အပိုင်း ၄၁
Viewers 8k

The Moon Is Coming To Me


Chapter-41.1


ထောင်ရှီးက နေ့စဉ်စကားပြောလေ့ကျင့်ရေးကို စလုပ်ခဲ့သည်။ လင်ချင်းဟယ်က သူ့အတွက် အင်္ဂလိပ်စာအုပ်များ၊ ဆောင်းပါးများကိုဖတ်ကာ အသံဖိုင်သွင်းပြီး ပို့ပေးသည်။ ထိုအခါ သူက ထိုအသံဖိုင်များကို ဖုန်းမှတစ်ဆင့်နားထောင်ပြီး လင်ချင်းဟယ်၏အသံထွက်နှင့် လေယူလေသိမ်းအတိုင်း အတုယူကာ လိုက်ရွတ်ကြည့်သည်။


သူက မနက်တိုင်းစောစောထပြီး ကန်တင်း၌ မနက်စာကိုခပ်သွက်သွက်စားကာ ကျောင်းဂိတ်ပေါက်နှင့် အနီးဆုံးရှိ ဘတ်စကတ်ဘောကွင်းသို့ သုတ်ခြေတင်ပြေးသည်။ ဒီဇင်ဘာလ၏ ခိုက်ခိုက်တုန်အောင်အေးသော မနက်ခင်းလေညှင်းကြားတွင် သူ နာရီဝက်ခန့် စကားပြောလေ့ကျင့်သည်။


ထောင်ရှီးက နာရီကိုတစ်ချက်ကြည့်ကာ အင်္ဂလိပ်အဘိဓာန်စာအုပ်ကိုင်လျက် ဘတ်စကတ်ဘောကွင်းထဲမှ ကျောင်းဂိတ်ပေါက်ဆီသို့ ထွက်လာခဲ့သည်။ လင်ချင်းဟယ်က မိနစ်ပိုင်းအတွင်း ရောက်လာလိမ့်မည်။ သူက လုံခြုံရေးအစောင့်၏ရုံးခန်းဘေးတွင် မတ်တပ်ရပ်လျက် စာအုပ်ထဲမှ စာလုံးများကို ခေါင်းတငုံ့ငုံ့နှင့် ကျက်မှတ်နေသည်။


အလွန်ခက်သည့် စာလုံးတစ်လုံးကို ကျက်မှတ်နေချိန်တွင် ထောင်ရှီး၏အရှေ့မှမြင်ကွင်းက ရုတ်တရက် မည်းမှောင်သွားပြီး သူ့လည်ပင်းကို နူးညံ့သောအရာတစ်ခုဖြင့် လွှမ်းခြုံလိုက်သည်ကို ခံစားလိုက်ရသည်။ သူက ထိုအရာကိုဖယ်ပြီး မော့ကြည့်လိုက်ရာ သူ့အား အပြုံးတစ်ပွင့်နှင့် ငုံ့ကြည့်နေသည့် လင်ချင်းဟယ်ကို တွေ့လိုက်ရသည်။


ထောင်ရှီးက အောက်ပြန်ငုံ့ကြည့်လိုက်ရာ သူ့လည်ပင်းပေါ်တွင် အနက်ရောင် ဆိတ်မွေးမာဖလာလေးတစ်ခု ပတ်ထားလျက်သားရှိနေကြောင်း တွေ့လိုက်လေ၏။ မာဖလာလေးမှာ လင်ချင်းဟယ်ထံမှ အနွေးဓာတ်လေးပင် ကျန်ရှိနေဆဲဖြစ်ပေ၏။


လင်ချင်းဟယ်က လက်ဆန့်၍ မာဖလာလေးကို သေချာပြန်ပြင်ပေးလိုက်ပြီး ထောင်ရှီး၏လည်ပင်းတွင် တင်းတင်းကြပ်ကြပ်ပတ်ပေးလိုက်သည်။ ထို့နောက် သူ၏မျက်လုံးတောက်တောက်များကို ကြည့်ရင်း ပြောသည်။


“ ငါ့ကို မနက်အစောကြီး လာမစောင့်နေနဲ့လေ။ ရာသီဥတုက အရမ်းအေးတယ်…”


ထောင်ရှီးက ခပ်နွေးနွေးမာဖလာထဲတွင် မြှုပ်နေသည့် သူ့ခေါင်းလေးကို တသွင်သွင် ခါယမ်းပြလိုက်သည်။


“ တကယ်က ငါစကားပြောလေ့ကျင့်ဖို့ အပြင်ထွက်လာတာပါ။ အေးနေရင် ခေါင်းပိုကြည်တယ်လေ…”


လင်ချင်းဟယ်က ထောင်ရှီး၏အေးခဲနေသောလက်ချောင်းများကို တစ်ချက်ကြည့်လိုက်ပြီး အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ဘာမှတော့မဆိုလာပေ။


နှစ်ဦးသားသည် ရှန်းကျန်းလမ်းမှ စာသင်ဆောင်ဆီသို့ အတူတကွလျှောက်လာခဲ့ကြသည်။ ဤရက်များထဲ ထောင်ရှီးက စကားပြောလေ့ကျင့်ခန်းများကို ညစဉ်ညတိုင်း ပြင်ဆင်ထားပြီး မနက်ခင်းရောက်၍ စာသင်ခန်းသို့ သွားရာလမ်းတွင် လင်ချင်းဟယ်ကို ပြန်ရွတ်ပြသည်။


လင်ချင်းဟယ်က မှားနေသည့်အင်္ဂလိပ်အသံထွက်များကို ပြန်ပြင်ပေးပြီး တစ်ခါတစ်ခါ အလျဉ်းသင့်သလို မေးခွန်းများ ကောက်မေးတတ်သည်။


ထောင်ရှီးမှာ လင်ချင်းဟယ်၏မေးခွန်းများကို ဦးနှောက်ခြောက်အောင် စဉ်းစားပြီးမှ ပြန်ဖြေနိုင်သည်။ မေးခွန်းတစ်ချို့ဖြေပြီးကာမှ လင်ချင်းဟယ်က စာသင်ဆောင်သို့ သွားရာလမ်းကို သွားနေခြင်းမဟုတ်ဘဲ ကုန်မျိုးစုံဆိုင်ဘက်သို့ သွားနေကြောင်းကို သတိထားမိတော့သည်။


“ မနက်စာဝယ်မလို့လား…” ထောင်ရှီးက မေးလိုက်သည်။


လင်ချင်းဟယ်က ဘာစကားမှမဆိုဘဲ ကုန်မျိုးစုံဆိုင်ထဲကိုသာ တန်းတန်းမတ်မတ်ဝင်သွားသည်။ ထောင်ရှီးလည်း သူ့နောက်မှ လိုက်ဝင်လိုက်သည့်အခါ လင်ချင်းဟယ်က ပိုးသားလက်အိတ်တစ်စုံကို လှမ်းယူလိုက်ပြီး ကောင်တာဘက်သို့ ပြန်လာကာ ငွေရှင်းလိုက်သည်ကို တွေ့လိုက်ရသည်။


လင်ချင်းဟယ်က ဆိုင်ပြင်သို့ ပြန်ထွက်လာခဲ့ပြီး အထုတ်ကိုဖောက်၍ လက်အိတ်များကို ထောင်ရှီး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။


ထောင်ရှီးမှာ လက်အိတ်များကို အကြောင်သား ကြည့်လိုက်မိ၏။ လက်အိတ်က အမွှေးပွပွနှင့် လက်ဖမိုးတွင် ဝက်ဝံရုပ်လေးပါသည်။ သူတို့အရုပ်ကောက်စက်မှ ကောက်ခဲ့သည့် ဝက်ဝံရုပ်လေးနှင့်တောင် ခပ်ဆင်ဆင်တူနေသည်။


ထောင်ရှီးက လက်အိတ်ကို အကြောင်သားစိုက်ကြည့်နေသည်ကို မြင်သော် လင်ချင်းဟယ်မှာ ဤလက်အိတ်ကို သူမကြိုက်၍ဖြစ်မည်ဟု ထင်သွားကာ ပြောလိုက်သည်။


“ အခုတော့ ဒါလေးပဲ ဝတ်ထားလိုက်ဦး…”


ထောင်ရှီးက မျက်လွှာပင့်၍ လင်ချင်းဟယ်ကိုမော့ကြည့်လိုက်ပြီး လက်အိတ်တစ်ခုကို ပြန်ပေးလိုက်သည်။ သူက မျက်လုံးလေးများ ကွေးညွှတ်အောင် ပြုံး၍ပြောလိုက်သည်။


“ တစ်ယောက်တစ်ခုစီ ဝတ်ကြမယ်လေ…”


လင်ချင်းဟယ်က ငြင်းလိုက်သည်။  “ ငါမဝတ်တော့ဘူး…”


ထောင်ရှီးက လက်အိတ်ကိုဝတ်လိုက်ပြီးနောက် လက်ဆယ်ချောင်းလုံးကိုဖြန့်၍ ခေါင်းလေးငုံ့ကာ ရှေ့ရော၊ နောက်ရော နှံ့နှံ့စပ်စပ် ကြည့်နေသည်။


နေ့လယ်အတန်းချိန်ပြီးသောအခါ ထောင်ရှီးနှင့် လင်ချင်းဟယ်က ကန်တင်းသို့သွားကာ နေ့လယ်စာအတူတူစားကြသည်။ ၎င်းမှာ သူတစ်လျှောက်လုံး တောင့်တနေခဲ့သည့်အရာဖြစ်ပြီး ယခုတော့ လင်ချင်းဟယ်နှင့်အတူ ကန်တင်းတွင် ထမင်းအတူစားနိုင်လေပြီ။ ကန်တင်းမှ အဒေါ်ကြီးများကလည်း ယနေ့မှ ပန်းလေးတစ်ပွင့်ကဲ့သို့ လှပနေသည်။


ယနေ့မှ ပထမနှစ်ကျောင်းသားတစ်စုကလည်း ကျောင်းသို့လာလည်ကြသဖြင့် ကန်တင်းက လူပြည့်နေသည်။ ထောင်ရှီးက အစားအသောက်ဗန်းလေးကို ကိုင်လျက် လင်ချင်းဟယ်နှင့်အတူ ထိုင်စရာနေရာ လိုက်ရှာသည်။ လမ်းတစ်လျှောက်လုံးတွင် လူအတော်များများက သူတို့နှစ်ယောက်ကို တိတ်တဆိတ် ဝိုင်းကြည့်နေကြသည်။ အထူးသဖြင့် မိန်းကလေးများပင်။ ထောင်ရှီးက သူတို့တိုးတိုးနှင့် ပြောနေကြသည်ကို သတိမထားမိသလို ဂရုလည်းမစိုက်မိပေ။


“ ချင်းဟယ်ကော…”


ထိုစကားသံကိုကြားလျှင် ထောင်ရှီးမှာ ငိုင်ခနဲဖြစ်သွားရ၏။ သူ ခေါင်းလှည့်ကြည့်လိုက်သော် အစားအသောက်ဗန်းကိုင်လျက် ထိုင်စရာနေရာလိုက်ရှာနေဟန်ရှိသော ယန်သောလဲ့ကို တွေ့လိုက်ရလေသည်။ သူ့ဘေးတွင်မူ သူ့အခန်းဖော် ရွှီကျီးချီဖြစ်ပြီး သူ့ကိုတစ်လှည့်၊ လင်ချင်းဟယ်ကိုတစ်လှည့်ကြည့်၍ အကဲခတ်နေသည်။ ခဏကြာသော် ထိုသူ၏မျက်နှာက ကွက်ခနဲပျက်ယွင်းသွားသည်။


ယန်သောလဲ့၏အကြည့်များက ထောင်ရှီးဝတ်ထားသည့် အနက်ရောင် ဆိတ်မွေးမာဖလာဆီသို့ နှစ်စက္ကန့်ကြာ ကျရောက်သွားသည်။ သူ့နှုတ်ခမ်းများ တင်းစေ့သွားပြီး လင်ချင်းဟယ်ထံသို့ လျှောက်သွားကာ အပြုံးနှင့်မေးလိုက်သည်။


“ မင်းတို့ရော ထိုင်စရာခုံ လိုက်ရှာနေကြတာလား…”


လင်ချင်းဟယ်က ခေါင်းညိတ်လိုက်ရင်း ဘေးမှ ထောင်ရှီးကို လှည့်ကြည့်လိုက်သည်။


ထောင်ရှီး၏မျက်နှာအမူအရာက သိပ်တော့ပြောင်းလဲမသွားချေ။ သူက ယန်သောလဲ့နှင့် ရွှီကျီးချီကိုပါ ကောင်းကောင်းမွန်မွန် နှုတ်ဆက်နေသည်။


ရွှီကျီးချီက လင်ချင်းဟယ်ကို ကြည့်လိုက်ပြီး ခဏကြာတွန့်ဆုတ်နေပြီးနောက် မလှမ်းမကမ်းမှ စားပွဲတစ်ခုကို လက်ညှိုးထိုးပြလိုက်ကာ အကြံပေးလိုက်သည်။


“ ကြည့်ရတာ အဲ့ဝိုင်းကလူတွေ စားလို့ပြီးတော့မယ်ထင်တယ်။ ငါတို့တွေ အဲ့နေရာမှာ အတူထိုင်ကြရအောင်လေ…”


ထောင်ရှီးက မသိမသာမျက်မှောင်ကြုတ်သွားပြီး စိတ်ထဲ၌ ကသိကအောက်ဖြစ်မှုက ဆန်တက်လာသည်။


ယန်သောလဲ့ကလည်း အဆိုပါစားပွဲဝိုင်းကို တစ်ချက်ကြည့်ပြီး လင်ချင်းဟယ်ကို‌ ပြောလိုက်သည်။


“ ငါတို့တွေ အဲ့ဝိုင်းမှာပဲ ထိုင်လိုက်ကြမလား။ အဲ့စားပွဲက လေးယောက်ခုံပဲဥစ္စာ…”


လင်ချင်းဟယ်က အရေးတယူမရှိသည့်လေသံဖြင့် “ တော်ပြီ။ ငါတို့ တခြားခုံရှာလိုက်မယ်” သူက စကားခဏရပ်ပြီး ထောင်ရှီးကို ကြည့်ကာ ဆက်ပြောသည်။ “သွားကြစို့…”


ထောင်ရှီးမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး လင်ချင်းဟယ်နှင့်အတူ ထွက်လာခဲ့လိုက်သည်။ မသွားခင်တွင် ယန်သောလဲ့က သူ့အား ခပ်စူးစူးစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။


ရွှီကျီးချီက ယန်သောလဲ့နှင့်သာ ထိုင်လိုက်ရပြီး ယန်သောလဲ့၏မျက်နှာကို အကဲခတ်ရင်း စကားအစရှာလိုက်သည်။


“ အဲ့ဒီကောင်က ဒီမှာတစ်နှစ်ပဲ နေလို့ရမှာ။ အထက်တန်းတတိယနှစ်ရောက်ရင် မြောင်းကြားထဲ ပြန်သွားရမယ့်ကောင်။ နောက်ဆို မင်း အဲ့ကောင်နဲ့ ပတ်သက်စရာအကြောင်းမရှိတော့ပါဘူး…”


ယန်သောလဲ့ကလည်း သူ့ကဲ့သို့ပင် ထောင်ရှီးကို အမြင်မကြည်ကြောင်းနှင့် လင်ချင်းဟယ်နှင့်ထောင်ရှီးအား အတူတွဲမြင်ရသည်ကို မျက်စိစပါးမွှေးစူးနေကြောင်း သူသိသည်။


ယန်သောလဲ့က မျက်လွှာချထားသောကြောင့် သူ့မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူက ဤသို့သာ ပြောလာသည်။


“အခုလည်း သူက ငါတို့နဲ့ ဘာမှမပတ်သက်ပါဘူး…”


အမိအရပင် ရွှီကျီးချီကလည်း သဘောတူထောက်ခံလိုက်သည်။


“ ဟုတ်တယ်။ သူက ငါတို့နဲ့ ဘဝချင်းမတူဘူး…”


….


ဒီဇင်ဘာလတွင် အအေးလိုင်းတစ်ခုပြီးတစ်ခု ဖြတ်နေသောကြောင့် ဝမ်းဟွာမြို့၏အပူချိန်က ကျဆင်းသည်ထက်ကျဆင်းလာသည်။ ထောင်ရှီးက ဆောင်းတွင်းဝတ်ကျောင်းယူနီဖောင်းကို စောစောစီးစီးလဲဝတ်ပြီး အိပ်ယာမှ နေ့တိုင်းအစောကြီးထကာ စာလုပ်သည်။ ဆယ်ကျော်သက်အချစ်ကြောင့် ကျောင်းစာကိုထိခိုက်စေသည်ဟူသည်က အတွေးအမှားသာဖြစ်ရမည်။ မူလက သူမလုပ်နိုင်ဟု ထင်ထားသမျှကို ပို၍ပင် ကောင်းကောင်းမွန်မွန် သင်ယူတက်မြောက်နိုင်လာသည်။


ဤတစ်လောအတွင်း သူ ချင်းဟွာပန်းချီအဖွဲ့အစည်းသို့ အောင်မြင်စွာ အသင်းဝင်နိုင်ခဲ့ပြီး လူအယောက်တစ်ရာကျော်ရှိသည့် WeChat ဂရုထဲသို့လည်း ဝင်နိုင်ခဲ့သည်။ ဒုဥက္ကဌ ကွမ်းဖန်ယွင့်က သူ့ WeChat ကို အရင်ဦးစွာ လာအပ်ခဲ့သည်။ ထိုအခါမှ ဤအမျိုးသမီးမှာ သူပြပွဲတွင်တစ်ခေါက်တွေ့ခဲ့ဖူးသော ယန်ကျန်းမင်၏ချစ်သူဖြစ်ကြောင်းကို သတိရမိတော့သည်။


နေ့လယ်ခင်းနားချိန်တွင် လင်ချင်းဟယ်က ပြိုင်ပွဲအတွက် ကျောင်းမှစီစဉ်ပေးသော အချိန်တိုလေ့ကျင့်ရေးသင်တန်းကို ထွက်သွားသောကြောင့် ထောင်ရှီးတစ်ယောက် ပျင်းပျင်းနှင့် ကွမ်းဖန်ယွင့်၏ Moments များကို ထိုင်ကြည့်နေသည်။


ကွမ်းဖန်ယွင့်၏ Moments အများစုက ဆယ်ဖီပုံများနှင့် လက်ဆောင်များကို ကြွားတင်ထားသည့် ပိုစ့်များဖြစ်ပြီး ယန်ကျန်းမင်၏ပုံတစ်ပုံတောင် မပါပါချေ။ ထို့အတူ သူမဆွဲထားသည့် ပန်းချီကားတစ်ချို့ကိုတင်ထားသည့် ပို့စ်များလည်းရှိသည်။ ထောင်ရှီးက ပန်းချီကားကို ချဲ့ကြည့်လိုက်သည့်အခါ အလွန်သာမန်ဆန်နေသည်ဟု တွေးမိလေ၏။ ဖန်းဆွေ့နှင့်ယှဉ်ရန်ပင် တန်းမညီပေ။ သူမ ဘယ်လိုဒုဥက္ကဌဖြစ်လာသည်လဲ၊ ယန်ကျန်းမင်က အဘယ်ကြောင့် သူမကို ဖန်းဆွေ့၏အစားထိုးခံအဖြစ် အသုံးချနေသည်လဲ သူ နားမလည်ပါချေ။


ထောင်ရှီး အလွန်ပျင်းရိလာသည်။ သူ WeChat ထဲမှ ထွက်လိုက်ပြီး ဖုန်းပိတ်လိုက်ကာ TOEFL မေးခွန်းများကို စမ်းဖြေကြည့်ရန် ဘောပင်ထုတ်လိုက်သည်။ သို့သော် ခဏအကြာတွင် ကျောင်းသားတစ်ယောက်က သူ့ထံသို့ ရောက်လာပြီး ပြောသည်။


“ ထောင်ရှီး၊ ငါ လုံခြုံရေးအစောင့်ရဲ့ စာတိုက်ပုံးမှာ စာသွားယူတော့ မင်းအဖေနဲ့ တွေ့ခဲ့တယ်။ မင်းအဖေက မင်းကို လာခဲ့ဖို့ပြောလိုက်တယ်…”


ထောင်ရှီးက လက်ထဲမှ ဘောပင်ကို တင်းနေအောင် ဆုပ်လိုက်သည်။


“ ငါသိပြီ။ ကျေးဇူးတင်ပါတယ်…”


“ ငါလမ်းမှာနည်းနည်းကြာနေတာနဲ့ မင်းအဖေတော့ အကြာကြီး စောင့်နေရတော့မယ်ထင်တယ်။ ဆောရီးကွာ…” ကျောင်းသားက တောင်းပန်လာသည်။


“ ရပါတယ်…”


ထောင်ရှီးက ကျောင်းသားကို ကျေးဇူးတင်စကားထပ်ဆိုလိုက်ပြီး လွယ်အိတ်ထဲမှ သားရေကွင်းဖြင့် လိပ်ချည်ထားသည့် ပိုက်ဆံလိပ်ကို ထုတ်လိုက်သည်။ ဤပိုက်ဆံကို သူ ယခင်ကတည်းက ပြင်ဆင်ထားခြင်းဖြစ်ပြီး တစ်နေ့ ထောင်ကျန်း သူ့ကိုလာရှာလျှင် အဆင်သင့်ဖြစ်အောင် လုပ်ထားခြင်းဖြစ်သည်။


ထောင်ကျန်းက အလုပ်ရသွားသော်လည်း လောင်းကစားရှုံး၍ ပိုက်ဆံကုန်သွားသောကြောင့် သူထံ ပိုက်ဆံလာတောင်းခြင်းဖြစ်မည်။ ဤ “အဖေ” ၏အကြောင်းကို သူ နှောကြေနေလေပြီ။


ဘယ်လောက်ဖြည့်ဖြည့် မပြည့်နိုင်သည့် အသူရာခြောက်နက်ကြီးမှန်း သိနေသည့်တိုင် ယာယီပဲဖြစ်ဖြစ် သူအနေနှင့် အတတ်နိုင်ဆုံး ဖြည့်တင်းပေးရဦးမည်ပင်။


လင်ချင်းဟယ်နှင့်အတူရှိနေသည့် သူ့ဘဝကို မည်သူ့ကိုမှ ဖျက်ဆီးခွင့်မပြုနိုင်ပါချေ။


ထောင်ရှီးက ပိုက်ဆံကိုင်လျက် လုံခြုံရေးအစောင့်၏ရုံးခန်းသို့ ခပ်သွက်သွက်ထွက်လာခဲ့သည်။ သို့သော်လည်း ထောင်ကျန်း၏ အရိပ်ကိုတောင် မမြင်ရချေ။ မနက်တိုင်း ကျောင်းပေါက်ဝတွင် အင်္ဂလိပ်စာလာကျက်တတ်သောကြောင့် သူနှင့်ရင်းနှီးနေပြီဖြစ်သော လုံခြုံရေးအစောင့်က သူ့ကိုတွေ့သော် လက်ယမ်းပြသည်။


“ လွန်ခဲ့တဲ့ နာရီဝက်လောက်က မင်းအဖေလာသေးတယ်။ ပြီးတော့ ပြန်ထွက်သွားတယ်…”


ထောင်ရှီးက မျက်မှောင်ကြုတ်သွားပြီး ဘာကြောင့်မှန်းမသိ ရင်ထဲတွင် မကောင်းသောခံစားချက်များ ပေါက်ဖွားလာခဲ့သည်။


သူက ခဏကြာ တိတ်ဆိတ်နေပြီးမှ လုံခြုံရေးအစောင့်ကို မေးလိုက်သည်။


“ သူတစ်ခုခုပြောသွားသေးလား…”


လုံခြုံရေးအစောင့်က သက်ပြင်းချကာ လေးနက်သောမျက်နှာထားဖြင့် ထောင်ရှီးကို ကြည့်လိုက်သည်။ သူက တစ်ခုခုပြောချင်သည့်နှယ် တွေဝေသွားသော်လည်း စက္ကန့်အနည်းငယ်အကြာတွင်မှ ဤသို့ ပြောလာခဲ့သည်။


“ ဘာမှမပြောသွားဘူး။ မင်း နောက်အတန်းချိန်တက်ဖို့အတွက် အတန်းပြန်တော့လေ…”


ထောင်ရှီးမှာ သင်္ကာမကင်းဖြစ်သွားရသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ သူပြန်ခါနီးတွင် လုံခြုံရေးအစောင့်က သူ့ကို တီးတိုးကပ်ပြောလာသည်။


“ ရှေ့လျှောက် မင်းအဖေကို ကျောင်းကိုသိပ်မလာဖို့ ဖျောင်းဖျကြည့်ပါလား…”


ထောင်ရှီး၏ နှုတ်ခမ်းများတင်းစေ့သွားကာ မျက်လွှာချလျက် ပြောလိုက်သည်။


“ ကျွန်တော် တောင်းပန်ပါတယ်။ ဦးလေးကို အလုပ်ရှုပ်စေမိပြန်ပြီ…”


ထောင်ကျန်းက ပြီးခဲ့သည့်အခေါက်ကကဲ့သို့ လုံခြုံရေးအစောင့်၏အခန်းကို ဝင်ရောက်သောင်းကျန်းသွားပြန်သဖြင့် အစောင့်က သူ့အား ပြေလည်အောင် ညှိညှိနှိုင်းနှိုင်းနှင့် ပြောလာခြင်းဖြစ်လိမ့်မည်။


လုံခြုံရေးအစောင့်က လက်ယမ်းပြပြီး အလိမ္မာနည်းသုံး၍ ပြန်ပြောလိုက်သည်။


“ မဟုတ်တာ။ ငါပြောချင်တာ အဲ့ဒီအဓိပ္ပာယ်နဲ့မဟုတ်ဘူး။ မင်းအဖေက စိတ်ခံစားလွယ်တတ်တော့ ငါက မင်းရဲ့ပညာရေးမှာ ထိခိုက်စေမှာစိုးလို့ပါ…”


ထောင်ရှီးက လုံခြုံရေးအစောင့်ကို ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။


လုံခြုံရေးအစောင့်က ထွက်ခွာသွားသည့်ထောင်ရှီးကိုကြည့်ရင်း တာဝန်လဲရန်ရောက်လာသည့် သူ့လုပ်ဖော်ကိုင်ဖက်ကို သက်ပြင်းတချချနှင့်ပြောသည်။


“ အဲ့ကောင်လေးက လိမ္မာရေးခြားရှိတဲ့ပုံလေးပါ။ သူ့အဖေကျမှ ဘယ်လိုကြီးမှန်း မသိဘူး…”


လုပ်ဖော်ကိုင်ဖက်က စပ်စပ်စုစုနှင့် မေးသည်။


“ မင်းနဲ့ ပြဿနာဖြစ်ထပ်ပြန်တာလား…”


လုံခြုံရေးအစောင့်က ခေါင်းခါသည်။


“ ငါနဲ့တော့မဟုတ်ဘူး။ အဲ့ဒါက…”


သူက စကားရပ်လိုက်ပြီး သက်ပြင်းချသည်။


“ ဟူး...ထားလိုက်ပါတော့။ ဒီတိုင်း ယဉ်ကျေးမှုမရှိတဲ့ ကျေးလက်ကလူတစ်ယောက်ပဲလေ။ မပြောနေတော့ပါဘူး…”


ယနေ့မနက် သူရုံးခန်း၌ တာဝန်ကျနေစဉ် ထောင်ကျန်းက လည်သာရှူးဖိနပ်တစ်ရံနှင့်အတူ သူ့ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ ပြီးခဲ့သည့်အခေါက်က အဖြစ်အပျက်ကြောင့် ဤကျောင်းသားမိဘအပေါ် အစောင့်က အမြင်မကြည်ချင်။ သူက အတန်းပိုင်ဆရာ၏ခွင့်ပြုချက်မပါဘဲ စာသင်ကျောင်းထဲသို့ ဝင်လို့မရဟု ပြောရန်ပြင်လိုက်စဉ် ယန်သောလဲ့က သူ့ရုံးခန်းထဲသို့ ဝင်လာခဲ့သည်ကို တွေ့လိုက်ရသည်။


သူ ချက်ချင်း ပြုံးကာ နှုတ်ဆက်လိုက်သည်။


“ ယန်သောလဲ့၊ ခွင့်ယူပြီး အိမ်ပြန်ဦးမလို့လား…”


ယန်သောလဲ့က ပြန်မဖြေရသေးခင် ထောင်ကျန်းက ရုတ်ခြည်းဆိုသလို ခြေလှမ်းကျဲကြီးများဖြင့် ရောက်လာပြီး ထူးဆန်းသောမျက်နှာထားဖြင့် ကျယ်လောင်စွာ မေးလာခဲ့သည်။


“ မင်းနာမည်က ဘယ်သူလဲ။ ယန်သောလဲ့လား…”


ယန်သောလဲ့က ထိတ်လန့်သွားဟန်တူပြီး ထောင်ကျန်းကို စူးစူးရဲရဲကြည့်လျက် ပြောလိုက်သည်။


“ ခင်ဗျားက ဘယ်သူလဲ…”

The Moon Is Coming To Me 


Chapter-41.2


လုံခြုံရေးအစောင့်မှာ တစ်ခုခုလွဲချော်နေကြောင်း အာရုံခံမိသဖြင့် ယန်သောလဲ့ကို ကာကွယ်မည်ပြုသော်လည်း ထောင်ကျန်းက ရုတ်ခြည်းဆန်စွာ ယန်သောလဲ့၏ ညာလက်ကို ဆွဲလိုက်ပြီး အင်္ကျီလက်ကိုလှန်တင်လိုက်သည်။ ထိုအခါ ညာလက်ကောက်ဝတ်ပေါ်မှာ မွေးရာပါ အနီရောင်အမှတ်က ပေါ်လာလေ၏။


ထိုအခိုက်တွင် ဖြစ်ပျက်သွားသော ထောင်ကျန်း၏အကြည့်ကို သူအဓိပ္ပာယ်မဖော်တတ်ခဲ့ပါချေ။ သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်က ထောင်ကျန်း၏မျက်နှာမှာ ဝိုင်သောက်ထားသည့်အလား နီရဲနေပြီး မွေးရာပါအမှတ်နှင့် ယန်သောလဲ့၏မျက်နှာကို တစ်လှည့်စီ ကြည့်ရင်း မျက်လုံးများက ရွှန်းရွှန်းစိုစွာ ပါးစပ်မှ “ငါ့သား” ဟု တစ်တွတ်တွတ် ရေရွတ်နေခဲ့သည်ကိုပင်။


ယန်သောလဲ့က ရုန်းသေးသည်။ သို့သော် ထောင်ကျန်း၏ရေရွတ်သံကို ကြားသွားသည့်အခါ မျက်နှာက ထိတ်လန့်တုန်လှုပ်စွာ ဖြူဖျော့သွားပြီး နှုတ်ခမ်းများလည်း တုန်ယင်လို့လာကာ ရုန်းကန်ဖို့ကိုပင် မေ့လျော့သွားခဲ့သည်။


လုံခြုံရေးအစောင့်မှာ ဤလူတော့ စိတ်ရူးဖောက်သွားပြီးတွေးကာ ထိုနှစ်ယောက်ကို ခွဲထုတ်ရန် ကြိုးစားသည်။ ထိုအခိုက် ထောင်ကျန်းက လက်ကိုပြန်လွှတ်ပေးလိုက်သည်။ သူက ယန်သောလဲ့ကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း ရုတ်တရက် လက်ညှိုးထိုးကာ ပြောသည်။


“ ငါနဲ့ခဏလိုက်ခဲ့။ ငါမင်းကို ပြောစရာစကားရှိတယ်…”


လုံခြုံရေးအစောင့်က ယန်သောလဲ့ကို သူ့အနောက်တွင်ထား၍ ကာကွယ်လိုက်ပြီး ထောင်ကျန်းအား ဒေါသတကြီး ပြောလိုက်သည်။


“ ခင်ဗျားက ထောင်ရှီးကို လာတွေ့တာမလား…။ သူ မကြာခင် ထွက်လာလိမ့်မယ်။ ဒီကျောင်းသားက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး…”


ထောင်ကျန်းက စိတ်မရှည်လက်မရှည်နှင့် စီးကရက်တစ်လိပ်ကို ထုတ်လိုက်ပြီး ဒေါကန်စွာပြောသည်။


“ သူက ဒီလောင်ကျစ်နဲ့ ဆိုင်မဆိုင် မင်းက ဘယ်လောက်သိလို့လဲ…”


သူက စီးကရက်ကို မီးညှိလိုက်ပြီး လက်ကြားထဲညှပ်လျက် ယန်သောလဲ့ကို စီးကရက်နှင့် ညွှန်လိုက်ကာ ခြိမ်းခြောက်လိုက်သည်။


“ မင်း လိုက်မလာရင် ငါ ဒီမှာပဲ ပြောရလိမ့်မယ်…”


စကားဆုံးသည်နှင့် သူက အစောင့်၏ရုံးခန်းထဲမှ ထွက်သွားပြီး တံခါးအပြင်ဘက်တွင် စီးကရက်ဖွာရင်း ယန်သောလဲ့ထွက်လာမည်ကို စောင့်နေသည်။


လုံခြုံရေးအစောင့်က ယန်သောလဲ့ကို လှည့်ကြည့်လိုက်ပြီး ဤလူကို သိ၊ မသိမေးမည်ပြင်လိုက်စဉ် ယန်သောလဲ့၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ချွေးအေးများလည်း နဖူးထက်မှ တပေါက်ပေါက် စီးကျနေကာ အိပ်မက်ဆိုးမှ နိုးထလာသည့်နှယ် မျက်လုံးများက နွမ်းနယ်ပြီး ကြောင်စီစီဖြစ်နေသည်ကို သတိပြုမိသွားလေသည်။


ယန်သောလဲ့က တိုးဖွဖွပြောလာ၏။


“ သူက ထောင်ရှီးကို လာရှာတာလား…”


အစောင့်က စိတ်ပူစွာ ပြောလိုက်သည်။


“ ဟုတ်တယ်။ သူက ထောင်ရှီးရဲ့အဖေလေ။ မင်း သူ့ကို မသိရင် လိုက်မသွားနဲ့။ ကျောင်းထဲ အရင်ပြန်ဝင်ပြီး မင်းအိမ်က လာကြိုတဲ့အချိန်ကို စောင့်နေ…”


ယန်သောလဲ့၏မျက်နှာက ပို၍ပင် ဖြူဖျော့သွားပြီး ခေါင်းကိုလေးပင်စွာ ခါယမ်းလိုက်သည်။ သူက တံခါးအပြင်သို့ထွက်ခါနီးတွင် ရုတ်တရက် ပြန်လှည့်လာကာ အစောင့်ကို ပြောလိုက်သည်။


“ ဦးလေး၊ ဒီကိစ္စကို ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့…”


သူ့မျက်လုံးများက ညှိုးငယ်နေပြီး ဟောက်ပက်ပက်ဖြစ်နေသည်။


လုံခြုံရေးအစောင့်မှာ ကြောင်အသွားလျက် ခေါင်းညိတ်ပြလိုက်ကာ “ကောင်းပါပြီ” ဟု ပြောလိုက်သည်။


သို့သော်လည်း သူက စိုးရိမ်တကြီးဖြင့် ထပ်မေးလိုက်သေးသည်။


“ တကယ်အဆင်ပြေရဲ့လား…”


ယန်သောလဲ့က သွေးစုတ်ဖြူရော်နေသည့် သူ့နှုတ်ခမ်းများကို ဟလိုက်သည်။ သို့သော်လည်း အဆုံး၌ ဘာမှမပြောဖြစ်ဘဲ လှည့်ထွက်လာခဲ့သည်။


လုံခြုံရေးအစောင့်မှာ ထွက်ခွာသွားသော ယန်သောလဲ့နှင့် ထောင်ကျန်းကို ကြည့်ရင်း စိုးရိမ်စိတ်များဝင်လာသည်။ ယန်သောလဲ့က ထောင်ကျန်းကို မြွေများကင်းများ တွေ့သည့်ပမာ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေသည်။ သို့သော်လည်း အပြီးတိုင် မပထုတ်ခဲ့ပါချေ။ ထိုနှစ်ဦးက လမ်းသွားရင်းနှင့်လည်း ဒေါသတကြီး ငြင်းခုံစကားများနေကြသည်။


အစောင့်က အတန်ကြာအောင် ဖြစ်နိုင်ခြေပေါင်းစုံကို ခန့်မှန်းကြည့်ခဲ့သော်လည်း အဖြေထွက်မလာခဲ့ချေ။ မစ္စတာယန်ကို ဖုန်းခေါ်ရန် သူစဉ်းစားလိုက်သေးသော်လည်း ယန်သောလဲ့က ဘယ်သူ့မှ မပြောပါနဲ့ဟု မှာထားသဖြင့် လက်လျှော့လိုက်ရသည်။



ထောင်ရှီးက မပေးလိုက်ရသည့်ပိုက်ဆံနှင့်အတူ စာသင်ခန်းထဲသို့ ပြန်လာခဲ့ချိန်၌ လင်ချင်းဟယ်က နေရာတွင်ပင် ထိုင်နေလေပြီ။ သူ မျက်နှာထားကို ပြန်ပြင်ရင်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ လင်ချင်းဟယ်ကို သွက်သွက်လက်လက်နှင့် မေးလိုက်သည်။


“ လေ့ကျင့်ရေးပြီးတာ ကြာပြီလား…”


လင်ချင်းဟယ်က ပြန်မဖြေ။ ထို့အစား မျက်လွှာချကာ ထောင်ရှီး၏မျက်ဝန်းများကို ငုံ့ကြည့်ရင်း လက်ဆန့်၍ သူ့မေးဖျားလေးကို ညှစ်လိုက်သည်။ ထို့နောက် လက်မလေးဖြင့် သူ့နှုတ်ခမ်းစွန်းလေးကို ဖိလိုက်ပြီး အပေါ်သို့ပင့်တင်လိုက်ရင်း မေးလိုက်သည်။


“ ဘာဖြစ်လို့ဝမ်းနည်းနေပြန်တာလဲ…”


ထောင်ရှီး ကြက်သေသေသွားရသည်။ အနီးတစ်ဝိုက်တွင် မည်သူမျှ ရှိမနေတာသေချာမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူ လင်ချင်းဟယ်၏လက်ကို ရှောင်လိုက်ပြီး TOEFL မေးခွန်းများကို လင်ချင်းဟယ်၏စားပွဲခုံပေါ်တင်ရင်း ပြောလိုက်သည်။


“ အဖတ်စွမ်းရည် မေးခွန်းတွေ အများကြီးမှားထားလို့…”


လင်ချင်းဟယ်က သူ့ကို မေးခွန်းဆက်မထုတ်တော့ဘဲ အဖတ်စွမ်းရည် မေးခွန်းများကိုသာ ရှင်းပြပေးလာသည်။


ထောင်ရှီးက နေ့လယ်ခင်းနားချိန်မှစ၍ ညပိုင်းကိုယ်ပိုင်စာလေ့လာချိန်အထိ အချိန်သတ်သတ်မှတ်မှတ်နှင့် အင်္ဂလိပ်စာ‌ လေ့ကျင့်သည်။ လင်ချင်းဟယ်ကလည်း အားလပ်သည်နှင့် သူ့ကို စာသင်ပြပေးသည်။


“ မင်းဖုန်းလာနေတယ်…”


ညနေစောင်းချိန်တွင် ထောင်ရှီးက ဖုန်းသံကြားလိုက်ရသောကြောင့် လင်ချင်းဟယ်၏လက်ကို လှမ်းပုတ်လိုက်သည်။


လင်ချင်းဟယ်က လက်ထဲမှ ဘောပင်ကိုချလိုက်ပြီး ဖုန်းထုတ်ကာ ကြည့်လိုက်ရာ လော်ကျန်းယင်းထံမှ ဖြစ်နေခဲ့သည်။ သူ မျက်မှောင်အသာကြုတ်ကာ “ငါ့အမေဆီက” ဟု ထောင်ရှီးကို ပြောလိုက်ပြီး ဖုန်းကိုင်လိုက်သည်။


ထောင်ရှီးက ရှောင်ပေးလိုက်မည်ပြုသော်လည်း လင်ချင်းဟယ်၏ ကျန်လက်တစ်ဖက်က သူ့လက်ကို စားပွဲအောက်မှ ဆုပ်ကိုင်လာလေသည်။ သူ့လက်ချောင်းများကို ဆိတ်လိုက်ဆွလိုက် ဆော့ကစားနေသောကြောင့် ထောင်ရှီးမှာ လက်ချောင်းထိပ်များပင် ယားယံလာရသည်။


“ ဟုတ်ကဲ့၊ ကျွန်တော် ပြန်လာခဲ့ပါ့မယ်…”


လင်ချင်းဟယ်၏မျက်မှောင်များက အလွန်အမင်းတွန့်ချိုးသွားသည်။ သူက ခဏကြာ တွေးတောနေပြီးနောက်မှ ထောင်ရှီးကို ပြောလာသည်။


“ အိမ်မှာ ကိစ္စတစ်ခုပေါ်လာလို့။ ငါ ဒီညတော့ ခွင့်ယူမှဖြစ်မယ်…”


ထောင်ရှီးမှာ စိတ်ထဲလေးလံသွားပြီး မေးလိုက်သည်။


“ အရေးကြီးကိစ္စလား…”


လင်ချင်းဟယ်က ခေါင်းခါလိုက်သည်။ သူက ထောင်ရှီး၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း တိုးဖွဖွပြောလေသည်။


“ TOEFL စာမေးပွဲအတွက် စိတ်မပူပါနဲ့။ တကယ်လို့ မင်း မအောင်ရင်တောင် ကိစ္စမရှိဘူး၊ ဘယ်နှကြိမ်ပဲဖြစ်ဖြစ် ပြန်ဖြေလို့ရတယ်…”


သူနေ့လယ်က မေးခွန်းများစွာမှားထားသောကြောင့် ဝမ်းနည်းနေသည်ဟု ပြောခဲ့ခြင်းကို လင်ချင်းဟယ်က သတိတရရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ လင်ချင်းဟယ်၏ လက်ဖဝါးလေးကို ကုတ်လိုက်ပြီး အပြုံးလေးတစ်ပွင့်နှင့် ဆိုလိုက်သည်။


“ ငါအခု စိတ်မပူတော့ပါဘူး…”


လင်ချင်းဟယ်က ထရပ်လိုက်ပြီး လွယ်အိတ်ကိုကောက်လွယ်လိုက်ကာ “မနက်ဖြန်မှတွေ့မယ်” ဟု နှုတ်ဆက်ပြီး စာသင်ခန်းထဲမှ ထွက်သွားတော့သည်။


ထောင်ရှီးက လင်ချင်းဟယ်၏ နောက်ကျောလေး ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေပြီးနောက် အိပ်ထောင်ထဲတွင် ထည့်ထားသည့် ပိုက်ဆံလိပ်ကို ကျောပိုးအိတ်ထဲသို့ ပြောင်းထည့်လိုက်သည်။


ထောင်ကျန်းက ကျောင်းကိုလာတုန်းကလာပြီး လမ်းတစ်ဝက်ကျမှ ဘာကြောင့် ပြန်ထွက်သွားရသနည်း။


ထောင်ကျန်းက ရုတ်တရက်ကြီး အမြင်မှန်ရသွားလိမ့်မည်ဟူ၍တော့ သူ မထင်မိပေ။


ထောင်ရှီးမှာ အတော်ကြာ စဉ်းစားနေခဲ့သော်လည်း အဖြေကိုရှာမရပါချေ။


────────


စာရေးသူတွင် ပြောစရာစကားရှိ၏။


အရင်ကပြောခဲ့တဲ့အတိုင်းပဲ ယန်သောလဲ့က သူ့မိဘတွေရဲ့ သားအရင်းမဟုတ်ဘူးလို့ မကြာခဏ အိပ်မက်တွေမက်လေ့ရှိပါတယ်။