အပိုင်း ၄၃
Viewers 8k

The Moon Is Coming To Me


Chapter-43


ထောင်ရှီးက ပန်းချီကားရောင်းရငွေ ယွမ်၂၀၀၀၀ကို မကြာခင် လက်ခံရရှိခဲ့ကာ ၎င်းတို့ထဲမှ ယွမ် ၁၀၀၀၀ကို ထောင်လဲ့ထံ လွှဲပေးလိုက်သည်။


တနင်္ဂနွေနေ့တွင် ပန်းချီသွားသင်သည့်အခါ သူ ချောင်ဟယ့်နျန်အား ပန်းချီကားဝယ်သွားသည့်သူအကြောင်းကို မေးကြည့်လိုက်သည်။ ထိုအခါမှ ဝယ်သူမှာ နာမည်သိပ်မရှိသေးသည့် အလားအလာကောင်းသော ပန်းချီကားများကို လိုက်ဝယ်ပြီး နောင်တစ်ချိန်တွင် ဈေးမြင့်မြင့်နှင့် ပြန်ရောင်းတတ်သည့် အပျော်တမ်း ရင်းနှီးမြှုပ်နှံသူ ပန်းချီဆရာတစ်ဦးဖြစ်နေကြောင်း သိလိုက်ရသည်။


အမှန်တွင် ချောင်ဟယ့်နျန်မှာ ထောင်ရှီး၏မိသားစုက ငွေရေးကြေးရေးအဆင်မပြေကြောင်း မြေးဖြစ်သူထံမှ သိလိုက်ရသောကြောင့် ထောင်ရှီးအတွက် နေရေးထိုင်ရေးနှင့် ပန်းချီအသုံးစရိတ်များ ကာမိစေရန် လူတစ်ယောက်အား အကူအညီတောင်းကာ ပန်းချီကားများကို ရောင်းချစေခဲ့ခြင်းဖြစ်သည်။ သို့သော် ထောင်ရှီးက ငွေမျက်နှာတစ်ခုတည်းသာ မြင်တော့မည်ကိုလည်း စိုးရိမ်မိသဖြင့် အလေးအနက်ထား၍ ဆိုဆုံးမလိုက်သည်။


“ နောင်တစ်ချိန်မှာ မင်းရဲ့ ပန်းချီလက်ရာတွေက အတွေ့ကြုံပိုရင့်သန်လာခဲ့ရင် ဈေးကွက်ထဲ တစ်စတစ်စဝင်လာနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ အနုပညာကို ဈေးကွက်အလိုကျ ရောင်းချတာမျိုးမဖြစ်စေနဲ့။ ငွေနောက်ကို လုံးလုံးလျားလျား မပါသွားစေနဲ့၊ နားလည်လား…”


“ ကျွန်တော်သိပါပြီ၊ အဖိုး…”


ထောင်ရှီးက ကျိုးနွံစွာ ပြောလိုက်သည်။ ချောင်ဟယ့်နျန်က သူ့အတွက် ဆရာကောင်းတစ်ယောက်ပင်။ ပန်းချီပညာကို သင်ပေးရုံသာမက ဘဝနေထိုင်ရေးနှင့် အလုပ်အကိုင်အတွက် ကျင့်ဝတ်နိယာမများကိုပါ သင်ကြားပေးသည်။ သူသည်လည်း ဆရာကြီးဟူသော အခေါ်အဝေါ်မှ အဖိုးဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။


“ ကဲ…ဒီနေ့တော့ ဒီလောက်ပဲ။ ရာသီဥတုလည်း ကောင်းနေတော့ ငါ့သူငယ်ချင်းဟောင်းတွေနဲ့ ငါးမြှားထွက်လိုက်ဦးမယ်။ မင်းလည်း အပြင်ထွက်ပြီး အနားလေးဘာလေးယူပေါ့…” ချောင်ဟယ့်နျန်က ပန်းချီပစ္စည်းကိရိယာများကို အောက်ချလိုက်သည်။


ထောင်ရှီးမှာ အပျော်လွန်သွားတော့၏။ သူ ညနေပိုင်းတွင် လင်ချင်းဟယ်နှင့် ချိန်းထားတာရှိသည်။ ယခု နာရီအနည်းငယ် အချိန်ပိုရလေပြီ။ သူက လင်ချင်းဟယ်၏ WeChat ကို မက်ဆေ့ချ်ပို့လိုက်ပြီးနောက် ချောင်ဟယ့်နျန်အား စတူဒီယို ကူရှင်းပေးလိုက်သည်။


“ အပြင်ထွက်ရမှာ အတော်ပျော်နေတယ်ပေါ့လေ…” ချောင်ဟယ့်နျန်က အပျော်လွန်နေသည့် ထောင်ရှီးကို သဘောကျစွာကြည့်ရင်း လိမ္မာရေးခြားရှိသည့်ကလေးများလည်း အဆော့မက်ကြသကိုး ဟူ၍ တွေးလိုက်လေသည်။


ထောင်ရှီးက စကားချိုချိုလေးနှင့် ချောင်ဟယ့်နျန်ကို ဖားယားလိုက်ပြီး နေပူဆောင်းဦးထုပ်နှင့် ငါးထည့်ရန်ပုံးကို ကူညီပြင်ဆင်ပေးလိုက်သည်။ ချောင်ဟယ့်နျန်ကို ခြံဝထိ လိုက်ပို့ပေးပြီးသောအခါ လင်ချင်းဟယ် လာကြိုမည်ကို ခြံထဲတွင် ထိုင်စောင့်နေလိုက်သည်။


ရာသီဥတုက အတော်သာယာနေ၏။ အိုဟောင်းနေသည့် အနီရောင် အုတ်နံရံများ၊ အစိမ်းရောင်အုတ်ကြွပ်ပြားများနှင့် တိုက်အိမ်ကြီးများသည် ဆောင်းရာသီ၏ နေရောင်ခြည်နွေးနွေးအောက်တွင် ထိုင်းမှိုင်းစွာ လဲလျောင်းတည်ရှိနေကြသည်။ သဖန်းပင်အိုကြီးမှာ အရွက်များကြွေကျကုန်သဖြင့် ပင်စည်ခြောက်ခြောက်နှင့် အစိမ်းရောင်သစ်ကိုင်းများသာကျန်ခဲ့၏။ ကတ္တရာလမ်းပေါ်တွင် စိုစိုစွတ်စွတ် သဖန်းရွက်များ ပြန့်ကျဲနေပြီး နေစက်နေပြောက်လေးများ ပြောက်တိပြောက်ကျားထိုးနေသည်။


လင်ချင်းဟယ်ကို စောင့်ဆိုင်းနေသည့် သူ့စိတ်အခြေအနေကဲ့သို့ပင် လေပြည်နှင့်နေရောင်ခြည်တို့က အလွန်ပင်တိတ်ဆိတ်ငြိမ်းချမ်းနေသည်။


ထောင်ရှီးက ခုံတန်းရှည်ပေါ်တွင် ပျင်းရိစွာထိုင်လျက် သဖန်းရွက်လေးတစ်ရွက်နှင့် ဆော့ကစားနေသည်။ နာရီဝက်ခန့်အကြာတွင် လင်ချင်းဟယ်က ရောက်လာသည်။ ခြံဝင်းထဲသို့ ဝင်လာသည့်လင်ချင်းဟယ်ကို မြင်သည်နှင့် သူက ချက်ချင်း ထရပ်လိုက်ပြီး ဆွေ့ခနဲခုန်ပေါက်ပြေးသွားကာ အဖိုးတန်ရတနာလေးတစ်ခုကို ဆက်သသည့်အလား လက်ထဲက သဖန်းရွက်လေးကို လင်ချင်းဟယ်အား ထောင်ပြလိုက်သည်။


“ ဒီမှာကြည့်၊ ဒီအရွက်က ကြီးလည်းကြီးတယ်၊ လှလည်းလှတယ်…”


ထောင်ရှီးက သဖန်းရွက်ဖြင့် သူ့မျက်နှာကို ကာလိုက်ပြီး အပြုံးတစ်ပွင့်နှင့် မေးလိုက်သည်။ “ ငါ့ခေါင်းထက်တောင် ပိုကြီးနေတာမလား…”


လင်ချင်းဟယ်က သစ်ရွက်ကိုင်ထားသည့် ထောင်ရှီး၏လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ဘေးသို့ဖယ်လိုက်ကာ ထောင်ရှီး၏မျက်နှာလေးကို ပေါ်စေလိုက်သည်။ ရွှေအိုရောင်နေရောင်ခြည်အောက်တွင် ကြည်လင်နေသော သူငယ်အိမ်များနှင့် လခြမ်းကွေးသဏ္ဌာန် မျက်လုံးဝိုင်းများကိုကြည့်ရင်း လင်ချင်းဟယ်၏ နှုတ်ခမ်းများပြုံးသွားကာ ပြောလိုက်သည်။


“ အရမ်းလှတယ်...”


ထောင်ရှီးက ကြောင်အသွားသည်။ သူ သေချာပေါက် ထိုမေးခွန်းကိုမမေးခဲ့ရပါချေ။


သူက သစ်ရွက်လေးကို ခြံဝင်းထဲက ကျောက်သားစားပွဲပေါ် တင်ထားခဲ့ပြီး လင်ချင်းဟယ်နှင့်အတူ ကားထဲသို့ ဝင်လိုက်သည်။ မူလအစီအစဉ်က လင်ချင်းဟယ်ကို ညစာကျွေးရန်ဖြစ်သော်လည်း ယခုမူ နာရီအနည်းငယ် အချိန်ပိုရလာသဖြင့် နောက်အစီအစဉ်တစ်ခု ပြောင်းလိုက်သည်။


“ ငါတို့ ကစားကွင်းကိုအရင်သွားလို့ရမလား။ ငါတစ်ခါမှ မရောက်ဖူးလို့…” ထောင်ရှီးက တောင်းဆိုလိုက်သည်။


“ ကောင်းပြီ…” လင်ချင်းဟယ်က လိုက်လျောလိုက်၏။ အမှန်တွင် သူက ယန်သောလဲ့ကို တစ်ခေါက်နှစ်ခေါက် လိုက်ပို့ဖူးသည်မှလွဲ၍ ကစားကွင်းသို့ သိပ်မရောက်ဖြစ်ပါချေ။


ပိတ်ရက်ဖြစ်နေသည့်အပြင် ရာသီဥတုကလည်းကောင်းနေသောကြောင့် ကစားကွင်းတွင် လူအလွန်များနေပြီး နှစ်ယောက်သားမှာ မိနစ်နှစ်ဆယ်နီးပါး တန်းစီလိုက်ပြီးမှ ကစားကွင်းထဲကို ဝင်ခွင့်ရခဲ့သည်။


ထောင်ရှီးမှာ လင်ချင်းဟယ်၏လက်ကို ကိုင်ထားချင်သော်လည်း လူအလွန်များနေသောကြောင့် ရှက်ရွံ့နေမိသည်။ ထို့ကြောင့် လင်ချင်းဟယ်အနားမှ ကပ်၍သာ လိုက်လာခဲ့သည်။ ကစားကွင်းထဲက အမျိုးစုံသော စီးစရာများကို တွေ့လိုက်ရသည့်တစ်ခဏ သူ့စိတ်များ လန်းဆန်းသွားပြီး ကစားချင်စိတ်များဖြစ်ပေါ်လာသည်။


“ ငါ အဲ့ဒါကစားချင်တယ်…” ထောင်ရှီးက မလှမ်းမကမ်းရှိ သရဲအိမ်ကို လက်ညှိုးထိုးပြလိုက်သည်။ မှောင်မည်းနေသည့်ပတ်ဝန်းကျင်တွင်ဆိုလျှင် သူ လင်ချင်းဟယ်၏လက်ကို ကိုင်ထားနိုင်လောက်မည်။


လင်ချင်းဟယ်က သရဲအိမ်ကိုလှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။


နှစ်ဦးသားက လက်မှတ်ဝယ်လိုက်ကြသည်။ သို့သော်လည်း သရဲအိမ်က ထင်ထားသလို ကြောက်စရာမကောင်းနေပါချေ။ သရဲအိမ်ထဲဝင်ရာတွင် လမ်းလျှောက်ရန်မလိုဘဲ ရထားအသေးလေးတစ်စင်းနှင့်သာ သွားရမည်ဖြစ်၏။ ကလေးငယ်များက မိဘများနှင့်အတူ ရထားတွဲပေါ်သို့ တက်လိုက်ကြသည်။ ရထားတွဲမှာ ကလေးဆန်ဆန် ကာတွန်းပုံများပင် ဆေးသုတ်ထားလေသည်။


ထောင်ရှီးက ရထားတွဲထဲမှ ကလေးများကို ကြည့်ရင်း လင်ချင်းဟယ်အား ရှက်ဝဲဝဲနှင့် ပြောလိုက်သည်။


“ ဒီသရဲအိမ်က ငါထင်ထားတာနဲ့ သိပ်မတူသလိုပဲ…”


ကလေးမိဘများမှလွဲ၍ အသက်ဆယ့်နှစ်နှစ်ထက် ကြီးသူဟူ၍ သူတို့နှစ်ယောက်သာ ရှိနေသည်။ အချို့ကလေးမိဘများနှင့် ဝန်ထမ်းများဆိုလျှင် သူတို့နှစ်ယောက်အား ပြုံစိစိနှင့်ပင် ကြည့်နေကြသည်။


“ ငါတို့တခြားတစ်ခုပြောင်းကစားလိုက်ကြမလား…” သူက မေးလိုက်သည်။


“ မလိုဘူး…”


လင်ချင်းဟယ်က ရုတ်တရက်ဆိုသလို ထောင်ရှီး၏ညာလက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့ရင်ထဲထိတ်ခနဲဖြစ်သွားပြီး လင်ချင်းဟယ်ကို ခေါင်းစောင်းကြည့်လိုက်သည်။ လင်ချင်းဟယ်က သူ့ကို ရထားတွဲကျဉ်းကျဉ်း၏ နောက်ဆုံးခုံသို့ ဆွဲခေါ်သွားပြီး တီးတိုးဆိုလာသည်။


“ အခုလက်ကိုင်ထားလို့ရပြီ…”


ထောင်ရှီး၏မျက်တောင်များ သိမ့်ခနဲတုန်ယင်သွားကာ လင်ချင်းဟယ်၏ဘေးတိုက်မျက်နှာကို လှည့်ကြည့်လိုက်သည်။ လင်ချင်းဟယ်၏လက်ငါးချောင်းက သူ့လက်ချောင်းများကို ယှက်ဖြာလိုက်ပြီး လက်ဖဝါးကို တင်းတင်းကြပ်ကြပ်ဆုပ်ထွေးထားသည်။ တင်းကြပ်လွန်းသဖြင့် တစ်‌ယောက်နှလုံးခုန်သံတစ်ယောက်ကို လက်ဖဝါးမှတစ်ဆင့် ခံစားနေရသည်။


ခေါင်းလောင်းမြည်သည်နှင့် ရထားလေးက ဖြည်းညင်းစွာ စတင်ထွက်ခွာပြီး ဆူညံစွာအော်ဟစ်စကားပြောနေကြသော ကလေးများကို တင်ဆောင်လျက် မှောင်မည်းနေသော သရဲအိမ်ထဲသို့ မောင်းဝင်သွားလေသည်။


သရဲအိမ်ထက် နတ်သူငယ်အိမ်ဟု ပိုခေါ်သင့်သည်။ သာယာငြိမ့်ညောင်းသော သီချင်းသံကြားတွင် ခပ်မှိန်မှိန်မီးရောင်များ၊ အရိပ်များက ချာလပတ်လည်ကာ ကခုန်နေကြသော နတ်သူငယ်များနှင့် တစ္ဆေများကို ပုံဖော်ပြသနေကြသည်။ မှန်းဆရခက်သော ပုံပြင်ဇာတ်လမ်းများကို ဝိုးတိုးဝါးတား အခိုးအငွေ့များကြားမှ ရုပ်လုံးဖော်နေကြလေ၏။


၎င်းမှာ ကြောက်စရာမကောင်းရုံမျှမက အနည်းငယ်ပင် ချစ်စရာကောင်းနေသော်လည်း ကလေးငယ်များကမူ ကြောက်လန့်စွာ သူတို့မိဘများ၏ရင်ခွင်ထဲတိုးဝင်ကာ အသံကုန်အော်ငိုနေကြသည်။ ငိုယိုအော်ဟစ်သံများကြောင့် မူလအသံကိုပင် ဖုံးလွှမ်းသွားသည်။


ထောင်ရှီးက သူ့လက်ကိုဆုပ်ထွေးထားသည့် လင်ချင်းဟယ်၏လက်ငါးချောင်းမှ အနွေးဓာတ်လေးကို ခံစားရင်း အနားသို့ပိုတိုးကပ်လိုက်သည်။ ထို့နောက် ဘေးတစ်စောင်းလှည့်လိုက်ကာ လင်ချင်းဟယ်၏လက်မောင်းကို သူ့ရင်ခွင်ထဲ ပိုက်ထားလိုက်သည်။


“ ကြောက်လို့လား…” လင်ချင်းဟယ်က ထောင်ရှီး၏ သူ့အပေါ် အားကိုးတကြီးမှီခိုလာမှုကို သတိထားမိဟန်ဖြင့် သူ့နားရွက်နားကပ်၍ အသံတိုးတိုးနှင့် မေးလိုက်သည်။


ရထားတွဲလေးက ကျဉ်းမြောင်းသော လမ်းဖြောင့်လေးထဲသို့ မောင်းနှင်လာခဲ့သည်။ မှိန်ဖျော့ဖျော့အလင်းရောင်နှင့် အရိပ်များကြားဝယ် ထောင်ရှီးက တင်ပါးကိုအသာကြွကာ လင်ချင်းဟယ်၏နှုတ်ခမ်းကို ဖျတ်ခနဲ လှမ်းနမ်းလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ဘာလွဲချော်မှုမှ မရှိတော့ပါချေ။ သူ၏မျက်ဝန်းအိမ်လေးများက တောက်ပသွားပြီး လင်ချင်းဟယ်ကို ဂုဏ်ယူစွာ ပြောလိုက်သည်။


“ ငါသင်ယူပြီးသွားပြီနော်…”


သူ့လက်ကိုဆုပ်ကိုင်ထားသည့် လင်ချင်းဟယ်၏လက်များက ရုတ်တရက် တင်းကြပ်သွားသည်။ ထောင်ရှီးမှာ တုံ့ပြန်မှုမပြုနိုင်သေးခင် ပျော့အိသော ရထားတွဲနံရံပေါ်သို့ တွန်းလှဲခြင်းခံလိုက်ရပြီး ပြင်းရှသော အနမ်းများက သူ့နှုတ်ခမ်းပေါ် ကျရောက်လာသည်။


လင်ချင်းဟယ်က သူ့ခံတွင်းထဲတော့ ဝင်မလာခဲ့ပေ။ သို့သော် သူ့အောက်နှုတ်ခမ်းလေးကို အသာစုပ်ယူကာ တတိတိကိုက်ခဲနေသည်။ ထို့နောက် သူအသက်ရှူချိန်ရအောင် ခဏပြန်လွှတ်ပေးသည်။


ဆုပ်ကိုင်ခံထားရသည့် ညာဘက်လက်က တင်းကြပ်သည်ထက် တင်းကြပ်လာသည့်အတွက် လက်ဖဝါးများက ပူလောင်လာပြီး ချွေးစေးများပင်စို့လာသည်။ ထိုတစ်ဒင်္ဂတွင် နှုတ်ခမ်းမှအနမ်းများကို အာရုံစိုက်ရမည်လား၊ လက်ကိုအာရုံစိုက်ရမည်လားကိုတောင် သူ့ကိုယ်သူ ဝေခွဲမရတော့ချေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်ပြင်းရှနေသည်။


သူ စိတ်ပျံ့လွင့်နေသည်ကို အခွင့်ကောင်းယူ၍ လင်ချင်းဟယ်က သူ့ခံတွင်းထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။ သူ့နှုတ်ခမ်းကို ထိုးခွဲလိုက်ပြီး လျှာဖျားလေးကို မျှင်းမျှင်းလေးစုပ်သည်။ ထောင်ရှီး၏ခေါင်းတစ်ခုလုံး ထုံထိုင်းသွားပြီး အသက်ရှူရကြပ်လာပြန်သည်။


ရှည်ကြာသည့်အနမ်းများပြီးဆုံးသွားသည့်အခါမှ ထောင်ရှီးမှာ ရထားတွဲနံရံကို ဘုန်းခနဲမှီချလိုက်ပြီး ဟောဟဲလိုက်အသက်လုရှူရင်း ဘေးပတ်ဝန်းကျင်ကို စိုးရိမ်တကြီး အကဲခတ်ကြည့်လိုက်သည်။ ရထားလေးက လမ်းကျဉ်းလေးထဲမှ ထွက်လာပြီး ခန်းမကျယ်ကြီးထဲသို့ ဆက်လက်မောင်းနှင်နေသည်။


ရုတ်တရက် အရှေ့မှ ကလေးမလေးတစ်ယောက်က သူတို့နှစ်ယောက်ကို လှည့်ကြည့်လာသည်။ ထောင်ရှီး၏မျက်ခွံများ တွန့်ခနဲဖြစ်သွားရပြီး မလုံမလဲဖြင့် ခေါင်းကိုမြှုပ်နေအောင် ငုံ့ထားမိတော့သည်။


သူတို့နှစ်ဦးသား သရဲအိမ်ထဲမှပြန်ထွက်လာသည့်အခါ အမှောင်ထဲမှ အလင်းရောင်အောက်ကို ရုတ်တရက် ပြန်ရောက်လာသည့်အတွက် ထောင်ရှီးမှာ အနည်းငယ် နေရထိုင်ရခက်သွားကာ နေရောင်နှင့် ကျင့်သားရအောင် သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။


ရထားတွဲထဲမှ ထွက်လာသည့်တိုင် လင်ချင်းဟယ်က သူ့လက်ကို ဖြုတ်မချသေးပါချေ။


“ တခြားလူတွေမြင်ကုန်လိမ့်မယ်…” ထောင်ရှီးက လက်ကိုမရုန်းသော်လည်း လင်ချင်းဟယ်ကို သတိတော့ပေးလိုက်သည်။


“ ကြည့်…ကလေးတိုင်းက လက်တွဲသွားကြတယ်လေ…” လင်ချင်းဟယ်က အရေးမစိုက်စွာ ပြောလာသည်။


ထောင်ရှီး တောင့်ခဲသွားပြီး ရထားတွဲထဲမှ ဆင်းလာသော ကလေးပေါက်စလေးများကို အကြည့်ပို့လိုက်သည်။ အမှန်တကယ်ပင် ကလေးတိုင်းက သူတို့မိဘများ၏လက်ကို တွဲသွားကြသည်။ အချို့ကလေးများဆိုလျှင် အကြောက်မပြေသေးဘဲ တစ်လမ်းလုံး အော်ငိုသွားကြပြီး မျက်နှာတွင်လည်း မျက်ရည်စီးကြောင်းများပေပွကာ ကြောင်ချေးရုပ်ဖြစ်နေသည်။ သို့သော် သူကမူ…


ထောင်ရှီးက သိသိသာသာဖူးရောင်နေသည့် သူ့အောက်နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရင်း မလုံမလဲနှင့် အကြည့်ပြန်လွှဲလိုက်သည်။


ထောင်ရှီးက လင်ချင်းဟယ်ကို ရုတ်တရက် မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများ မှေးကျဉ်းသွားကာ မေးလိုက်၏။


“ မင်းက တအားအတွေ့အကြုံရှိနေတယ်လို့ ငါဘာလို့ခံစားနေရတာပါလိမ့်။ အရင်က ရည်းစားတစ်ယောက်မှ မထားဖူးတာရော သေချာရဲ့လား…”


လင်ချင်းဟယ်က ထောင်ရှီး၏လက်လေးကို ကုတ်အင်္ကျီအိတ်ထောင်ထဲသို့ ကောက်ထည့်လိုက်ပြီး သူ့ကို အပြင်ဘက်သို့ ဆွဲခေါ်သွားရင်း ခပ်တည်တည်နှင့် ပြန်ဖြေလိုက်သည်။


“ မထားဖူးဘူး…”


“ ဒါဆို ငါကကျ ဘာလို့…” ထောင်ရှီးက ရေရွတ်ရင်း တစ်ဝက်တစ်ပျက်၌ စကားရပ်လိုက်သည်။


“ မင်းကဘာဖြစ်လဲ…” လင်ချင်းဟယ်က သူ့ကိုလှည့်ကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်ပြီး မေးသည်။


ထောင်ရှီးမှာ အကျပ်ရိုက်သွားပြီး ပျာပျာသလဲပြောလိုက်သည်။


“ မဟုတ်ဘူး။ ဘာမှမဟုတ်တော့ဘူး…”


နဖူးတွေ့၊ ဒူးတွေ့ကြုံတွေ့ရပြီဆိုလျှင် ကျွမ်းကျင်မှုက အရေးကြီးသည်မဟုတ်လား။ သူက အလွန်ဉာဏ်ကောင်းသည့်သူဖြစ်၏။ သူ သိပ်မကြာခင် သင်ယူနိုင်သွားပါလိမ့်မည်။


နှစ်ယောက်သားက အခြားကစားစရာများနှင့်လည်း ဆက်ကစားကြသေးသည်။ ထောင်ရှီးမှာ ယခင်က TV ထဲတွင်သာ မြင်ခဲ့ဖူးသည့် ရိုလာကိုစတာ၊ ပင်လယ်ဓားပြနှင့် တိုက်ကားတို့ကိုလည်း လင်ချင်းဟယ်နှင့်အတူ စုံလင်နေအောင် စီးခဲ့သည်။


လင်ချင်းဟယ်က တစ်ခွန်းမှထုတ်မပြောသော်လည်း ဤအရာများနှင့် ဆော့ကစားရသည်ကို လွန်စွာသဘောကျနေကြောင်း ထောင်ရှီး အကဲခတ်မိသည်။ စကားနှင့်မဖော်ပြသော်လည်း လင်ချင်းဟယ်ထံမှ ပျော်ရွှင်မှုကို သူ ရှင်းရှင်းလင်းလင်း ခံစားရသည်။


ထို့ကြောင့် စီးစရာတစ်ခုအပေါ် လင်ချင်းဟယ်၏အကြည့်များ ခပ်ကြာကြာရောက်သွားသည်နှင့် ထောင်ရှီးက သူ့လက်ကိုဆွဲကာ သွားကစားတော့သည်။


ညနေစောင်း၍ မှောင်ရီပျိုးလာမှ နှစ်ဦးသားက ရပ်နားလိုက်ကြပြီး ခုံတန်းရှည်တစ်ခုံတွင် ထိုင်ကာ အနားယူနေကြသည်။


ထောင်ရှီးက ဆိုင်တစ်ဆိုင်မှ စတော်ဘယ်ရီရေခဲမုန့်တစ်ခုနှင့် ဗနီလာရေခဲမုန့်တစ်ခုကို ဝယ်ယူလိုက်သည်။ ထို့နောက် လင်ချင်းဟယ်နှင့်အတူ ဖြည်းဖြည်းချင်း ဇိမ်ခံ၍စားနေသည်။ ဆောင်းရာသီဖြစ်သော်လည်း အေးစက်သည့်အရသာကို မခံစားရပါချေ။


မိုးကုပ်စက်ဝိုင်းထက်မှ ဝင်လုဆဲဆဲနေမင်းကြီးက ချားရဟတ်ဘီး၏အလည်ဗဟို၌ ယီးလေးခိုနေသည်။ ပုဇွန်ဆီရောင်ဆည်းဆာရောင်ခြည်က မြို့ရှုခင်းများမှတစ်ဆင့် လူသားများအပေါ် ဖြာကျနေသည်။ သူတို့နှစ်ဦးသားက အလွန်နီးကပ်စွာ ထိုင်နေကြသည်။ ထောင်ရှီးက လင်ချင်းဟယ်ထံမှ ဗနီလာရေခဲမုန့်ကို ဇွန်းနှင့်ခဏခဏကော်ကာ ယူစားနေသည်။ ခဏအကြာတွင် လင်ချင်းဟယ်က မစားနိုင်တော့သဖြင့် ထောင်ရှီးက သူ့ရေခဲမုန့်ကို လက်စသတ်ပေးလိုက်သည်။


သူတို့နှင့် မျက်နှာချင်းဆိုင် ခုံတန်းလျားတွင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ကောင်လေးနှစ်ယောက် ထိုင်နေသည်။ အင်္ကျီအနီရောင်နှင့်ကောင်လေးက ခေါင်းငုံ့လျက် Rubik’s cube ကို ဆော့နေသည်။ အချိန်အတော်ကြာသည့်တိုင် ကောင်လေးက အရောင်တူအောင် မဆက်နိုင်သေးပါချေ။


“ တုံးလိုက်တာ…” အပြာရောင်အင်္ကျီနှင့် ကောင်လေးက Rubik’s cube ဆွဲလုလိုက်သည်။ သို့သော် သူသည်လည်း အတော်ကြာသည်အထိ အရောင်မဆက်နိုင်ခဲ့ပါချေ။


ကလေးနှစ်ယောက်က အချင်းချင်း ငြင်းခုံနေကြပြီး တစ်ယောက်ကိုတစ်ယောက် ငတုံးဟုခေါ်နေကြသည်။ အချင်းများကြရင်း မကြာခင် ငိုယိုကြတော့မည့် အရိပ်အယောင်များ မြင်လာသည်။


ထောင်ရှီးမှာ ကြည့်နိုင်စွမ်းမရှိတော့သဖြင့် ကလေးနှစ်ယောက်ထံသွားကာ ကုဗတုံးကို ကူဆက်ပေးလိုက်သည်။ သို့သော် သူသည်လည်း အတော်ကြာသည်အထိ မဖြေရှင်းနိုင်ခဲ့ပါချေ။ ထို့ကြောင့် သူ့နောက်မှ လိုက်လာသော လင်ချင်းဟယ်ကို အားကိုးတကြီး လှမ်းကြည့်လိုက်သည်။


လင်ချင်းဟယ်က Rubik’s cube ကို ယူလိုက်ပြီး လက်ချောင်းသွယ်သွယ်များဖြင့် မြန်မြန်ဆန်ဆန် ရွေ့လိုက်သည်။ ဆယ့်ငါးစက္ကန့်မပြည့်ခင်ပင် Rubik’s cube ကို ဆက်နိုင်သွားသည်။


“ ဝေါင်း…” ကလေးနှစ်ယောက်က လင်ချင်းဟယ်ကို ပြိုင်တူ ခေါင်းမော့ကြည့်လိုက်ကြသည်။


ထောင်ရှီးကလည်း သူ၏ရည်းစားကောင်လေးကို အထင်ကြီးလေးစားသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ဝေါင်းဟု သံယောင်လိုက် ရေရွတ်လိုက်သည်။


“ မင်းက ဘာလို့ အကုန်လုံး တော်နေရတာလဲ…”


လင်ချင်းဟယ်က ခါးကိုင်းကာ Rubik’s cube ကို ကလေးများထံပြန်ပေးလိုက်ရင်း နှုတ်ခမ်းစွန်းများ ကွေးညွှတ်၍ ပြောလိုက်သည်။


“ ငါငယ်ငယ်တုန်းက ပျင်းတိုင်း ဒါပဲ ဆော့နေတာ…”


ကလေးနှစ်ယောက်ကို ကူညီပြီးသော် သူတို့နှစ်ယောက်လည်း ခုံတန်းလျားသို့ ပြန်လာကာ ဘေးချင်းကပ် ထိုင်လိုက်ကြပြီး မြို့၏နေဝင်ချိန်ဆည်းဆာကို ရှုစားလိုက်ကြသည်။


ထောင်ရှီးက လက်ချင်းတွဲလျက် ထွက်ခွာသွားသော ကလေးနှစ်ယောက်ကိုကြည့်ရင်း လင်ချင်းဟယ်ကို ရုတ်တရက်မေးလိုက်သည်။


“ မင်းပြောကြည့်၊ တကယ်လို့….၊ ငါပြောချင်တာက တကယ်လို့နော်…ငါမင်းနဲ့အတူ ကြီးပြင်းလာခဲ့မယ်ဆိုရင်ရော မင်း ငါ့ကို ကြိုက်ဦးမှာလား…”


သူ လင်ချင်းဟယ်ကို လှည့်ကြည့်လိုက်သည်။ ခမ်းနားသော ဆည်းဆာရောင်ခြည်ကြောင့် လင်ချင်းဟယ်၏ ဘေးတိုက်မျက်နှာချောချောက ပျော့ပျောင်းညံ့သက်နေ၏။ ဆေးရောင်ဖောဖောသီသီဖြင့် ရေးဆွဲထားသော ဆီဆေးပန်းချီကားတစ်ချပ်ပမာပင်။


“အင်း…” လင်ချင်းဟယ်က တုံ့ဆိုင်းမှုမရှိပြန်ဖြေလာသည်။


ထောင်ရှီး အံ့အားသင့်သွားသည်။ သူ့မျက်ဝန်းလေးများ လခြမ်းသဏ္ဌာန်ကွေးညွှတ်သွားရင်း ဆိုလိုက်၏။


“ သေချာလို့လား…။ ငါ့မိဘတွေက ငါ့ကိုဖူးဖူးမှုတ်အလိုလိုက်ပြီး ငါကလည်း အရမ်းဆိုးတဲ့ ကလေးဆိုးတစ်ယောက်ဖြစ်လာခဲ့ရင်တောင်မှ မင်းက ငါ့ကို သဘောကျဦးမယ်ပေါ့…”


ဆည်းဆာရောင်ခြည်အောက်တွင် လင်ချင်းဟယ်က ထောင်ရှီးကိုလှည့်ကြည့်လာပြီး အသံတိုးတိုးနှင့် ပြောလာသည်။


“ ငါပြောခဲ့တယ်လေ။ မင်း ဆိုးတာလေးကိုလည်း ငါသဘောကျမှာပါလို့…”


သူက လက်ကိုဆန့်လိုက်ပြီး ထောင်ရှီး၏ပါးစပ်ထောင့်တွင် ပေနေသည့် အဖြူရောင်ရေခဲမုန့်ခရင်မ်များကို လက်နှင့်ဖိသုတ်ပေးလိုက်ရင်း ဆက်ပြောလာသည်။


“ ပြီးတော့ မင်းက အလိုလိုက်ခံရရင်တောင် ဆိုးသွမ်းသွားမယ့်လူမျိုး မဟုတ်ပါဘူး…”


ထောင်ရှီးက နှုတ်ခမ်းစွန်းကို လျှာဖြင့်သပ်လိုက်သည်။ ဘာကြောင့်ရယ်မသိ သူ့မျက်လုံးများ စပ်ဖျဉ်းဖျဉ်းဖြစ်လာသဖြင့် မျက်တောင်များကို တဖျတ်ဖျတ်ပုတ်ခတ်လိုက်ကာ ဘာမေးခွန်းမှ ထပ်မမေးဖြစ်တော့ချေ။


တစ်ဝက်တစ်ပျက်မျှ ဝင်နေပြီဖြစ်သော နေမင်းကြီးကို သူ ငေးကြည့်လိုက်မိသည်။ ဆည်းဆာရောင်ခြည်က နီရွှေရောင်မှ ပုဇွန်ဆီရောင်သို့ အရောင်ပြောင်းသွားပြီး ထိုမှတစ်ဆင့် ကောင်းကင်ကို မှင်ရည်ဖြင့် ပက်ဖျန်းထားသည့်အလား ခရမ်းရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။


လင်ချင်းဟယ်၏ကလေးဘဝက မည်ကဲ့သို့ ဖြစ်နေမည်နည်းဟူ၍ ထောင်ရှီး မတွေးကြည့်ဘဲမနေနိုင်ချေ။ ယခုကဲ့သို့ပင် သူက ငယ်စဉ်ကတည်းက စကားနည်းတတ်သည်လား..။


အကယ်၍ သူသာ လင်ချင်းဟယ်နှင့် အတူတူ ကြီးပြင်းခွင့်ရခဲ့ပါက လင်ချင်းဟယ်ကို စကားမပြောပြောအောင်၊ မရယ်ရယ်အောင် အချိန်တိုင်း လိုက်အနှောင့်အယှက်ပေးနေလောက်မည်။


သူက တိုက်ခိုက်ရာတွင် တော်သည့်အတွက် မည်သူမှ လင်ချင်းဟယ်ကို အနိုင်မကျင့်စေရပေ။ အရသာရှိသော အစားအသောက်များ၊ ပျော်စရာကိစ္စများအားလုံးကို လင်ချင်းဟယ်နှင့်အတူ မျှဝေမည်။ လင်ချင်းဟယ်၏မွေးနေ့ရောက်တိုင်း အကောင်းဆုံးလက်ဆောင်များကို ပို့ပေးမည်။


မတိုင်မီက ကလေးနှစ်ယောက်ကဲ့သို့ သူက Rubik’s cube ကို မဖြေရှင်းနိုင်လျှင် လင်ချင်းဟယ်က သူ့ကို ငတုံးဟု ဆူငေါက်မည်။ သို့သော်လည်း သူ့ကို အမြဲတမ်း ကူညီကာ သင်ပြပေးမည်။


နွေဦးရာသီဆိုလျှင် လင်ချင်းဟယ်ကို ဆွဲခေါ်ပြီး ပန်းပင်များမရှိသည့် လမ်းမှကွေ့ပတ်ကာ ကျောင်းသို့အတူသွားကြမည်။  နွေရာသီဆိုလျှင် ရေကူးပြီသည်နှင့် ဖရဲသီးစားကြမည်။ ဆောင်းဦးရာသီရောက်လျှင် မေပယ်လ်တောင်တန်းကြီးပေါ် တက်ပြီး မေပယ်လ်ရွက်နှစ်ရွက်ကို ခူးကာ စာအုပ်ကြားထဲညှပ်ထားကြမည်။ ဆောင်းရာသီရောက်လျှင် နှင်းများထူထဲစွာ ကျဆင်းနေချိန်၌ နှင်းဘောလုံးများဖြင့် အချင်းချင်းပစ်ပေါက်တမ်း ကစားကြမည်။ ကစား၍မောသွားလျှင် နှင်းဖွေးဖွေးပေါ်ကို ခြေကားယား၊ လက်ကားယားဖြင့် လှဲအိပ်ပစ်ကြမည်။


အားလပ်ရက်ရောက်လျှင် လင်ချင်းဟယ်နှင့်အတူ ဂီတတူရိယာများကို သွားသင်မည်။ လင်ချင်းဟယ်က စန္ဒရားတီးသင်ပြီး သူက တယောတီးသင်မည်။ ပြီးလျှင် ကျောင်းကပွဲများ၌ အတူတူဖျော်ဖြေကြမည်။


အားလပ်ရက်ရှည်များတွင် သူတို့၏မိဘများနှင့်အတူ နိုင်ငံရပ်ခြားသို့ ခရီးထွက်ကြမည်။ သူက စုတ်တံတစ်ချောင်းဖြင့် ရှုခင်းပုံများကို ပန်းချီဆွဲမည်။ လင်ချင်းဟယ်က ကင်မရာတစ်လုံးဖြင့် ရှုခင်းများနှင့် သူ့ပုံများကို ဓာတ်ပုံရိုက်ပေးမည်။


ပြီးသော်….နောက်ထပ်၊ နောက်ထပ်သော အရာများစွာကို အတူဖြတ်သန်းကျော်ဖြတ်ကြမည်။


သူတို့နှစ်ဦးက ပျော်ရွှင်ဖွယ် ကလေးဘဝလေးကို ရရှိပြီး အတူတူ အရွယ်ရောက်လာခဲ့ကြမည်။


ထောင်ရှီးက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အတွေးထဲမှ ပုံရိပ်ယောင်ကမ္ဘာကို မောင်းထုတ်လိုက်သည်။ သူက အေးစက်နေသောလက်ကို လင်ချင်းဟယ်၏ကော်လံကြားထဲသို့ ဆတ်ခနဲ ထိုးထည့်လိုက်သည်။ ထင်သည့်အတိုင်းပင် လင်ချင်းဟယ်က အအေးဓာတ်ကြောင့် တုန်ခနဲဖြစ်ကာ လန့်သွားသည်။ ထို့နောက် ဤဆိုးဆိုးသွမ်းသွမ်းလက်လေးကို ဖမ်းဆွဲကာ သူ့ကုတ်အင်္ကျီအိတ်ထောင်ထဲသို့ ကောက်ထည့်လိုက်သည်။


ဤနောက်ပြောင်မှုကို လင်ချင်းဟယ်က စိတ်မဆိုးပေ။ ထို့အစား အိပ်ထောင်ထဲမှ ထောင်ရှီး၏လက်ကလေးကို သူ့လက်နွေးနွေးများဖြင့် ဆုပ်ထွေးကာ နွေးအောင်လုပ်ပေးနေသည်။ သူက ထောင်ရှီးကို ကြည့်လျက် မေးလိုက်သည်။


“ ဘာတွေစဉ်းစားနေတာလဲ….”


“ ဒီနေ့ မင်းကို ဘယ်နေရာမှာ ညစာခေါ်ကျွေးရမလဲလို့စဉ်းစားနေတာ…”


ထောင်ရှီးက လင်ချင်းဟယ်ကို ခုံတန်းရှည်ပေါ်မှ ဆွဲထူလိုက်သည်။


ဘဝက အရှည်ကြီးကျန်ပါသေးသည်။ ကျန်ရှိသော ဘဝသက်တမ်းက သူနှင့် လင်ချင်းဟယ်၏အပိုင်ဖြစ်သည်။


သူ့အနေနှင့် ဘာနောင်တရနေစရာမှ မလိုပါချေ။


_______________