အပိုင်း ၄၂
Viewers 8k

The Moon Is Coming To Me


Chapter-42.1


“လဲ့လဲ့ ၊ အပြင်ထွက်ပြီး ညစာလေးလာစားပါဦး…”


လော်ကျန်းယင်းက ရုပ်ရှင်ခန်း၏တံခါးကို နောက်တစ်ကြိမ် ထပ်ခေါက်လိုက်ပြန်သော်လည်း အထဲမှ ရုပ်ရှင်သံသဲ့သဲ့မှအပ မည်သည့်အသံမှမကြားရပါချေ။ ယန်သောလဲ့က တိတ်ဆိတ်နေဆဲဖြစ်ပြီး အခန်းတံခါးကိုလည်း လော့ခ်ချထားသည်။ နေ့လယ်ခင်းအိမ်ပြန်လာသည့်အချိန်မှစ၍ ညနေရောက်သည်အထိ ခြောက်နာရီကျော်လုံးလုံး အခန်းထဲမှ အပြင်ကို လုံးဝထွက်မလာခဲ့ခြင်းပင်။


လော်ကျန်းယင်းက သက်ပြင်းချလျက် တံခါးရှေ့တွင် အတန်ကြာ တိတ်ဆိတ်စွာရပ်နေပြီးနောက် လင်ချင်းဟယ်ကို WeChat ကနေ စာထပ်ပို့လိုက်သည်။


ယန်သောလဲ့က သူ့အဖိုးအဖွားများအိမ်၌သာ နေထိုင်နေသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း ယနေ့ နေ့လယ်တစ်နာရီတွင် လင်မိသားစုဗီလာသို့ မပြောမဆိုနှင့် ရောက်ချလာခဲ့သည်။ ယန်သောလဲ့က မျက်နှာဖြူဖပ်ဖြူရော်နှင့် ဒယိမ်းဒယိုင် လျှောက်လာခဲ့သည်မို့ လော်ကျန်းယင်းမှာ သူနေမကောင်းဖြစ်ပြန်သည်ဟု ထင်သွားပြီး စိုးရိမ်တကြီးဖြင့် အရေးပေါ်ကားပင်ခေါ်ရန် ပြင်ခဲ့သည်။ သို့သော် ယန်သောလဲ့က မလိုကြောင်းတားခဲ့သည်။


လော်ကျန်းယင်းမှာ စိုးရိမ်စွာ ဘေးမှတဖွဖွမေးနေခဲ့သော်လည်း ယန်သောလဲ့က နှုတ်ဆိတ်၍သာနေပြီး မျက်နှာကလည်း သွေးဆုတ်ဖြူရော်နေသည်။ အတော်ကြာမှ သူက ရုတ်တရက်ကြီး သူမကို မေးလာခဲ့သည်။


“ လော်မားမား၊ အဲ့ဒီတုန်းက ကျွန်တော့်…အမေက ကျွန်တော့်ကို ဘယ်မှာမွေးခဲ့တာလဲ…”


လော်ကျန်းယင်းမှာ ယန်သောလဲ့က ဤမေးခွန်းမျိုးမေးလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ လွန်ခဲ့သော ဆယ့်ခြောက်နှစ်ကျော်အကြာက ယန်သောလဲ့၏မွေးဖွားမှုကို သူမနှင့် ဖန်းမိသားစု၏လူအိုစုံတွဲအပါအဝင် မည်သူမှ ပြန်မပြောချင်ကြပေ။ ထိုစဉ်က သူမမှာ ကလေးမွေးပြီးခါစဖြစ်သောကြောင့် မီးနေသည်များ ဖြစ်လေ့ဖြစ်ထရှိသည့် စိတ်ကျရောဂါကို ခံစားနေရရာ ဖန်းလူအိုစုံတွဲနှင့် ယန်ကျန်းမင်တို့နှင့်အတူ ဖန်းဆွေ့ နောက်ဆုံးခေါင်းချခဲ့သည့်နေရာကို မသွားဖြစ်လိုက်ပေ။


ယန်သောလဲ့က သူ့အမေကို သတိရနေပြန်ပြီဟု လော်ကျန်းယင်းက ထင်သွားခဲ့သည်။ သို့သော်လည်း သူမအနေနှင့် ထိုအကြောင်းကို ဤနှစ်များတစ်လျှောက်လုံး ဘယ်သောအခါမှ ပြန်မတွေးလိုခဲ့ပေ။ သူမက မျက်လုံးနီနီများဖြင့် ပြောလိုက်သည်။


“ အဲ့ဒီတုန်းက ဖုန်းလက်ခံတစ်ခုကြောင့် သားရဲ့အဖိုးနဲ့အဖွားက သားကိုသွားခေါ်ဖို့ ချင်းရွှေခရိုင်ကို ထွက်သွားခဲ့ကြတယ်။ အားဆွေ့က တစ်ချိန်လုံး အဲ့နေရာမှာ ရှိနေခဲ့တာလို့ ဦးလေးဖန်းက မားကို ပြောပြတယ်။ ဒါပေမဲ့ နေရာအတိအကျကိုတော့ ဦးလေးဖန်းက လုံးဝမပြောပြခဲ့ဘူး။ စိတ်ရင်းကောင်းတဲ့ လယ်သမားတစ်ယောက်က အားဆွေ့ကို စောင့်ရှောက်ပေးခဲ့တယ်ဆိုတာပဲ မားသိရတယ်…”


ဖန်းကျူချင်းက ရှေးရိုးစွဲသူတစ်ဦးဖြစ်သည့်အလျောက် သူ့သမီး၏ဖြစ်ရပ်မှာ သူ့အတွက် ဝမ်းနည်းပူဆွေးစရာ ဖြစ်ခဲ့ရုံမျှမက လျှို့ဝှက်ထားရမည့်ကိစ္စလည်း ဖြစ်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် မည်သူ့ကိုမှ ထုတ်ပြောခြင်းမရှိခဲ့သလို လော်ကျန်းယင်းကိုယ်တိုင်ကလည်း ထိုဝမ်းနည်းပူဆွေးဖွယ်နေရာကို မသွားရဲခဲ့ပါချေ။


“ ချင်းရွှေခရိုင်…” ယန်သောလဲ့က ဟောက်ပက်ပက်မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။


“ လဲ့လဲ့၊ သားဘာဖြစ်လို့လဲ…” လော်ကျန်းယင်းက ယန်သောလဲ့ကို စိတ်ပူစွာ ကြည့်လိုက်သည်။ သူမ အချစ်ဆုံးဤကလေးကို ယခုလို ဆိုးဆိုးဝါးဝါး မျက်နှာပျက်ယွင်းနေပုံမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ချေ။


ယန်သောလဲ့က သူမကိုပြန်မဖြေဘဲ အခန်းထဲဝင်ပြီး လော့ခ်ချသွားသည်။ သူမမှာ တံခါးအပြင်မှနေ၍ အကြိမ်ကြိမ်ဖျောင်းဖျပါသော်လည်း အကျိုးမထူးသောကြောင့် လင်ချင်းဟယ်ကိုသာ ဖုန်းလှမ်းခေါ်လိုက်ရသည်။ ဟိုယခင်ကတည်းက ယန်သောလဲ့ စိတ်အလိုမကျချိန်တိုင်း လင်ချင်းဟယ်က သွားရောက်ချောမော့ပေးမှသာ စိတ်ဆိုးပြေတတ်လေ့ရှိသည်။


လော်ကျန်းယင်း အောက်ထပ်သို့ ပြန်ဆင်းလာချိန်၌ အိမ်ထဲသို့ဝင်လာသည့် လင်ချင်းဟယ်ကို တွေ့လိုက်ရသောကြောင့် ဆီးကြိုကာ ပြောလိုက်သည်။


“ ချင်းဟယ်၊ လဲ့လဲ့ကို သွားကြည့်ပေးပါဦး။ သူ ဒီနေ့ဘာဖြစ်လာတာလဲမသိဘူး။ စကားလည်းမပြော၊ ထမင်းလည်း မစားဘူး။ ဘယ်လိုချော့မေးမေးမရဘူး…”


လင်ချင်းဟယ်က မျက်မှောင်ကြုတ်ကာ အပေါ်ထပ်သို့ တိတ်တဆိတ် တက်လာခဲ့သည်။


သူက တံခါးရှေ့တွင် ရပ်လိုက်ပြီး လက်မြှောက်၍ တံခါးခေါက်လိုက်ကာ “လဲ့လဲ့” ဟု အသံမြှင့်လျက် ခေါ်လိုက်သည်။


ခဏကြာစောင့်ရလိမ့်မည်ဟု ထင်ထားသော်လည်း ယန်သောလဲ့က ချက်ချင်းပင် တံခါးဖွင့်ပေးလာသည်။ အခန်းထဲတွင် မီးတစ်လုံးမှ ဖွင့်မထားပေ၊ ရုပ်ရှင်မှထွက်နေသော အလင်းရောင်ဖျော့ဖျော့သာ ရှိနေသည်။ ယန်သောလဲ့က သူ့ကို စိုက်ကြည့်လာပြီး စကားတစ်ခွန်းမှမပြောပေ။ သူ့မျက်လုံးများကလည်း ရွှန်းစိုတောက်ပမှုများ ပျောက်ဆုံးနေသည်။


လင်ချင်းဟယ်က အထဲသို့ တန်းမတ်စွာလျှောက်ဝင်လာပြီး ရုပ်ရှင်ပိတ်ကားပေါ်မှ ရုပ်ရှင်ဇာတ်ကားကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဇာတ်ကားမှာ စိတ်ဓာတ်ကျစရာ ဇာတ်လမ်းမျိုးဖြစ်ပြီး ယန်သောလဲ့ကြိုက်တတ်သည့် အမျိုးအစားမဟုတ်ချေ။


သူ့မျက်စိရှေ့တင် ယန်သောလဲ့က ဆိုဖာပေါ်ပြန်သွားထိုင်လေသည်။ လင်ချင်းဟယ်က တဲ့တိုးသာ မေးလိုက်သည်။


“ ဘာဖြစ်နေတာလဲ…”


သူက လော်ကျန်းယင်းကဲ့သို့ စိတ်ရှည်လက်ရှည်နှင့် ချော့မော့ဖျောင်းဖျတတ်သည့်လူမျိုး မဟုတ်ပေ။


ယန်သောလဲ့က ခြေထောက်နှစ်ဖက်ကို ပိုက်၍ ပိတ်ကားပေါ်မှ ရုပ်ရှင်ဇာတ်လမ်းကိုသာ ကြည့်မြဲကြည့်နေပြီး ဘာမှပြောမလာပါချေ။


လင်ချင်းဟယ်က ရုပ်ရှင်ကို ထပ်မံအကြည့်ပို့လိုက်သည်။ ပိတ်ကားပေါ်တွင် ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က အစိမ်းပုပ်ရောင်အိပ်ယာပေါ်တွင် အိပ်နေသည်။ ကောင်လေးက အိပ်မက်ဆိုးများမက်နေဟန်တူသည်၊ မျက်ခုံးများတွန့်ချိုးနေပြီး စောင်ကိုတင်းတင်းဆုပ်ကိုင်ထားကာ ပါးစပ်က တတွတ်တွတ်ရွတ်၍ အိပ်မက်ယောင်နေသည်။ နောက်ခံတီးလုံးကမူ လူကို အနည်းငယ် စိတ်မသက်မသာဖြစ်လာစေ၏။


လင်ချင်းဟယ်က မီးခလုတ်များကို ဖွင့်လိုက်ပြီး ရီမုတ်နှင့် ရုပ်ရှင်ကိုရပ်လိုက်ကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် ယန်သောလဲ့ အကြိုက်ဆုံးဖြစ်သော အာလူးကြော်ထုပ်ကို ဖောက်လိုက်ပြီး ရှေ့၌ချပေးကာ လေသံကိုလျှော့လျက် ပြောလိုက်ပြန်သည်။


“ မင်းစိတ်ထဲ နေရအဆင်မပြေရင် ငါ့ကို ပြောပြလို့ရတယ်လေ။ အရင်ကလည်း မင်း ပြောပြနေကျပဲမလား…”


ယန်သောလဲ့မှာ မီးအလင်းရောင်နှင့် အသားမကျသေးသောကြောင့် လက်မြှောက်၍ မျက်လုံးများကို ကာလိုက်သည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ သူက ထိုင်းမှိုင်းစွာ မေးခွန်းထုတ်လာခဲ့သည်။


“ ချင်းဟယ်ကော၊ မင်း ငါ့အပေါ်ကောင်းပေးနေတာတွေက ငါ့အမေကြောင့် မဟုတ်ဘူးမလား။ ငါက အမေ့ရဲ့သားဖြစ်နေလို့ မဟုတ်ဘူးမလား…”


လင်ချင်းဟယ်က သူ့စကားကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး ခဏကြာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။


“ ဘာမှမဆိုင်ပါဘူး…”


ထို့နောက် သူက စကားခဏရပ်ကာ ထပ်မေးလိုက်သည်။


“ ဘာလို့ ဒီလိုမေးခွန်းမျိုးမေးတာလဲ…”


ယန်သောလဲ့က မျက်လုံးအုပ်ထားသည့် သူ့လက်ကိုပြန်ချလိုက်ပြီး ရီမုတ်နှင့် ရုပ်ရှင်ကိုပြန်ဖွင့်လိုက်သည်။ သူက လင်ချင်းဟယ်၏အမေးကို ပြန်မဖြေဘဲ တစ်ကိုယ်တည်းစကားဆိုနေသည့်အလား တိုးသိမ်စွာ ပြောလိုက်သည်။


“ တကယ်လို့ တစ်နေ့မှာ တစ်ယောက်ယောက်က မင်းပိုင်တဲ့အရာတွေကို လုယူသွားခဲ့မယ်ဆိုရင် မင်း ဘာလုပ်မှာလဲ…”


ရုပ်ရှင်ထဲမှ ဆယ်ကျော်သက်ကောင်လေးက အိပ်မက်ဆိုးမှ ပြန်လည်နိုးထလာပုံရပြီး ပင့်သက်ရှိုက်အသက်ရှူရင်း နီရဲနေသည့် မျက်လုံးများကို ဆတ်ခနဲဖွင့်လိုက်သည်။


လင်ချင်းဟယ်က ယန်သောလဲ့၏ထိုင်းမှိုင်းနေသော မျက်လုံးများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤမေးခွန်းမျိုးကို ယန်သောလဲ့ မေးလာသည်က အလွန်ထူးဆန်းသည်။ သူက အမှုမှတ်အမှတ်မဲ့ ပြန်ဖြေလိုက်သည်။


“ မင်းအပိုင်သာဆိုရင် ဘယ်သူ့မှ လုယူသွားလို့မရဘူး။ တကယ်လို့ မင်းအပိုင်မဟုတ်ရင်တော့ အနှေးနဲ့အမြန် ပိုင်ရှင်ကိုပြန်ပေးရမှာပဲ…”


ယန်သောလဲ့က လင်ချင်းဟယ်ကို ရုတ်ခြည်းလှည့်ကြည့်လိုက်သည်။ သူ၏နက်မှောင်နေသော မျက်လုံးထဲတွင် ဒေါသနှင့် နာကြဉ်းမုန်းတီးခြင်းတို့ ပြည့်နှက်နေ၏။ သူက ပါးစပ်ဟကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အဆုံး၌ ပြန်ချုပ်တည်းထားလိုက်သည်။


သူက လင်ချင်းဟယ်ထိုင်နေသည့် ဆိုဖာခုံဘက်ကို တိုးကပ်သွားလိုက်သည်။ ထို့နောက် အားကိုးရာရှာနေသည့်အလား လင်ချင်းဟယ်၏လက်မောင်းကို ဖက်တွယ်လိုက်ပြီး အမှတ်တမဲ့မေးလိုက်သည်။


“ ချင်းဟယ်ကော၊ မင်းကတော့ ငါ့ဘက်မှာ အမြဲရှိနေပေးမယ်မလား…။ ငါဘာပဲလုပ်လုပ်၊ ငါဘယ်သူပဲဖြစ်နေဖြစ်နေ…”


လင်ချင်းဟယ်က အာလူးကြော်ထုတ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး တရိပ်ရိပ်တက်လာသည့် နှလုံးသားထဲမှ မနှစ်မြို့မှုများကို ဖိနှိပ်ထားလိုက်ရသည်။ မေးသည့်မေးခွန်းက တဇွတ်ထိုး တဇောက်ကန်းလုပ်တတ်သည့် ဤလူကဲ့သို့ပင် ကလေးဆန်လှသည်ဟုသာ သူမြင်သည်။ သို့တိုင် သူအတတ်နိုင်ဆုံး စိတ်ရှည်ရှည်ထားလျက် ပြောလိုက်သည်။


“ လဲ့လဲ့၊ မင်း ကလေးမဟုတ်တော့ဘူး။ လောကကြီးမှာ အမှားနဲ့အမှန်တင် ရှိတာမဟုတ်ဘူး။ လူတွေကို ကိုယ့်ဘက်မှာ အမြဲတမ်းရပ်တည်ခိုင်းတာက အဓိပ္ပာယ်မရှိတဲ့ အတွေးအခေါ်ပဲ…”


စကားဆုံးဆုံးချင်း သူ့အိတ်ထောင်ထဲမှ ဖုန်းက ရုတ်တရက်မြည်လာသဖြင့် လင်ချင်းဟယ်က အမြန်ထုတ်ကြည့်လိုက်ရာ စူးယွင်ထံမှ WeChat မက်ဆေ့ချ်ပို့လာခြင်း ဖြစ်နေသည်။


သူ WeChat ဘောက်ကို နှိပ်မည်ရှိသေး၊ ဘေးမှ ယန်သောလဲ့က ရုတ်တရက် ထရပ်လိုက်ကာ အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။


“ အဲ့ဒါထောင်ရှီး ပို့တာမလား…”


လေသံမှာ ရန်လိုမှုများအထင်သားဖြင့်။ ယန်သောလဲ့၏မျက်လုံးက နီရဲကာ လက်သီးကိုတင်းနေအောင် ဆုပ်ထားပြီး ထိတ်လန့်သွားသည့်ငှက်တစ်ကောင်ပမာ သူ့ကျောကုန်းကိုလည်း သတိအနေအထားဖြင့် အနည်းငယ် ကုန်းထားသည်။


လင်ချင်းဟယ်က ဖုန်းစခရင်ကိုပိတ်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့မျက်ခုံးများက အစွမ်းကုန်တွန့်ချိုးနေပြီး မျက်နှာကလည်း မှုန်သုန်နေသည်။ ပုံမှန်စိတ်အခြေအနေတွင် ရှိမနေသော သူ့အရှေ့မှဤလူကို စကားတစ်ခွန်းမှ ပြန်မပြောဘဲ စူးရဲစွာသာ စိုက်ကြည့်လိုက်သည်။


ယန်သောလဲ့မှာ လင်ချင်းဟယ်၏ ယခုလို ပုံစံမျိုးကို အလွန်ကြောက်သည်။ သူ အလိုလို နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိပြီး မျက်ရည်များကို လက်ဖြင့် ဖိသုတ်လိုက်သည်။ ငိုရှုက်နေသည့်အသံများက သူ့လည်ချောင်းထဲမှ ခပ်အုပ်အုပ်ထွက်လာသည်။ လင်ချင်းဟယ် သူ့ကိုအလျှော့ပေးအောင် ကလေးဘဝကလိုပင် မျက်ရည်ဖြင့် သိမ်းသွင်းရန်ကြိုးစားသည်။


“ ချင်းဟယ်ကော၊ ငါ သူ့ကိုမကြိုက်ဘူးလို့ မင်းကိုသေချာပြောခဲ့တယ်လေ။ ဘာလို့ သူနဲ့ တရင်းတနှီးနေနေသေးတာလဲ…။ ငါတို့ အတူကြီးပြင်းခဲ့ကြတဲ့ ဆယ်နှစ်ကျော်သံယောဇဉ်က အခုမှသိတာ လပိုင်းလောက်ပဲရှိသေးတဲ့လူနဲ့ မယှဉ်နိုင်ဘူးတဲ့လား…”


လင်ချင်းဟယ်နှင့် ထောင်ရှီးက အမြဲတမ်းလိုလို တပူးပူးတတွဲတွဲဖြစ်လာသည်ကို သူ သတိထားမိနေသည်မှာ ကြာလှလေပြီ။ ဤသို့ ပူးတွဲနေမှုက ပုံမှန်ထက် အနည်းငယ် ထူးဆန်းနေသည်။ ယနေ့မှပဲ သူ့စိတ်ထဲ မသက်မသာဖြစ်နေရသည့်အကြောင်းအရင်းကို သေချာသိလိုက်ရတော့သည်။


ဤလူက ဝမ်းဟွာ အ.ထ.က(၁) ကို အကြံအစည်နှင့်ရောက်လာခဲ့ပြီး သူနှင့်လင်ချင်းဟယ်ကို တမင်တကာချဉ်းကပ်ကာ သူပိုင်ဆိုင်သည့် အရာအားလုံးကို တဖြည်းဖြည်း လုယူသွားရန် ကြိုးစားနေခြင်းဖြစ်သည်ပင်။


ရုန့်ရင်းကြမ်းတမ်းသည့် ထိုလူကြီးကို သူ့အဖေဟု မယုံချင်၊ သို့သော် လျစ်လျူရှုပစ်ရန်လည်း သူ့အတွက် အလွန်ခက်ခဲလှသည်။ ကလေးဘဝကတည်းက အမြဲတစေ မက်ခဲ့ဖူးသည့် အိပ်မက်ဆိုးများက သူ့ကို ခြောက်လှန့်နေသည်။


ချင်းရွှေမြို့မှ ရောက်လာပြီး ဖန်းဆွေ့နှင့် အလွန်ရုပ်ချင်းဆင်ကာ ပန်းချီပညာ၌ ပါရမီပါတာချင်းလည်းတူသည်။


ပိုပြီးသိသာသည့်အချက်မှာ ဤလူက သူ့ကို ပထမဆုံး စတွေ့ကတည်းက အလွန်အမင်း ရန်လိုနေခဲ့သည်။


ဤလူက သူ့နေရာကို လုယူပြီး သူ့ထံမှ အရာအားလုံးကို ခိုးယူဖို့ ရောက်လာခဲ့ခြင်းပဲဖြစ်ရမည်။


တံခါးအပြင်တွင် ရပ်နားထောင်နေသည့် လော်ကျန်းယင်းမှာ ယန်သောလဲ့၏ဆောက်တည်ရာမရသော အသံကိုကြားလျှင် သည်းခံနိုင်စွမ်းမရှိတော့ဘဲ အခန်းထဲသို့ ဝင်လာခဲ့သည်။ ဝင်ဝင်ချင်းပင် ရင်ဘတ်တစ်ခုလုံး အပြင်းအထန် နှိမ့်ချည်မြင့်ချည်ဖြစ်ကာ မျက်ရည်များ စီးကျနေသော ယန်သောလဲ့ကို မြင်လိုက်ရသောကြောင့် စိုးရိမ်တကြီးဖြစ်သွားပြီး သူ့ကျောလေးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် လင်ချင်းဟယ်ကို မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။


သို့သော် လင်ချင်းဟယ်က ဂရုမစိုက်ပေ။ သူသည်းခံနိုင်သည့် အတိုင်းအတာတစ်ခုကို ကျော်လွန်သွား၍ဖြစ်မည်၊ သူ့မျက်လုံးများက ဒေါသကိုထိန်းထားရဟန် အေးခဲလို့နေပြီး မျက်မှောင်များလည်း ကြုတ်ထားသည်။ အချိန်အကြာကြီး သည်းခံနေခဲ့သော်လည်း သည်းမခံနိုင်တော့သည့်အဆုံးတွင် သူက ယန်သောလဲ့ကို တည်တင်းနေသောအသံဖြင့် ပြောလိုက်သည်။


“ ယန်သောလဲ့၊ လူတိုင်းက မင်းတစ်ယောက်တည်းကိုပဲ ဗဟိုပြုပြီး လည်ပတ်နေတာ မဟုတ်ဘူး။ မင်း ဘယ်သူ့ကိုမုန်းမုန်း၊ ငါနဲ့ဘာဆိုင်လဲ…”


လေသံက အေးခဲနေလျက်သား။


“ ချင်းဟယ်! ” လော်ကျန်းယင်းက လင်ချင်းဟယ်ကို မကျေနပ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။


“ လဲ့လဲ့ကို အဲ့လိုလေသံနဲ့မပြောနဲ့။ သူ စိတ်အခြေအနေမကောင်းတာ မင်း မြင်ရဲ့သားနဲ့…”


ယန်သောလဲ့က လော်ကျန်းယင်း၏ပုခုံးတွင် မျက်နှာအပ်လိုက်ပြီး သည်းထန်စွာ ငိုကြွေးတော့သည်။ လော်ကျန်းယင်းက မျက်နှာပြန်လွှဲလိုက်ပြီး သူ့ကို တဖွဖွချော့ကာ နှစ်သိမ့်ပေးလိုက်သည်။


လင်ချင်းဟယ်က အရှေ့မှလူနှစ်ယောက်ကို ကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်ကာ တံခါးအပြင်သို့ ထွက်လာခဲ့သည်။ သူ့အား မွန်းကြပ်စေသည့် ဤအကျဉ်းထောင်လိုနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေသည့်အလားပင်။


လော်ကျန်းယင်းက ယန်သောလဲ့ကို မျက်ရည်များသုတ်ပေးနေပြီး အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးနေသည်။


“ တိတ်၊ တိတ်..မငိုနဲ့တော့နော်။ လော်မားမားဆီမှာပဲ ရက်နည်းနည်းလောက် နေလိုက်ဦး။ မနက်ဖြန် အပြင်ထွက်ပြီး ကစားချင်လား…”


ယန်သောလဲ့က ဘာစကားမှမဆိုဘဲ ငို၍သာနေသည်။ ထိုစဉ် ယန်သောလဲ့၏ဆဲလ်ဖုန်းက အသံမြည်လာသောကြောင့် လော်ကျန်းယင်းက ချော့မော့ကာ ပြောလိုက်သည်။


“ လဲ့လဲ့ကို ဘယ်သူ ဖုန်းခေါ်လာတာပါလိမ့်…။ သားရဲ့ ဖိုးဖိုးနဲ့ဖွားဖွားများ ဖြစ်မလား…။ ဖိုးဖိုးနဲ့ဖွားဖွားက သားကို မငိုစေချင်ဘူးလေ၊ ဟုတ်တယ်ဟုတ်…”


“ ကျွန်တော် မကိုင်ချင်ဘူး…” ယန်သောလဲ့က ရှိုက်ငိုလျက်ပြောသည်။


“ ဟုတ်ပြီ၊ ဟုတ်ပြီ။ သားမကိုင်ချင်ရင် မကိုင်နဲ့။ မား ဖုန်းချပေးမယ်နော်…” လော်ကျန်းယင်းက ဖုန်းကိုထုတ်လိုက်သောအခါ ခေါ်ဆိုသူက ဖန်းမိသားစု၏ အဖိုးအဖွားများ ဟုတ်မနေဘဲ ယန်ကျန်းမင်၏ချစ်သူ ကွမ်းဖန်ယွင့်ထံမှ ဖြစ်နေခဲ့သည်။


သူမ မျက်မှောင်ကြုတ်ကာ ဖုန်းချလိုက်ပြီး ယန်သောလဲ့ကို ပြောလိုက်သည်။


“ နောက်ဆိုရင် ကွမ်းမျိုးရိုးနဲ့ မိန်းမက သားကိုလာရှာရင် သူ့ကို အရေးမလုပ်နဲ့တော့နော်…”


ဤနှစ်များတစ်လျှောက် ယန်ကျန်းမင်တွင် မရေမတွက်နိုင်သည့် ချစ်သူရည်းစားများစွာရှိခဲ့သည်။ ယခု ကွမ်းဖန်ယွင့်နှင့်မြဲနေသည်မှာ နှစ်နှစ်ခန့်ရှိနေလေပြီ။ ပြီးခဲ့သည့်တစ်ခေါက်က ကွမ်းဖန်ယွင့်က ကျောင်းကိုရောက်လာပြီး ယန်သောလဲ့ကိုလက်ဆောင်လာပေးသည်။ ယန်သောလဲ့မှာ ဒေါသထွက်လွန်းသဖြင့် ကျောင်းမှခွင့်တိုင်ကာ အိမ်သို့ပြန်လာခဲ့ပြီး ဘာမှမစားမသောက်ဘဲ နေခဲ့ဖူးသည်။


ယန်သောလဲ့ကို ဝမ်းနည်းအောင်လုပ်လိုက်ပြန်သူက ဤမိန်းမပဲဖြစ်ရမည်ဟု လော်ကျန်းယင်းက တွက်ဆလိုက်သည်။ သူမ ယန်ကျန်းမင်နှင့်တွေ့ပြီး ကွမ်းဖန်ယွင့်ကို ယန်သောလဲ့အား နှောင့်ယှက်နေခြင်းမှ ရပ်တန်းကရပ်ခိုင်းရန် စကားပြောမှဖြစ်မည်။


The Moon Is Coming To Me 


Chapter-42.2


လင်ချင်းဟယ်က သူ့အခန်းသူ ပြန်လာခဲ့သည်။ ထို့နောက် အခန်းမီးမဖွင့်သေးဘဲ အမိုးမဲ့ လသာဆောင်သို့ ထွက်ကာ ပက်လက်ကုလားထိုင်ပေါ်ကို ထိုင်ချလိုက်သည်။ ခဏကြာ ငြိမ်နေပြီးနောက်တွင် ဖုန်းကိုထုတ်ကြည့်လိုက်ရာ လွန်ခဲ့သောနာရီဝက်ခန့်က ထောင်ရှီးထံမှ WeChat မက်ဆေ့ချ် အမြောက်အမြားဝင်ထားကြောင်း တွေ့လိုက်ရသည်။


“ ချောင်ရွှယ်ကျဲက ခုလေးတင် ငါ့ကိုလာပြောတာ။ ပြပွဲမှာ ငါ့ရဲ့ နောက်ပန်းချီကားတစ်ချပ်က ယွမ် ၂၀၀၀၀ နဲ့ရောင်းထွက်သွားပြီတဲ့…”


“ ကျောင်းပိတ်ရက်ကျရင် ငါမင်းကို စားကောင်းတာတွေ ဝယ်ကျွေးမယ်။ ဈေးကြီးရင်တောင် ကိစ္စမရှိပါဘူး။ ငါအခု ချမ်းသာနေပြီလေ…”


ထိုစာအောက်တွင်မူ တိရစ္ဆာန်အီမိုဂျီပုံများ၊ ကြောင်ပုံ၊ ခွေးပုံ၊ ကြက်ပုံ၊ ဘဲပုံနှင့် ပျော်ရွှင်စွာ ခုန်ပေါက်နေသော ငန်းပုံများပို့ထားပြီး အလွန်ပင် ကိုးရို့ကားယားနိုင်နေလှသည်။


လင်ချင်းဟယ်က လှုပ်လှုပ်ရွရွ အီမိုဂျီပုံများကိုကြည့်ရင်း နှုတ်ခမ်းစွန်းများ ကွေးညွှတ်ကာ ပြုံးလိုက်သည်။ သူ နာရီကိုတစ်ချက်ကြည့်လိုက်သော် ညစာကျက်တန်း၏ ဒုတိယအချိန်ပြီးခါကာစ ဖြစ်သောကြောင့် ဖုန်းတန်းခေါ်လိုက်သည်။


“ ငါ့ကို ခဏစောင့်ဦး။ ငါ အတန်းပြင်ကို ထွက်လိုက်ဦးမယ်…”


ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားပြီးနောက် ထောင်ရှီး၏အလောတကြီးနိုင်သော အသံလေးထွက်လာပြီး တစ်ဆက်တည်းပင် ခြေသံများကိုကြားလိုက်ရကာ စာသင်ခန်းထဲမှ ဆူညံသံများနှင့်လည်း တဖြည်းဖြည်းဝေးသွားသည်။


“ အခုပြောလို့ရပြီ။ မင်း အိမ်ကကိစ္စက ပြေလည်သွားပြီလား…”


လင်ချင်းဟယ်က အလွန်သိပ်သည်းသည့် မြူနှင်းထုကြီးပမာ ဗီလာကို အုပ်ဆိုင်းနေသော လသာဆောင်အပြင်မှ သစ်ပင်ရိပ်များကို ငေးကြည့်ရင်း ပြန်ဖြေလိုက်သည်။


“ ပြေလည်သွားပြီ။ မင်း ဘယ်တုန်းက ပန်းချီပြပွဲမှာ ထပ်ပါလိုက်တာလဲ…။ ဘာလို့ ငါ့ကို မပြောပြတာလဲ…”


“ ငါ ပန်းချီကားကို ဆရာကြီးကိုပဲအပ်လိုက်တာပါ။ ဆရာကြီးက ငါ့ကို ပြပွဲမှာ ပါလို့ရအောင် ကူညီပေးလိုက်တာလေ။ အဲ့လောက်ပိုက်ဆံအများကြီးနဲ့ ရောင်းထွက်သွားလိမ့်မယ်လို့တောင် မထင်ထားဘူး…”


ထောင်ရှီးက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်စွာ ဆက်ပြောလာသည်။


“ ငါ အနာဂတ်မှာ ပန်းချီတွေအများကြီးရောင်းပြီးတော့ ပိုက်ဆံများများရှာရမယ်။ ငါက အိမ်ကြီးတစ်လုံးဝယ်ချင်တာ။ ဖြစ်နိုင်ရင် ခြံလေးပါတဲ့အိမ်ပေါ့။ အဲ့ဒါမှ ခြံထဲမှာ ပန်းပင်တွေ၊ သစ်သီးပင်တွေစိုက်မယ် အဲ…မဟုတ်သေးဘူး။ မင်းက ဝတ်မှုန်နဲ့မတည့်ဘူးမလား။ ဒါဆို ကြောင်တစ်ကောင်နဲ့ ခွေးတစ်ကောင်မွေးမယ်…နေဦး..မင်းမှာ ကြောင်မွှေး၊ ခွေးမွှေးနဲ့ ဓာတ်မတည့်တာတော့ မရှိပါဘူးနော်…”


လင်ချင်းဟယ်က ရယ်သံစွက်လျက် ပြန်ဖြေသည်။


“ မရှိပါဘူး…”


ထောင်ရှီးက ထိုအခါမှ စိတ်သက်ရာရသွားပုံပေါ်ပြီး ဖောဖောသီသီ ဆက်၍ပြောလာသည်။


“ ဒါဆိုကောင်းတယ်။ ပြီးတော့ ငါက နှစ်တိုင်း နေရာတစ်နေရာကို သွားလည်ချင်တယ်။ မင်းက ဓာတ်ပုံတွေရိုက်၊ ငါက မင်းဘေးမှာ ပန်းချီဆွဲမယ်။ ငါတို့ ခရီးကပြန်ရောက်လာရင် ငါက ပန်းချီပြပွဲလုပ်မယ်။ ပြီးတော့ မင်းအတွက်လည်း ဓာတ်ပုံပြပွဲလေးလုပ်ပေးမယ်…”


လင်ချင်းဟယ်က ကုလားထိုင်ပေါ် ကျောမှီလိုက်ကာ ကောင်းကင်ယံက မှုန်ဝါးဝါးလမင်းကို မော့ကြည့်ရင်း ထောင်ရှီး၏အနာဂတ်အစီအစဉ်များကို နားထောင်နေခဲ့သည်။


ထောင်ရှီးက နေမကောင်းဖြစ်နေသည့် ညီမလေးအကြောင်းမှလွဲ၍ သူ့မိသားစုနှင့် အတိတ်အကြောင်းကို တစ်ခါမှထုတ်မပြောဖူးသည်ကို သူသတိထားမိသည်။ ထောင်ရှီး၏နှလုံးသားထဲတွင် တောက်ပနေသောအနာဂတ်နှင့် သူတစ်ယောက်တည်းသာ ရှိနေသည့်အလားပင်။


“ ငါ့အကြံကို မင်း ဘယ်လိုထင်လဲ…” ထောင်ရှီးက ခဏရပ်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


လင်ချင်းဟယ်က ပြန်မေးလိုက်၏။ “တစ်နှစ်ကို တစ်နေရာပဲခရီးထွက်မှာလား...”


“ တကယ်လို့ အချိန်ရရင်ရသလို တခြားနေရာတွေပါ သွားမှာပေါ့။ ဒါပေမဲ့လဲ အဲ့အချိန်ကျရင် မင်းက အလုပ်တွေအရမ်းရှုပ်နေတော့မှာလေ…” ထောင်ရှီးက ပြောလိုက်သည်။


နှစ်ယောက်သားမှာ မိနစ်အနည်းငယ်ကြာအောင် အနာဂတ်အကြောင်း ရောက်တက်ရာရာပြောနေခဲ့ကြသည်။ ဤသည်မှာ ထောင်ရှီးက အလောတကြီး ပြောမလာခင်အချိန်အထိပင်။


“ အတန်းစတော့မှာ၊ ငါဖုန်းချလိုက်တော့မယ်နော်…”


ဖုန်းမချခင်တွင် လင်ချင်းဟယ်က ပြောလိုက်သည်။


“မင်း ဒီနေ့ ငါ့ကို ကာတွန်းမပေးရသေးဘူး…”


ထောင်ရှီးက ပြောလိုက်၏။ “မင်းက ဒီနေ့ ရုတ်တရက်ကြီး ထွက်သွားတာကိုး။ မနက်ဖြန်ကျမှပဲ ပေးတော့မယ်လေ…”


သူက စာသင်ခန်းဘက်သို့ ထွက်လာရင်း အသံတိုးတိုးနှင့် ပြောလိုက်ပြန်သည်။


“ ငါမင်းကို တစ်သက်လုံး ဒီကောမစ်လေးပဲ ဆွဲပေးမှာလည်း မဟုတ်ဘဲနဲ့…”


ထိုစကားကိုကြားသော် လင်ချင်းဟယ်က ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး စိတ်ချသွားဟန်ဖြင့် “ဟုတ်ပါပြီ” ဟု ပြောလိုက်သည်။


ဖုန်းချပြီးသော် လင်ချင်းဟယ်က WeChat ကို ပြန်ဖွင့်လိုက်သည်။ ထိုအခါမှ မတိုင်မီက စူးယွင် သူ့ကို မက်ဆေ့ချ်ပို့ထားသေးကြောင်းကို သတိရတော့သည်။ မက်ဆေ့ချ်မှာ ကျောင်းလျှောက်ရန်အတွက် စူးယွင် စုံစမ်းထားသည့် ဖြည့်စွက်အချက်အလက်များဖြစ်သည်။


သူ ထိုအချက်အလက်များအားလုံးကို ထောင်ရှီးအား ထပ်ဆင့်ပို့ပေးလိုက်သည်။ ပြီးသော် စူးယွင်၏ WeChat ကို ထပ်ဝင်လိုက်သည်။ မူလအစက ထောင်ရှီး၏ ရောင်းထွက်သွားသည့်ပန်းချီကားကို ပြန်ဝယ်ရန် စူးယွင်အား အကူအညီတောင်းဖို့ ကြံထားခြင်းပင်။ သို့သော် ခဏတွေးတောလိုက်ပြီးနောက် သူ လက်လျှော့လိုက်သည်။


နောင်အနာဂတ်တွင် သူကိုယ်တိုင်ကဲ့သို့ ထောင်ရှီး၏ပန်းချီကားကို အမြတ်တနိုးဝယ်ယူကာ တန်ဖိုးထားမည့်သူများလည်း ရှိလာကြလိမ့်မည်။


လင်ချင်းဟယ်က ပက်လက်ကုလားထိုင်ပေါ်မှ ထရပ်ကာ အိပ်ခန်းထဲသို့ ပြန်ဝင်လာပြီး အခန်းမီးဖွင့်လိုက်သည်။ သူက စာအုပ်စင်ပေါ်မှ သော့ခတ်ထားသည့် သေတ္တာလေးကို ဖွင့်လိုက်ပြီး အထဲမှ စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူလိုက်သည်။


စာအုပ်လေးမှာ ထောင်ရှီး သူ့အတွက်ပေးထားသည့် ကောမစ်များအားလုံးကို သူကိုယ်တိုင် နေ့စွဲများအလိုက် ဂရုတစိုက် စုစည်း၍ ချုပ်ထားခြင်းဖြစ်သည်။


သူ ကောမစ်စာအုပ်ကို ဖွင့်ဖတ်လိုက်ချိန်တိုင်း သူ့တစ်ယောက်တည်းသာ ပိုင်ဆိုင်သည့် “တစ်ထောင့်တစ်ညပုံပြင်များ” ကို ဖွင့်နေရဖတ်သည့်အလား ခံစားရသည်။


အမှန်စင်စစ်တွင် သူက ငယ်စဉ်ကတည်းက ပုံပြင်များ၊ ရုပ်ပြများကို နှစ်သက်တတ်သူမဟုတ်ပါချေ။ သို့သော်လည်း အလွန်ငယ်ရွယ်စဉ်ကလေးဘဝတုန်းကတော့ လော်ကျန်းယင်းက ယန်သောလဲ့အား ညစဉ်ညတိုင်း ပုံပြင်များဖတ်ပြသည်ကို မြင်ရတိုင်း သူ့ကိုလည်း ထိုကဲ့သို့ အိပ်ရာဝင်ပုံပြင်များပြောပြရန် မျှော်လင့်ခဲ့ဖူးသည်။


လင်ချင်းဟယ်က ကောမစ်စာအုပ်၏ ပထမဆုံးစာမျက်နှာကို လှန်လိုက်သည်။ သူ့အတွက် ထောင်ရှီး ပထမဆုံး ဆွဲပေးခဲ့သည့် ကောမစ်ပုံလေးပင်။


လမင်း - “မင်းက ကြယ်လား…”


ဥက္ကာခဲ- “ငါက ဥက္ကာခဲသေးသေးလေးတစ်ခုပါ။ ဒါပေမဲ့ တစ်နေ့ကျရင်တော့ တောက်ပလာမယ့် ကြယ်လေးတစ်ပွင့် ဖြစ်လာမှာ…”


လမင်း - “မင်းက ဘာလို့ ကြယ်ဖြစ်ချင်တာလဲ…”


ဥက္ကာခဲ - “ ဘာလို့လဲဆိုတော့ စကြဝဠာထဲမှာ နေမင်းကြီးလိုပဲ မင်းကို အလင်းရောင်ပေးချင်လို့လေ…”


______________