အပိုင်း ၄၄
Viewers 8k

The Moon Is Coming To Me


Chapter-44


နှစ်ဆုံးစာမေးပွဲနီးလာပြီဖြစ်၍ ကာယအတန်းချိန်တွင် ချောင်ချောင်လည်လည်သာ နေခွင့်ပေးထားသည်။ ပုံမှန်ကဲ့သို့ လေ့ကျင့်ခန်းခန်းတစ်ချို့ လုပ်ခိုင်းပြီးသည်နှင့် ကာယဆရာက ကျောင်းသားများကို လွတ်လွတ်လပ်လပ်နေခွင့် ပေးလိုက်သည်။


ထောင်ရှီးက ဇန်နဝါရီလတွင် TOEFL စာမေးပွဲဖြေရန်ရှိသဖြင့် လင်ချင်းဟယ်နှင့် စာအတူတူလုပ်ရန် နေရာတစ်နေရာကို ရှာနေသည်။ ထိုစဉ် တစ်စုံတစ်ယောက်က သူ့ပုခုံးကို ရုတ်တရက် လာပုတ်လေသည်။


“ရှီးကော…”


ပိချန်ဖေးက လက်ထဲတွင် ဘတ်စကတ်ဘောလုံးတစ်လုံးနှင့် စပ်ဖြီးဖြီးနှင့် ပြုံးပြနေသည်။ သူက လင်ချင်းဟယ်ကိုပါ နှုတ်ဆက်မည်ပြင်လိုက်သော်လည်း ဘာကြောင့်မှန်းမသိ ထောင်ရှီး၏ပုခုံးပေါ်က သူ့လက်ကို အရင်ဖယ်လိုက်မိပြီးမှ လင်ချင်းဟယ်ကို နှုတ်ဆက်လိုက်သည်။


“ နတ်ဘုရားလင်…”


ထောင်ရှီးက ပိချန်ဖေး၏လက်ထဲမှ ဘတ်စကတ်ဘောလုံးကို မြင်သည်နှင့် ဤလူ သူ့ကိုဘာပြောနေချင်သည်လဲကို သိလိုက်ပြီး ချက်ချင်း ငြင်းပစ်လိုက်သည်။


“ ငါ မကစားချင်ဘူး…”


ပိချန်ဖေးက မျက်နှာငယ်လေးနှင့် တောင်းဆိုလာသည်။


“ ရှီးကော၊ ငါ့ကို ကူညီပါဦး။ အတန်းခေါင်းဆောင်လည်း ပါမှာလေ။ ပြီးတော့ ဒီတစ်ခေါက်လည်း တန်းခွဲ(၂)က အားကစားအသင်းဝင်တွေနဲ့ ပြိုင်မှာမို့လို့။ တစ်ဖက်အသင်းမှာ ရွှီကျီးချီပါ ပါတယ်။ မင်းသူတို့ကို အနိုင်မပိုင်းချင်ဘူးလား…”


သူက လင်ချင်းဟယ်ကို အကူညီသွားမတောင်းရဲသောကြောင့် ထောင်ရှီးကိုသာ အားပေးအားမြှောက်လုပ်နေခြင်းဖြစ်၏။


ထောင်ရှီးက နောက်သို့လှည့်ကြည့်လိုက်သည်။ မလှမ်းမကမ်းတွင် ဘုရားလောင်းဖြစ်မည့်မျက်နှာနှင့် လီရှောင်ယွမ်က ပိချန်ဖေး‌ခေါ်လာမည့် ကစားဖော်များကို စောင့်နေပြီး သူ့ကို ကူရာမဲ့စွာ ပြုံးပြနေသည်။


ဤကဲ့သို့ အလားတူဖြစ်ရပ်မျိုးကို သူယခင်ကကြုံခဲ့ဖူးသည်။ သူ့နှလုံးသားက ပျော့ပြောင်းသွားပြီး နံဘေးက လင်ချင်းဟယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။


“ မင်းငါနဲ့အတူ ဘတ်စကတ်ဘော ကစားချင်လား…”


ပိချန်ဖေးက သူ့လက်ဖဝါးနှစ်ဖက်ကို ချက်ချင်းပူးလိုက်ကာ တောင်းဆိုသည့်ဟန်ဖြင့် လင်ချင်းဟယ်ကို အားကိုးတကြီး မျှော်ကြည့်လိုက်သည်။


လင်ချင်းဟယ်က တုံ့ဆိုင်းခြင်းမရှိလက်ခံလိုက်သည်။


“ ရတယ်လေ…”


ပိချန်ဖေးက အပျော်လုံးစို့သွားပြီး သူတို့နှစ်ယောက်ကို ကျေးဇူးတင်စကားပြောကာ အခြားကစားဖော်များကို ထပ်ရှာရန် ဆွေ့ခနဲ ပြေးထွက်သွားလေသည်။


ထောင်ရှီးနှင့် လင်ချင်းဟယ်က ဘောစကတ်ဘောလုံးကွင်းထဲသို့ အတူတကွ လျှောက်လာခဲ့ကြသည်။ သူက လမ်းလျှောက်လာရင်းဖြင့် ကွင်းထဲရှိ မြက်ခင်းပြင်ပေါ်က ပလစ်စတစ်အမှိုက်စကို ကန်ထုတ်လိုက်ရင်း လင်ချင်းဟယ် ရုတ်တရက်ပြောလိုက်သည်။


“ တကယ်တော့ ကျောင်းဖွင့်စတုန်းက ပိချန်ဖေးကို ဘတ်စကတ်ဘောကစားဖို့ မင်းကို အကူအညီသွားတောင်းခိုင်းခဲ့တာ ငါပါ…”


ထိုစဉ်က သူနှင့်လူချင်းလဲခဲ့သူက ယန်ယောလဲ့ဖြစ်နေမှန်း သိခါစအချိန်ဖြစ်ပြီး သူ့ရင်ထဲတွင် မကျေနပ်မှု၊ မနာလိုမှုများ ပြည့်နှက်နေခဲ့သည်။ သူ လင်ချင်းဟယ်၏ အာရုံစိုက်မှုကို ရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သည်။ ဤသို့တုံးအသည့် နည်းလမ်းကိုပင် အသုံးပြုခဲ့မိလေသည်။


“ ငါသိတယ်…”


လင်ချင်းဟယ်က ပြော၏။ သူက ထောင်ရှီးကိုကြည့်ရင်း မျက်လုံးထဲတွင် ကျီစယ်မှုများအပြည့်ဖြင့် မေးလိုက်သည်။


“ မဟုတ်ရင် ငါ ပိချန်ဖေးကို လက်ခံလိမ့်မယ်လို့ မင်းထင်တာလား…”


ထောင်ရှီး အံ့ဩဘနန်းဖြစ်သွားရသည်။ သူ့နှလုံးသားကို လက်ချောင်းလေးဖြင့် ခပ်သာသာပုတ်လိုက်သည့်အလား ခံစားလိုက်ရလေ၏။ သူ ခြေလှမ်းများရပ်ကာ လင်ချင်းဟယ်ကို မယုံနိုင်စွာကြည့်ရင်း မေးလိုက်သည်။


“ ပိချန်ဖေးက ရှေ့လျှောက် မင်းကို မနှောင့်ယှက်တော့ပါဘူးလို့ ကတိပေးလိုက်လို့ မဟုတ်ဘူးလား…”


လင်ချင်းဟယ်မှာ အနည်းငယ် ဆွံ့အသွားဟန်ဖြင့် ဆိုလာသည်။


“ ပိချန်ဖေးက သူ့ကတိသူတည်ပြီး ပါးစပ်ပိတ်သွားမယ်လို့ ငါက ယုံစရာလား…”


ထောင်ရှီးက ခေါင်းယမ်းပြလိုက်သည်။ ပိချန်ဖေး၏ပါးစပ်ကို ယုံမည့်အစား တစ္ဆေသရဲကို ယုံလိုက်တာကမှ ပိုကောင်းလိမ့်ဦးမည်။


သို့သည့်တိုင် သူက နှုတ်ခမ်းကို စုဝိုင်းကာ အသံသေးသေးလေးဖြင့် အထွန့်တက်လိုက်သည်။


“ ဒါပေမယ့် အဲ့တုန်းက မင်းက ငါ့ကိုမုန်းနေတာလေ…”


ထိုအချိန်က လင်ချင်းဟယ်၏အသွင်အပြင်မှာ အန္တာတိကတိုက်ထက်တောင် အေးစက်နေခဲ့သည်ကို သူမမေ့နိုင်ခဲ့ပါချေ။ ယခုအချိန်ထိ ထိုအကြောင်းကိုစဉ်းစားမိလျှင် အကြောက်တရားများက ရစ်ဝဲလာဆဲဖြစ်၏။


လင်ချင်းဟယ်က ထိုနေ့က သူ့အပြုအမူများကို ပြန်သုံးသပ်မိဟန်ဖြင့် မျက်မှောင်ကြုတ်သွားပြီး လေးနက်စွာ ပြောလာ၏။


“ ငါတောင်းပန်ပါတယ်။ ဒါပေမယ့် ငါမင်းကို ဘယ်တုန်းကမှ မမုန်းခဲ့ဖူးဘူး…”


ထောင်ရှီးက လင်ချင်းဟယ်ကို  တအံ့တဩကြည့်လိုက်သည်။ လင်ချင်းဟယ်က တောင်းပန်စကားဆိုလာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ အထွန့်တက်လိုမှုသေးသေးမှာလည်း အစရှာမရအောင် ပျောက်ကွယ်လို့သွားလေပြီ။ သူက သူ့ကိုယ်သူ ပြန်သုံးသပ်လျက် ပြောလိုက်သည်။


“ ကိစ္စမရှိပါဘူး။ အဲ့တုန်းက ငါ့အမှားလည်းပါပါတယ်…”


လင်ချင်းဟယ်က မေးလာ၏။ “ဘာအမှားလဲ…”


“ ငါ…” ထောင်ရှီးက ခေါင်းလေးစောင်းကာ အကြပ်ရိုက်သွားသည်။ ရုတ်တရက် သူ အတွေးပေါက်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ထင်ထားသည့်အတိုင်း လင်ချင်းဟယ်က နှုတ်ခမ်းစွန်းများ ကွေးညွှတ်၍ ပြုံးစစနှင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။


တော်လိုက်သည့်လူ။ တောင်းပန်စကားပြောပြီး သူ့အပေါ်ကို အပြစ်တွေအကုန်ပုံချပစ်သည်။


လင်ချင်းဟယ်ပါနေသောကြောင့် ပိချန်ဖေးက ကျန်ကစားဖော်အနည်းငယ်ကို အချိန်ခဏအတွင်း ရှာနိုင်သွားသည်။ ဤသို့ဖြင့် တန်းခွဲ(၁)တွင် ကစားသမား ၉ယောက်နှင့် တန်းခွဲ(၂) တွင် ကစားသမား ၁၀ ယောက် ပြိုင်ဆော့ကြမည်ဖြစ်လေ၏။ အမှန်တွင် အားလုံးက ယခင်လူအဟောင်းများသာ ဖြစ်ကြသည်။ သို့သော် တန်းခွဲ(၂)အသင်းမှ အဖွဲ့ဝင်များမှာ လင်ချင်းဟယ်က ယခုတစ်ခါပါ ထပ်ရောက်လာမည်မှန်း မထင်ထားကြသောကြောင့် ထွက်ချင်သည့်လူက ခပ်များများဖြစ်နေသည်။


ရွှီကျီးချီက တစ်လမ်းလုံး စကားပြောမပြတ်သည့် လင်ချင်းဟယ်နှင့် ထောင်ရှီးကို မြင်သော် ဘတ်စကတ်ဘောလုံးကွင်းအစွန်မှ ယန်သောလဲ့ကို လှည့်ကြည့်လိုက်ရာ ယန်သောလဲ့က မျက်နှာပျက်နေကြောင်း သတိထားမိလိုက်သည်။


ထောင်ရှီးက အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းတစ်ချို့လုပ်ရင်း လင်ချင်းဟယ်ကို ပြောလိုက်သည်။


“  ငါတို့နှစ်ယောက်မှာ ဘယ်သူအမှတ်ပိုရမလဲ ကြည့်ကြစို့…”


လင်ချင်းဟယ်က အခုလေးတင်ဝယ်လာခဲ့သည့် အားကစားလက်ပတ်ကို ထောင်ရှီး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။


“ မင်းရဲ့ လက်ကောက်ဝတ်ကို ဂရုစိုက်။ မထိခိုက်စေနဲ့…”


ထောင်ရှီးက စိမ်းပြာရောင်ကျောက်နှင့် လက်ပတ်လေးကို ဖြုတ်လိုက်ပြီး အိပ်ထောင်ထဲထည့်လိုက်ကာ အားကစားလက်ပတ်ကို ဝတ်လိုက်သည်။ ထို့နောက် ကျန်တစ်ခုကို လင်ချင်းဟယ်အား ဝတ်ပေးလိုက်၏။


ကစားကွင်းကြီးက သတင်းကြားကြားချင်း ရောက်လာကြသော မိန်းကလေးများနှင့် စုရုံးပြည့်နှက်နေသည်။ ကစားပွဲမစခင်ပင် ပျားပန်းခပ်နေအောင် ဆူညံနေကြလေပြီ။ ထောင်ရှီး သတိထားမိလိုက်သည့်တစ်ခုက သူ လင်ချင်းဟယ်ကို အားကစားလက်ပတ် ဝတ်ပေးလိုက်သည့်အချိန်၌ မိန်းကလေးတစ်သိုက်က စူးခနဲ အော်ဟစ်လိုက်ကြသည်ကိုပင်။ သို့သော်လည်း ဤလူများက အဘယ့်ကြောင့် အော်ဟစ်နေကြသလဲကို သူ နားမလည်နိုင်ပါချေ။


ကစားပွဲက မကြာခင်မှာပဲ စတင်သည်။ ထောင်ရှီး၊ လင်ချင်းဟယ်နှင့် လီရှောင်ယွမ်တို့က ယခင်ကအတိုင်း အကောင်းဆုံးတွဲဖက်များ ဖြစ်နေကြဆဲပင်။ ပွဲစပြီး မကြာခင် ထောင်ရှီး၏ကာပေးမှုဖြင့် လင်ချင်းဟယ်က သုံးမှတ်မျဉ်းကို ရောက်သွားသည်။ ပွဲဦးထွက်မှာတင် ကစားကွင်းတစ်ခုလုံးကို စိတ်ဝင်စားမှုအမြင့်ဆုံးသို့ ဆွဲခေါ်သွားလေသည်။


ဂိုးဝင်သွားသည်နှင့်တစ်ပြိုင်နက် ထောင်ရှီးက ပြေးပြီး လင်ချင်းဟယ်နှင့် လက်ဝါးချင်းရိုက်လိုက်သည်။ လင်ချင်းဟယ်က သူ့ကို ပြောလာ၏။


“ နောက်တစ်ခေါက်က မင်းအမှတ်ယူအလှည့်…”


ထောင်ရှီးက ပြန်ဖြေလိုက်၏။ “ဟုတ်ပြီ…”


တန်းခွဲ(၂) အားကစားအသင်းခေါင်းဆောင်မှာ ထိုစကားကြားလျှင် ထောင်းခနဲ ဒေါသထွက်သွားသည်။ ဒါပြိုင်ပွဲကွ…မင်းတို့နှစ်ယောက် ပရောပရည်လုပ်ပြီး အပြန်အလှန်အမှတ်ယူပေးရမယ့်နေရာ မဟုတ်ဘူး။


ပွဲစဉ်တစ်လျှောက်လုံး တန်းခွဲ(၁) ကသာ အပြောင်းအလဲမရှိ ဦးဆောင်သွားသည်။ တန်းခွဲ(၂) မှာ အစမှအဆုံးထိ ခွက်ထိုးခွက်လန် ရှုံးနေကြသဖြင့် အကြီးအကျယ် ပေါက်ကွဲကုန်ကြသည်။ တန်းခွဲ(၂)မှ မိန်းကလေးများမှာ သူတို့အတန်းကို အားပေးရန်ပင် ငြီးငွေ့လာကြသဖြင့် တန်းခွဲ(၁) မှမိန်းကလေးများနှင့် ပူးပေါင်းလိုက်ကြကာ ကောင်ချောလေးများကိုသာ အားပေးကြတော့သည်။


ကစားပွဲမှာ ထောင်ရှီးက လင်ချင်းဟယ်ထက် သုံးမှတ်ပိုနည်းခြင်းဖြင့် အဆုံးသတ်သွားသည်။ ထောင်ရှီးက ဒူးပေါ်လက်ထောက်ကာ အသက်ရှူရင်း လင်ချင်းဟယ်ကို လှမ်းပြောလိုက်သည်။


“ နောက်တစ်ခေါက်ကျရင် ငါ မင်းထက် အမှတ်ပိုသာအောင် လုပ်ပြမယ်…”


လင်ချင်းဟယ်၏မျက်နှာတွင် ချွေးလေးများစို့နေသည်။ သူက လက်ထဲက ဘောလုံးကို ပိချန်ဖေးထံသို့ လှမ်းပစ်ပေးလိုက်ရင်း ထောင်ရှီးကို ပြောလိုက်သည်။


“ နောက်တစ်ခေါက်ကျရင် ငါ မင်းကို ကျောင်းအသင်းကို ခေါ်သွားမယ်…”


ထိုစကားကိုကြားလိုက်ရသော တန်းခွဲ(၂)မှ ကစားသမားများမှာ မျက်နှာများက ပြာတစ်လှည့်၊ နီတစ်လှည့်ဖြစ်ကုန်ကြသည်။


ထောင်ရှီးက ပျော်ရွှင်သွားပြီး မတ်မတ်ပြန်ရပ်ရင်း ပြောလိုက်သည်။


“ ကောင်းပြီ။ အဲ့ဒါကမှ ဒီနေ့ထက် ပိုပြီးစိတ်ဝင်စားစရာကောင်းဦးမယ်…”


ထိုအခါ တန်းခွဲ(၂)မှ ကစားသမားများ၏မျက်နှာက ပို၍ပင် ရှုံ့မဲ့သွားသည်။ ထောင်ရှီးက အားကစားလက်ပတ်ကို သာမန်ကာလျှံကာ ချွတ်လိုက်ပြီး သူ့အိတ်ထောင်ထဲမှ စိမ်းပြာရောင်ကျောက်နှင့် လက်ပတ်လေးကို ထုတ်ကာ လက်ကောက်ဝတ်တွင် ပြန်ဝတ်လိုက်သည်။


လီရှောင်ယွမ်က ဓာတ်ဆားရည်ဘူးကိုင်ထားသည့် မိန်းကလေးများဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော်လည်း အားနာသောကြောင့် ရေဘူးကို သွားမယူရဲပါချေ။ သူက သူ့အတန်းမှ အသင်းသားများကို ပြောလိုက်သည်။


“ ခဏစောင့်ကြဦး။ ငါရေဘူးတွေ သွားဝယ်လိုက်ဦးမယ်…”


စကားဆုံးဆုံးချင်းပင် ယန်သောလဲ့က ရေဘူးများ တစ်ပွေ့တစ်ပိုက်နှင့် ပြေးလာသည်ကို မြင်လိုက်ရသည်။ လီရှောင်ယွမ်က ခပ်သုတ်သုတ် ပြေးသွားပြီး ယန်သောလဲ့ထံမှ ရေဘူးများကို ကူသယ်ပေးလိုက်ကာ ပြုံးလျက်ပြောလိုက်သည်။


“ ဒိန်ချဉ်၊ တန်းခွဲ(၁)ကို ပြန်လာခဲ့ကွာ။ တန်းခွဲ(၂) ကကောင်တွေက မင်းကို ဂြိုဟ်ကြည့်ကြည့်နေကြပြီ မင်းမြင်လား…”


“ ဒီစာသင်နှစ်ကုန်ရင်တော့ ငါပြန်လာမှာပါ…”


ယန်သောလဲ့က မဲ့ပြုံးပြုံးလျက် ပြောလိုက်သည်။ သူက လက်ထဲမှ ဓာတ်ဆားရည်တစ်ဘူးကို လင်ချင်းဟယ်အား လှမ်းပစ်ပေးလိုက်ရင်း မျက်နှာချိုသွေးသော အသံဖြင့်အော်ခေါ်လိုက်သည်။


“ ချင်းဟယ်ကော…”


လင်ချင်းဟယ်က ယန်သောလဲ့ထံမှ ရေဘူးကို လှမ်းဖမ်းလိုက်ပြီး “ကျေးဇူး” ဟု ပြောလိုက်သည်။


လင်ချင်းဟယ်နှင့် ယန်သောလဲ့ကြားတွင် အခြေအနေက အနည်းငယ်တင်းမာနေသည်ကို ထောင်ရှီး သတိပြုမိသည်။ ယန်သောလဲ့က နောက်ထပ်ရေတစ်ဘူးကို သူ့ကို လှမ်းပေးရန် ပြင်နေသောကြောင့် ထောင်ရှီးလည်း လှမ်းယူရန် လက်မြှောက်လိုက်သည်။ သို့သော် ယန်သောလဲ့က ရေဘူးကို ချက်ချင်းလွှတ်မပေးခဲ့ချေ။


ယန်သောလဲ့က ထောင်ရှီး၏လက်ကောက်ဝတ်မှ လက်ပတ်ကြိုးအနီရောင်ကို မြင်သော် တစ်စက္ကန့်မျှ တုံ့ခနဲ ရပ်သွားကာ ကြိုးကိုစိုက်ကြည့်လိုက်သည်။ ထို့နောက်မှ ရေဘူးကို လွှတ်ပေးလိုက်လေ၏။


ထောင်ရှီးက ပုံမှန်အတိုင်း “ကျေးဇူး” ဟု ပြောလိုက်သည်။


ဘတ်စကတ်ဘောကစားပွဲပြီးဆုံးပြီး ခဏကြာသော် အတန်းလည်း ဆင်းလေသည်။ ထောင်ရှီးက လင်ချင်းဟယ်နှင့်အတူ ကန်တင်း၌ နေ့လယ်စာစားရန်ထွက်လာခဲ့သည်။ လမ်းတွင် ထောင်ရှီးက လင်ချင်းဟယ်ကို မေးလိုက်သည်။


“ စကားမစပ် မင်း ငါ့ကိုပေးထားတဲ့ လက်ပတ်အကြောင်းကို တခြားဘယ်သူတွေ သိသေးလဲ…”


လင်ချင်းဟယ်က ခဏစဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလာသည်။


“ ချောင်ယီထန် တစ်ယောက်ပဲသိတာ။ ဘာဖြစ်လို့လဲ…”


ထိုစဉ်က သူ့ထက် လက်ဝတ်ရတနာအကြောင်း ပိုသိသည့် ချောင်ယီထန်ထံမှ အကြံဉာဏ်တောင်းဖြစ်ခဲ့ခြင်းဖြစ်သည်။ သူမမှလွဲ၍ အခြားမည်သူမှ ထပ်မသိတော့ပါချေ။


“ ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းပဲ မေးကြည့်တာ…” ထောင်ရှီးက ပြောလိုက်သည်။


လင်ချင်းဟယ်က ထောင်ရှီးကို တစ်ချက်ကြည့်ပြီး ဘာမှဆက်မမေးလာတော့ချေ။


ထောင်ရှီးက သူ့လက်ကောက်ဝတ်မှ ကြိုးနီလေးကို ငုံ့ကြည့်လိုက်သည်။ ဤလက်ပတ်ကို တွေ့လိုက်စဉ်က ဖြစ်ပျက်သွားသော် ယန်သောလဲ့၏မျက်နှာကို သူပြန်မြင်ယောင်မိသည်။ ခဏတစ်ဖြုတ်သာကြာလိုက်သော်လည်း ထိုတစ်ဒင်္ဂတွင် ယန်သောလဲ့၏မျက်လုံးထဲမှ ပြင်းထန်သောအမုန်းတရားများကို သူ မြင်ဖြစ်အောင်မြင်လိုက်ရသည်။


ယခုတလော ယန်သောလဲ့နှင့် ဆုံချိန်တိုင်းလည်း တစ်ဖက်လူထံမှ ထူးဆန်းသောအကြည့်များကို သူ ခံစားမိနေသည်။


ထောင်ရှီးက တခြားလူများ သူ့အပေါ် ဆက်ဆံသည့် စိတ်သဘောထားကို အကဲခတ်နိုင်စွမ်းမြင့်သူဖြစ်၏။


ယန်သောလဲ့ သူ့အပေါ် မုန်းတီးရသည့်အကြောင်းအရင်းက လင်ချင်းဟယ်ကြောင့်သာ ဖြစ်နိုင်မည်။ သို့သော် သူ၏အခင်ဆုံးသူငယ်ချင်းက အခြားလူနှင့် ဆက်ဆံရေးကောင်းနေခြင်း တစ်ခုတည်းကြောင့်သာဆိုလျှင် ယခုလောက်ထိ အမုန်းမပွားနေသင့်ပေ။


သို့သော် ဤလက်ပတ်က လင်ချင်းဟယ် ပေးထားသည့်လက်ပတ်မှန်း ယန်သောလဲ့က မသိပေ။ သို့ဆိုလျှင် ဤလက်ပတ်ကိုမြင်လိုက်ရချိန်၌ ယန်သောလဲ့က အဘယ်ကြောင့် အလွန်မုန်းတီးသည့်ပုံစံမျိုး ပြလာရသနည်း။


သူ့မှာ မုန်းတီးဖို့ရော ဘာအခွင့်ရှိလို့လဲ။


ယန်သောလဲ့၏လက်တွင် ပတ်ထားသည့် အနီရောင် အဆောင်လက်ပတ်ကြိုးလေးကလည်း သူ့ပိုင်သည့်အရာဖြစ်ကြောင်း သတိရမိချိန်၌ ထောင်ရှီးမှာ မျက်မှောင်ကြုတ်လိုက်မိ၏။


နေ့လယ်ခင်းနားချိန်၌ လင်ချင်းဟယ်က ထုံးစံအတိုင်း ပြိုင်ပွဲအတွက် လေ့ကျင့်ရေးအတန်းကို ထွက်သွားသည်။ ထောင်ရှီးက လင်ချင်းဟယ် ထွက်သွားသည်အထိစောင့်ပြီးနောက် မတ်တပ်ထရပ်ကာ ကျောင်းဂိတ်ပေါက်မှ လုံခြုံရေးအစောင့်၏ရုံးခန်းသို့ ထွက်လာခဲ့သည်။ သူ့ခေါင်းထဲတွင် အဖြေရှာမရသော မေးခွန်းတစ်ခုရှိနေသည်။


“ ဦးလေး၊ ခုတလော ကျွန်တော့်အဖေလာသေးလား…” ထောင်ရှီးက အစောင့်ခန်းထဲသို့ ဝင်လိုက်ကာ သူနှင့် ရင်းနှီးနေပြီဖြစ်သော လုံခြုံရေးအစောင့်ကို မေးလိုက်သည်။


လုံခြုံရေးအစောင့်မှာ ဤကျောင်းသား၏အဖေကို မမှတ်မိချင်မှအဆုံး မှတ်မိနေပြီး စကားထဲပါထည့်မပြောချင်သည်အထိ စိတ်ပျက်နေပြီဖြစ်သည်။ သူက စိတ်ကုန်နေသောလေသံဖြင့် ပြောလိုက်သည်။


“ ငါ အရင်တစ်ခေါက်က မင်းကို ပြောလိုက်တယ်မလား…။ မင်းအဖေကို ကျောင်းကိုသိပ်မလာခိုင်းပါနဲ့လို့။ ဟိုတစ်နေ့ညက ကျောင်းဆင်းချိန်ကြီး ကျောင်းရှေ့မှာ ငုတ်တုတ်လာထိုင်နေတယ်လေ။ ငါ့မှာ သူခိုးကပ်တယ်တောင် ထင်သွားတာ…”


“ သူက ကျောင်းတံခါးရှေ့မှာ ဘာလုပ်နေတာလဲ…” ထောင်ရှီးက မေးလိုက်သည်။


“ ငါလည်း သိချင်နေတာ။ အဲ့မှာ ဒီတိုင်းငုတ်တုပ်ထိုင်ပြီး ခဏကြာတော့ ထွက်သွားတာဗျား။ မသိတဲ့လူဆို တစ်ယောက်ယောက်ကို နောက်ယောင်ခံလိုက်နေသလားလို့တောင် ထင်ကြဦးမယ်…” လုံခြုံရေးက မျက်မှောင်ကြုတ်သည်။


ထောင်ရှီးက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။


“ ဦးလေးကို အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်။ ကျွန်တော် အခွင့်ကြုံတဲ့အခါ ကျောင်းကိုမလာဖို့ သူ့ကို သေချာပေါက်ပြောလိုက်ပါ့မယ်…”


ထို့နောက် သူ အစောင့်ခန်းထဲမှ ပြန်ထွက်လာခဲ့သည်။


ထောင်ကျန်းက ပိုက်ဆံတောင်းရန်အတွက်သာ သူ့ဆီ လာလိမ့်မည်။


သို့သော် ထောင်ကျန်းက သူ့ကို လာရှာခြင်းမဟုတ်ခဲ့ချေ။ သူ လာရှာသည့်လူက မည်သူဖြစ်နိုင်မည်နည်း။


_________________