား…”


ပိချန်ဖေး - “အင်းလေ။ ငါနဲ့ နတ်ဘုရားလင်နဲ့က အထက်တန်းပထမနှစ်ကတည်းက အတန်းတူလာတာဆိုတော့ မိဘချင်းတောင် ရင်းနှီးနေကြပြီ။ သူ့ WeChat ကို ရဖို့က အဲ့လောက်မခက်ပါဘူး…”


ထောင်ရှီးက ထပ်မံစာရိုက်လိုက်ပြန်သည်။ “သူက Moments တွေ မကြာခဏတင်လေ့ရှိလား…”


ပိချန်ဖေး - “မင်းမှာရော သူ့ WeChat ရှိတယ်မဟုတ်ဘူးလား။ ငါတော့ သူ Moments တင်တာ တစ်ခါမှ မမြင်ဖူးဘူး…”


သူက လင်ချင်းဟယ်၏ Moments ကို စခရင်ရှော့ခ်ရိုက်၍ပင် ပို့လာသည်။


ထောင်ရှီး ပုံကိုနှိပ်ဖွင့်ကြည့်လိုက်သော် အမှန်တကယ်ကို Moments က ဗလာသက်သက်ဖြစ်နေခဲ့သည်။


သူ ခေါင်းလှည့်ကာ လင်ချင်းဟယ်ကို ကြည့်လိုက်သည်။ ထိုလူက အောက်ငုံ့၍ စာအုပ်ဖတ်နေသည်။ ခဏကြာသော် သူ့အကြည့်များကို သတိထားမိသွားဟန် ဘေးတိုက်လှည့်ကြည့်လာပြီး မျက်လုံးထဲတွင် “?” ဟူသော ပုံစံဖြင့် မေးခွန်းထုတ်လာသည်။


ထောင်ရှီးက အကြည့်ပြန်လွှဲလိုက်ကာ ခေါင်းငုံ့၍ လင်ချင်းဟယ်၏ Moments ကို နှိပ်ဖွင့်ကြည့်လိုက်သည်။ ပို့စ်များကို တစ်ခုချင်းစီ ရေတွက်ကြည့်လိုက်သော် ကာလအတော်အကြာက ဂျပန်အားလပ်ရက်ခရီးစဉ် ရှုခင်းပုံများမှစ၍ နှစ်ဝက်စာမေးပွဲမတိုင်မီ Koi ရွှေငါးပုံများအပါအဝင် ပို့စ်ပေါင်း ၂၈ ခုရှိနေသည်။


ပို့စ်တစ်ခုတွင် ဓာတ်ပုံတစ်ပုံသာပါပြီး ဘာစာသားမှ မပါချေ။


လင်ချင်းဟယ် လေ့ကျင့်ရေးဆင်းနေသည့် လွန်ခဲ့သောနှစ်ပတ်အတွင်း၌လည်း တစ်ရက်လျှင် ပို့စ်တစ်ခုဖြစ်စေ၊ နှစ်ခုဖြစ်စေ နေ့တိုင်းတင်ခဲ့သည်။ ထိုစဉ်က လင်ချင်းဟယ်၏တစ်နေ့တာပုံများကြောင့် သူ့ရင်ထဲမှ စိုးရိမ်ပူပန်များကို ဖြေသိမ့်နိုင်ခဲ့သည်။


ထောင်ရှီး ပင့်သက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ့ရင်ထဲတွင် မည်သို့ခံစားနေရသည်ကိုပင် အဓိပ္ပာယ်မဖော်နိုင်တော့ပေ။


သူ ကျောင်းလွယ်အိတ်ထဲမှ တစ်လနီးပါးအချိန်ယူဆွဲခဲ့ရသည့် ပန်းချီပုံများကို ထုတ်လိုက်သည်။ မူလအစီအစဉ်က မနက်ဖြန် လင်ချင်းဟယ်ကိုဖွင့်ပြောပြီးမှ ပေးရန်ပြင်ထားခြင်းဖြစ်သော်လည်း ယခုမူ အရာအားလုံးက ပြောင်းလဲသွားခဲ့လေပြီ။


“ ဒါက ငါမင်းကိုပေးမယ်လို့ ကတိပေးထားတဲ့ပန်းချီ…”


ထောင်ရှီးက ပန်းချီပုံများကို စုစည်းထားသည့် ပန်းချီအယ်လ်ဘမ်တစ်ခုကို လင်ချင်းဟယ်၏စားပွဲပေါ်သို့ တင်ပေးလိုက်သည်။


လင်ချင်းဟယ်က ပန်းချီအယ်လ်ဘမ်ကို ကြည့်ရင်း မျက်လုံးထဲတွင် အံ့ဩရိပ်များထင်ဟပ်သွားသည်။ ထောင်ရှီးက သူ့အတွက် ပန်းချီကားတစ်ချပ်သာ ဆွဲပေးလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်ပြီး ပန်းချီအယ်လ်ဘမ်တစ်ခုလုံးကို ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။


ပန်းချီအယ်လ်ဘမ်၏အဖုံးက ရိုးရှင်းလှသည်။ ဖောင်းကြွစက္ကူအဖုံးပေါ်တွင် နက်ပြာရောင်ညကောင်းကင်ယံကို ပုံဖော်ထားပြီး အပေါ်ဘက်ထောင့်စွန်းတွင်မူ ရွှေရောင်လမင်းလေးတစ်စင်း ရှိနေသည်။ အပြာရောင်ရေကန်တစ်ကန်၏အောက်ခြေတွင် ဒင်္ဂါးပြားလေးတစ်ပြား နစ်မြှုပ်နေသယောင်ပင်။


သူက ပန်းချီအယ်လ်ဘမ်ကို ဖွင့်လိုက်ပြီး တစ်ပုံချင်းစီကို ဂရုတစိုက် လှန်လှောကြည့်လိုက်သည်။


ပန်းချီတစ်ပုံချင်းစီက လမင်း၏ပုံများကို ဆွဲထားခြင်းဖြစ်၏။ လဆန်းမှစ၍ လကွယ်သည်အထိ ရက်ပေါင်းသုံးဆယ်လုံး၏ လမင်းပုံများပင်။ ပန်းချီပုံများ၏ နောက်ခံရှုခင်းများကလည်း တစ်ခုနှင့်တစ်ခုမတူညီ။ တောင်တန်းနှင့် ချိုင့်ဝှမ်းများ၊ မြစ်ပြင်ကျယ်များ၊ နီယွန်မီးရောင်များနှင့် မြို့ကြီးပြကြီးများ….အစရှိသည့် နောက်ခံရှုခင်းများနှင့် ကမ္ဘာတစ်ဝှမ်းလုံးက လမင်းပုံများဖြစ်လေသည်။


လင်ချင်းဟယ်၏စာရွက်လှန်နေသည့် လက်ချောင်းများက ပန်းချီပုံတစ်ခုအရောက်တွင် ရပ်တန့်သွားသည်။ ပန်းချီက ၂၃ ရက်နေ့မြောက်၏ လဆုတ်ပုံဖြစ်ပြီး နောက်ခံရှုခင်းပုံက တိုကျိုမြို့၏လမ်းမများဖြစ်သည်။ ထိုပုံမှာ လော်ကျန်းယင်း၊ ယန်သောလဲ့တို့နှင့်အတူ ဂျပန်သို့အားလပ်ရက်ခရီးထွက်ပြီးနောက် Moments တွင် သူတင်ခဲ့သည့် ဓာတ်ပုံများနှင့် တစ်ပုံစံတည်းဖြစ်နေခဲ့သည်။ တစ်ခုတည်းသော ကွဲပြားချက်မှာ ဓာတ်ပုံထဲတွင် ကောင်းကင်က ညနေဆည်းဆာချိန်ဖြစ်သော်လည်း ပန်းချီထဲတွင်မူ ညအချိန်အဖြစ် ပြောင်းနေကာ လမင်းတစ်စင်းသာနေပြီး လမ်းမများက နီယွန်မီးရောင်များဖြင့် ပြည့်နှက်နေသည်။


ထိုစဉ်က အတန်းထဲမှ ကျောင်းသားများအားလုံးက အားလပ်ရက်ခရီးထွက်နေခဲ့ကြသော်လည်း တစ်ယောက်သူမှာတော့ ကျောင်းအိပ်ဆောင်တွင် ကျန်ရစ်ခဲ့ရရှာသည်။


ထောင်ရှီးက ဘေးတွင်ထိုင်နေသူကို အကျိုးအကြောင်းရှင်းပြလိုက်သည်။


“ ပုံထဲက ရှုခင်းအတော်များများက အင်တာနက်ပေါ်ကနေ ရှာထားတာ။ ငါမရောက်ဖူးတဲ့ နေရာတွေချည်းပဲဆိုတော့ ပန်းချီက အပြင်ကနဲ့တော့ တူနိုင်မှာမဟုတ်ဘူး…”


ဤကဲ့သို့ နိဗ္ဗာန်တမျှလှပသည့်နေရာများနှင့် သူ ဆယ်စုနှစ်ကျော်ကြာအောင် အဆက်အသွယ်ပြတ်တောက်ကာ မျက်စိပိတ်နားပိတ် နေခဲ့ရသည်။


လင်ချင်းဟယ်ကို တွေ့ခဲ့၍သာမဟုတ်လျှင် သူ့ဘဝကို တောင်ပေါ်ကျေးရွာလေးတစ်ရွာ သို့မဟုတ် လူမသိ၊ သူမသိတစ်နေရာတွင် ကုန်ဆုံးသွားရမည်ဖြစ်သည်။


ထောင်ရှီးက လင်ချင်းဟယ်၏ ဘေးတိုက်မျက်နှာလေးကို ကြည့်ရင်း အေးဆေးစွာ ပြုံးလိုက်သည်။


ထိုအချိန်တွင် အတန်းတက်ခေါင်းလောင်းမြည်သွားပြီး ပိအောက်ရွှယ်က လပ်တော့တစ်လုံးနှင့်အတူ စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။ တစ်တန်းလုံး တက်ကြွပျော်ရွှင်စွာ ကြွေးကြော်သံများနှင့် ဆူညံပွက်လောရိုက်သွားသည်။


ထောင်ရှီးက လင်ချင်းဟယ် ပါးစပ်လှုပ်၍ တစ်ခုခုပြောလိုက်သည်ကို မြင်လိုက်ရ၏။ သို့သော် ရုတ်တရက်ထွက်လာသော ဆူညံသံများကြောင့် ဘာပြောလိုက်လဲ သေချာမကြားလိုက်ရချေ။


“မင်းဘာပြောလိုက်တာလဲ…” ထောင်ရှီးက အသံမြှင့်၍ မေးလိုက်သည်။


စာသင်ခန်းထဲရှိ မီးများအားလုံးက ရုတ်ခြည်း မှိတ်သွားကာ တစ်ခန်းလုံး အမှောင်ကျသွားလေသည်။ အချို့ကျောင်းသားများက ညစာကြည့်ချိန်တွင် ရုပ်ရှင်ကြည့်ရတော့မည်ဖြစ်၍ အူမြူးနေကြပြီး အချို့ဆိုလျှင် ဆန္ဒစောစွာ အသံကျယ်ကျယ်ဖြင့် အော်နေကြသည်။


“ ရုပ်ရှင်က ဘာလို့မလာသေးတာလဲ။ မင်းသွားလုပ်ပေးလိုက်လေ၊ ပိချန်ဖေး…”


ထောင်ရှီး၏ အမြင်အာရုံများ မှောင်မည်းသွားချိန်၌ လက်တစ်ဖက်က သူ့လက်ကို ဆွဲယူသွားလေရာ သူ့တစ်ကိုယ်လုံး လင်ချင်းဟယ်၏လက်မောင်းထဲသို့ ပြိုကျသွားရသည်။ ပျားပန်းခပ်ဆူညံနေသော အသံများကြား လင်ချင်းဟယ်က သူ့နားထဲသို့ အသံတိုးတိုးနှင့်ပြောလာခဲ့သည်။


“ အနာဂတ်မှာ ငါမင်းကို နေရာအနှံ့ခေါ်သွားမယ်…”


ကမ္ဘာအနှံ့က လမင်းကို ကြည့်ဖို့အတွက်ပေါ့။


ထောင်ရှီးက လင်ချင်းဟယ်ကို မှိန်ဖျော့ဖျော့အလင်းရောင်ကြားမှ ကြည့်လိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းစွန်းတွင် အပြုံးလေးတစ်ခု ပွင့်လန်းလာခဲ့သည်။


သူ ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်ပြီး လင်ချင်းဟယ်၏ပါးကို ခိုးနမ်းရန် အနားသို့တိုးကပ်လိုက်သည်။ သို့သော် အမှောင်ထဲတွင် သေချာမမြင်ရသည်ကတစ်ကြောင်း အားကို မထိန်းလိုက်နိုင်ခြင်းက တစ်ကြောင်းကြောင့် လင်ချင်းဟယ်၏နဖူးကို သူ့နဖူးနှင့် သွားဆောင့်မိလေသည်။


“…....”


“……”


ထောင်ရှီးက သူ့နဖူးလေးကိုအုပ်ကာ ရှက်ရှက်နှင့် လူချင်းပြန်ခွာလိုက်ပြီး မျက်နှာလွှဲလိုက်သည်။


သို့သော် သူ့လက်ကိုဆုပ်ကိုင်ထားသည့် လင်ချင်းဟယ်၏လက်က ပို၍တင်းကြပ်သွားသည်။ ထောင်ရှီးမှာ လင်ချင်းဟယ်အား အပြစ်ရှိစိတ်နှင့် ကြည့်လိုက်သည်။ သူ သေချာမမြင်ရသော်လည်း လင်ချင်းဟယ်က မကျေမနပ်ဖြစ်သွားသည်ကိုတော့ သတိထားမိသည်။


သူက တောင်းပန်ဟန်ဖြင့် လင်ချင်းဟယ်၏လက်ဖဝါးကို လက်ချောင်းလေးနှင့် အသာကုတ်လိုက်သည်။ ထိုအခါ လင်ချင်းဟယ်က သူ့လက်ကို ချက်ချင်း လွှတ်ပေးလိုက်သည်။


ပိအောက်ရွှယ်က နိုင်ငံခြားအက်ရှင်ဇာတ်ကားတစ်ပုဒ်ကို စာတန်းထိုးမပါဘဲ မူရင်းအသံနှင့် ဖွင့်ပြနေသည်။ အထူးဖန်တီးထားသည့် အဖ်ဖက်ထ် (effect) များကို အများအပြားထည့်ထားသောကြောင့် အသံကလည်း ကျယ်လောင်လှသည်။ ကျောင်းသူကျောင်းသားများအားလုံး ရုပ်ရှင်ကို အာရုံစိုက်၍ ကြည့်နေကြသည်။


ထောင်ရှီးက ရုပ်ရှင်ကိုဂရုမစိုက်အားပေ။ ခိုးနမ်းမှုစစ်ဆင်ရေး ကျရှုံးသွားသောကြောင့် သူအနည်းငယ် ရှက်ရွံ့နေဆဲဖြစ်၏။


သူ လင်ချင်းဟယ်အား ခိုးကြည့်လိုက်သည့်အခါ တစ်ဖက်လူက ကုလားထိုင်ကို ပေါ့ပေါ့ပါးပါးကျောမှီလျက် ရုပ်ရှင်ကို အလွန်စိတ်ဝင်စားဟန် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရုပ်ရှင်မှ အလင်းရောင်ဖျော့ဖျော့ကသာ သူ၏သူငယ်အိမ်ထဲတွင် ရောင်ပြန်ဟပ်နေသည်။


ထောင်ရှီးလည်း ကိုယ့်ကိုယ်ကိုယ် ဆုံးမကာ ရုပ်ရှင်ကို အာရုံစိုက်ကြည့်လိုက်ပြီး ရုပ်ရှင်ထဲမှ မူရင်းအသံများကို နားထောင်၍ သူ၏အင်္ဂလိပ်အကြားစွမ်းရည်ကို လေ့ကျင့်နေလိုက်သည်။


ဇာတ်လမ်းက ဇာတ်ရှိန်တက်လာသည်။ ဗီလိန်က မှောင်မှောင်မည်းမည်း လိုဏ်ဂူထဲတွင် ကြမ်းတမ်းစွာ တိုက်ခိုက်နေသည်။ စာသင်ခန်းတစ်ခုလုံး အမှောင်လွှမ်းနေပြီး ရုပ်ရှင်ကားထဲမှ ဆူညံသံများသာ လွှမ်းမိုးနေသည်။


ထောင်ရှီးက ဇာတ်လမ်းထဲတွင် နစ်မျောနေပြီး စိတ်ပါဝင်စားစွာ ကြည့်နေသည်။ ထိုစဉ် ရုတ်တရက်ဆိုသလို သူ့လည်ဂုတ်လေးကို လက်တစ်ဖက်က ဆုပ်ကိုင်လိုက်ပြီး သူ့ကို ဆွဲဖက်လိုက်သည်။ ထို့နောက် အစောက လင်ချင်းဟယ်နှင့်တိုက်မိခဲ့သည့် သူ့နဖူးပေါ်သို့ နူးညံ့သည့် အနမ်းလေးတစ်ပွင့် ကျရောက်လာသည်။


“ သေချာသင်ယူထား…”


လင်ချင်းဟယ်၏ အသံတိုးတိုးကို သူကြားလိုက်ရသည်။


အမှောင်ထဲဝယ် ထောင်ရှီး၏ နှလုံးခုန်သံများက ရုပ်ရှင်ထဲမှ သေနတ်သံများထက်ပင် ပို၍ကျယ်လောင်လာသည်။


သူက ပြန်ခိုးနမ်းရန် ကြံလိုက်သော်လည်း ရုပ်ရှင်စခရင်က ရုတ်တရက် လင်းခနဲဖြစ်သွားသောကြောင့် လက်လျှော့လိုက်ရသည်။


ရုပ်ရှင်ပြီးသွားသည့်အခါ အတန်းဆင်းလေသည်။ ထောင်ရှီးမှာ ရုပ်ရှင်၏ဒုတိယပိုင်းကို ကောင်းကောင်းမကြည့်လိုက်ရပေ။ သူ့ခေါင်းထဲတွင် သေနတ်သံများသာ ပြည့်နှက်နေပြီး နှလုံးသားက စိတ်လှုပ်ရှားစွာ အပြင်းအထန် ခုန်ပေါက်နေသည်။

The Moon Is Coming To Me


Chapter- 40.2



စာသင်ခန်းက မီးရောင်များဖြင့် တစ်ဖန်လင်းကျင်းသွားပြီး ကျောင်းသားများအားလုံး လွယ်အိတ်ကိုယ်စီလွယ်လျက် အတန်းထဲမှ ဒရောသောပါးထွက်သွားကြသည်။ လင်ချင်းဟယ်က လက်တစ်ဖက်အပြည့် ပစ္စည်းပစ္စယများကို အံဆွဲထဲမှထုတ်လိုက်ပြီး ထောင်ရှီး၏စာရေးခုံပေါ်သို့ တင်လိုက်ရင်း ပြောသည်။


“ ဒါက အမေရိကားက တက္ကသိုလ်တစ်ချို့ရဲ့ အချက်အလက်တွေနဲ့ TOEFL ဖတ်စာအုပ်တွေ…”


လင်ချင်းဟယ်က ခဏရပ်သွားပြီး ထောင်ရှီးကို တစ်ချက်ကြည့်ကာ ဆက်ပြောသည်။    “အခုအချိန်က စပြီးပြင်ဆင်ဖို့ အသင့်တော်ဆုံးအချိန်ပဲ…”


ထောင်ရှီးက သူ့အရှေ့မှ အသေးစိတ်အချက်အလက်များကို တွေတွေကြီးကြည့်ရင်း လင်ချင်းဟယ်က သူနှင့်တက္ကသိုလ်အတူတက်မည်ဟူသော ကတိကိုတည်နိုင်ရန်နှင့် သူတို့အနာဂတ်အတွက် ဟိုးအရင်ကတည်းက ဂရုတစိုက်ပြင်ဆင်ထားခဲ့ကြောင်းကို နားလည်သွားခဲ့ရသည်။


လင်ချင်းဟယ်ကို အော်ခဲ့မိသည့်အတွက် သူ့ကိုယ်သူ ဒေါသထွက်လာသည်။


ထောင်ရှီးက လင်ချင်းဟယ်၏အင်္ကျီလက်လေးကို အသာဆွဲကာ “မှားသွားပါတယ်” ဟူသော ပုံစံလေးဖြင့် တစ်ဖက်လူကို မျက်နှာငယ်လေးနှင့် မော့ကြည့်လိုက်သည်။


လင်ချင်းဟယ်က သူ့အင်္ကျီစကိုဆွဲထားသည့် ထောင်ရှီး၏လက်ကလေးကို သူ့အင်္ကျီအိတ်ထောင်ထဲသို့ ကောက်ထည့်လိုက်သည်။


“ ငါ့ကို ကျောင်းပေါက်ဝထိ လိုက်ပို့…”


ထောင်ရှီးက လေးပင်စွာ ခေါင်းညိတ်ပြလိုက်သည်။


နှစ်ဦးသား မှောင်ကြီးမည်းကြီးထဲတွင် ရှန်းကျန်းလမ်းမတစ်လျှောက်မှ ကျောင်းပေါက်ဝသို့ လျှောက်လာခဲ့ကြသည်။ ၎င်းမှာ လေ့ကျင့်ရေးမဆင်းခင်ညကနှင့်တူနေသော်လည်း အနေအထားချင်းကတော့ ကွာခြားသွားခဲ့လေပြီ။ နှစ်ယောက်သားမှာ အကြည့်ချင်းပင် မဆုံဝံ့ကြဘဲ မျက်လုံးချင်းဆုံသည်နှင့် အကြည့်လွှဲလွှဲမိသွားကြသည်။


ထောင်ရှီးက လင်ချင်းဟယ်၏ဘေးမှ နီးကပ်စွာလျှောက်လာပြီး တစ်ဖက်လူ၏ TOEFL စာမေးပွဲအကြောင်း မိတ်ဆက်ပြောပြနေပုံကို ဂရုတစိုက်နားထောင်နေသည်။


“ ငါ့ရဲ့အင်္ဂလိပ်စကားပြောက တအားဆိုးတာ။ အပြောစွမ်းရည်တိုးတက်အောင်လုပ်ဖို့က အရမ်းခက်လားဟင်…”


ချင်းရွှေခရိုင်မှ အင်္ဂလိပ်စာဆရာများ၏ အင်္ဂလိပ်စကားပြောက အတော့်ကို အိုးနင်းခွက်နင်းပင်။ အဖတ်စွမ်းရည်၊ အကြားစွမ်းရည်နှင့် အရေးစွမ်းရည်ကို များများလေ့ကျင့်လျှင်လေ့ကျင့်သလောက် တိုးတက်နိုင်သော်လည်း စကားပြောကမူ ကွဲပြားပေ၏။


“ အဲ့လောက်မခက်ပါဘူး။ ငါရှိတယ်လေ…” လင်ချင်းဟယ်က ပြောလိုက်သည်။


ထောင်ရှီး ပြုံးစိစိဖြစ်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုဖန်သားပြင်တွင် သူ လင်ချင်းဟယ်ကို ပထမဆုံး မြင်ခဲ့သည့်အချိန်ကို ပြန်အမှတ်ရမိသည်။ ထိုစဉ်က ပိအောက်ရွှယ်က လင်ချင်းဟယ်ကို အင်္ဂလိပ်စကားထွက်ပြောခိုင်းခဲ့သည်။ ထိုအချိန်က သူကောင်းစွာနားမလည်ခဲ့သည့်တိုင် လင်ချင်းဟယ်၏ ဘာသာစကားအပြောစွမ်းရည်က မည်မျှသဘာဝကျကာ အဆင့်မြင့်ကြောင်းကိုတော့ သတိပြုမိခဲ့သည်။


တစ်နေ့တွင် လင်ချင်းဟယ်က သူ့အား အင်္ဂလိပ်စကားပြောသင်ပေးလိမ့်မည်ဟု တွေးတောင်မတွေးခဲ့ဖူးပါချေ။


“ ဒါဆိုလည်း ငါမင်းနဲ့ အင်္ဂလိပ်လိုပဲ ပြောတော့မယ်…”


ထောင်ရှီးက လက်သီးလေးဆုပ်ကာ လင်ချင်းဟယ်ကို ပြောလိုက်သည်။ အင်္ဂလိပ်စကားပြောလေ့ကျင့်ရန်အတွက် ယုံကြည်မှုအပြည့်ရှိနေသည့်အလား သူ့မျက်လုံးလေးများက တလက်လက်တောက်ပနေသည်။


“……ကောင်းပြီ ”


ထို့နောက် တိတ်ဆိတ်သွားကြပြန်သည်။ ထောင်ရှီးမှာ စိတ်ထဲတွင် အချိန်အတော်ကြာ တွေးတောကာ ပြောချင်သည့်စကားကို အားသွန်ခွန်စိုက် ဘာသာပြန်နေသော်လည်း သင့်တော်သည့် စကားကိုရှာကြံမရဖြစ်နေသည်။ ထုတ်ပြောရမည့်မှာလည်း အနည်းငယ် ထူးထူးဆန်းဆန်းကြီးဖြစ်နေ၏။


နောက်ဆုံး နှစ်ယောက်သား ကျောင်းဂိတ်ဝသို့ ရောက်သွားသည့်အခါမှ ထောင်ရှီးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတော့သည်။ သူ လင်ချင်းဟယ်ကို လက်ဝေ့ယမ်းပြလိုက်ကာ အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။


“ Goodbye. See you tomorrow.”


“…..”


အိပ်ဆောင်သို့ ပြန်ရောက်သော် ထောင်ရှီးက ရေမိုးချိုးလိုက်ပြီးနောက် စာရေးခုံတွင်ထိုင်လိုက်ပြီး လင်ချင်းဟယ်ပေးခဲ့သည့် ကျောင်းအချက်အလက်များနှင့် TOEFL ဖတ်စာအုပ်ကို စားပွဲပေါ်တင်ကာ ဖွင့်ဖတ်ကြည့်လိုက်သည်။


သူက ဆဲလ်ဖုန်းဖြင့် ရှာဖွေကြည့်လိုက်သောအခါ ထိုကျောင်းများ၏ ကမ္ဘာအဆင့်စံနှုန်းက အင်မတန်မြင့်မားနေပြီး အများစုက ကမ္ဘာ့နာမည်ကြီး ပန်းချီကောလိပ်များဖြစ်နေသည်ကို သိလိုက်ရလေသည်။ သို့သော် တိကျသောလျှောက်လွှာတင်ခွင့်နှင့် စကော်လားရှစ်စည်းမျဉ်းများကို အင်တာနက်ပေါ်တွင် ရှာမတွေ့ဖြစ်နေပြီး ကျောင်း၏တရားဝင်ဝက်ဆိုဒ်ကိုပင် ရှာလို့မတွေ့ပါချေ။


ထောင်ရှီးက ခဏတာ အတွေးများသွားပြီးနောက် ပန်းချီမေဂျာကျောင်းသားဖြစ်သည့် ဖန်းယန့်ကို မေးမြန်းကြည့်လိုက်သည်။


“ ငါသေချာတော့မသိဘူးရယ်။ တကယ်ဆို ငါ့အဖိုးက ငါ့ကို ချင်းဟွာအနုသုခုမ တက္ကသိုလ်မှာတက်ရင်တက် မဟုတ်ရင် ဗဟိုအနုသုခုမ တက္ကသိုလ်မှာ တက်လို့ပဲ ပြောထားတာ။ အဲ့ဒါကြောင့် ငါ နိုင်ငံခြားမှာ ကျောင်းမတက်ဖြစ်လောက်ဘူး…”


ဖန်းယန့်က အကျိုးအကြောင်းရှင်းပြရင်း ထောင်ရှီးက အဘယ်ကြောင့်များ ရုတ်တရက်ကြီး ပြည်ပတွင် ကျောင်းတက်ချင်သွားရသနည်းဟူ၍ မေးလာသည်။


“ ငါက ရှေ့လျှောက် ပန်းချီကိုပဲ အထူးပြုပြီး ဆက်လေ့လာသွားဖို့ ဆုံးဖြတ်ထားတယ်။ အထူးသဖြင့် ဆီဆေးပန်းချီပေါ့။ အဲ့ဒါကျ နိုင်ငံခြားကျောင်းတွေကမှ ပိုကောင်းတာလေ…” ထောင်ရှီးက ပြောလိုက်သည်။


ပြပွဲခန်းမတွင် ဖန်းဆွေ့၏ပန်းချီကားကို တွေ့လိုက်ရစဉ်ကနှင့် လင်ချင်းဟယ်က သူ၏ပြခန်းကို မြင်လိုသည်ဟု ပြောခဲ့စဉ်အခါက ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။


ပန်းချီပညာအမွေက သူ့အတွက် မိခင်ဖြစ်သူချန်ထားရစ်ခဲ့သည့် တစ်ခုတည်းသော အမွေဖြစ်ပြီး မည်သူ့မှ လုယူမသွားနိုင်သည့်အရာလည်း ဖြစ်သည်။


ဖန်းယန့်က ခေါင်းညိတ်ပြကာ ပြောသည်။ “အဲ့ဒါတော့ဟုတ်တယ်။ ဆီဆေးပန်းချီသင်ဖို့ဆိုရင်တော့ နိုင်ငံခြားကပိုကောင်းလိမ့်မယ်။ ငါ့အဖိုးက ငါ့ကို တရုတ်ပန်းချီပဲ သင်စေချင်တာဆိုတော့ နိုင်ငံခြားသွားဖို့မလိုဘူးလေ…”


မျက်နှာချင်းဆိုင်တွင် မေးခွန်းလွှာများဖြေနေသော ရွှီကျီးချီက အေးတိအေးစက်နှင့် ဘောက်ဆတ်ဆတ်ဝင်ပြောလာသည်။


“ နိုင်ငံခြားက ပန်းချီကောလိပ်တွေဆိုတာ သာမန်မိသားစုတွေ တတ်နိုင်တာမဟုတ်ဘူး။ ပြီးတော့ ပန်းချီမေဂျာကလည်း အလကားသက်သက် ပိုက်ဆံဖြုန်းနေတဲ့ သုံးစားမရတဲ့ မေဂျာတစ်ခုသာသာပဲ…”


ဖန်းယန့်က ချက်ချင်း ဒေါသူပုန်ထသွားပြီး ရွှီကျီးချီကို အပြင်းအထန် စကားစစ်ထိုးတော့သည်။


ထောင်ရှီးက လျစ်လျူသာရှုထားလိုက်သည်။ အရှေ့မှ ကျောင်းအချက်အလက်များကို စိုက်ကြည့်ကာ အတွေးများနေရင်း ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိရသွားသည်။


မကြာသေးခင်က ပရဟိတပြပွဲအခမ်းအနားတွင် ချင်းဟွာအဖွဲ့အစည်း၏ အသင်းဝင်တစ်ယောက်ဖြစ်သည့် တင်းယာနန်ဟူခေါ်သော အနုသုခမတက္ကသိုလ်မှ မိန်းကလေးတစ်ယောက်နှင့် သူ ဆုံဖြစ်ခဲ့သည်။ ထိုစဉ်က တစ်ဖက်မိန်းကလေး၏ အတင်းတောင်းဆိုမှုကြောင့် သူမ၏ WeChat ကို အပ်လိုက်ရသည်။ သူမနှင့် ခဏတာ စကားပြောဖြစ်ခဲ့သည့်အတောအတွင်း သူမက အမေရိကား၌ ကျောင်းတက်ရန်စီစဉ်ထားကြောင်းကိုလည်း သိခဲ့ရသည်။


ထောင်ရှီးက WeChat အမည်လိပ်စာ စာရင်းကို ဖွင့်ကြည့်လိုက်ရာ Add ပြီးကတည်းက တစ်ခါမှ စကားမပြောဖြစ်ခဲ့သည့် တင်းယာနန်ကို ရှာတွေ့သွားသည်။ သူက နေ့တစ်ဝက်လောက်စာစီပြီး စကားလုံးများ ချောချောမွေ့မွေ့နှင့် ယဉ်‌ကျေးပျူငှာနေကြောင်း သေချာအောင်စီစစ်လိုက်ပြီးမှ တင်းယာနန်ကို မက်ဆေ့ချ်ပို့လိုက်သည်။


မမျှော်လင့်ထားစွာ တင်းယာနန်က အလွန်လျင်မြန်စွာ စာပြန်လာခဲ့ပြီး သူ့မေးခွန်းများကို တက်ကြွစွာ ဖြေပေးလာသည်။


တင်းယာနန် - “နင်ပြောတဲ့ နာမည်ကြီးကျောင်းတွေက စကော်လားရှစ် လျှောက်လို့ရနိုင်တာ သေချာသလောက်ရှိတယ်။ ပြီးတော့ စကော်လားရှစ်အပြည့်ပေးတာလည်း ရှိတယ်။ ဒါပေမဲ့ အရမ်းတော့ ခက်မှာဟ။ တရုတ်ကျောင်းသားတွေထဲ စကော်လားရှစ်အပြည့်လျှောက်နိုင်တဲ့လူက အများကြီးမရှိဘူး…”


ထောင်ရှီးက ထိုမက်ဆေ့ချ်ကို မြင်သောအခါ အံ့ဩမသွားပေ။ လင်ချင်းဟယ်ပြောသည့် “မင်းသေချာပေါက်လျှောက်နိုင်မှာပါ” ဟူသော စကားက သူ့အား အားပေးနှစ်သိမ့်ခြင်းသာ ဖြစ်ကြောင်း သူသိသည်။


သူကလည်း ထိုမလွယ်ကူသည့်အခွင့်အရေးကို ရေကုန်ရေခမ်းကြိုးစားဖို့ ဆန္ဒရှိသည်။


သူ့ဘဝ၏အနာဂတ်လမ်းကြောင်းက ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်းကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။ ဟိုအရင်က သူ ဝမ်းဟွာ အ.ထ.က(၁) ကျောင်းတွင် ပညာသင်ခွင့်ရလိမ့်မည်ဟု ထင်မထားခဲ့ဖူးသလို သူ့ပန်းတိုင်က ချင်းဟွာတက္ကသိုလ်နှင့် ပေကျင်းတက္ကသိုလ်ဖြစ်လိမ့်မည်ဟုလည်း မတွေးခဲ့ဖူးပေ။ ထို့အတူ တစ်ချိန်တွင် ပြည်ပမှနာမည်ကြီးကျောင်းတစ်ကျောင်းကို တက်ရောက်ချင်စိတ် ဖြစ်လာလိမ့်မည်ဟူ၍လည်း တစ်ခါမှ ထင်မှတ်မထားခဲ့ပါချေ။


အတိတ်အချိန်က အိပ်မက်ပမာ ကမ္ဘာလောကကြီးသည် ယခုအခါ သူ့ထံသို့ တစ်လှမ်းပြီးတစ်လှမ်း ချဉ်းကပ်လို့လာနေသည်။


ထောင်ရှီးက တင်းယာနန်ထံမှ အခြားသော သတင်းအချက်အလက်များနှင့် လင့်ခ်များကို လက်ခံရရှိလိုက်သည်။


တင်းယာနန် -  “နင် စကော်လာလျှောက်ချင်ရင် သူများထက်ထူးခြားတဲ့ ကိုယ်ရေးမှတ်တမ်းရှိဖို့ မဖြစ်မနေလိုအပ်တယ်။ အခုကစပြီး မှတ်တမ်းတွေကို စုဆောင်းထားတော့။ နာမည်ကြီးတဲ့ ပန်းချီပြပွဲအခမ်းအနားတွေ၊ ပန်းချီပြိုင်ပွဲတွေမှာ ဝင်ပါ၊ ဝင်ပြိုင်။ ပန်းချီလောကထဲက အကြီးအကဲတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်အောင်လုပ်ထားရမယ်။ ပြီးရင် သူတို့ဆီက အကြံပြုထောက်ခံစာတွေရအောင် ကြိုးစားယူရမှာ။ နင့်ကို ငါ့တို့အဖွဲ့အစည်းထဲဝင်ဖို့လည်း အကြံပေးတယ်သိလား။ ငါတို့အသင်းထဲမှာဆို နာမည်ကြီး နိုင်ငံခြားကျောင်းတွေမှာ ပညာသင်နေတဲ့ ပန်းချီဆရာငယ်ငယ်လေးတွေ အများကြီးရှိတယ်။ သူတို့ဆို ငါ့ထက်ပိုသိလိမ့်မယ်…”


ထောင်ရှီးက သူမကို အလေးအနက် ကျေးဇူးတင်စကားပြောလိုက်ပြီး အချက်အလက်များနှင့် လင့်ခ်များအားလုံးကို သိမ်းဆည်းထားလိုက်သည်။ ထို့နောက် ချင်းဟွာပန်းချီအဖွဲ့အစည်းကို ဝင်ရန်အတွက် လျှောက်လွှာမိတ္တူဖောင်ကို တင်းယာနန်ထံမှ တောင်းလိုက်သည်။ သူက အချက်အလက်များကို ဂရုတစိုက်ဖြည့်ပြီးနောက် အဖွဲ့အစည်းသို့ အီးမေးလ်လိပ်စာ ပို့လိုက်သည်။


သူက တင်းယာနန်ပြောပြသည့် အကြောင်းအရာတစ်ချို့နှင့် အဓိကအချက်များကို မှတ်စုစာအုပ်ထဲ၌ တစ်ခုချင်း ချရေးလိုက်သည်။ အားလပ်ရက် ချောင်ဟယ့်နျန်ဆီသို့ ပန်းချီသွားသင်သောအခါမှ ဆရာကြီးကို အကြံဉာဏ်တောင်းရန် ကြံရွယ်ထားသည်။


ကိစ္စဝိစ္စများအားလုံးပြီးစီးပြီး သိပ်မကြာခင် မီးမှိတ်သွားသည်။ တောင်ရှီးက အိပ်ယာပေါ်တက်လိုက်ပြီး နူးညံ့သော အိပ်ယာခင်းပေါ် လှဲအိပ်လိုက်သည်။ သူဖုန်းကိုင်ကာ WeChat ကိုဖွင့်လိုက်ပြီး လင်ချင်းဟယ်ထံသို့ အိပ်ယာဝင်မက်ဆေ့ချ်တစ်စောင်ပို့ရန် ပြင်လိုက်သည်။ သို့သော် လင်ချင်းဟယ်၏ပရိုဖိုင်းပုံက ပြောင်းလဲနေကြောင်း သတိပြုမိသွားလေသည်။


ယခင် ဗလာသက်သက်ပရိုဖိုင်းပုံမှာ သူပေးထားသည့် ပန်းချီအယ်လ်ဘမ်အဖုံး၏ပုံအဖြစ်သို့ ပြောင်းလဲနေသည်။


နက်ပြာရောင် ညကောင်းကင်ယံထက်မှ ရွှေရောင်လမင်းသော်တာလေးတစ်စင်းပင်။


ထောင်ရှီး၏နှုတ်ခမ်းစွန်းလေးများ ကွေးတက်သွားပြီး မိမိ၏ပရိုဖိုင်းပုံကို အကြည့်ပို့လိုက်သည်။ ပုံမှာ ရေဆေးဖြင့် သူကိုယ်တိုင် ရေးဆွဲထားသည် နက်ပြာရောင်ဂြိုဟ်ငယ်လေးဖြစ်သည်။


သူက မက်ဆေ့ချ်ဘောက်တွင် စာရိုက်လိုက်သည်- “Good night, Mr.Moon.”


Moon - Good night.


────────


လင်ချင်းဟယ်လို Guide လုပ်ပေးမယ့် ကောင်လေးတစ်ယောက်တော့ လိုအပ်နေပါပြီ><