အပိုင်း ၄၅
Viewers 8k

The Moon Is Coming To Me


Chapter-45


နှစ်ကုန်ခါနီးတွင် ဝမ်းဟွာ အ.ထ.က(၁)ကျောင်းက စာမေးပွဲများတစ်ခုပြီးတစ်ခု တရစပ်ဖြေရလေသည်။ အင်္ဂလိပ်ဉာဏ်စမ်းမေးခွန်းများဆိုလျှင် တန်းခွဲ(၁)မှ ကျောင်းသားများ အငြီးငွေ့ဆုံးဖြစ်နေလေပြီ။ အင်္ဂလိပ်အတန်းကိုယ်စားလှယ် ကျင်းကျင်းက တစ်တန်းလုံး၏ အင်္ဂလိပ်အဖြေလွှာစာရွက်များနှင့်အတူ အတန်းထဲသို့ ဝင်လာခဲ့ပြီး စတိတ်စင်ပေါ်သို့ တက်ကာ ပြောလိုက်သည်။


“ ဟဲ့ ထကြ၊ ထကြ၊ အိပ်မနေကြနဲ့။ ဒီမှာ အဖြေလွှာစာရွက်တွေကို ဝေတော့မယ်။ ဒီတစ်ခေါက် အဖြေလွှာတွေက တော်တော်ဆိုးတယ်လို့ ပိလောင်ရှီးက ပြောနေတယ်နော်။ မကြာခင် ငါတို့အတန်းတော့ မီးပွင့်တော့မှာ မြင်ယောင်နေပြီ…”


ပိအောက်ရွှယ်၏ အလွန်အမင်းမြန်ဆန်လှသည့် စာစစ်နှုန်းကြောင့် ကျောင်းသားများအားလုံး ဝမ်းပန်းတနည်း ညည်းညူလိုက်ကြသည်။ ကျောင်းသားတစ်ယောက်က ကျင်းကျင်းကို လှမ်းအော်ပြောသည်။


“ အတန်းကိုယ်စားလှယ်၊ နင်က ဘာဖြစ်လို့ ပျော်နေတာလဲ…။ အင်္ဂလိပ်စာ အမှတ်ကောင်းလို့လား…”


ကျင်းကျင်းက ပြုံးတုံ့တုံ့နှင့် ထိုကျောင်းသားကို စကားအနည်းငယ် ခွန်းတုံ့ပြန်ပြောလိုက်သည်။ ပိချန်ဖေးက စတိတ်စင်ပေါ် ရုတ်တရက် တက်လာပြီး လက်နှစ်ဖက်ကိုမြှောက်လျက် ခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။


“ ပွဲကောင်းရှိတယ်ဟေ့။ သတင်းထူး၊ သတင်းထူး။ ဒီတနင်္ဂနွေနေ့ည သီးသန့်ခန်း ၂၂၅ မှာ အလှလေးကျင်းကျင်းရဲ့ မွေးနေ့ပါတီပွဲရှိတယ်။ အားလုံးလာရမယ်နော်။ ငါလည်း သွားမှာ…”


တစ်တန်းလုံး အားပေးသံများဖြင့် ပွက်လောရိုက်ကာ ဆူညံသွားသည်။ ကျင်းကျင်းက ပိချန်ဖေး၏ခေါင်းကို အဖြေလွှာစာရွက်များဖြင့် ထုလိုက်ပြီး ခပ်ငေါက်ငေါက်ပြောလိုက်သည်။


“ ဘယ်သူက နင့်ကိုဖိတ်မယ်ပြောလို့လဲ…”


ထောင်ရှီးက ထိုသတင်းကိုကြားထားပြီးဖြစ်၏။ ယခုလေးတင်မှ ကျင်းကျင်းက သူ့ကို လက်လုပ်ဖိတ်စာကတ်ဖြင့် သီးသန့်လာဖိတ်သွားသည်။ သူ ဘေးမှ လင်ချင်းဟယ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။


“ မင်း သွားမှာလား…”


လင်ချင်းဟယ်က အသည်းပုံတစ်ပုံဆွဲထားသည့် ဖိတ်စာကတ်လေးကို သိမ်းလိုက်ရင်း ပြောလာသည်။


“ တနင်္ဂနွေညကျရင် ငါ့အဖိုးအိမ်ကို သွားစရာရှိတယ်…”


အကယ်၍ အဖိုးအိမ်တွင် ညစာစားပွဲမရှိခဲ့လျှင်တောင်မှ သူမွေးနေ့ပါတီသို့ သွားဖြစ်မည်မဟုတ်ပါချေ။


“ မင်းရောသွားမှာလား…”


ထောင်ရှီးက ခဏကြာတုံ့ဆိုင်းနေပြီးနောက် ပြောလာ၏။


“ ငါသွားသင့်တယ်ထင်တာပဲ…”


ကျင်းကျင်းက သူ့အား ဖိတ်စာကတ်လာပေးချိန်၌ ဖြစ်ခဲ့တာကြာပြီဖြစ်သော ကျန်းရှင်းယွင်၏ကိစ္စကိုပါ အနူးအညွှတ်တောင်းပန်လာခဲ့သည်။ သို့သော် ကျင်းကျင်းအနေနှင့် အမှားတစ်ခုမှမလုပ်ထားဟု ထောင်ရှီးက ယူဆသည်။ ထိုစဉ်က ကျင်းကျင်းက သူ့ဘက်ကပါ လိုက်ပြောပေးခဲ့သေးသည်ပင်။


“ ဒါဆို ပါတီပြီးတာနဲ့ ငါမင်းကို လာကြိုပေးမယ်လေ…” လင်ချင်းဟယ်က ပြောလိုက်သည်။


ထောင်ရှီး၏မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။


“ ဟုတ်ပြီ။ ငါမင်းကို စောင့်နေမယ်နော်…”


တနင်္ဂနွေနေ့ညတွင် ထောင်ရှီးက ဘတ်စ်ကားနှစ်ဆင့်စီး၍ ကျင်းကျင်းပေးထားသည့်လိပ်စာအတိုင်း ထွက်လာခဲ့ရာ အဆင့်မြင့် ဇိမ်ခံကလပ်တစ်ခုသို့ ရောက်သွားခဲ့သည်။ ဧည့်ကြို၏လမ်းပြမှုဖြင့် သူ အထဲသို့ ဝင်လာခဲ့၏။ ရောင်စုံမီးရောင်များနှင့် သီးသန့်ခန်းများထဲမှ ခပ်သဲ့သဲ့ထွက်လာသော ဝံပုလွေအူသံကဲ့သို့ သီချင်းဆိုသံများကြောင့် ထောင်ရှီးမှာ စိတ်မသက်မသာဖြစ်လာရသည်။


ဤနေရာက KTV အကြီးစားတစ်ခုလိုဖြစ်မှန်း ထောင်ရှီးသိလိုက်ရသည်။ သူအနေနှင့် ဤနေရာမျိုးကို တစ်ခါမှ မရောက်ဖူးသလို သီချင်းဆိုရသည်ကိုလည်း မနှစ်သက်ပါချေ။ ဤနေရာမှ စောစောပြန်နိုင်အောင် မည်သို့အကြောင်းပြချက်ပေးလျှင်ကောင်းမလဲဟု စဉ်းစားနေခိုက် လမ်းခုလတ်တွင် မထင်မှတ်ထားသည့် လူတစ်ယောက်နှင့် ဆုံလေသည်။


“ ထောင်ရှီးလား…”


ကွမ်းဖန်ယွင့်က တိုပြတ်နေသော ရွှေရောင်နှိပ်ကြယ်သီးများနှင့် စကတ်အတိုတစ်ထည်ကို ဝတ်ဆင်ထားပြီး မိတ်ကပ်ထူထူလိမ်းထားသည်။ လက်ထဲတွင် မိန်းကလေးသုံး စီးကရက်တစ်လိပ်ကို ကိုင်ထားပြီး သူ့ကို အပြုံးနှင့် နှုတ်ဆက်သည်။


“ တို့ရဲ့ ပါတီကိုလာတာလား…”


ဤအမျိုးသမီးက သူ့ကို ပြပွဲတွင် တစ်ကြိမ်မြင်ဖူးရုံနှင့် မှတ်မိနေလိမ့်မည်ဟု ထောင်ရှီးက မထင်ထားခဲ့ပါချေ။ လွန်ခဲ့သည့်ရက်အနည်းငယ်က ချင်းဟွာပန်းချီအသင်း၏ WeChat ဂရုထဲတွင် ကွမ်းဖန်ယွင့်က ပါတီတက်ရောက်ကြရန်အတွက် ဖိတ်ကြားစာတစ်ခု ပို့ထားခဲ့သည်ကို သူခပ်ရေးရေး မှတ်မိသွားသည်။


သူပြောလိုက်၏။ “မဟုတ်ဘူးဗျ၊ ကျွန်တော့်အတန်းဖော်ရဲ့ မွေးနေ့ပါတီအတွက် လာခဲ့တာပါ…”


ကွမ်းဖန်ယွင့်က ပြုံးကာ ပြောလာသည်။


“ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ပါစေ။ တို့ရဲ့ပါတီက သီးသန့်ခန်း ၃၃၄ မှာနော်…”


သူမက စီးကရက်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး သူ့အနားသို့ကပ်လာကာ ပြောသည်။


“ တို့မှာ နိုင်ငံခြားကပညာသင်ပြီး ပြန်လာတဲ့ မိတ်ဆွေတွေအများကြီးရှိတယ်။ ဒီနေ့ပါတီကို သူတို့ထဲကတစ်ချို့လည်း လာကြမှာ။ နောက်ကြုံရင် မင်းနဲ့မိတ်ဆက်ပေးမယ်…”


ထောင်ရှီးက ခေါင်းစောင်းကာ ဆေးလိပ်ငွေ့များကို ရှောင်လိုက်သည်။ ချိုအီကာ မသတီစရာ အနံ့အသက်က သူ့အား မျက်မှောင်ကြုတ်စေသည်။


ကွမ်းဖန်ယွင့်၏ တရင်းတနှီးဆက်ဆံလာမှုက သူ့အား ခေါင်းရှုပ်စေသဖြင့် ခပ်တန်းတန်းလေသံဖြင့် ပြောလိုက်သည်။


“ ကျေးဇူးပါ။ ဒါပေမဲ့ ကျွန်တော့်အတန်းဖော်ရဲ့ မွေးနေ့ပါတီက စတော့မှာမို့၊ ကျွန်တော့်ကို ခွင့်ပြုပါဦး…”


ကွမ်းဖန်ယွင့်က ပြုံးကာ ပြောလေသည်။


“ ဟုတ်ပါပြီ။ မွေးနေ့ပါတီမှာ ပျင်းလာရင် တို့ပါတီကို လာခဲ့လို့ရတယ်နော်…”


ကွမ်းဖန်ယွင့်ကို နှုတ်ဆက်စကားပြောပြီးနောက်တွင် ထောင်ရှီးက သန့်စင်ခန်းထဲကို အရင်ဝင်လိုက်ပြီး မျက်နှာကိုသစ်ချလိုက်သည်။ သူ့မျက်နှာတွင် ဆေးလိပ်နံ့များ စွဲမနေတာသေချာမှ ကောဇောခင်းထားသည့် လမ်းအတိုင်း သီးသန့်ခန်းထဲသို့ ထွက်လာခဲ့သည်။


ပြီးခဲ့သည့်တစ်ခေါက်က ပြပွဲတွင် ယန်ကျန်းမင်၏ဘေး၌ မြင်ခဲ့ရသော ကွမ်းဖန်ယွင့်၏အသွင်အပြင်ကို သူအသေအချာ မှတ်မိနေခဲ့သည်။ သူမက အဖြူရောင်ဂါဝန်ကို ဝတ်ထားပြီး မိတ်ကပ်ပါးပါးသာ ပုတ်ထားခဲ့သည်။ ယနေ့တွေ့မြင်ရသည်က အလွန်ပင် ကွာခြားနေလေ၏။ ဖန်းဆွေ့၏ပန်းချီကားကို ပြန်မြင်ယောင်မိသည့်အခိုက် သူ သတိပြုမိလိုက်သည်က ဖန်းဆွေ့သည်လည်း အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားခဲ့သည်ကိုပင်။


ထောင်ရှီးက နှုတ်ခမ်းစွန်းများ ကွေးညွှတ်ကာ အခန်း ၂၂၅ ၏ တံခါးကို တွန်းဖွင့်လိုက်သည်။ ပိချန်ဖေးက မက်ကရိုဖုန်းကိုင်လျက် “ကိုယ့်ကိုချစ်တယ်ပြောပါ” ဟူသော သီချင်းကို ဆိုဖာအလယ်တွင် ထိုင်နေသော ကျင်းကျင်းကိုကြည့်လျက် အသံကျယ်ကျယ်နှင့် အော်ဆိုနေသည်။


ထောင်ရှီးဝင်လာသည်ကို တွေ့သော် ပိချန်ဖေးက သီချင်းဆိုနေခြင်းကို ရပ်လိုက်ပြီး လှမ်းအော်ကာ နှုတ်ဆက်သည်။


“ ရှီးကော…”


သီးသန့်ခန်းက အတော်ကျယ်ဝန်းသည်။ မွေးနေ့ပါတီကို အတန်းဖော် အတော်များများ တက်ရောက်ကြပြီး ဟွမ်းချင်ပင် လာရောက်လေသည်။ အခန်းထဲ တစ်ကိုယ်တည်း ဝင်လာသည့်သူ့ကို မြင်လျှင် ကျင်းကျင်းက အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သို့သော် သူမက သွက်သွက်လက်လက်ထရပ်ကာ သူ့ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်လာသည်။


“ ထောင်ရှီး၊ လာပေးတဲ့အတွက်ကျေးဇူးပါ။ ဒီည ပျော်ပျော်နေနော်…”


ထောင်ရှီးက လက်ထဲမှ မွေးနေ့လက်ဆောင်ကို ကျင်းကျင်း၏လက်ထဲသို့ ထည့်ပေးလိုက်ရင်း “ပျော်ရွှင်စရာ မွေးနေ့ပါ” ဟု အပြုံးနှင့်ဆုတောင်းပေးလိုက်သည်။


သူက အခြားအတန်းဖော်များကိုလည်း လိုက်နှုတ်ဆက်လိုက်ပြီး ထောင့်အစွန်က ဆိုဖာလွတ်တွင် သွားထိုင်လိုက်သည်။ သူ့ဘေးတွင်မူ ဟွမ်းချင်က ဖုန်းတစ်လုံးနှင့် မေးခွန်းများဖြေနေသည်။ ထောင်ရှီးက သူမ၏ဘေးတွင် ဝင်ထိုင်လိုက်သည်ကို မြင်သော် ဟွမ်းချင်က မေးလာသည်။


“ လင်ချင်းဟယ်ရော နင်နဲ့အတူ လိုက်လာခဲ့လား…”


ထောင်ရှီးက ကြောင်အသွားပြီး ခေါင်းခါပြကာ ပြောလိုက်သည်။


“ သူ ဒီညမအားဘူးတဲ့…”


ထိုအခါမှ ဟွမ်းချင်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် မေးခွန်းများကို ဆက်ဖြေနေလေ၏။


စားပွဲပေါ်တွင် ဘီယာပုလင်းနှင့် အဖျော်ယမကာပုလင်းများ အပြည့်ရှိနေပြီး အိတ်ပျော့နံရံပေါ်တွင်မူ ရောင်စုံမီးအလင်းရောင်များက ရောင်ပြန်ဟပ်နေသည်။ မည်သူက နာမည်ကြီးသီချင်းတစ်ပုဒ်ကို စဆိုလိုက်သည်မသိ အတန်းထဲတွင် အမြဲလိုလို တက်တက်ကြွကြွရှိသည့် လူတစ်ချို့က မိုက်ကရိုဖုန်းကို အလုအယက် ဆွဲလုလိုက်ကြပြီး အရူးများလို သီချင်းကိုအော်ကြီးဟစ်ကျယ် ဆိုနေကြတော့သည်။ ထိုအခါ နတ်ဆိုးတစ်သိုက်ကလည်း ရုတ်တရက်ကြီး ထကခုန်လိုက်ကြသောကြောင့် နားစည်ကွဲရုံမက မျက်စိပါနောက်လာရသည်။


ထောင့်အစွန်တွင် ထိုင်နေသည့် ထောင်ရှီးက WeChat ကို နှိပ်ဖွင့်လိုက်ပြီး ချင်းဟွာပန်းချီအဖွဲ့အစည်း၏ ဂရုထဲတွင် ကွမ်းဖန်ယွင့်ပို့ထားသည့် ပါတီပွဲဖိတ်ကြားစာကို ဖွင့်ကြည့်လိုက်သည်။ သို့သော် ဖိတ်စာထဲတွင် ကျင်းပမည့်နေရာက ဤနေရာမဟုတ်ခဲ့ပါချေ။


သူ ခဏအတွေးများသွားပြီးနောက် တင်းယာ့နန်၏ WeChat ကို ဖွင့်လိုက်ကာ သူမကို ပါတီအကြောင်း မေးမြန်းလိုက်သည်။


တင်းယာ့နန်က မက်ဆေ့ခ်ျကို အလျင်အမြန်ပင် စာပြန်လာခဲ့သည်။


“ အဖွဲ့အစည်းရဲ့ ပုံမှန်ပါတီတွေကိုတော့ ဥက္ကဌကပဲ စီစဉ်တာ။ ဒုဥက္ကဌကွမ်းက အဖွဲ့အစည်းထဲက ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့နဲ့ သီးသန့်ပါတီတွေလုပ်လေ့ရှိတယ်။ ဒါပေမဲ့ ငါတို့ကတော့ သွားမတက်ဖြစ်တာများတယ်…”


ထောင်ရှီးက တင်းယာ့နန်၏စကားထဲမှ နောက်ကွယ်က အကြောင်းအရာတစ်ချို့ကို သတိပြုမိလိုက်သည်။ သူ ခဏတွေးတောလိုက်ပြီးနောက် ယနေ့ ကွမ်းဖန်ယွင့်နှင့် ဆုံခဲ့ကြောင်းကို သူမအား ပြောပြလိုက်သည်။


တင်းယာ့နန်က စာပြန်လာသည်။ “ နင် မသွားတာကောင်းမယ်။ ငါဘယ်လိုပြောရမလဲ။ တကယ်တော့ ချင်းဟွာအဖွဲ့အစည်းက နည်းနည်းရှုပ်ထွေးတယ်ဟာ။ နင်က အခုမှ အထက်တန်းကျောင်းသားပဲရှိသေးတာ၊ သူတို့နဲ့ မိတ်ဆွေဖွဲ့ဖို့ မလိုသေးပါဘူး…”


ထောင်ရှီးက သူမကို ကျေးဇူးတင်စကားပြောလိုက်ပြီး weChat စကားပြောခန်းကိုကြည့်ကာ အတွေးများနေမိသည်။


ပွဲတစ်ဝက်တွင် သူက သန့်စင်ခန်းဘက်သို့ ထထွက်လာခဲ့သည်။ သူသန့်စင်ခန်းထဲမှ ပြန်ထွက်လာချိန်၌ ကော်ရစ်တာထောင့်ကို ချိုးဝင်သွားသည့် ရင်းနှီးနေသော လူရိပ်နှစ်ရိပ်ကို မြင်လိုက်ရပြီး အမျိုးသမီးတစ်ဦး၏အသံကို ကြားလိုက်ရသည်။


“ ဘိုးဘေးလေးရယ်၊ တို့မှာ မင်းကို ချေးဖို့ အဲ့လောက်ပိုက်ဆံမရှိဘူး…”


ထောင်ရှီးက သန့်စင်ခန်းထဲသို့ အမြန်ပြန်ဝင်လိုက်ပြီး လက်ကိုနောက်တစ်ကြိမ် ပြန်ဆေးလိုက်သည်။ စက္ကူဖြင့် လက်ကို ခြောက်နေအောင် သုတ်လိုက်ပြီးမှ အပြင်သို့ ပြန်ထွက်လာခဲ့သည်။


ကော်ရစ်တာတွင် ခင်းထားသော ကောဇောက အလွန်ထူထဲကာ အိစက်နေသည့်အတွက် လမ်းလျှောက်လျှင် ဘာခြေသံမှကြားရမည်မဟုတ်ချေ။ ထောင်ရှီးက အစောက ထိုလူနှစ်ယောက်ချိုးဝင်သွားသည့် ကော်ရစ်ထောင့်ကို လိုက်ကြည့်လိုက်ရာ ကော်ရစ်တာအဆုံးတွင် လုံခြုံရေးတံခါးတစ်ခုသာ ရှိနေကြောင်း တွေ့လိုက်ရသည်။ တံခါး၏အပြင်ဘက်တွင်မူ အရေးပေါ်ထွက်ပေါက် ရှိလောက်မည်ထင်၏။


ထောင်ရှီးက အသက်ဖွဖွရှူလျက် လုံခြုံရေးတံခါးကို အသာဟဖွင့်လိုက်သည်။ စကားသံများက ထိုအထဲမှထွက်လာခြင်းဖြစ်၏။


ကွမ်းဖန်ယွင့်က အစောက စီးကရက်ကုန်သွားသဖြင့် အသစ်တစ်ခုထုတ်၍ သောက်နေသည်။ သူမက စီးကရက်ငွေ့များကို မှုတ်ထုတ်ရင်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ အရှေ့မှကောင်လေးကို သက်ပြင်းတချချနှင့် ပြောလိုက်သည်။


“ဘိုးဘေးလေးရယ်၊ တို့ပါတီလုပ်မယ့်နေရာကိုလည်း မင်းတောင်းဆိုလို့ ဒီနေရာထိ ပြောင်းပေးခဲ့ပြီလေ။ အဲ့ကလေးကိုလည်း တို့ဖိတ်ပေးခဲ့တယ်။ မင်း တို့ကို ဘာလုပ်စေချင်သေးတာလဲ…”


အရေးပေါ်ထွက်ပေါက်တွင် မီးမှိန်မှိန်သာ ထွန်းထားသည်။ ယန်သောလဲ့က ခေါင်းမော့လာသည်။ သူ့မျက်လုံးများက မှိုင်းညှို့နေလျက်သားဖြင့် ပြောလိုက်လေ၏။


“ ကျွန်တော် ပြောထားတယ်မဟုတ်လား။ သူ့ကို သင်ခန်းစာကောင်းကောင်းပေးဖို့ ကျွန်တော့်ကို ကူညီပေးပါလို့…”


သူ့လေသံက အလွန်ယဉ်ကျေးနေပြီး မျက်နှာအမူအရာကမူ အကူအညီပေးရန် အသနားခံနေသည့်ပမာပင်။


“ တကယ်ဆို..ခင်ဗျားက ဒီလိုနေရာမျိုးမှာ အတော်ဆုံးမဟုတ်လား…”


ကွမ်းဖန်ယွင့်က စီးကရက်ကို ဖိကိုက်လိုက်ကာ ယန်ကျန်းမင်၏သားဖြစ်သူကို ကြည့်လိုက်သည်။ သူမ၏မျက်နှာက တစ်ခဏချင်း မည်းမှောင်သွားလေသည်။


သူမ၏ အတိတ်ဇာတ်ကြောင်းက သိပ်ကောင်းခဲ့သည်တော့ မဟုတ်လှချေ။ သူမ၏အဖေကွမ်းရှူးဝမ်က စာပေနှင့်အနုပညာလောကတွင် နာမည်ကြီး လက်ရေးလှပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူမကမူ နာမည်ဆိုးရှိသည့် တရားမဝင်သမီးတစ်ယောက်သာဖြစ်သည်။ သူမ အသက်ဆယ့်ခြောက်နှစ်အရွယ်ရောက်သည်အထိ မည်သည့်အနုပညာအရှိန်အဝါကိုမှ မရရှိခဲ့ပါချေ။


“ မင်းနဲ့ အဲ့ကလေးက ဘာဖြစ်ထားကြလို့လဲ…။ တို့ကိုခေါ်ပြီး အကူအညီတောင်းရအောင် အထိလေ…”


ကွမ်းဖန်ယွင့်က ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြန်သည်။ ရင်တွင်း၌မူ အနည်းငယ် စိတ်ရှုပ်လျက်သား။ ဤအထက်တန်းကျောင်းသားများ၏ကိစ္စထဲတွင် သူမ အမှန်တကယ်ကို ဝင်မပါချင်ပါချေ။


ယန်သောလဲ့၏မျက်နှာက ရှုံ့မဲ့သွားပြီး ပြောလိုက်သည်။


“ အဲ့ဒါ ခင်ဗျားကိစ္စမဟုတ်ပါဘူး…”


“ မင်း ဒီလိုတွေလုပ်တတ်တာ မင်းအဖေသိလား။ သူက မင်းကို လူကောင်းလေးတစ်ယောက်လို့ အမြဲထင်ထားတာ…”


ကွမ်းဖန်ယွင့်က ခပ်ဖွဖွရယ်သည်။ အကယ်၍ သူမသာ ယန်ကျန်းမင်နှင့် လက်ထပ်ဖြစ်ခဲ့လျှင် ယန်သောလဲ့က သူမကို အမေဟု ခေါ်ရလိမ့်မည်။ ၎င်းက သူမကို အလွန်ရယ်ချင်လာစေသည်။


ယန်သောလဲ့က မျက်လွှာပင့်လျက် ကွမ်းဖန်ယွင့်ကို ကြည့်ပြီး အပြုံးတစ်ပွင့်နှင့် ပြောလိုက်သည်။


“ ခင်ဗျား သေချာပေါက် အဖေ့ကို ပေးသိမှာမဟုတ်ပါဘူး…”


“ဒါပေါ့။ အဲ့ကလေးမှာ ဘာကျောထောက်နောက်ခံမှ မရှိတာ ကံကောင်းတယ်။ မဟုတ်ရင် တို့လည်း ပြဿနာတက်မှာ ကြောက်ရတယ်လေ…”


ကွမ်းဖန်ယွင့်က စီးကရက်ကို အဖြူရောင်နံရံပေါ် ထောက်၍ မီးသတ်လိုက်ပြီး လွှင့်ပစ်လိုက်သည်။


ထောင်ရှီး သီးသန့်ခန်းထဲသို့ ပြန်ရောက်လာချိန်၌ မိုက်ကရိုဖုန်းအရူး ပိချန်ဖေးက သီချင်းပြောင်းကာ “သက်ဆုံးတိုင်ချစ်မယ်” ဟူသော သီချင်းကို ကျင်းကျင်းအတွက် ဆိုပြနေသည်။ သူ၏နားကလောဖွယ် လည်ချောင်းသံကြီးကြောင့် ကျင်းကျင်းမှာ မျက်လုံးသာ ဆက်တိုက်လှန်နေလေသည်။


သူက သူ့နေရာသူ ပြန်သွားထိုင်လိုက်သည်။ ဟွမ်းချင်ကမူ ခေါင်းငုံ့၍ ဉာဏ်စမ်းမေးခွန်းများ ဖြေနေဆဲပင်။


သူ နေရာတွင်ထိုင်ပြီး သိပ်မကြာလိုက် သီးသန့်ခန်းတံခါးက ပွင့်သွားပြန်သည်။


“ ဒိန်ချဉ်၊ ဘာလို့ လာတာအရမ်းနောက်ကျနေတာလဲ…”


မိုက်ကိုင်ကာ သီချင်းဆိုနေသည့် လီရှောင်ယွမ်က ယန်သောလဲ့ဝင်လာသည်ကို မြင်သောအခါ မိုက်ကိုင်မပြတ်ဘဲ ယန်သောလဲ့ကို လှမ်းနှုတ်ဆက်လိုက်သည်။


ထောင်ရှီး မော့ကြည့်လိုက်သောအခါ ယန်သောလဲ့က လှလှပပထုတ်ပိုးထားသည့် လက်ဆောင်အိတ်တစ်အိတ်ကိုင်လျက် ဝင်လာသည်ကို တွေ့လိုက်ရသည်။


“ လမ်းမှာ ကားကြပ်နေတာ အတော်ကြာလို့။ ခုလေးတင် ကားပေါ်ကဆင်းပြီး တောက်လျှောက်ပြေးလာခဲ့တာ…ခုထိမောနေတုန်း…”


ယန်သောလဲ့က လီရှောင်ယွမ်ကို အပြုံးနှင့် ပြန်ဖြေလိုက်သည်။ ကျင်းကျင်းကို လက်ဆောင်ပေးပြီးသည့်အခါ သူက ဆိုဖာခုံများကို ဝေ့ကြည့်လိုက်ပြီး အခန်းထောင့်က နေရာလွတ်ဆီသို့ လျှောက်လာခဲ့သည်။


နီးကပ်လာသော ယန်သောလဲ့ကို ထောင်ရှီးမြင်လိုက်ရပြီး တစ်ဖက်လူက သူ့ကို အပြုံနှင့်မေးလာသည်။


“ ထောင်ရှီး၊ ငါ မင်းဘေးမှာ ထိုင်လို့ရမလား…”


ထောင်ရှီးက ဘေးနည်းနည်းဖယ်ပေးလိုက်ပြီး‌ ခေါင်းညိတ်ပြသည်။ “ရတယ်လေ…”


ယန်သောလဲ့က “ကျေးဇူး” ဟုပြောပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ့ကိုယ်ပေါ်တွင်မူ အနံမပြယ်သေးသည့် ချိုအီအီဆေးလိပ်နံ့ကို ရနေသည်။ သူက လီရှောင်ယွမ်နှင့် အခြားလူများ သီချင်းဆိုနေသည်ကို ကြည့်ရင်း ခပ်ပြုံးပြုံးနှင့် လက်ခုပ်ဩဘာတီးပေးနေသည်။ အလွန့်အလွန် ပျော်ရွှင်နေသည့်အလားပါပင်။


ထောင်ရှီးက ကော်ဖီစားပွဲအောက်တွင် မဖောက်ရသေးသည့် စီးကရက်တစ်ဘူးကို အမှတ်တမဲ့ တွေ့လိုက်ရသည်။ သူ့တို့မတိုင်ခင် ဧည့်သည်များမှ မေ့ကျန်နေခဲ့ခြင်းဖြစ်ဟန်တူသည်။ သူက စီးကရက်ဘူးကို ယူလိုက်ပြီး ဘူးကိုဖောက်ကာ ယန်သောလဲ့ကို တစ်လိပ်လှမ်းပေးလိုက်သည်။ ထို့နောက် မျက်လွှာပင့်၍ မေးလိုက်၏။


“ မင်းဆေးလိပ်သောက်လား…”


ယန်သောလဲ့က မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် ထူးဆန်းသွားဟန်ဖြင့် ခေါင်းခါပြလိုက်သည်။


“ ငါမသောက်ဘူး…”


ထောင်ရှီးက ပြုံးကာ စီးကရက်ကို ဘူးထဲပြန်ထည့်ရင်း ပြောလိုက်သည်။


“ ငါလည်း မသောက်ဘူး…”


သူက စီးကရက်ဘူးကို ကောဖီစားပွဲအောက် ပြန်ပစ်ထည့်လိုက်ပြီး ပျော့ပျော့အိအိ ဆိုဖာခုံကို ကျောမှီလျက် လီရှောင်ယွမ်က ယန်သောလဲ့ကို သီချင်းဆိုဖို့ခေါ်နေသည်ကို အေးဆေးထိုင်ကြည့်နေလိုက်သည်။


_________________